မြန်မာ့တော်လှန်ရေး ရှေ့တန်းက ဖက်ဒရယ်လစ်ဇင်

Htet Min Lwin

မြန်မာနိုင်ငံသည် ၄င်း၏ ကြွယ်ဝလှသည့် ယဥ်ကျေးမှု၊ ဘာသာစကား၊ လူမျိုးအုပ်စုနှင့် ဘာသာရေး သရုပ်လက္ခဏာများကို လက်ခံနေရာပေးနိုင်သည့် နိုင်ငံရေးစနစ်တခုကို ရှာဖွေလာခဲ့သည်မှာ လွတ်လပ်ရေး ရပြီးချိန်ကစပြီးပင် ဖြစ်လေသည်။ လူနည်းစု လူမျိုးစုများက အုပ်စုအားလုံး၏ တန်းတူညီမျှမှုနှင့် အခွင့်အရေးများကို အကာအကွယ်ပေးနိုင်သည့် နည်းလမ်းတရပ်အနေဖြင့် ဖက်ဒရယ် စနစ်ကို တောင်းဆိုလာခဲ့ကြပါသည်။ သို့သော်လည်း ၁၉၆၂ မှ ၂၀၁၀ အထိ မြန်မာနိုင်ငံကို အုပ်စိုးခဲ့သည့် စစ်အာဏာရှင်စနစ်များ၏ အလွန်အမင်း ဗဟိုချုပ်ကိုင်မှုများသည့် စနစ်အောက်တွင် ဖက်ဒရယ်လစ်ဇင် ကို ဆွေးနွေးရန် မဖြစ်နိုင်ခဲ့ပါ။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအောက်တွင် ဆောင်ရွက်ခဲ့သည့် နိုင်ငံရေး အသွင်ကူးပြောင်းမှုက ဗဟိုချုပ်ကိုင်မှုများသည့် ဖက်ဒရယ်ပုံစံ တမျိုးကို ဖန်တီးပေးခဲ့သော်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရ (NLD) (၂၀၁၆-၂၀၂၁) လက်ထက်တွင်ပင် မြန်မာအစိုးရ၏ လက်တွေ့ လုပ်ဆောင်မှုနှင့် နိုင်ငံရေးအမြင်မှာ ဗဟိုချုပ်ကိုင်မှုများသည့် ပုံစံအဖြစ်ပင် ဆက်လက် ရှိနေခဲ့ပါသည်။

ဤစာတမ်းတွင် အဆိုပါ သမိုင်းကြောင်းကို အကျဥ်းချုပ်တင်ပြထားပြီး ၂၀၂၁ စစ်အာဏာသိမ်းမှု ကြောင့် ဖက်ဒရယ်လစ်ဇင် အကြောင်း နိုင်ငံရေးဆွေးနွေးမှုကို အခြေခံကျကျ ပြောင်းလဲသွားစေခဲ့ပုံကို တင်ပြထားပါသည်။ လူနည်းစု လူမျိုးစုများမှ လူငယ်ခေါင်းဆောင်များက စစ်အာဏာသိမ်း ဆန့်ကျင် လှုပ်ရှားတွင် ဖက်ဒရယ်လစ်ဇင်အကြောင်း ဆွေးနွေးမှုကို  ရှေ့တန်းရောက်အောင် တွန်းပို့ပေးခဲ့ပုံကို တင်ပြထားပါသည်။ ထို့နောက် လူမျိုးဆိုသည့် အယူအဆ (ethnicity) ဆွေးနွေး ပြောဆိုမှုတွင် ပြောင်းလဲလာပုံကို ကောက်နုတ် တင်ပြထားပါသည်။ ယခင်အတိတ်က လူမျိုး-မျိုးရိုး ဆက်ခံမှု အပေါ် အခြေခံသည့် ဖက်ဒရယ်ပုံစံ (ethnic-genealogical model of federalism) များမှ အားလုံး ပါဝင်နိုင်သော နိုင်ငံသား-နယ်နိမိတ်အပေါ် အခြေခံသည့် ပုံစံ (civic-territorial model) သို့ ဦးတည် ပြောင်းလဲလာပုံကို တင်ပြထားပါသည်။ ယင်းနောက် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြု ကော်မတီ (CRPH) က ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဖျက်သိမ်းမှုနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဥ် (ယင်း၏ အပိုင်း ၁ တွင် အမြင်ကျယ်သည့် ဖက်ဒရယ် အခြေခံမူများပါဝင်သော) ကို လက်ခံ အတည်ပြု လိုက်ခြင်း၏ အရေးပါမှုကို သုံးသပ် တင်ပြထားပါသည်။ ယင်းတိုးတက်ဖြစ်ထွန်းမှုများနှင့် မြန်မာနိုင်ငံ၏ နိုင်ငံရေး အနာဂတ်အဖြစ် ဖက်ဒရယ်စနစ်ကို လက်ခံလိုက်ခြင်းများက ပြီးခဲ့သည့် ဆယ်နှစ်တာအတွင်း ဖက်ဒရယ်လစ်ဇင် သင်တန်းများပေးခြင်း၏ အသီးအပွင့်များ ဖြစ်ပါသည်။ သို့သော် လူမျိုးရေး၊ ပထဝီနယ်နိမိတ်၊ နိုင်ငံသားဖြစ်မှု၊ ဘာသာရေး အစရှိသည့် ကွဲပြားမှုမျိုးစုံက လာသော စိတ်ဝမ်းကွဲမှုများက လူ့အဖွဲ့အစည်းအတွင်း နက်ရှိုင်းပြီး ရှုထောင့်ပေါင်းစုံ အလွှာပေါင်းစုံတွင် ကျန်ရှိ​ နေပါသေးသည်။ လက်ရှိ အခြေအနေက ယင်းစိတ်ဝမ်းကွဲပြားမှုများကို ပြေလည်သွားစေပြီး လူများကို ညတွင်းချင်း စည်းလုံးသွားစေသည့် အဖြစ်မျိုး မဟုတ်သေးပါ။ ယုံကြည်မှုနှင့် စပ်လျဥ်းသည့် အရေးကြီး ကိစ္စများ ဖြေရှင်းရန် ကျန်ရှိနေပါသေးသည်။ ထို့အပြင် ပဋိညာဥ် အပိုင်း ၁ တွင် ချမှတ်ထားသည့် စံတန်ဖိုးများကို အကောင်အထည်ဖော်ကာ ဖက်ဒရယ်စနစ် တရပ် ဖော်ဆောင်ရန် လက်တွေ့ကျသည့် စေ့စပ်ညှိနှိုင်းမှုများ (အထူးသဖြင့် ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဥ် အပိုင်း ၂) ကို ဆက်လက် ဆွေးနွေးဖို့ လိုအပ်နေပါသေးသည်။

