ကြာဖြူလစဥ်စာစောင်တွင် ပါရှိသော ၁၉၆၃ ဗုဒ္ဓဘာသာအရေးအခင်း၏ နောက်ဆက်တွဲ အကြောင်းချင်းရာများ

Wynn Gadkar-Wilcox

၁၉၆၃ မေလ ၄ ရက်နေ့တွင် (တောင်) ဗီယက်နမ်သမ္မတနိုင်ငံရှိ ကက်သလစ် ဘာသာဝင်များက ပထမဆုံးသော ဗီယက်နမ်ခရစ်ယာန် ဂိုဏ်းချုပ်ဘုန်းတော်ကြီးအဖြစ် ခန့်အပ်ခံရသူ ငုဒင့်သု၏ ငွေရတု အထိမ်းအမှတ် အနေဖြင့် ကက်သလစ်အလံတော်ကို နိုင်ငံတလွှား လွှင့်ထူကြသည်။ နှစ်ရက်အကြာတွင် ငုဒင်သု၏ ညီဖြစ်သူ တောင်ဗီယက်နမ်၏ သမ္မတ ငုဒင့်ဇမ့်က ဘာသာရေးဆိုင်ရာ အလံများ လွှင့်ထူခြင်းကို ခွင့်မပြုကြောင်း ကြေးနန်းရိုက် အမိန့်ထုတ်ပြန်သည်။ ​မေလ ၈ ရက်နေ့တွင် ဂေါတမ ဗုဒ္ဓ၏ ဖွားမြင်ရက် ကဆုန်လပြည့် အခမ်းအနားကို နိုင်ငံတလွှား ကျင်းပကြသည်။ ဟွေမြို့တော်တွင် ဗုဒ္ဓဘာသာ အထိမ်းအမှတ် အလံများကို ထင်ထင်ရှားရှား လွှင့်ထူကြသည့်အတွက် တောင်ဗီယက်နမ် စစ်တပ်က ဝင်ရောက်တားဆီးပြီး ယင်းတို့ကို ဆုတ်ဖြဲပစ်ခဲ့သည်။ နောက်ဆက်တွဲအနေဖြင့် ဗုဒ္ဓဘာသာ သုံးထောင်ကျော်က ဟွေမြို့အခြေစိုက် ရေဒီယိုအသံလွှင့်ရုံတရုံသို့ ချီတက် ဆန္ဒပြကြသည်။ တောင်ဗီယက်နမ်စစ်တပ်က အစပိုင်းတွင် မျက်ရည်ယိုဗုံးများ သုံးပြီး ဖြိုခွင်းသော်လည်း နောက်ပိုင်းတွင် ဆန္ဒပြသူများကို ပစ်ခတ်ဖြိုခွင်းသည့်အတွက် လူရှစ်ယောက် သေဆုံးခဲ့သည်။

