လေဆဲဖဲလ်စီးပွားရေးစနစ် (Laissez-Faire) ၏အဆုံးသတ်လေလား စင်္ကာပူနှင့် ထိုင်းနိုင်ငံတို့တွင် ကိုဗစ်-၁၉ ကပ်ရောဂါအလွန် အလွတ်တန်း စီးပွားရေး (gig economy)ကို ထိန်းကျောင်း အုပ်ချုပ်ခြင်း

Gerard McCarthy

ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားပြီးနောက် ကမ္ဘာတဝှမ်းနှင့် အထူးသဖြင့် အရှေ့တောင်အာရှတွင် အလွတ်တန်း အလုပ်များနှင့် သက်ဆိုင်သော စီးပွားရေး (gig economy) တွင်ကျယ်လာခဲ့သည်။ သုံးစွဲသူများအနေဖြင့် လိုချင်သည့်အချိန် မှာယူလို့ရခြင်းအပေါ် မှီခိုအားထားမှု တိုးပွားလာခြင်းနှင့် လော့ခ်ဒေါင်းချထားပြီး စီးပွားရေးလုပ်ငန်းများ ရပ်နားထားရချိန်တွင် လူသန်းပေါင်းများစွာသည် မိမိတို့၏ အသက်မွေးဝမ်းကျောင်းအတွက် ပလက်ဖောင်းအလုပ်များကို မှီခိုလာရခြင်းတို့ကြောင့် ဒေသတွင်းရှိ အိမ်ထောင်စုများနှင့် စီးပွားရေးလုပ်ငန်းများအနေဖြင့် ယခင်ကထက် အလွတ်တန်း အလုပ်များကို ပိုမိုဗဟိုပြုလာခဲ့ရသည်။

အလုပ်သမားများအနေဖြင့် ပိုမိုကောင်းမွန်သော အခြေအနေများ ရရှိရန် တောင်းဆိုမှု ကြီးထွားလာခြင်းအပါအဝင် အပါအဝင် နိုင်ငံရေးနှင့် နည်းပညာဆိုင်ရာ စိုးရိမ်မှုများကြောင့် ကမ္ဘာမြောက်ပိုင်းနိုင်ငံများတွင်ရော၊ ကမ္ဘာ့တောင်ပိုင်းနိုင်ငံများတွင်ပါ ပေါ်လစီချမှတ်သူများသည် လွန်ခဲ့သည့် ဆယ်စုနှစ်အတွင်းကျင့်သုံးခဲ့သည့် လေဆဲဖဲလ်စီးပွားရေးစနစ် (laissez-faire) ချဉ်းကပ်မှု (သို့မဟုတ်) မထိန်းကျောင်းဘဲ လွှတ်ထားခြင်းကို ပြန်လည်ပြင်ဆင်ရန် ဖိအားပေးခံနေရသည်။ အရှေ့တောင်အာရှတွင်လည်း အာဏာရှင်အစိုးရများရော၊ တပိုင်းအစိုးရများပါ အစိုးရများသည် ။ ဤကဏ္ဍအတွင်းရှိ ကယ်ရီပို့သူများနှင့် ယာဉ်မောင်းများ၏ မရေရာသော ဘဝဖြစ်နေသည့် အခြေအနေကို တုံ့ပြန်ရန် စိန်ခေါ်မှုကို ကြုံတွေ့နေရသည်။ ထိုင်းနှင့် စင်္ကာပူရှိ ပြုပြင်ပြောင်းလဲရေး ချဉ်းကပ်ပုံတွင် အပြောင်းအလဲများနှင့် လမ်းကြောင်းများကို ဆန်းစစ်ခြင်းဖြင့် ဒီမိုကရေစီ မဟုတ်သော နိုင်ငံများနှင့် ဒီမိုကရေစီတပိုင်း အစိုးရများတွင် မူဝါဒနှင့် စည်းမျဉ်းများ ပြောင်းလဲခြင်း၏ ယန္တရားများ၊ ကန့်သတ်ချက်များနှင့် အန္တရာယ်များကို တွေ့ရမည် ဖြစ်ပါသည်။ 1

ဘေးဖယ်ခံထားရသော အလုပ်သမားများနှင့် အစိုးရ ထိန်းကျောင်းရေး

အလွတ်တန်း အလုပ်များနှင့် သက်ဆိုင်သော စီးပွားရေး (gig economy) တွင်ရှိသည့် ပြဿနာများ အပေါ် အရှေ့တောင်အာရှ အစိုးရများ၏ တုံ့ပြန်မှုမှာ လုပ်သားများ၏ နိုင်ငံရေးနှင့် မူဝါဒဆိုင်ရာ ဆုံးဖြတ်ချက်များချမှတ်ရာတွင် သြဇာလွှမ်းမိုးနိုင်မှု အကန့်အသတ်ရှိမှုအပေါ် မူတည်နေသည်။ ထိုင်းနှင့် စင်္ကာပူနှစ်နိုင်ငံစလုံးတွင်၊ တစ်ကမ္ဘာလုံး အခြားနေရာများတွင် ကြုံတွေ့ရသလိုပင် ကယ်ရီသမားများနှင့် ယာဉ်မောင်းများသည် အလုပ်သမားသမဂ္ဂများ ဖွဲ့စည်းရန်မှာ ၄င်းတို့ကို ‘အလုပ်သမား’ အနေဖြင့် တရားဝင်သတ်မှတ်နိုင်ရန် ဥပဒေကြောင်းအရ ကန့်သတ်ခြင်း ခံထားရသည်။ နှစ်နိုင်ငံစလုံးတွင် အလုပ်သမားဥပဒေအရ အလွတ်တန်းအလုပ်များ (gig work) ကို သမားရိုးကျ စီးပွားရေးလုပ်ငန်းများအပြင်တွင် ရှိသည်ဟု သတ်မှတ်ထားခြင်းကြောင့် ကယ်ရီ သမားများနှင့် ယာဉ်မောင်းများသည် သူတို့အင်အားကို စုစည်းနိုင်ရန် အလွတ်သဘော အသင်း အဖွဲ့များနှင့် ကွန်ရက်များဆီသို့ ဦးလှည့်လာကြသည်။ တရားဝင် ဥပဒေကြောင်းအရ ဖွဲ့စည်းပုံ မရှိသည့် ပြဿနာပေါ်တွင် ထပ်ဆင့်ပြီး လွန်ခဲ့သည့်ဆယ်စုနှစ်များအတွင်း အာဏာရ ညွန့်ပေါင်း အဖွဲ့များမှ ပါတီများနှင့် နိုင်ငံရေးသမားများအား ဖယ်ထုတ်ထားသည့် အာဏာရှင်တပိုင်း နိုင်ငံရေး စနစ်ကလည်း အခြေအနေကို ပိုခက်ခဲစေသည်။​

