အားပျော့သော ချိတ်ဆက်မှုများ၏ ခွန်အား။ ။ အင်ဒိုနီးရှားနိုင်ငံ၏ လူငယ်နှင့် ဒစ်ဂျစ်တယ် နိုင်ငံရေး

အင်ဒိုနီးရှား၏ နိုင်ငံရေးအခင်းအကျင်းသည် ရှုပ်ထွေးပြီး အဆက်မပြတ် ပြောင်းလဲနေပါသည်။​ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ အဖွဲ့များစွာက အကြောင်းအရာမျိုးစုံတွင် ပါဝင်လုပ်ဆောင်နေပါသည်။ အင်ဒိုနီးရှားနိုင်ငံရေးကို အလုံးစုံ ခြုံငုံမိစေရန်နှင့် အထူးသဖြင့် လူငယ်များ၏ နိုင်ငံရေး တက်ကြွလှုပ်ရှားမှုကို အပြည့်အဝ နားလည်နိုင်ရန်မှာ မတူကွဲပြားသော နိုင်ငံရေးတက်ကြွ လှုပ်ရှားသူ အုပ်စုများအကြား အွန်လိုင်းနှင့် အော့ဖ်လိုင်း (လက်တွေ့မြေပြင်) အပြန်အလှန် ဆက်ဆံမှုများကို နားလည်ရန် လိုအပ်ပါသည်။ ဤဆောင်းပါးတွင် နိုင်ငံရေးတက်ကြွလှုပ်ရှားသူအဖွဲ့များကို နိုင်ငံရေးပါတီများ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများ၊ လူငယ်အဖွဲ့အစည်းများနှင့် အရပ်ဖက် လူမှုအဖွဲ့အစည်းများ အပါအဝင် နယ်ပယ်အသီးသီးမှ လူမှုပတ်ဝန်းကျင်-နိုင်ငံရေးပြဿနာများကို ကိုင်တွယ်ဖြေရှင်းပေးသည့် အဖွဲ့အစည်းများအဖြစ် အဓိပ္ပာယ်ဖွင့်ဆိုထားပါသည်။

အွန်လိုင်းဆိုရှယ်မီဒီယာသည် နိုင်ငံရေးနယ်ပယ်ရှိ လူပုဂ္ဂိုလ်အချို့အတွက် အကျိုးဖြစ်ထွန်းကြောင်း သက်သေများရှိပါသည်။ မြောက်ဆူလာဝေစီပြည်နယ်မှ အသက်အငယ်ဆုံး ရွေးကောက်ခံ အင်ဒိုနီးရှားပါလီမန်အမတ် ဟီလာရီဘရီဂျီတာလာဆု (Hillary Brigitta Lasut) က ဆိုသည်မှာ “အွန်လိုင်းဆိုရှယ်မီဒီယာက ကျွန်မရဲ့ မဲဆွယ်ကာလအတွင်းမှာ လူငယ်မဲဆန္ဒရှင်တွေဆီကို ရောက်ဖို့ ကုန်ကျစရိတ်ထိရောက်ပြီး ပိုမိုကျယ်ပြန့်တဲ့ သတင်းအချက်အလက်တွေ ပေးပို့နိုင်ဖို့ကို ကူညီပေးပါတယ်” ဟုဆိုပါသည်။  သူက မဲဆန္ဒရှင် ပြည်သူများနှင့် ပိုမိုထိရောက်စွာ အပြန်အလှန် ဆက်ဆံနိုင်ရန် အမျိုးမျိုးသော အွန်လိုင်း ဆိုရှယ်မီဒီယာပလက်ဖောင်းများကို အသုံးပြုခဲ့သည်။ ထို့အပြင် သူ့နိုင်ငံရေးပါတီကလည်း အင်ဒိုနီးရှားနိုင်ငံတဝှမ်း ၎င်းတို့၏ လုပ်ငန်းဆောင်တာများကို စီမံခန့်ခွဲရန်နှင့် ရေရှည်တည်တံ့စေရန် ဒစ်ဂျစ်တယ်နည်းပညာကို အသုံးပြုသည် (Kemenkominfo, 2021)။ အင်ဒိုနီးရှား၏ ဒီမိုကရေစီကို ပံ့ပိုးပေးပြီး နိုင်ငံရေးဖွဲ့စည်းပုံကို အထောက်အကူဖြစ်စေသော လှုပ်ရှားမှုအမျိုးမျိုးတွင် လူငယ်များ၏ တက်ကြွစွာပါဝင်နိုင်မှုက ဆိုရှယ်မီဒီယာ၏ အရေးကြီးသော အခန်းကဏ္ဍကို မီးမောင်းထိုးပြနေသည် (Saud & Margono, 2021)။

Hillary Brigitta Lasut, People’s Representative Council. Lasut utilises online social media platforms with her constituents.

