စည်းရုံးလှုံ့ဆော်ခြင်းနှင့် တဖက်စွန်းရောက်ခြင်း ၂၀၂၂ ဖိလစ်ပိုင်ရွေးကောက်ပွဲများတွင် ဆိုရှယ်မီဒီယာနှင့် လူငယ်များ ပါဝင်ပတ်သက်မှ

ဖိလစ်ပိုင်နိုင်ငံသားများသည် ကမ္ဘာပေါ်တွင် အွန်လိုင်းသုံးစွဲမှု အများဆုံး သုံးစွဲသူများတွင် ပါဝင်သည်။ We are Social ၏ ၂၀၂၂ ခုနှစ် အစီရင်ခံစာအရ ဖိလစ်ပိုင်နိုင်ငံသည် ကမ္ဘာပေါ်တွင် အွန်လိုင်းအသုံးပြုချိန် ပျမ်းမျှအားဖြင့် အမြင့်ဆုံးနိုင်ငံဖြစ်သည် (၁၀.၅ နာရီ)။ ဖိလစ်ပိုင်နိုင်ငံသားအားလုံး၏ ၈၂.၄% သည် ဆိုရှယ်မီဒီယာပလက်ဖောင်းများ သုံးစွဲနေကြသည်ဟု အလားတူအဖွဲ့အစည်းက ဖော်ပြသည်။ မျှော်လင့်ထားသည့်အတိုင်း ဤကိန်းဂဏန်းများသည် အသက် ၁၅ နှစ်မှ ၂၄ နှစ်ကြား လူငယ် သန်း ၂၀ ကျော်ဖြစ်သည်။ လေ့လာမှုတခုအရ ဖိလစ်ပိုင်လူငယ် ၉၄% သည် အင်တာနက်သုံးစွဲသည် သို့မဟုတ် စမတ်ဖုန်းတလုံးပိုင်ဆိုင်သည်ဆိုသည့်အချက်ကို တွေ့ရှိရသည်။

သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာအသုံးပြုမှုနှင့် နိုင်ငံရေးတွင် နိုင်ငံသားများ တက်ကြွစွာ ပါဝင်မှုအကြား ရှင်းလင်းပြတ်သားသော ဆက်စပ်မှုရှိကြောင်း ဖိလစ်ပိုင်နိုင်ငံတွင် တွေ့ရှိရသည်မှာ အံ့သြစရာမဟုတ်ပေ။ အနည်းဆုံးအားဖြင့် ရွေးကောက်ပွဲများမှတစ်ဆင့် ဖိလစ်ပိုင်နိုင်ငံသားများ နိုင်ငံရေးတွင် ပါဝင်မှုမှာ လွန်ခဲ့သောဆယ်စုနှစ်အနည်းငယ်အတွင်း ပျမ်းမျှမဲပေးသူ ၈၀ ရာခိုင်နှုန်းဖြင့် အတော်လေးမြင့်မားပါသည်။ ဤဆက်နွယ်မှုသည် ယခုအခါတွင် ဆိုရှယ်မီဒီယာကို ဆက်သွယ်မှုနည်းလမ်းသာမက မကောင်းသော အစွန်းရောက်မှု အခြေအနေများ အောက်တွင် နိုင်ငံရေးအရ ပါ၀င်ပတ်သက်မှုများအတွက် အစွမ်းထက်သည့် ကိရိယာတခုအဖြစ် သုံးစွဲနေမှုတွင် ထင်ရှားစွာ တွေ့မြင်နေရပြီ ဖြစ်သည်။

၂၀၁၆ ခုနှစ် သမ္မတရွေးကောက်ပွဲကို ဖိလစ်ပိုင်နိုင်ငံ၏ ပထမဆုံးသော “ဆိုရှယ်မီဒီယာ ရွေးကောက်ပွဲ” အဖြစ် ကျယ်ကျယ်ပြန့်ပြန့် ယူဆထားပြီး ဖြစ်ပါသည်။ ထိုရွေးကောက်ပွဲတွင် ရိုဒရီဂို ဒူတာတေးသည် သူ့ကို အပြည့်အဝထောက်ခံသော ဆိုရှယ်မီဒီယာသုံးစွဲသူများ အုံလိုက်ကျင်းလိုက်၏ အကူအညီဖြင့် ရွေးကောက်ခံခဲ့ရသည်။ ဆိုရှယ်မီဒီယာသည် လျင်မြန်စွာတိုးတက်ပြောင်းလဲနိုင်မှု၊ ခေတ်မမီတော့သော စည်းမျဉ်းဘောင်များကိုကျော်ဖြတ်နိုင်မှု၊ လုံခြုံရေးယန္တရားများမှ လွတ်မြောက်နိုင်မှု စသည့် အစွမ်းများ ရှိသည့်အတွက် သုံးစွဲသူများ အနေဖြင့် ယင်းကို ထိန်းကျောင်းနိုင်ရန်မှာ ခက်ခဲသည်။ သို့ဖြစ်ရာ လုပ်ကြံသတင်းများကို လူအများဆီ ပျံ့နှံ့နိုင်ရန် အခြေအနေကောင်းတရပ်ကို ဖန်တီးပေးသည်။

Rizal park open air auditorium in Manila, Philippines.

