
၂၀၂၄ ခုနှစ် သြဂုတ်လတွင် ထိုင်းနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေ ခုံရုံး သည် ထိုင်းနိုင်ငံရေး လမ်းကြောင်းကို အလေးအနက် သက်ရောက်သော ဆုံးဖြတ်ချက် နှစ်ခုကို ချမှတ်ခဲ့ပါသည်။ သြဂုတ်လ ၇ ရက်နေ့တွင် ခုံရုံး၏ ဆုံးဖြတ်ချက်ဖြင့် တိုးတက်သော အမြင်ရှိသည့် ရှေ့သို့ချီ Move Forward ပါတီကို ဘုရင်စနစ်ကို ပုန်ကန်သည်ဟု စွပ်စွဲချက်များဖြင့် ဖျက်သိမ်းခဲ့ပါသည်။ တပတ်အကြာတွင် ခုံရုံးက အာဏာရပါတီ ဖွေထိုင်းပါတီ (PTP) ဦးဆောင်သည့် ညွန့်ပေါင်းအစိုးရထဲမှ ဝန်ကြီးချုပ် ဆေထာထဝီစင်ကို ရာထူးမှ ထုတ်ပယ်ခဲ့ပါသည်။ အကျင့်ပျက်မှုနှင့် ထောင်ကျဖူးသူတဦးကို ဝန်ကြီးအဖြစ် ခန့်ထားမှုကို အကြောင်းပြပြီး ထုတ်ပယ်ခြင်း ဖြစ်ပါသည်။
၁၉၉၇ ခုနှစ် ဖွဲ့စည်းပုံအရ ဖွဲ့စည်းပုံ အခြေခံဥပဒေခုံရုံးကို စတင်ဖွဲ့စည်းခဲ့ပြီး ၂၀၀၆ ခုနှစ် အာဏာသိမ်းမှု နောက်ပိုင်း စစ်တပ်၏ ထိန်းချုပ်မှုအောက်တွင် လည်ပတ်သည့် “ဖွဲ့စည်းပုံဆိုင်ရာ ခုံအဖွဲ့ (Constitutional Tribunal)” သည် ထိုင်းနိုင်ငံရေးတွင် တဖြည်းဖြည်း အရေးပါသော အင်အားစုတခု ဖြစ်လာခဲ့ပါသည်။ စစ်အာဏာသိမ်းမှုများနှင့် ဖွဲ့စည်းပုံပြင်ဆင်မှုများ တလျှောက် ခုံရုံး၏ အာဏာသည် တဖြည်းဖြည်း တိုးလာခဲ့ပြီး လက်ရှိဖွဲ့စည်းပုံအရ ဒီမိုကရေစီမဆန်သည့် အထက်လွှတ်တော် ဆီးနိတ်၏ သက်ရောက်မှု အောက်တွင် ရှိပါသည်။
အခြေခံဥပဒေခုံရုံးသည် ရွေးကောက်ပွဲ ကျင်းပသည့်အချိန် သို့မဟုတ် ရွေးကောက်ပွဲပြီး မကြာမီတွင် လှုပ်ရှားမှုများ ပြုလုပ်လေ့ ရှိသည်ကို တွေ့ရပါသည်။ လွှတ်တော်အမတ်များကို ရာထူးမှ ထုတ်ပယ်ခြင်း၊ ပါတီများကို ဖျက်သိမ်းခြင်း သို့မဟုတ် ရွေးကောက်ပွဲ ရလဒ်များကို ပယ်ဖျက်ခြင်းများ လုပ်ဆောင် ခဲ့ပါသည်။ ဥပဒေ အကြောင်းပြပြီး စောဒက တက်ခွင့် မရှိသော ဆုံးဖြတ်ချက်များ ချမှတ်ခြင်းဖြင့် ခုံရုံး၏ အထိန်းအကွပ်မဲ့ အာဏာသည် ထိုင်းနိုင်ငံ၏ ရွေးကောက်ပွဲ တရားမျှတမှုနှင့် ဒီမိုကရေစီကို ထိခိုက် စေနိုင်သည်ဟု စိုးရိမ်မှုများ တိုးလာနေပါသည်။
အခြေခံဥပဒေခုံရုံး၏ လွတ်လပ်မှုနှင့် ယုံကြည်ကိုးစားနိုင်မှု
ထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေ ခုံရုံး၏ လွတ်လပ်မှုနှင့် ယုံကြည်ကိုးစားနိုင်မှုကို ထိခိုက်သည်ဟု တွေ့ရှိရသည့် အဓိက အချက် ၃ ချက်မှာ – ၎င်း၏ အာဏာ ကျယ်ပြန့်မှု၊ ခုံရုံး တရားသူကြီး ရွေးချယ်ပုံနှင့် ထိရောက်သော ထိန်းကျောင်းမှု မရှိခြင်းတို့ ဖြစ်ပါသည်။ ဤအချက်များသည် ပြည်သူများ အမြင်တွင် ခုံရုံးသည် တာဝန်ခံမှု မရှိဟု မြင်စေသလို နိုင်ငံရေးတွင် အများသဘောမတူနိုင်သည့် ဆုံးဖြတ်ချက်များ ချမှတ်သောအခါ ၎င်း၏ တရားဝင်မှုအပေါ် ထိခိုက်စေပါသည်။
