ကမ္ဘာ့စင်မြင့်ထက်တွင် ၂၀၂၀ အလွန် မြန်မာပြည်၏ နေရာ တရားဝင်မှုနှင့် ပြောင်းလဲမှုအတွက် အားပြိုင်ခြင်း

Moe Thuzar

ASEAN protesters. Photo Saw Wunna, Unsplash

မြန်မာ/ဘားမား၏ နိုင်ငံခြားရေးမူဝါဒနှင့် ကမ္ဘာ့စင်မြင့်ထက်တွင် မြန်မာပြည်၏ နေရာ ဘယ်လိုရှိသည် ဆိုသည်ကို သိပ်မကြာသေးခင်က စိတ်ဝင်စားလာကြပါသည်။ မြန်မာပြည်၏ နိုင်ငံခြားရေးမူဝါဒမှာ ကာလကြာရှည်စွာပင် တရားဝင်မှု (legitimacy) အတွက် ပြိုင်ဆိုင်ခြင်း၊ ပိတ်ပင်ခြင်း၊ ပေးအပ်ခြင်း အတွက် အသုံးပြုသည့် နည်းလမ်းအနေဖြင့် ရှိနေပါသည်။ အထူးသဖြင့် ၁၉၆၂ အာဏာသိမ်းမှုနှင့် ၁၉၈၈ အာဏာသိမ်းမှုတို့ နောက်တွင် ဖယ်ရှားခံလိုက်ရသည့်/ပြည်သူလူထုက အပ်နှင်းထားသည့် အခွင့် အာဏာကို ဖျက်သိမ်းခံလိုက်ရသည့် စင်ပြိုင်အစိုးရများနှင့် စစ်အစိုးရများ တရားဝင်မှု အပြိုင်အဆိုင် ရရှိအောင် ကြိုးပမ်းကြခြင်း ဖြစ်ပါသည်။ မြန်မာပြည်၏ ကမ္ဘာနှင့် နိုင်ငံခြားရေး ဆက်ဆံရေးကို ပုံမှန် ပြန်ဖြစ်လာအောင် ကြိုးပမ်းခဲ့သည့် ရှုပ်ထွေးလှသော ဆယ်စုနှစ် (၂၀၁၀-၂၀၂၀) ကာလအတွင်း ရရှိခဲ့သည့် အောင်မြင်မှု အချို့မှာ ယခုအခါ စစ်တပ်က ဖေဖော်ဝါရီ ၂၀၂၁ တွင် အာဏာသိမ်းလိုက်သည့် အတွက် မရေရာမှုများနှင့် ရင်ဆိုင်နေရပြီ ဖြစ်ပါသည်။ စစ်တပ်က ဆန္ဒပြမှုများကို ရက်စက် ကြမ်းကြုတ်စွာ နှိမ်နင်းပြီးနောက် စစ်အာဏာသိမ်းဆန့်ကျင်ရေး လှုပ်ရှားမှုက တုံ့ပြန်ပုံကို ကြည့်လျှင် အာဏာသိမ်းမှုကို ဆန့်ကျင်နေသည့် ဒီမိုကရေစီ အင်အားစုများနှင့် စစ်အုပ်ချုပ်ရေး ဆောင်ရွက်နေသူ များအကြား အပြိုင်အဆိုင် ဖြစ်နေသည့် နိုင်ငံခြားဆက်ဆံရေး၏ အရေးပါပုံကို တွေ့ရမည် ဖြစ်ပါသည်။

ဤစာတမ်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) နှင့် ၄င်းကို ဆန့်ကျင်နေသည့် အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) က အဓိက ကိုယ်စားပြု ဆောင်ရွက်နေသည့် အမျိုးမျိုးသော အင်အားစုများအကြား နိုင်ငံခြားရေးမူဝါဒကို အသုံးပြုပြီး နိုင်ငံရေးအရ တရားဝင်မှုနှင့် လူထုက ပေးအပ်သော တရားဝင်မှုတို့ ရရှိအောင် အပြိုင်ကြိုးပမ်းနေပုံကို ဆွေးနွေးတင်ပြထားပါသည်။ စာတမ်းတွင် ပထမဦးစွာ တရားဝင်မှုအတွက် အတိတ်က နိုင်ငံခြားရေးမူဝါဒ နည်းလမ်းများ အသုံးပြုပုံကို သုံးသပ်ထားပြီး ၂၀၂၀ ရွေးကောက်ပွဲအလွန် အရပ်သားအစိုးရအတွက် ပေါ်ပေါက် လာသော ရွေးချယ်စရာ နည်းလမ်းများကို တင်ပြထားပါသည်။ ထို့နောက် ၂၀၂၁ ဖေဖော်ဝါရီ အာဏာသိမ်းမှုအလွန် မြန်မာနိုင်ငံတွင် ဖြစ်ပေါ်လာသည့် မရေရာမှုများကို သုံးသပ်ပြီး နိဂုံးချုပ် တင်ပြထားပါသည်။