သမ္မတ ငုဒင့်ဇမ့်က မေလတွင် ဗုဒ္ဓဘာသာဝင်ခေါင်းဆောင်များနှင့် တွေ့ဆုံပြီး အလံကိစ္စကို ဖြေလျှော့ ပေးရန်နှင့် ဘာသာရေးလွတ်လပ်ခွင့်ကို အာမခံချက်ပေးရန် ကမ်းလှမ်းသော်လည်း ဗုဒ္ဓဘာသာဝင်များ၏ အမြင်တွင် ယင်းတို့က လုံလောက်ခြင်း မရှိချေ။ အကြောင်းမှာ အစိုးရက ဆန္ဒပြသူများကို သတ်ဖြတ်သည့်အပေါ် တာဝန်ခံမှု မရှိခြင်းနှင့် ကတိပြုထားသည့် ပြုပြင်ပြောင်းလဲမှုများကို လျင်မြန်စွာ အကောင်အထည် ဖော်ရန် ပျက်ကွက်ခြင်းတို့ကြောင့် ဖြစ်သည်။ ၁၉၆၃ နွေရာသီတွင် ဗုဒ္ဓဘာသာ ဘုန်းကြီးများနှင့် သူတို့ကို ထောက်ခံသည့် သာမန်ပြည်သူများ (အထူးသဖြင့် ကောလိပ် ကျောင်းသားများ)၏ အစာငတ်ခံ ဆန္ဒပြခြင်းနှင့် သပိတ်မှောက်ခြင်း အစရှိသည့် ကြာရှည်နိုင်ငံရေး လှုပ်ရှားမှုများမှာ ဟွေဒေသတွင်မက တနိုင်ငံလုံးကိုပါ ပျံ့နှံ့လာသည်။ ယင်းဆန္ဒပြမှုထဲတွင် နာမည် အကျော်ဆုံး ဖြစ်ရပ်မှာ ထစ်ကွမ်ဒုဆရာတော်က ဇွန်လ ၁၁ ရက်နေ့တွင် ဆိုင်ဂွန်မြို့ရှိ လူစည်ကားရာ လမ်းဆုံတနေရာတွင် မိမိကိုယ်ကို မီးရှို့ဆန္ဒပြသည့် လုပ်ရပ် ဖြစ်သည်။ စက်တင်ဘာ ၁ ရက်နေ့တွင် ဆန္ဒပြ လှုပ်ရှားမှုများ၏ လူသိများသည့် ခေါင်းဆောင်ဖြစ်လာသူ ထစ်ထျွီကွမ်နှင့် အခြားဗုဒ္ဓဘာသာ ခေါင်းဆောင်များက ဆိုင်ဂွန်မြို့ရှိ အမေရိကန် သံရုံးတွင် နိုင်ငံရေးခိုလှုံခွင့် တောင်းခံပြီး နိုင်ငံရေး ခိုလှုံခွင့် ရရှိသွားကြသည်။ စက်တင်ဘာလလယ်တွင် စစ်အုပ်ချုပ်ရေး ကြေညာထားမှုကို ရုပ်သိမ်းလိုက်ပြီး ငုဒင့်ဇမ့်အစိုးရက ဗုဒ္ဓဘာသာဝင်များနှင့် ဂဏှာမငြိမ်ဖြစ်လာသည့် သူ့ကို ကျောထောက်နောက်ခံ ပေးထားသည့် အမေရိကန်အစိုးရတို့ကို ချွေးသိပ်ရန် ကြိုးစားသည့် အနေဖြင့် စက်တင်ဘာလကုန်ပိုင်း တွင် အတိုင်းအတာတခုအထိ လွတ်လပ်သည်ဟု ဆိုလို့ရသော လွှတ်တော်ရွေးကောက်ပွဲများ ကျင်းပပေးခဲ့သည်။ သို့သော် အချိန်နှောင်းခဲ့ပြီ ဖြစ်သည်။ နိုဝင်ဘာ ၁ ရက်နေ့တွင် အမေရိကန်၏ သွယ်ဝိုက်ထောက်ခံမှုဖြင့် ဗုဒ္ဓဘာသာခေါင်းဆောင်များနှင့် ဆက်ဆံရေးကောင်းမွန်သည့် စစ်ဗိုလ်ချုပ် တစုက ငုဒင့်ဇမ့်အစိုးရကို အာဏာသိမ်းပြီး ဖြုတ်ချလိုက်တော့သည်။ နိုဝင်ဘာ ၄ ရက်နေ့တွင် ထစ်ထျွီကွမ် ဆရာတော်သည် အမေရိကန်သံရုံးမှ အောင်ပွဲခံပြီး ထွက်လာနိုင်ခဲ့သည်။ ၁၉၆၄ တွင် ဗုဒ္ဓဘာသာ ခေါင်းဆောင်များက နောင်လာမည့် ဗီယက်နမ်အစိုးရများ ၄င်းတို့ကို ဖိနှိပ်မည်ကို စိုးရိမ်သည့်အတွက်  ရရှိထားသည့် နိုင်ငံရေးသြဇာကို အသုံးပြုပြီး ၁၉၆၃ ဗုဒ္ဓဘာသာ အရေးအခင်းမှ ရရှိလာသည့် ညီညွတ်မှုကို စနစ်တကျ အသုံးချနိုင်ရန် ကြိုးစားသည်။ နိုင်ငံတွင်းရှိ ဒေသနှင့် အယူအဆပိုင်းအရ သမိုင်းကြောင်းအားဖြင့် အကွဲကွဲ အပြားပြား ဖြစ်နေသည့် ဗုဒ္ဓဘာသာ ဂိုဏ်းများကို စုစည်းပြီး ဗုဒ္ဓဘာသာ ဂိုဏ်းပေါင်းစုံ ညီညွတ်ရေးအသင်း (United Buddhist Sangha) ကို ထူထောင်သည်။