ပထမအချက်မှာ ၎င်းကို ပေးအပ်ထားသော လုပ်ပိုင်ခွင့် အာဏာများ ဖြစ်ပါသည်။ ခုံရုံးသည် ၁၉၉၇ ခုနှစ် “ပြည်သူ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ” တွင် ပထမဆုံး ပါဝင်ခဲ့ပါသည်။ ထိုဖွဲ့စည်းပုံ အခြေခံဥပဒေသည် ထိုင်းနိုင်ငံတွင် ဒီမိုကရေစီနှုန်းများနှင့် အတော်လေးကိုက်ညီသည်ဟု ယူဆကြပါသည်။ ဥပဒေပြုရေး မဏ္ဍိုင်နှင့် အုပ်ချုပ်ရေး မဏ္ဍိုင်တို့ကို တိုးချဲ့သလို “လွတ်လပ်သော အဖွဲ့အစည်းများ” အဖြစ် အခြေခံဥပဒေ ခုံရုံးကဲ့သို့သော အဖွဲ့များကို ဖန်တီးကာ နိုင်ငံရေးသမားများ၏ တာဝန်ယူမှု၊ တာဝန်ခံမှုကို တိုးတက်စေရန် ရည်ရွယ်ပါသည်။ သို့သော် ခုံရုံး၏ အာဏာသည် စစ်အာဏာ သိမ်းမှုများနှင့် စစ်တပ်က ထုတ်ပြန်သည့် ဖွဲ့စည်းပုံများကြောင့် အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် နိုင်ငံရေး နယ်ပယ်တို့တွင် တဖြည်းဖြည်း ကျယ်ပြန့်လာခဲ့ပါသည်။ ၂၀၁၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အခြားဆိုင်ရာ ဥပဒေများအရ ခုံရုံးသည် ဥပဒေများနှင့် ရွေးကောက်ပွဲများသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ကိုက်ညီခြင်း ရှိမရှိ၊ နိုင်ငံရေး ပါတီများနှင့် လူပုဂ္ဂိုလ်များ၏ လုပ်ဆောင်မှုများကို စစ်ဆေးခြင်းများ ပြုလုပ်နိုင်ပါသည်။ ထို့အပြင် “နိုင်ငံရေးစနစ်ကို ဖျက်ဆီးရန် ကြံရွယ်သည်” ဟု ဆိုသည့် လှုပ်ရှားမှုများကို တားဆီး နိုင်ပါသည်။
ဒုတိယအချက်မှာ ၂၀၁၇ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ခုံရုံး (နှင့် ခုံရုံးကဲ့သို့သော လွတ်လပ်သော အဖွဲ့အစည်းများ) အဖွဲ့ဝင်များကို ရွေးချယ်ရာတွင် ဒီမိုကရေစီ မဆန်သော နည်းလမ်းကို အသုံးပြုခြင်း ဖြစ်ပါသည်။ ခုံရုံးတရားသူကြီးများသည် ရှေးရိုးစွဲ တရားသူကြီးများနှင့် ရှေးရိုးအီလိများနှင့် ပနံသင့်သည့် ပညာရှင်များ ဖြစ်ပါသည်။ တရားသူကြီးများကို အမည်စာရင်း တင်သွင်းရာတွင် တရားလွှတ်တော်ချုပ် တရားသူကြီးများနှင့် အုပ်ချုပ်ရေးတရားရုံးချုပ် တရားသူကြီးများထဲမှ ရွေးချယ် ပါသည်။ ရွေးချယ်သည့် ကော်မတီကို ဖွဲ့စည်းရာတွင် တရားလွှတ်တော်ချုပ် ဥက္ကဋ္ဌ၊ လွှတ်တော် ဥက္ကဋ္ဌ၊ အတိုက်အခံခေါင်းဆောင်၊ အုပ်ချုပ်ရေးတရားရုံးချုပ်ဥက္ကဋ္ဌနှင့် အခြားသော လွတ်လပ်သော အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ ပါဝင်ပါသည်။