ဆိုရှယ်မီဒီယာတွင် နိုင်ငံရေးတက်ကြွလှုပ်ရှားမှု ထွန်းကားလာခြင်းက နိုင်ငံရေးလှုပ်ရှားမှုအတွက် စိန်ခေါ်မှုများနှင့် အခွင့်အလမ်း နှစ်ခုလုံးကို ယူဆောင်လာခဲ့သည်။ တဖက်တွင် ဆိုရှယ်မီဒီယာသည် ရိုးရှင်းပြီး နားလည်လွယ်သော ဇာတ်ကြောင်းများဖြင့် လူအများ၏ ထင်မြင်ယူဆချက်များကို ထုတ်ဖော်ပြောဆိုရန်နှင့် အများထောက်ခံမှုရရှိရေး ဆောင်ရွက်ရန် ပလက်ဖောင်းတခုကို ပံ့ပိုးပေးပါသည်။ အထူးသဖြင့် အမျိုးသားရေးဝါဒနှင့် ဘာသာရေးကိုင်းရှိုင်းမှုကဲ့သို့သော ခေတ်ပြိုင် ယဉ်ကျေးမှုတန်ဖိုးများနှင့် ကိုက်ညီသည့် ကိစ္စရပ်မျိုးတွင် ဆိုရှယ်မီဒီယာကို အသုံးချပြီး လူကြိုက်များသော နိုင်ငံရေးတက်ကြွလှုပ်ရှားမှုအနေဖြင့် ဆောင်ရွက်ရန် အလားအလာရှိပါသည်။ သို့သော်လည်း ဆိုရှယ်မီဒီယာသည် လွတ်လပ်စွာ မုန်းတီးခွင့် (freedom to hate)  ဆိုသည့် စိန်ခေါ်မှုကိုလည်း ဖြစ်စေပါသည်။ ထိုအခါမျိုးတွင် လူတဦးချင်းစီအနေဖြင့် သူတို့၏ ထင်မြင်ယူဆချက်များကို ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောဆိုနိုင်သော်လည်း တချိန်တည်းတွင် အခြားသူများကို နှုတ်ဆိတ်စေပါသည် (Lim, 2017)။

ထို့အပြင် ဆိုရှယ်မီဒီယာကို သုံးစွဲသူများနှင့် ၄င်း၏ အယ်လ်ဂိုရစ်သမ်များအကြား အပြန်အလှန် သက်ရောက်မှုက အယ်လ်ဂိုရစ်သမ် ကန့်သတ်ထားသော သီးခြားအဝန်းအဝိုင်း (algorithmic enclaves) ကို ဖြစ်ပေါ်စေသည်။ ယင်းက ကျဥ်းမြောင်းသော လူမျိုးစုအမျိုးသားရေးဝါဒ ​(tribal nationalism) ကို မြှင့်တင်ပေးနိုင်သည်။ အဆိုပါ အွန်လိုင်းအဝန်းအဝိုင်းလေးထဲတွင် ဆိုရှယ်မီဒီယာအသုံးပြုသူများက ၎င်းတို့၏ ကိုယ်ပိုင်အမျိုးသားရေးဝါဒကို တရားဝင်ဖြစ်စေပြီး အခြားသူများအတွက် တန်းတူညီမျှမှုနှင့် တရားမျှတမှုကို ဖယ်ထုတ်ပစ်လိုက်သည် (Lim, 2017)။ အဆိုပါအချက်က နိုင်ငံရေး တက်ကြွလှုပ်ရှားမှုများကိုပုံဖော်ရာတွင် ဆိုရှယ်မီဒီယာ၏အခန်းကဏ္ဍနှင့် လူ့အဖွဲ့အစည်းအပေါ် အလားအလာရှိသော အကျိုးသက်ရောက်မှုများကို ဆန်းစစ်ရန် လိုအပ်ကြောင်း မီးမောင်း ထိုးပြနေသည်။

နိုင်ငံရေးတက်ကြွလှုပ်ရှားသူများနှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများ၏ အစည်းအဝေးများနှင့် တွေ့ဆုံညှိနှိုင်းမှုများတွင် ပြောလေ့ရှိသည်မှာ “Wah 4L nih!” ဆိုသည့် စကားဖြစ်သည်။ “ဟ ဒီလူတွေ ဆုံကြပြန်ပြီ” ဆိုသည့် အဓိပ္ပာယ်ထွက်သည်။ တူညီသောပုဂ္ဂိုလ်များ၊ အဖွဲ့များနှင့် ကွန်ရက်အဖွဲ့ဝင်များကို ထပ်ခါတလဲလဲ တွေ့နေရသည့် ခံစားချက်ကို ရည်ညွှန်းသည်။ “4L” သည် “loe lagi, loe lagi” ကို အတိုချုံ့ထားခြင်းဖြစ်ပြီး အင်္ဂလိပ်လို “you again, you again” (ဒီလူတွေ တွေ့ကြပြန်ပြီ) ဟု ဒီလူတွေချည်း ဆုံနေကြခြင်းကို ရွဲ့ပြောကြခြင်း ဖြစ်သည်။ တက်ကြွလှုပ်ရှားသူ အများအပြားနှင့် လူမှုရေးအလုပ်သမားများသည် မိမိတို့၏ အဝန်းအဝိုင်းလေးထဲတွင် ပိတ်မိနေသလို ဖြစ်နေပြီး ဆင်တူပြဿနာများကို တခါလာလည်း ဒီလူအချင်းချင်းပဲ ဆွေးနွေးနေကြခြင်း ဖြစ်ပါသည်။ ယင်းအခြေအနေက ငြီးငွေ့ခြင်းနှင့် စိတ်ပျက်ခြင်း တို့ကိုဖြစ်ပေါ်စေပါသည်။ ဤစာတမ်းတွင် အင်ဒိုနီးရှားနိုင်ငံ၏ နိုင်ငံရေး တက်ကြွလှုပ်ရှားသူများ၊ လူမှုရေးနှင့် ရပ်ရွာအရေးဆောင်ရွက်သူများ ကြုံတွေ့နေရသည့် “ကိုယ့်အဝန်းအဝိုင်းလေးထဲတွင် ပိတ်မိနေသော နိုင်ငံရေး” (bubble politics) ကို ထုတ်ဖော်တင်ပြထားပါသည်။