မူဝါဒချမှတ်ခြင်းအပေါ် အလုပ်သမားများ၏ သြဇာလွှမ်းမိုးမှု အားနည်းခြင်းကြောင့် ပလက်ဖောင်း ကုမ္ပဏီများသည် နှစ်နိုင်ငံစလုံးတွင် ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများ ချမှတ်ခြင်း အပေါ် မတန်တဆ သြဇာလွှမ်းမိုးမှုရှိနေသည်။ ၎င်းတို့၏ ဘေးဖယ်မှုကို ခံထားရသည့်အတွက် စိတ်ပျက်လာသော အလုပ်သမားများက ပြုပြင်ပြောင်းလဲရေးနှင့် ကဏ္ဍအတွင်းသို့ ဝင်ရောက် ထိန်းကျောင်းရန် အာဏာရ အီလိများကို ဖိအားပေးစည်းရုံးလာကြသည်။ မကြာသေးမီ နှစ်များအတွင်းတွင် အဆိုပါ လှုပ်ရှားမှုများသည် အွန်လိုင်းတွင် ချိတ်ဆက်ညှိနှိုင်းကြပြီး အပြန်အလှန် ကူညီရုံသပ်သပ်အဆင့်မှ ကုမ္ပဏီများကို ဖိအားပေးတောင်းဆိုခြင်းနှင့် အစိုးရများကို အရေးယူဆောင်ရွက်ပေးရန် တောင်းဆိုသည့် စုပေါင်းလုပ်ဆောင်မှုများအဖြစ်သို့ ပြောင်းလဲလာကြသည်။ နှစ်နိုင်ငံလုံးတွင် အဆိုပါ ဖိအားများသည် မူဝါဒပိုင်းဆိုင်ရာ တိုးတက်မှုအချို့ကို ဖြစ်ပေါ်စေခဲ့သည်။ သို့သော်လည်း အစိုးရက ကြားဝင်ဆောင်ရွက်မှုများသည် စီးပွားရေးဆိုင်ရာ အီလိများနှင့် ကုမ္ပဏီများ၏ နိုင်ငံရေး လွှမ်းမိုးမှုကို ထင်ဟပ်နေဆဲဖြစ်သည်။ နိုင်ငံရေးစနစ်က တပိုင်း အုပ်ချုပ်ရေးစနစ်ဖြစ်နေပြီး အစိုးရနှင့် စီးပွားရေးသမားများအကြား အရိုးစွဲနေပြီဖြစ်သည့် ဆက်ဆံရေးကြောင့် ပြုပြင် ပြောင်းလဲမှု ပြုလုပ်ရန် အကန့်အသတ်များ ရှိနေသည်ကို တွေ့ရပါသည်။

ထိုင်းနိုင်ငံ၏ ပြိုင်ဆိုင်မှုကို အားပေးသည့် ပုံစံကြောင့် အလုပ်သမားလှုပ်ရှားမှုကို ပေါ်ပေါက်စေခြင်း

၂၀၁၄ ခုနှစ်တွင် အာဏာသိမ်းပြီးနောက် ထိုင်းနိုင်ငံကို ဆယ်စုနှစ်တခုကြာ အုပ်ချုပ်ခဲ့သည့် အာဏာရှင်တပိုင်း စစ်အစိုးရသည် ပလက်ဖောင်းအရင်းရှင်စနစ်ကို ချဥ်းကပ်ရာတွင် ပြိုင်ဆိုင်မှုကို အားပေးပြီး၊ ဆန်းသစ်တီထွင်မှုအား အဓိကထားသော ပုံစံဖြင့် ချဉ်းကပ်ခဲ့ပါသည်။ ပြီးခဲ့သော ဆယ်စုနှစ်တလျှောက်တွင် နိုင်ငံသည် ဒေသတွင်းနှင့် ပြည်တွင်းသုံး ပလက်ဖောင်းများ အကြီးအကျယ် ထွန်းကားလာခြင်းကို ကြုံတွေ့ခဲ့ရပါသည်။ အထူးသဖြင့် အစားအသောက် ပို့ပေးသည့် အက်ပ်များသည် ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်းနှင့် ယင်းနောက်ပိုင်းကစပြီး 2 သုံးစွဲသူများ မှီခိုအားထားမှု ကြီးထွားလာမှုကို ရောင်ပြန်ဟပ်ကာ ၂၀၂၁ ခုနှစ်အကုန်တွင် အမေရိကန် ဒေါ်လာ ၄ ဘီလီယံကျော် တန်ဖိုးရှိသော ကဏ္ဍအဖြစ် အရှိန်အဟုန်ဖြင့် တိုးတက် လာခဲ့သည်။ Grab နှင့် GoJek ကဲ့သို့သော ဒေသတွင်း ကုမ္ပဏီကြီးများသည် ကမ္ဘာလုံးဆိုင်ရာ မှန်းဆခန့်မှန်းမှုဖြင့် ဆောင်ရွက်သော အရင်းအနှီး (global speculative capital) ၏ ကျောထောက်နောက်ခံပြုမှုဖြင့် လွန်ခဲ့သည့် ဆယ်စုနှစ်များအတွင်း ထိုင်းဈေးကွက်သို့ ချဲ့ထွင်ရန် ကြိုးပမ်းခဲ့သည်။ ယင်းတို့ထဲတွင် ထိုင်းဘုရင့်နန်းတော်နှင့် ဆက်စပ်နေသည့် Siam Commercial Bank က ရင်းနှီးမြှုပ်နှံမှု တပိုင်း ပါဝင်သည့် RobinHood အပါအဝင် ပြည်တွင်း ပလက်ဖောင်းများလည်း ပါဝင်သည်။​

The launch of GOJEK in Thailand, presided over by ndonesian Minister of Communication and Informatics, Mr. Rudiantara, and the Indonesian Ambassador. Photo credit: Indonesian Embassy in Bangkok.

အထူးသဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ထိုင်းနိုင်ငံ၏ အလွတ်တန်းအလုပ် စီးပွားရေးတွင် ပြိုင်ဆိုင်မှုများ ပြင်းထန်လာခြင်းသည် ကဏ္ဍအတွင်းရှိ အလုပ်သမားများအတွက် လူမှုဖူလုံရေး ပိုက်ကွန်များကို ပိုပြီးလိုအပ်လာစေသည်။ 3 ၂၀၂၀ ပြည့်နှစ်မတိုင်မီက စျေးကွက်ကို ဒေသတွင်းရှိ အခြားသော ဈေးကွက်များတွင် လုပ်ဆောင်သကဲ့သို့ ထိုင်းနိုင်ငံအခြေစိုက် အလုပ်သမားများအား ယာဉ်မတော်တဆမှု အာမခံကဲ့သို့သော အကာအကွယ်များကို အလိုအလျောက် ပေးဆောင်သည့် Grab က စျေးကွက်ကို လွှမ်းမိုးထားခဲ့သည်။ သို့သော်လည်း ဤကဲ့သို့ လူမှုဖူလုံရေးပိုက်ကွန်များ ပေးဆောင်ရန် တရားဝင်လိုအပ်သော စည်းမျဉ်းများမရှိခြင်းကြောင့် မကြာသေးမီနှစ်များအတွင်း ပလက်ဖောင်းအသစ်များဝင်ရောက်လာသည့်အခါ ကုမ္ပဏီများက ကယ်ရီပို့သမားများနှင့် ယာဉ်မောင်းများကို ၎င်းတို့၏ပလက်ဖောင်းနှင့်သာ သီးသန့်လုပ်ဆောင်ဖို့ ဆွဲဆောင်ရန်အတွက် အခြေခံ မတော်တဆမှု ကာကွယ်မှုကို စတင်အသုံးပြုလာကြသည်။ ၂၀၂၂ ခုနှစ် ဇွန်လတွင် တွေ့ဆုံမေးမြန်းခဲ့သော ကယ်ရီပို့သမားမှ တက်ကြွလှုပ်ရှားသူဖြစ်လာသူ တဦးက ဆိုသည်မှာ ၂၀၁၉ ခုနှစ်မှ စတင်ပြီး ကယ်ရီပို့သည့်အလုပ်ကို အက်ပ်တခုတွင် တလလျှင် အကြိမ် ၃၀၀ ပြီးမြောက်ရန် လိုအပ်ကြောင်း၊ လစဥ် တရက်ကို ၁၀ ကြိမ် သို့မဟုတ် ၅ နာရီခန့် ဆောင်ရွက်ပြီးစီးမှသာ အဆိုပါ ပလက်ဖောင်းမှ မတော်တဆမှု အာမခံကို ရရှိကြောင်း ပြောပြသည် –

“ဒဏ်ရာကြောင့် အလုပ်မလုပ်နိုင်ရင် ဝင်ငွေဆုံးရှုံးသွားနိုင်တဲ့ မတော်တဆမှုမျိုးအတွက် အာမခံရဖို့ကို အက်ပ်တခုမှာ သတ်မှတ်ထားတဲ့ အကြိမ်ရေပြည့်အောင် ပို့ရပါတယ်။ တချိန်တည်းမှာလည်း အက်ပ်ပေါင်းစုံက ပေးတဲ့ မက်လုံးတွေကို ရဖို့အတွက် တခြားအက်ပ်တွေက အော်ဒါတွေကိုလည်း ပို့နိုင်အောင် ကြိုးစားပါတယ်။ မဖြစ်နိုင်တဲ့ Mission Impossible ဂိမ်းမျိုးကစားနေရသလိုတော့ ဖြစ်တာပေ့ါလေ။​ ဒါပေမယ့် ကျွန်တော်တို့က လူတွေဥစ္စာ၊ ဂိမ်းတွေမှ မဟုတ်တာ။”

တရားဝင်သမဂ္ဂဖွဲ့စည်းခြင်းကို ကန့်သတ်ထားဆဲဖြစ်ပြီး အုပ်ချုပ်သူ ရှေးရိုးစွဲ အီလိများနှင့် ဘုရင်စနစ် နှစ်ခုစလုံးက အဆိုပါကဏ္ဍတွင် တိုက်ရိုက်ရင်းနှီးမြုပ်နှံထားသည့်အခြေအနေတွင် အလုပ်သမားများအနေဖြင့် မူဝါဒချမှတ်သူများ၏ နားပေါက်ကြားရန်မှာ ရုန်းကန်နေကြရသည်။ ဥပမာအားဖြင့် ၂၀၂၀ ပြည့်နှစ်တွင် စစ်တပ်က ခန့်အပ်ထားသော အလုပ်သမား ဝန်ကြီးသည် ကပ်ရောဂါကာလ အတွင်း ကဏ္ဍအတွက် မဟာဗျူဟာတခု ချမှတ်ရန် အဓိက ပလက်ဖောင်း အားလုံးနှင့် တွေ့ဆုံဆွေးနွေးရန် အစည်းအဝေးတခုခေါ်ယူခဲ့သည်။ သို့သော်လည်း ၂၀၂၂ ခုနှစ် ဇူလိုင်လတွင် တွေ့ဆုံမေးမြန်းခဲ့သော အလွတ်တန်းအလုပ်သမားများ အဆိုအရ ကယ်ရီပို့ သမားများနှင့် ယာဉ်မောင်းအသင်းများကို အဆိုပါအစည်းအဝေးများမှ ဖယ်ထုတ်ထားသည်။ ယင်းအစား အလုပ်သမားဝန်ကြီးသည် အလွတ်တန်း အလုပ်သမားများ၏ မူဝါဒဆိုင်ရာ တောင်းဆိုရန် စုပေါင်း ကြိုးပမ်းမှုများကို ဝန်ကြီးဌာနအတွင်း အလွတ်တန်းကဏ္ဍ (informal sector) ဆိုင်ရာ ဌာနသို့ လွှဲပြောင်းပေးခဲ့သည်။