ထို့နောက် ရွေးချယ်ခံရသူများကို အထက်လွှတ်တော်ဆီးနိတ်က အတည်ပြုပါသည်။ သို့သော် ဆီးနိတ်သည် ပြည်သူ့မဲဖြင့် ရွေးချယ်ထားခြင်း မဟုတ်သဖြင့် ၎င်း၏ တရားဝင်မှု မရှိပါ။ ၂၀၂၄ ခုနှစ် အောက်တိုဘာလအထိ သိရှိရသလောက် ခုံရုံးတရားသူကြီးအားလုံးကို ၂၀၁၄ ခုနှစ် အာဏာသိမ်းအပြီး စစ်တပ်မှ ခန့်အပ်ထားသော ဆီးနိတ်က အတည်ပြု ခန့်အပ်ထားခြင်း ဖြစ်ပါသည်။ အနာဂတ် တရားသူကြီးများကို ခန့်အပ်ရာတွင် အများပြည်သူ မပါရှိသည့် ရွေးချယ်မှု နည်းလမ်းဖြင့် ဆီးနိတ်ကပဲ ခန့်အပ်မည် ဖြစ်ပါသည်။ ယခုကဲ့သို့ ရွေးချယ်မှု စနစ်ကြောင့် ခုံရုံး၏ ဒီမိုကရေစီ တရားဝင်မှုကို များစွာ ထိခိုက်စေပါသည်။
တတိယအချက် အနေဖြင့် ခုံရုံး ကို ထိရောက်စွာ ထိန်းကျောင်းနိုင်မှု မရှိခြင်းက စိုးရိမ်မှုကို ပိုမို ဆိုးရွားစေပါသည်။ ခုံရုံး၏ ဆုံးဖြတ်ချက်များသည် နိုင်ငံရေးအဖွဲ့အစည်းအားလုံးအတွက် စောဒက မတက်နိုင်သော နောက်ဆုံး ဆုံးဖြတ်ချက်များ ဖြစ်နေပါသည်။ ထို့ကြောင့် အခြား အဖွဲ့အစည်းများက ၎င်း၏ ဆုံးဖြတ်ချက်များကို ပြန်လည် စစ်ဆေးခြင်း သို့မဟုတ် တိုင်ကြားခြင်း မပြုလုပ်နိုင်ပါ။ ထို့အပြင် တရားသူကြီးများအား ဖယ်ရှားရန် နည်းလမ်းတခု ရှိသော်လည်း ယင်းမှာ “ကျင့်ဝတ် စံနှုန်းများကို” ချိုးဖောက်ခြင်းဖြင့်သာ ဖယ်ရှားနိုင်ခြင်း ဖြစ်ပါသည်။ သို့သော် အဆိုပါ သတ်မှတ်ချက်ကို ရေးဆွဲပြဋ္ဌာန်းသူမှာ ခုံရုံးကိုယ်တိုင်ပင် ဖြစ်နေသည့်အတွက် အကျိုးစီးပွားအရ ဝိရောဓိ ဖြစ်နေပါသည်။သို့ဖြစ်ရာ အများပြည်သူအနေဖြင့် ခုံရုံး၏ ဆောင်ရွက်ချက်များကို ထိန်းကျောင်းနိုင်သည့် နည်းလမ်း မရှိသလောက် ဖြစ်ပါသည်။
ထိုင်းနိုင်ငံတွင် ဖွဲ့စည်းပုံ ခုံရုံး၏ ကျယ်ပြန့်သော အာဏာ၊ ဒီမိုကရေစီ မရှိသော ရွေးချယ်မှုနှင့် ထိန်းကျောင်းနိုင်မှု မရှိခြင်းတို့ကြောင့် ခုံရုံးသည် မကြာခဏဆိုသလို “အကြိမ်ကြိမ် တိုင်ကြားသူများ” ဟု ခေါ်သည့် နိုင်ငံရေးသမားများ၏ အသုံးချခံ ဖြစ်နေပါသည်။ ၎င်းတို့က ရှေးရိုးစွဲ အီလိများနှင့် ပနံသင့် သူများဖြစ်ပြီး ဥပဒေအရ တိုင်ကြားသည် ဆိုကာ နိုင်ငံရေးပြိုင်ဘက်များ (အထူးသဖြင့် အတိုက်အခံများ) အပေါ် နိုင်ငံရေးအရ တိုက်ခိုက်ပါသည်။ ခုံရုံး၏ ဆုံးဖြတ်ချက်များသည်လည်း အများအားဖြင့် ဒီမိုကရေစီနှင့် ကိုက်ညီခြင်း မရှိသော ဆုံးဖြတ်ချက်များ ဖြစ်ပြီး ယင်း တိုင်ကြားသူများဖက် လိုက်လေ့ရှိကာ ပြည်သူက ရွေးကောက်ပွဲဖြင့် ဖော်ပြသည့် ဆန္ဒမဲများကို ပယ်ဖျက် ပစ်လေ့ ရှိပါသည်။