နိုင်ငံရေးနှင့် အရပ်ဖက်အဖွဲ့အစည်းများမှ တက်ကြွလှုပ်ရှားသူများအနေဖြင့်  ၎င်းတို့၏ ယုံကြည်ချက်နှင့် အယူဝါဒများနှင့် ကိုက်ညီသော သတင်းအချက်အလက်များနှင့် သဘောထားအမြင်များကို အဓိက မြင်တွေ့ရသည့် “မိမိအဝန်းအဝိုင်းလေး” သို့မဟုတ် “ပဲ့တင်သံအခန်းတခု”ထဲတွင် ပိတ်မိနေကြကြောင်း သိချင်မှ သိကြမည် ဖြစ်ပါသည်။ ယင်းမှာ အွန်လိုင်းနှင့် အော့ဖ်လိုင်း နှစ်မျိုးလုံးတွင် ဖြစ်ပွားနိုင်သော်လည်း၊ လူတဦးချင်းစီက ၎င်းတို့၏ အမြင်နှင့် ထပ်တူကျသည့် အုပ်စုများထဲသို့ မိမိကိုယ်တိုင်ရွေးချယ် ဝင်ရောက်နိုင်သည့် ဆိုရှယ်မီဒီယာကဲ့သို့သော ဒစ်ဂျစ်တယ် ပလက်ဖောင်းများကို အလွန်အကျွံ အသုံးပြုခြင်းကြောင့် အွန်လိုင်းတွင် ယင်းပြဿနာကို ပိုမိုတွေ့ရပါသည်။ နိုင်ငံရေးကိစ္စတွင် ပဲ့တင်သံအခန်းများက လူတဦးချင်းစီ၏ နိုင်ငံရေးပြဿနာများကို ချဉ်းကပ်ပုံနှင့် ထင်မြင် ယူဆချက် များကို ပုံဖော်ပုံအပေါ် သိသိသာသာ လွှမ်းမိုးနိုင်သည်။ ဥပမာအားဖြင့် ၎င်းတို့၏ ယုံကြည်ချက်များကို အတည်ပြုသည့် သတင်းအချက်အလက်များကိုသာ ထိတွေ့ခွင့်ရသူများသည် ဆန့်ကျင်ဘက်အမြင်များ သို့မဟုတ် အခြားရှုထောင့်များကို လျစ်လျူရှုနိုင်သည်။ ၎င်းသည် ဘက်လိုက်မှုများ ပိုမိုအားကောင်းလာစေပြီး မတူကွဲပြားသော ရှုထောင့်များနှင့် ထိတွေ့မှု ကင်းမဲ့ခြင်းတို့ကို ဖြစ်ပေါ်စေနိုင်သည်။ ရလဒ်မှာ အုပ်စုကွဲပြားမှုနှင့် နိုင်ငံရေး အစွန်းရောက်မှုများ တိုးပွားလာစေကာ ပိုမိုကျယ်ပြန့်သော အခြေအနေကို မမြင်နိုင်တော့ဘဲ အခြားအုပ်စုများ၊ ကိစ္စများနှင့် ချိတ်ဆက်ရန် ပျက်ကွက် သွားနိုင်သည်။

ဒစ်ဂျစ်တယ်နည်းပညာသည် အင်ဒိုနီးရှားရှိ နိုင်ငံရေးတက်ကြွလှုပ်ရှားသူအဖွဲ့များမှ လူငယ်များ အကြားတွင် နိုင်ငံရေး တက်ကြွမှုကို မည်မျှအထိ အားကောင်းစေမည် သို့မဟုတ် ဟန့်တားနိုင်မည်နည်း။

ဤဆောင်းပါး၏ ရည်ရွယ်ချက်မှာ မြေပြင်နှင့် အွန်လိုင်း အခြေအနေ နှစ်ခုလုံးတွင် နိုင်ငံရေး တက်ကြွ လှုပ်ရှားသူ အုပ်စုများအကြား ဆန်းသစ်သော နိုင်ငံရေးစကားပြောဆိုမှုများကို အားပေးရန်အတွက် နိုင်ငံရေးအဖွဲ့အစည်းများနှင့် တက်ကြွလှုပ်ရှားသူအဖွဲ့များ၏ ချိတ်ဆက်နိုင်ခြေကို ဆန်းစစ်ရန် ဖြစ်ပါသည်။ အသွင်ကူးပြောင်းရေးနှင့် နိုင်ငံရေးနယ်ပယ်ကို ပုံဖော်ရာတွင် အဓိကကျသော အခန်းကဏ္ဍမှ ပါဝင်လေ့ရှိသော အဆိုပါအဖွဲ့များ၏ မျိုးဆက်သစ်လူငယ်များကို အလေးပေး သုံးသပ်ထားပါသည်။ ထို့အပြင် ၎င်းတို့၏ ဒစ်ဂျစ်တယ်သုံးစွဲနိုင်မှု စွမ်းရည် မြင့်မားမှုက သိသာထင်ရှားသော သြဇာလွှမ်းမိုးမှုဖြစ်စေသည်။ ယင်းအဖွဲ့များကို ချိတ်ဆက်ရန် နည်းလမ်းများကို ရှာဖွေခြင်းဖြင့် တိုးတက်သော ဆွေးနွေးပွဲများနှင့် အပြုသဘောဆောင်သော လူမှုရေးနှင့် နိုင်ငံရေးဆိုင်ရာ သက်ရောက်မှုများ ဖြစ်ပေါ်စေနိုင်သော အတွေးအခေါ်များ ဖလှယ်ရန် နေရာတခု တည်ထောင်ရန် ဖြစ်ပါသည်။

Kolaka, Indonesia – July 2, 2020: Burning of used tires by protesters in front of the Kolaka DPRD office.