အလုပ်သမားထုနှင့် ညှိနှိုင်းဆွေးနွေးမှု မရှိခြင်းကြောင့် ထိုင်းမူဝါဒချမှတ်သူများသည် ခေါင်းပုံဖြတ် သည့် အယ်လ်ဂိုရစ်သမ်များနှင့် မရေရာသော အခြေအနေများဖြစ်နေသည့် ပြဿနာနှစ်ရပ်လုံးကို ဘာမှထိန်းကျောင်းခြင်းမရှိသော ပုံစံဖြင့်သာ ချဉ်းကပ်ခဲ့ကြသည်။ ယင်းအစား ၎င်းတို့က အလွတ်တန်း အလုပ်များကို စီးပွားရေးကျဆင်းနေချိန် အလုပ်မှ ထုတ်ပယ်ခံရသည့် အလုပ်သမား များအတွက် ဆန်းသစ်သော စျေးကွက်အခြေပြု အလုပ်လုပ်လို့ရသည့် နေရာအဖြစ် ရှုမြင် သဘော ထားကြသည်။ အများအားဖြင့် ပလက်ဖောင်းအရင်းရှင်စနစ်သည် ထိန်းကျောင်းခြင်းမရှိသော စားသောက်ဆိုင်များ၊ ဝန်ဆောင်မှုလုပ်ငန်းများနှင့် ပို့ဆောင်မှုလုပ်ငန်းများ ကဏ္ဍကို ခေတ်မီအောင် မြှင့်တင်ပေးနေသည်ဟု သူတို့က မြင်ကြသည်။ ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားချိန်မှ စတင်ပြီး ဤဖန်တီးမှုကောင်းသည့် အပြောင်းအလဲကိုဖြစ်စေသည့် ကဏ္ဍတွင် ထိုင်း၀န်ကြီးဌာနများက ဝင်ရောက်စွက်ဖက်ခြင်းထက် ကဏ္ဍတွင်း ပြိုင်ဆိုင်မှုကို အားပေးပြီး အလုပ်သမားများအတွက် မတော်တဆမှုအာမခံကဲ့သို့သော လူမှုပိုက်ကွန်များကို ပလက်ဖောင်းကုမ္ပဏီများက (ဆန္ဒ အလျောက်) ပံ့ပိုးပေးရန် တိုက်တွန်းခြင်းဖြင့် အလုပ်သမားများ၏ တိုင်ကြားချက်များကို တုံ့ပြန် ဆောင်ရွက်ခဲ့ပါသည်။ 4

အစိုးရက နားထောင်ရန်နှင့် ကဏ္ဍကို ထိန်းကျောင်းပေးရန် တောင်းဆိုမှုများကို တွန့်ဆုတ်မှုကြောင့် စိတ်ပျက်နေသဖြင့် အချို့သော အလွတ်တန်းအလုပ်သမားအဖွဲ့အစည်းများ အော့ဖ်လိုင်းနှင့် အွန်လိုင်းတွင် ပေါ်ပေါက်လာကြသည်။ အချို့ကလည်း ပိုမိုကျယ်ပြန့်သော ဒီမိုကရေစီလှုပ်ရှားမှုနှင့် တသားတည်း ရပ်တည်ကြသည်။ 5 ၂၀၂၃ ခုနှစ် မေလ ရွေးကောက်ပွဲတွင် တိုးတက်သော Move Forward ပါတီ၏ မူဝါဒလမ်းစဉ်ကိုကြည့်လျှင် ပါတီ၏ အောက်ခြေထုတွင် အလွတ်တန်း အလုပ်သမားများ မည်မျှ ပါဝင်နေသည်ဆိုသည်မှာ  ထင်ဟပ်နေသည်။ Move Forward ပါတီသည် အမတ်နေရာ အများဆုံးအနိုင်ရရှိခဲ့သော်လည်း ယခုအခါတွင် အတိုက်အခံပါတီအဖြစ်သာ ရပ်တည်နေရသည်။ ယခုလက်ရှိ ထိုင်းအစိုးရမှာ ရှေးရိုးဆန်သော စစ်တပ်နှင့် စီးပွားရေးဆိုင်ရာ အီလိများကို စုစည်းထားသည့် အမည်ခံပြုပြင်ရေးဝါဒီ Pheu Thai ပါတီဖြစ်သည်။ 6 Move Forward ပါတီ၏  အလွတ်တန်းအလုပ်သမားများဆိုင်ရာ မူဝါဒများကို ထိုင်းအစိုးရသစ်က လက်ခံမည် သို့မဟုတ် ထည့်သွင်းစည်းရုံးလိုက်မလား ဆိုသည်ကို စောင့်ကြည့်ရဦးမည် ဖြစ်ပါသည်။ Move Forward ပါတီကို အာဏာမရနိုင်အောင် ကန့်သတ်ထားခြင်းကြောင့် အလွတ်တန်းကဏ္ဍနှင့် အလွတ်တန်း လုပ်သားများအတွက် တိုးတက်မှု မရှိသလောက် ဖြစ်ပါက ထိုင်းနိုင်ငံ၏ အာဏာရှင်တပိုင်းအစိုးရကို ဖျက်သိမ်းရန် တောင်းဆိုမှုများသည် လာမည့်နှစ်များအတွင်း ပြင်းထန် လာမည် ဖြစ်ပါသည်။ 7ရွေးကောက်ပွဲနည်းလမ်းဖြင့် ထိတ်လန့်စေမှုကို စင်္ကာပူ၏ ပညာရပ်ပိုင်းဆိုင်ရာ တုံ့ပြန်မှု

စင်္ကာပူပြည်သူ့လှုပ်ရှားမှုပါတီ (PAP) အစိုးရသည် ပလက်ဖောင်းအရင်းရှင်စနစ် ပေါ်လာပြီး ပထမဆယ်နှစ်တွင် လေဆဲဖဲလ်စီးပွားရေးစနစ်  ချဉ်းကပ်မှုဖြင့် ဆောင်ရွက်ခဲ့သည်။ ပုဂ္ဂလိက ယာဥ်ငှား ကဏ္ဍတခုလုံးကို ပလက်ဖောင်းပြုလုပ်ခြင်းကို အားပေးသည့် အနေဖြင့် အက်ပ်များကို ၎င်းတို့၏ ကြိုတင်စာရင်းသွင်းရွေးချယ်မှုများမှ သမားရိုးကျ တက္ကစီများကို ဖယ်ထုတ်ခြင်းမပြုရန် တားဆီးထားသည်မှအပ မူဝါဒချမှတ်သူများသည် အလုပ်သမားနှင့် ကုမ္ပဏီအငြင်းပွားမှုများတွင် ဝင်ရောက် စွက်ဖက်ရန် တွန့်ဆုတ်ခဲ့ပါသည်။ တချိန်တည်းတွင်ပင် နိုင်ငံပိုင်ကုမ္ပဏီများသည် ၂၀၁၄ ခုနှစ်တွင် စတင်တည်ထောင်သည့် ရင်းနှီးမြှုပ်နှံမှုဖြင့် ပလက်ဖောင်းကုမ္ပဏီကြီး Grab အရှေ့တောင်အာရှတဝှမ်းတွင် တိုးချဲ့မှုကို တိုက်ရိုက်ပံ့ပိုးပေးခဲ့သည်။ 8 ယင်းခွင့်ပြုထားသော ထိန်းကျောင်းမှုပုံစံနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အကြောင်းအရာများသည် ဒေသတွင်း နေရာအနှံ့ အထူးသဖြင့် Grab နှင့် နောက်ပိုင်းအင်ဒိုနီးရှားပလက်ဖောင်း GoJek တို့ကို လျင်မြန်စွာ ချဲ့ထွင် နိုင်စေခဲ့သည်။

Grab Holdings Inc. is a Singapore-based Malaysian multinational technology company. Developer of a super-app for ride-hailing, food delivery and digital payments services on mobile devices that operates in Singapore, Malaysia, Cambodia, Indonesia, Myanmar, the Philippines, Thailand and Vietnam.

