ရပ်တန့်သွားသော မြန်မာ့အသွင်ကူးပြောင်းရေး – စတင်ချိန်မှ အာဏာသိမ်းချိန်အထိ

ဤစီမံချက်ကို စတင်ချိန် ၂၀၂၀ ပြည့်နှစ်သည် မြန်မာနိုင်ငံ၏ မကြာသေးသော သမိုင်းတွင် ဖြတ်သန်း ခဲ့သော မိုင်တိုင်များကို ပြန်လည်ဆန်းစစ်ရန် တမူထူးခြားသော အခွင့်အလမ်းရှိချိန် ဖြစ်ပါသည်။ ၂၀၂၀ ပြည့်နှစ်သည် နိုင်ငံရေး၊ စီးပွားရေး၊ ငြိမ်းချမ်းရေး အသွင်ကူးပြောင်းမှု စတင်ချိန်မှ စရေတွက်လျှင် ဆယ်နှစ် ပြည့်မြောက်ချိန် ဖြစ်ပြီး အမျိုးသားဒီိမုကရေစီအဖွဲ့ချုပ် NLD က စစ်တပ်နှင့် အလျဥ်းသင့်သလို အာဏာခွဲဝေထားသည့် အစီအမံအောက်တွင် အရပ်သားအစိုးရ တာဝန်ယူချိန် ၅ နှစ် ပြည့်မြောက်သည့် ကာလလည်း ဖြစ်ပါသည်။ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲက နောက်ထပ် ဆယ်စုနှစ် တဝက်ကာလ၏ နိုင်ငံရေး အတွန်းအတိုက်ဘယ်လို ရှိမည်ဆိုသည်ကို သိမြင်ရဖို့ ညွှန်ပြမည့် အချိန် ဖြစ်ပါသည်။ ထိုသို့သော မိုင်တိုင်များ ရှိနေသည့်အတွက် ဤစာစောင်ကို ပြုစုမည့် သူများကို အဓိက နယ်ပယ်များ ဖြစ်သည့် ဒီမိုကရက်တိုက်ဇေးရှင်း၊ လူမှုပါဝင်ရေး (social inclusion) ၊ ငြိမ်းချမ်းရေး ဖြစ်စဥ်၊ အင်စတီကျူးရှင်း ပြုပြင်ပြောင်းလဲရေးနှင့် ကမ္ဘာ့ဇာတ်ခုံပေါ်တွင် မြန်မာနိုင်ငံ၏ နေရာ မည်သို့ ဖြစ်ထွန်း ပြောင်းလဲလာသနည်း စသည့် နယ်ပယ်များကို သုံးသပ်ရန်နှင့် ရှေ့တွင် ရှိနေသည့် အလားအလာများကို သုံးသပ်ရန် တောင်းဆိုခဲ့ပါသည်။