အတိတ်နှင့် ပစ္စုပ္ပန် နိုင်ငံခြားရေးမူဝါဒ

ပြီးခဲ့သည့် ကာလအတွင်း မြန်မာနိုင်ငံ၏ မပြောင်းလဲသော ကမ္ဘာနှင့် ဆက်ဆံရာတွင် ထားရှိသည့် နိုင်ငံခြားရေး မူဝါဒမှာ လွတ်လပ်တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေး မူဝါဒ ဖြစ်ပါသည်။ ၁၉၆၂ က စပြီး အစဥ်အဆက် စစ်အစိုးရ/အာဏာရှင် အစိုးရများ၏ ယင်းမပြောင်းလဲသော၊ အကန့်အသတ်နှင့် သာရှိသည့် နိုင်ငံခြားရေးမူဝါဒကြောင့် ပြည်သူလူထုမှာ ကမ္ဘာ့နိုင်ငံများနှင့် ဆက်ဆံသည့်ကိစ္စ နှင့် စပ်လျဥ်းပြီး (အလွန်ဆုံး) စိတ်ပါဝင်စားမှု မရှိသည့် အခြေအနေ ဖြစ်ပြီး (အဆိုးဆုံး) ဘယ်လိုလုပ်ကြ လုပ်ကြ ဆိုသည့် အခြေအနေမျိုး ဖြစ်သည်။

ပြင်ပ အင်အားကြီးနိုင်ငံများက ၁၉၆၂ အာဏာသိမ်းမှုနှင့် ပေါ်ပေါက်လာသည့် ပထမဆုံး အကြိမ် စစ်အုပ်ချုပ်ရေးမှာ စစ်အေးခေတ် ပထဝီနိုင်ငံရေး စဥ်းစားချက်များကြောင့် ဖြစ်သည်ဟု ရှုမြင် ကြပြီး ယင်းအစိုးရ၏ နိုင်ငံခြားရေး ဆောင်ရွက်ချက်များကို လက်တွေ့အားဖြင့် လက်ခံခဲ့ကြသည်။ ယင်း အခြေအနေနှင့် ယှဥ်လျှင် ၁၉၈၈ မှ ၂၀၁၁ အထိ အာဏာရယူခဲ့သည့် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (SPDC) (နအဖ အစိုးရ) မှာမူ အပယ်ခံနိုင်ငံအဖြစ် ဖယ်ကျဥ်ခံရသည်။ ထို့ကြောင့် ၄င်းအနေဖြင့် နိုင်ငံခြားရေးမူဝါဒနှင့် ပြည်သူ့သံတမန်ရေးရာ နည်းလမ်းများကို အသုံးချပြီး သူအောင်မြင်စွာ ရရှိခဲ့ခြင်း မရှိသည့် တရားဝင်မှု (legitimacy) ကို ရရှိရန် ကြိုးပမ်းရသည်။ နအဖ အစိုးရက ပြင်ပနှင့် စီးပွားရေးအရ ဆက်ဆံရေးကို ချဲ့ထွင်ရန် ကြိုးပမ်းပြီး အနောက်က ချမှတ်ထားသည့် ဆန်ရှင်ပိတ်ဆို့မှုများကို ကျော်လွှားနိုင်ရန် အာရှတလွှား (အထူးသဖြင့် အာဆီယံ) နှင့် နှစ်ဖက် ဆက်ဆံရေးများ ထူထောင်နိုင်ရန် ကြိုးပမ်းခဲ့သည်။

နအဖအစိုးရက စစ်တပ်က ရေးဆွဲသည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြဋ္ဌာန်းရေးကို ဆောင်ရွက်ခဲ့သည်။ ယင်းမှာ ငြိမ်းချမ်းစွာ ဆန္ဒပြမှုများကို ရက်စက်စွာ နှိမ်နင်းပြီး ခြောက်လပင် မကြာသေးမီ၊ နာဂစ် ဆိုင်ကလုန်းက မြန်မာပြည်၏ စပါးကျီဖြစ်သည့် မြစ်ဝကျွန်းပေါ်ဒေသကို တိုက်ခတ်ပြီး မကြာသေးမီပင် ဖြစ်သည်။ အာဆီယံ၏ သဘာဝဘေးအန္တရာယ် တုံ့ပြန်မှုနှင့် လူသားချင်း စာနာထောက်ထားမှု အကူအညီများ ပေးအပ်ရာတွင် အဓိကကျသည့် အခန်းကဏ္ဍမှ ညှိနှိုင်း ဆောင်ရွက်နိုင်ခဲ့မှုတို့ကြောင့် စစ်ဗိုလ်ချုပ်များကို နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှု အကူအညီ ပေးအပ်သည့် အဖွဲ့အစည်းများအတွက် လမ်းဖွင့်ပေးရန် သွေးဆောင်နိုင်ခဲ့သည်။ မြန်မာ အစိုးရ အရာရှိများလည်း အပြောင်းအလဲအတွက် အရည်အသွေးများ တည်ဆောက်နိုင်ရန် နည်းလမ်းသစ်များ သင်ယူဖို့ အခွင့်အလမ်းလဲ ရရှိခဲ့သည်။

