မလေးရှားနိုင်ငံ၏စီးပွားရေးကို ပလက်ဖောင်းဖြစ်စေခြင်း ပုလင်းဟောင်းတွင် ဝိုင်အသစ်ထည့်ခြင်းလား

Guanie Lim & Yat Ming Ooi

နိုင်ငံတကာစီးပွားရေးစနစ်တွင် တရုတ်နိုင်ငံ၏ အရေးပါမှု ကြီးထွားလာပြီး အရှေ့တောင်အာရှနှင့်လည်း ပိုမိုတင်းကျပ်စွာ ပေါင်းစည်းလာပြီးနောက် ဒေသတွင်းရှိ မူဝါဒချမှတ်သူများသည် တရုတ်နိုင်ငံမှ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (FDI) ရရှိရန် ယခင်ကထက်ပိုပြီး အသည်းအသန်  ကြိုးပမ်းသင့်ကြောင်း ရှုမြင်လာကြသည်။ တရုတ်၏ ရင်းနှီးမြှုပ်နှံမှု ရရှိရန် ကြိုးပမ်းမှုက အရှေ့တောင်အာရှ နိုင်ငံအများအပြားတွင် စက်မှုလုပ်ငန်းတိုးတက်မှု ရပ်တန့်နေပြီး အလယ်အလတ် ၀င်ငွေထောင်ချောက် (အလယ်အလတ်တန်းနိုင်ငံအဆင့်တွင် ရပ်တန့်နေမှု) မိနေချိန်တွင် ပေါ်ထွက်လာခြင်းလည်း ဖြစ်သည်။ 1 ဤကိစ္စတွင် မလေးရှားနိုင်ငံ၏ အတွေ့အကြုံကို လေ့လာရန် အသုံးဝင်ပါသည်။ တရုတ်နှင့် ကာလရှည်ကြာ ဆက်ဆံရေးကို အသုံးချပြီး မလေးရှားနိုင်ငံသည် နှစ်နိုင်ငံ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုကို တိုးတက်အောင် ကြိုးပမ်းခဲ့သည်။ အထူးသဖြင့် ယခင်၀န်ကြီးချုပ်ဟောင်း နာဂျစ်ရာဇက် (၂၀၀၉-၂၀၁၈) သည် တရုတ်နိုင်ငံ၏ အပြည်ပြည်ဆိုင်ရာကော်ပိုရေးရှင်းကြီးများ (TNCs) ကို ဆွဲဆောင်ရန် သိသာထင်ရှားစွာ အားထုတ်ခဲ့သည်။ နာဂျစ်လက်ထက်တွင် ရည်မှန်းချက်ကြီးသည့် လုပ်ငန်းများကို လုပ်ဆောင်ရန် ပုံမှန်ပြန်ဆပ်ရမည့်ကာလထက် ပိုရှည်သော တရုတ်၏ ကော်ပိုရေးရှင်းကြီးများကို ပိုမိုမှီခိုလာခဲ့သည်။ 2အမှန်အားဖြင့်လည်း နာဂျစ်လက်ထက်တွင် စတင်ခဲ့ပြီး ဝန်ကြီးချုပ် အဆက်ဆက် ဆက်လက်လုပ်ဆောင်ခဲ့သည့် အထင်ရှားဆုံး တရုတ်စီမံကိန်းအချို့တွင် အရှေ့ဖက် ကမ်းရိုးတန်းဆက် ရထားလမ်းစီမံကိန်း (ECRL)၊ မလေးရှား-တရုတ် ကွမ်တန်စက်မှုဇုန် စီမံကိန်း (MCKIP) နှင့် ဘန်ဒါမလေးရှား တို့ ပါဝင်သည်။ 3