ဤစာတမ်းသည် ဟွေရှိ ဗုဒ္ဓဘာသာအရေးအခင်း ခေါင်းဆောင်များ သူတို့ ရပ်တည်ချက်များအတွက် ဆက်လက် ထောက်ခံမှုရရှိအောင် ဆောင်ရွက်ကြပုံကို လေ့လာသုံးသပ်တင်ပြထားခြင်း ဖြစ်ပါသည်။ ၁၉၆၃ အရေးအခင်းအလွန်တွင် ဗုဒ္ဓဘာသာဝင်များအကြား စည်းလုံးညီညွတ်မှုကို ထိန်းသိမ်းပြီး နိုင်ငံရေး သြဇာကို ဆက်လက်ထိန်းထားနိုင်ရန် ကြိုးပမ်းကြပုံကို တင်ပြထားပါသည်။ ၁၉၆၀ ပြည့်နှစ်များ အစောပိုင်းကာလကစပြီး တောင်ဗီယက်နမ် နိုင်ငံ အလယ်ပိုင်းတွင်သာမက တနိုင်ငံလုံးရှိ ဗုဒ္ဓဘာသာဝင်များ၏ အမြင်ကို လွှမ်းမိုးရာတွင် အဓိက အရေးပါသည့် ကြာဖြူ လစဥ်စာစောင် (Liên Hoa Nguyệt San) တွင် ဖော်ပြပါရှိခဲ့သည့် ဆောင်းပါးများကို သုတေသတနလုပ် သုံးသပ်တင်ပြထားခြင်း ဖြစ်ပါသည်။ ကြာဖြူစာစောင်သည် ဗုဒ္ဓဘာသာ ဂိုဏ်းပေါင်းစုံ ညီညွတ်ရေးအသင်းတော်ကြီး၏ အမြင်များကို ထုတ်ဖော်သည့် နေရာ ဖြစ်လာပြီး ထစ်ထျွီကွမ်ဆရာတော်၏ အာဘော်ကို တင်ပြသည့် နေရာဖြစ်လာပါသည်။ ဆရာတော်က ဗုဒ္ဓဘာသာ လှုပ်ရှားမှုကို ဆက်လက်ထိန်းထားရန်နှင့် နိုင်ငံရေးအရ ဖိအားပေးတောင်းဆိုမှုကို ဆက်လက်ဆောင်ရွက်ရန် ကြာဖြူစာစောင်တွင် အဆက်မပြတ် ရေးသားတိုက်တွန်းခဲ့သည်။ ဤစာတမ်းက ကြာဖြူစာစောင်သည် ပြည်သူလူထုကို ထစ်ထျွီကွမ် ဆရာတော်၏ နိုင်ငံရေးတိုက်တွန်းချက်များအတိုင်း လှုပ်ရှားဆောင်ရွက်ကြရန် တိုက်တွန်းအားပေးပြီး ၁၉၆၅-၆၆ နှင့် ကျန်ရှိသည့် တောင်ဗီယက်နမ်နိုင်ငံ သက်တမ်းတလျှောက် ဖြစ်ရပ်များ အစပြုရာ နေရာတနေရာလဲ ဖြစ်လာကြောင်းကို သုံးသပ်တင်ပြထားပါသည်။

ပုံ ၂.၁ ။ ဆိုင်ဂွန်မြို့တွင် ဗုဒ္ဓဘာသာဝင်များ ငုဒင့်ဇမ့်အစိုးရကို ဆန္ဒပြနေပုံ၊ နိုဝင်ဘာ ၁၉၆၃။November 1963.
Photo: Douglas Pike Photograph Collection, Vietnam Center and Sam Johnson Vietnam Archive, Texas Tech University

ဗုဒ္ဓဘာသာနိုင်ငံရေးခေါင်းဆောင်များ၏ အာဘော် – ကြာဖြူစာစောင်

၁၉၅၅ တွင် ဗီယက်နမ်အလယ်ပိုင်း ဗုဒ္ဓဘာသာ သံဃာအဖွဲ့ (Giáo hội Tăng già Trung Việt) က ဗုဒ္ဓဘာသာ ပြန့်ပွားစေရန် ရည်ရွယ်ချက်ဖြင့် “ကြာဖြူဆောင်းပါးများ” ထုတ်ဝေရန် စီမံခဲ့သည်။ ယင်းကို ဘိက္ခူနီတပါးဖြစ်သူ ထစ်နျူဆီရုံခုံ့ (၁၀၀၅-၁၉၉၇) က ဦးဆောင် ဆောင်ရွက်ရန် ဖြစ်သည်။ ၁၉၅၅ နိုဝင်ဘာတွင် ဗီယက်နမ်အလယ်ပိုင်း ဗုဒ္ဓဘာသာ သံဃာအဖွဲ့၏ အထူးအစည်းအဝေးတွင် ဘိက္ခူနီ ဆရာတော်ဆီရုံခုံ့က ဆောင်းပါးများ အပ်နှံသည့်အခါ ၄င်းတို့ကို လစဥ်စာစောင်အနေဖြင့် ထုတ်ဝေရန် ဆုံးဖြတ်ပြီး ပထမဆုံးအသုတ်ကို ၁၉၅၆ မျောက်နှစ်၏ နှစ်ဆန်းတရက်နေ့တွင် ထုတ်ဝေရန် ဆုံးဖြတ်ခဲ့သည်။ သံဃာအဖွဲ့က လင့်မူဘုရားမှ ထစ်ဒွန်ဟောင်ဆရာတော် (၁၉၀၅-၁၉၉၂) ကို ဥက္ကဋ္ဌ အဖြစ် ခန့်အပ်ပြီး ဆရာတော် ထစ်ဒက်သမ်က အယ်ဒီတာအဖြစ် တာဝန်ယူသည်။ ဘိက္ခူနီ ဆရာတော် ထစ်နျူဆီရုံခုံ့က စာစောင် မန်နေဂျာအဖြစ် ဆက်လက်ဆောင်ရွက်သည်။