မြန်မာပြည်၏ ဖက်ဒရယ်ဝိရောဓိ

မြန်မာနိုင်ငံသည် လူမျိုးရေး၊ ဘာသာရေး၊ ဘာသာစကားနှင့် ယဥ်ကျေးမှုများ လွန်စွာ ကြွယ်ဝလှသည့် နိုင်ငံ တနိုင်ငံ ဖြစ်ပါသည်။ သို့သော် ကိန်းဂဏန်းအရေအတွက်အားဖြင့် လူများစုမှာ ဗုဒ္ဓဘာသာ ဗမာ လူမျိုးများ ဖြစ်ပြီး အစဥ်အလာအားဖြင့် အစိုးရတွင် ၄င်းတို့ကသာ ကြီးစိုးထားလေ့ ရှိပါသည်။ လူနည်းစု လူမျိုးစု ခေါင်းဆောင်များ (နိုင်ငံရေးပါတီများနှင့် လူမျိုးစုလက်နက်ကိုင်တပ်ဖွဲ့ EAO များ နှစ်မျိုးစလုံး) က ၄င်းတို့ လူနည်းစု လူမျိုးများ၏ အကျိုးစီးပွားနှင့် အခွင့်အရေးများကို အကာအကွယ် ပေးနိုင်သည့် နည်းလမ်းမှာ ဖက်ဒရယ်စနစ် ဖြစ်သည်ဟု ကာလရှည်ကြာကတည်းကပင် မှတ်ယူထားပါသည်။ ဗမာတို့၏ ဖိနှိပ်ခြင်းနှင့် သွေးစုပ်အမြတ်ထုတ်ခြင်းမှ ကာကွယ်ရန်နှင့် ဗဟိုအစိုးရမှ ပြည်နယ်အဆင့်သို့ အာဏာ လွှဲပြောင်းပေးရန် နည်းလမ်းအဖြစ် ဖက်ဒရယ်စနစ်ကို ရှုမြင်ကြပါသည်။ ယင်းသို့ ဗဟိုချုပ်ကိုင်မှု လျှော့ချရန်နှင့် ဖက်ဒရယ်စနစ်ကျင့်သုံးရန် တောင်းဆိုမှုများကို ဗဟိုအစိုးရ ခေါင်းဆောင်များက ကြိုဆိုလေ့ မရှိကြပါ။ ၁၉၅၉ ခုနှစ်ကတည်းက ဆေးလ်ဗားစတိုင်း ဆိုခဲ့သည်မှာ “ဖက်ဒရယ် ဝိရောဓိ” (federal dilemma) ဆိုသည့် စကားလုံး ဖြစ်ပါသည်။ ဆိုလိုသည်မှာ ခေါင်းဆောင်ပိုင်းက လူများစု ကြီးစိုးသည့် ဒီမိုကရေစီ (majoritarian democracy) ကို လိုလားသော်လည်း နိုင်ငံရေး အကြောင်းများကြောင့် လူနည်းစု လူမျိုးစုအုပ်စုများအတွက် ဖက်ဒရယ် စနစ်ပုံစံတမျိုးမျိုးကို လက်ခံ ရသည့် အခြေအနေကို ဆိုလိုခြင်း ဖြစ်ပါသည်။

