အင်ဒိုနီးရှားနိုင်ငံ၏ ကိုဗစ်-၁၉ ကပ်ရောဂါနှင့် ဒစ်ဂျစ်တယ် အာဏာရှင်စနစ် ပြောင်းလဲဖြစ်ထွန်းမှု

Damar Juniarto

Freedom House ၊ IDEA နှင့် နယ်စည်းမခြား သတင်းထောက်များအဖွဲ့တို့၏ မကြာသေးမီက ထုတ်ပြန်ခဲ့သည့် ရီပို့များအရ အင်ဒိုနီးရှားနိုင်ငံ၏ ဒစ်ဂျစ်တယ်နယ်ပယ်တွင် အရပ်ဖက်နေရာသည် ကျဥ်းမြောင်းလာနေကြောင်း တွေ့ရပါသည်။ ယင်းရီပို့များက အင်ဒိုနီးရှားနိုင်ငံ အမျိုးသား လူ့အခွင့်အရေး အင်စတီကျူးရှင်းက ထုတ်ပြန်သော ရီပို့နှင့် ၂၀၂၀ ကွန်ပတ်စ်နေ့စဥ် ဆာဗေး တို့တွင် တွေ့ရှိထားချက် ဖြစ်သည့် ၃၆ ရာခိုင်နှုန်းသော အင်ဒိုနီးရှားနိုင်ငံသားများမှာ ဆိုရှယ်မီဒီယာ ပေါ်တွင် သူတို့၏ ထင်မြင်ချက် ထုတ်ဖော်ရေးသားရန် မလုံမခြုံ ခံစားနေရကြောင်းနှင့်လည်း တိုက်ဆိုင် နေပါသည်။

ဇယား (၁) ။ ။ ၂၀၁၆ က စတင်သော အင်ဒိုနီးရှားနိုင်ငံ၏ ဒီမိုကရေစီ ဆုတ်ယုတ်မှု
အရင်းအမြစ် ။ ။ ၂၀၂၁ The Economist Intelligence Unit

ဇန်နဝါရီ ၂၀၂၂ တွင် အင်ဒိုနီးရှားနိုင်ငံတွင် အင်တာနက်သုံးစွဲသူပေါင်း ၂၀၄.၇ သန်း ရှိပြီး ယင်းမှာ နိုင်ငံ့ လူဦးရေ၏ ၇၃.၇ ရာခိုင်နှုန်း ဖြစ်ပါသည်။ ကိုဗစ်-၁၉ ကပ်ရောဂါ စတင်ချိန်ကစပြီး အင်ဒိုနီးရှား နိုင်ငံသည် ပိုပြီး အာဏာရှင်ဆန်လာပါသည်။ အစိုးရက “အမျိုးသားလုံခြုံရေး ထိန်းသိမ်းခြင်း” ၊ “တည်ငြိမ်အေးချမ်းမှု ရှိစေရန် ဆောင်ရွက်ခြင်း” စသည့် စကားလုံးများ သုံးပြီး နိုင်ငံ၏ ဒစ်ဂျစ်တယ် နယ်ပယ်ကို ဖိနှိပ်သော ဥပဒေသစ်များ ပြဋ္ဌာန်းလာပါသည်။ SAFEnet ၏ ၂၀၂၀ အစီရင်ခံစာအရ အင်ဒိုနီးရှားနိုင်ငံသည် ဒစ်ဂျစ်တယ် အာဏာရှင်စနစ် ဖြစ်ထွန်းခြင်းနှင့် စပ်လျဥ်းသော နယ်ပယ် သုံးခု – စောင့်ကြည့်ခြင်း၊ ဆင်ဆာပြုလုပ်ခြင်းနှင့် အင်တာနက် ပိတ်ပင်ခြင်းတို့တွင် ပူပန်စရာကောင်းသည့် ဖြစ်ထွန်းမှုများ ပေါ်ပေါက်လာကြောင်း တွေ့ရှိရပါသည်။