သို့သော် ၂၀၂၀ ပြည့်နှစ်အစောပိုင်းတွင် ကပ်ရောဂါစတင်ဖြစ်ပွားလာသည့်အခါ မှာယူသည့်အချိန် ဆောင်ရွက်ပေးရသည့် လုပ်သားများ (on-demand workers) ၏ မရေရာသော အလုပ်အကိုင် အခြေအနေနှင့် ကုမ္ပဏီများက ပေးထားသည့် လူမှုဖူလုံရေးပိုက်ကွန်များ မလုံလောက်မှုသည် စိတ်ပျက်နေသည့် စင်္ကာပူအလုပ်သမားများ တက်ကြွလှုပ်ရှားစေရန် လှုံ့ဆော်နေသည်မှာ ထင်ရှားလာသည်။ ဥပမာအားဖြင့် စင်္ကာပူတွင် ၂၀၂၀ ကိုဗစ်-၁၉ အစောပိုင်းကာလ လော့ခ်ဒေါင်းချသည့်အချိန် (circuit breaker ဟုစင်္ကာပူတွင်ခေါ်) တွင် Grab၊ GoJek နှင့် FoodPanda ကဲ့သို့သော ပလက်ဖောင်းအက်ပ်များမှ ဝင်ငွေရရှိသော အလုပ်သမားများအား ကူညီရန်အတွက် စင်္ကာပူဒေါ်လာ ၇၇ သန်းကို အစိုးရနှင့်စက်မှုလုပ်ငန်းဆိုင်ရာအကူအညီ ပက်ကေ့ချ်အဖြစ် ကြေညာခဲ့သည်။ အစိုးရ၏ တိုက်ရိုက် ပါဝင်ပတ်သက်မှုမရှိသော ချဉ်းကပ်မှုပုံစံကို ထင်ဟပ်သည်မှာ အဆိုပါ ရန်ပုံငွေများကို နိုင်ငံပိုင်အဖွဲ့အစည်းများမှတဆင့် ပေးအပ်ခြင်းမျိုး မလုပ်ဘဲ ပလက်ဖောင်း ကုမ္ပဏီများမှတဆင့် ခွဲဝေပေးခဲ့ပါသည်။ သို့သော်လည်း Grab စီမံခန့်ခွဲမှု အဖွဲ့က  ဆောင်ရွက်နေသည့် မက်လုံးပေးအစီအစဉ်ကို ရပ်ဆိုင်းထားလိုက်ပြီး ၎င်း၏ သစ္စာအရှိဆုံး ယာဉ်မောင်းများကိုသာ ဆုအဖြစ်ပေးရန် ရန်ပုံငွေများကို သုံးစွဲဖို့ ကြိုးပမ်းလာသောအခါတွင် ရုတ်ရုတ်သဲသဲ ဖြစ်ခဲ့ရသည်။ ဒေါသထွက်နေသော ယာဉ်မောင်းများသည် Grab က အချို့သော အလွတ်တန်း အလုပ်သမားများကို ချန်လှပ်ထားပြီး ကပ်ရောဂါ ကယ်ဆယ်ရေးရန်ပုံငွေများကို ကိုယ့်ကျိုးအတွက် စီမံခန့်ခွဲနေကြောင်း ထူးထူးခြားခြား စုပေါင်းစည်းရုံးမှုဖြင့် တုံ့ပြန်ခဲ့သည်။ 9 ကုမ္ပဏီသည် နောက်ဆုံးတွင် ကနဦးချဉ်းကပ်မှုကို စွန့်လွှတ်ခဲ့ရသည်။ လအနည်းငယ်ကြာပြီးနောက်၊ ၂၀၂၀ ပြည့်နှစ် ဇူလိုင်လတွင် PAP ပါတီသည် နိုင်ငံလုံးဆိုင်ရာ ရွေးကောက်ပွဲတွင် အလွတ်တန်း အလုပ်သမားများအပါအဝင် တနိုင်ငံလုံး အနိမ့်ဆုံးလုပ်အားခ သတ်မှတ်ရေး မူဝါဒဖြင့် ယှဉ်ပြိုင်သည့် အလုပ်သမားများပါတီ (Workers’ Party) အား နေရာအများအပြားတွင် ရှုံးနိမ့်ခဲ့သည်။

စျေးကွက်ကို ဦးစားပေးသော PAP ပါတီသည် ၁၉၆၅ ခုနှစ်တွင် မလေးရှားနိုင်ငံမှ လွတ်လပ်ရေး ရပြီးကတည်းက နိုင်ငံကို စဉ်ဆက်မပြတ် အုပ်ချုပ်ခဲ့သည်။ ယင်းမှာလည်း မဲဆန္ဒရှင်အများစု၏ အိမ်ရာကိစ္စကို ဖြေရှင်းပေးနိုင်မှု၊ လက်ရှိ အနိုင်ရပါတီကို ဥပဒေကြောင်းနှင့်ပါတီ စည်းမျဥ်းများဖြင့် အကူအညီပေးထားမှုတို့ကြောင့် ဖြစ်သည်။  အလုပ်သမားများ၏ စိတ်ပျက်မှုနှင့် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် အလုပ်သမားများပါတီ (Workers’ Party) သည် မျှော်လင့်ထားသည်ထက် ပိုပြီးအနိုင်ရခဲ့သည်ကို တုံ့ပြန်သည့်အနေဖြင့် 10 စင်္ကာပူအစိုးရ အေဂျင်စီများသည် အလွတ်တန်း အလုပ်စီးပွားရေး (gig economy) ကို ထိန်းကျောင်းရန် အစီအစဥ်များ စတင်ရေးဆွဲခဲ့သည်။ ၂၀၂၁ ခုနှစ် ဩဂုတ်လတွင် ဝန်ကြီးချုပ်၏ အမျိုးသားစုဝေးပွဲနေ့တွင် အလွတ်တန်းအလုပ်သမားများ၏ ‘ဝန်ထမ်းကဲ့သို့’ ရှိနေသည့် အခြေအနေများကို ကြေညာခဲ့ပြီး အကြံပေးကော်မတီတခု ဖွဲ့စည်းခဲ့သည်။ ၂၀၂၂ နှစ်လယ်တွင် ယင်းကော်မတီက ပြုပြင်ပြောင်းလဲရေးဆိုင်ရာ အကြံပြုချက် တဒါဇင်ကို အဆိုပြုခဲ့ပြီး ၎င်းတို့အားလုံးကို စင်္ကာပူအစိုးရက မူအားဖြင့် လက်ခံခဲ့သည်။