မြန်မာနိုင်ငံကို ၁၉၆၂ မှ ၂၀၁၀ အထိ အုပ်စိုးခဲ့သည့် စစ်အစိုးရများက လွန်စွာ ဗဟိုချုပ်ကိုင်မှု များသည့် စနစ်တရပ်ကို တည်ဆောက်ခဲ့ပါသည်။ စစ်အုပ်ချုပ်ရေး ကျင့်သုံးရခြင်း အကြောင်းတခုမှာ မြန်မာနိုင်ငံ မပြိုကွဲသွားစေရန်ဆိုသည့် အကြောင်းပြချက် ဖြစ်ရာ (လူမျိုးစု ပြည်နယ်များ ခွဲထွက်ရန် အဆင့်တရပ်အနေဖြင့် ရှိနေသည်ဟု မြင်သည့်) ဖက်ဒရယ်စနစ်ကို သံသယဖြင့် ရှုမြင်ခဲ့ကြပါသည်။ ၂၀၁၀ တွင် နိုင်ငံရေးအသွင် ကူးပြောင်းမှု ဖြစ်ပေါ်လာသည့်အခါတွင်တော့ ဖက်ဒရယ်လစ်ဇင်သည် မထိရမကိုင်ရ ဘာသာရပ် အဖြစ် ရှိမနေတော့ပါ။ သို့သော် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ အာဏာကိုတော့ ဗဟိုက ချုပ်ကိုင်ထားဆဲ ဖြစ်ပါသည်။

NLD အစိုးရလက်ထက်တွင် အခြားအစိုးရများ လက်ထက်နည်းတူ အခြားပြဿနာများ ပိုမိုဆိုးရွားမလာစေဘဲ လူနည်းစု လူမျိုးစုများ တောင်းဆိုသည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ကို မည်သည့် နိုင်ငံရေး စုဖွဲ့မှုပုံစံက ပေးအပ်နိုင်သလဲ ဆိုသည့်အပေါ်  နိုင်ငံရေး အီလိများ စိတ်ဝမ်းကွဲပြားကြဆဲ ဖြစ်ပါသည်။ သို့သော်လဲ အရေးကြီးသည့် အလျှော့ပေး ညှိနှိုင်းမှုများလည်း ရှိခဲ့ပါသည်။ ငြိမ်းချမ်းရေး ဖြစ်စဥ်အတွက် စေ့စပ်ညှိနှိုင်းမှုများမှ မြန်မာနိုင်ငံကို အနာဂတ်တွင် ဖက်ဒရယ်နိုင်ငံအဖြစ် တည်ဆောက် မည်ဟု သဘောတူညီချက် ရခဲ့ပါသည်။ သို့သော်လည်း ဝေါဟာရအပေါ်တွင် အကြီးအကျယ် ကွဲလွဲမှုများလည်း ကျန်ရှိနေခဲ့ပါသည်။ အထူးသဖြင့် “ဖက်ဒရယ် ဒီမိုကရေစီ” ဟု ခေါ်မလား၊ “ဒီမိုကရေစီ ဖက်ဒရယ်”ဟု ခေါ်မလားဆိုသည့် ကွဲလွဲချက် ဖြစ်ပါသည်။ ယင်းကွဲလွဲမှုက အကျိုးရှင်များ အကြားတွင် ယုံကြည်မှု ပျောက်ဆုံးနေသည့် အချက်ကို ထင်ဟပ်ပါသည်။ တချိန်ထဲတွင်လည်း လူမျိုးစု ခေါင်းဆောင်များအကြား NLD အစိုးရက ဖက်ဒရယ်လစ်ဇင်ထက် ဒီမိုကရက်တိုက်ဇေးရှင်း ဖြစ်စဥ်ကို ဦးစားပေးနေသည်ဆိုသည့် ထင်မြင်ချက်ကိုလည်း ဖြစ်စေခဲ့ပါသည်။

တချိန်ထဲတွင် အရပ်ဖက်လူ့အဖွဲ့အစည်း အသင်းအဖွဲ့များကလည်း နိုင်ငံရေးအသွင်ကူးပြောင်းမှု တွင်ပေါ်ပေါက်လာသည့် လူမှုနယ်ပယ် (civil space) က ရသော အခွင့်လမ်းများကို အမိအရ အသုံးချ ခဲ့ပါသည်။ ဖက်ဒရယ်လစ်ဇင်နှင့် ပတ်သက်သော ပညာရေးဆိုင်ရာ လှုပ်ရှားမှုများအဖြစ် မြို့ခန်းမတွင် တွေ့ဆုံ ဆွေးနွေးသည့် ပုံစံများမှ ပိုပြီး အဆင့်မြင့်သော သက်ဆိုင်ရာ ပညာရပ်နယ်ပယ်ဆိုင်ရာ ဆွေးနွေးသည့် ပုံစံများအထိ ကျင်းပဆောင်ရွက်နိုင်ခဲ့ကြပါသည်။ ယင်းကြောင့် ဖက်ဒရယ်ကိစ္စကို ပိုမို အလေးပေး ဆောင်ရွက်နိုင်စေခဲ့သလို ဖွံ့ဖြိုးရေးဆိုင်ရာ ဆွေးနွေးမှုများတွင်လည်း ဖက်ဒရယ်အရေး ပါဝင်စေရန် ဆောင်ရွက်နိုင်ခဲ့ပါသည်။ တချိန်ထဲတွင်လည်း ဖက်ဒရယ်အရေး ဆောင်ရွက်သူ အသစ်များလည်း ပေါ်ပေါက်လာစေခဲ့ပါသည်။