Cyclone Nargis, an extremely destructive and deadly tropical cyclone that caused the worst natural disaster in the recorded history of Myanmar during early May 2008. Wikipedia Commons

နအဖအစိုးရက “အပြောင်းအလဲ” အတွက် ကြိုးပမ်းနေကြောင်း နိုင်ငံတကာက ထောက်ခံမှုများ ရရှိရန်အတွက် ထိုစဥ်က ဖမ်းဆီးလိုက်၊ ပြန်လွှတ်လိုက် ရှိနေခဲ့သည့် အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဆယ်စုနှစ် တခုကျော်အတွင်း ပထမဆုံးအကြိမ် ကျင်းပခဲ့ခြင်း ဖြစ်သည့် ၂၀၁၀ နိုဝင်ဘာ ရွေးကောက်ပွဲအပြီး နေအိမ်အကျယ်ချုပ်မှ လွှတ်ပေးခဲ့သည်။ ပြည်တွင်းရော နိုင်ငံတကာကိုရော အံ့အားသင့်စေခဲ့သည်မှာ ရွေးကောက်ပွဲ အနိုင်ရခဲ့သည့် စစ်တပ် ကျောထောက် နောက်ခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ USDP (ပြည်ခိုင်ဖြိုး) အရပ်သားတပိုင်းအစိုးရက မထင်မှတ်ထားလောက်သော နိုင်ငံရေးနှင့် စီးပွားရေး ပြုပြင်ပြောင်းလဲမှုများ စတင်ခဲ့ခြင်း ဖြစ်သည်။ ယင်းက နှိုင်းယှဥ်ကြည့်လျှင် လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲများ ၂၀၁၅ တွင် ဖြစ်လာစေရန် လမ်းခင်းပေးခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD က သောင်ပြိုကမ်းပြို အနိုင်ရခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်က ရာစုနှစ်တဝက်ကျော် ကာလအတွင်း မြန်မာနိုင်ငံ၏ ပထမဦးဆုံး ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်သည့် အစိုးရ၏ မျက်နှာဖုံး ဖြစ်လာသည်။

ဒေါ်အောင်ဆန်းစုကြည်က ရှေ့နှစ်များက ကျင့်သုံးခဲ့သည့် အကျိုးအမြတ်ရှိခဲ့သော ကမ္ဘာနှင့် ပြန်လည်ဆက်ဆံရေး မူဝါဒကို ဆက်လက် ကျင့်သုံးခဲ့သည်။ စက်တင်ဘာ ၂၀၁၆ တွင် ထပ်ပြီး အသေးစိတ် ဆိုသည်မှာ သံတမန်ရေးတွင် ပြည်သူဗဟိုပြုဆက်ဆံရေးကို ဆောင်ရွက်ရန် ဖြစ်သည်။ ရွှေ့ပြောင်း အလုပ်သမားများကိစ္စကဲ့သို့သော လူသားလုံခြုံမှုကိစ္စရပ်များကို အာရုံစိုက်လာပြီး ပြည်သူမှ ပြည်သူသို့ ဆက်ဆံရေးကို ပိုမို မြှင့်တင်လာသည်။ အဆိုပါ ပြည်သူဗဟိုပြု ဆက်ဆံရေး ဆောင်ရွက်ရ ခြင်း၏ အဓိက အကြောင်းရင်းတရပ်မှာ နိုင်ငံရပ်ခြားတွင် ရောက်နေသည့် မြန်မာပြည်သူများ၏ ထောက်ခံမှုကို ရရှိစေရန် ဖြစ်ပြီး မြန်မာနိုင်ငံ၏ နိုင်ငံတကာ “ပုံရိပ်နှင့် ဂုဏ်သိက္ခာ” ကို ပြန်လည် မြှင့်တင်ရာတွင် ပါဝင်မှု ရှိစေရန် ဖြစ်သည်။ ၄င်းတို့အများစုက NLD ကို ထောက်ခံသည့် မဲဆန္ဒရှင် ပြည်သူများလည်း ဖြစ်သည်။

မြန်မာနိုင်ငံက ၄င်း၏ အလုံပိတ်နေရာမှ ထွက်လာပြီး ကမ္ဘာနှင့် မိမိအလိုကျ ထိတွေ့ဆက်ဆံ တော့မည်ဖြစ်ကြောင်း ထုတ်ဖော်ပြသခြင်းလည်း ဖြစ်သည်။ ပျားရည်ဆမ်းခရီးကာလမှာ တိုတောင်း ခဲ့ပါသည်။ ၂၀၁၆ နှင့် ၂၀၁၇ တွင် အာရကန်ရိုဟင်ဂျာလွတ်မြောက်ရေးတပ် (ARSA) ၏ တိုက်ခိုက်မှုများကို စစ်တပ်က အဆမတန် ပြန်လည်တုံ့ပြန်ခဲ့ပြီး မြန်မာနိုင်ငံသည် နိုင်ငံတကာ၏ စောင့်ကြည့်ခြင်းကို ခံခဲ့ရကာ ၂၀၁၉ တွင်တော့ အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ တွင် “အမျိုးသား အကျိုးစီးပွားကို ကာကွယ်ရ” သည့် အဖြစ်ကို ရောက်ခဲ့ပါတော့သည်။

