လျှော့လုပ်ခြင်းဖြင့် ပိုအကျိုးဖြစ်လေသလား အာဏာသိမ်းပြီးနောက် ထိုင်းနိုင်ငံတွင် ပလက်ဖောင်းအုပ်ချုပ်ရေး၏ ဖြစ်နိုင်ခြေများနှင့် ကန့်သတ်ချက်များ

Andrew Stokols

အရှေ့တောင်အာရှသည် ပလက်ဖောင်းစီးပွားရေး (platform economy) ထွန်းကားရန် ရေခံမြေခံ ကောင်းသည့် နေရာ ဖြစ်သည်။​ အခြားနေရာများရှိ ပလက်ဖောင်းများကဲ့သို့ပင် အရှေ့တောင်အာရှ ပလက်ဖောင်းကုမ္ပဏီများ (ဥပမာ Grab၊ Lazada၊ Shopee) သည် ဒေသတွင်းရှိ လူမှုဘဝ၊ စီးပွားရေး၊ လုပ်အားဖွဲ့စည်းပုံများနှင့် မြို့ပြနေရာများကို ပြောင်းလဲစေခဲ့သည်။ “ပလက်ဖောင်းများ ပေါ်ထွက်လာခြင်း” ၏ တစိတ်တပိုင်းဖြစ်ပြီး ယင်းနှင့် ထပ်တူထပ်မျှ အရေးကြီးကာ မကြာသေးမီကမှ ပေါ်ထွက်လာသည့် “ပလက်ဖောင်းများကို အုပ်ချုပ်ထိန်းကျောင်းခြင်း” ဆိုသည့် အရေးကြီးကဏ္ဍကိုမူ အာရုံစိုက်မှု နည်းပါး ပါသေးသည်။  Ansell နှင့် Miura (၂၀၂၀) က ယင်းကို အဓိပ္ပာယ်ဖွင့်ဆိုရာတွင် “အချို့သော အုပ်ချုပ်မှုဆိုင်ရာ ရည်မှန်းချက်များ အကောင်အထည်ဖော်ရန် ရည်ရွယ်ချက်ဖြင့် ၎င်း၏ ဖွဲ့စည်းတည်ရှိပုံကို သုံးပြီး လူမှုရေး လုပ်ဆောင်ချက်များ မြှင့်တင်ရန်၊ ဖြစ်မြောက်စေရန် ဗျူဟာမြောက် အသုံးချသော အင်စတီးကျူးရှင်း တရပ်အနေဖြင့်” ဖွင့်ဆိုပါသည်။ 1 ပလက်ဖောင်းအယူအဆကို ထိုင်းနိုင်ငံရှိ ပြည်တွင်း နိုင်ငံရေး ပါဝင် ပတ်သက်သူများက လက်ခံကျင့်သုံးလာကာ ပုံဖော်ပြောင်းလဲလာခြင်းက ထူးခြားသော အင်စတီကျူးရှင်း ဆိုင်ရာနှင့် နိုင်ငံရေးအခြေအနေတရပ်တွင် ဖြစ်ပေါ်လာခြင်း ဖြစ်ပါသည်။ ပြည်လုံးကျွတ် အဆင့်တွင် ထိုင်းနိုင်ငံသည် ၂၀၁၄ အာဏာသိမ်းချိန်ကစပြီး မကြာသေးမီအထိ စစ်တပ်ဦးဆောင်သော ညွန့်ပေါင်း အစိုးရအဖွဲ့အောက်တွင် ရှိနေခဲ့သည် 2။ သို့သော်လည်း ဒေသန္တရအဆင့်တွင် မြို့တော်ဝန်များသည် ရွေးကောက်ခံ ဖြစ်သည့်အတွက် ရွေးကောက်ပွဲအနိုင်ရရန် လူထုထောက်ခံမှု ရရှိရန် ဆောင်ရွက်ရသည်။ အာဏာရလာသောအခါတွင် မြို့တော်ဝန်များသည် ဗဟိုချုပ်ကိုင်သောဘဏ္ဍာရေးစနစ်၏ ကန့်သတ်မှုကို ကြုံရသည်။ ပြည်နယ်အုပ်ချုပ်ရေးမှူးများ (puwa) ကိုလည်း ပြည်ထဲရေးဝန်ကြီးဌာနက ခန့်အပ်ပြီး ဒေသန္တရဘတ်ဂျက်များကို ၄င်းတို့က ကန့်သတ်ထားသည့်အတွက် မြို့တော်ဝန်များ၏ လုပ်ပိုင်ခွင့်မှာ အကန်အသတ်ရှိနေသည်။ ၂၀၂၂ ခုနှစ်တွင် မြို့တော်ကို အုပ်ချုပ်နေသည့် ဘန်ကောက်မြို့တော် အုပ်ချုပ်ရေး အဖွဲ့ (BMA) သည် ၎င်း၏ဘတ်ဂျက်၏ ၈၁% ကို ဗဟိုလွှဲပြောင်းခြင်းမှ ရရှိခဲ့ခြင်း ဖြစ်သည် 3။ ဤအခြေအနေတွင်၏ ဒစ်ဂျစ်တယ်ပလက်ဖောင်းများကို “လျှော့လုပ်ခြင်းဖြင့် ပိုအကျိုးဖြစ်” နည်းလမ်း အနေဖြင့် လက်ခံဆောင်ရွက်နေသည်ကို တွေ့ရပါသည်။ ပလက်ဖောင်းများသည် ဒေသန္တရ အရာရှိများ အတွက် ပြည်သူများနှင့် ဆက်သွယ်ရန်နှင့် ရှားပါးသောအရင်းအမြစ်များကို ခွဲဝေပေးသည့်နည်းလမ်းအဖြစ် လက်တွေ့ရော၊ သြဇာညောင်းသည့် လုပ်ပိုင်ခွင့်အာဏာအဖြစ်ရော တွေ့ရပါသည်။