အစိုးရက ဒစ်ဂျစ်တယ်နယ်ပယ်တွင် စောင့်ကြည့်ခြင်း

မတ်လ ၂၀၂၀ တွင် အင်ဒိုနီးရှားနိုင်ငံတွင် ကပ်ရောဂါစတင်လာပြီးနောက် သမ္မတ ဂျိုကိုဝီက ထောက်လှမ်းရေး အဖွဲ့များကို ပြည်သူလူထု တည်ငြိမ်အေးချမ်းမှု ထိန်းသိမ်းနိုင်ရန် ညွှန်ကြားခဲ့သည်။ တချိန်တည်းမှာပင် သမ္မတနှင့် သူ့၏ အစိုးရအဖွဲ့က နိုင်ငံသို့ ခရီးသွားလည်ပတ်မှုကို ဆက်လက်မြှင့်တင် ခဲ့ပြီး အင်ဒိုနီးရှားနိုင်ငံသည် လုံခြုံကြောင်းနှင့် ကိုရိုနာဗိုင်းရပ်သည် အင်ဒိုနီးရှားနိုင်ငံ၏ အပူပိုင်း ရာသီဥတုတွင် မပြန့်ပွားနိုင်ကြောင်း ဆိုခဲ့သည်။ တလကြာပြီးနောက် ရဲတပ်ဖွဲ့က ကပ်ရောဂါနှင့် စပ်လျဥ်းသည့် သတင်းပုံဖော်မှုကို အထူးသဖြင့် ဆိုရှယ်မီဒီယာတွင် စတင်ထိန်းချုပ်လာခဲ့သည်။ ရဲတပ်ဖွဲ့ ညွှန်ကြားချက် အမိန့် ST/1100/IV/HUK.7.1.2020 ဖြင့် ၂၀၂၀ ခုနှစ် ဧပြီလတွင် ရဲတပ်ဖွဲ့ကို “ဆိုင်ဘာ ပတ္တရောင်လှည့်ရန်” နှင့် အွန်လိုင်း ဆွေးနွေးမှုများကို စောင့်ကြည့်ရန် အရေးပေါ် အခွင့်အာဏာများ ပေးအပ်ပြီး ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်သော သတင်းအမှားများ ဖြန့်ဝေသူများ၊ အစိုးရ၏ ကိုဗစ်-၁၉ ထိန်းချုပ်မှုနှင့် စပ်လျဥ်းသော သတင်းအမှား ဖြန့်ဝေသူများနှင့် ကပ်ရောဂါ ထိန်းချုပ်ရေး ဆောင်ရွက်နေသည့် သမ္မတနှင့် အစိုးရအဖွဲ့ဝင်များကို ဝေဖန်သူများကို ပစ်မှတ်ထားခဲ့သည်။ ၂၀၂၀ ခုနှစ် အောက်တိုဘာ ၂ ရက်တွင် တန်ပြန်သတင်း ထုတ်လွှင့်ရန် နောက်ထပ်အမိန့် ကြေညာချက် ထုတ်ပြန်ပြီး ၂၀၂၀ နှောင်းပိုင်းတွင် ထုတ်ပြန်သည့် အလုပ်အကိုင်ဖန်တီးရေး ဥပဒေကို ဆန့်ကျင်သည့် အရပ်ဖက် အဖွဲ့အစည်းများက ပြုလုပ်သည့် ဒစ်ဂျစ်တယ် ဆန္ဒပြမှုများနှင့် ကမ်ပိန်းများကို တားမြစ်ခဲ့သည်။