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာက ပြစ်တင်ရှုတ်ချခြင်းများ ဆက်လက် ပေါ်ပေါက် လာခဲ့သည်။ သို့သော် ယင်းတို့က NLD အစိုးရ အနေဖြင့် ၂၀၁၆ နိုဝင်ဘာလ ကတည်းက “ရခိုင်ပြည်နယ် ၏ လုံခြုံရေး အခြေအနေ” အတွက် အာဆီယံကို အသိပေးခြင်းနှင့် ပါဝင်ခွင့်ပြုခြင်းများ ဆောင်ရွက် ပေးခဲ့သည်ကို အများအားဖြင့် လျစ်လျူရှုခဲ့ကြသည်။ ဘင်္ဂလားဒေ့ရှ်တွင်ရှိ ရိုဟင်ဂျာ အသိုက်အဝန်း များကို ပြန်လည်ခေါ်ယူနိုင်ရေး အာဆီယံက စေ့စပ်ညှိနှိုင်း အကူအညီများ ပေးအပ်နိုင်ခဲ့သည်။ ယခင် စစ်အစိုးရများနှင့် ပြည်ခိုင်းဖြိုးပါတီ အစိုးရတို့က အာဆီယံနှင့် ဆွေးနွေးရန်ပင် ငြင်းဆန်ခဲ့သည်။ ၂၀၂၀ ရွေးကောက်ပွဲတွင် ရိုဟင်ဂျာမေးခွန်းက ရှေ့တန်းမရောက်ခဲ့သော်လည်း ပြည်သူလူထုအနေဖြင့် NLD သည် စစ်တပ်၏ လုပ်ရပ်များအတွက် တာဝန်ခံဖြေရှင်းပေးသည်ဟု ယူဆသည့်အတွက် အကျိုးကျေးဇူး ရရှိခဲ့ပုံတော့ ရှိပါသည်။

Embassy of Myanmar in Washington, D.C. Wikipedia Commons

၂၀၂၀ ရွေးကောက်ပွဲတွင်ရှိ နိုင်ငံခြားရေး မူဝါဒ

၂၀၂၀ ရွေးကောက်ပွဲတွင် NLD ပါတီသည် ဒုတိယတကြိမ် သောင်ပြိုကမ်းပြို ထပ်မံ အနိုင်ရရှိခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် နိုင်ငံခြားရေး မူဝါဒနှင့် ပတ်သက်ပြီး ထပ်မံအသေးစိတ် ပုံဖော် လိမ့်မည်ဟု ခန့်မှန်းယူချက်များ ချက်ချင်း ပေါ်ပေါက်လာသည်။ ရိုဟင်ဂျာ အကျပ်အတည်းနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာ အာရုံစိုက်မှု ခံလာရသည့်အတွက် NLD ၏ နိုင်ငံခြားရေး မူဝါဒမှာ တနိုင်ငံချင်းစီ နှစ်ဖက်ဆက်ဆံရေး (bilateralism) (အာဆီယံနှင့် ချိတ်ဆက်မှုကို ဆက်လက် ထိန်းသိမ်းထားသော်လည်း) ကို ပိုမိုအားသန်လာသည်။ ထို့အပြင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်ရေး ဆက်လက် ဆောင်ရွက်ရန်အတွက် “အာရှကို ဗဟိုပြုသော မူဝါဒ” (Asia pivot) ကို ကျင့်သုံး လာသည်။

လွတ်လပ်တက်ကြွသော နိုင်ငံခြားရေး မူဝါဒကို ဆက်လက်ကိုင်စွဲပြီး “ကုလသမဂ္ဂ၊ ကမ္ဘာ့ဘဏ်၊ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ IMF တို့နှင့် ရင်းနှီးအားကောင်းသော ဆက်ဆံရေး” ကို ဆက်လက် ကျင့်သုံးသော်လည်း NLD ၏ ၂၀၂၀ ရွေးကောက်ပွဲ ကြေညာစာတမ်းတွင် အခြားနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်ရေး ကိစ္စနှင့် ဒေသတွင်း ကိစ္စရပ်များ၊ အစီအစဥ်များတွင် အတူတကွ ဆောင်ရွက်ခြင်းတို့ကို ထည့်သွင်း ဖော်ပြခြင်း မပြုတော့ချေ။