ထိုင်းနိုင်ငံ ၄.၀ – ထိုင်းနိုင်ငံကို ဒစ်ဂျစ်တယ်ခေတ်သို့ အဆင့်မြှင့်တင်နေပါသလား

၂၀၁၄ ခုနှစ် အာဏာသိမ်းပြီး နှစ်နှစ်အကြာ ၂၀၁၆ ခုနှစ်တွင် ဗိုလ်ချုပ်ကြီး ပရာယွတ်ချန်အိုချာ၏ စစ်တပ် ကျောထောက်နောက်ခံပြု အစိုးရသည် ထိုင်းနိုင်ငံအား ဒစ်ဂျစ်တယ်အသွင်ပြောင်းရန်နှင့် နိုင်ငံကို အလယ်အလတ် ဝင်ငွေထောင်ချောက်မှ လွတ်မြောက်ရန် ရည်ရွယ်သည့် ၎င်း၏ အဓိကမူဝါဒတရပ် ဖြစ်သည့် “ထိုင်းနိုင်ငံ ၄.၀” ကို ထုတ်ဖော်ပြသခဲ့သည်။  ၂၀၁၇ ခုနှစ်တွင် ထုတ်ပြန်ခဲ့သည့် ၁၂ ခုမြောက် အမျိုးသား စီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးတိုးတက်မှု ၅ နှစ်တာ စီမံကိန်းတွင် အစိုးရကို ဒစ်ဂျစ်တယ်စနစ်ဖြင့် အသွင် ကူးပြောင်းခြင်းနှင့် “S-Curve” ပုံစံဖြင့်တိုးတက်ရန် ရည်ရွယ်သည့် ရှေ့တန်းတင် စက်မှုလုပ်ငန်းများကို မြှင့်တင်ခြင်း တို့ပါ၀င်သည့် “ထိုင်းနိုင်ငံ ၄.၀” အယူအဆကို အလေးပေးဖော်ပြခဲ့သည်။ ၂၀၁၆ ခုနှစ်တွင် ဒစ်ဂျစ်တယ်စီးပွားရေးနှင့်လူ့အဖွဲ့အစည်း (MODES) ဟုအမည်သစ်ပေးထားသည့် ဝန်ကြီးဌာနတခုကို ဖော်ဆောင်ခဲ့ပြီး “ဒစ်ဂျစ်တယ်စီးပွားရေးမြှင့်တင်ရေးအေဂျင်စီ” (DEPA) ကို “စမတ်မြို့များ” သို့မဟုတ် (ထိုင်းဘာသာဖြင့် မူးအန်းအာ့ကျရိယ) ကို မြှင့်တင်ရန် လုပ်ပိုင်ခွင့်ပေးခဲ့သည်။ DEPA သည် စမတ်မြို့ပြ အယူအဆကို လူကြိုက်များအောင် ကူညီပေးခဲ့သော်လည်း ၎င်းတို့သည် ဒစ်ဂျစ်တယ် ပလက်ဖောင်းများနှင့် မြို့ပြ အုပ်ချုပ်မှုဆိုင်ရာ အက်ပ်ပလီကေးရှင်းများကို မြှင့်တင်ပေးသည့် အစိုးရရော၊ အစိုးရမဟုတ်သည့် အဖွဲ့အစည်း များစွာအနက်မှ တခုသာ ဖြစ်သည်။ ထိုင်းနိုင်ငံ၏ ဗဟိုချုပ်ကိုင်မှုများသော ဘဏ္ဍာရေးစနစ် အတွင်း ဒစ်ဂျစ်တယ်ပလက်ဖောင်းများသည် စွန့်ဦးတီထွင်ဆောင်ရွက်လိုသည့် ဒေသန္တရ အစိုးရ အရာရှိများအနေဖြင့် ရှားပါးသောဘတ်ဂျက်များကို အသုံးချရန်နှင့် ပြည်သူများအကြား တရားဝင်မှုကို တည်ဆောက်ရန် ကိရိယာတခုဖြစ်လာသည်။ ဤဆောင်းပါးတွင် နိုင်ငံရေးသမားနှစ်ဦးက ပလက်ဖောင်း အုပ်ချုပ်ရေးကို မည်ကဲ့သို့ ဆောင်ရွက်ခဲ့သည်ကို တင်ပြထားပါသည်။ တဦးမှာ ၂၀၂၂ ခုနှစ် ဘန်ကောက် မြို့တော်ဝန် ရွေးကောက်ပွဲတွင် အပြတ်အသတ်အနိုင်ရရှိခဲ့သော ချက်ချာ့ထ်စစ်ထိဖန် ဖြစ်ပြီး ၂၀၁၄ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် ပထမဆုံးသော ဘန်ကောက်မြို့တော်ဝန်အဖြစ် ရွေးကောက် တင်မြှောက်ခံရသူ ဖြစ်သည်။ နောက်တဦးမှာ တောင်ပိုင်းမြို့ငယ်လေး နခုန်စီထမာရတ်မြို့၏ မြို့တော်ဝန် ဒေါက်တာ ခနို့ပ်ကေသုချာ့ထ် ဖြစ်သည်။