ဖိလစ်ပိုင်သည် ရွေးကောက်ပွဲဆိုင်ရာ ရည်ရွယ်ချက်အတွက် သတင်းအတုများကို ဖြန့်ကျက်သည့် အားကောင်းသည့် နေရာတခု ဖြစ်လာခဲ့သည်။ ၎င်း၏အင်တာနက်ထိုးဖောက်မှုအတိုင်းအတာ၊ ဖိလစ်ပိုင်နိုင်ငံသားများ၏ အင်္ဂလိပ်စာကောင်းမွန်မှုနှင့် နိုင်ငံရေး အစွန်းရောက်မှုတို့ကြောင့် ဆိုရှယ်မီဒီယာ ပလပ်ဖောင်းတခု၏ အဆင့်မြင့်အမှုဆောင် တဦးက နိုင်ငံအား “ရွေးကောက်ပွဲတွင် ဒစ်ဂျစ်တယ်ပလက်ဖောင်းများကို လက်နက်သဖွယ်အသုံးချပြီး ပထမဆုံးသားကောင်ဖြစ်သည့် နိုင်ငံ ” ဟု ကင်ပွန်းတပ်သည်။

၂၀၂၂ ခုနှစ် ဖိလစ်ပိုင်ရွေးကောက်ပွဲတွင် ဖိလစ်ပိုင်လူငယ်များ၏ နိုင်ငံရေးတွင် ပါဝင်လာမှုနှင့် ဖာဒီနန်”ဘွန်ဘွန်”မားကို့စ် ဂျူနီယာ (Ferdinand “Bongbong” Marcos Jr.) ၏ ရွေးကောက်ပွဲ အနိုင်ရမှုတို့တွင် ဆိုရှယ်မီဒီယာက မည်သည့် အခန်းကဏ္ဍမှ ပါဝင်ခဲ့ပါသနည်း။ ဆိုရှယ်မီဒီယာသည် အရေးကြီးသော နိုင်ငံရေး အခန်းကဏ္ဍနှစ်ခုတွင် ပါဝင်သည်ဟု ဤစာတန်းက ထောက်ပြသည်။ တဖက်တွင် ဆိုရှယ်မီဒီယာသည် ရွေးကောက်ပွဲမဲဆွယ်မှုဆိုင်ရာ သတင်းအချက်အလက်များ (မဟုတ်မမှန် သတင်းများအပါအဝင်)၏ ရင်းမြစ်ဖြစ်ပြီး ဖိလစ်ပိုင်လူငယ်မဲဆန္ဒရှင်များအား အွန်လိုင်းတွင် စည်းရုံးခဲ့သည်။ ဆိုရှယ်မီဒီယာသည် အွန်လိုင်းနှင့် မြေပြင်အော့ဖ်လိုင်း နိုင်ငံရေးအရ ပူးပေါင်းပါဝင်မှုပုံစံများကို ပေါင်းကူးပေးပြီး မဲပုံးဆီသို့ ဦးတည်စေသည်။ တဖက်တွင်လည်း ၂၀၂၂ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုအတွင်း သမ္မတလောင်း ဖာဒီနန်မားကို့စ် ဂျူနီယာ၏ သားနှင့် သူ့အဖေ ကွယ်လွန်သူအာဏာရှင် (နာမည်တူ) တို့အပေါ် အခြေခံသည့်  မဟုတ်မမှန်သော သတင်းစကားများသည် ငယ်ရွယ်သော မဲဆန္ဒရှင်များအား ခါးသီးရန်လိုသော အုပ်စုနှစ်ခုသို့ ကွဲပြားသွားစေခဲ့သည်။ အပြန်အလှန်ဆက်စပ်နေသော အာဏာရှင်ခေတ်ကို လွမ်းဆွတ်မှုနှင့် ဒီမိုကရေစီ၏ မှန်းချက်နှင့် နှမ်းထွက်မကိုက်မှု သတင်းစကားနှစ်ခုကို ဒစ်ဂျစ်တယ်သုံးစွဲနေသည့် ဖိလစ်ပိုင်နိုင်ငံသားများ သဘောကျခဲ့ပြီး မားကို့စ်ဂျူနီယာကို ထောက်ခံမှုတက်စေခဲ့ကာ အခြားကိုယ်စားလှယ်လောင်းများ ကိုလည်း ထိခိုက်စေခဲ့သည်။

မားကို့စ်ဂျူနီယာအတွက် ရွေးကောက်ပွဲမဲစုစုပေါင်း၏ ၅၉% သို့မဟုတ် မဲ ၃၁ သန်းကျော်ရရှိခြင်းသည် ၂၀၂၂ ရွေးကောက်ပွဲနှင့် အနာဂတ်ရွေးကောက်ပွဲမဲဆွယ်မှုများအပေါ် ဆိုရှယ်မီဒီယာ၏ လွှမ်းမိုးနိုင်သည့် ကြီးမားသောစွမ်းအားကို ထောက်ပြသည်။ အဓိကအားဖြင့် ဆိုရှယ်မီဒီယာသည် မဟုတ်မမှန်သော သတင်းများကို လူအများဆီရောက်နိုင်မှု၊ အသေးစား ပစ်မှတ်ထားနိုင်မှု၊ ဖြန့်ချီနိုင်မှုစသည့် အစွမ်းများ ရှိသည့်အတွက် ၄င်း၏ စည်းရုံးလှုံ့ဆော်မှုနှင့် နိုင်ငံရေးအရ အုပ်စုကွဲပြားစေသော အကျိုးသက်ရောက်မှုသည် ဖိလစ်ပိုင် ဒီမိုကရေစီ၏ အခြေအနေနှင့် သန်စွမ်းမှုအပေါ် ကျယ်ပြန့်စွာ သက်ရောက်မှုရှိသည်။

