မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဥ်။ ။၂၀၁၀-၂၀၂၁

Claudine Haenni

Sittwe, Rakhine State, Myanmar, 2015: Rohingya child selling watermelon in street. Photo: Suphapong Eiamvorasombat / Shutterstock.com

မြန်မာနိုင်ငံ၏ သမိုင်းကြောင်းကို ကြည့်လျှင် ၁၉၅၇ မှ ၂၀၁၀ အထိ စစ်တပ် (ဒေသအခေါ်အဝေါ် – တပ်မတော်) နှင့် လူမျိုးစုလက်နက်ကိုင်အဖွဲ့အစည်း (EAO) အများအပြားအကြား ဆက်တိုက် ဖြစ်ပွားလာသည့် လက်နက်ကိုင် ပဋိပက္ခကို တွေ့ရမည် ဖြစ်သည်။ အဆိုပါကာလအတွင်း တပ်မတော်နှင့် အချို့သော လက်နက်ကိုင်အဖွဲ့အစည်းများအကြား ရံဖန်ရံခါ အပစ်အခတ် ရပ်စဲရေး ဆောင်ရွက်ခြင်း ရှိခဲ့သော်လည်း ၂၀၁၀ တွင် စတင်ခဲ့သည့် အသွင်ကူးပြောင်းရေးတွင်မူ ပိုမို ပြည့်စုံလွှမ်းခြုံသည့် ငြိမ်းချမ်းရေး သဘောတူညီချက် ရရှိရေးဆိုသည့် ရည်မှန်းချက်တခု အတိအလင်း ပါဝင်လာခဲ့ပါသည်။ ၂၀၁၁ တွင် အာဏာရခဲ့သည့် စစ်တပ် ကျောထောက်နောက်ခံ  ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (USDP) အစိုးရ လက်ထက်တွင် စတင်ခဲ့သည့် တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ သဘောတူညီချက် NCA က ယင်းပြောင်းလဲမှုကို ဖော်ဆောင်ရန် နည်းလမ်းအဖြစ် အသုံးပြုရန် ဖြစ်သည်။ ဤစာတမ်းတွင် ငြိမ်းချမ်းရေးဖြစ်စဥ် ဖြစ်ထွန်းပြောင်းလဲလာပုံကို ပြည်ခိုင်ဖြိုး အစိုးရ လက်ထက် အသုံးပြုခဲ့သည့် ငြိမ်းချမ်းရေး ဆွေးနွေးမှု ချဥ်းကပ်နည်းလမ်း အသစ်များမှ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရ (၂၀၁၆-၂၀၂၁) လက်ထက် နိုင်ငံရေး ဆွေးနွေးမှုများ ပိုမို ဗျူရိုကရေစီ ဆန်လာသည့် အခြေအနေအထိ သုံးသပ်တင်ပြထားပါသည်။ ယင်းနောက် ငြိမ်းချမ်း​ရေး ဖြစ်စဥ်ရှိ အကျိုးရှင်များ၏ နိုင်ငံရေး ရပ်တည်ချက်၊ အမြင်၊ ဆက်ဆံမှုများ အပေါ် ၂၀၂၁ ဖေဖော်ဝါရီ စစ်အာဏာသိမ်းမှုက မည်သို့သက်ရောက်ခဲ့သည်ကို ဖော်ထုတ်တင်ပြထားပါသည်။ ယင်းသို့ လေ့လာချက်အရ အဖွဲ့အစည်းအသီးသီးက သူတို့ “အနိုင်ရရှိနေသည်” ဟု ထင်နေသော်လည်း ငြိမ်းချမ်းရေး ဆွေးနွေးမှုများ ပြန်လည် စတင်နိုင်မည်မဟုတ် ဆိုသည့် စိတ်မကောင်းဖွယ်ရာ ကောက်ချက်ကို ချရပါသည်။ ထို့အပြင် ဆွေးနွေးမှုများ ပြန်လည်စတင်သည့်အခါတွင်တောင် NCA စာချုပ်သည် ငြိမ်းချမ်းရေး ရရှိရန်အတွက် အသုံးပြုလို့ရမည့် နည်းလမ်း ဖြစ်ချင်မှ ဖြစ်တော့မည် ဆိုသည့် အချက်ကို တွေ့ရှိရပါသည်။

လူမှုပဋိညာဥ် မရှိဘဲ  နိုင်ငံကို ဗဟိုချုပ်ကိုင်ခြင်း

မြန်မာနိုင်ငံသည် လူမျိုးစုံလင်မှု များပြားသော နိုင်ငံတနိုင်ငံ ဖြစ်ပြီး ဗမာ၊ စီနို-တီဘတ်တန်၊ ထိုင်း၊ မွန်နှင့် သက္ကတပါဠိဘာသာနှင့် အခြားသော ဘာသာစကားများ မြစ်ဖျားခံသည့် ဘာသာစကား အုပ်စုများ ရှိသည့် နိုင်ငံ ဖြစ်ပါသည်။ ဗြိတိသျှ ကိုလိုနီလက်အောက်တွင် ဗမာပြည် ကုန်းတွင်းပိုင်းဒေသကို တိုက်ရိုက် အုပ်ချုပ်ပြီး တောင်တန်းနယ်စပ်ဒေသများကိုတော့ ဒေသခံ လူမျိုးစု အုပ်ချုပ်သူများနှင့် လျော့ရဲစွာ ထားရှိသော အစီအမံများဖြင့် အုပ်ချုပ်ပါသည်။