ဘန်ကောက်- ချက်ချာ့ထ် နှင့် Traffy Fondue

Chadchart Sittipunt, the 17th Governor of Bangkok. Wikipedia Commons

၂၀၂၂ ခုနှစ်တွင် ချက်ချာ့ထ်စစ်ထိဖန် သည် မြို့တော်ဝန်ရွေးကောက်ပွဲတွင် ဘန်ကောက်၏ ခရိုင်အားလုံးတွင် အနိုင်ရရှိခဲ့သည်။ ယခင် ဖုထိုင်းအစိုးရတွင် သယ်ယူပို့ဆောင်ရေးဝန်ကြီးအဖြစ် တာဝန် ထမ်းဆောင်ခဲ့ဖူးသော် လည်း ချက်ချာ့ထ် သည် တသီးပုဂ္ဂလအနေဖြင့် ဝင်ပြိုင်ခြင်း ဖြစ်သည်။ သူက ထိုင်းမြို့တော်၏ မြို့ပြ ပြဿနာများကို နည်းပညာနှင့် နိုင်ငံသားပါဝင်ဆောင်ရွက်မှုဖြင့် ဖြေရှင်းပေးမည့် ပညာရှင်တဦးအနေဖြင့် မဲဆွယ်ခဲ့သည်။ သူက ဆိုသည်မှာ “ကျွန်တော်တို့ရဲ့ တာဝန်က ဒီမိုကရေစီစနစ်အပေါ် ပြည်သူလုထု ယုံကြည်ကိုးစားမှု ပြန်လည်ရရှိရန်ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဆယ်နှစ်တာအတွင်း လူတွေအနေနဲ့ စနစ်အပေါ်မှာ ယုံကြည်မှု ဆုံးရှုံးသွားပြီး အကျင့်ပျက်ခြစားနေတယ်လို့ ခံစားနေရပါတယ်။ ကျွန်တော်တို့ရဲ့ တာဝန်က ပြည်သူ လူထုရဲ့ ယုံကြည်မှု ပြန်ရအောင် ဆောင်ရွက်ဖို့ ဖြစ်ပါတယ်” 4 ဟု တင်ပြခဲ့သည်။ ၎င်း၏ မဲဆွယ် စည်းရုံးရေးအတွင်း ချက်ချာ့ထ်၏အဖွဲ့က မူဝါဒ ၂၀၀ကျော် ကိုထုတ်ပြန်ခဲ့သော်လည်း ၎င်း၏ အဓိက သဘောတရားများထဲမှ တခုမှာ “သွေးကြောမျှင်ပြဿနာများ” ဟုခေါ်သည့်အရာကိုဖြေရှင်းခြင်းဖြစ်ပါသည် ။ ဘန်ကောက်မြို့သည် BTS Skytrain ကဲ့သို့ ကောင်းမွန်သော ကြီးမားသည့် သယ်ယူပို့ဆောင်ရေး အခြေခံ အဆောက်အအုံ ရှိသော်လည်း ရပ်ကွက်အဆင့် ဆွိုင်ဟုခေါ်သည့် လမ်းကြားများနှင့် အလွတ် သဘော ဖြစ်နေသည့် အသိုင်းအဝိုင်းများကို လျစ်လျူရှုထားပါသည်။