စစ်အာဏာသိမ်းဆန့်ကျင်ရေးလှုပ်ရှားမှုရှိ ဖက်ဒရယ်လစ်ဇင်နှင့် GSC-N

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းပြီးပြီးချင်း ပေါ်ပေါက်လာသည့် နိုင်ငံရေး လှုပ်ရှား တောင်းဆိုမှုများတွင် ဖက်ဒရယ်လစ်ဇင်က ရှေ့ဆုံးက ရှိမနေခဲ့ပါ။ အစောပိုင်း ဆန္ဒပြမှုများတွင် နိုင်ငံရေး ခေါင်းဆောင်များကို ပြန်လွှတ်ပေးရန်နှင့် ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသည့် အစိုးရကို အာဏာပြန်အပ်ရန် တောင်းဆိုခဲ့ကြပြီး ဖက်ဒရယ်အရေးကို တောင်းဆိုခြင်း မရှိခဲ့ပါ။ တနည်းဆိုရလျှင် ဆန္ဒပြသူများက အာဏာသိမ်းမှု နောက်ကြောင်းပြန်လှည့်ရန်ကိုသာ တောင်းဆိုခြင်း ဖြစ်ပြီး ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေက ပေးအပ်ထားသည့် အယူအဆ မူဘောင်ထဲတွင်သာ ရှိနေခဲ့ခြင်း ဖြစ်ပါသည်။

စစ်အာဏာသိမ်းလုပ်ရပ်ကို ဆန့်ကျင်သည့် လှုပ်ရှားမှုတွင် ဖက်ဒရယ်ဒီမိုကရေစီအရေးကို နိုင်ငံရေး တောင်းဆိုမှုအဖြစ် ထည့်သွင်းလာခဲ့သည်မှာ လူမျိုးပေါင်းစုံ အထွေထွေသပိတ်ကော်မတီ (GSC-N) ဖြစ်ပါသည်။ ယင်းက လူအများ လိုလားချက်အနေဖြင့်ရော CRPH က ထောက်ခံသည့် ရည်မှန်းချက် အနေဖြင့်ပါ ဖြစ်လာခဲ့ပါသည်။ GSC-N သည် လူငယ်မဟာမိတ် ကွန်ယက်တခုဖြစ်ပြီး ပြီးခဲ့သည့် ဆယ်နှစ်တာအတွင်း ဖက်ဒရယ်လစ်ဇင်နှင့် အခြားသော လူမှုသိပ္ပံဘာသာရပ်များကို ထိတွေ့ခွင့် ရခဲ့သည့် လူငယ်များ ဖြစ်ပါသည်။ ၄င်းတို့ အများစုမှာ ရန်ကုန် အခြေစိုက် ဖြစ်သော်လည်း ဇာတိမှာ လူမျိုးစု ပြည်နယ်များ ဖြစ်ပါသည်။ ၄င်းတို့နှင့် လူမျိုးစု နိုင်ငံရေးပါတီများနှင့် EAO များမှာ တဦးချင်း အရရော၊ အင်စတီကျူးရှင်းအနေနှင့်ပါ ချိတ်ဆက်မှုများ ရှိပါသည်။ ယင်းသို့ နောက်ခံရှိသည့်အတွက် GSC-N ၏ တောင်းဆိုမှုများတွင် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ထူထောင်ရန်နှင့် စုပေါင်း ခေါင်းဆောင်မှု၊ တန်းတူညီမျှမှုနှင့် တရားမျှတမှု၊ အပြန်အလှန်လေးစားမှု၊ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်များ ပါဝင်သည်မှာ အံ့အားသင့်စရာ မဟုတ်ပါ။ ယင်းသို့ တောင်းဆိုမှုများ ပါဝင်ခြင်းက GSC-N နှင့် အခြား ဆန္ဒပြအုပ်စုများ ကွာခြားချက် ဖြစ်ပါသည်။ ကျန်အုပ်စုများက နိုင်ငံရေး အကျဥ်းသားများ ပြန်လွှတ်ပေးရန်နှင့် ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို လေးစားရန် အလေးပေး တောင်းဆိုကြခြင်း ဖြစ်ပါသည်။ GSC-N ခေါင်းဆောင်တဦးက ဆိုသည်မှာ “ကျွန်တော်တို့ လူနည်းစု လူမျိုးစုတွေအနေနဲ့ ပိုပြီး လေးနက်တဲ့ တောင်းဆိုမှုတွေ ရှိပါတယ်။ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်က မြန်မာနိုင်ငံမှာရှိတဲ့ လူမျိုးစုအားလုံး ပါဝင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေး ဖြစ်ပါတယ်” ဟု ဆိုပါသည်။ ယင်း နိုင်ငံရေးအမြင်က လူကြိုက်များကြောင်း တွေ့ရပါသည်။ အထူးသဖြင့် လူကြိုက်များသည်မှာ လူမျိုးစု ပြည်နယ်များတွင် ဖြစ်ပြီး ဆန္ဒပြမှုများကို GSC-N နာမည်အောက်က ဆောင်ရွက်ကြကာ ၄င်းတို့၏ တောင်းဆိုချက် ၅ ခုအတိုင်း ဆန္ဒထုတ်ဖော်ကြကြောင်း တွေ့ရပါသည်။

Taunggyi, Myanmar – March 2021: Peaceful protesters against the military coup: R. Bociaga / Shutterstock.com

အားလုံးပါဝင်နိုင်သော စိတ်ကူးပုံဖော်ခြင်းတရပ် လိုအပ်ခြင်း – လူထု၏ စုပေါင်းဝန်ချတောင်းပန်မှုတရပ်