၂၀၁၀ ကစတင်ခဲ့သည့် မြန်မာ့အသွင်ကူးပြောင်းရေးသည် အံ့အားသင့်ဖွယ် ပြောင်းလဲခဲ့ခြင်း ဖြစ်ပါသည်။ ဆယ်စုနှစ်များစွာ စစ်အုပ်ချုပ်ရေးနှင့် အထီးကျန် နေလာပြီးနောက် သန်းဆယ်နှင့်ချီသော ပြည်သူများသည် လွတ်လပ်ခွင့်အသစ်များနှင့် သတင်းအချက်အလက် ရယူပိုင်ခွင့်များ ရရှိ လာခဲ့ကြပါသည်။ စီးပွားရေး အလျင်အမြန်ဖွံ့ဖြိုးတိုးတက်လာခြင်းကြောင့် အချို့ကို ကြွယ်ဝလာစေပြီး လူအများအပြားကိုလည်း လုံခြုံမှု အတိုင်းအတာတခုအထိ ရရှိစေခဲ့ပါသည်။ လူလတ်တန်းစား ရှေ့ပြေး အလွှာတရပ်လည်း ပေါ်ထွန်းလာခဲ့ပါသည်။ အရပ်ဖက်လူ့အဖွဲ့အစည်းက ဖွံ့ဖြိုးလာပြီး ယခင်က ဆွေးနွေးလို့ မရခဲ့သည့် အကြောင်းအရာများကိုလည်း အချေအတင် ဆွေးနွေးခွင့် ရရှိလာခဲ့ပါသည်။ အစိုးရနှင့် အရပ်ဖက်လူ့အဖွဲ့အစည်းများသည်လည်း ကျားမဂျန်ဒါ ပါဝင်မှု ပိုမိုရှိလာပါသည်။ ၂၀၁၅ ရွေးကောက်ပွဲဖြင့် NLD က သောင်ပြိုကမ်းပြို အနိုင်ရရှိပြီး ၁၉၆၀ ပြည့်နှစ်များကတည်းက ပထမဆုံးအကြိမ် စစ်တပ် ကျောထောက်နောက်ခံ မဟုတ်သည့် အစိုးရတရပ် အာဏာရရှိလာကာ ပြုပြင်ပြောင်းလဲရေးများ ပိုမို လုပ်ဆောင်နိုင်ရန်လည်း မျှော်လင့်လာပါသည်။ မြန်မာနိုင်ငံရှိ လူငယ်မျိုးဆက်အနေဖြင့် အနာဂတ်ကို မျှော်လင့်ချက်များစွာဖြင့် လှမ်းမျှော်ကြည့်နိုင်သည့် အခြေအနေ ရောက်ရှိလာပါသည်။

သိသာထင်ရှားသည့် အောင်မြင် ဖြစ်ထွန်းမှုများ ရှိခဲ့သော်လည်း အဓိကကျသော နယ်ပယ် များတွင် အရှိတရားက မျှော်လင့်ထားသလောက် မဖြစ်မြောက်ခဲ့သည်များလည်း ရှိပါသည်။ ဆယ်စုနှစ် များစွာ ကြာသည့် စစ်တပ်နှင့် လူနည်းစု လူမျိုးစုအုပ်စုများ၏ ပဋိပက္ခများကို အဆုံးသတ်ရန် ရည်ရွယ်သည့် ငြိမ်းချမ်းရေး ဖြစ်စဥ်က အစပိုင်းတွင် ထိုက်သင့်သော အောင်မြင်မှုများ ရရှိခဲ့သော်လည်း နောက်ပိုင်းတွင် NLD အစိုးရ၏ ဦးစားပေး လုပ်ငန်းစဥ် ဖြစ်သည့်တိုင် အများအားဖြင့် ရပ်တန့်သွားခဲ့ပါသည်။ အရေးကြီးသည့် လမ်းဆုံလမ်းခွများတွင် ဘာသာရေး၊ လူမျိုးရေး အုပ်စုများ အကြား တင်းမာမှုများမှာ တိုး၍ပင် ပေါ်ပေါက်လာပါသည်။ ထင်သာမြင်သာ ရှိသည့် ဖြစ်ရပ်မှာ ရိုဟင်ဂျာများကို ဖိနှိပ် နှိပ်ကွပ်မှု ဖြစ်ပြီး ကမ္ဘာ့အမြင်တွင် မြန်မာ့ပြုပြင်ပြောင်းလဲရေးကို အရိပ်မည်း ထင်စေခဲ့ပါသည်။ အင်စတီကျူးရှင်း ပြုပြင်ပြောင်းလဲရေး ဆွေးနွေးမှုများမှာ အများအားဖြင့် အပြုသဘော ဆောင်သော်လည်း လက်တွေ့အကောင်အထည် ဖော်ရန် နိုင်ငံရေး စိတ်စေတနာ (political will) နှင့် နိုင်ငံရေး အရင်း (political capital) အများအားဖြင့် မရှိသလောက် ဖြစ်ပါသည်။ သို့သော်လည်း အများစုကတော့ NLD ၏ ဒုတိယသက်တမ်း ၂၀၂၁ မှ ၂၀၂၆ ကာလတွင် ပိုမို ကြီးမားသည့် တိုးတက် အောင်မြင်မှုများ ရရှိလိမ့်မည်ဟု အကောင်းမြင် မျှော်လင့်ခဲ့ကြပါသည်။