ပလက်ဖောင်းဖော်ဆောင်ခြင်း (platformization) သည် အရေးကြီးသည့် အစိတ်အပိုင်းအဖြစ်ပါဝင်သည့် ဒစ်ဂျစ်တယ် စီးပွားရေးကို မြှင့်တင်ရာတွင် မလေးရှားနိုင်ငံသားများသည် အလီဘာဘာ (Alibaba) ကို ၎င်းတို့နှင့် ပူးပေါင်း ဆောင်ရွက်သူအဖြစ် ရွေးချယ်ခဲ့သည်။ မကြာသေးမီနှစ်များအတွင်း ကမ္ဘာလုံးဆိုင်ရာ နယ်ပယ်တွင် ပေါ်ပေါက်လာခဲ့သည့် အတက်ကြွဆုံး တရုတ်ပိုင်အပြည်ပြည်ဆိုင်ရာ ကော်ပိုးရေးရှင်းကြီးဖြစ်သည်ဟု ဆိုနိုင်သည့် အလီဘာဘာသည် လွတ်လပ်သော ဒစ်ဂျစ်တယ် ကုန်သွယ်မှုဇုန် (DFTZ) တွင် ပါဝင်နေသည်။ ၎င်းသည် တရုတ်နှင့် မလေးရှား နှစ်နိုင်ငံစလုံးမှ အခြေစိုက်ကုမ္ပဏီများ ပါဝင်သည့် လူပြောများသည့် အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှု (PPP) ဖြစ်သည်။ ဤပရောဂျက်သည် ဆပန်၊ ဆလန်ငေါ တွင်တည်ရှိပြီး မလေးရှားနိုင်ငံ၏ ဒစ်ဂျစ်တယ် အသွင်ပြောင်းမှုကို မြှင့်တင်ရန် အထောက်အကူတခုအဖြစ် မျှော်မှန်းထားသည်။ အလီဘာဘာမှ နည်းပညာနှင့် အသိပညာ လွှဲပြောင်းပေးခြင်းသည် မလေးရှားကုမ္ပဏီများကို စျေးပေါသော လုပ်အားအပေါ် မှီခိုခြင်းမှ ဝေးဝေးသို့ ရွေ့လျားသွားစေရန် မျှော်လင့်ထားပြီး ပိုမိုကောင်းမွန်သော တန်ဖိုးများရရှိစေမည့် ပို၍ခေတ်မီသော လုပ်ငန်းများဆီသို့ တွန်းပို့နိုင်မည်ဖြစ်သည်။ ယင်းမှ အလယ်အလတ်တန်းဝင်ငွေအဆင့်နိုင်ငံတွင် ပိတ်မိနေခြင်းမှ ကျော်လွှားနိုင်ရန် ရည်မှန်းခြင်းဖြစ်သည်။ အနည်းဆုံးတော့ သီအိုရီအားဖြင့်  လွတ်လပ်သော ဒစ်ဂျစ်တယ် ကုန်သွယ်မှုဇုန် (DFTZ)သည် မလေးရှားနိုင်ငံ၏ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုစွမ်းရည်များကို အဆင့်မြှင့်တင်ရာတွင် အောင်မြင်မှုတခု ဖြစ်လာသင့်သည်။ ဤအတိုင်း အမှန်တကယ်ဖြစ်လာသလား သို့မဟုတ် လက်တွေ့အားဖြင့် ကွဲပြားနေပါသလား ဆိုသည်မှာ ဤစာတမ်းတွင် စူးစမ်းလေ့လာသော အဓိကမေးခွန်းဖြစ်ပါသည်။


DFTZ Goes Live 2017. Promotional launch video.