၁၉၄၇ တွင် မြန်မာနိုင်ငံ (ထိုစဥ်က ဘားမား) ကို ကိုလိုနီလက်အောက်မှ လွတ်မြောက်ရန်အတွက် ဗမာလူများစုနှင့် ကချင်၊ ရှမ်း၊ ချမ်း ခေါင်းဆောင်များအကြား သေချာစုဖွဲ့မှု မရှိသော ညွန့်ပေါင်း အင်အားစု တရပ်ဖန်တီးခဲ့ပါသည်။ သို့သော် ယင်းသဘောတူညီချက်တွင် ပါဝင်သည့် ဆယ်နှစ်ကြာ ပြီးနောက် ဖက်ဒရယ်နိုင်ငံတခု ဖန်တီးရန် ဆန္ဒခံယူပွဲ ကျင်းပဖို့ သဘောတူညီချက်ကိုတော့ ဘယ်သော အခါမှ အကောင်အထည် ဖော်ခဲ့ခြင်း မရှိချေ။ ၁၉၆၂ ခုနှစ်တွင် တပ်မတော်က အာဏာသိမ်းလိုက်ပြီး ၂၀၁၀ ခုနှစ် နိုင်ငံရေး၊ စီးပွားရေး၊ ငြိမ်းချမ်းရေး အသွင်ကူးပြောင်းမှုများ မစတင်မီအထိ နိုင်ငံကို အုပ်ချုပ်ခဲ့ပါသည်။ ၂၀၁၀ နောက်ပိုင်းတွင် အလျဥ်းသင့်သလို လုပ်ထားသည့် အာဏာမျှဝေမှု အစီအမံများဖြင့် အရပ်သားအစိုးရများအပေါ် ဆက်လက် လွှမ်းမိုးပါသည်။

၁၉၅၇ မှ ၂၀၁၀ အထိ ကာလမှာ စစ်အုပ်ချုပ်ရေးကို လူမျိုးစု လက်နက်ကိုင် ဆန့်ကျင်ရေး လှုပ်ရှားမှုများဖြင့် ကျယ်ပြန့်စွာ ဆောင်ရွက်ခဲ့သည်ကို တွေ့ရပါသည်။ ၄င်းတို့၏ အဓိက ရည်မှန်းချက်များမှာ လူနည်းစု လူမျိုးစုများ ကိုယ်ပိုင် အုပ်ချုပ်ရေး ရရှိရန်မှ လွတ်လပ်ရေး ရရှိရန် အထိ ပါဝင်ပြီး တပ်မတော်ကို လူမျိုးစု ဒေသများမှ တိုက်ထုတ်ပစ်ရန် ရည်ရွယ်ပါသည်။ အချို့သော လက်နက်ကိုင် EAO တပ်ဖွဲ့များမှာ နိုင်ငံရေးယုံကြည်ချက်များအတိုင်း ဖွဲ့စည်းခြင်း ဖြစ်သော်လည်း အများစုတွင်မူ ၄င်းတို့၏ နိုင်ငံရေးစဥ်းစားချက်ကို လမ်းကျောင်းပေးသည့် “ကမ္ဘာ့အမြင် (Weltbild)” မျိုး မရှိဟု ဆိုလို့ရပါသည်။

တပ်မတော်က ၄င်းတို့ အုပ်ချုပ်သည့်ကာလအတွင်း အမျိုးမျိုးသော လက်နက်ကိုင် တပ်ဖွဲ့များ ကို ချွေးသိပ်ရန် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပါသည်။ ယင်းတို့၏ ရလဒ်မှာ အမျိုးမျိုး ဖြစ်ပါသည်။ အချို့ အပစ်အခတ်ရပ်စဲရေးမှာ ဆယ်စုနှစ်များစွာ ကြာတည်တံ့ခဲ့ပြီး (ဥပမာ – မွန်၊ ချင်းနှင့် ဝပြည်နယ်များ) အချို့ဒေသများ (ဥပမာ – ကချင်ပြည်နယ်) တွင်တော့ မရေရာသော အခြေအနေတွင်သာ ရှိကာ ထပ်တလဲလဲ စစ်ပြန်ဖြစ်ခြင်းများ ကြုံခဲ့ရပါသည်။ အဆိုပါ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်များမှာ နှစ်ဖက်သဘောတူရုံ သပ်သပ် သဘောတူညီချက်များသာ ဖြစ်ပါသည်။ ပဋိပက္ခများကို ဖြစ်ပွားစေသည့် မကျေနပ်ချက်များကို ဖြေရှင်းရန် နိုင်ငံရေး စနစ်ကို ပြောင်းလဲဖို့ လိုအပ်သော နောက်ထပ် ဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင်ရန် ပါဝင်ခြင်း မရှိခဲ့ပါ။ အမျိုးသား သရုပ်လက္ခဏာတရပ် ပေါ်ပေါက်လာရန် ဆွေးနွေးမှုများ မရှိသလို၊ လူနည်းစု လူမျိုးစုများ အားလုံးပါဝင် နိုင်မည့် အခင်းအကျင်းမျိုး ဆွေးနွေးခြင်းလဲ မရှိခဲ့ပါ။ သို့ဖြစ်ရာ ဗမာ လူများစုကသာ ဗဟိုချက်တွင် အမှတ်သင်္ကေတ အဖြစ် ရှိနေခဲ့ပါသည်။ တချိန်တည်းမှာပင် “ဗမာဖြစ်အောင်ဆောင်ရွက်ခြင်း” (Burmanisation) (အမှန်တကယ် ကြုံတွေ့ ရသည်ရော၊ ခံစားရသည်ရော) မူဝါဒကို လူမျိုးစု အုပ်စုများအနေဖြင့် ခက်ခဲစွာ တိုက်ပွဲဝင်ပြီး ထိန်းသိမ်းနေရသည့် သူတို့၏ သရုပ်လက္ခဏာကို ခြိမ်းခြောက်မှုအနေဖြင့် ရှုမြင်ပါသည်။