Baguio, Benguet, Philippines. Photo: Nathaniel Sison, Unsplash

(က) စည်းရုံးထားသော လူငယ်အင်တာနက်သုံးစွဲသူများ

၂၀၂၂ ခုနှစ် ဖိလစ်ပိုင် ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှု၏ အခြေအနေမှာ စည်းမျဥ်းစည်းကမ်း ထိန်းကျောင်းမှုများ မရှိသေးသည့်  ဆိုရှယ်မီဒီယာများ ရှိနေသည့် အခြေအနေ ဖြစ်သည်။ ယခုအခါ ဖိလစ်ပိုင် နိုင်ငံသားများသည် ဆိုရှယ်မီဒီယာအပလီကေးရှင်းများ (သို့မဟုတ်) အက်ပ်များကို ယခင်ကထက်ပို၍ သုံးစွဲကြပြီး နိုင်ငံရေးဆိုင်ရာ သတင်းအချက်အလက်များ ရရှိရန်နှင့် ၎င်းတို့၏ မဲပေး ရွေးချယ်မှုများအတွက် လမ်းညွှန်ချက်များရရှိရန် ၎င်းတို့ကို အသုံးပြုကြသည်။ ၂၀၂၁ ခုနှစ် လူငယ်လိင်ပိုင်းဆိုင်ရာ တိမ်းညွှတ်မှုနှင့် မျိုးပွားခြင်းဆိုင်ရာဆာဗေးတခု (Young Adult Fertility and Sexuality Survey)  အရ ဖိလစ်ပိုင်လူငယ် ၉၃% သည် စမတ်ဖုန်းတလုံးပိုင်ဆိုင်ပြီး ဖြေဆိုသူ ၁၀ ယောက်တွင် ၉ ယောက်နီးပါးသည် အင်တာနက် သုံးနိုင်ကြသည်။ ယင်းမြင့်မားသော ကိန်းဂဏန်းမှာ လွန်ခဲ့သော ဆယ်နှစ်ကထက် ၃၀% ပိုများသည်။

ဖိလစ်ပိုင်နိုင်ငံသည် အင်တာနက်အသုံးပြုသူများ၏ အွန်လိုင်းသုံးစွဲချိန်၏ အများအပြားကို ဆိုရှယ်မီဒီယာပေါ်တွင် အသုံးပြုသည့် ထိပ်တန်းနိုင်ငံတခုလည်းဖြစ်သည်။ ၂၀၂၁ ခုနှစ်တွင် ဖိလစ်ပိုင်နိုင်ငံသားများသည် ၎င်းတို့၏ အချိန်များ၏ ပျမ်းမျှ ၃၈.၇% ကို ဆိုရှယ်မီဒီယာ ပလက်ဖောင်းများပေါ်တွင် သုံးစွဲကြပြီး၊ ကမ္ဘာလုံးဆိုင်ရာ ပျမ်းမျှ ၃၆.၁% ထက် အနည်းငယ်ပိုများသော ပမာဏ ဖြစ်သည်။ We Are Social အဖွဲ့၏ ရီပို့ (ဇယား ၁ ကိုကြည့်ပါ) အရ ဖေ့စ်ဘုတ်ခ် သည် နိုင်ငံအတွင်း သုံးစွဲမှုအများဆုံး ဆိုရှယ်မီဒီယာ ပလက်ဖောင်းဖြစ်ပြီး ၂၀၂၁ ခုနှစ်တွင်မှ ယူကျုဘ် (YouTube) က ကျော်တက်သွားခြင်း ဖြစ်သည်။

ဇယား ၁။ ၂၀၂၁ ခုနှစ်တွင် ဖိလစ်ပိုင်တွင် အသုံးအများဆုံး ဆိုရှယ်မီဒီယာပလက်ဖောင်းများ

ဆိုရှယ်မီဒီယာ ပလက်ဖောင်းရာခိုင်နှုန်း
ယူကျုဘ် (YouTube)၉၇.၂
ဖေ့စ်ဘုတ်ခ်၉၆.၈
ဖေ့စ်ဘုတ်ခ် မတ်ဆင်ဂျာ၉၂.၁
အင်စတာဂရမ် (Instagram)၇၃.၄
တွစ်တာ၆၂.၇
တစ်ခ်တော့ခ်၄၈.၈
ပင်းတရပ်စ် (Pinterest)၃၉.၁
ဗိုက်ဘာ (Viber)၃၆.၉
Data: Simon Kemp, “Digital 2021: The Philippines,” 11 February 2021, https://datareportal.com/reports/digital-2021-philippines.