၂၀၂၁ ခုနှစ်ဖေဖော်ဝါရီတွင် အွန်လိုင်းရဲတပ်ဖွဲ့ကို စတင်မိတ်ဆက်ခဲ့သည်။ အဆိုပါ ရဲတပ်ဖွဲ့က အွန်လိုင်း သုံးသူ ပြည်သူများကို မဖမ်းဆီးခင် ကြိုတင်သတိပေးချက်လည်း အွန်လိုင်းမှ ပေးပို့နိုင်သည်။ သတိပေးချက်တွင် ရဲတပ်ဖွဲ့ကို သတင်းပို့ခံထားရသည့် ဘယ်ပို့စ်ကိုမဆို ဖျက်ပစ်ရန် အမိန့်လည်း ပါဝင်သည်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၂၃ နှင့် မတ်လ ၁၁ ရက်အတွင်း အွန်လိုင်းရဲတပ်ဖွဲ့သည် သတိပေးချက် ၁၂၅ ခုပေးပို့ခဲ့ပြီး လူ ၃ ဦးကို ဖမ်းဆီးခဲ့သည်။ အွန်လိုင်းရဲတပ်ဖွဲ့ ပေါ်ပေါက်လာခြင်း ကြောင့် အင်ဒိုနီးရှားနိုင်ငံတွင် မိမိဘာသာဆင်ဆာပြုလုပ်ခြင်း ပိုမို ပြုလုပ်လာကြသည်။ လူတဦးက မသင့်လျော်သော အကြောင်းအရာတခု တင်မိပါက ရဲတပ်ဖွဲ့က ချက်ချင်းဖျက်ပစ်ရန် ညွှန်ကြားသည်။ သို့ဖြစ်သည့်အတွက် နိုင်ငံတွင်း ဒစ်ဂျစ်တယ်နယ်ပယ်တွင် ကြောက်လန့်နေရသည့် အခြေအနေတရပ် ဖြစ်လာသည်။

Surabaya-Indonesia, October 15, 2021: a girl in a medical mask is scanning the barcode of a “peduliLindungi” application with her smartphone when she enters the mall. Photo: Andri wahyudi, Shutterstock

ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း PeduliLindungi ဟုခေါ်သည့် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ရှာဖွေသည့် အက်ပ်တခုကို အင်ဒိုနီးရှား ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်ဝန်ကြီးဌာန (MCIT) နှင့် အစိုးရပိုင် လုပ်ငန်းများ ဝန်ကြီးဌာန (MOSE) က ၂၀၂၀ ခုနှစ် မတ်လတွင် ထုတ်ဝေခဲ့သည်။ DigitalReach နှင့် CitizenLab တို့က ပြုလုပ်သည့် ပုဂ္ဂလိကသတင်းအချက်အလက် ဆန်းစစ်ရေး လေ့လာချက်တွင် တွေ့ရှိသည်မှာ PedulLindungi ဗားရှင်း ၂.၂.၂ သည် ဘလူးတု ဖွင့်ထားသည့် အချိန်တွင် သုံးစွဲသူ၏ ဝိုင်ဖိုင်အချက်အလက်၊ MAC လိပ်စာနှင့် သုံးစွဲသည့် IP လိပ်စာတို့ကို ပေးပို့နိုင်ကြောင်း တွေ့ရှိခဲ့သည်။ ခြုံပြီးပြောရလျှင် အက်ပ်က လူတဦး၏ လှုပ်ရှားသွားလာမှုကို အစိုးရ အာဏာပိုင်များထံ ပေးပို့နိုင်ကြောင်း တွေ့ရှိရသည်။  PedulLindungi နောက်ထပ်ဗားရှင်းတခုကို ထုတ်ဝေခဲ့သော်လည်း သုံးစွဲသူများ၏ ​ဒေတာ လုံခြုံရေး ပြဿနာများ ကျန်ရှိနေသေးကြောင်း တွေ့ရသည်။ ကိုဗစ်-၁၉ ကပ်ရောဂါနှင့် ရောဂါကူးစက်ခံရသူ ရှာဖွေသည့် အစိုးရက ထုတ်ဝေသော ကျန် အက်ပ်များသည်လည်း သူတို့၏ ဒေတာအချက်အလက် စုဆောင်းသည့်ပုံစံများမှာ ဝေဖန်ခံထားရသည်။