သို့သော်ငြားလည်း မြန်မာနိုင်ငံ၏ ၂၁ ရာစု၏ နိုင်ငံခြားရေးမူဝါဒ၏ အဓိက လက္ခဏာရပ်မှာ “စီးပွားရေးဆိုင်ရာ သံတမန်ဆက်ဆံရေး” (economic diplomacy) ဖြစ်ဟန် တူပါသည်။ စစ်အေး တိုက်ပွဲကာလများအတွင်းက မြန်မာနိုင်ငံ၏ “ဆန်စပါး သံတမန်ရေး” ထက်ပိုသလို နအဖ အစိုးရခေတ် အမြတ်ကြီးစား ခေါင်းပုံဖြတ် သယံဇာတ ရောင်းချမှုထက် ပိုပါသည်။ ကိုဗစ်-၁၉ ကပ်ရောဂါကလဲ NLD ၏ ၂၀၂၀ နောက်ပိုင်း နိုင်ငံခြားရေးမူဝါဒအတွက် ချဥ်းကပ်စရာ ရှုထောင့်အသစ်များ ဖြစ်လာစေပါသည်။ ဇန်နဝါရီ ၂၀၂၁ က စပြီး မြန်မာနိုင်ငံ၏ စောလျင်စွာ အဆင့်လိုက် ကာကွယ်ဆေးထိုးရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ခြင်းနှင့် WHO ၏ ကာကွယ်ဆေးထိုးနှံခြင်း အစီအစဥ်တွင် ပါဝင်ခြင်းများ ဆောင်ရွက်နိုင်ခဲ့သည့်အတွက် NLD ၏ ဒုတိယ သက်တမ်းကာလအတွက် ကနဦး အစကောင်း ခဲ့ပါသည်။

NLD ၏ ၂၀၂၀ နောက်ပိုင်း နိုင်ငံခြားရေးမူဝါဒ အတွက် မှန်းဆပြောဆိုချက်များတွင် တရုတ်နှင့် ဆက်ဆံ​ရေးလည်း ပါဝင်ပါသည်။ ပညာရှင်များက မြန်မာ-တရုတ် ဆက်ဆံရေးတွင် NLD အနေဖြင့် အပြုသဘောဆောင်ပြီး ပိုပြီးမျှတသည့် လမ်းကြောင်း ကို လျှောက်လှမ်းနိုင်ဖို့ မျှော်လင့်ခဲ့ကြပါသည်။ မြန်မာ့စီးပွားရေး မျက်နှာစာတွင် တရုတ်၏ ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုက နေရာအကြီးကြီး ရှိနေသည့် အပြင် တရုတ်က သူ့ဘာသာသူ ခန့်အပ်ထားသော မြန်မာ့ငြိမ်းချမ်းရေး ဖြစ်စဥ်တွင် စေ့စပ်ညှိနှိုင်းသူ အနေဖြင့် ရှိနေသည့်အတွက် အဆိုပါ ဆက်ဆံရေးမှာ မြန်မာနိုင်ငံ၏ အခြားသော အရှေ့ အာရှ နိုင်ငံများ (အာဆီယံအပါအဝင်) နှင့် ဆက်ဆံရေးအပေါ် အရေးကြီးသည့် သက်ရောက်မှုများ ရှိမည် ဖြစ်ပါသည်။

ဖေဖော်ဝါရီ ၂၀၂၁ တွင် စစ်တပ်က တရားဥပဒေမဲ့ အာဏာသိမ်းလိုက်သည့်အတွက် အထက်ပါ တင်ပြချက်များအားလုံး အဟောသိကံ ဖြစ်သွားပါသည်။

ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းပြီးနောက် – ပရမ်းပတာ အခြေအနေနှင့် အားပြိုင်ခြင်း

ဤစာကို ရေးသည့်အချိန်တွင် မြန်မာနိုင်ငံသည် ရှုပ်ထွေးပွေလီပြီး ပရမ်းပတာ ဖြစ်သော အခြေအနေသို့ တစတစ ပိုမို ကျဆင်းလာလျက် ရှိပါသည်။ ပြုပြင်ပြောင်းလဲရေး၊ အသွင်ကူးပြောင်းရေး၊ ဖွံ့ဖြိုးရေး တို့မှာ စစ်ကောင်စီက အာဏာသိမ်းပြီးကတည်းက စီးပွားရေး အလေးပေးဆောင်ရွက်မည်ဟု ဆိုနေသော်လည်း ဖြစ်နိုင်စရာ မျှော်လင့်ချက် မရှိတော့ပါ။ မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အကျပ်အတည်းများမှာ ပြင်ပကမ္ဘာက နားလည်နိုင်စွမ်း မရှိလောက်အောင်ထိ လူသား အကျပ်အတည်း ဘေးဒုက္ခ အဖြစ် ရောက်ရှိလာနေပြီ ဖြစ်ပါသည်။ ထို့အပြင် ပြင်ပကမ္ဘာအနေဖြင့်လည်း ကမ္ဘာ့ ကပ်ရောဂါကြောင့် ကြုံတွေ့နေရသည့် ပြည်တွင်းရေး နေရာစုံ လူမှုစီးပွား ပြဿနာများကြောင့် တုံ့ပြန် ဖြေရှင်းရန် အခက်ကြုံနေပါသည်။

“Spiralling into Chaos”: anti-coup protesters in Yangon, Myanmar in March 2021. Photo: Maung Nyan / Shutterstock.com