ထိုင်းနိုင်ငံရှိ ရွေးကောက်ပွဲတရားမျှတမှုအပေါ် ခုံရုံး၏ ဆုံးဖြတ်ချက်များနှင့် ၎င်းတို့၏ သက်ရောက်မှု
ထိုင်း ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက ချမှတ်ခဲ့သည့် ဆုံးဖြတ်ချက်များကြောင့် ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်းအဖြစ်မှ ရပ်ဆိုင်းခံရခြင်း၊ နိုင်ငံရေးပါတီများ ဖျက်သိမ်းခံရခြင်းနှင့် ရွေးကောက်ပွဲရလဒ်များ ပယ်ဖျက်ခြင်းများ ဖြစ်ပေါ်ခဲ့ပါသည်။ ထိုသို့သော ဆုံးဖြတ်ချက်များသည် မဲဆန္ဒရှင်များက ရွေးကောက်ပွဲတွင် ပြုလုပ်ခဲ့သော ရွေးချယ်မှုများကို ဖျက်ဆီးသည့်အပြင် တနိုင်ငံလုံး၏ ရွေးကောက်ပွဲဆိုင်ရာ တရားမျှတမှုကို ထိခိုက်စေပါသည်။
ပထမအချက်မှာ ခုံရုံးက ဥပဒေလုပ်ထုံးလုပ်နည်းများကို သုံးခြင်း ဖြစ်ပါသည်။
နိုင်ငံရေးသမားများ၏ ကျင့်ဝတ်ကို ဥပဒေနှင့် မညီဟု အကြောင်းပြသည့်နည်းဖြင့် ရွေးကောက်ခံ ကိုယ်စားလှယ်များနှင့် အုပ်ချုပ်ရေးပိုင်း ပုဂ္ဂိုလ်များကို ရာထူးမှ ထုတ်ပယ်ပါသည်။ ၂၀၂၄ ခုနှစ် သြဂုတ်လတွင် ဝန်ကြီးချုပ် ဆေထာထဝီစင်ကို ဝန်ကြီးချုပ်ရာထူးမှ ထုတ်ပယ်ခဲ့ပါသည်။ ထိုအမှုတွင် ဝန်ကြီးချုပ်က ဝန်ကြီးအဖြစ် ပုဂ္ဂိုလ်တဦးကို ခန့်အပ်ခဲ့ခြင်းမှာ ခုံရုံးက မရိုးသားမှုဟု သတ်မှတ်ပြီး ဆုံးဖြတ်ခြင်းကြောင့် ဖြစ်ပါသည်။ သူ့နေရာတွင် ဝန်ကြီးချုပ်အဖြစ် ပေထုန်တန်ရှင်နာဝပ် က အစားထိုးပါသည်။
နောက်ထပ် နည်းလမ်းတခုမှာ မီဒီယာကုမ္ပဏီတွင် ရှယ်ယာဝေစုများ ပိုင်ဆိုင်မှု ရှိနေသည်ဟု အကြောင်းပြပြီး ရွေးကောက်ခံ လွှတ်တော်အမတ်များကို တာဝန်မှ ရပ်ဆိုင်းခြင်းဖြစ်ပါသည်။ ဤသို့ ဆောင်ရွက်ရာတွင် မီဒီယာကုမ္ပဏီ ဆိုသည့် သတ်မှတ်ချက်ကို ကျယ်ပြန့်စွာ အဓိပ္ပာယ်ဖွင့်ပါသည်။ ထိုသတ်မှတ်ချက်တွင် လူထုကို ဆက်သွယ်ပြောကြားခြင်းနှင့် သက်ဆိုင်သော လုပ်ငန်းအားလုံး ပါဝင်ပြီး လက်ရှိ လည်ပတ်ခြင်း မရှိသောကုမ္ပဏီများလည်း ပါဝင်စေပါသည်။