လွတ်လပ်သော ဒစ်ဂျစ်တယ်ကုန်သွယ်မှုဇုန် (DFTZ) ကို လက်တွေ့ဆန်းစစ်ချက်

လွတ်လပ်သော ဒစ်ဂျစ်တယ် ကုန်သွယ်မှုဇုန် (DFTZ) သည် မလေးရှားစက်မှုကဏ္ဍ ဂေဟစနစ်၏ ဖွံ့ဖြိုးတိုးတက်မှု လမ်းကြောင်းကို မည်သို့ အကျိုးသက်ရောက်ခဲ့ပါသနည်း။ ဤပရောဂျက်သည် ဝန်ကြီးချုပ် နာဂျစ်၏ ၂၀၁၇ ရသုံးမှန်းချေ မိန့်ခွန်းတွင် DFTZ ထူထောင်ကြောင်း ကြေညာသည့် အောက်တိုဘာလ ၂၀၁၆ ခုနှစ်မှ စတင်ခဲ့ခြင်း ဖြစ်သည်။ ရက်သတ္တပတ်အနည်းငယ်အတွင်း နာဂျစ်သည် အလီဘာဘာတည်ထောင်သူလည်းဖြစ် လူကြိုက်များသူ လည်း ဖြစ်သည့် ဂျက်မားကို အစိုးရ၏ ဒစ်ဂျစ်တယ်စီးပွားရေးအကြံပေးအဖြစ် ခန့်အပ်ခဲ့သည်။ 4 ဂျက်မားအနေဖြင့် အွန်လိုင်းငွေချေစနစ်၊ အာလီပေး၊ အွန်လိုင်းဘဏ်စနစ်နှင့် အွန်လိုင်း ဘဏ္ဍာရေးစနစ်တို့ ပါဝင်သည့် အွန်လိုင်း စီးပွားရေးစနစ် (e-economy) တည်ထောင်ရာတွင် မလေးရှားကို ကူညီပေးမည်ဟု မျှော်လင့်ထားခြင်း ဖြစ်သည်။ ယင်းရည်မှန်းချက်များတွင် DFTZ သည် ယနေ့အထိ ထင်ထင်ရှားရှား အကောင်အထည်ပေါ်လာသည့် အစီအစဥ် တခုဖြစ်သည်။ 5မလေးရှားအစိုးရ အပြောင်းအလဲဖြစ်ပြီး လအနည်းငယ်အကြာ  ၂၀၁၇ ခုနှစ် မတ်လတွင် အလီဘာဘာသည် အရှိန်အဟုန်ဖြင့် ဤပရောဂျက်ကို စတင်ဆောင်ရွက်ခဲ့ပါသည်။

DFTZ ၏ စီးပွားရေးမော်ဒယ်ကို လေ့လာကြည့်ပါက အလီဘာဘာ၏ ခြေရာလက်ရာမှာ ထင်ရှားသည်။ ၎င်း၏တန်ဖိုးမှာ DFTZ သည် အထူးသီးခြားဇုန် ဖြစ်နေမှုအပေါ်တွင် အခြေခံထားခြင်း ဖြစ်သည်။ ကုန်ပစ္စည်းများကို အချိန်တိုအတွင်း လျင်မြန်စွာပေးပို့နိုင်စေမည့် လိုအပ်သည့် ဝန်ဆောင်မှုများ သတ်မှတ်ချိန်အတွင်း ရရှိနိုင်ရန် စီစဥ်ထားရှိသည်။ ဤဇုန်သည် အလီဘာဘာ ၏ ပထမဆုံးအင်တာနက်အခြေပြု ကုန်သွယ်မှု ပလက်ဖောင်း သို့မဟုတ် အီလက်ထရွန်နစ် ကမ္ဘာ့ကုန်သွယ်ရေး ပလက်ဖောင်း (e-WTP) လည်းဖြစ်သည် ။ အင်တာနက်အခြေပြု ဝန်ဆောင်မှု ပလက်ဖောင်း (eServices Platform) အား ဖြည့်စွက်ရန် ရုပ်ပိုင်းဆိုင်ရာ အခြေစိုက် အခြေခံအဆောက်အဦများ (eFulfilment hub) နှင့် ဂြိုလ်တု ဝန်ဆောင်မှုဆိုင်ရာ အခြေခံအဆောက်အဦများ (satellite services hub) ထားရှိသည်။ ၄င်းတို့ကို Pos Malaysia (a Malaysian SOE) မှ ပထမအဆင့် မလေးရှားယင်းဂစ်သန်း ၆၀ ဖြင့် လုပ်ဆောင်နေပြီး အဆင့်နှစ်ဆင့်ဖြင့် ဖော်ဆောင်ရန် ရည်မှန်းထားခြင်း ဖြစ်သည်။ 6 ဘတ်ဂျက်ကို အသုံးပြုသည့် နေရာမှာ ၂၀၁၉ ခုနှစ်ကတည်းက စတင်လည်ပတ်ခဲ့သော DFTZ ၏ အဆောက်အဦများ၏ (ယခင်ကအခေါ်) တန်ဖိုးနည်းဂိတ် (Low-Cost Carrier Terminal – LCCT) ကို အဆင့်မြှင့်တင်ရန်အတွက် ဖြစ်ပါသည်။ ပရောဂျက်၏ ဒုတိယအဆင့်အကြောင်းမှာမူ လူသိနည်းပါသည်။ သို့သော်လည်း အလီဘာဘာသည် ရှယ်ယာ ၇၀% ဖြင့် အဓိက အခန်းကဏ္ဍမှ ဆက်လက် ရပ်တည်နေသည်ဟု သိရှိရပါသည်။ ကျန် ၃၀% ကို အခြားသော နိုင်ငံပိုင်ကုမ္ပဏီ​ (SOE) ဖြစ်သည့် Malaysia Airports Holdings Berhad (MAHB) မှ ပိုင်ဆိုင်ပါသည်။