ဤစာစောင်အတွက် စာတမ်းများ စုစည်းနေချိန် ၂၀၂၁ ဖေဖော်ဝါရီလတွင် မြန်မာစစ်တပ်က အာဏာသိမ်းလိုက်ပြီး NLD အစိုးရကို ဖယ်ရှားကာ စစ်အုပ်ချုပ်ရေးကို ပြန်လည် အသက်သွင်း လိုက်ပါသည်။ အာဏာသိမ်းရခြင်း အကြောင်းပြချက်အဖြစ် NLD သည် ၂၀၂၀ ရွေးကောက်ပွဲတွင် အနိုင်ရရှိရန် ကြီးမားသော မဲလိမ်မဲခိုးမှုများ ပြုလုပ်ခဲ့သည်ဆိုသည့် စွပ်စွဲချက်ဖြင့် ဖြစ်ပါသည်။ ယင်းစွပ်စွဲချက်အတွက် ယုံကြည်လောက်စရာ သက်သေလဲ တင်ပြနိုင်ခြင်း မရှိပါ။ အမှန်တကယ်တမ်း အားဖြင့် ကိုဗစ်ကပ်ရောဂါဆိုင်ရာ တင်းကျပ်မှုများနှင့် လုံခြုံရေးစိုးရိမ်စရာများကြောင့် ချို့ယွင်းမှု အနည်းငယ်ရှိခဲ့သည်မှအပ မဲရုံ ၄၀၀ ကျော်ရှိ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများ ကွန်ယက်က ထုတ်ပြန်သည်မှာ NLD ၏ အနိုင်ရရှိမှုသည် မဲဆန္ဒရှင်ပြည်သူလူထု၏ ဆန္ဒကို ထင်ဟပ်သည်ဟု ထုတ်ပြန်ခဲ့ပါသည်။

February 2021: Thousands of protesters participate in an anti-military rally in Yangon. Wikipedia Commons

တကယ်တမ်း စစ်အာဏာသိမ်းရခြင်း အကြောင်းရင်းမှာ စစ်တပ်ကို ကျယ်ပြန့်သော အကျိုးခံစားခွင့်များနှင့် နိုင်ငံရေး အားသာချက်များ ပေးအပ်ထားသည့် ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ဆင် လိုက်ပြီး စစ်တပ်၏ နိုင်ငံရေးလွှမ်းမိုးမှုကို NLD က ချုပ်ထိန်း ကန့်သတ်လာနိုင်မည်ကို တစတစ ပိုမို စိုးရိမ် လာသောကြောင့် ဖြစ်သည်။ စစ်တပ် ထိပ်ပိုင်း ခေါင်းဆောင်များကို ပြည်သူလူထု၏ ထောက်ခံမှု မည်မျှရှိကြောင်း ချဲ့ကားပြီး သတင်းပေးခဲ့မှုလည်း ရှိပုံ ပေါ်သည်။ ၄င်းတို့က အထူးသဖြင့် ၂၀၁၅ က စပြီး NLD ကို စိတ်မရှည်ဖြစ်လာသည့် အုပ်စုများ အပါအဝင် ပြည်သူလူထု အများအပြားက သူတို့ ပြန်လည် အုပ်ချုပ်မည်ကို လိုလားလိမ့်မည်ဟု ထင်ခဲ့ပုံ ရသည်။ ပုဂ္ဂိုလ်ရေး စဥ်းစားချက်များကလည်း စစ်အာဏာသိမ်းရခြင်းတွင် တခန်းတကဏ္ဍအနေဖြင့် ရှိကောင်း ရှိနိုင်ပါသည်။ စစ်တပ်၏ ကာကွယ်ရေး ဦးစီးချုပ် မင်းအောင်လှိုင်က သမ္မတ ရည်မှန်းချက် ရှိကြောင်း ပေါ်လွင်ပြီး ၂၀၂၁ နှစ်လယ်ပိုင်းတွင် သူ့ရာထူးမှ မဖြစ်မနေ အငြိမ်းစားယူရမည့် အခြေအနေတွင် ရှိသည်။ ယင်းကလဲ အာဏာသိမ်းရခြင်း အကြောင်းရင်း တစိတ်တဒေသ ဖြစ်နိုင်သည်။