အစဥ်အဆက်အားဖြင့် မြန်မာနိုင်ငံတွင် ဖက်ဒရယ်စနစ် ကျင့်သုံးရန် တောင်းဆိုကြသည့်အခါ လူမျိုး – မျိုးရိုးဆက်ခံမှုကို အခြေခံသည့် ပုံစံ (ethnic-genealogical model) ကို မျှော်မှန်း တောင်းဆိုကြခြင်း ဖြစ်ပါသည်။ လူနည်းစုလူမျိုးစုများအတွက် ၄င်းတို့ လူများစုဖြစ်သည့် ပြည်နယ်များ ဖန်တီးပြီး ကိုယ်ပိုင် ဘာသာစကားများနှင့် ယဥ်ကျေးမှုများကို ထိန်းသိမ်းနိုင်ရန် ရည်ရွယ်သည့် ပုံစံ ဖြစ်ပါသည်။ သို့ဖြစ်သည့် အတွက် လူမျိုး  (ethnicity) နှင့် ဖက်ဒရယ်လစ်ဇင် ကိစ္စရပ်များမှာ နီးကပ်စွာ ဆက်စပ်နေပါသည်။ ထို့ကြောင့် GSC-N က မြန်မာနိုင်ငံတွင် လူမျိုးနှင့် ဆိုင်သည့် ဆွေးနွေးငြင်းခုံမှုနှင့် အယူအဆကို ပြန်လည် အဓိပ္ပာယ်ဖွင့်ဆိုရန် ကြိုးပမ်းမှုမှာ စိတ်ဝင်စားဖွယ် ကောင်းပါသည်။

“လူမျိုး” (ethnicity) ဆိုသည့် စကားလုံးကို ထုံးစံအားဖြင့် ဗမာစကားလုံး “တိုင်းရင်းသား” အဖြစ် ဖွင့်ဆိုလေ့ ရှိကြပါသည်။ ယင်းစကားလုံးက နိုင်ငံတော်က အသိအမှတ်ပြုထားသည့် “တိုင်းရင်းသားလူမျိုးများ” (national races) ၁၃၅ မျိုး ကိုသာ ဆိုလိုခြင်း ဖြစ်ပြီး တရုတ်နှင့် ရိုဟင်ဂျာကဲ့သို့သော အခြားသော လူနည်းစု လူမျိုးများကို ချန်လှပ်ထားခြင်း ဖြစ်ပါသည်။ ယင်းသို့ ကျဥ်းမြောင်းသော “တိုင်းရင်းသား” အဓိပ္ပာယ်ဖွင့်ဆိုခြင်းမှ ရှောင်ရှားရန်အတွက် GSC-N က သူတို့ကိုယ်သူတို့ “လူမျိုးစုံ” ဟု ခေါ်ဝေါ် သုံးနှုန်းခဲ့ပြီး “လူမျိုး (လူအမျိုးအစား) ပေါင်းစုံ” ဟုဆိုလိုခြင်း ဖြစ်သည်။ ၄င်းတို့၏ လူမျိုးစာရင်းတွင် “တိုင်းရင်းသား” အဖြစ် အသိအမှတ်ပြုခြင်း မခံရသော “ကပြား” များနှင့် “မြန်မာမွတ်ဆလင်”များလည်း ပါဝင်လာပါသည်။ GSC-N ၏ နာမည်နှင့် အခြေခံမူဝါဒများကို လက်ခံသုံးစွဲခြင်းဖြင့် တနိုင်ငံလုံးရှိ ဆန္ဒပြသူများလည်း လူမျိုးအပေါ် နားလည်ယူဆချက်ကို လိုက်ပါ ပြောင်းလဲလာပါသည်။

တချိန်တည်းတွင်လည်း မြန်မာစစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုကို ကိုယ်တွေ့ခံစားရခြင်းဖြင့် ရိုဟင်ဂျာများအပါအဝင် လူနည်းစုလူမျိုးစုများ ကြုံတွေ့ခံစားခဲ့ရသော နာကျင်ခံစားရမှုများကို လူအများစုက နားလည်သဘောပေါက်လာကြပါသည်။ ဆိုရှယ်မီဒီယာသုံးစွဲသူများက ၄င်းတို့၏ ယခင်က ထားရှိခဲ့သော သဘောထားများအတွက် တောင်းပန်ကြပြီး သွေးစည်းညီညွတ်မှုကို ဖော်ပြ ခဲ့ကြပါသည်။ ဥပမာ – တယောက်က ဆိုထားသည်မှာ “ဒီဖြစ်ရပ်တွေကနေ ကျွန်တော်တို့ သင်ခန်းစာ ယူပါမယ်။ အခုအချိန်က စပြီး ရိုဟင်ဂျာတိုင်းရင်းသားများနှင့် အခြားသော တိုင်းရင်းသားတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ မတရားမှုတွေအတွက် ဘယ်ဒေသမှာ နေထိုင်သည်ဖြစ်စေ၊ ဘာလူမျိုး ဘာဘာသာကိုးကွယ်သည်ဖြစ်စေ ကျွန်တော်တို့ ဆန့်ကျင်သွားပါမယ်။ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုနဲ့ တရားမျှတမှုအတွက် တိုက်ပွဲဝင်သွားပါမယ်။ မြန်မာနိုင်ငံက တိုင်းရင်းသား အားလုံးနဲ့ အတူတကွ တိုက်ပွဲကို ဆက်လက်ဆင်နွှဲသွားပါမယ်” ဟု ဆိုလေသည်။ ဆိုရှယ်မီဒီယာ ပေါ်တွင်လည်း လူငယ်များက “တိုင်းရင်းသား” ဆိုသည့် အယူအဆနှင့် ၄င်းကို အခြေခံသော လူမျိုး-မျိုးရိုး ဆက်ခံမှုဆိုင်ရာ ဖက်ဒရယ်ပုံစံကို မေးခွန်းထုတ်လာကြပြီး နိုင်ငံသား-နယ်နိမိတ်ကို အခြေခံသော ဖက်ဒရယ်ပုံစံကို တောင်းဆိုလာကြပါသည်။ တချိန်တည်းမှာပင် လမ်းမများပေါ်ရှိ ဆန္ဒပြသူများ ကလည်း လူမျိုး၊ ကိုးကွယ်ရာ ဘာသာကို အခြေခံသော ခွဲခြားမှုများ မပြုလုပ်ရန် တောင်းဆို လာကြပါသည်။ သို့ဖြစ်ရာ GSC-N ၏ ဖက်ဒရယ်ဒီမိုကရေစီအရေး တောင်းဆိုမှုနှင့် လူထု၏ ဖွင့်ထုတ် ပြောင်းလဲလာသော (catharsis) တောင်းပန်မှုများ ပေါင်းစည်းပြီး ဖက်ဒရယ် ဒီမိုကရေစီရေး တောင်းဆိုမှုက အားကောင်းသော လူထုတောင်းဆိုမှု ဖြစ်လာပါသည်။