ချက်ချာ့ထ် ၏ အဓိက မှတ်ကျောက်တင်ကြိုးပမ်းမှု တခုမှာ Traffy Fondue ဟုခေါ်သည့် နိုင်ငံသား တိုင်ကြားမှု ပလက်ဖောင်းကို ဖြန့်ကျက်ခြင်း ဖြစ်ပါသည်။ ချက်ချာ့ထ် သည် Traffy ကို စတင်ဖော်ဆောင်ခဲ့သူ မဟုတ် သော်လည်း ဘန်ကောက်မြို့တော်ဝန်အဖြစ် သူ့၏ ရာထူးကို အသုံးချပြီး ယင်းပလက်ဖောင်းကို လူသိ များလာစေရန် ဆောင်ရွက်ခဲ့ပါသည်။ ချက်ချာ့ထ် က ကျွန်တော့်ကို ပြောသည်မှာ ” ပြည်သူတွေဆီက ခပ်မြန်မြန် အမှတ်ရဖို့ လိုပါတယ်။ Traffy က အမြန်အမှတ်ရနိုင်တယ့် စီမံချက်လို့ ကျွန်တော်ထင်ပါတယ်” 5 ဟု ပြောခဲ့ပါသည်။ ၂၀၂၃ ဩဂုတ်လတွင် Traffy တွင် ပြည်သူ့တိုင်ကြားလွှာ ၄၀၇၀၀၀ ရရှိခဲ့ပြီး ယင်းတို့အနက် ၇၀ % ကျော် ၂၉၉၀၀၀ကို အစိုးရအေဂျင်စီများက “တုံ့ပြန်ဆောင်ရွက်ထားပြီး”  ဖြစ်သည်။ ယင်းသည် ရိုးရှင်းသော ပလက်ဖောင်းဖြစ်ပြီး နာမည်ကြီး Line messaging app ဖြစ်စေ၊ ယင်းကိုယ်ပိုင်အက်ပ်ရှိ ချက်ဘော့ပ်ပါ စာသားပေးပို့ခြင်းမှ ဖြစ်စေ နှစ်မျိုးလုံးအသုံးပြုနိုင်သည်။ ပြည်သူများအနေဖြင့် လမ်းချိုင့်များ သို့မဟုတ် လျှပ်စစ်ဝိုင်ယာကြိုးများ ပြတ်ကျနေခြင်းကဲ့သို့သော ၎င်းတို့၏ပတ်ဝန်းကျင်ရှိ ပြဿနာတခုခုအား သတင်းပို့ကာ၊  သက်ဆိုင်ရာအစိုးရအေဂျင်စီ သို့မဟုတ် ခရိုင်ရုံးက တုံ့ပြန်ရန် သို့မဟုတ် ပြင်ဆင်ရန် အဖွဲ့တဖွဲ့ စေလွှတ်ရခြင်း ဖြစ်သည်။ အက်ပလီကေးရှင်းသည် ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့သော DEPA ၏ စမတ် မြို့ရှေ့ပြေးပရောဂျက်၏ တစိတ်တပိုင်းဖြစ်သည့် ဖူးခက်ရှိ အလိုအလျောက် အမှိုက်စုဆောင်းမှုစနစ် (၂၀၁၈ ပရောဂျက်) တွင် မြစ်ဖျားခံသည်။ Traffy စနစ်ဖော်ဆောင်ခြင်းကို အမျိုးသား အီလက်ထရွန်နစ် နည်းပညာစင်တာ (NECTEC) မှ ဒေါက်တာ ဝါ့ဆန်းပါတရာအတိခွန် က ဦးဆောင်ခဲ့သည်။ အမျိုးသား သိပ္ပံအေဂျင်စီ (NSTDA) ၏ ဌာနခွဲတခုဖြစ်သည်။ အမျိုးသားအေဂျင်စီတခုမှ တီထွင်ထားပြီး ဖြစ်သောကြောင့် ထပ်မံသုံးစွဲရသည့် ကုန်ကျစရိတ်လည်း နည်းပါးပါသည်။

Traffy* Fondue: Citizen Engagement & Empowerment Platform https://www.traffy.in.th/

စီးပွားဖြစ်စီးပွားရေးပုံစံတခုအဖြစ် စတင်ပေါ်ပေါက်လာသော ပလက်ဖောင်း၏ စဥ်းစားချက်ကို အုပ်ချုပ်မှုပုံစံ အဖြစ် လက်ခံကျင့်သုံးလာခြင်း ဖြစ်သည်။ ဒေါက်တာဝါ့ဆန်းပြောသည့်အတိုင်း Traffy Fondue သည် Grab နှင့် အခြားသောအွန်လိုင်းစျေးကွက်များကဲ့သို့ပင် ဝန်ဆောင်မှုပေးသူများနှင့် ဝန်ဆောင်မှု သုံးစွဲလိုသူများ အချင်းချင်း ဆုံစည်းနိုင်သည့် နေရာတခု ဖြစ်ပါသည် ။ 6ချက်ချာ့ထ် က “ပလက်ဖောင်းတွေမှာ အရေးကြီးတဲ့ အရည်အသွေး လေးမျိုးရှိပါတယ်—ထိန်းချုပ်ထားသူ မရှိခြင်း၊ လူတိုင်းက ညီတူညီမျှ ဖြစ်ခြင်း၊ ပွတ်တိုက်မှု မရှိခြင်းနှင့်၊ အရှိန်အဟုန်ဖြင့် မြန်မြန်ဆန်ဆန် လုပ်နိုင်ခြင်းတို့ ဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။ “ကိုယ်တိုင်ဘာမှ မှာနေစရာမလိုဘူးလေ၊ တာဝန်ရှိပုဂ္ဂိုလ်တွေက ပလက်ဖောင်းကိုလာပြီး ပြဿနာတွေကို ဖြေရှင်းပေးတယ်၊ ဆောင်ရွက်ပြီးစီးသွားရင် ပြန်ပြီးအစီရင်ခံတယ်” ဟု သူက ဆိုပါတယ်။ ပြည်သူများနှင့် ယုံကြည်မှုတည်ဆောက်ရန် ကိရိယာတခုအဖြစ် ရှိနေကြောင်း ၎င်းက ထောက်ပြသည်။ “လူတွေကို မျှမျှတတဆက်ဆံရင် သူတို့က ယုံကြည်မှု​ ရှိလာပါတယ်။ Traffy Fondue က လူတွေရဲ့ ယုံကြည်မှုကို တိုးတက်စေပါတယ်” 7 ဟု ဆိုပါသည်။