အချိန်ကြာလာသည်နှင့်အမျှ ကြာဖြူစာစောင်သည် ဗီယက်နမ်အလယ်ပိုင်းမှ ချဲ့ထွင်ပြီး (တောင်) ဗီယက်နမ် သမ္မတနိုင်ငံတနိုင်ငံလုံးရှိ ဗုဒ္ဓဘာသာဝင်များ၏ အသံကို ထုတ်ဖော်ရာ နေရာ ဖြစ်လာသည်။ ၁၉၆၀ အစောပိုင်းနှစ်များတွင် ယင်းစာစောင်တွင် ပါရှိသော ဆောင်းပါးများကို နိုင်ငံတဝှမ်း ဖြန့်ချီကြပြီး “၁၇ အပြိုင်မျဥ်း၏ တောင်ဖက်တနယ်လုံး (တောင်ဗီယက်နမ်) ရှိ သံဃာများ၏ အာဘော်” သဖွယ် ဖြစ်လာသည်။ ယင်းသို့ ဖြစ်လာသည်နှင့်အတူ ၁၉၆၃ ဗုဒ္ဓဘာသာအရေးအခင်းနှင့် ဗီယက်နမ်နိုင်ငံ ဗုဒ္ဓဘာသာ ဂိုဏ်းပေါင်းစုံ အသင်းကြီး ထူထောင်ရာတွင် သြဇာညောင်းသည့် သတင်းဖြန့်ချီရာ နေရာဖြစ်လာသည်။ ထိုသို့ ဖြစ်ရခြင်းမှာလည်း ဆရာတော် ထစ်ထျွီကွမ်မှ ထစ်ဒွန်ဟူ စသည့် အရေးအခင်းတွင် ပါဝင်သည့် အဓိက ခေါင်းဆောင်များမှာ စာစောင်တွင် ပုံမှန်ဆောင်းပါးရှင်များ ဖြစ်ပြီး ဖြစ်ရပ်များမှာလည်း ဟွေမြို့တွင် အဓိကဖြစ်ပွားနေခြင်းကြောင့် ဖြစ်ပါသည်။ ဗုဒ္ဓဘာသာ အရေးအခင်းကြောင့် ကြာဖြူ လစဥ်စာစောင်ထုတ်ဝေခြင်းမှာ ၁၉၆၃ နွေဦးမှ ဆောင်းဦးထိ ရပ်နားထားရသော်လည်း ၁၉၆၃ နှောင်းပိုင်းနှင့် ၁၉၆၄ ခုနှစ် တောက်လျှောက်တွင် သြဇာညောင်းသည့် အာဘော် ဖြစ်လာသည်။ ဗုဒ္ဓဘာသာအရေးအခင်းနှင့် ၁၉၆၃ သမ္မတငုဒင့်ဇမ့် အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြမှုများ၊ ၁၉၆၅-၆၆ ဒီမိုကရေစီဖော်ဆောင်ရန် ဆန္ဒပြမှုများနှင့် အမေရိကန် ဆုတ်ခွာခြင်းများ အစရှိသည့် ဖြစ်ရပ်များအပေါ် သြဇာသက်ရောက်မှု ရှိခဲ့သည်။