အားပျော့သော ချိတ်ဆက်မှုများ၏ ခွန်အား (THE STRENGTH OF WEAK TIES)

အားပျော့သော ချိတ်ဆက်မှုများ၏ ခွန်အားသည် လူမှုကွန်ရက်သီအိုရီတွင် လူမှုဗေဒပညာရှင် မတ်ခ် ဂရန်နိုဗက်တာ (Mark Granovetter) က သူ၏ ၁၉၇၃ စာတမ်း “The Strength of Weak Ties” တွင် အဆိုပြုခဲ့သော အယူအဆ တခုဖြစ်ပါသည်။ ယင်းအယူအဆမှာ ကျွန်ုပ်တို့၏ အားပျော့သော လူမှုအချိတ်အဆက်များ (weak social connections) သို့မဟုတ် “အားပျော့သော ချိတ်ဆက်မှုများ” (weak ties) က ကျွန်ုပ်တို့၏ဘဝတွင် အားကောင်းသော လူမှုချိတ်ဆက်မှုများ (strong social ties) ထက် ပိုမိုအရေးကြီးသောအခန်းကဏ္ဍမှ ရံဖန်ရံခါ ပါဝင်လေ့ရှိသည်ဟုသော အယူအဆဖြစ်ပါသည်။

ဂရန်နိုဗက်တာ၏ သီအိုရီက အားကောင်းသော လူမှုချိတ်ဆက်မှုများ (strong social ties) မှာ ရင်းနှီးသော သူငယ်ချင်းများ၊ မိသားစုဝင်များ သို့မဟုတ် အုပ်စုဝင်များကဲ့သို့သော ကျွန်ုပ်တို့နှင့် နောက်ခံအချက်အလက် တူညီသူများ၊ စိတ်ဝင်စားမှု တူညီသူများနှင့် လူမှုကွန်ရက် တူညီသူများ ဖြစ်ကြသည်ဟူသော အယူအဆအပေါ် အခြေခံထားသည်။ ရလဒ်အနေဖြင့် ၎င်းတို့သည် ကျွန်ုပ်တို့သိရှိပြီး ဖြစ်သည့် အချက်အလက်များနှင့် အရင်းအမြစ်များကိုသာ ပေးဆောင်နိုင်သည်။ ဆန့်ကျင်ဘက်အားဖြင့် အားပျော့သော လူမှုချိတ်ဆက်မှုများ (weak social ties) မှာမူ သိပ်မရင်းနှီးသော အသိမိတ်ဆွေများနှင့် လုပ်ဖော်ကိုင်ဖက်များကဲ့သို့သောသူများ ဖြစ်ကြပြီး သူတို့က မတူညီသော နောက်ခံများမှ လာကြသူများ ဖြစ်သည့်အတွက် မတူညီသော သတင်းအချက်အလက် များနှင့် အရင်းအမြစ်များကို ပေးစွမ်းနိုင်ကြပါသည်။ ဂရန်နိုဗက်တာက အဆိုပါ အားပျော့သော လူမှု ချိတ်ဆက်မှုများက မတူညီသော လူမှုကွန်ရက်များကို ပေါင်းကူးပေးရာတွင် အရေးကြီးပြီး သတင်းအချက်အလက်နှင့် အရင်းအမြစ်အသစ်များ ပေးအပ်ရာတွင် အရေးပါသည်ဟု ဆိုသည်။

အားပျော့သော လူမှုချိတ်ဆက်မှုများ၏ ခွန်အား (the strength of weak ties) သီအိုရီကို ဘဝ၏ အခြားနယ်ပယ်များတွင်လည်း အသုံးချနိုင်သည်။ ဥပမာအားဖြင့် ကိုယ်ရေးကိုယ်တာ အကျပ်အတည်း တခုနှင့် သဘာဝဘေးဒဏ်ကို ကြုံတွေ့ရချိန်ကဲ့သို့သော ခက်ခဲသောအချိန်များတွင် ပံ့ပိုးကူညီမှုနှင့် အကူအညီများ ရရှိရေးတွင် အားပျော့သော လူမှုချိတ်ဆက်မှုများက အထူးအရေးကြီးပါသည်။ ဤအခြေအနေမျိုးတွင် ၎င်းတို့သည် အကူအညီပေးနိုင်သော အရင်းအမြစ်များ၊ ကွန်ရက်များနှင့် ပိုမိုချိတ်ဆက်နိုင်ဖွယ်ရှိသောကြောင့် အကူအညီနှင့် ပံ့ပိုးမှုအများဆုံးရနိုင်သည့် လူမှု ဆက်ဆံရေးများ ဖြစ်လေ့ရှိသည်။