အကြိုသုတေသနပြုချက်များတွင် တွေ့ရှိရသည်မှာ ၂၀၂၂ ခုနှစ်ရွေးကောက်ပွဲအတွက် ဆိုရှယ်မီဒီယာအခင်းအကျင်းသည် တစ်ခ်တော့ခ် (TikTok)၊ ယူကျုဘ် (YouTube) နှင့် သတင်းတိုပေးပို့သည့် အက်ပ်များ ဖြစ်သော ဗိုက်ဘာ (Viber) နှင့် ဖေ့စ်ဘုတ်ခ်မက်ဆင်ဂျာ တို့ကဲ့သို့ အသစ်ပေါ်လာသည့် အက်ပ်များပါ ရွေးကောက်ပွဲအခင်းအကျင်းတွင် ပါဝင်လာပြီး ပိုမိုစုံလင်လာသည်ကို တွေ့ရှိထားသည်။ တစ်ခ်တော့ခ် နှင့် ယူကျုဘ် (YouTube) တို့သည် အခြားအသက်အရွယ်အုပ်စုများထက် ငယ်ရွယ်သော ဖိလစ်ပိုင်လူငယ်များကို ပိုမိုဆွဲဆောင်ခဲ့သည်။

အဆိုပါ ရွေးကောက်ပွဲမဲဆွယ်မှုအတွင်း ဆိုရှယ်မီဒီယာပလက်ဖောင်းများပေါ်ရှိ အခြား သိသာ ထင်ရှားသော ပုံစံတခုမှာ ဆိုရှယ်မီဒီယာ အင်ဖလူရန်စာများ (ဆိုရှယ်မီဒီယာ ဆယ်လီများ) ၏ ထူးကဲသော စွမ်းအားဖြစ်သည်။ ဖိလစ်ပိုင်သည် ၂၀၂၂ ခုနှစ်တွင် ဆိုရှယ်မီဒီယာ အင်ဖလူရန်စာများ (ဆိုရှယ်မီဒီယာ ဆယ်လီများ) ကို ဖော်လိုးလုပ်ကြကြောင်း ဆာဗေးဖြေဆိုသူများ ဝန်ခံထားသည့် ထိပ်တန်းနိုင်ငံလည်း ဖြစ်သည်။ ကမ္ဘာလုံးဆိုင်ရာ ပျမ်းမျှမှာ ၂၂.၆% မျှသာ ရှိသော်လည်း ဖိလစ်ပိုင်အင်တာနက်အသုံးပြုသူ၏ ၅၁.၄% သည် နိုင်ငံရေးနှင့် ရွေးကောက်ပွဲတွင်ပင် သတင်းအချက်အလက်များ၏ အဓိကအရင်းအမြစ်အဖြစ် ဆိုရှယ်မီဒီယာ အင်ဖလူရန်စာများ (ဆိုရှယ်မီဒီယာ ဆယ်လီများ) အပေါ် မှီခိုအားထားနေသည်။

ဇယား – ၂ ။ နိုင်ငံရေးတွင် ပါဝင်မှု ပုံစံနှင့် မဲပေးမှုပုံစံ
အောက်ပါ ပေးထားချက်များမှာ ရွေးကောက်ပွဲတွင် ၄င်းတို့ထောက်ခံသည့် ကိုယ်စားလှယ် လောင်းကို အားပေးရန် ဆောင်ရွက်သည့် နည်းလမ်းများ ဖြစ်ပါသည်။ ယင်းတို့ထဲမှ မည်သည့် နည်းလမ်းများကို ဆောင်ရွက်ဖူးပါသနည်း။ တခုမက ရွေးချယ်နိုင်ပါသည်။

ှစ်သက်သည့် ကိုယ်စားလှယ်လောင်း
ပါဝင်မှုပုံစံ/strong>ဖာဒီနန် မားကို့စ် ဂျူနီယာ အခြားသူများ
ကိုယ်စားလှယ်လောင်းများ၏ အင်တာဗျူးများ၊ ဒီဘိတ်များ ကြည့်ရှုခြင်း၃၃%၃၁%
တအိမ်ဝင်တအိမ်ထွက် ကမ်ပိန်းများ ၆%၄%
ကမ်ပိန်းတွင် လုပ်အားပေးခြင်း၈%၆%
မဲဆွယ်စည်းရုံးသည့်ပွဲ တက်ရောက်ခြင်း၁၉%၁၃%
အခြားသူများကို မိမိ ကိုယ်စားလှယ်လောင်းကို မဲပေးရန် တိုက်တွန်းခြင်း၁၈%၁၃%
ကိုယ်စားလှယ်လောင်း အမှတ်တံဆိပ်ပါသော ပစ္စည်းများ သုံးစွဲခြင်း (တီရှပ်၊ ဦးထုပ်၊ အင်္ကျီ အစရှိသည်)၁၃%၁၁%
ပိုစတာများ ကပ်ခြင်း၁၃%၁၃%
ပန်းဖလတ်များ ဝေခြင်း၂%၂%
ဘာမှမလုပ်၃၁%၄၁%
အခြား၂%၁%