မည်သည့်အကြောင်းကြောင့် သိမ်းသည် ဖြစ်ပါစေ၊ စစ်တပ်က အာဏာသိမ်းပြီးပြီးချင်း ချက်ချင်း ဆိုသလို ဒီမိုကရေစီရေး လှုပ်ရှားမှုက မြို့ကြီး၊ မြို့ငယ်၊ ကျေးလက်တောရွာမကျန် တနိုင်ငံလုံး မှာ ပေါ်ပေါက်လာသည်။ လူမျိုးစုလက်နက်ကိုင် တပ်ဖွဲ့ EAO များနှင့် တိုက်ခိုက်ပြီး တိုက်ပွဲကြောင့် မာကျော ခက်ထန်နေသော စစ်တပ်၏ တပ်ရင်းများ အရပ်သား ပြည်သူများ ရှိရာနေရာသို့ ရောက်ရှိ လာတော့သည်။ ခဏတာ ချုပ်ထိန်းပြီးနောက်တွင်တော့ စစ်တပ်က ဒီမိုကရေစီ လှုပ်ရှားမှုကို ပိုပြီးတော့တောင် ရက်စက်ကြမ်းကြုတ်စွာ ဖြိုခွင်းတော့သည်။ ဤစာကို ရေးသည့်အချိန်တွင် အနည်းဆုံး ဆန္ဒပြပြည်သူနှင့် ဘေးတွင် ရပ်ကြည့်နေသူ စုစုပေါင်း ၈၀၀ ခန့် သတ်ဖြတ်ခံရပြီး ဖြစ်ပြီး ထောင်ပေါင်းများစွာ ဖမ်းဆီးခံခဲ့ရသည်။ စစ်အာဏာရှင်ခေတ်နည်းလမ်းများနှင့် ဆင်တူသော နည်းလမ်းများဖြစ်သည့် အကြီးအကျယ် ဆင်ဆာ ဖြတ်တောက်ခြင်းမှ ပြန်ပေးဆွဲခြင်း၊ ညှင်းပန်း နှိပ်စက်ခြင်း၊ လျှို့ဝှက်သတင်းပေး (ဒလန်များ) မွေးမြူခြင်းများ ပြန်လည် ပေါ်ပေါက်လာတော့သည်။

Police crack down on anti-coup protesters in Yangon, Myanmar on 07 March 2021. Photo: Maung Nyan / Shutterstock.com

ဝရုန်းသုန်းကား ဖြစ်နေသည့် အခြေအနေသို့ ကျဆင်းလာခြင်းမှာ ကိုဗစ်-၁၉ ကပ်ရောဂါကို ရင်ဆိုင်နေရသည့် အချိန်လည်း ဖြစ်ပါသည်။ ကပ်ရောဂါကြောင့် မိသားစု စုဆောင်းငွေများ ကုန်ခမ်းလု နီးပါး၊ ခက်ခဲလုနီးပါး ဖြစ်နေချိန်လည်း ဖြစ်ပြီး လူပေါင်းများစွာကို လွန်စွာ ကျပ်တည်းသည့် အခြေအနေ သို့ ရောက်ရှိစေပါသည်။ နိုင်ငံစီးပွားရေးနှင့် ယန္တယား၏ ကြီးမားသော အစိတ်အပိုင်းတခုလုံး ရပ်ဆိုင်းနေသည့် အချိန် ဖြစ်သည့်အတွက် မြန်မာနိုင်ငံတွင် နိုင်ငံပြိုလဲနိုင်သည့် အန္တရာယ် မြင့်တက် လာနေပါသည်။ တဖန် ယင်းက လုံခြုံရေး၊ လူမှုတည်ငြိမ်ရေး၊ ပညာရေး၊ ကျန်းမာရေး ရပိုင်ခွင့်များ ကို သက်ရောက်မှုများ သိသာစွာ ဖြစ်လာသည့်အတွက် ပျောက်ဆုံးသွားသော မျိုးဆက် ဖြစ်သွားမည်ကို စိုးရိမ်ရမှုများကိုလည်း တိုးပွားစေပါသည်။ ယခုကဲ့သို့ ရှေ့မတိုး နောက်မဆုတ် အခြေအနေမှ မြင်သာသည့် ထွက်ပေါက် မရှိပါ။ စစ်တပ်က ကနဦးပိုင်းတုန်းက တနှစ်အတွင်း ရွေးကောက်ပွဲများ ပြန်လည်ကျင်းပပေးမည် ဆိုသော်လည်း ယခုတွင်မူ NLD ပါတီကို ဖျက်သိမ်းနိုင်ချေ ရှိသည်နှင့်အတူ ကာလရှည်ကြာ အုပ်ချုပ်ရန် ပြင်ဆင်လျက် ရှိနေပါသည်။