၂၀၁၉ ခုနှစ် နိုဝင်ဘာလတွင် အနာဂတ်ရှေ့ဆောင်ပါတီ Future Forward Party (Move Forward Party မတိုင်မီပါတီ) ၏ ခေါင်းဆောင်နှင့် လွှတ်တော်အမတ်ဖြစ်သူ သနာသွန် ဂျူရန် ဂရွန်ဂူရန်ကစ် ကို သက်တမ်းကုန်နေသော မီဒီယာကုမ္ပဏီတွင် ရှယ်ယာဝေစု ရှိနေသည်ဟုဆိုကာ ရာထူးမှ ရပ်ဆိုင်းခဲ့ပါသည်။ ထိုကုမ္ပဏီသည် ယခင်က ဘဝနေထိုင်ပုံဆိုင်ရာ မဂ္ဂဇင်းများ ထုတ်ဝေခဲ့သော ကုမ္ပဏီဖြစ်ပါသည်။ ထို့အတူ ၂၀၂၃ ရွေးကောက်ပွဲတွင် တချိန်က ရုပ်သံလွှင့်ခွင့်လိုင်စင်ရှိဖူးပြီး လက်ရှိတွင် လည်ပတ်ခြင်း မရှိသလောက်ဖြစ်သော ကုမ္ပဏီတွင် ရှယ်ယာဝေစု ရှိနေသည်ဟုဆိုကာ MFP ၏ ခေါင်းဆောင် လွှတ်တော်အမတ် ပီတာလင်ဂျာအိုရန်ရတ်ကို ရာထူးမှ ရပ်ဆိုင်းရန် တိုင်ကြားစာ တင်သွင်းခဲ့ပါသည်။ ပီတာ၏ အမှုတွင် ၎င်း၏ ကုမ္ပဏီသည် မီဒီယာလုပ်ငန်းတွင် မပါဝင်ကြောင်း ပြသသော စာရွက်စာတမ်းများ ရှာဖွေတွေ့ရှိခဲ့သည့်အတွက် ၎င်းကို အပြစ်မရှိဟု ဆုံးဖြတ်ခဲ့ပါသည်။
အဆိုပါဖြစ်ရပ်များသည် ရွေးကောက်ပွဲ တရားမျှတမှုအပေါ် သက်ရောက်မှုအား မစဥ်းစားဘဲ ဥပဒေကို အလွဲသုံးစားပြုနေကြောင်း စိုးရိမ်စရာများ ဖြစ်ပါသည်။ ယင်းတို့တွင် နိုင်ငံရေးအရ အကြံအစည် ရှိနေကြောင်းလည်း တွေ့ရမည် ဖြစ်ပါသည်။ သနာသွန်၏ အမှုတွင် ရွေးကောက်ပွဲတွင် သိသာစွာ နိုင်ပြီးနောက်မှ “အကြိမ်ကြိမ် တိုင်ကြားသူ” တဦးက တိုင်ကြားခဲ့ခြင်း ဖြစ်ပြီး ပီတာ၏ အမှုတွင်မူ ရွေးကောက်ပွဲ မတိုင်မီ တပတ်အလိုမှ ရှေးရိုးစွဲ တိုင်ကြားသူတဦးက တိုင်ကြားခဲ့ခြင်း ဖြစ်ပါသည်။
ဒုတိယအချက်မှာ ဘုရင်စနစ် ပြုပြင်ပြောင်းလဲရန် မဲဆွယ်ခဲ့သည့် ပါတီများကို ခုံရုံးက ပြစ်ဒဏ် ချမှတ်ခြင်း ဖြစ်ပါသည်။
၂၀၂၄ ခုနှစ် ဇန်နဝါရီ ၃၁ ရက်တွင် ခုံရုံးက တော်ဝင်မိသားစုအပေါ် သိက္ခာကျစေမှု သို့မဟုတ် ခြိမ်းခြောက်မှု (lèse-majesté) ဥပဒေ (ရာဇဝတ် ဥပဒေပုဒ်မ ၁၁၂) နှင့် ယင်းဥပဒေအောက်တွင် ဖမ်းဆီးခံရသူများအတွက် အာမခံပေးရန်အတွက် ဥပဒေကို ပြင်ဆင်ရန် မဲဆွယ်ခြင်းသည် “နိုင်ငံရေးစနစ်ကို ဖျက်သိမ်းရန် ကြံစည်ဆောင်ရွက်ခြင်း” ဖြစ်သည်ဟု ဆုံးဖြတ်ချက်ချခဲ့ပါသည်။ ဖွဲ့စည်းပုံခုံရုံးက ပုဒ်မ ၁၁၂ သည် ဘုရင်စနစ် တည်မြဲရန်အတွက် မရှိမဖြစ်လိုအပ်သည့် အရာအဖြစ် သတ်မှတ်ကာ ပြုပြင်ရန် ခွင့်မပြုနိုင်ဟု ဆုံးဖြတ်ခြင်း ဖြစ်ပါသည်။ ယင်းကိစ္စကို နိုင်ငံရေးထဲ ထည့်သွင်းမဲဆွယ်သည့် ရှေ့သို့ချီပါတီ Move Forward Party (MFP) ၏ လှုပ်ရှားမှုသည် နိုင်ငံတော်ကို ပုန်ကန်ရာ ရောက်ကြောင်း ခုံရုံးက ရှုမြင်ပါသည်။ ထို့ကြောင့် ပါတီကို ၂၀၂၄ ခုနှစ် သြဂုတ် ၇ ရက်တွင် ဖျက်သိမ်းခဲ့ပြီး ၎င်း၏ အမှုဆောင်ကော်မတီ အဖွဲ့ဝင်များကို ၁၀ နှစ်တာ နိုင်ငံရေး လှုပ်ရှားမှုများတွင် ပါဝင်ခွင့် ပိတ်ပင်ခဲ့ပါသည်။