ဘန်ကောက်မြို့တော် အုပ်ချုပ်ရေး အဖွဲ့ (BMA) သည် ပလက်ဖောင်းပေါ်တွင် ဖော်ပြထားသော တိုင်ကြားစာအားလုံးကို တိုက်ရိုက်တုံ့ပြန်ခြင်းမပြုနိုင်သော်လည်း စနစ်သည် ပြည်သူများက တင်ပြသော ပြဿနာများကို ခရိုင်နှင့် ဌာနများ မည်သို့တုံ့ပြန်နေကြောာင်း ဒေတာနှင့် မြင်နိုင်စွမ်းကို ပေးဆောင်ပါသည်။ ဒက်ရှ်ဘုတ် မြေပုံတခုပေါ်တွင် တိုင်ကြားစာအမျိုးအစားနှင့် မည်သည့်နေရာတွင် မည်သည့် ပြဿနာ ရှိနေကြောင်းကို ပြသသည်။ ယင်းကိုကြည့်ပြီး မြို့တော်နှင့် ၎င်း၏ “သွေးကြောမျှင်ပြဿနာများ” အတွက် အသုံးဝင်သော အချက်အလက်များကို ဖန်တီးပေးသည်။ ဤနည်းအားဖြင့် Traffy သည် ဘန်ကောက်မြို့တော် အုပ်ချုပ်ရေး အဖွဲ့ (BMA) က ဒေသဆိုင်ရာ ခရိုင်ခေါင်းဆောင်များ၏ ထိရောက်မှုကို စောင့်ကြည့်ကူညီရန် နည်းလမ်းတခု ဖြစ်လာသည် (ဘန်ကောက်တွင် ခရိုင် သို့မဟုတ် khet ၅၀ ရှိပါသည်)။ 8 BMA သည် ပိုမို ထိရောက်မှုရှိသော ခရိုင်များမှ ၎င်းတို့၏ အတွေ့အကြုံများကို မျှဝေရန်အတွက် အလုပ်ရုံ ဆွေးနွေးပွဲများကို ပြုလုပ်ပါသည်။  ယခုအခါ အက်ပ်ပလီကေးရှင်းကို အခြားအေဂျင်စီများပါ သုံးစွဲလာပြီး လက်ရှိတွင် ထိုင်းနိုင်ငံ တဝှမ်းရှိ မြူနီစပယ်မြို့နယ် ၁၃၀၀ နှင့် ပြည်နယ် ၁၄ ခုတွင် အသုံးပြုနေပြီ ဖြစ်ပါသည် 9။ ပြဿနာကို အလိုအလျောက် ကိုင်တွယ်ဖြေရှင်းနိုင်စေရန် AI ကဲ့သို့သော လုပ်ဆောင်ချက်အသစ်များနှင့် ခွဲခြမ်းစိတ်ဖြာနိုင်စွမ်းများကို ထည့်သွင်းရန် အစီအစဉ်ရှိပါသည်။

Traffy အောင်မြင်နေသော်လည်း ကြီးကြီးမားမား အပြောင်းအလဲများ ဆောင်ရွက်ရန် မြို့တော်ဝန် ချက်ချာ့ထ် ကလုပ်နိုင်မလား ဆိုသည်ကို သံသယရှိပါသည်။ BMA ၏ ဘဏ္ဍာရေးဆိုင်ရာ ကိုယ်ပိုင်အုပ်ချုပ်ခွင့် အကန့်အသတ်နှင့် အရိုးစွဲနေပြီဖြစ်သည့် ဗျူရိုကရေစီယန္တယားတို့ကြောင့် ဖြစ်ပါသည်။ 10ဘန်ကောက်၏ အခြေခံအဆောက်အဦ အများအပြားသည် BMA ၏ တိုက်ရိုက်ထိန်းချုပ်မှုအောက်တွင် မရှိပါ။ ဥပမာအားဖြင့် လျှပ်စစ်ကဏ္ဍကို သီးခြားအေဂျင်စီဖြစ်သော MEA က စီမံခန့်ခွဲပါသည်။ ပင်မလမ်းမကြီးများကို ပြည်ထဲရေး ဝန်ကြီးဌာနက စီမံခန့်ခွဲသည်။ ကြီးမားသော မြေအောက်ရေလွှဲဥမင်လိုဏ်ခေါင်းစနစ်ကဲ့သို့သော အကြီးစား အခြေခံအဆောက်အအုံစီမံကိန်းများက Traffy ပေါ်တွင် ရေတိုဖြေရှင်းပေးနိုင်သည့် အတိုင်းအတာ ထက်ကျော်လွန်ပါသည်။ မြို့တော်ဝန် ချက်ချာ့ထ် က Traffy သုံးစွဲရေးကို မြှင့်တင်နေသော်လည်း သူကိုယ်တိုင်က ဒစ်ဂျစ်တယ်ပလက်ဖောင်းများကို အားကိုးလွန်ခြင်း၏အန္တရာယ်များနှင့် ပတ်သက်၍ “ဒါတွေက တချို့မညီမျှမှုတွေကို ဖန်တီးနိုင်တယ် — ပြည်သူတချို့က ပလက်ဖောင်းတွေ သုံးစွဲတာမျိုး လုပ်နိုင်မှာ မဟုတ်ဘူး” ဟု သတိပေးခဲ့သည်။ အချို့ ပြည်သူများထံသို့ ရောက်ရှိရန်မှာ မျက်နှာချင်းဆိုင် တွေ့ဆုံမှုများ ပိုမိုပြုလုပ်ရန် လိုအပ်ကြောင်း သူက အဆိုပြုခဲ့သည်။