ဇယား ၂ တွင်တွေ့မြင်ရသည့်အတိုင်း ဤသမ္မတရွေးကောက်ပွဲကာလအတွင်း အော့ဖ်လိုင်း အပြုအမူ တွင် ထင်ရှားသောခြားနားချက်တခုမှာ မားကို့စ်ဂျူနီယာအား ထောက်ခံသူများသည် အခြားမဲဆန္ဒရှင် များထက် မဲဆွယ်စည်းရုံးစုဝေးပွဲသို့ တက်ရောက်ရန်နှင့် ၎င်းတို့၏ရွေးချယ်ထားသော ကိုယ်စားလှယ်လောင်းများအကြောင်း အခြားသူများသို့ ပြောဆိုရန် အလားအလာပိုများကြောင်း၊ တွေ့ရသည်။ မားကို့စ်ဂျူနီယာ ထောက်ခံသူများသည် အခြားထောက်ခံသူများနှင့် ယှဥ်လျှင် ဘာမှမလုပ်သော ရာခိုင်နှုန်းမှာ ၃၁% ရှိပြီး အခြားထောက်ခံသူများမှာ ၄၁% ရှိကြောင်း တွေ့ရမည် ဖြစ်သည်။ ဆွေးနွေးပွဲ ဒီဘိတ်များကို ကြည့်ရှုခြင်းနှင့် ပိုစတာများကပ်ခြင်းနှင့် စပ်လျဉ်း၍လည်း အလားတူပါဝင်မှုအဆင့်များကို တွေ့ရမည် ဖြစ်သည်။

ယေဘုယျအားဖြင့် ဤရလဒ်များက ဖိလစ်ပိုင်မဲဆန္ဒရှင်များ၏ အနည်းစု ၁၀% ကသာ အချိန်ပိုပေးရသော ပါဝင်မှုပုံစံများဖြစ်သည့် မဲဆွယ်ပွဲတခုတွင် စေတနာ့ဝန်ထမ်းလုပ်အားပေးခြင်း၊ လက်ကမ်းစာစောင်များဝေငှခြင်း၊ ငွေလှူဒါန်းခြင်း သို့မဟုတ် တစ်အိမ်တက်ဆင်း စည်းရုံးလှုံ့ဆော်မှုများပြုလုပ်ခြင်းကဲ့သို့သော ပါဝင်မှုပုံစံများအတွက် သိသာထင်ရှားသောအချိန်နှင့် အားထုတ်မှုကို သုံးစွဲကြောင်း တွေ့ရှိရမည် ဖြစ်ပါသည်။ . သို့သော်လည်း ယင်းသို့သော လှုပ်ရှားမှု ပုံစံများကို အတိုက်အခံ ကိုယ်စားလှယ်လောင်း လီနီရိုဘရီဒို၏ အောက်ခြေမဲဆွယ်စည်းရုံးမှုဖြင့် တက်ကြွသော ဖိလစ်ပိုင်လူငယ်အဖွဲ့ဝင် အများအပြားက ပြုလုပ်ခဲ့ကြသည်။

နိုင်ငံရေးအစွန်းရောက်စေသော မမှန်သတင်းများ – မကောင်းသော သတင်းများ၊ ထူးထူးဆန်းဆန်း သတင်းများ၊ နှင့် ရုပ်ဆိုးသည့် သတင်းများ

ဆိုရှယ်မီဒီယာသည် မကြုံစဖူးသော အတိုင်းအထွာဖြင့် မှန်ကန်ပြီး ယုံကြည်စိတ်ချရသော သတင်းအချက်အလက်များထက် မဟုတ်မမှန် လုပ်ကြံသတင်းများ ပျံ့နှံ့နေသည့် နေရာတခုလည်း ဖြစ်လာခဲ့သည်။ ကျယ်ကျယ်ပြန့်ပြန့် မဟုတ်မမှန် ဖြန့်ဝေခြင်းကြောင့် မားကို့စ်ဂျူနီယာကို အားပေးထောက်ခံသူများနှင့် အခြား ကိုယ်စားလှယ်လောင်းများ အထူးသဖြင့် ရိုဘရီဒိုကို အားပေးထောက်ခံသူများ အကြား ကွဲလွဲမှု ကြီးမားသော အစွန်းရောက်မှုကို ဖြစ်စေခဲ့သည်။