Map of armed conflict zones in Myanmar (Burma). States and regions affected by fighting during and after 1995 are highlighted in yellow. Wikipedia Commons

ငြိမ်းချမ်းရေးဖြစ်စဥ် ပထမအဆင့် (၂၀၁၀-၂၀၁၅)

၂၀၁၀ တွင် နိုင်ငံရေး ပွင့်လင်းလာမှု စတင်လာပြီးနောက် စစ်တပ်ကျောထောက်နောက်ခံ ပြည်ခိုင်ဖြိုး ပါတီ အာဏာရလာပြီး ၁၉၆၂ ကစလျှင် ပထမဆုံးအကြိမ် အရပ်သားတပိုင်း အစိုးရ အာဏာရလာခြင်း ဖြစ်သည်။ သူတို့ ဆောင်ရွက်ခဲ့သည့် ပြုပြင်ပြောင်းလဲမှု များစွာ အနက်မှ တခုမှာ လူမျိုးစု ဒေသများကို ငြိမ်ဝပ်အေးချမ်းအောင် ထပ်မံကြိုးစားခြင်း ဖြစ်သည်။ သူတို့က ချဥ်းကပ်ပုံ လုံးလုံးပြောင်းထားသော နည်းလမ်းအသစ်ဖြင့် ကြိုးပမ်းခဲ့သည်။ ယခင်က ငြိမ်းချမ်းရေး ဆွေးနွေးပွဲများမှာ ဒေသဆိုင်ရာ တပ်မတော် အရာရှိများ တဦးချင်းစီနှင့် EAO များအကြား အလျဥ်းသင့်သလို ဆွေးနွေးကြခြင်း ဖြစ်ပြီး ယခု ပြည်ခိုင်ဖြိုး အစိုးရလက်ထက်တွင်မူ ဝန်ကြီးအဆင့်က စေ့စပ်ညှိနှိုင်းရေးလုပ်ငန်းအသစ်များ ဆောင်ရွက်ခြင်းဖြစ်ကာ ပိုပြီးတော့လဲ ချိတ်ဆက်ဆောင်ရွက်မှု ရှိလေသည်။

အစိုးရ၏ အဓိက စေ့စပ်ညှိနှိုင်းသူ (ဗိုလ်ချုပ်အောင်မင်း) က ကြိုတင် သတ်မှတ်ချက်မျိုး မထားဘဲ စိတ်ရင်းစေတနာမှန်ဖြင့် တွေ့ဆုံလိုခြင်း ဖြစ်ပါက မည်သည့် လက်နက်ကိုင်အဖွဲ့နှင့်မဆို တွေ့ဆုံလိုပါကြောင်း လူသိထင်ရှား ကြေညာသည်။ သူ့ဖက်က စိတ်ရင်းစေတနာကို ပြသရန်နှင့် စေ့စပ်ညှိနှိုင်းမှုများကို အကူအညီပေးရန် မြန်မာငြိမ်းချမ်းရေးစင်တာ (MPC) ကို ထူထောင်သည်။ ၄င်းတွင် နိုင်ငံခြားမှ ပြန်လာသော မြန်မာအများအပြား ပါဝင်သည့် အရပ်သား အကြံပေးများ ထားရှိသည်။ အဆိုပါ အကြံပေးများက ဗိုလ်ချုပ်အောင်မင်း ထက်စာလျှင် နိုင်ငံတကာ ပညာရှင်များနှင့် အလှူရှင်များကို ပိုပြီး လွယ်ကူစွာ ထိတွေ့ဆက်ဆံနိုင်လေသည်။ သူက ထိုသို့ တွေ့ဆုံမှုများကို အားပေးပြီး အကြံဉာဏ်များကိုလည်း လက်ခံနားထောင်သည်။ သို့သော် မြန်မာများကသာ ဤလုပ်ငန်းစဥ်ကို ဦးဆောင်ရမည်ဟု စွဲကိုင်ထားလေသည်။  ထို့အပြင်  လုပ်ငန်းစဥ်အပေါ် ယုံကြည်နိုင်ကြောင်း ပြသရန်အတွက် EAO များကို အကြံပေးနေသည့် ပုဂ္ဂိုလ်များနှင့်လည်း ထိတွေ့ဆက်ဆံရန် အားစိုက်ဆောင်ရွက်ခဲ့သည်။