Ratchadamnoen Rd. , Nakhon Si Thammarat. Wikipedia Commons

နခုန်စီထမာရတ်- လိုင်းပေါ်ရှိ စမတ်စီးတီး

နခုန်စီထမာရတ်မြို့ (NST) သည် ထိုင်းနိုင်ငံတောင်ပိုင်းရှိ ရှေးဟောင်းမြို့တမြို့ဖြစ်ပြီး ၎င်း၏ ဗုဒ္ဓဘာသာဘုရားကျောင်းများနှင့် စာသင်ကျောင်းများကြောင့် လူသိများပြီး ဒေသတွင်းရှိ သမိုင်းဝင် အချက်အချာနေရာလည်း ဖြစ်သည်။ မြို့တော်စည်ပင် နယ်နိမိတ်အတွင်း လူဦးရေမှာ တသိန်းဝန်းကျင် ရှိပြီး ပြည်နယ်တွင်နေထိုင်သူ ၁.၅ သန်းဝန်းကျင်ရှိသည်။ လက်ရှိ မြို့တော်ဝန် ဒေါက်တာ ခနို့ပ်ကေ့သ်ချာ့ထ်  သည် NST ကို “လူသားဗဟိုပြု စမတ်မြို့” အဖြစ် ပြောင်းလဲရန် စီမံချက်များကို ကြီးကြပ်ခဲ့သည်။ ၄င်းတို့အနက် ဒေသတွင်း စာသင်ကျောင်းများတွင် နည်းပညာ သုံးစွဲမှု မြှင့်တင်ခြင်းနှင့်  ပြည်သူများနှင့် ထိတွေ့ဆက်ဆံမှု ပလက်ဖောင်း “My City” ကို အသုံးပြုခြင်းများ ပါဝင်သည်။ Siam Inno City ဟုခေါ်သော ထိုင်းကုမ္ပဏီသစ်တခုက ထိုင်းနှင့် ထိုင်ဝမ်တို့တွင် အသုံးများသော ဂျပန်အခြေစိုက် စာတိုပေးပို့ခြင်းအက်ပ် Line ၏ API ကို အသုံးပြု၍ “Smart City on Line” ကို တီထွင်ခဲ့သည်။ Traffy Fondue နှင့် ဆင်တူသော်လည်း၊ အင်တာဖေ့စ်ကို ဂျပန်နိုင်ငံ၊ ဖူကူအိုကာမြို့ကသုံးသည့် Line အခြေုပြုအက်ပ်ပုံစံ ထုတ်ထားခြင်းဖြစ်သည် 11။ @nakhoncity အက်ပ်အား စည်ပင်သာယာရေးအဖွဲ့နှင့် Siam Inno City တို့ကြား ပူးပေါင်းဆောင်ရွက် ဖန်တီး ခြင်း ဖြစ်ပြီး DEPA က နိုင်ငံတော်အဆင့်ရန်ပုံငွေရရှိရန်နှင့် ထိုင်းနှင့်ပြည်ပတွင် ယင်းကို သုံးစွဲမှုမြှင့်တင်ရန် အကူအညီပေးခဲ့ခြင်း ဖြစ်သည်။ ပလက်ဖောင်း၏ အဓိက အင်တာဖေ့စ်သည် Line ချန်နယ် @Nakhoncity ဖြစ်ပြီး၊ Line အကောင့်ရှိသူတိုင်း စာရင်းသွင်းပြီး ဖော်လိုလုပ်ထားလို့ ရပါသည်။ “ထိုင်းမှာက လူ တော်တော်များများက သတင်းထူးတွေသိရဖို့ တရားဝင် Line အကောင့်ကို ဖော်လိုလုပ်ကြပါတယ်။ ဒီတော့ကာ သီးသန့်အက်ပ်အသစ်တခုလုပ်ပြီး ဒေါင်းလုဒ်ထပ်လုပ်နေရတာထက်စာရင် ဒီဟာက ပိုအဆင်ပြေပါတယ်” ဟု DEPA မှ ကျွမ်းကျင်သူ ဒေါက်တာ Non Arkaraprasertkul က ပြောကြားခဲ့ပါသည်။ မြို့တော်ဝန်ခနို့ပ်က စတင်ဆောင်ရွက်စဥ်က ရေကြီးချိန်တွင် ပြည်သူများအား ကြိုတင်သတိပေးနိုင်ရန် ပလက်ဖောင်းတခုကို ဖန်တီးရန် ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။ အာရုံခံကိရိယာများဖြင့် စောင့်ကြည့်ပြီး အချို့သော ရေလှောင်ကန်များတွင် စိုးရိမ်ရေမှတ် ရောက်လာပါက သတိပေးနိုင်ရန် ရည်ရွယ်ခြင်း ဖြစ်သည်။  နောက်ပိုင်းတွင် ပြည်သူ့ တိုင်ကြားလွှာ ပလက်ဖောင်းနှင့် CCTV ကင်မရာများကို တိုက်ရိုက် ကြည့်ရှုနိုင်စေမည့် လုပ်ဆောင်ချက်များကို တဖြည်းဖြည်းထည့်သွင်း လာပါသည်။ ပြည်သူ့ တိုင်ကြားလွှာများမှ စုစည်းထားသောဒေတာကို ဒက်ရှ်ဘုတ်မျက်နှာပြင်တွင်  တိုင်ကြားမှုများ၏ တည်နေရာနှင့်တကွ ပြသသည့် မြေပုံများပါရှိပြီး မြို့တော်အရာရှိများအတွက် အကျဉ်းချုပ်ဒေတာကို ထုတ်ပေးပါသည်။