Kuala Lumpur, 2017: Alibaba Group founder Jack Ma has praised Malaysia for being the first country to implement a digital free trade zone (DFTZ) at Sepang, Malaysia. Photo: SL Chen, Shutterstock

ယခုအချိန်အထိ ဖော်ပြထားသည့် အချက်အလက်များသည် အဓိက လေ့လာတွေ့ရှိချက် နှစ်ခုကို ဖော်ပြနေသည်။ ပထအချက်မှာ ဤပရောဂျက်သည် ကျယ်ပြန့်သောစက်မှုကဏ္ဍနှင့် အနည်းငယ်မျှသာ ထိတွေ့ဆက်ဆံမှုသာရှိပြီး သီးခြားလိုဖြစ်နေပါသည်။ ကုန်သွယ်ရေးဗဟိုချက် ကွာလာလမ်ပူမှ တနာရီခွဲလောက် လာရပြီး သီးခြားလို ဖြစ်နေသည့်အပြင် DFTZ မှ မလေးရှားနိုင်ငံသားများ နည်းပညာလွှဲပြောင်းမှု မည်မျှရရှိသည်မှာ မသေချာပါ။ သို့သော် အချို့သော ကောက်ချက်ချမှုများကို ပြုလုပ်နိုင်ပါသည်။ ဥပမာအားဖြင့် အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (SME) ၏ စွန့်ဦးတီထွင်စွမ်းအင်ကို အသုံးချရန် မျှော်မှန်းထားသည်။ DFTZ တွင် ပါဝင်ရန် သူတို့ကို အားပေးခြင်းဖြင့် မလေးရှား၏ တက်သစ်စ အွန်လိုင်းကုန်သွယ်ရေးလုပ်ငန်း (e-commerce) ကို နှိုးဆွနိုင်မည် ဟု မျှော်လင့်ထားကြောင်း မလေးရှားနိုင်ငံတကာ ကုန်သွယ်မှုနှင့် စက်မှုလုပ်ငန်း (MITI) အသင်းက ဆိုထားသည်။ 7  တွေ့ရှိရသည့် အချက်များအပေါ် အခြေခံသော ခွဲခြမ်းစိတ်ဖြာမှုအရ DFTZ မှတဆင့် ပြည်တွင်း အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း (SMEs) ၁၃၀၀၀ သည် ၂၀၁၉ နှစ်ကုန်တွင် ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ အွန်လိုင်း (e-commerce) စျေးကွက်များသို့ ဝင်ရောက်ခွင့်ရရှိခဲ့သည်။ ၎င်းတို့၏ အရေအတွက်မှာ ၂၀၁၇ နှစ်ကုန်တွင် ၂၀၀၀ မျှသာရှိရာမှ ဆတိုး တိုးပွားလာခဲ့ခြင်းဖြစ်သည်။ 8