ဗိုလ်ချုပ်အောင်မင်းကို စေ့စပ်ညှိနှိုင်းခြင်း ဆောင်ရွက်ရန်အတွက် လုပ်ပိုင်ခွင့်ကို ကျယ်ပြန့်စွာ ပေးထားပြီး သူ့လုပ်ပိုင်ခွင့်ထက် ကျော်လွန်သော ဆုံးဖြတ်ချက်များအတွက် လိုအပ်လာပါက သမ္မတကို တိုက်ရိုက် ဆက်သွယ်ခွင့် ပေးအပ်ထားသည်။ သမ္မတကလဲ ကာကွယ်ရေးဦးစီးချုပ်၏ ထောက်ခံမှုကို ရရှိရန် တိုက်ရိုက်ဆွေးနွေးနိုင်လေသည်။

စေ့စပ်ညှိနှိုင်း ဆွေးနွေးမှုများ၏ ရလဒ်မှာ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) ဖြစ်လေသည်။ EAO ၁၃ ဖွဲ့က ပါဝင်ဆွေးနွေးခဲ့သော်လည်း ၈ဖွဲ့ (လက်နက်ကိုင် အရေအတွက်၏ ၃၀%) ကသာ ၂၀၁၅ အောက်တိုဘာ ၁၅ တွင် ပါဝင်လက်မှတ်ရေးထိုးခဲ့လေသည်။ ကျန်ရှိနေသည့် အုပ်စုများမှာ လက်မှတ်ရေးထိုးခြင်းမှ တပ်မတော်က ချန်လှပ်ထားခြင်း ဖြစ်ပြီး ကျန်ရှိသူများ (အဓိက အားဖြင့် တရုတ်နယ်စပ်တွင် ရှိနေသည့် အုပ်စုများ) မှာမူ လက်မှတ်မရေးထိုးရန် ဖိအားပေးခံရခြင်း ဖြစ်သည်။

NCA စာချုပ်တွင် ပထမဦးဆုံးအကြိမ်အဖြစ် ဆောင်ရွက်သည့် ဆောင်ရွက်ချက်များ ပါလာသည် – ရေးသားဖော်ပြထားသော သဘောတူစာချုပ်ဖြစ်ခြင်း၊ အဖွဲ့အများအပြား ပါဝင် ရေးထိုးသည့် သဘောတူစာချုပ်ဖြစ်ခြင်း (ယခင် နှစ်ဖက်သဘောတူရေးထိုးထားသည့် စာချုပ်များဖြင့် အားဖြည့်ထားခြင်း) တို့ဖြစ်သည်။ နိုင်ငံတကာ အသိသက်သေအဖြစ် ခြောက်ဖွဲ့မှ ပါဝင် လက်မှတ် ရေးထိုးခဲ့သည် – တရုတ်၊ အိန္ဒိယ၊ ထိုင်း၊ ဂျပန်၊ ကုလသမဂ္ဂနှင့် အီးယူတို့ ဖြစ်သည်။ စာချုပ်တွင် တရားဝင် အပစ်အခတ်ရပ်စဲရေး စောင့်ကြည့်သည့် နည်းလမ်းများ ပါဝင်ပြီး “ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု” ထူထောင်ရန်အတွက် လိုအပ်သော အခြေခံအုတ်မြစ်များ ချမှတ်ရန် နိုင်ငံရေး ဆွေးနွေးမှုများ ပြုလုပ်ရန်တို့ ပါဝင်သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် လမ်းခင်း ထားပြီးသားလဲ ဖြစ်သည်။ ပထမဆုံးအကြိမ် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ညီလာခံကို ၂၀၁၅ ရွေးကောက်ပွဲတွင် NLD သောင်ပြိုကမ်းပြို နိုင်ပြီးနောက် အစိုးရ မဖွဲ့ခင် ၂၀၁၆ ဖေဖော်ဝါရီတွင် ကျင်းပ ဆောင်ရွက်ခဲ့သည်။

Leader of the National League for Democracy in Myanmar, Aung Sang Suu Kyi, at the 21st Century Panglong Conference. Wikipedia Commons

ငြိမ်းချမ်းရေးဖြစ်စဥ် ဒုတိယအဆင့်။ ။ စေ့စပ်ညှိနှိုင်း ဆွေးနွေးမှုများ ဗျူရိုကရေစီ ပိုဆန်လာခြင်း (၂၀၁၆-၂၀၂၀)