@nakhoncity: https://www.nakhoncity.org/

မြို့တော်ဝန်က ပလက်ဖောင်းသည် ၎င်း၏ ရိုးရှင်းသော အုပ်ချုပ်မှု အတွေးအခေါ်ကို မည်ကဲ့သို့ ထင်ဟပ်ကြောင်း ဖော်ပြသည်။ သူက ဆိုသည်မှာ “‪ကျွန်တော်က ခေါင်းဆောင်ဆိုတာမျိုးထက် ပြည်သူတွေကို အရင်းအမြစ်များ ခွဲဝေပေးနိုင်တဲ့ ရာထူးနေရာလို့ မြင်ပါတယ်။ ပြည်သူတွေရဲ့ ဦးဆောင်မှု နောက်ကို ကျွန်တော်က လိုက်ပါတယ်။ သူတို့ ဘာပဲလိုချင်ပါစေ ကျွန်တော်က ဖြည့်ဆည်းပေးရမယ့် နောက်လိုက်ဖြစ်ပါတယ်။​ ငှက်​​တွေ အတူပျံကြသလိုပေ့ါ။ ​ရှေ့ကသန်​မာတဲ့ငှက်​က​ပျံပြီး အားနည်းတဲ့သူတွေက ​နောက်​က​နေ လိုက်ပါတယ် 12” ဟု ဆိုပါသည်။ မြို့တော်ဝန်ရုံး၏အဆိုအရ ပြည်သူ ၄၄၀၀၀ (၄၀%) က ချန်နယ်ကို အသုံးပြုနေကြပြီ ဖြစ်ပါသည်။ တိုင်ကြားစာတင်ပြီး ၄၈ နာရီအတွင်း ပြည်သူများ၏ ပြဿနာများကို ဖြေရှင်းရန် လိုအပ်ကြောင်း မြို့တော်ဝန်က ပြောကြားခဲ့သည်။ “တကယ်လို့ ပြဿနာက မပြေလည်သေးဘူးဆိုရင်တော့ ကိုယ့်ခေါင်းပေါ်ပဲ။ မြို့တော်ဝန်မှာ နောက်ဆုံး တာဝန်ရှိပါတယ်။ ပြည်သူတွေက ကိုယ့်ကို ရွေးကောက် တင်မြှောက်ထားတာဖြစ်တဲ့အတွက် သန့်ရှင်းရေးလုပ်ဖို့ ထရပ်ကားကြီး မောင်းသွားရင် သွားရပါစေ သွားလုပ်ဖို့ ကိုယ့်မှာ တာဝန်ရှိပါတယ်” ဟု မြို့တော်ဝန်က ဆိုပါသည်။ မြို့တော်ဝန်ရုံး၏အဆိုအရ အဆိုပါပလက်ဖောင်းသည် လည်ပတ်မှုတွင် ဘတ် ၁၀ သန်း (ဒေါ်လာ ၂၇၅,၀၀၀) သက်သာခဲ့သည်ဟု ဆိုပါသည်။ သေးငယ်သောမြို့ငယ်လေးအတွက်တော့ ယင်းငွေပမာဏကို အရေးမပါဟု ဆိုလို့မရသည့် ပမာဏ ဖြစ်ပါသည်။ Line ကို အဓိက ဆက်သွယ်ရေး ပလက်ဖောင်းအဖြစ် သုံးစွဲသည့် ဂျပန်နှင့် ထိုင်ဝမ်သို့ MyCity အက်ပ်ကို ချဲ့ထွင်ရန် ဆက်လက် ကြိုးပမ်းလျက် ရှိပါသည်။