ထို့အပြင် အားပျော့သောချိတ်ဆက်မှုများသည် သတင်းအချက်အလက်နှင့် အယူအဆ အတွေးအခေါ်များ ပျံ့နှံ့မှု အတွက်လည်း အရေးကြီးပါသည်။ အားပျော့သော ချိတ်ဆက်မှုများ၏ ခွန်အားသီအိုရီက ဆိုသည်မှာ  အားကောင်းသော လူမှုချိတ်ဆက်မှုများ (strong ties) ထက် အား ပျော့သော ချိတ်ဆက်မှုများ (weak ties) မှတဆင့် သတင်းအချက်အလက်နှင့် အကြံဉာဏ်များ လူမှုကွန်ရက်တခုမှ တခုသို့ ကူးလူးပျံ့နှံ့နိုင်ခြေ ပိုများသည်ဟု ဆိုထားသည်။ အကြောင်းမှာ အားပျော့သော ချိတ်ဆက်မှုများသည် သတင်းအချက်အလက် သို့မဟုတ် အကြံဥာဏ်ကို မသိသေးသော လူသစ်များနှင့် ချိတ်ဆက်နိုင်ခြေ ပိုများသောကြောင့် အခြားလူမှုကွန်ရက်များသို့ ပျံ့နှံ့ရန် အခွင့်အလမ်း ပိုများသောကြောင့် ဖြစ်ပါသည်။

သို့သော်လည်း အားပျော့သော လူမှုချိတ်ဆက်မှုများ၏ ခွန်အား (the strength of weak ties) သီအိုရီသည် လူမှုဗေဒပညာရှင်များနှင့် လူမှုရေးသိပ္ပံပညာရှင်များ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေး ငြင်းခုံနေကြသည့် သီအိုရီတခုဖြစ်သည်ကိုလည်း သတိပြုသင့်ပါသည်။ သီအိုရီကို ဝေဖန်သူများက ဆိုသည်မှာ ယင်းသည် အားပျော့သော လူမှုချိတ်ဆက်မှုများ၏ အခန်းကဏ္ဍကို တအားရိုးရှင်းစွာ ဆိုလွန်းပြီး ၄င်းချိတ်ဆက်မှုများသည် အားကောင်းသော လူမှုချိတ်ဆက်မှုများထက် အမြဲတမ်း ပိုအရေးကြီးသည်ဟု ဆိုလို့မရဟု ဝေဖန်ကြသည် (Krämer et.al., 2021) ။ ထို့အပြင် သီအိုရီသည် လူမှုကွန်ရက်၏ နောက်ခံဆက်စပ်အကြောင်းအရာများနှင့် လူမှုဆက်ဆံရေး အတိမ်အနက်များကို ထည့်သွင်း စဉ်းစားခြင်းမရှိပေ။ ထို့ကြောင့် သီအိုရီအား တိကျပြတ်သားသော ရှင်းလင်းချက် အဖြစ် မမှတ်ယူသင့်ဘဲ အားပျော့သော လူမှုချိတ်ဆက်မှုများ၏ အခန်းကဏ္ဍကို နားလည်ရန်အတွက် အစမှတ်အဖြစ်သာ စဉ်းစားရန် အရေးကြီးပါသည်။

Embed from Getty Images
An Indonesian youth, his face covered with toothpaste to counter the effects of teargas speaks on his phone during a clash with police on September 25, 2019 in Jakarta, Indonesia. (Photo by Ed Wray/Getty Images)

ွန်လိုင်းနှင့် မြေပြင်အော့ဖ်လိုင်း၏ ဆက်စပ်မှု

ဤစာတမ်းသည် အင်ဒိုနီးရှားရှိ နိုင်ငံရေးနယ်ပယ်တွင် လူငယ်များ၏ မတူညီသော ပုံစံများဖြင့် ပါဝင်မှုကို တင်ပြထားပါသည်။ ကွဲပြားသော သက်တူရွယ်တူ အုပ်စုနှစ်စုမှ လူငယ် တက်ကြွလှုပ်ရှားသူများ၊ နိုင်ငံရေးပါတီနောက်ခံမှ လူငယ်တက်ကြွလှုပ်ရှားသူများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်း (အန်ဂျီအို) မှ လူငယ် တက်ကြွလှုပ်ရှားသူများနှင့် လွတ်လပ်သော လူငယ်အဖွဲ့အစည်းမှ လူငယ် တက်ကြွလှုပ်ရှားသူများနှင့် ထဲထဲဝင်ဝင် တွေ့ဆုံမေးမြန်းမှုများ ပြုလုပ်ခဲ့ပါသည်။