လက်ရှိ အာဏာရပါတီ ဖွေထိုင်းပါတီ Pheu Thai Party (PTP) ကို ဖျက်သိမ်းရန် တင်သွင်းထားသည့် တောင်းဆိုမှုကိုမူ ခုံရုံးက ငြင်းပယ်ခဲ့ပါသည်။ ဖွေထိုင်းသည် ရှေးရိုးစွဲအုပ်စုများနှင့် စစ်တပ်ကို မဟာမိတ်ဖွဲ့ခြင်း မပြုလုပ်မီက ပုဒ်မ ၁၁၂ ပုဒ်မ ပြင်ဆင်ရန် မဲဆွယ်ခဲ့သော်လည်း ဖွေထိုင်းပါတီကို မဖျက်သိမ်းခဲ့ခြင်းမှာ ပါတီသည် နိုင်ငံရေးစနစ်ကို ဖျက်ဆီးရန် ကြံရွယ်ခြင်းမရှိဟု ခုံရုံးက ယုံကြည်ခြင်းကြောင့် ဖြစ်ကြောင်း အကြောင်းပြခဲ့ပါသည်။
အဆုံးတွင် နိုင်ငံရေးစနစ်ကို ပြုပြင်ရန် ကြိုးစားမှုအားလုံးကို နိုင်ငံရေးစနစ်ဖျက်ဆီးမှုအဖြစ် သတ်မှတ်ခြင်းဖြင့် ဖွဲ့စည်းပုံခုံရုံးသည် ရွေးကောက်ပွဲအတွင်း နိုင်ငံရေး အယူအဆ စုံလင်မှုကို ဖိနှိပ်ခြင်း ဖြစ်ပါသည်။ ယင်းက ထိုင်းနိုင်ငံ၏ ပါတီစုံ ဒီမိုကရေစီစနစ် အခြေခံတည်ရှိမှုကို ထိခိုက်စေပါသည်။
တတိယအချက်မှာ ရွေးကောက်ပွဲများကို ပယ်ဖျက်ရန် ခုံရုံးက ချမှတ်ခဲ့သည့် ဆုံးဖြတ်ချက်များသည် ပြည်သူ့ဆန္ဒကို ငြင်းပယ်ခြင်း ဖြစ်သလို အနာဂတ် ရွေးကောက်ပွဲများ၏ တည်ငြိမ်မှုအပေါ် စိုးရိမ်စရာ များစွာ ဖြစ်စေပါသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးသည် ၂၀၀၆ ခုနှစ် ရွေးကောက်ပွဲတွင် မဲမသမာမှုများ ရှိသည်ဟုဆိုကာ ရွေးကောက်ပွဲကို ပယ်ဖျက်ရန် ဆုံးဖြတ်ချက် ချခဲ့ပါသည်။ ပထမဦးစွာ ရွေးကောက်ပွဲ ပြုလုပ်ရန် ကြေညာပြီး ၃၇ ရက်အတွင်း ကျင်းပရန် ဆုံးဖြတ်ချက်သည် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ကိုက်ညီသော်လည်း အခြားပါတီများအတွက် မတရားမှု ဖြစ်သည်ဟု ခုံရုံးက ဆိုပါသည်။ ထိုသို့ အချိန်သတ်မှတ်ချက်ကြောင့် အခြားပါတီများက ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့ပြီး အချို့ မဲဆန္ဒနယ်များတွင် အာဏာရပါတီဖြစ်သည့် Thai Rak Thai ပါတီမှ ကိုယ်စားလှယ်လောင်းများသာ ဝင်ရောက် ယှဥ်ပြိုင်ခဲ့ပါသည်။ ထိုကြောင့် မဲဆန္ဒရှင်ပြည်သူများအနေဖြင့် ၄င်းတို့ဆန္ဒကို အမှန်တကယ် ထုတ်ဖော်နိုင်ခြင်း ရှိမရှိ ခုံရုံးအနေဖြင့် သံသယ ရှိသည်ဟု ဆိုပါသည်။ ဤဆုံးဖြတ်ချက်သည် တရားစီရင်ရေးမဏ္ဍိုင်အနေဖြင့် နိုင်ငံရေးတွင် ပါဝင်လာကြောင်း စိုးရိမ်စရာ ဖြစ်စေခဲ့သလို ဒီမိုကရေစီ စံနှုန်းများနှင့် ဆန့်ကျင်ပြီး မည်သည့်အတိုင်းအတာအထိ “ဖွဲ့စည်းပုံနှင့် ကိုက်ညီမှု” ရှိမရှိကို ဆုံးဖြတ်နိုင်ကြောင်း မေးခွန်းထုတ်စရာ ဖြစ်ခဲ့ပါသည်။ ထို့အပြင် မဲပုံးများထားရှိမှုသည် မဲဆန္ဒရှင် လျှို့ဝှက်မှုကို ထိခိုက်စေနိုင်သည်ဟု သက်သေ အခိုင်အလုံ မရှိဘဲ ခုံရုံးက စွပ်စွဲခဲ့ပါသည်။