NLD အစိုးရကို ဒီမိုကရက်တိုက်ဇေးရှင်း၏ အောင်မြင်မှုအဖြစ် အများက ရှုမြင်ကြသည်။ သို့သော် နိုင်ငံရေး ပြောင်းလဲမှုကို ဦးစားပေးခြင်းက ငြိမ်းချမ်းရေးဆွေးနွေးမှုများ အပေါ် ဆိုးရွားသော သက်ရောက်မှု ရှိနိုင်သည်ဟု စိုးရိမ်မှုများ ရှိခဲ့သည်။ ယင်းစိုးရိမ်မှုများက တကယ်ဖြစ်ခဲ့ပါသည်။ သို့သော် လူများ ထင်ထားသည့် ပုံစံနှင့် ဖြစ်ခြင်းတော့ မဟုတ်ခဲ့ပါ။

အစိုးရအသစ်က စေ့စပ်ညှိနှိုင်းရေး အဖွဲ့ကို လုံးလုံး ပြောင်းလဲပစ်ခဲ့သည်။ မြန်မာငြိမ်းချမ်းရေး စင်တာ MPC ကို ဖျက်သိမ်းလိုက်ပြီး အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးစင်တာ (NRPC) နှင့် အစားထိုးကာ အစိုးရဝန်ထမ်းများသာ ခန့်အပ်တော့သည်။ ယခင်အစိုးရ၏ စေ့စပ်ညှိနှိုင်းသူ များနှင့် အကြံပေးများကိုလည်း ဖယ်ရှားလိုက်ကာ စေ့စပ်ညှိနှိုင်းသူအသစ် ဒေါက်တာတင်မျိုးဝင်းကို ခန့်အပ်လိုက်သည်။ ဒေါက်တာတင်မျိုးဝင်းသည် ငြိမ်းချမ်းရေး လုပ်ငန်းစဥ်နှင့်ရော လူမျိုးစု အုပ်စုများနှင့်ပါ အတွေ့အကြုံ မရှိသလောက် ဖြစ်သည်။ သို့ဖြစ်သည့်အတွက် အစိုးရ၏ စေ့စပ်ညှိနှိုင်းရေး အဖွဲ့က အင်စတီကျူးရှင်းမှတ်ဉာဏ် မရှိသလို ယခင်က ဘာတွေ ဆွေးနွေးခဲ့သည်၊ ဘယ်လို ဆွေးနွေးခဲ့သည်ကိုလဲ သူ့၏ တခြား လုပ်ဖော်ကိုင်ဖက်များဖြစ်သော စစ်တပ်နှင့် EAO များဖက်က လူတွေလို သိရှိနားလည်ခြင်း မရှိချေ။ စစ်တပ်နှင့် EAO များက အတွေ့အကြုံရှိပြီးသား ဖြစ်သော သူတို့၏ စေ့စပ်ညှိနှိုင်းရေး အဖွဲ့များကို ဆက်လက် ထားရှိခဲ့သည်။

NLD အစိုးရ၏ စေ့စပ်ညှိနှိုင်းရေးမှူးအသစ်မှာ ဆုံးဖြတ်ချက်များ ကိုယ်တိုင်ချမှတ်ရန် အခွင့် အာဏာလဲ မရှိချေ။ သူက အစိုးရအဖွဲ့၏ တကယ့်ခေါင်းဆောင်ဖြစ်သော ဒေါ်အောင်ဆန်းစုကြည်ထံ တိုက်ရိုက် ဆက်သွယ်လို့ ရသော်လည်း ဒေါ်အောင်ဆန်းစုကြည်၏ ရုံး (အဆိုပါ ရုံးကိုယ်တိုင်က ယုံကြည်မှု လိုအပ်ချက်များ ရှိနေပြီး အာဏာပြိုင်ဆိုင်မှုများလဲ ရှိနေ) က ဆုံးဖြတ်ချက်များ ချမှတ်ရာတွင် ကြန့်ကြာနေသော နေရာ ဖြစ်လာသည်။ ယခင်လူဟောင်း ဗျူရိုကရက်များနှင့် အတွေ့အကြုံမရှိသော NLD လူသစ်များ ပေါင်းစည်းပါဝင်နေသော အဆိုပါရုံးက EAO များ၏ နက်ရှိုင်းသော မကျေနပ်ချက်များနှင့် ဒီမိုကရေစီနည်းကျ ရွေးကောက်ထားသည် ဆိုဦးတော့၊ “ဗမာ” အစိုးရအပေါ်တွင် အယုံအကြည်မရှိမှုကို လျှော့တွက် ခဲ့ကြသည်။ ထို့အပြင် လွှတ်တော် ပြင်ပ လုပ်ငန်းစဥ်အနေဖြင့် ဆောင်ရွက်ခြင်းသည် NLD ၏ လွှတ်တော်တွင်း ကြီးစိုးမှုကို ခြိမ်းခြောက်ခြင်း မဟုတ်ကြောင်း နားမလည်ခင် NLD အနေဖြင့် တန်ဖိုးရှိသော အချိန်နှင့် ယုံကြည်မှုများ ဆုံးရှုံးခဲ့ရသည်။