“ကျွန်မ ၂၀၁၉ တုန်းက အင်ဒိုနီးရှားရဲ့ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးကမ်ပိန်း #ReformasiDikorupsi လှုပ်ရှားမှုမှာ ထဲထဲဝင်ဝင် ပါဝင်ခဲ့ပါတယ်။ အထူးသဖြင့် လူငယ်တွေကြားမှာ ကြီးမားတဲ့ လှုပ်ရှားမှုတခုပါ။ ကျွန်မတို့အနေနဲ့ အင်ဒိုနီးရှားမှာ အမြစ်လှန်ပစ်တဲ့ နိုင်ငံရေး အပြောင်းအလဲကို လိုလားတယ်။ ၁၉၉၈ ခုနှစ် ပြုပြင်ပြောင်းလဲရေးလို လက်တဆုပ်စာ လူတစုက အာဏာကို ချုပ်ကိုင်ထားပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေကို အားနည်းအောင် လုပ်ပစ်လိုက်တာမျိုး ကျွန်မတို့ မလိုချင်ပါဘူး။ ဒါပေမယ့် ကျွန်မတွေးမိတာကတော့ ကျွန်မတို့ လှုပ်ရှားမှုက အွန်လိုင်းမှာပဲ အားကောင်းနေပြီး တကယ့်လက်တွေ့မြေပြင်မှာကျ အားနည်းနေတယ်လို့ ထင်ပါတယ်။ အွန်လိုင်းက ကမ်ပိန်းကို မြန်မြန်ပျံ့ပြီး လူများများ ပါဝင်နိုင်ဖို့ ကူညီပေးပါတယ်။ ဒါပေမယ့် တကယ့်တောင်းဆိုချက်တွေကို နားလည်တာ၊ အမြစ်လှန် ပြောင်းလဲဖို့ကို နားလည်တာမျိုးကျ အားနည်းနေပါတယ်။ လမ်းပေါ်ထွက် ဆန္ဒပြပါဝင်သူတွေ အများကြီးရပေမယ့် တကယ့် စစ်မှန်တဲ့ အပြောင်းအလဲဖြစ်ရေးကို နားလည်တဲ့သူကြ မရှိဘူး ဖြစ်နေပါတယ်” (အင်တာဗျူးဖြေဆိုသူ-၁၊ လူငယ်နိုင်ငံရေးပါတီအဖွဲ့ဝင်)။

အင်ဒိုနီးရှားတွင် အောက်ခြေမြေပြင်နိုင်ငံရေးတွင် သူ့၏ ပါဝင်ပတ်သက်မှုကို မေးမြန်းရာ အင်တာဗျူးဖြေဆိုသူက ၂၀၁၉ခုနှစ် အင်ဒိုနီးရှားတွင် အကျင့်ပျက်ခြစားမှုအက်ဥပဒေကို  အားနည်းအောင် ပြုလုပ်လိုက်သည်ကို လူငယ်များက တုံ့ပြန်ကြပုံကို ဖြေကြားခဲ့သည်။ သူက အွန်လိုင်းကမ်ပိန်းနှင့် မြေပြင်အော့ဖ်လိုင်းလှုပ်ရှားမှုများကြား ချိတ်ဆက်မှုမှာ အနှစ်သာရအားဖြင့် မရှိသလောက် ဖြစ်နေသည်ဟု ဆိုသည်။​ မြေပြင်လှုပ်ရှားမှုသည်လည်း “အပေါ်ယံ” သာဖြစ်သည်ဟု သူက ဝေဖန်ခဲ့သည်။​  အွန်လိုင်းတွင် ယင်းကာလက တက်ကြွလှုပ်ရှားခဲ့သည့် အဖွဲ့အစည်းတခုကလည်း လာမည့် ၂၀၂၄ ရွေးကောက်ပွဲတွင် မဲမပေးရန် (no-vote) လှုံ့ဆော်နေသည်မှာ ဆုတ်ယုတ်မှု ဖြစ်သည်ဟု သူက ရှုမြင်သည်။​ အွန်လိုင်းနှင့် အော့ဖ်လိုင်း နှစ်မျိုးစလုံးတွင် လေးနက်ပြီး အနှစ်သာရပါသော ဆွေးနွေးမှု မရှိခြင်းက ဒစ်ဂျစ်တယ်လှုပ်ရှားမှုသည် လူအများအပြားကို ဆွဲဆောင်နိုင်သည်ဟု အထောက်အထားများ ရှိသော်လည်း ၎င်းသည် သဘောသဘာဝအားဖြင့် အပေါ်ယံသာ ဖြစ်နေကြောင်း သက်သေလည်း ဖြစ်သည်။ ထိရောက်သော နိုင်ငံရေးလှုပ်ရှားမှုများကို ဆက်ထိန်းထားရန် ပိုမိုလေးနက်သော နားလည်မှုနှင့် ချိတ်ဆက်မှု လိုအပ်ကြောင်း အင်တာဗျူးဖြေဆိုသူက ဆွေးနွေးခဲ့သည်။​

မတူညီသောဆွေးနွေးမှုတခုတွင် လွတ်လပ်သောလူငယ်အဖွဲ့အစည်းတခုမှ အဖွဲ့ဝင်အချို့က ၎င်းတို့ကို “လက်ဝဲဝါဒီ” နိုင်ငံရေး ရပ်တည်သူများဖြစ်သည်ဟု အခြားနိုင်ငံရေးအင်အားစုများမှ ရှုမြင်သည့်အတွက် အတိုက်အခံများ၊ စိန်ခေါ်မှုများ ကြုံတွေ့ရပုံကို ဆွေးနွေးခဲ့သည်။ သူတို့ အဖွဲ့အစည်းက ဆယ်စုနှစ်တခုကျော်ကြာ လူမှုတရားမျှတမှု (social justice) သဘောတရားကို မြှင့်တင်ခဲ့ပြီး ယင်းနှင့်ပတ်သက်သည့် တိုးတက်သောဆွေးနွေးမှုများကို အွန်လိုင်းနှင့် အော့ဖ်လိုင်း ချန်နယ်များမှတစ်ဆင့် စတင်လုပ်ဆောင်နေသည့် အဖွဲ့အစည်း ဖြစ်သည်။​ သူတို့ ကြိုးပမ်း ဆောင်ရွက်သော်လည်း ပိုမိုခိုင်မာပြီး တိုးတက်သော လှုပ်ရှားမှုအဖြစ် တည်ဆောက်ရာတွင် အခက်အခဲများ ဆက်လက်ကြုံတွေ့နေရသည်။ သူတို့အနေဖြင့် အခြားနိုင်ငံရေးတက်ကြွလှုပ်ရှားသည့် အင်အားစုများနှင့် ချိတ်ဆက်မှုများ ပြုလုပ်ထားသော်လည်း ၎င်းတို့၏ လှုပ်ရှားမှု နောက် တဆင့်တက်ရန် ရုန်းကန်နေရဆဲဖြစ်သည်။