အလုပ်သမားများ၏ တောင်းဆိုချက်များကို တိုက်ရိုက်တုံ့ပြန်မည့်အစား အဆိုပြုထားသော ပြုပြင်ပြောင်းလဲမှုများမှာ လုပ်သားများ စင်္ကာပူ၏ လူမှုပုံစံ အက်ကွဲကြောင်းများအကြား ပြုတ်ကျပြီး အစိုးရအတွက် အနာဂတ်တွင် ကုန်ကျစရိတ်အန္တရာယ် ဖြစ်လာနိုင်သည့် ကြီးမားသော ပညာရပ်ပိုင်းဆိုင်ရာ စိုးရိမ်မှုကို ထင်ဟပ်သည်။ အလုပ်သမားများသည် ၎င်းတို့၏ တဦးချင်း ဆေးဘက်ဆိုင်ရာ စုဆောင်းငွေအတွက် ထည့်သွင်းပေးရသည့် လက်ရှိစည်းမျဥ်းအပေါ် အခြေခံပြီး ကပ်ရောဂါဖြစ်ပွားချိန်ကစသော အစိုးရ၏ ကဏ္ဍအတွင်းပါဝင်ပတ်သက်မှုမှာ မတော်တဆမှု အာမခံနှင့် ပင်စင်ရံပုံငွေကိစ္စ နှစ်ခုကိုသာ အဓိက ကြားဖြတ်ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

Singapore food panda delivery rider checking his watch. Singaporestockphoto, Unsplash

၂၀၂၃ ခုနှစ်အထိ စင်္ကာပူတွင် လည်ပတ်နေသော ပလက်ဖောင်း ကုမ္ပဏီကြီးများသည် အလုပ်တွင် မတော်တဆမှုတခုဖြစ်ခဲ့ပါက အလုပ်သမားများအား လျော်ကြေးပေးသည့် အာမခံကို ထုတ်ပေးရန် ပြဋ္ဌာန်းထားပါသည်။ အရေးကြီးသည်မှာ မတော်တဆမှု တခုဖြစ်ပွားသည့်အခါ ပေးဆောင်သည့် လျော်ကြေးငွေသည် (မတော်တဆဖြစ်ပွားချိန်တွင် ၎င်းတို့ အလုပ်လုပ် နေသည့် ပလက်ဖောင်းထက်) ပလက်ဖောင်းအက်ပ်များ အားလုံးတွင် ယခင်ကရရှိသောဝင်ငွေနှင့် ညီမျှရမည် ဖြစ်သည်။ အလုပ်သမားအများစုသည် ဘောနပ်စ်အခကြေးငွေနှင့် အခြားမက်လုံးများပေါ်မူတည်၍ မတူညီသောပလက်ဖောင်းနှစ်ခု သို့မဟုတ် သုံးခုဖြင့် အလုပ်ပုံမှန်ယူကြသောကြောင့် ပြုပြင် ပြောင်းလဲမှုသည် စျေးကွက်ကို အားကောင်းစေသည်။​ ကဏ္ဍအနှံ့ အလုပ်သမားအင်အားကို တည်တံ့ ခိုင်မြဲစေရန်အတွက် အရေးကြီးသော အခြေခံ လူမှုပိုက်ကွန်များကို ဖြည့်ဆည်းပေးရန် ပလက်ဖောင်းများ၏ ညှိနှိုင်းဆောင်ရွက်ရန် ပျက်ကွက်မှုကို ပြုပြင်ပေးသောကြောင့် ဖြစ်သည်။

အငြိမ်းစားရန်ပုံငွေ ပြုပြင်ပြောင်းလဲမှုများကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး ပလက်ဖောင်းများနှင့် အလွတ်တန်းအလုပ်များ လုပ်နေသည့် အသက် ၃၀ နှစ်အောက် အလုပ်သမားများအား အစိုးရမှ ထိန်းညှိထားသော ငွေစုအကောင့် – Central Provident Fund (CPF) ကို ၂၀၂၄ ခုနှစ်မှစပြီး ပါဝင်ထည့်ဝင်ရန် ဆောင်ရွက်လျက် ရှိသည်။ CPF အကောင့်ကိုသုံးပြီး အစိုးရပိုင် အိမ်ယာနှင့်ဖွံ့ဖြိုးရေးဘုတ် (HDB) မှ တိုက်ခန်းများ ဝယ်ယူနိုင်သည်။ HDB အခန်း ရယူခြင်းသည် လူတဦးချင်းစီအား နိုင်ငံတော်မှ ထောက်ပံ့ထားသော ပုဂ္ဂလိကအိမ်ရာများဝယ်ယူရန် အားပေးသည့် စင်ကာပူ၏ ‘မိမိကိုယ်ကိုအားကိုးခြင်း’ လူမှုရေးစာချုပ်အတွက် မရှိမဖြစ်လိုအပ်ပြီး ၎င်းတို့အား အစိုးရလျှော့စျေးဖြင့် ဝယ်ကာ ဆယ်စုနှစ်များစွာအကြာတွင် အမြတ်ဖြင့် ပြန်လည်ရောင်းချခြင်းဖြင့် ၎င်းတို့၏ အငြိမ်းစားနှင့် သက်ကြီးချိန်စောင့်ရှောက်မှုကို သီးသန့် ရန်ပုံငွေအဖြစ် ရရှိနိုင်သည် 11