စစ်ကောင်စီက နိုင်ငံခြားရှိ မြန်မာသံရုံးများကို အသုံးပြုပြီး ဒေသတွင်းနှင့် နိုင်ငံတကာတွင် စစ်အာဏာသိမ်းခြင်းကို ဆင်ခြေပေးဖို့ ဆောင်ရွက်ပါသည်။ ကုလသမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီးနှင့် ဗြိတိန်နိုင်ငံဆိုင်ရာ သံအမတ်ကြီးမှ လွဲ၍ နိုင်ငံခြားရှိ မြန်မာသံရုံးများက စစ်ကောင်စီ ကိုယ်စားလှယ်များအနေဖြင့် ဆက်လက် တာဝန်ထမ်းဆောင်နေပါသည်။ သို့သော် စစ်ကောင်စီသည် ၄င်းတို့၏ လုပ်ရပ်များအတွက် အားလုံးနီးပါးက ပြစ်တင်ရှုတ်ချခြင်းကို ကြုံတွေ့နေပါသည်။ အထူးသဖြင့် ပိုမိုဆိုးရွားလာသော သေဆုံးမှု ကိန်းဂဏန်းများ၊ အကျဥ်းချမှုများ၊ နေ့စဥ် ဖမ်းဆီးမှုများနှင့် နှိပ်စက်ညှင်းပန်းခြင်းတို့ကြောင့် ဖြစ်ပါသည်။ ဤသို့သော အခြေအနေတွင် ကမ္ဘာကြီးအနေဖြင့် မြန်မာ ပြည်သူများ၏ ဘဝကို ကယ်တင်ရန်အတွက် ဖြစ်စေဦးတော့၊ စီးပွားရေး လုပ်ငန်းများ ချဲ့ထွင်ရန်နှင့် ပြန်လည် စတင်ရန် ဆောင်ရွက်ဖို့ ကြိုးပမ်းနေသည့် စစ်ကောင်စီနှင့် ဘယ်လို သဘောတူညီချက်မျိုးမဆို ရယူရန်မှာ ကျင့်ဝတ်ပိုင်းအားဖြင့် ခက်ခဲမှု ရှိနေမည် ဖြစ်ပါသည်။

အရေးတကြီး ကြုံနေရသည့် နိုင်ငံခြားရေး မူဝါဒဆိုင်ရာ မေးခွန်းမှာ ဘယ်အာဏာပိုင်က နိုင်ငံတကာတွင် မြန်မာကို ကိုယ်စားပြုနေလဲ ဆိုသည့် မေးခွန်း ဖြစ်ပါသည်။ ယင်းမေးခွန်းမှာ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီးက စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သော မိန့်ခွန်းကို ကုလသမဂ္ဂတွင် ခံစားချက် အပြည့်ဖြင့် ပြောပြီးနောက် ဖြစ်ပါသည်။ စစ်ကောင်စီက သူ့ကို အလုပ်ထုတ် လိုက်သော်လည်း ဤစာရေးသည့်အချိန်အထိ ကုလသမဂ္ဂက အသိအမှတ်ပြုထားဆဲ ဖြစ်ပါသည်။

ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) အခြေအနေကတော့ သူ့လောက် မရှင်းလင်းပါ။ CRPH ကို ဖေဖော်ဝါရီအစောပိုင်းတွင် ရွေးကောက်တင်မြှောက်ခံထားရသည့် ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ်များနှင့် ကြားဖြတ်ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပါသည်။ ဧပြီ လလယ်တွင် ယင်းက အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို နောက်ထပ် အစိုးရအနေဖြင့် ဖွဲ့စည်းခဲ့ပြီး နိုင်ငံ တလွှားရှိ မတူညီသော အုပ်စုများနှင့် လူမျိုးအုပ်စုများ၏ အမြင်များ၊ ရည်မှန်းချက်များကို စုစည်း ညှိနှိုင်း ပေးရန် ဖွဲ့စည်းထားခြင်း ဖြစ်ပါသည်။ စစ်ကောင်စီကို ဆန့်ကျင်ပြီး NUG က မြန်မာနိုင်ငံရှိ အမျိုးမျိုးသော အဖွဲ့အစည်းများနှင့် လက်နက်ကိုင်အဖွဲ့များ သူနှင့် အဓိက ဆွေးနွေးညှိနှိုင်းဖို့ ကြေညာ ပါသည်။ ထို့အတူ နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့်လည်း NUG ကို ဆက်သွယ်ရန် ဖြစ်ပါသည်။ သို့သော် NUG အနေဖြင့် အစိုးရများနှင့် ထိတွေ့ဆက်ဆံရန်နှင့် တန်းတူဆွေးနွေးဖက်အဖြစ် အသိအမှတ် ပြုခွင့်ရဖို့မှာ အကန့်အသတ်ဖြင့်သာ ရှိပါသည်။