နိဂုံး

ဤဆောင်းပါးတွင် ထိုင်းနိုင်ငံတွင်းရှိ နိုင်ငံရေး ပါဝင်ပတ်သက်သူ အသီးသီးက “ပလက်ဖောင်း” အယူအဆကို မိမိတို့ လိုသလို သင့်လျော်အောင် အသုံးချပုံကို တင်ပြထားပါသည်။ ရွေးကောက်ပွဲတွင် ပြည်သူ့ ယုံကြည်ကိုးစားမှု ရရှိရန်အတွက် စည်းရုံးပြောဆိုရာတွင် အသုံးချသလို အမှန်တကယ် မြို့ပြပြဿနာများကို ဖြေရှင်းရာတွင်လည်း သုံးစွဲသည်ကို တွေ့ရပါသည်။ ပိုမိုနက်ရှိုင်းသော အင်စတီကျူးရှင်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ မရှိသေးသည့်အတွက် ထိုပလက်ဖောင်းများသည် မည်မျှထိရောက်ကြောင်း ပြောရန် စောပါသေးသည်။ မြို့ပြအခြေခံအဆောက်အဦများအတွက် ဘဏ္ဍာရေးရန်ပုံငွေများမှာ အထူးသဖြင့် ဘန်ကောက်မြို့အပြင်ဘက် ဒုတိယအဆင့် မြို့ကြီးများတွင် အကန့်အသတ်ဖြင့် ရှိနေပါသည်။ မကြာသေးမီ ၂၀၂၃ ခုနှစ် မေလ အထွေထွေရွေးကောက်ပွဲတွင် မဲအများဆုံးရခဲ့သော်လည်း စစ်အစိုးရက ခန့်အပ်ထားသော အထက်လွှတ်တော်မှ အာဏာရယူခြင်းမှ ပိတ်ပင်ခံခဲ့ရသည့် Move Forward ပါတီ (MFP) က ၎င်းတို့၏ မဲဆွယ်စည်းရုံးမှုတွင် ဗဟိုချုပ်ကိုင်မှုလျှော့ချရေး ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ရန် တင်ပြ စည်းရုံးခဲ့သည်။ ၄င်းတို့သည့် အထူးသဖြင့် မြို့ကြီးများနှင့် လူငယ်များထံမှ ကျယ်ကျယ်ပြန့်ပြန့် ထောက်ခံမှု ရရှိခဲ့သည်။ ထိုင်းနိုင်ငံရှိ မြို့တော်ဝန်များက လက်ရှိအသုံးပြုနေသည့် ပလက်ဖောင်းများသည် မြို့ပြပြဿနာများကို နိုင်ငံရေးသမားများအနေဖြင့် အလေးထားဖြေရှင်းရန် ပြည်သူများက လိုလားနေကြောင်း ပြသနေသည်။ ချက်ချာ့ထ် က “ပြည်သူတွေအနေနဲ့ သူတို့၏ ထင်မြင်ယူဆချက် တွေကို ဖော်ပြဖို့ ပလက်ဖောင်းတခုရှိသဖြင့် ယခင်ကထက် ပိုပြီးအားကောင်းလာမှာ ဖြစ်ပါတယ်” ဟုဆိုသည့်အတိုင်း ဖြစ်ပါသည်။ ရှေ့ဆက်သွားရန် ကြီးမားသောမေးခွန်းမှာ ထိုင်းနိုင်ငံရှိ “ပလက်ဖောင်းအုပ်ချုပ်ရေး” သည် နိုင်ငံရေး သို့မဟုတ် အင်စတီကျူးရှင်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ရန်နှင့် မြို့ပြတိုးတက်မှုများ ဖြစ်လာစေရန် အထောက်အကူဖြစ်စေမည်လား သို့မဟုတ် ပိုမိုကြီးမားသော ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ဖို့ကို  အဟန့်အတား ဖြစ်စေမည့် လက်ပူတိုက် ဖြေရှင်းနည်းအနေနှင့်သာ ရှိနေမည်လား ဆိုသည့် မေးခွန်းကတော့ ဆက်လက်ရှိနေမည် ဖြစ်ပါတော့သတည်း။ ။

Andrew Stokols
PhD Candidate, MIT Department of Urban Studies and Planning

Notes:

  1. Ansell, Christopher, and Satoshi Miura. 2020. “Can the Power of Platforms Be Harnessed for Governance?” Public Administration 98 (1): 261–76
  2. ၂၀၂၃ ခုနှစ် ရွေးကောက်ပွဲတွင် အာဏာရ ညွန့်ပေါင်း ဗိုလ်ချုပ်ကြီး ပရာယွတ်ကို ဖြုတ်ချနိုင်ခဲ့သော်လည်း စစ်တပ်သည် နိုင်ငံရေးတွင် အရေးပါနေသေးသည်။
  3. ]https://www.bangkokpost.com/opinion/opinion/2336748/city-hall-needs-a-much-larger-budge
  4. ချက်ချာ့ထ် စစ်ထိဖန် , 2023 presentation to the Thai students association at Harvard Graduate School of Design
  5. ချက်ချာ့ထ် စစ်ထိဖန် ၊ သြဂုတ် ၂၅၊ ၂၀၂၃ အင်တာဗျူး
  6. https://adaymagazine.com/traffy-fondue/
  7. ချက်ချာ့ထ် အင်တာဗျူး၊ သြဂုတ် ၂၅၊ ၂၀၂၃
  8. ၁၉၇၂ ဘန်ကောက် မက်ထရိုပိုလစ် ပြင်ဆင်ရေးတွင် ဘန်ကောက်မြို့တော်ကို အထူးအုပ်ချုပ်ရေး ဒေသသတ်မှတ်ပြီး ပြည်နယ်အဆင့်နှင့် တန်းတူ သတ်မှတ်ထားသည်။ ခရိုင် khet ၅၀ ရှိပြီး နှင့် ခရိုင်ခွဲ ၁၈၀ ရှိသည်
  9. https://www.nationthailand.com/thailand/general/40031089
  10. ၂၀၂၃ ခုနှစ်တွင် BMA ၏ဘတ်ဂျက်သည် ဘတ်သန်း ၈၀ ဖြစ်သည်၊
  11. Siam Inno City Founder Pornchai Leamsuksai နှင့် တွေ့ဆုံမေးမြန်းခန်း
  12. Quotes from Mayor Kanop are from a February 2023 visit by the author to Nakhon Si Thammarat