ကြာဖြူစာစောင်၊ ဗုဒ္ဓဘာသာအရေးအခင်းနှင့် ဂိုဏ်းပေါင်းစုံအသင်းကြီး၊ ၁၉၆၃-၆၄

၁၉၆၃ ဗုဒ္ဓဘာသာအရေးအခင်းနှင့်အတူ ဆင်ဆာြဖတ်တောက်ခြင်း၊ ဖိနှိပ်ခြင်းများ ကြုံရသဖြင့် ကြာဖြူစာစောင်ကို ခေတ္တရပ်နားခဲ့ရသော်လည်း နိုဝင်ဘာ ၁၉၆၃ တွင် အာဏာသိမ်းလိုက်သည့်အခါ စာစောင်ကို ပြန်လည် ထုတ်ဝေရန် အခွင့်အလမ်းပေးလာသည်။ ၁၉၆၃ နိုဝင်ဘာထုတ် စာစောင်က တက်သုတ်ရိုက် ထုတ်ဝေလိုက်ရပုံရပြီး ဖြန့်ချီသည့် စာစောင်တွင် စာလုံးပေါင်းမှားခြင်း၊ စာမျက်နှာများ ကျော်နေခြင်းများ ပါရှိနေသည်။ စာစောင်ကို အယ်ဒီတာအာဘော်ဖြင့် အစပြုထားပြီး ဆရာတော် ထစ်ဒွန်ဟောင်နှင့် ဆရာတော် ထစ်ဒက်သမ်တို့ ရေးသားပုံရသည်။ ၄င်းတို့က ၁၉၆၃ တွင် ပေါ်ပေါက်ခဲ့သည့် ဖြစ်ရပ်များကြောင့် ကြာဖြူစာစောင်က ဗုဒ္ဓဘာသာများ၏ အရေးတွင် မည်သည့် အခန်းကဏ္ဍက ပါဝင်ဆောင်ရွက်သင့်ကြောင်း ရှင်းပြထားသည်။ သူတို့က ဧပြီနှင့် စက်တင်ဘာ လတို့တွင် ဗီယက်နမ်ဗုဒ္ဓဘာသာဝင်များ “မုန်တိုင်းထဲ ဆွဲသွင်းခံခဲ့ရကြောင်း” ရှင်းပြထားသည်။ သို့သော် အာဏာသိမ်းပြီး နောက်ပိုင်းတွင် “ဗီယက်နမ်ပြည်သူအားလုံး ဗုဒ္ဓဘာသာဝင်များရော၊ ကျန်ဘာသာဝင် များ အတွက်ပါ မိုးစဲသွားပြီး လေလဲမထန်တော့ကြောင်း၊ အားလုံး စိတ်သက်သာရာရပြီး အခြေနေများ တည်ငြိမ်သွားပြီ ဖြစ်ကြောင်း” ဆိုလေသည်။ ဗုဒ္ဓဘာသာဝင်များနှင့် သာမန်ပြည်သူများ အများအပြား “ရိုက်နှက်ခံရခြင်းနှင့် အကျဥ်းချခံရခြင်းများ ရှိခဲ့သော်လည်း အားလုံး စိတ်သက်သာနိုင်သည့် အခြေအနေသို့ ရောက်လာပြီဟု ထင်ရကြောင်း” ဆိုသည်။ လွန်ခဲ့သည့် ခြောက်လက ပေါ်ပေါက်ခဲ့သည့် အကျပ်အတည်းကို အဆုံးသတ်ရန် စစ်တပ်က ဆောင်ရွက်ခဲ့သည် မှန်သော်လည်း “အမှန်တရားအတွက် လူသိထင်ရှားဖြစ်စေ၊ လူအများမသိဘဲ ဖြစ်စေ စတေးခံခဲ့ကြသည်မှာ ရဟန်းများ၊ ရဟန်းမများ၊ သာမန်ဗုဒ္ဓဘာသာဝင်များ၊ ပါမောက္ခများ၊ တက္ကသိုလ်ကျောင်းသားများနှင့် အထက်တန်း ကျောင်းသားများ ဖြစ်သည်ကို အမှတ်ရနေဖို့ လိုကြောင်း” အာဘော်က ဆိုသည်။ ဗီယက်နမ် ပြည်သူများအနေဖြင့် “ရဟန်းနှင့် ရဟန်းမ ခုနစ်ဦးဟာ အမှောင်ထုကို တိုက်ဖျက်ဖို့အတွက် မိမိ ခန္ဓာကိုယ်ကို မီးလောင်ကျွမ်းခံခဲ့ကြောင်း”၊ “ဗုဒ္ဓဘာသာကျောင်းသားများသည်လည်း ဗုံးစများ အစင်ခံရပြီး တင့်ကားများဖြင့် အနင်းခံခဲ့ရကြောင်း”နှင့် “ပါမောက္ခများ၊ ကျောင်းသားများဟာ ထောင်သွင်း အကျဥ်းချခံရခြင်းနှင့် အသက်ဆုံးရှုံးရခြင်းများ ကြုံတွေ့ခဲ့ရသည်” ကို မမေ့အပ်ဟု စာစောင်က ဆိုလေသည်။ ဗုဒ္ဓဘာသာဝင်များ ထားရှိရမည့် စိတ်ဓာတ်နှင့် ကြာဖြူစာစောင်ကဲ့သို့သော ဂျာနယ်များ၏ တာဝန်မှာ ၄င်းတို့ကို မှတ်တမ်းတင် ဂုဏ်ပြုသတိရနေဖို့ ဖြစ်သည်ဟု ဆိုလေသည်။

ပုံ (၂) ။ ဆရာတော် ထစ်ဒွန်ဟောင်
ဆရာတော် ထစ်ဒွန်ဟောင်၊  ၂၃၆၁၄၁၅၀၄၆၊  ရက်စွဲမပါရှိ။  Photo: Douglas Pike Collection: Vietnam Center and Sam Johnson Vietnam Archive, Texas Tech University