တရားဝင်မှု  (legitimacy) နှင့် အသိအမှတ်ပြုရေးကိစ္စမှာ ဧပြီလ ၂၄ ရက်နေ့ အင်ဒိုနီးရှားတွင် ကျင်းပသည့် အာဆီယံထိပ်သီးခေါင်းဆောင်များ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးအစည်းအဝေး ခေါ်ယူမည့် အချိန်တွင် အထွဋ်အထိပ် ရောက်ခဲ့ပါသည်။ စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အာဆီယံ အစည်းအဝေး တက်ခွင့် ရခြင်းဖြင့် အာဆီယံ၏ SAC နှင့် ဆက်ဆံရေး သည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် မကိုက်ညီသော စစ်အာဏာသိမ်းမှုနှင့် လက်နက်မဲ့ ပြည်သူလူထုကို သေစေနိုင်လောက်သော အင်အားသုံးခြင်းများကို တရားဝင်ခွင့် ပေးလိုက်ရာ ရောက်သည်ဟု မြန်မာနိုင်ငံတွင်းတွင် မှတ်ထင်စရာ ဖြစ်ခဲ့ပါသည်။ သို့သော် NUG အနေဖြင့် NUG နိုင်ငံခြားရေးဝန်ကြီးမှ တဆင့် အာဆီယံအထွေထွေအတွင်းရေးမှူးချုပ်ဆီ ပေးစာအနေဖြင့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီး များဆီ NUG ၏ အမြင်သဘောထားကို ဖော်ပြနိုင်ရန် စွမ်းဆောင်နိုင်ခဲ့ပါသည်။

NUG က အာဆီယံနှင့် အပြုသဘောဆောင်သော ဆွေးနွေးမှု ရှိရန် လိုအပ်သည်ကို နားလည် သော်လည်း စစ်ကောင်စီက အာဆီယံနှင့် စပ်လျဥ်းသောနယ်ပယ်ကို လွှမ်းမိုးထားနိုင်ပါသည်။ စစ်ကောင်စီက အာဆီယံကို သူ့တရားဝင်မှု ရရှိစေရန် အသုံးချလို့ရသော ပလက်ဖောင်းအနေဖြင့် ရှုမြင်ပါသည်။ အမှန်တကယ်အားဖြင့်လည်း အာဆီယံ အစည်းအဝေးအမျိုးမျိုးကို စစ်ကောင်စီ ကိုယ်စားလှယ်များက (အွန်လိုင်းမှတဆင့်) တက်ရောက်ခွင့် ရလျက် ရှိပါသည်။

အာဆီယံအနေဖြင့် မြန်မာနိုင်ငံရှိ အဓိကအကျိုးရှင် နှစ်ဦး သူနှင့်ဆက်ဆံရာတွင် ဘယ်လောက် စိတ်ရင်းမှန်ကန်သည်ကို ဆန်းစစ်ရန် လိုအပ်ပါသည်။ စစ်ကောင်စီ၏ ၂၀၂၁ ဧပြီ “အာဆီယံ ထိပ်သီး ခေါင်းဆောင်များ အစည်းအဝေး သတင်းထုတ်ပြန်ချက်” တွင် စစ်တပ်အနေဖြင့် အာဆီယံ၏ အပြုသဘောဆောင်သော အကြံပြုချက်များကို အခြေအနေများ တည်ငြိမ်သွားမှ စဥ်းစားမည် ဖြစ်ကြောင်းနှင့် လက်ရှိ ဦးစားပေး လုပ်ငန်းစဥ်မှာ တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းမှု ရရှိရေးတို့ ဖြစ်ကြောင်း သတင်း ထုတ်ပြန်ခဲ့ပါသည်။ NUG ဝန်ကြီးချုပ်ကလဲ သဘောတူညီချက် ၅ ချက်နှင့် ပတ်သက်ပြီး သဘောထား ထုတ်ပြန် ကြေညာခဲ့ပါသည်။ စစ်ကောင်စီ၏ အဖြစ်မှန်ကို ဖုံးကွယ်တတ်မှုကို ဂရုပြုရန် သတိပေးပြီး အဆိုပြုထားသော အာဆီယံ အထူးကိုယ်စားလှယ်အဖွဲ့ ၏ တာဝန်နှင့် လုပ်ငန်းဆောင်တာများကို NUG နှင့် ညှိနှိုင်းဆောင်ရွက်ရန် တောင်းဆိုထားပါသည်။ တချိန်ထဲတွင်လည်း လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပေးအပ်ရုံဖြင့် အကျပ်အတည်း၏ အဓိက အရင်းအမြစ်ကို ဖြေရှင်းနိုင်မည် မဟုတ်ကြောင်း သတိပေးထားပါသည်။ ယင်းနောက်တွင်မူ သိပ်မကြာမီပင် NUG အနေဖြင့် စစ်တပ်နှင့် တွေ့ဆုံဆွေးနွေးလိုစိတ်ပင် မရှိကြောင်း ငြင်းဆန်ပုံ ရပါသည်။ ဆိုလိုသည်မှာ စစ်တပ်ရော၊ အတိုက်အခံဖက်ရော လက်ရှိအချိန်တွင် အလျှော့ပေး ဆွေးနွေးကြလိုစိတ် မရှိသေးဆိုသည့် အချက်ပင် ဖြစ်ပါသည်။