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး တက်ကြွလှုပ်ရှားသူ အဖွဲ့တဖွဲ့၏ အဖွဲ့ဝင်များသည် နှစ်ပေါင်းများစွာ သစ်တောနှင့် ပတ်သက်သည့် ပြဿနာများကို အသိပညာပေး ကြိုးပမ်းမှုများသည် ၎င်းတို့၏ ကွန်ရက်များထက် ကျော်လွန်၍ ဆွဲဆောင်နိုင်ခြင်း မရှိဟု ခံစားရသဖြင့် စိတ်ပျက်နေကြသည်။  အခြားသော နိုင်ငံရေးတက်ကြွလှုပ်ရှားသူ အဖွဲ့များ၊ အင်အားစုများနှင့် ချိတ်ဆက်မှုများရှိသော်လည်း ယင်းချိတ်ဆက်မှုများက ၎င်းတို့၏ တက်ကြွလှုပ်ရှားမှုတွင် အဓိပ္ပာယ်ပြည့်ဝသော တိုးတက်မှုဆီသို့ ဦးတည်သွားခြင်းမရှိပေ။ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ၎င်းတို့၏ လေးနက်သော ဆွေးနွေးမှုများက သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကိစ္စမဟုတ်သော အခြား အကြောင်းအရာများ ဆောင်ရွက်နေသည့် အခြားအုပ်စုများအတွက် စိတ်ဝင်စားစရာ မဖြစ်ဘဲ ရှိနေသည်ဟု လူငယ်များက ခံစားရသည်။ ယင်းက တက်ကြွလှုပ်ရှားသူများ ကြုံတွေ့နေရသည့် မိမိတို့၏ အဝန်းအဝိုင်းလေးအတွင် ပဲ့တင်ထပ်နေသည့် အခန်းမှ ခွဲထွက်ပြီး ပိုမိုကျယ်ပြန့်သော ပရိသတ်ထံသို့ ရောက်ရှိရန် ဆောင်ရွက်ရာတွင် ရင်ဆိုင်ရသည့် စိန်ခေါ်မှုများကို မီးမောင်းထိုးပြနေပါသည်။

Embed from Getty Images
Young protesters are seen holding a climate emergency banner and placards during a ‘Fridays for Future’ demonstration in Jakarta, Indonesia, on September 20, 2019. (Photo by Afriadi Hikmal/NurPhoto via Getty Images)

အင်ဒိုနီးရှားတွင် အားပျော့သော လူမှုချိတ်ဆက်မှုများနှင့် လူငယ်နိုင်ငံရေးကို အသုံးချခြင်း

အင်ဒိုနီးရှားတွင် အင်တာနက် ထိုးဖောက်ဝင်ရောက်မှု ၇၄% (လူဦးရေ ၂၀၂.၆ သန်း) ရှိပြီး မိုဘိုင်းလ်အင်တာနက် သုံးစွဲသူ ၁၉၅.၃ သန်း ရှိသည့်အတွက် အင်ဒိုနီးရှားသည် ချိတ်ဆက်မှု ကြီးထွားလာနေသော နိုင်ငံများထဲမှ တခုဖြစ်ပါသည် (IDN Media, 2022)။ အင်တာနက် အသုံးပြုသူ ဦးရေ လျင်မြန်စွာ တိုးပွားလာသည်နှင့်အမျှ ဒစ်ဂျစ်တယ်နည်းပညာသည် အင်ဒိုနီးရှားတွင် နိုင်ငံရေးတက်ကြွလှုပ်ရှားမှုနှင့် စည်းရုံးလှုံ့ဆော်မှုများတွင် မရှိမဖြစ်လိုအပ်သောကိရိယာတခု ဖြစ်လာပါသည်။ ၂၀၂၄ ရွေးကောက်ပွဲ နီးကပ်လာသည်နှင့်အမျှ နိုင်ငံရေးနှင့် တက်ကြွလှုပ်ရှားသူ အဖွဲ့များသည် ၎င်းတို့ ဆောင်ရွက်နေသည့် အကြောင်းအရာကိစ္စများကို ပြည်သူများ သိရှိစေရန်နှင့် ချိတ်ဆက်နိုင်ရန် ဒစ်ဂျစ်တယ်နည်းပညာကို အသုံးပြုနေကြသည်။ သို့သော် အင်တာနက်သည် လူတစ်ဦးချင်းအတွက် ပဲ့တင်သံအခန်းများအတွင်း ပိတ်မိရန် လွယ်ကူသည့် ပတ်ဝန်းကျင်တခုကိုလည်း ဖန်တီးခဲ့သည်။ ၎င်းတို့၏ လက်ရှိယုံကြည်ချက်များနှင့် ကိုက်ညီသည့် သတင်းအချက်အလက်နှင့် အကြံဉာဏ်များကိုသာ လက်ခံရရှိစေသည့် အနေအထားမျိုး ဖြစ်ပေါ်စေသည်။ နိုင်ငံရေး တက်ကြွ လှုပ်ရှားမှုများတွင် အားပျော့သော လူမှုချိတ်ဆက်မှုများ၏ အလားအလာကို လေ့လာသိရှိ အသုံးချနိုင်ခြင်းဖြင့် ၎င်းသည် ပဲ့တင်သံအခန်းများ၏ စိန်ခေါ်မှုများကို ကျော်လွှားနိုင်ပြီး အင်ဒိုနီးရှားရှိ လူငယ်များကြားတွင် ပိုမိုပါဝင်နိုင်ပြီး ကွဲပြားသော နိုင်ငံရေး ရေစီးကြောင်း ဖြစ်လာစေရန် မြှင့်တင်နိုင်မည်ဖြစ်သည်။