Muslim Rohingya waiting the foods in the refugee camp in Bangladesh. HAFIZIE SHABUDIN / Shutterstock.com

CRPH နှင့် ယင်းရှိ နုပျိုသော ဦးဆောင်မှု

အမျိုးသားညီညွတ်ရေးအစိုးရ ဖွဲ့စည်းရန် ဆွေးနွေးကြချိန်တွင် အမျိုးသားအတိုင်ပင်ခံကောင်စီ (NUCC) သည် CRPH ၊ လူမျိုးစု နိုင်ငံရေးပါတီများ၊ သပိတ်ခေါင်းဆောင်များ နိုင်ငံရေး အခြေအနေကို ဆွေးနွေးရန်နှင့် အရပ်သားအစိုးရအသစ်တရပ် ဖွဲ့စည်းရန် တိုင်ပင်ဆွေးနွေးသည့် နေရာ ဖြစ်လာပါသည်။ ယင်းအခြေအနေ နောက်ခံတွင် CRPH အဖွဲ့ဝင်များက GSC-N နှင့် တွေ့ဆုံပါသည်။ GSC-N က CRPH အနေဖြင့် ဖက်ဒရယ် ဒီမိုကရေစီအပေါ် ကတိကဝတ်ပြုသည့်အနေဖြင့် ၂၀၀၈ ဖွဲ့စည်းပုံကို ဖျက်သိမ်းရန်နှင့် GSC-N ၏ မူဝါဒများကို တရားဝင်သဘောတူညီချက်ဖြင့် အတည်ပြု လက်မှတ် ရေးထိုးရန် အဆိုပြုပါသည်။ GSC-N ၏ ကြွေးကြော်သံများကလည်း “ဖက်ဒရယ်လစ်ဇင်” နှင့် “ဒီမိုကရေစီ” သည် တရားဝင် နိုင်ငံရေး ဝေါဟာရတွင် ဘယ်ဟာ အရင်လာသင့်ကြောင်း ငြင်းခုံဆွေးနွေးမှုများကိုလည်း ပြန်လည် အသက်ဝင် စေခဲ့ပါသည်။ လူထုအကြားတွင် “ဖက်ဒရယ် ဒီမိုကရေစီ” ဆိုသည့် စကားလုံးက ရေပန်းစားနေပြီ ဖြစ်ပြီး လူနည်းစုလူမျိုးစု နိုင်ငံရေးပါတီ ခေါင်းဆောင်များနှင့် EAO များ အပါအဝင် ထိပ်တန်း ခေါင်းဆောင်များက အင်တိုက်အားတိုက် ထောက်ခံကြပါသည်။