၂၀၂၂ ခုနှစ် ရွေးကောက်ပွဲတွင် ပျံ့နှံ့လာခဲ့သည့် ဇာတ်ကြောင်းတခုမှာ အာဏာရှင် ဖာဒီနန်မားကို့စ်စီနီယာ လက်ထက်တွင် “ရွှေခေတ်” ဖြစ်ခဲ့သသည်ဆိုပြီး နောက်ကြောင်းပြန်တမ်းတကြခြင်း ဖြစ်သည်။ ပညာရှင်များ၊ မီဒီယာနှင့် အရပ်ဘက်လူ့အဖွဲ့အစည်းများ ပူးပေါင်းဆန်းစစ်ခြင်းဖြင့် တွေ့ရှိသည်မှာ သမိုင်းမှတ်တမ်းတင်ထားသည့် ခရိုနီဝါဒနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများကို ငြင်းဆိုပြီး သမ္မတမားကို့စ်စီနီယာ၏ အောင်မြင်မှုများကို ချဲ့ကားခြင်းဖြင့် မားကို့စ်မိသားစု၏ ပုံရိပ်ကို ပြန်လည်ထူထောင်ရန် ကြိုးပမ်းသည့် ကျယ်ပြန့်သော ပို့စ်များဖြစ်သည်။ မဟုတ်မမှန် လုပ်ကြံသတင်းများအတွက် ပေါ်ထွက်နေသော ပလက်ဖောင်းတခုအဖြစ် သတ်မှတ်ခံထားရသည့် ဗီဒီယိုတိုများတင်သော ပလက်ဖောင်းဖြစ်သော တစ်ခ်တော့ခ် TikTok တွင်တွေ့ရှိရသည်မှာ အာဏာရှင် မားကို့စ်စီနီယာလက်ထက်တွင် ဖိလစ်ပိုင်နိုင်ငံသည် “အာရှတွင် အချမ်းသာဆုံးနိုင်ငံ” ဖြစ်ခဲ့ကြောင်း ပို့စ်များဖြင့် ပြည့်နှက်နေခြင်း ဖြစ်သည်။

မားကို့စ်ဂျူနီယာ ၏ မဲဆွယ်စည်းရုံးရေး ဆောင်ပုဒ်မှာ “ပြန်လည် ထကြွကြစို့” (Babangon Muli) ဖြစ်သည်။ သူ့ဖခင်ဖြစ်သူ၏ စစ်အုပ်ချုပ်ရေးစနစ်နှင့် ယင်းအုပ်ချုပ်ရေးကို အဆုံးသတ်ပေးသည့် ၁၉၈၆ ခုနှစ်ကတည်းက ကြီးမားသော ဆန္ဒပြပွဲများ၏ တည်နေရာကို အစွဲပြု၍ အမည်ပေးထားသည့် “EDSA နောက်ပိုင်း” သမ္မတသက်တမ်းများ လက်အောက်၏ ကွာခြားချက်ကို ညွှန်းဆိုပြီး ယင်းကာလတွင် ဖိလစ်ပိုင်နိုင်ငံ ကျဆင်းလာသည်ဆိုပြီး ညွှန်းဆိုသော ဆောင်ပုဒ်ဖြစ်သည်။ အဆိုပါ အကြောင်းအရာအတွက် အသုံးအများဆုံးဇာတ်ကြောင်းမှာ ၁၉၈၆ ခုနှစ်နောက်ပိုင်း “အဝါရောင်” (မားကို့စ်ကို ဖြုတ်ချခဲ့သော အကွီနိုမိသားစု၏အရောင်) အောက်တွင် လစ်ဘရယ်စနစ်၏ “ကျရှုံးမှုများ” ကို အလေးပေးဖော်ပြထားခြင်း ဖြစ်သည်။ လစ်ဘရယ်စနစ်၏ အားနည်းချက်များနှင့် မပြတ်မသားဖြစ်မှုများကို နှေးကွေးနေသော အစိုးရလုပ်ငန်းများနှင့် ဆက်စပ်လိုက်ခြင်း ဖြစ်သည်။ ၂၀၂၂ ခုနှစ် ရွေးကောက်ပွဲအတွင်း အဆိုပါ ဇာတ်ကြောင်းများကို ဖြန့်ချီရာတွင် သတင်းအတုများကို အသုံးပြုရုံသာမက ယူကျုဘ် (YouTube) နှင့် တစ်ခ်တော့ခ် ပေါ်ရှိ အသေးစား ဆယ်လီများ၏ တရားဝင် နိုင်ငံရေး မှတ်ချက်ပေးမှုများမှတဆင့် ဖြန့်ဝေခဲ့သည်။ ဥပမာအားဖြင့် အချို့သော လူနေမှုဘဝအကြောင်းတင်သည့် ချန်နယ်များသည် မည်သည့် နိုင်ငံရေးသမားများထံမှ ငွေကြေး ထောက်ပံ့မှု ရယူထားသည် ဆိုသည်ကို ရှင်းရှင်းလင်းလင်း မဖော်ပြဘဲ အဓိက အတိုက်အခံ အနုပညာရှင်များကို လှောင်ပြောင်သရော်သည့် ပို့စ်များ တင်ခဲ့ခြင်း ဖြစ်သည်။