NLD အစိုးရနှင့် တပ်မတော်အကြား ကြီးမားလာသော ကွဲပြဲမှုနှင့် ရှိနေသည့် မယုံကြည်မှုတို့ ကြောင့် သတင်းစကားပါးရာတွင် ရှေ့နောက်မညီမှုများ ပေါ်ပေါက်ခဲ့ပြီး နိုင်ငံရေးဆွေးနွေးပွဲ၏ ထိရောက်မှုမှာ ပို၍ပို၍ ဆိုးရွားစွာ ကျဆင်းလာသည်။ NLD အစိုးရက “စစ်ရေးကိစ္စများ” ကို ရှောင်ဖယ် ဆွေးနွေးရန် ကြိုးစားခြင်းနှင့် “နိုင်ငံရေးနှင့် သက်ဆိုင်သော ကိစ္စများ” ကိုသာ ဆွေးနွေးဖို့ ကြိုးစားခြင်း တို့ကြောင့် ငြိမ်းချမ်းရေး လုပ်ငန်းစဥ်တွင် ဘေးရောက်လာစေရန် တွန်းပို့သလို ဖြစ်ခဲ့သည်။ အရပ်ဖက် ထိန်းချုပ်စောင့်ကြည့်ခြင်း ပြန်လည် ရရှိရန် ကြိုးပမ်းရမည့်အစား တပ်မတော်ကို သိသာသည့် ကိုယ်ပိုင် လုပ်ပိုင်ခွင့်များ ခွင့်ပြုသလို ဖြစ်ခဲ့သည်။ တပ်မတော်ထက် “သာလွန်” လုပ်ဆောင်နိုင်ရန် ကြိုးပမ်းသည့် လုပ်ရပ်အဖြစ် အများက မြင်ကြသည်မှာ ယုံကြည်စိတ်ချရသည့် နိုင်ငံရေး လုပ်ငန်းစဥ်တရပ် ပေါ်ပေါက်လာရေး ဆောင်ရွက်ရမည့်အစား NCA လက်မှတ်ရေးထိုးရာတွင် မပါဝင်သေးသည့် အဖွဲ့များ ပါဝင်လာစေရေးကို ဦးစားပေးနေခဲ့ခြင်း ဖြစ်သည်။

လေးနှစ်တာ မနေမနား ကြိုးစားပြီးနောက် သေးငယ်သည့် EAO နှစ်ဖွဲ့ NCA စာချုပ်တွင် ပါဝင် လာသည်။ တချိန်တည်းတွင်တော့ နိုင်ငံရေးဆွေးနွေးမှုများက မည်သည့် သိသာသည့် ရလဒ်များ မရရှိဘဲ ရှိနေခဲ့သည်။ ထိုသို့ဖြစ်နေရခြင်း အကြောင်းတချို့မှာ (လူအယောက် ၈၀၀ ကျော်တက်ရောက်သည့်) ပင်လုံညီလာခံများ၏ ကျင်းပသည့် ပုံစံကြောင့်ဖြစ်ပြီး ယင်းတို့က ဆုံးဖြတ်ချက်ချမှတ်ရန်နှင့် ပြတ်သား သော ညှိနှိုင်းမှုများ ပြုလုပ်ရန် သင့်တော်ကောင်းမွန်ခြင်း မရှိချေ။ ယင်းတို့က ဖက်ဒရယ်လစ်ဇင်နှင့် လက်နက်ဖျက်သိမ်းရေး၊ တပ်ဖွဲ့ဖျက်သိမ်းရေးနှင့် ပြန်လည်ပေါင်းစည်းခြင်း လုပ်ငန်းစဥ် DDR ကို ယေဘုယျဆန်ဆန် ဆွေးနွေးသော နေရာများအဖြစ်သို့ လျောကျသွားသည်။ ထိုသို့ ရလဒ်မထွက်သည့် အခြေအနေကြောင့် လက်မှတ်ရေးထိုးခဲ့သည့် EAO ခေါင်းဆောင်ပိုင်းကို ဖိအားအများအပြား ကျရောက်လာပြီး NLD ဦးဆောင်သော လုပ်ငန်းစဥ်ကို တစတစ မကျေနပ်ဘဲ ဖြစ်လာခြင်း အကြောင်း တရပ် ဖြစ်သည်။ “ဗမာကြီးစိုးမှုနှင့် တပ်မတော်၏ ချုပ်ကိုင်မှု” တို့ကို ဟန့်တားနိုင်သော တခုတည်းသော အာမခံဖြစ်သည့် ဗဟိုချုပ်ကိုင်မှု လျှော့ချသော ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ရန်အတွက် အစိုးရရော၊ တပ်မတော်ပါ အမှန်တကယ် စိတ်ပါဝင်စားခြင်းမရှိဟု EAO များအနေဖြင့် ခံစား လာရသည်။

Taunggyi, Myanmar, March 2021: Myanmar military cracks down on peaceful protesters. Photo: R. Bociaga / Shutterstock.com

လက်နက်ကိုင်မင်းမဲ့အခြေအနေ ပြန်ရောက်ခြင်း (ဖေဖော်ဝါရီ ၂၀၂၁ မှစပြီး)