ကြာဖြူစာစောင်သည် ယခင်ကလည်း နိုင်ငံရေးရပ်တည်ချက်များ ထုတ်ပြန်မှု ရှိခဲ့သည်။ ဥပမာ – ၄င်းတို့သည် ၁၉၅၉ တွင် ဒလိုင်းလားမားနှင့် အခြားသော တိဘက် ဗုဒ္ဓဘာသာဝင်များ အိန္ဒိယသို့ ထွက်ပြေး တိမ်းရှောင်ရအောင် ပြုလုပ်ခဲ့သည့် တရုတ်ကွန်မြူနစ်ပါတီ၏ ပြုမူဆက်ဆံပုံကို ပြင်းထန်စွာ ဝေဖန်ခဲ့သည်။ သို့သော် တုန်လှုပ်ဖွယ်ကောင်းသည့် ၁၉၆၃ ဖြစ်ရပ်များ ပေါ်ပေါက်ပြီး နောက်တွင်တော့ ကြာဖြူစာစောင်က နိုင်ငံရေး မှတ်ချက်ပေးမှုမှာ ပိုပြီး အစဥ်တစိုက် ဖြစ်လာသည်။ သို့ဖြစ်သည့်အတွက် ၁၉၆၄ တွင် ဗုဒ္ဓဘာသာ ဂိုဏ်းပေါင်းစုံ အသင်းကြီး ထူထောင်ပြီးချိန်တွင် ကြာဖြူစာစောင်သည် ၄င်း၏ အာဘော်ကို ဖြန့်ဝေရာတွင် အဓိကနည်းလမ်း ဖြစ်လာသည်။

၁၉၆၄ ဇန်နဝါရီထုတ် စာစောင်တွင် ဗုဒ္ဓဘာသာ ဂိုဏ်းပေါင်းစုံအသင်းတော်နှင့် ဗီယက်ဟွာဒေါင် အင်စတီကျုတို့က ကြာဖြူစာစောင်မှတဆင့် ညီညွတ်သော ဗုဒ္ဓဘာသာ အစုအဖွဲ့အဖြစ် ဖော်ဆောင်ရန် ရည်ရွယ်ထားကြောင်း ဖော်ပြခဲ့သည်။ စာရေးသူတို့က ကြာဖြူစာစောင်သည် ဗုဒ္ဓဘာသာ ဂိုဏ်းပေါင်းစုံ အသင်းတော်၏ အာဘော်အနေဖြင့် ရှိကြောင်း ရှင်းလင်းစွာ ဖော်ပြခဲ့သည်။ ယင်းအချက်မှာ ၁၉၆၄ ဇန်နဝါရီထုတ် စာစောင်တွင် ဖော်ပြပါရှိသည့် ဗီယက်ဟွာဒေါင် အင်စတီကျု၏ ဥက္ကဋ္ဌ ဆရာတော် ထစ်သမ်ချူ ရေးသည့် နှစ်သစ်ကူး နှုတ်ခွန်းဆက်စာတွင်လည်း တွေ့နိုင်သည်။ ဆရာတော်က ၁၉၆၃ တွင် အကျအဆုံးများ ရှိခဲ့သော်လည်း ဗီယက်နမ် ဗုဒ္ဓဘာသာဝင်များနေဖြင့် “ဗုဒ္ဓဘာသာ၏ စစ်မှန်သော တရားဓမ္မများကို ဖြန့်ဝေရန်” နေရာတခု ရရှိခဲ့ပြီ ဖြစ်ကြောင်း ရေးသားထားသည်။ အဆိုပါ သမိုင်းဝင် လမ်းကြောင်းကို လျှောက်လှမ်းရန်နှင့် “အမှောင်ထုကို ဖြိုခွင်းရန်” မှာ ဗုဒ္ဓဘာသာဝင်များအနေဖြင့် ဗုဒ္ဓဘာသာဝင်များနှင့် အခြားသတ္တဝါများအပေါ် သည်းခံမှု၊ မေတ္တာတရားနှင့် ကောင်းမွန်သော စေတနာတို့ထားပြီး ဆောင်ရွက်ရမည်” ဟု ဖော်ပြထားသည်။ ထို့အပြင် ၄င်းတို့အနေဖြင့် ညီညွတ်မှုနှင့် ခိုင်မာသော သန္ဒိဋ္ဌာန်တို့ဖြင့် လျှောက်လှမ်းရမည် ဖြစ်ပြီး “ပြိတ္တာများက လမ်းများကို ပိတ်ဆို့ပြီး ငါတို့ကို တားဆီးခြင်း၊ ပစ်ခတ်ခြင်း၊ ထောင်ချခြင်း၊ သတ်ဖြတ်ခြင်းများ လုပ်သော်လည်း နောက်မတွန့်ဘဲ ဆောင်ရွက်ရမည်” ဟု ဖော်ပြထားသည်။ အာဏာပိုင်များ၏ ဖိနှိပ်ခြင်းကို တားဆီးနိုင်ရန်အတွက် ဗီယက်နမ် ဗုဒ္ဓဘာသာဝင်များအနေဖြင့် ဗီယက်ဟွာဒေါင်နှင့် ဗုဒ္ဓဘာသာဂိုဏ်းပေါင်းစုံ အသင်းကြီး၏ အစီအစဥ်များအနောက်တွင် ခိုင်မာစွာ ရပ်တည်ရန် လိုအပ်သည်ဟု တိုက်တွန်း ဖော်ပြထားသည်။