CRPH အဖွဲ့ဝင်များက ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် စကားလုံး ဝေါဟာရ အပေါ်တွင် မပြီးနိုင် မစီးနိုင် ငြင်းခုံမှုများ ရှိခဲ့သည်ကို သိပါသည်။ သူတို့အတွက်လည်း အရေးတကြီး ညွန့်ပေါင်း မဟာမိတ်တရပ် ဖွဲ့စည်းရန် လိုအပ်နေမှုကိုလည်း သဘောပေါက်ပါသည်။ သို့ဖြစ်ရာ လူမျိုးစု နိုင်ငံရေး အုပ်စုများ၏ တောင်းဆိုမှုများကို သဘောတူခဲ့ပြီး မတ်လ ၅ ရက်နေ့တွင် “ဖက်ဒရယ် ဒီမိုကရေစီ” ကို တရားဝင် စကားလုံးအဖြစ် သုံးစွဲခဲ့ပါသည်။ တချိန်ထဲတွင်လည်း နိုင်ငံရေးအရ မကြုံစဖူး ပြောင်းလဲမှု အဖြစ် CRPH အနေဖြင့်  NLD ၏ ယခင် တရားဝင် မူဝါဒဖြစ်သည့် အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး မှ ပြောင်းလဲကာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဖျက်သိမ်းပြီး ဖက်ဒရယ် ဖွဲ့စည်းပုံ တရပ်နှင့် အစားထိုးမည်ဖြစ်ကြောင်း ကတိကဝတ်ပြုပါသည်။ ယင်းကတိကဝတ်အတိုင်း NUCC သည် ဖက်ဒရယ် ဒီမိုကရေစီပဋိညာဥ်ကို ရေးဆွဲခဲ့ပါသည်။ ၄င်း၏ အပိုင်း (၁) တွင် အမြင်ကျယ်သည့် ဖက်ဒရယ် အခြေခံ မူများ ပါဝင်ပြီး CRPH အနေဖြင့်လည်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်းကြောင်း ကြေညာခဲ့ပါသည်။ ဥပဒေ အကြံပေးတဦးက ကောက်ချက်ချသည်က ယင်းဆုံးဖြတ်ချက်မှာ ဥပဒေကြောင်းအရ စဥ်းစားခြင်း မဟုတ်ဘဲ နိုင်ငံရေးအရ ဆုံးဖြတ်ခြင်း ဖြစ်ပုံပေါ်သည်ဟု ကောက်ချက် ချပါသည်။  ဥပဒေကြောင်းအရ ကြည့်ပါက ၂၀၀၈ ဖွဲ့စည်းပုံကို ဖျက်သိမ်းသည်မှာ တမျိုး ဖြစ်နေပါသည်။ အကြောင်းမှာ ယင်းက ရွေးကောက်ခံအစိုးရအနေဖြင့် ဥပဒေကြောင်းအရ ဆက်လက် တည်ရှိမှုနှင့် တရားဝင်မှု/တရားနည်းလမ်းကျမှု (legitimacy) ကို ပေးအပ်ထားခြင်းကြောင့် ဖြစ်ပြီး နိုင်ငံတကာ အသိအမှတ်ပြုမှု ရရှိရန် အလားအလာရှိသောကြောင့် ဖြစ်သည်။

CRPH ၏ အလျှော့ပေး သဘောတူမှုများမှာ အမှန်တကယ် ဖက်ဒရယ် ဒီမိုကရေစီကို ကျင့်သုံးရန် ကတိကဝတ်ပြုခြင်းထက် လူထု ကျေနပ်အောင် လုပ်သည့် နည်းလမ်းများသာ ဖြစ်သည်ဟု စိုးရိမ်မှုများ ရှိနေသည်မှာလည်း ဟုတ်ပါသည်။ ယခင် ဗမာနိုင်ငံရေးခေါင်းဆောင်များ၏ ဖက်ဒရယ် အရေးဆောင်ရွက်ချက်များကဲ့သို့ပင် “စိတ်ရင်းစေတနာမှန်ဖြင့် ရှေ့နောက်ညီညွတ်စွာ ဆောင်ရွက်ခြင်း မရှိဘဲ အဆိုးမြင်ကာ အကျိုးလိုလို့ အသုံးချခြင်းမျိုး” ဖြစ်နေမည်ကို စိုးရိမ်ခြင်း၊ တနည်းဆိုရလျှင် ဆေးလ်ဗားစတိုင်းဆိုခဲ့သည့် “ဖက်ဒရယ်ဝိရောဓိ” ကို ပြန်ညွှန်းဆိုခြင်း ဖြစ်ပါသည်။ ယင်းစိုးရိမ်မှုများကို မြင့်တက်စေသည့် အချက်မှာ CRPH သည် NLD အဖွဲ့ဝင်အများစုဖြစ်ပြီး NLD ခေါင်းဆောင်ပိုင်း၏ ထောက်ခံမှုကို ရရှိထားသည့်အတွက် NLD ၏ နိုင်ငံရေး အမွေကို ဆက်ခံရခြင်းကြောင့် ဖြစ်ပါသည်။ ယင်းအတွက်ကြောင့် CRPH ကို NLD ကြီးစိုးသည့် အဖွဲ့ (သို့ဖြစ်သည့်အတွက် ဗမာကြီးစိုးသည့်အဖွဲ့) အနေဖြင့် မြင်စရာ အကြောင်း ရှိနေသောကြောင့် ဖြစ်ပါသည်။ ထို့ကြောင့် အချို့က CRPH သည် သူ့ရှေ့က ပေါ်ပေါက်ခဲ့သည့် အဖွဲ့များ၏ ရပ်တည်ချက်များကို ပြန်လည် ပုံပြောင်း ထားခြင်းသာ ဖြစ်သည်ဟု သံသယဝင်ကြခြင်း ဖြစ်ပါသည်။ တဖက်တွင်လည်း CRPH ကို ဖွဲ့စည်းထားသည်မှာ NLD ထိပ်ပိုင်း ခေါင်းဆောင်များက ဖွဲ့စည်းထားသည် မဟုတ်သည့်အတွက် ၄င်း၏ ငယ်ရွယ်သော ခေါင်းဆောင်သစ်များက အမှန်တကယ် ဖက်ဒရယ်ဘားမားကို လိုလားသည်ဟူသော အမြင်ကို ထောက်ခံလို့ ရပါသည်။ ထိုသို့ ရှုမြင်ပါက CRPH အဖွဲ့ဝင်တဦးက ရိုဟင်ဂျာ ပြည်သူများကို တောင်းပန်သည်မှာ ၄င်းတို့၏ သဘောထားကို ပြသည့် အရေးကြီးသော လက္ခဏာတရပ်အဖြစ် ကောက်ချက်ချလို့ ရပါသည်။