3 February 2022. Robredo-Pangilinan election campaign at Quezon Memorial Circle. Wikipedia Commons

နိဂုံး

ဖိလစ်ပိုင်နိုင်ငံ၏ ၂၀၂၂ ခုနှစ် မေလ ရွေးကောက်ပွဲသည် ဖိလစ်ပိုင်လူငယ်များကြား ဆိုရှယ်မီဒီယာ၏ ပိုမိုထင်ရှားသော အခန်းကဏ္ဍကို ပြသခဲ့သည်။ ဆိုရှယ်မီဒီယာကို ဖြည့်စွက် ပလက်ဖောင်းသပ်သပ် အဖြစ် ရှုမြင်တော့မည်မဟုတ်ဘဲ အနာဂတ်ရွေးကောက်ပွဲများတွင် အနိုင်ရနိုင်သော ရွေးကောက်ပွဲဆိုင်ရာ မဲဆွယ်စည်းရုံးမှု၏ မရှိမဖြစ် အစိတ်အပိုင်းတခုအဖြစ် ရှုမြင်ကြတော့မည် ဖြစ်ပါသည်။ ထိုကဲ့သို့ ဆိုရှယ်မီဒီယာ နည်းဗျူဟာကို ရွေးကောက်ပွဲများ မစမီကတည်းက ဖန်တီးမည် ဖြစ်ပြီး ဒေတာ အများအပြား သုံးစွဲခြင်း၊ အသေးစိတ်ကို နားလည်ခြင်း၊ မတူညီသော ဒစ်ဂျစ်တယ် ပလပ်ဖောင်းများ၏ သဘောသဘာဝကို မူတည်ပြီး ပြောင်းလဲခြင်း၊ ၎င်းတို့ကို အသုံးပြုသူများ၏ လူဦးရေဆိုင်ရာ လက္ခဏာရပ်များနှင့် နည်းပညာများ၏ ဆင့်ကဲပြောင်းလဲလာမှုအပေါ်မူတည်ပြီး ဖန်တီးဖွယ် ရှိပါသည်။

ဖိလစ်ပိုင်နိုင်ငံတွင် တွေ့ရှိရသည်မှာ မားကို့စ်ဂျူနီယာ၏ မဲဆွယ်စည်းရုံးမှုကို အားပေးပြီး အခြားကိုယ်စားလှယ်လောင်းများကို ထိခိုက်စေသည့် အမျိုးမျိုးသော ဇာတ်ကြောင်းများဖြင့် သတင်းအတုများကို ဆိုရှယ်မီဒီယာတွင် ပျံ့နှံ့နိုင်ကြောင်း တွေ့ရှိခဲ့ရသည်။ အဆိုပါ မဟုတ်မမှန် လုပ်ကြံသတင်းများ၏ လှည့်ကွက်များမှာ သမိုင်းကို အတုအယောင် ပုံဖော်ထားခြင်း၊ သမိုင်းဆိုင်ရာ အချက်အလက်များကို အတုအယောင်အဖြစ် ပုံဖော်ခြင်း၊ အဓိပ္ပာယ်မဲ့ ပြောဆိုမှုများ ဖန်တီးခြင်းနှင့် ဒီမိုကရေစီ စံနှုန်းများကို ပြစ်တင်ရှုတ်ချခြင်းတို့ ဖြစ်သည်။ လက်ရှိ ပညာရေး အကျပ်အတည်းကို ရင်ဆိုင်နေရသော နိုင်ငံအတွင်းရှိ လူငယ်များအတွက်မူ အစွန်းရောက်စေနိုင်သည့် သတင်းမှားများ၏ အကျိုးဆက်များမှာ ကျယ်ပြန့်လှပါသည်။ မကြာသေးမီက ပြုလုပ်ခဲ့သော လေ့လာမှုတခုအရ လူငယ် အများစုသည် သတင်းအတုများကို ကျွမ်းကျင်စွာ ဖော်ထုတ်နိုင်ခြင်းမရှိကြောင်း တွေ့ရှိခဲ့သည်။ “နိုင်ငံတော်၏မျှော်လင့်ချက်” ဟု တချိန်က တံဆိပ်ကပ်ခံရသည့် လူငယ်များအနေဖြင့် သတင်းအမှားနွံထဲနစ်နေပါက ယင်းကတိကို အကောင်အထည် ဖော်နိုင်တော့ပါမည်လော။ ။

Aries A. Arugay
Professor and Chairperson of the Department of Political Science
University of the Philippines in Diliman

This piece is a modified version of the article by Aries A Arugay and Justin Keith A. Baquisal. 2022. “Mobilized and Polarized: Social Media and Disinformation Narratives in the 2022 Philippine Elections.” Pacific Affairs 95(3), 549-573. DOI: https://doi.org/10.5509/2022953549