ဆရာတော် ထစ်ထျွီကွမ် ချမှတ်သော ရှေ့ခရီးစဥ်

၁၉၆၄ တွင် ပထမဆုံး  ထုတ်ဝေသည့် ကြာဖြူစာစောင်တွင် ဖော်ပြပါရှိသည့် အခြားသော အရေးပါဆုံး ဆောင်းပါးမှာ ၁၉၆၃ ဆန္ဒပြမှုများ၏ ခေါင်းဆောင် ဆရာ​တော် ထစ်ထျွီကွမ်၏ ဆောင်းပါးများ ဖြစ်သည်။ ဆရာတော်က ၁၉၆၄ တွင်လည်း ကြာဖြူစာစောင်တွင် လစဥ် ဆောင်းပါးများ ရေးသား ဖော်ပြခဲ့သည်။ ယင်းဆောင်းပါးကို “ဗီယက်နမ်နိုင်ငံ၏ ဗုဒ္ဓဘာသာအရေး လှုပ်ရှားမှု” ဟု ခေါင်းစဥ် တပ်ပြီး ၁၉၆၃ သမိုင်းဝင်ဖြစ်ရပ်များနှင့် ရှေ့ဆက်ရမည့် လုပ်ငန်းစဥ်များကို ဖော်ပြထားသည်။

ထစ်ထျွီကွမ်ဆရာတော်က သံဃာတော်များနှင့် ဒါယိကာ/မများအနေဖြင့် ကောင်းသော နိုင်ငံရေး အပြောင်းအလဲများ ဖြစ်စေရန် အသင့်ပြင်ထားကြောင်းနှင့် ဗီယက်နမ်နိုင်ငံ၏ ၁၉၆၃ တွင် ပေါ်ပေါက် ခဲ့သည့် ဖြစ်ရပ်များအပေါ် ကမ္ဘာက ရုတ်တရက် အာရုံစိုက်မှုကို အခွင့်ကောင်း ယူပြီး ကရုဏာ သက်မှုကို ရယူနိုင်ခဲ့သည်ဟု ဆိုသည်။  ဤသို့သော အခြေအနေတွင် ရရှိထားသည့် နိုင်ငံရေးသြဇာ အာဏာကို အချည်းနှီး မဖြုန်းတီးပစ်သင့်ကြောင်း ဆရာတော်က – “ဒီအခွင့်အလမ်းကို အသုံးချပြီး ဗုဒ္ဓဘာသာဝင် တို့ရဲ့ သြဇာအာဏာကို ပြသဖို့လိုအပ်ကြောင်းနှင့် မိမိတို့ရဲ့ ဒုက္ခဆင်းရဲကို အသုံးပြုပြီး မူဝါဒများ အပြောင်းအလဲ ဖြစ်အောင် ဆောင်ရွက်ရမည် ဖြစ်ကြောင်း” ဖော်ပြခဲ့သည်။ ဆရာတော်က ဗုဒ္ဓဘာသာဝင်များအနေဖြင့် နိုင်ငံရေးလှုပ်ရှားမှုများကို ဆက်လက်ဆောင်ရွက်ကြပြီး “ဆိုးယုတ်သော မူဝါဒများ ပြန်လည်ချမှတ်ခြင်း မဖြစ်စေရန်” နှင့် “မိမိတို့ လှုပ်ရှားမှုတွင် တောင်းဆိုခဲ့သည့် မူဝါဒ အပြောင်းအလဲများသည် ပြည်သူများ၏ မျှော်လင့်ချက်ကို အတိုင်းအတာ တခုအထိ လွှမ်းမိုးမည် ဖြစ်ကြောင်း” ပြောဆိုသည်။ ၁၉၆၃ တွင် ဗုဒ္ဓဘာသာဝင်များ ရရှိခဲ့သည့် အောင်မြင်မှုများကို ထိန်းထားနိုင်ရန် အစဥ်ဂရုပြုနေဖို့ လိုအပ်ပြီး အနာဂတ်တွင် ပိုမိုအောင်မြင်နိုင်သည်ကို သိရှိခြင်းဖြင့် “မိမိတို့၏ သန္ဒိဋ္ဌာန်ကို ခိုင်မာစေမည်” ဖြစ်ကြောင်း ဆရာတော်က ဆိုခဲ့သည်။

Riot police break up Buddhist demonstration, Saigon, 22 May 1966. Photo: Wikipedia Commons