ဤစာစောင်တွင် ဖော်ပြထားသည့် စာတမ်းများမှာ ယင်းလျင်မြန်စွာ ပေါ်ပေါက် ပြောင်းလဲ နေသည့် အခြေအနေ နောက်ခံအပေါ်တွင် ရေးသားထားခြင်း ဖြစ်ပါသည်။ စာရေးသူများက လွန်ခဲ့သည့် ဆယ်စုနှစ်တာအတွင်း အဓိကနယ်ပယ်များ ဖြစ်သည့် ဒီမိုကရက်တိုက်ဇေးရှင်း၊ သရုပ်လက္ခဏာနှင့် လူမှုပါဝင်ရေး၊ ငြိမ်းချမ်းရေး ဖြစ်စဥ်၊ ဖက်ဒရယ်လစ်ဇင်နှင့် ဗဟိုချုပ်ကိုင်မှု လျှော့ချခြင်း၊ ကမ္ဘာပေါ်ရှိ မြန်မာနိုင်ငံ၏ နေရာ စသည့် နယ်ပယ်တို့တွင် ဖြစ်ထွန်းမှုများကို ဆက်လက် သုံးသပ် တင်ပြထားရုံသာမက စစ်အာဏာသိမ်းမှုနှင့် ယင်းကြောင့် ဖြစ်လာသည့် အကျိုးဆက်အမျိုးမျိုးကိုပါ တိုက်ရိုက် လေ့လာတင်ပြထားခြင်း ဖြစ်ပါသည်။

စာတမ်းတိုင်းတွင် စစ်အာဏာသိမ်းမှုနှင့် ယင်းကြောင့် နောက်ကြောင်း ပြန်စေသည့် ကြီးမားသော အကျိုးဆက်များအပေါ် စိုးရိမ်မှုကို ဖော်ပြထားပါသည်။ မျှော်လင့်ထားသည့်အတိုင်း စစ်တပ်၏ မကြာသေးမီက လုပ်ရပ်များကို တညီတညွတ်ထဲ ရှုတ်ချထားကြပါသည်။ တချိန်တည်း တွင်လည်း NLD အစိုးရလက်ထက်က ကြီးမားသော တွက်ကိန်းမှားမှုများမှာလည်း တောက်လျှောက် နောက်ခံအနေနှင့် တွေ့ရမည် ဖြစ်ပါသည်။ ယင်းအမှားများမှာ NLD အစိုးရ သက်တမ်းတလျှောက် ခက်ခဲသော အခြေအနေများကြောင့် ဖြစ်သည် ဟုတ်ဟုတ်မဟုတ်ဟုတ် အမှန်တကယ် ပေးဆပ်ရသည့် တန်ဖိုးများ ရှိပါသည်။ ယင်းတို့ကြောင့် ဖြစ်လာသည့် ယုံကြည်မှု ပျောက်ဆုံးခြင်းက  NLD နှင့် စစ်တပ် မဟုတ်သည့် တနိုင်ငံလုံးရှိ အခြားသော အကျိုးရှင်များအကြား ထိရောက်စွာ ပူးပေါင်း ဆောင်ရွက်နိုင်ရန် အတွက် အဓိက အဟန့်အတားဖြစ်နေသောကြောင့် ဖြစ်ပါသည်။