သို့သော် ဤကိန်းဂဏန်းများသည် ၎င်းတို့ဖော်ပြသည်ထက် ဖုံးကွယ်ထားချက်များက ပိုပါသည်။ လေ့လာသူ  သမ်နှင့် ခမ်း တို့က အချက်နှစ်ချက်ကို ထောက်ပြထားသည် 9။ ပထမတချက်မှာ DFTZ မတည်ထောင်မီ အွန်လိုင်း ကုန်သွယ်မှု (e-commerce) လမ်းကြောင်းများကို အသုံးပြုခဲ့သည့် သက်တမ်းရင့် အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (SME)များနှင့် အသစ်ဖြစ်သော SME များကြားတွင် သိသိသာသာ ခွဲခြားနိုင်မှု မရှိသလောက် ဖြစ်သည်။  ထို့အပြင် DFTZ ရှိ  အွန်လိုင်းကုန်သွယ်မှု ပလက်ဖောင်းများတွင် စာရင်းသွင်းထားသော SME များ မည်မျှ အလုပ်မဖြစ်ဘဲ စွန့်ခွာနေလဲဆိုသည့် အချက်အလက်ကို မသိရပါ။ ဆိုလိုသည်မှာ အချက်အလက်များ ပိုမိုရရှိနိုင်ခြင်း မရှိသရွေ့ DFTZ ၏ လက်တွေ့အလုပ်ဖြစ်မှုကို သတိကြီးကြီးဖြင့် သုံးသပ်ရန် (သတိဖြင့်သာ အကောင်းမြင်ရန်) လိုအပ်ခြင်း ဖြစ်ပါသည်။

ဒုတိယအချက်မှာ အရင်းအနှီးပိုင်ဆိုင်မှုဆိုင်ရာ ကိစ္စတွင်လည်း ‘သီးခြားဖြစ်နေမှု အကျိုးဆက်’ (enclave effect) ကိုလည်း တွေ့ရခြင်းဖြစ်ပါသည်။ DFTZ ၏အဓိကအသက်မှာ မလေးရှားနိုင်ငံ၏ နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းများ (SOE) အစုအဖွဲ့ (Pos Malaysia နှင့် MAHB) နှင့် နည်းပညာအခြေခံသော နိုင်ငံခြား အပြည်ပြည်ဆိုင်ရာ ကော်ပိုရေးရှင်းကြီး (အလီဘာဘာ) တို့ပါ၀င်သည့် စုဖွဲ့မှုအဖွဲ့ဖြစ်ပါသည်။ ဤပူးပေါင်းဆောင်ရွက်မှုသည် မလေးရှားနိုင်ငံ၏ စက်မှုထွန်းကားရေးလုပ်ငန်းစဉ်နှင့် ရင်းနှီးသော လေ့လာသုံးသပ်သူများအတွက် ဆန်းလှသည် မဟုတ်ပါ။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု (FDI) သည် အစဉ်အလာအားဖြင့်  နိုင်ငံ၏နည်းပညာခေတ်နောက်ကျမှုကို ပပျောက် စေရန် ဆွဲဆောင်မှုရှိခဲ့ပါသည်။ ဤအချက်ကို လျှပ်စစ်နှင့် အီလက်ထရောနစ်အချက်အချာနေရာ ဖြစ်သည့် ပီနန်ပြည်နယ်တွင် ထင်ရှားစွာ တွေ့ရပါသည်။ မလေးရှားနိုင်ငံသည် အကြီးစားစက်မှုလုပ်ငန်း ဖွံ့ဖြိုးစေရန် အပြင်းအထန် ဆောင်ရွက်သည့် ၁၉၈၀ ပြည့်နှစ်များ အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု (FDI)အပေါ် မှီခိုအားထားမှု ပိုမိုတိုးပွားလာခဲ့ပါသည်။ အစိုးရအနေဖြင့် နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းများ (SOE) ကို   နိုင်ငံခြားပိုင် အပြည်ပြည်ဆိုင်ရာ ကော်ပိုရေးရှင်းကြီးများ (TNC) နှင့် ဖက်စပ်လုပ်ငန်းများ ထူထောင်ခြင်းဖြင့် ၎င်းတို့၏ နည်းပညာခေတ် နောက်ကျမှုကို ဖြေရှင်းရန် သင့်တော်သည်ဟု ရှုမြင်ပါသည်။ 10 ၎င်းတို့၏ဘဏ္ဍာရေးစရိတ်စကများ မည်သို့ပင် ရှိစေကာမူ၊ နိုင်ငံပိုင် စီးပွားရေးလုပ်ငန်း (SOE) များ ဖြေရှင်းရသည့် အခက်ခဲဆုံးပြဿနာတခုမှာ လိုင်စင်နှင့် အခြားသော နည်းပညာပိုင်း ဆိုင်ရာ စီမံခန့်ခွဲမှုဆိုင်ရာ လိုအပ်ချက်များကို ၎င်းတို့လက်လှမ်းမမီအောင် ကန့်သတ်ခံထားရခြင်း ဖြစ်ပါသည်။ အကျိုးဆက်အနေဖြင့် မလေးရှား၏ နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းများ (SOE) သည် နည်းပညာမဟုတ်သော ပြဿနာများ (စည်းမျဉ်းစည်းကမ်းနှင့် စျေးကွက်ရှာဖွေခြင်းကဲ့သို့) ကို တာဝန်ခွဲယူရပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ အနေဖြင့် လုပ်ငန်း၏ နည်းပညာပိုင်းဆိုင်ရာ ကဏ္ဍများ (ဥပမာ သွင်းအားစုများ၊ စက်ရုံဒီဇိုင်းနှင့် ထုတ်လုပ်မှုလုပ်ငန်းစဥ်) တို့ကို ပို၍တာဝန်ယူရပါသည်။ ထိုသို့ ကိုယ်ပိုင် စီမံပိုင်ခွင့်မရှိခြင်းကြောင့် မလေးရှားနိုင်ငံမှ သက်ဆိုင်သူများအနေဖြင့် ပိုမိုရေရှည်တည်တံ့သော အော်ဂဲနစ်စွမ်းဆောင်ရည်ပုံစံများ (ဥပမာ ပိုမိုအဆင့်မြင့်သော စျေးကွက်များတွင် ထုတ်ကုန်စံနှုန်းများ ပိုမိုရရှိရန် ကြိုးစားခြင်းကဲ့သို့) ကို ဆောင်ရွက်ရန်မှာ တားဆီးခံထားရသကဲ့သို့ ဖြစ်နေပါသည်။