နိဂုံးချုပ်

၁၉၆၄ ဇန်နဝါရီတွင် ကြာဖြူစာစောင်၏ သက်တမ်းတွင် အရေးပါသော ဖြစ်ထွန်းမှု နှစ်ရပ် ပေါ်ပေါက်ခဲ့သည်။ ပထမတခုမှာ ဗုဒ္ဓဘာသာ ဂိုဏ်းပေါင်းစုံ အသင်းကြီး၏ အာဘော် ဖြန့်ဝေရာ နေရာ ဖြစ်လာပြီး နိုင်ငံအလယ်ပိုင်းတွင်သာမက (တောင်) ဗီယက်နမ် သမ္မတနိုင်ငံတဝှမ်းလုံးတွင်ပါ အသင်းတော်ကြီး၏ သတင်းဖြန့်ဝေရာ စာစောင် ဖြစ်လာခြင်း ဖြစ်သည်။ ဒုတိယ ဖြစ်ထွန်းမှုမှာ ဂိုဏ်းပေါင်းစုံ အသင်းကြီး၏ နိုင်ငံရေး လှုပ်ရှားမှုများကို ပြည်သူများ သိရှိစေရန် ဆောင်ရွက်သည့် နေရာ ဖြစ်လာခြင်း ဖြစ်သည်။ ယခင်ကလည်း ကြာဖြူစာစောင်အနေဖြင့် ခေတ်ပြိုင်နိုင်ငံရေးကိစ္စများတွင် မှတ်ချက်ပေးရန် နောက်တွန့်ခြင်း မရှိခဲ့သော်လည်း ၁၉၆၄ တွင်မူ နိုင်ငံရေးလှုံ့ဆော်ခြင်းမှာ ပိုပြီး အရေးပါ အရာရောက်သည့် အခြေအနေသို့ ရောက်ရှိလာခြင်း ဖြစ်သည်။

ထို့အပြင် ကြာဖြူစာစောင်သည် ထစ်ထျွီကွမ်ဆရာတော်၏ ထင်မြင်ယူဆချက်များကို ပိုပြီး အလေးပေး ဖော်ပြလာပြီး ဆရာတော်၏ ဗုဒ္ဓဘာသာအရေး လှုပ်ရှားမှု ဆောင်းပါးများကို ၁၉၆၃ နိုဝင်ဘာမှ ၁၉၆၄ ခုနှစ်တလျှောက် ထုတ်ဝေဖြန့်ချီခဲ့သည်။ ယခင်က ကြာဖြူစာစောင်အနေဖြင့် မတူညီသည့် လူအုပ်စုများ၏ အမြင်အယူအဆများကို ဖော်ပြခဲ့သော်လည်း ၁၉၆၄ နောက်ပိုင်းတွင်မူ ဟွေမြို့တော်တွင် ပေါ်ပေါက်ခဲ့သည့် နိုင်ငံရေးဖြစ်ရပ်များ၏ လွှမ်းမိုးမှုကို ခံရပုံရသည့် အယ်ဒီတာများက ထစ်ထျွီကွမ်ဆရာတော်၏ နိုင်ငံရေးပုံစံကို ပိုမိုအလေးပေး​ ဖော်ပြလာခြင်း ဖြစ်သည်။ ၁၉၆၃-၁၉၆၅ ကာလအတွင်း နိုင်ငံရေးပြောင်းလဲမှုများ အများအပြား ပေါ်ပေါက်ခဲ့ပြီး ဗီယက်နမ်တွင် အမေရိကန် ပါဝင်ပတ်သက်မှု ပိုမိုတိုးမြင့်လာသော်လည်း ကြာဖြူစာစောင်သည် နိုင်ငံတဝှမ်း ဖြန့်ချီနိုင်သည့်အတွက် ဖော်ပြခဲ့သည့် နိုင်ငံရေးသတင်းစကား ပါးခြင်းကို ဆက်လက်ဆောင်ရွက်နိုင်ခဲ့သည်။ ယင်းဖြစ်ရပ်များနှင့် ၁၉၆၆ ဇန်နဝါရီတွင် ကြာဖြူစာစောင်က ပြန်လည်သင့်မြတ်ရေး ငြိမ်းချမ်းစွာ ဖော်ဆောင်ရန် တိုက်တွန်းမှုမှာ အပြိုင်ပေါ်ပေါက်ခဲ့သည်။ ယင်းတောင်းဆိုမှုမှာ ၁၉၆၆ နွေဦးတွင် ဗုဒ္ဓဘာသာ အရေးအခင်း ပေါ်ပေါက်စေသည့် ပထမဆုံး ခြေလှမ်းလည်း ဖြစ်သည်။ ယင်းအရေးအခင်းကြောင့် ကြာဖြူစာစောင်မှာ အဆုံးသတ်ခဲ့ရသည်။ သို့သော်လည်း စာစောင်သည် ၁၉၆၃ မှ ၁၉၆၆ အကြား ထစ်ထျွီကွမ်ဆရာတော်၏ နိုင်ငံရေး တက်ကြွလှုပ်ရှားမှု အရှိန်ကို ထိန်းထားရာတွင် အ​ရေးပါသည့် ​နေရာမှ ပါဝင်ခဲ့သည် ဖြစ်ပါတော့သတည်း။

Wynn Gadkar-Wilcox
Western Connecticut State University