ထို့နောက် ၂၀၁၄ ခုနှစ် ရွေးကောက်ပွဲတွင် ၂၈ ခရိုင်တွင် ကိုယ်စားလှယ်လောင်းများ မပါဝင်မှုကြောင့် မဲပေးခြင်း မပြုနိုင်ခဲ့သည့်အတွက် ရွေးကောက်ပွဲကို ဖွဲ့စည်းပုံနှင့် မညီဟု ခုံရုံးက ဆုံးဖြတ်ခဲ့ပါသည်။ ဆန္ဒပြအုပ်စုများက ကိုယ်စားလှယ်လောင်းများကို မှတ်ပုံတင်ရန် တားဆီးမှုကြောင့် ယင်းသို့ ဖြစ်ပွားခဲ့ခြင်း ဖြစ်ပါသည်။ ဤဆုံးဖြတ်ချက်သည် ခရိုင် ၂၈ ခုထဲတွင် ဖြစ်ခဲ့သော မတည်မငြိမ် မှုများကြောင့် အခြားခရိုင်များရှိ ရွေးကောက်ပွဲကိုပါ မခိုင်လုံဟု သတ်မှတ်သည့် မျှတမှု မရှိသည့် ရွေးကောက်ပွဲပယ်ဖျက်မှု ဖြစ်ပါသည်။ ထို့အပြင် ၂၈ ခရိုင်တွင် ကြားဖြတ်ရွေးကောက်ပွဲ မပြုလုပ်ရန်လည်း ခုံရုံးက ဆုံးဖြတ်ခဲ့ပါသည်။ ထိုအချိန်တွင် ခုံရုံးသည် မဲဆန္ဒရှင်များ၏ ဖွဲ့စည်းပုံအခြေခံပါ အခွင့်အရေးများကို မကာကွယ်ခဲ့သလို ကိုယ်စားလှယ်လောင်းများကို တားဆီးသော ဆန္ဒပြအုပ်စုများ၏ လှုပ်ရှားမှုများကိုလည်း မဖြေရှင်းခဲ့ပါ။
ခုံရုံးက ၂၀၀၆ နှင့် ၂၀၁၄ ခုနှစ် ရွေးကောက်ပွဲ ရလဒ်များကိုသာ ပယ်ဖျက်ခဲ့သော်လည်း ယင်းနောက် ရွေးကောက်ပွဲများကို ပယ်ဖျက်ရန် တိုင်ကြားမှုများ များလာခဲ့ပါသည်။ ၂၀၁၉ ခုနှစ် ရွေးကောက်ပွဲအပြီး “အကြိမ်ကြိမ်တိုင်ကြားသူ” နောက်တဦး (၂၀၂၃ ရွေးကောက်ပွဲပြီးနောက် နာမည်ကြီးလာသူ) က အဆိုပါ ရွေးကောက်ပွဲကို ပယ်ဖျက်ရန် အစိုးရတိုင်ကြားစာဌာနမှ တဆင့် ခုံရုံးကို တိုင်ကြားခဲ့ပြန်ပါသည်။ ၎င်းက မဲရလဒ်များနှင့်ပါတ်သက်သည့် ရှေ့နောက်မညီညွတ်မှုများနှင့် ပါတီစာရင်းတွက်ချက်မှုများသည် ဖွဲ့စည်းပုံနှင့်မညီဟု အကြောင်းပြခဲ့ပါသည်။ သို့သော် အစိုးရတိုင်ကြားစာ ဌာနက စစ်ဆေးခြင်း မပြုခဲ့ပါ။ မဲမသမာမှုများ ရှိသည်ဟု ခိုင်လုံသော သက်သေ မပြနိုင်ပါဘဲ ၂၀၂၃ အထွေထွေ ရွေးကောက်ပွဲရလဒ်ကို ဖျက်သိမ်းရန် တိုင်ကြားခြင်းများလည်း ထပ်မံ ရှိခဲ့ပြန်ပါသေးသည်။
ရွေးကောက်ခံ ကိုယ်စားလှယ်များကို ရာထူးမှ ရပ်ဆိုင်းခြင်း၊ နိုင်ငံရေးပါတီများကို ဖျက်သိမ်းခြင်းနှင့် ရွေးကောက်ပွဲများကို ပယ်ဖျက်ခြင်းတို့ကြောင့် ထိုင်းနိုင်ငံ၏ ရွေးကောက်ပွဲတရားမျှတမှုကို ထိခိုက်နေပါသည်။ ယင်းကဲ့သို့ ဆုံးဖြတ်ချက်များတွင် ခုံရုံးက ထုံးစံလို ပါဝင်လာခြင်းသည် အာဏာလွှဲပြောင်းမှုကို ငြိမ်းချမ်းစွာ ပြုလုပ်နိုင်ရေးအတွက် ရွေးကောက်ပွဲများ၏ တရားဝင် ခိုင်မာမှုကို များစွာ ထိခိုက်စေပါသည်။ ထို့အပြင် သမိုင်းတလျှောက်တွင် ရွေးကောက်ပွဲများ ပယ်ဖျက်ပြီး ဖြစ်ပေါ်လာသော နိုင်ငံရေး မတည်မငြိမ်မှုနှင့် အာဏာဗလာဖြစ်မှုတို့ကြောင့် ၂၀၀၆ နှင့် ၂၀၁၄ ခုနှစ်များတွင် စစ်အာဏာသိမ်းမှုများ ဖြစ်ပွားစေခဲ့ပါသည်။ ရွေးကောက်ပွဲများ ပယ်ဖျက်ခြင်း မရှိရင်တောင်မှ ရွေးကောက်ခံ ကိုယ်စားလှယ်များကို ရာထူးမှ ရပ်ဆိုင်းခြင်းနှင့် နိုင်ငံရေးပါတီများကို ဖျက်သိမ်းခြင်းသည် ထိုင်းနိုင်ငံတွင် ရွေးကောက်ပွဲ တရားမျှတမှုကို ထိခိုက်စေနိုင်သည့် တရားစီရင်ရေး ဆုံးဖြတ်ချက်များ ဖြစ်နေပါသည်။

နိဂုံး
ရွေးကောက်ပွဲတွင် ပြည်သူ့ ဆန္ဒကို ဖျက်ဆီးသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ခုံရုံး၏ လုပ်ရပ်သည် ထိုင်းနိုင်ငံ၏ ရွေးကောက်ပွဲ တရားမျှတမှုကို ထိခိုက်စေပါသည်။ ခုံရုံး၏ ဆုံးဖြတ်ချက်များမှာ ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်းများကို ဥပဒေ အကြောင်းပြပြီး ရာထူးမှ ရပ်ဆိုင်းခြင်း၊ ဘုရင်စနစ် ပြုပြင်ပြောင်းလဲမှုများကို အဆိုပြုသော နိုင်ငံရေးပါတီများကို ဖျက်သိမ်းခြင်းနှင့် ရွေးကောက်ပွဲများ ပယ်ဖျက်ခြင်းတို့ ဖြစ်ပါသည်။ ၎င်းအချက်များသည် ခုံရုံး၏ ကျယ်ပြန့်သော အာဏာ၊ ဒီမိုကရေစီမရှိသော ရွေးချယ်မှု စနစ်နှင့် ပြည်သူအပေါ် တာဝန်ခံခြင်း မရှိခြင်းတို့ကြောင့် ပိုမို ဆိုးရွားနေပါသည်။ ၎င်း၏ ရွေးကောက်ပွဲအပေါ် တိုက်ရိုက်သက်ရောက်မှုနှင့် သွယ်ဝိုက် သက်ရောက်မှု တို့ကြောင့် ထိုင်းနိုင်ငံတွင် အနာဂတ် ရွေးကောက်ပွဲများ၏ တရားဝင်မှုအပေါ် သံသယဖြစ်စေပါသည်။
ထို့ကြောင့် ခုံရုံး၏ တာဝန်များကို ပြန်လည် ပြင်ဆင်ရန် တောင်းဆိုမှုများ တိုးပွားလာခြင်းမှာ အံ့သြစရာ မဟုတ်ပါ။ ဥပဒေများ ပြင်ဆင်ပြီး နိုင်ငံရေးသမားများ၏ လုပ်ရပ်များအပေါ် ခုံရုံး၏ စီရင်ပိုင်ခွင့်ကို ဖယ်ရှားရန် အကြံပြုချက်များ ပေါ်လာပါသည်။ ၎င်းအပြင် ဖွဲ့စည်းပုံအခြေခံဥပဒေ ခုံရုံး ထားရှိရန် လိုမလို ပြန်လည် သုံးသပ်ရန် ဆွေးနွေးမှုများလည်း စတင်လာပါသည်။ ဤအကြံပြုချက်များသည် ရွေးကောက်ပွဲဆိုင်ရာ ပြဿနာများတွင် ခုံရုံး၏ သက်ရောက်မှုကို လျှော့ချရန် ရည်ရွယ်ပါသည်။ သို့သော် ထိုအကြံပြုချက်များသည် အတိုက်အခံပါတီများအတွင်းသာ ရှိနေပြီး၊ ခုံရုံးပြုပြင်မှုအတွက် နိုင်ငံရေး စိတ်ဆန္ဒ မရှိသမျှ ၎င်းသည် ရွေးကောက်ပွဲရလဒ်များကို ဆက်လက် သက်ရောက်နေမည် ဖြစ်ပါတော့သည်။
Ekmongkhon Puridej, Asia Centre