လက်ရှိကာလတွင် ဤကုမ္ပဏီအများအပြားသည် ၎င်းတို့၏ သက်ဆိုင်ရာ နယ်ပယ်ကဏ္ဍများကို စွန့်ခွာသွားကြပြီ ဖြစ်ပါသည်။ အကြီးစားစက်မှုလုပ်ငန်းကဏ္ဍတွင် မလေးရှားနိုင်ငံ၏တည်ရှိမှု (ကမ္ဘာ့စျေးကွက်ဝေစုကဲ့သို့ နေရာမျိုးတွင်) မှာလည်း အရေးမပါသလောက် ဖြစ်သွားပြီ ဖြစ်ပါသည်။ စက်မှုကဏ္ဍ အဆင့်မြှင့်တင်ရေးအတွက် မလေးရှားနိုင်ငံသည် နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုနှင့် ပြည်တွင်း နိုင်ငံပိုင်စီးပွားရေးလုပ်ငန်း (SOE) များအပေါ် မှီခိုအားထားနေရသည့် အချက်သည် ၎င်း၏ပုဂ္ဂလိက ကဏ္ဍနှင့် အခြားအသေးစားစီးပွားရေးအချက်များ (ဥပမာ ကျွမ်းကျင်မှု သင်ယူခြင်းနှင့် စီးပွားရေးလုပ်ငန်းအားလုံးအတွက် မျှတသော နယ်ပယ်ဖော်ဆောင်ခြင်း) တို့ကို လျစ်လျူရှုထားမှုနှင့်လည်း တိုက်ဆိုင်နေကြောင်း လေ့လာမှုများစွာက ဖော်ပြပါသည် 11။ မလေးရှားကုမ္ပဏီများအနေဖြင့် နည်းပညာ လှေကားထစ်ကို အဆင့်ဆင့်တက်နိုင်ပြီး ပိုမိုအဆင့်မြင့်မားသော ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုများ ထုတ်လုပ်ရောင်းချခြင်း ဆောင်ရွက်ပြီး “အလယ်အလတ်တန်း ဝင်ငွေထောင်ချောက်တွင် ပိတ်မိနေခြင်း” ကို ဖြေရှင်းနိုင်ရန်မှာ အဆိုပါ ပြဿနာများကို ကိုင်တွယ်ဖြေရှင်းရမည်ဖြစ်ပါသည်။ 12

နိဂုံး

နိဂုံးချုပ်အနေဖြင့်၊ အစိုးရများနှင့် အဖွဲ့အစည်းများသည် ဒစ်ဂျစ်တယ် အသွင်ကူးပြောင်းရန်အတွက် နည်းလမ်းများ အဖြစ် ပလက်ဖောင်းများကို ပိုမိုအသုံးပြုလာကြပါသည်။ လွတ်လပ်သော ဒစ်ဂျစ်တယ် ကုန်သွယ်မှုဇုန် (DFTZ)  သည် မလေးရှား၏ ဒစ်ဂျစ်တယ်စီးပွားရေးသို့ အသွင်ကူးပြောင်းမှုကို အရှိန်မြှင့်ရန် ရည်မှန်းချက်ကြီးသော စဥ်းစားချက်များ ဖြင့် ပလက်ဖောင်းကို အသုံးချပုံ ဥပမာတခု ဖြစ်ပါသည်။ သို့သော်လည်း DFTZ သည် ကျယ်ပြန့်သောစီးပွားရေးအတွင်း အခြားသက်ဆိုင်သူများနှင့် ထိတွေ့ဆက်ဆံမှုမှာ လက်ရှိအချိန်အထိ နည်းနေပါသေးသည်။ သက်ဆိုင်သူ အသီးသီးတွင် မတူညီသော ရည်မှန်းချက်များ ရှိနေတတ်ပြီး၊  ယင်းကို ဖြေရှင်းရန် DFTZ သည် ၎င်း၏ တန်ဖိုးအဆိုပြုချက်များကို ပြန်လည်ရေးဆွဲခြင်းဖြင့် သူ့၏စီးပွားရေးမော်ဒယ်ပုံစံကို ပြင်ဆင်ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ပါသည် 13။ ထို့အပြင် DFTZ တွင် ပြည်တွင်းအခြေစိုက် နိုင်ငံပိုင်စီးပွားရေးလုပ်ငန်း (SOE) သို့မဟုတ် အခြားသော ပြည်တွင်းကုမ္ပဏီများမှ တိုက်ရိုက် အရင်းအနှီးပိုင်ဆိုင်ခွင့်မရှိခြင်းသည် မလေးရှားစီးပွားရေးကို အဆင့်မြှင့်တင်ရန် လိုအပ်သည့် နည်းပညာပိုင်းဆိုင်ရာ ကျွမ်းကျင်မှုများ လွှဲပြောင်းမှုကို လျော့နည်းစေပါသည်။

မူဝါဒချမှတ်သူများသည် လွတ်လပ်သော ဒစ်ဂျစ်တယ် ကုန်သွယ်မှုဇုန်  (DFTZ) ကဲ့သို့သော ကြီးမားသည့် အစိုးရ-ပုဂ္ဂလိက ဖက်စပ်ဆောင်ရွက်ခြင်း (PPP) သည် မလေးရှားစီးပွားရေးကို အဆင့်မြှင့်တင်ရန် အကောင်းဆုံး ချဉ်းကပ်မှု ဟုတ်မဟုတ်ကို (အထူးသဖြင့် အလွန်လိုအပ်နေသည့် နည်းပညာလွှဲပြောင်းမှု မပါရှိဘဲဖြစ်နေချိန်တွင်) ထည့်သွင်း စဉ်းစားသင့်ပါသည်။ ယင်းအစား ဂေဟစနစ်ချဉ်းကပ်မှု (ecosystem approach) ကဲ့သို့သော အစားထိုး အုပ်ချုပ်မှု ပုံစံများကို စဉ်းစားနိုင်ပါသည်။ ဂေဟစနစ်ချဉ်းကပ်မှုတွင် အပြည်ပြည်ဆိုင်ရာ ကော်ပိုရေးရှင်းကြီးများ (TNC) က အခြေချ စီးပွားရေးလုပ်ငန်းများ (anchor firms) အဖြစ်ပါဝင်ရန် နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းများ (SOE) က ပံ့ပိုးသည့် နည်းလမ်းဖြင့် ဆောင်ရွက်ခြင်းဖြစ်ပါသည်။ ဤချဉ်းကပ်မှုတွင် အခြေချကုမ္ပဏီများ၊ ပံ့ပိုးကုမ္ပဏီများနှင့် သက်ဆိုင်သူ အကျိုးရှင်များအကြားတွင် နည်းပညာနှင့် အသိပညာဖလှယ်မှုအပေါ် ပြတ်သားစွာ အာရုံစိုက်ခြင်းဖြင့် တန်ဖိုးဖန်တီးမှုတွင် ကွဲပြားခြားနားသော သက်ဆိုင်သူများ ပါဝင်နိုင်စေမည် ဖြစ်ပါသည်။ ထို့ကြောင့် ပလက်ဖောင်း ဖော်ဆောင်မှု၏ ရည်မှန်းချက်ဖြစ်သည့် မြို့ပြ၊ ဒေသန္တရနှင့် နိုင်ငံတော်အဆင့်တွင် စစ်မှန်သော ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းမှု ပန်းတိုင်ရောက်ရှိရန်မှာ အသစ်သော၊ စနစ်ကျသောချဉ်းကပ်မှုတခု လိုအပ်နေသည် ဖြစ်ပါတော့သတည်း။ ။