References

  1. ဤစာတမ်းသည် Aries A Arugay and Justin Keith A. Baquisal. 2022 ရေးသားထားသည့် စာတမ်းကို ပြင်ဆင်မွမ်းမံထားသည့် စာတမ်း ဖြစ်ပါသည်။​. “Mobilized and Polarized: Social Media and Disinformation Narratives in the 2022 Philippine Elections.” Pacific Affairs 95(3), 549-573. DOI: https://doi.org/10.5509/2022953549.
  2. အင်တာနက်ကို နေ့စဥ်သုံးစွဲမှု ကမ္ဘာလုံးဆိုင်ရာ ပျမ်းမျှမှာ ၇ နာရီ နီးပါး ဖြစ်ပါသည်. Simon Kemp, “Digital 2022: April Global Statshot Report,” 21 April 2022, https://datareportal.com/reports/digital-2022-april-global-statshot.
  3. Gelo Gonzales, “Big divide in internet use in Philippines by age, education level – report,” Rappler, 3 April 2020, https://www.rappler.com/technology/256902-pew-internet-use-report-philippines-march-2020/.
  4. Björn Dressel, “The Philippines: How Much Real Democracy?” International Political Science Review 32, no.5 (2011): 529–545.
  5. Lee, Jae Kook, Jihyang Choi, Cheonsoo Kim, and Yonghwan Kim, “Social Media, Network Heterogeneity, and Opinion Polarization.” Journal of Communication 64, no. 4 (2014): 702–722; Jennifer McCoy and Murat Somer, “Toward a Theory of Pernicious Polarization and How It Harms Democracies: Comparative Evidence and Possible Remedies.” The ANNALS of the American Academy of Political and Social Science 681, no. 1 (2019): 234–271.
  6. Petros Iosifidis and Nicholas Nicoli. “The Battle to End Fake News: A Qualitative Content Analysis of Facebook Announcements on How It Combats Disinformation.” International Communication Gazette 82, no. 1 (February 2020): 60–81.
  7. Craig Silverman, “The Philippines Was a Test of Facebook’s New Approach to Countering Disinformation. Things Got Worse,” Buzzfeed News, 7 August 2019, https://www.buzzfeednews.com/article/craigsilverman/2020-philippines-disinformation.
  8. Filipinos remain most active internet, social media users globally—study,” Philippine Daily Inquirer, 1 February 2021, https://technology.inquirer.net/107561/filipinos-remain-most-active-internet-social-media-users-globally-study#ixzz7NZZqAlMI; “PH remains top in social media, internet usage worldwide – report,” Rappler, 28 January 2021, https://www.rappler.com/technology/internet-culture/hootsuite-we-are-social-2021-philippines-top-social-media-internet-usage/.
  9. University of the Philippines Population Institute (2022, October 14). Zoom in, zoom out: Filipino youth in focus [PowerPoint slides]. Population Institute, College of Social Sciences and Philosophy, University of the Philippines, https://www.uppi.upd.edu.ph/sites/default/files/pdf/YAFS5_National Dissemination_Slides_FINAL.pdf.
  10. Simon Kemp, “Digital 2022: Global Overview Report,” 26 January 2022, https://datareportal.com/reports/digital-2022-global-overview-report.
  11. Simon Kemp, “Digital 2021: The Philippines,” 11 February 2021, https://datareportal.com/reports/digital-2021-philippines.
  12. သတင်းတိုပို့ မက်ဆင်ဂျာအက်ပ်များကို သုံးစွဲမှုနှုန်းနှင့် သတင်းအမှားများ ပျံ့နှံ့မှုကို သုတေသနပြုရန်မှာ ၄င်းအုပ်စုများကို အများပြည်သူ အလွယ်တကူ ဒေတာမရရှိနိုင်သည့်အတွက် သုတေသနပြုရန် ခက်ခဲပါသည်။ ၄င်းဆိုရှယ်မီဒီယာအက်ပ်များ၏ သဘောသဘာဝအားဖြင့်လည်း အချက်အလက်စစ်ဆေးရန်နှင့် ထိန်းကျောင်းမှု ပြုရန် ခက်ခဲပါသည်။ ဥပမာအားဖြင့် ဤဆောင်းပါးကို ကြည့်ပါ – “Viber says to fight ‘fake news’ as Halalan 2022 heats up,” ABS-CBN News, 17 January 2022, https://news.abs-cbn.com/business/01/17/22/viber-says-to-fight-fake-news-in-halalan-2022
  13. ဆိုရှယ်မီဒီယာ အင်ဖလူရန်စာ (ဆိုရှယ်မီဒီယာ ဆယ်လီ) ဆိုသည်မှာ သီးခြားခေါင်းစဥ်တခုတွင် ၄င်းတို့၏ တတ်သိကျွမ်းကျင်မှုကို ပြသပြီး နာမည်ကြီးလာသူ တဦးဦးကို ဆိုလိုပါသည်။ သူတို့က ၄င်းတို့နှစ်သက်ရာ ဆိုရှယ်မီဒီယာ တခုခုတွင် အဆိုပါ ခေါင်းစဥ်အကြောင်း မှန်မှန်တင်လေ့ရှိပြီး ၄င်းတို့၏ အမြင်ကို သေချာလိုက်နားထောင်နေသည့် တက်ကြွသော ပရိသတ်လည်း ရှိပါသည် – https://influencermarketinghub.com/what-is-an-influencer/#toc-1
  14. Mara Cepeda, “‘Mulat na’: Young voters show off wit and grit for Leni in Isko’s turf.” Rappler, 3 March 2022, https://www.rappler.com/nation/elections/young-voters-show-off-wit-grit-robredo-moreno-turf-manila/.
  15. ph, “Firehose of disinformation floods run-up to election”.
  16. Jose Lanuza, Rossine Fallorina, and Samuel Cabbuag, “Understudied Digital Platforms in the Philippines,” Internews, December 2021, https://internews.org/wp-content/uploads/2021/12/Internews_Understudied-Digital-Platforms-PH_December_2021.pdf.
  17. Mark Thompson,“Bloodied Democracy: Duterte and the Death of Liberal Reformism in the Philippines, Journal of Current Southeast Asian Affairs 35, no. 3 (2017): 39–68.
  18. Imelda Deinla, Ronald Mendoza, and Jurel Yap, “Philippines: diagnosing the infodemic,” Rappler, 1 December 2022, https://www.lowyinstitute.org/the-interpreter/philippines-diagnosing-infodemic.