နိဂုံးချုပ်တင်ပြချက်

မြန်မာပြည်သူများ၏ အတိဒုက္ခမှာ အသည်းအသန် အခြေအနေ ဖြစ်ပါသည်။ မြန်မာ့ အကျပ်အတည်း ကို နိုင်ငံတကာ အသိုင်းအဝိုင်းက ဝင်ရောက် ကူညီဖြေရှင်းပေးဖို့ မျှော်လင့်ချက်မှာလည်း မှေးမှိန် လာနေပါသည်။ အမျိုးသားညီညွတ်ရေးအစိုးရ NUG က မြန်မာ့အရေးကို ပြတ်ပြတ်သားသား ဝင်ရောက် ဖြေရှင်းပေးရန် တောင်းဆိုချက်မှာလည်း ကမ္ဘာ့ပထဝီနိုင်ငံရေးနှင့် ကိုဗစ်-၁၉ ကပ်ရောဂါ ကြောင့် ကိုယ့်ပြည်တွင်းရေး လတ်တလော အရေးပေါ်အခြေအနေများ ဖြေရှင်းနေရသည့်အတွက် ရှေ့မတိုး နောက်မဆုတ် အခြေအနေ ဖြစ်ပါသည်။ သံတမန်ရေးရာတုံ့ပြန်မှု၏ အားနည်းမှုနှင့် နှေးကွေးမှု တို့ကြောင့် အတိုက်အခံများကို လက်နက်ကိုင် ပြောက်ကျားစစ်ဆင်ရေး ဆောင်ရွက်ရန် တွန်းပို့ နေပါသည်။ NUG က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ဖွဲ့စည်းပြီး ဖက်ဒရယ် ပြည်ထောင်စု တပ်မတော် (Federal Union Army) တည်ထောင်ရန် ရည်ရွယ်ချက် ရှိသည့်အတွက် ယင်းတို့က မလွှဲသာ မရှောင်သာ နိုင်ငံခြားရေးမူဝါဒ သက်ရောက်မှုများ ရှိလာမည် ဖြစ်ပါသည်။ ဒေသအလိုက် ဖွဲ့စည်းထားသည့် PDF တပ်ဖွဲ့များနှင့် တိုက်ခိုက်မှုများ ပေါ်ပေါက်လာခြင်းက ပိုမို ပြင်းထန်သော လက်နက်ကိုင် ပဋိပက္ခများ ပေါ်ပေါက်လာမည်ကို ညွှန်ပြနေပြီး မြန်မာ့အခြေအနေမှာ ကျယ်ပြန့်သော ပြည်တွင်းစစ် ဖြစ်လာမည့် အခြေအနေ ဖြစ်ပါသည်။ တချိန်တည်းမှာပင် မြန်မာစစ်တပ်နှင့် နိုင်ငံ တလွှားရှိ လူမျိုးစု လက်နက်ကိုင် တပ်ဖွဲ့များ အကြား ပြင်းထန်သော ပဋိပက္ခများ ပေါ်ပေါက်လာခြင်း (အထူးသဖြင့် ကချင်ပြည်နယ်နှင့် ကရင်ပြည်နယ်များတွင်) ကြောင့် တရားမဝင် လက်နက် မှောင်ခိုမှု အပါအဝင် နိုင်ငံဖြတ်ကျော်မှုခင်းများ တိုးပွားလာကောင်း လာနိုင်ပါသည်။ လူမျိုးစု လက်နက်ကိုင် တပ်ဖွဲ့များ၊ PDF နှင့် အနာဂတ် ဖက်ဒရယ်ပြည်ထောင်စု တပ်မတော်တို့အတွက် လျှို့ဝှက် အကူအညီများ ပေးအပ်ခြင်းကြောင့် ရှိရင်းစွဲ အတိမ်းအစောင်းမခံသည့် အခြေအနေတွင် တဆင့်ခံ ပဋိပက္ခများ (proxy conflicts) ပေါ်ပေါက်လာမည်ကို စိုးရိမ်လာရနိုင်ပါသည်။ နိုင်ငံတွင်းရှိ ထွက်ပြေးတိမ်းရှောင်ရသူများ၊ ထိုင်း သို့မဟုတ် အိန္ဒိယနယ်စပ်တွင် ပဋိပက္ခမှ ထွက်ပြေးလာရသည့် ဒုက္ခသည်များကြောင့် ကိုဗစ်−၁၉ ရောဂါ ထိန်းချုပ်မှုကို ထိခိုက်နိုင်ပြီး အခြားသော လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ပြဿနာများလည်း ပေါ်ပေါက်လာနိုင်သည်။

မြန်မာပြည်သူများအတွက်တော့ စိတ်မကောင်းစရာအချက်မှာ နိုင်ငံခြားရေး မူဝါဒကို ဘယ်လောက် ကျွမ်းကျင်ပိုင်နိုင်စွာ အောင်မြင်အောင် ဆောင်ရွက်နိုင်မည့်သူ ရှိစေဦးတော့၊ လက်ရှိအဖြစ်အပျက် များ၏ ထိခိုက်မှုမှ ကာကွယ်ရန်မှာ မစွမ်းသာတော့သည့် အခြေအနေသို့ ရောက်နေပါတော့သတည်း။

မိုးသူဇာ
Fellow and Co-coordinator
Myanmar Studies Programme, ISEAS – Yusuf Ishak Institute, Singapore