ဤစာတမ်းတွင်  နိုင်ငံရေးလှုပ်ရှားမှုများတွင် “အားပျော့သော လူမှုချိတ်ဆက်မှုများ” ၏သဘောတရားကို ပြန်လည်ဆန်းစစ်ခြင်းဖြင့် နိုင်ငံရေးအခင်းအကျင်းတွင်  ပဲ့တင်သံအခန်း သို့မဟုတ် “ကိုယ့်အဝန်းအဝိုင်းလေးထဲတွင် ပိတ်မိနေသော နိုင်ငံရေး” (bubble politics) ဖြစ်စဉ်ကို အထူးသဖြင့် အင်ဒိုနီးရှားရှိလူငယ်များကြားတွင် ပိုမိုနားလည်သဘောပေါက်နိုင်စေသည်ဟု ဖော်ပြထားသည်။ နိုင်ငံရေးနယ်ပယ်ရှိ ပဲ့တင်သံအခန်းများ ပြဿနာကို ဖြေရှင်းရန်အတွက် နိုင်ငံရေးအဖွဲ့အစည်းများနှင့် တက်ကြွလှုပ်ရှားသူအဖွဲ့များကြား အားပျော့သော လူမှုချိတ်ဆက်မှုများ (weak ties) ကို အသုံးချနိုင်မှုအလားအလာကို လေ့လာခြင်းသည် စိတ်ဝင်စားစရာကောင်းသော ထိုးထွင်းအမြင်များကို ပေးစွမ်းနိုင်သည်။ အားကောင်းသော လူမှုချိတ်ဆက်မှုများ (strong ties) သည် အရေးကြီးသော အကူအညီများနှင့် ရပ်ရွာခံစားချက်ကို ပေးစွမ်းနိုင်သော်လည်း အားပျော့သော လူမှုချိတ်ဆက်မှုများ (weak ties) ကသာ သတင်းအချက်အလက်အသစ်များ၊ အရင်းအမြစ်သစ်များနှင့် အခွင့်အလမ်းသစ်များကို ပေးစွမ်းနိုင်သည်ဟု ယုံကြည်ရသည်။ ဒစ်ဂျစ်တယ်နည်းပညာ၏ လျင်မြန်သောတိုးတက်မှုနှင့် ကြီးမားသောဒေတာများ (Big Data) အဆမတန်တိုးပွားလာမှုနှင့်အတူ၊ အွန်လိုင်းနှင့် အော့ဖ်လိုင်းနှစ်ခုစလုံးတွင်  အားပျော့သော လူမှုချိတ်ဆက်မှုများ၏ ခွန်အား (the strength of weak ties) ကို ခွဲခြမ်းစိတ်ဖြာရန် ယခုအခါ ထူးခြားသောအခွင့်အရေးတခုရှိပါသည်။ ကွန်ပြူတာလူမှုရေးသိပ္ပံ၊ ကွန်ရက်သိပ္ပံနှင့် ကြီးမားသောဒေတာခွဲခြမ်းစိတ်ဖြာမှုတို့ ပေါင်းစပ်ခြင်းသည် အထူးသဖြင့် အင်ဒိုနီးရှားသာမက အခြားသောနိုင်ငံများတွင်ပါ နိုင်ငံရေးတိုးတက်ဖြစ်ပေါ်မှုများကို အထူးသဖြင့် လူငယ်များ၏ နိုင်ငံရေးတက်ကြွလှုပ်ရှားမှုများအကြောင်း ပိုမိုနက်ရှိုင်းစွာ နားလည်ရန် အဖိုးတန်သော ရှုထောင့်ကို ပေးဆောင်နိုင်သည် ဖြစ်ပါတော့သတည်း။ ။

Irendra Radjawali
KEMITRAAN—Partnership for Government Reform

Banner image: CTC Senen, Jakarta, Indonesia. Yoab Anderson, Unsplash

References

Kemenkominfo – Indonesian Ministry of Communication and Information (2021). https://www.kominfo.go.id/content/detail/34036/politik-digital-anak-muda/0/artikel

Saud, M. & Margono, H. (2021). Indonesia’s rise in digital democracy and youth’s political participation. Journal of Information Technology & Politics. Vol. 18, Issue 4.

Granovetter, M. S. (1973). The Strength of Weak Ties. American Journal of Sociology. Vol. 78, Issue 6. Pp. 1360-1380.

Lim, M. (2013). Many clicks but little sticks: Social media activism in Indonesia. Journal of Contemporary Asia.

M. (2017). Freedom to hate: social media, algorithmic enclaves, and the rise of tribal nationalism in Indonesia. Critical Asian Studies.

Krämer, N.C., Sauer, V. and Ellison, N. (2021). The strength of weak ties revisited: Further evidence of the role of strong ties in the provision of online social support. Social Media + Society. Volume 7, Issue 2.

IDN Media (2022). Indonesia Gen Z Report 2022.