ဤစာကို ရေးသည့်အချိန်တွင် စစ်အာဏာသိမ်းမှုက ငြိမ်းချမ်းရေး ဆွေးနွေးမှုများကို မည်သို့ သက်ရောက်မည် ဖြစ်ကြောင်း ခန့်မှန်းရန် စောပါသေးသည်။ သို့သော် EAO များ အမြင်တွင် တပ်မတော်သည် ပြဿနာကို ပြေလည်စေမည့် နည်းလမ်းထက် ပြည်သူ့ရန်သူ နံပါတ်တစ် အဖြစ်သို့ ရောက်ရှိသွားပြီ ဖြစ်ပါသည်။ စစ်အာဏာသိမ်းမှုက မထင်မှတ်ထားဘဲ ဖြစ်ခြင်း ဖြစ်ကောင်း ဖြစ်နိုင်သော်လည်း EAO များ၏ သံသယဖြစ်သည့် တပ်မတော်သည် ယုံကြည်စရာမရှိဟူသော ယူဆချက်ကို ခိုင်မာစေပါသည်။ နိုင်ငံရေး ပြောင်းလဲမှု ထားဘိဦး၊ ငြိမ်းချမ်းရေး ဆွေးနွေးမှုများ ဖြစ်စေ၊ ငြိမ်းချမ်းရေးအတွက် ဖြစ်စေ၊ ဘယ်တုန်းကမှ ရိုးသားမှုမရှိ ဟူသော ယူဆချက်ကို ပိုအားကောင်းစေ ပါသည်။

EAO များအားလုံးက တပ်မတော်၏ ဖိနှိပ်နှိပ်ကွပ်ခြင်းများမှ ထွက်ပြေးလာသူများကို သူတို့၏ ဒေသများတွင် အကာအကွယ်ပေးမည်ဟု အာမခံပြီး ဖြစ်ပါသည်။ သူတို့အနေဖြင့် မြို့ပြလူငယ်အချို့ကို “မိမိကိုယ်ကို ကာကွယ်ရန်” အတွက် သင်တန်းပေးရန်လည်း စိတ်ဆန္ဒရှိကြောင်း တွေ့ရပါသည်။ သို့သော် ၁၉၈၈ နှင့်မတူဘဲ မိမိဆန္ဒအတိုင်း ရောက်ရှိလာသည့် လူသစ်များကို သူတို့၏ တပ်ဖွဲ့များတွင် ထည့်သွင်းခြင်းတော့ မပြုလုပ်ပါ။

NCA လက်မှတ်ရေးထိုးထားသည့် အဖွဲ့များက ဒီမိုကရေစီရေး လှုပ်ရှားမှုကို ထောက်ခံ ကြောင်းနှင့် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း လျင်မြန်စွာ ဖော်ပြခဲ့ကြပါသည်။ NCA သဘောတူညီချက်များကို နှုတ်အားဖြင့် စောင့်ထိန်းပါမည်ဟု ဆိုသော်လည်း တပ်မတော်နှင့် နိုင်ငံရေး ဆွေးနွေးရန်ကိုတော့ တွန့်ဆုတ်နေကြပါသည်။ လက်မှတ်ထိုးအဖွဲ့များ ပါဝင်သော ညှိနှိုင်းဆောင်ရွက်ရေး အဖွဲ့က အကျိုးရှင်အားလုံးနှင့် NCA အသိသက်သေများ ရှေ့မှောက်တွင် တွေ့ဆုံညှိနှိုင်းရန် ကြိုးပမ်းချက်မှာလည်း အသေလေး မွေးလာသကဲ့သို့ အစကတည်းက ပျက်သွားပါသည်။ တပ်မတော်က ပြင်ပစေ့စပ်ညှိနှိုင်းသူများကို ခွင့်ပြုရန် ငြင်းဆန်သလို လက်မှတ်ထိုး အဖွဲ့များ ကြားတွင်လည်း မကျေနပ်ချက်များ ရှိသောကြောင့် ဖြစ်ပါသည်။ ထို့အပြင် EAO အဖွဲ့အသီးသီး၏ မတူညီသော တုံ့ပြန်မှုများ (ဒီမိုကရေစီရေး လှုပ်ရှားနေသည့် အမျိုးသားညီညွတ်ရေးအစိုးရ NUG  နှင့် ပူးပေါင်းသူများမှ စစ်တပ်၏ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ SAC တွင် ပါဝင်သူများအထိ အမျိုးမျိုးရှိ) ကြောင့် ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့မှာလည်း အလုပ်မဖြစ်တော့သလောက် ဖြစ်ပါသည်။