Guanie Lim
National Graduate Institute for Policy Studies, Japan
Yat Ming Ooi
University of Auckland, New Zealand

Notes:

  1. Ohno K, The Middle Income Trap: Implications for Industrialization Strategies in East Asia and Africa (National Graduate Institute of Policy Studies 2009)
  2. Gomez ET et, China in Malaysia: State-Business Relations and the New Order of Investment Flows (1st 2020 edition edn, Palgrave Macmillan 2020)
  3. Liu H and Lim G, ‘The political economy of a rising China in Southeast Asia: Malaysia’s response to the belt and road initiative’ (2019) Journal of Contemporary China, 28:116, 216-231; Camba A, Lim G and Gallagher K, ‘Leading sector and dual economy: how Indonesia and Malaysia mobilised Chinese capital in mineral processing’ (2022) Third World Quarterly,43:10, 2375-2395
  4. Ho WF, ‘Najib: Alibaba founder Jack Ma agrees to be advisor to Malaysian Govt on digital economy’ (2016) The Star
  5. Bernama, ‘Jack Ma can help spearhead Malaysia’s digital economy – PM Najib’ (2016)
  6. Tham SY and Yi AKJ, Exploring the Trade Potential of the DFTZ for Malaysian SMEs (ISEAS–Yusof Ishak Institute 2019)
  7. Ee AN, ‘Govt wants more SMEs in Digital Free Trade Zone’ (2018) www.thesundaily.my
  8. Chin M-Y and others, Digital Free Trade Zone in Facilitating Small Medium Enterprises for Globalization: A Perspective from Malaysia SMEs (2021)
  9. Tham SY and Kam AJY, ‘Re-examining the Impact of ACFTA on ASEAN’s Exports of Manufactured Goods to China’ (2014) Asian Economic Papers 63-82
  10. Hasan H and Jomo KS, ‘Rent-Seeking and Industrial Policy in Malaysia’ in Jomo KS (ed), Malaysian Industrial Policy (NUS Press 2007)
  11. Menon J, ‘Growth without Private Investment: What Happened in Malaysia and Can it be Fixed?’ (2014) 19 Journal of the Asia Pacific Economy 247-271; Gomez ET, Cheong KC and Wong C-Y, ‘Regime Changes, State-Business Ties and Remaining in the Middle-Income Trap: The Case of Malaysia’ (2021), Journal of Contemporary Asia, 51:5, 782-802
  12. Wang H and Lim G, ‘Catching-up in the semiconductor industry: Comparing the Chinese and Malaysian experience’ (2021), Asian Journal of Technology Innovation, DOI: 10.1080/19761597.2021.2007144
  13. Ooi YM and Husted K, ‘Framing multi-stakeholder value propositions: A wicked problem lens’ (2021), Technology Innovation Management Review, 11:4, 26-37