အလွတ်တန်းအလုပ် စီးပွားရေး (gig economy) တွင်ရရှိသော ၀င်ငွေအတွက် CPF တွင် ပါဝင်ထည့်သွင်းစေရန် အလွတ်တန်းအလုပ်သမားများနှင့် ကုမ္ပဏီများအား သတ်မှတ်ခြင်းသည် နိုင်ငံအတွက် ရေရှည်ကုန်ကျစရိတ်ချွေတာရာရောက်သော နည်းလမ်းတခုဖြစ်ပါသည်။ သို့သော်လည်း ကယ်ရီပို့သမား-တက်ကြွလှုပ်ရှားသူ အုပ်စုတစုက ဆိုရှယ်မီဒီယာပေါ်တွင် ထောက်ပြထားသည့်အတိုင်း အဆိုပါလိုအပ်ချက်အသစ်များကို ဖြည့်ဆည်းပေးရန် ကုန်ကျစရိတ်ကို ပြန်လည်ရယူရန်အတွက် ကုမ္ပဏီများအနေဖြင့် ယာဉ်စီးခကို လျှော့ချခြင်း သို့မဟုတ် ဖယ်ရှားခြင်း လုပ်လာပါက ယင်းကိုတားဆီးရန် စည်းမျဉ်းအသစ်များ ရှိမနေပါ။ 12 ရလဒ်မှာ ကဏ္ဍရှိ အလုပ်သမားများသည် ၎င်းတို့ကိုယ်တိုင်ရော အလုပ်ရှင်၏ ဝန်ထုပ်ဝန်ပိုးကိုပါ  ထမ်းဆောင်ရမလို ဖြစ်သွားနိုင်ပါသည်။ ၂၀၂၂ ခုနှစ် နှောင်းပိုင်းတွင် ပြုပြင်ပြောင်းလဲရေး တာဝန်ရှိ ၀န်ကြီးသည် ဤဖြစ်နိုင်ချေကို အသိအမှတ် ပြုသော်လည်း ချဉ်းကပ်မှုအား ကာကွယ်ပြောဆိုခဲ့သည် – သူကဆိုသည်မှာ အလွတ်တန်း အလုပ်သမားများသည် ‘ပျမ်းမျှအထက်’ ဝင်ငွေရနိုင်ပြီး ဖြစ်သောကြောင့် ကုမ္ပဏီများက ကယ်ရီသမားများနှင့် ယာဉ်မောင်းများ အထက်ပါ ကုန်ကျစရိတ်များ ကျခံစေရန် ပြုလုပ်မှုအား တားမြစ်ဖို့ စည်းမျဉ်း မလိုအပ်ပါဟု ဆိုပါသည်။ စင်္ကာပူ၏ ကိုဗစ်-၁၉ နောက်ပိုင်း ပြုပြင်ပြောင်းလဲမှုများသည် အထူးသဖြင့် ကပ်ရောဂါ ဖြစ်ပွားပြီးကတည်းက ကဏ္ဍတွင် တင်းမာမှုများ ကြီးထွားလာနေသော်လည်း ကြုံလာသလို တုံ့ပြန်မှု၊ စီးပွားရေးလုပ်ငန်းများကို ဦးစားပေးမှုနှင့် ပညာရပ်ပိုင်းဆိုင်ရာ ချဉ်းကပ်မှုများကို ထင်ဟပ် နေပါသည်။

ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းမှုနှင့် ဆန်းသစ်တီထွင်မှု၏ ကုန်ကျစရိတ်

အလွတ်တန်းအလုပ် စီးပွားရေး (gig economy) တွင် ရှိနေသည့် မမျှတမှုများနှင့် တင်းမာမှုများ အပေါ် အရှေ့တောင်အာရှရှိ ကိုဗစ်-၁၉အလွန် အုပ်ချုပ်ရေးပိုင်ဆိုင်ရာ တုံ့ပြန်မှုများက အစိုးရနှင့် စီးပွားရေး မဟာမိတ်များက အလုပ်သမား မငြိမ်သက်မှုများ ကြီးထွားလာမှု၏ အန္တရာယ်ကို မည်ကဲ့သို့ သက်ရောက်နေသည်ကို မီးမောင်းထိုးပြသည်။ ထိုင်းနိုင်ငံရေးအခင်းအကျင်းသစ်မှ အလွတ်တန်း အလုပ်သမားများနှင့် ပိုကျယ်ပြန့်သော အလွတ်တန်းစီးပွားရေး (informal economy) အတွက် သဘောတူညီချက် အသစ် ထွက်ပေါ်လာခြင်း ရှိမရှိကတော့ အထူးသဖြင့် Move Forward ပါတီ အစိုးရအဖွဲ့တွင် ပါလို့မရသည့် အခြေအနေတွင် စောင့်ကြည့်ရမည် ဖြစ်သည်။ ရှင်းရှင်းလင်းလင်း ရှိတာကတော့ ပြုပြင်ပြောင်းလဲရေးအတွက် အလုပ်သမားများ၏ တောင်းဆိုချက်များသည် နိုင်ငံပိုင်အေဂျင်စီများနှင့် နိုင်ငံရေးနဲ့ စီးပွားရေးအီလိများ၏ ကျောထောက်နောက်ခံဖြင့် စီးပွားရေးကို ဒစ်ဂျစ်တယ်အသွင်ပြောင်းဖို့ ကြိုးပမ်းမှုများနှင့် တိုက်ဆိုင်နေပါသည်။ အလုပ်သမားများသည် အပြောင်းအလဲအတွက် တွန်းအားပေးရန် အမျိုးသားအဆင့်နှင့် ဒေသန္တရအဆင့်တွင် မဟာမိတ်အသစ်များဖွဲ့လာသောကြောင့် ဘာမှမလုပ်ဘဲထားပါက ယင်းလှုပ်ရှားမှုများသည် အာဏာရပါတီများသာမက ဆယ်စုနှစ် များစွာကြာ  အာဏာရှင်တပိုင်းအစိုးရစနစ်ကို ကျောထောက် နောက်ခံပေးထားသည့် အစိုးရနှင့် စီးပွားရေးလုပ်ငန်းများအကြား ဆက်ဆံရေးကိုလည်း သက်ရောက်လာနိုင်သည် ဖြစ်ပါတော့သတည်း။

Gerard McCarthy
International Institute of Social Studies, The Hague

Banner: Food Pander worker in Singapore carrying two thermal bags to earn more per trip. Photo: David Sing, Shutterstock

Notes:

  1. အာဆီယံ ၁၀ နိုင်ငံတွင် ၇ နိုင်ငံသည် ရွေးကောက်ပွဲအာဏာရှင်စနစ် (ကမ္ဘောဒီးယားနှင့် စင်္ကာပူနိုင်ငံ) တို့ဖြစ်ပြီး ကျန်နိုင်ငံများ (ဘရူနိုင်း၊ လာအို၊ ဗီယက်နမ်၊ မြန်မာနှင့် ထိုင်း) တို့မှာ အာဏာရှင်နိုင်ငံများဖြစ်သည်။ ဆွေးနွေးမှုအတွက် Croissant, A. 2022 ကိုကြည့်ပါ။ https://link.springer.com/chapter/10.1007/978-3-031-05114-2_1
  2. သုံးသပ်ချက်အတွက် https://thelowdown.momentum.asia/country_sector/food-delivery-platforms-in-southeast-asia-2022/?option=2021-southeast-asia&code=14379 တွင် ကြည့်ပါ။
  3. အိမ်အကူ အလုပ်သမားများ နှင့် စည်းလုံးညီညွတ်သောစီးပွားရေးတွင် တိုးတက်မှုကဲ့သို့သော ကဏ္ဍခွဲများ အပါအဝင် ထိုင်း အလွတ်တန်းစီးပွားရေးတွင် အသုံးဝင်သော အတွေ့အကြုံဆိုင်ရာ ခြုံငုံသုံးသပ်ချက်များအတွက် https://justeconomylabor.org/jeli-pushing-forward-the-national တွင် ကြည့်ပါ။ -task-force-on-gig-workers/ [10-09-2023] နှင့် https://www.ilo.org/global/topics/cooperatives/news/WCMS_869002/lang–en/index.htm တွင်ကြည့်ပါ။
  4. ဥပမာအားဖြင့်၊ ထိုင်းစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနသည် လုပ်သားများ ဦးဆောင်သော ကြိုးပမ်းအားထုတ်မှုများအတွက် ပူပေါင်းဆောင်ရွက်သောအက်ပ်များကို တီထွင်ရန်အတွက် သေးငယ်သော ထောက်ပံ့ကြေးများ ပေးထားပါသည်။ ကယ်ရီသမားများကို အနိမ့်ဆုံးသတ်မှတ်ချက် ကဲ့သို့သော တရားမျှတသော အခြေအနေများကို ယင်းအက်ပ်များက ပေးပါသည်။ ဤအက်ပ်များသည် အရင်းအမြစ်ကြွယ်ဝသည့်ကုမ္ပဏီများနှင့် နှိုင်းယှဉ်လျှင် သိသာထင်ရှားစွာ အားနည်းသော်လည်း ၎င်းတို့သည် ဘန်ကောက်မြို့၏ ရပ်ကွက်အချို့တွင် စျေးကွက်ဝေစုကို သိသိသာသာ ဆွဲဆောင်နိုင်ပြီး နိုင်ငံအတွင်း အခြားနေရာများတွင် တိုးချဲ့ရန် စီစဉ်လျက်ရှိသည်။ သက်ကြီးရွယ်အိုများဌာနကဲ့သို့သော အခြားသောအေဂျင်စီများသည် လိုအပ်ချက်များရှိနေသည့် သက်ကြီး အလုပ်သမားများကို အလွတ်တန်းအလုပ်များ ဆောင်ရွက်နိုင်စေရန် ပလက်ဖောင်းများနှင့် မိတ်ဖက်အဖွဲ့များ ဖွဲ့စည်းခဲ့သည်။
  5. ထိုင်းနိုင်ငံ၏ ဆန်းသစ်တီထွင်မှုဆိုင်ရာ ဟောပြောချက်များနှင့် အလုပ်သမား စည်းရုံးခြင်းဆိုင်ရာ ဟောပြောချက်များကို ကြည့်ရန် Mieruch, Y. and McFarlane, D.  2022. Gig Economy Riders on Social Media in Thailand: Contested Identities and Emergent Civil Society Organisations. Voluntas. On the role of gig worker in the pro-democracy movement see https://novaramedia.com/2021/10/11/students-and-gig-economy-workers-are-uniting-to-fight-capitalism-in-thailand/ [accessed 4/09/23]
  6. ထိုင်းနိုင်ငံ၏ ရွေးကောက်ပွဲအပြီး နိုင်ငံရေးအခင်းအကျင်းအကြောင်း https://kyotoreview.org/issue-36/the-absence-of-any-move-forward-in-thailand/ တွင် ကြည့်ပါ။
  7. ]ထိုင်းနိုင်ငံတွင် တိုးတက်သော ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ်ဆိုင်ရာ ဆောင်ရွက်ရန်အတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေ၏ ကန့်သတ်ချက်များကို ဖတ်ရန် https://www.eastasiaforum.org/2023/08/05/thailands-constitution-works-as-intended-to-frustrate-democratic-outcomes/ [accessed 08/10/23
  8. https://www.financeasia.com/article/how-vertex-lured-grab-to-singapore/436929 [ဝင်ရောက် ကြည့် ရှုနိုင်သည် 8/10/23]
  9. https://www.straitstimes.com/singapore/transport/grab-u-turns-on-move-to-drop-driver-incentives-when-virus-aid-package-kicks-in [accessed 5/ ၁၀/၂၃]။ အငြင်းပွားဖွယ်ရာ အစီအစဉ်နှင့် အလုပ်သမား စည်းရုံးခြင်းဆိုင်ရာ ခွဲခြမ်းစိတ်ဖြာမှုဆိုင်ရာ ဆွေးနွေးမှုအတွက် Anant, R. 2020. ‘The Discursive Politics of Labour Regimes: The Contested Emergence of On-Demand Digital Platform Labour in Singapore’. Masters Dissertation. Department of Geography, National University of Singapore, pg. 105.ကို ကြည့်ပါ။
  10. Weiss၊ M. 2020 ကိုကြည့်ပါ။ The Roots of Resilience: Party Machines and Grassroots Politics in Singapore and Malaysia. Singapore: National University of Singapore Press and Ong, E. 20222. Opposing Power: Building Opposition Alliances in Electoral Autocracies. Ann Arbor: University of Michigan Press.
  11. Beng -Huat, C. 1997 ကို ကြည့်ပါ ။ Political Legitimacy and Housing: Singapore’s Stakeholder Society. London: Routledge and Beng-Huat, C. 2017. Liberalism Disavowed: Communitarianism and State Capitalism in Singapore. Singapore: National University of Singapore.
  12. ဇန်န၀ါရီလ 2023 ခုနှစ် အများသူငှာ ပို့စ်ရေးသားသူ၏ မျက်နှာပြင်ပုံဖမ်း။