NCA လက်မှတ်မထိုးထားသော အဖွဲ့များအတွက်တော့ စစ်အာဏာသိမ်းမှုက NCA ၏ အသက်ဝင်မှု မရှိခြင်းကို ခိုင်မာစေပါသည်။ တပ်မတော်နှင့် ဆွေးနွေးမှုများ ရပ်ဆိုင်းလိုက်ပြီး ကချင်၊ မြောက်ပိုင်းရှမ်းနှင့် ကယားပြည်နယ်များတွင် ပိုမိုပြင်းထန်သော တိုက်ခိုက်မှုများ ပြန်လည် ပေါ်ပေါက် လာပါသည်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG က မိမိကိုယ်ကို ခုခံကာကွယ်ပိုင်ခွင့်အတွက် အုပ်စုများ လက်နက်ကိုင်ဆောင်ခွင့် ဆိုလိုက်သည့်အတွက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) အမည်အောက်တွင် လက်နက်ကိုင်အစုအဖွဲ့ အသစ်များ ပေါ်ပေါက်လာပါသည်။ NUG  က ရှိရင်းစွဲ EAO အဖွဲ့များရော၊ အဆိုပါ အဖွဲ့အသစ်များ အားလုံးကို စုပေါင်းပြီး “ဖက်ဒရယ်ပြည်ထောင်စု တပ်မတော်” တခု ဖန်တီးရန် ကြိုးစားနေပါသည်။ ယင်းကြိုးစားချက်ကို EAO အများစုက သံသယနှင့်သာ ရှုမြင်ပြီး ယင်းတွင် ရှင်းလင်းသော အမိန့်ပေးပုံစံနှင့် ထိန်းချုပ်မှုပုံစံများ မရှိသေးချေ။ မည်သို့ပုံစံနှင့် ဆက်ဖြစ်မည်ကို အချိန်ကသာ ပြောနိုင်ပါလိမ့်မည်။ 

ရှေ့သို့ မျှော်ကြည့်ခြင်း။ ။ လုပ်ငန်းစဥ်အသစ် ပေါ်ပေါက်လာရမည်၊ သို့သော် အချိန်မတိုင်သေး

စစ်အာဏာသိမ်းမှု မဖြစ်မီက ရှေ့လုပ်ငန်းစဥ်အဖြစ် NCA အပေါ် ယုံကြည်မှုက ကျဆင်းနေပြီး လတ်တလော ပေါ်ပေါက်ခဲ့သည့် အဖြစ်များက ယင်းကို ပိုမို မြန်ဆန်စေခဲ့သည်။ တပ်မတော်က အားလုံး ပါဝင်သော နိုင်ငံရေး အသွင်ကူးပြောင်းမှု ထားဘိဦး၊ အပစ်အခတ်ရပ်စဲရေး လုပ်ငန်းစဥ်တခု ဆန္ဒရှိလျှင် တောင်မှ NCA သည် ယင်းတို့အတွက် သင့်လျော်သော နည်းလမ်း ဖြစ်ချင်မှ ဖြစ်တော့မည် ဖြစ်သည်။

ပိုပြီး အရေအတွက်များပြားပြီး တိုက်လိုစိတ်ပိုရှိသော PDF များအနေဖြင့် ပေါ်ပေါက်လာသည့် လက်နက်ကိုင် အဖွဲ့အသစ်များ (အထူးသဖြင့် ကယား၊ စစ်ကိုင်းနှင့် မကွေး) က အခြေအနေကို ပိုမို ရှုပ်ထွေးစေသည်။ ထို့အပြင် စစ်အာဏာသိမ်းမှုက တပ်မတော်ကို ဆန့်ကျင်နေသည့် မတူညီသော အဖွဲ့အစည်းများကို စည်းလုံးသွားစေသည့် သက်ရောက်မှု ရှိသော်လည်း ပြီးခဲ့သည့် ဆယ်စုနှစ်တာ သင်ခန်းစာအရ တူညီသော ရန်သူရှိရုံနှင့် စည်းလုံးညီညွတ်မှု ရချင်မှ ရမည် ဖြစ်သည်။ မြန်မာနိုင်ငံတွင် ရှုပ်ထွေးသော အုပ်စုများ ရှိနေခြင်းနှင့် ၄င်းတို့အကြား ယုံကြည်မှု လွန်စွာ အားနည်းနေခြင်းတို့ကြောင့် ပြင်ပစေ့စပ်ညှိနှိုင်းမှုမပါသော လုပ်ငန်းစဥ်တခုမှာ အောင်မြင်မှု ရဖို့ရန် ခက်ခဲလိမ့်မည် ဖြစ်သည်။

လက်ရှိအချိန်အထိတော့ ဘက်အားလုံးက သူတို့ “နိုင်နေသည်” ဟု ထင်မှတ်နေပြီး မည်သို့သော စေ့စပ်ညှိနှိုင်းမှုမျိုးမှ မဆောင်ရွက်လိုကြချေ။ သို့သော် မြန်မာ့သမိုင်းက သင်ခန်းစာမှာ တဖက်က မနိုင်ခြင်းနှင့် အားလုံး ရှုံးသည့် တစတစ လုံးပါးပါးလာသော စစ်ပွဲမျိုးအကြား ခြားနားချက်က သိပ်မရှိစေသည့် အချက်ပင် ဖြစ်သည်။ တဖက်ဖက် သို့မဟုတ် အဖွဲ့အများအပြားက ဆွေးနွေး ညှိနှိုင်းခြင်းသည်သာ ရှေ့ဆက်ဖို့ တခုတည်းသော နည်းလမ်းဖြစ်ကြောင်း သဘောမပေါက်ခင် လက်ရှိအချိန်အထိတော့ ယင်းသို့ အားလုံးရှုံးမည့်အဖြစ်မှာ အဖြစ်နိုင်ဆုံး ဖြစ်နိုင်ချေ ဖြစ်နေ ပါတော့သတည်း။

စာရေးသူ
ကလောဒင်းဟေးနီ
ဒါရိုက်တာ
Bridging-Changes