မြန်မာနိုင်ငံအတွင်းရှိ အသံကို နားထောင်ကြည့်လျှင် နိုင်ငံမှာ အမှောင်ထုထဲ တဖန် ကျဆင်း သွားမည်ကို စိုးရိမ်ကြကြောင်း သိနိုင်ပါသည်။ သို့သော် အကျပ်အတည်းကို ကြုံရချိန် မြန်မာ ပြည်သူများ၏ ဖော်ပြနိုင်စွမ်းပင်မရှိလောက်အောင် စိတ်ဓာတ်ခိုင်မာမှုနှင့် ကြံ့ကြံ့ခိုင်နိုင်မှုကိုလဲ တွေ့ရှိရပါသည်။ ပြင်ပကမ္ဘာအနေဖြင့် မတိုးသာ မဆုတ်သာ ဖြစ်နေသည့် အခြေအနေကို ပြတ်ပြတ်သားသား ပြောင်းလဲပစ်နိုင်စွမ်း ရှိချင်မှ ရှိပါလိမ့်မည်။ သို့သော် သူတို့အနေဖြင့် မြန်မာပြည်သူများနှင့် ရပ်တည်ရမည် ဖြစ်ပြီး ၄င်းတို့လိုလားသည့် အရပ်သားအုပ်ချုပ်ရေး ပြန်လည် ဖော်ဆောင်ရန်အတွက် ဖြစ်နိုင်သည့် နည်းလမ်းများအကုန်သုံးကာ ကူညီ ဆောင်ရွက် ပေးသွား ကြရပါမည်သာ ဖြစ်ပါတော့သတည်း။

အယ်ဒီတာများ

ကိုင်းအော့စ်ဝက်ဒ်
တွဲဖက်ပါမောက္ခ
School of Public Policy and Global Affairs
University of British Columbia

ကျော်ရင်လှိုင်
ဒါရိုက်တာ
ကွဲပြားခြားနားမှုနှင့် အမျိုးသားသဟဇာတဖြစ်ရေးဆိုင်ရာ လေ့လာမှုအဖွဲ့ (CDNH)
မြန်မာ

ကျေးဇူးတင်လွှာ

ဤအထူးထုတ်စာစောင်ကို မြန်မာဘာသာသို့ ပြန်ဆိုခြင်း အပါအဝင် ကူညီထောက်ပံ့ပေးသည်မှာ နိုင်ငံတကာဖွံ့ဖြိုးရေးသုတေသနစင်တာ (IDRC) မြန်မာ့ဒီမိုကရေစီ အသိပညာ စီမံကိန်း (International Development Research Center Knowledge for Democracy Myanmar Initiative) က ဖြစ်ပါသည်။ ပက်ဂီဘရက်နှင့် အစ္စဘဲလ်ချူးတို့က အဖိုးမဖြတ်နိုင်သည့် အကူအညီများ ပေးအပ် ခဲ့ပါသည်။

မြန်မာ့တော်လှန်ရေး ရှေ့တန်းက ဖက်ဒရယ်လစ်ဇင်
ထက်မင်းလွင်

မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဥ်။ ။၂၀၁၀-၂၀၂၁
ကလောဒင်းဟေးနီ

မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားမှု
ကိုင်းအော့စ်ဝက်ဒ်
ကျော်ရင်လှိုင်

သရုပ်သကန် (identity) နှင့် လူမှုပါဝင်ရေး (social inclusion)
ထက်ပိုင်ဦး

ကမ္ဘာ့စင်မြင့်ထက်တွင် ၂၀၂၀ အလွန် မြန်မာပြည်၏ နေရာ တရားဝင်မှုနှင့် ပြောင်းလဲမှုအတွက် အားပြိုင်ခြင်း
မိုးသူဇာ