နိဂုံးချုပ်

ဤစာတမ်းသည် အသွင်ကူးပြောင်းမှုနှစ်များအလွန် ဖက်ဒရယ်လစ်ဇင် ဆွေးနွေးမှု ပြောင်းလဲ တိုးတက်လာပုံကို အထူးအားဖြင့် အာဏာသိမ်းပြီးနောက် ရှုပ်ထွေးပွေလီလှသည့် အခြေအနေတွင် နားလည်ရန် ကြိုးပမ်းချက် ဖြစ်ပါသည်။ စစ်အာဏာသိမ်း ဆန့်ကျင်ရေး လှုပ်ရှားမှု၏ ကနဦး ရည်မှန်းချက်မှာ စစ်အာဏာရှင်စနစ်ကို ဖယ်ရှားရန် ဖြစ်သော်လည်း နိုင်ငံတော်၏ ဖွဲ့စည်းစုဖွဲ့ပုံကို ပြောင်းလဲပစ်ရန် ကျယ်ပြန့်သည့် နိုင်ငံရေးရည်မှန်းချက်အဖြစ် လျင်မြန်စွာ ပြောင်းလဲသွားပါသည်။ အထူးသဖြင့် GSC-N နှင့် ဆက်စပ် လူမှုလှုပ်ရှားမှုများ လူသိများလာပြီးနောက် ဖြစ်ပါသည်။ ယင်းရည်မှန်းချက် အောင်မြင်ရန်မှာ အာဏာသိမ်းစစ်အစိုးရကို ဖယ်ရှားပစ်ရန် လိုသည်မှာ အထူး ထင်ရှားပါသည်။ သို့သော် ယင်းနှင့် ထပ်တူ အရေးကြီးသည်မှာ စစ်အာဏာသိမ်းမှု ဆန့်ကျင်သည့် အဖွဲ့များအကြား ညီညွတ်သည့် နိုင်ငံရေးခေါင်းဆောင်မှုတရပ် ပေါ်ပေါက်လာဖို့ ဖြစ်ပါသည်။ ထိုသို့ ဖြစ်ရန်မှာလည်း လူမျိုးစု နိုင်ငံရေးပါတီများအကြား နက်ရှိုင်းစွာ အမြစ်တွယ်နေသည့် မကျေနပ်ချက် များကို ဖြေရှင်းပေးပြီး လူမျိုးရေးခွဲခြားမှုနှင့် အခြေအမြစ်မရှိသည့် မုန်းတီးမှုများကို လျှော့ချကာ သမိုင်းတွင် ရှိနေသည့် ယုံကြည်မှု အားနည်းချက်များကို ကျော်လွှားနိုင်မှသာ ဖြစ်နိုင်မည် ဖြစ်ပါသည်။

ယင်းက ကျော်လွှားရန် ခက်ခဲလှသည့် အတားအဆီးကြီးဟု ထင်ဖွယ်ရာ ရှိသော်လည်း ပြည်သူ လူထု၏ သဘောထားအမြင်များ သိသာထင်ရှားစွာ ပြောင်းလဲလာမှု ရှိပါသည်။ ပြည်သူလူထုက ဖက်ဒရယ်လစ်ဇင် အယူအဆကို လက်ခံလာရုံတင်မကဘဲ လူမျိုး-မျိုးရိုးဆက်ခံသည့် ဖက်ဒရယ် ပုံစံထက် နိုင်ငံသား-နယ်နိမိတ်ကို အခြေခံသည့် ပုံစံကို ပိုမို မျှော်မှန်းလာကြပါသည်။ ယင်းကြောင့် CRPH ကို ဖက်ဒရယ်စနစ်တရပ် ထူထောင်ရန်နှင့် ၂၀၀၈ ဖွဲ့စည်းပုံကို ဖျက်သိမ်းရေး ဆောင်ရွက်ရန် တွန်းအားပေးနိုင်ခဲ့ခြင်း ဖြစ်ပါသည်။ ယင်းတို့မှာ မြန်မာနိုင်ငံနှင့် သင့်လျော်သည့် ဖက်ဒရယ်စနစ်က မည်သို့သော စနစ်ဖြစ်သည်ဆိုသည့် ဆွေးနွေးမှုများကို မပြေလည်နိုင်သေးသည့်တိုင် အပေါင်းလက္ခဏာ ဆန်သည့် တိုးတက်ဖြစ်ထွန်းမှုများ ဖြစ်ပါသည်။ အတိုချုပ်ဆိုရလျှင် စစ်အာဏာသိမ်းမှုက မြန်မာနိုင်ငံ၏ ဖက်ဒရယ်ရေး ဆွေးနွေးညှိနှိုင်းမှုများကို အခြေခံကျကျ ပြောင်းလဲပစ်လိုက်ပြီး “တိုင်းရင်းသား” အရေးအတွက် အပြုသဘောဆောင်သည့် ဆွေးနွေးမှုများ ပေါ်ပေါက်လာစေပါသည်။ သို့သော် နိုင်ငံရေးစနစ်ကို ပြောင်းလဲပစ်ရန် လမ်းကား ရှည်ဦးမည်သာ။ ။

စာရေးသူ
ထက်မင်းလွင်
PhD ကျောင်းသား
ယော့ခ်တက္ကသိုလ်