ဒစ်ဂျစ်တယ်နယ်ပယ်ရှိ ဖိနှိပ်ခြင်းနှင့် ဆင်ဆာ ပြုလုပ်ခြင်း

အင်ဒိုနီးရှားနိုင်ငံ၏ တည်ဆဲအင်တာနက်ဥပဒေသည် အစိုးရမူဝါဒများကို ဝေဖန်သူများကို နှုတ်ပိတ် ရာတွင် အသုံးပြုသည့် လက်နက်တရပ် ဖြစ်လာသည်။ နိုင်ငံရေးသမားများနှင့် စီးပွားရေးသမားများ ကဲ့သို့သော အခြားသော အုပ်စုများကလည်း ၄င်းကို အသုံးပြုလျက် ရှိသည်။ ယင်းဥပဒေဖြင့် တဦးချင်း ဝေဖန်သူများအပေါ် ပစ်မှတ်ထားရုံသာမက လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများနှင့် ဂျာနယ်လစ် များကိုလည်း ပစ်မှတ်ထားလျက် ရှိသည်။ အထူးသဖြင့် သဘာဝပတ်ဝန်းကျင် အပေါ် ဖွံ့ဖြိုးရေး လုပ်ငန်းများ၏ သက်ရောက်မှုကို စုံစမ်းလျက်ရှိသည့် ဂျာနယ်လစ်များကို ပစ်မှတ်ထားခြင်း ဖြစ်သည်။

ကိုဗစ် – ၁၉ ကပ်ရောဂါက ဥပဒေအရာရှိများအတွက် အခွင့်အလမ်းတရပ် ဖြစ်လာပြီး ၄င်းတို့က အင်တာနက် ဥပဒေနှင့် အခြားသော အလားတူ စည်းမျဥ်းများကို အသုံးချကာ ဒစ်ဂျစ်တယ်နယ်ပယ်တွင် ဖော်ထုတ်ပြောဆိုခွင့်ကို ကန့်သတ်လာသည်။ အဆိုပါ ပြင်းထန်သော ဥပဒေကို အသုံးပြုပြီး ဆိုရှယ် မီဒီယာပေါ်တွင် ဆန့်ကျင်​ဝေဖန်သည့် တက်ကြွလှုပ်ရှားသူများကို ဖိနှိပ်သည်။ ၄င်းတို့ကို အမုန်းစကားနှင့် အွန်လိုင်းအသရေဖျက်မှုများဖြင့် တရားစွဲဆိုပြီး ပါပူရမ်တက်ကြွလှုပ်ရှားသူများဆိုလျှင် နိုင်ငံတော် ပုန်ကန်မှုဖြင့်ပါ တရားစွဲခံရသည်။

အင်ဒိုနီးရှား အမျိုးသားလူ့အခွင့်အရေးကော်မရှင်က ၂၀၂၀-၂၁ ကာလအတွင်း လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်ကို ချိုးဖောက်ခံရသည်မှာ ဒစ်ဂျစ်တယ်နယ်ပယ်တွင် ဖြစ်ခဲ့သည်ဟု ဆိုသည်။ ကိုဗစ် ၁၉ ကာလအတွင်း လူ့အခွင့်အ​ရေးကော်မရှင်က မီဒီယာနှင့် အရပ်ဖက်အဖွဲ့အစည်းများရှိ ဆန့်ကျင်ဝေဖန် သူများကို ပစ်မှတ်ထား ဟက်လုပ်သော ဖြစ်ရပ်များ ကြုံတွေ့ခဲ့ရကြောင်း တိုင်ကြားစာများ ရရှိခဲ့သည်။ ဥပမာတရပ်မှာ အွန်လိုင်းသတင်းစာ ဖြစ်သည့် Tirto.id ကို အမည်မသိ ဆိုင်ဘာသမားတဦးက တိုက်ခိုက်ခြင်း ဖြစ်ပြီး အချို့သတင်းဆောင်းပါးများကို ဖယ်ရှားခြင်း ပြုလုပ်ခဲ့သည်။ ယင်းဆောင်းပါး များတွင် အင်ဒိုနီးရှားအစိုးရက ပေးအပ်လျက်ရှိသော ကိုဗစ်-၁၉ ဆေးဝါးများကို ဝေဖန်ထားသည့် ဆောင်းပါးများ ပါဝင်သည်။

အင်ဒိုနီးရှားနိုင်ငံတွင် ဆိုင်ဘာတိုက်ခိုက်သည့် နည်းလမ်းဖြင့် နည်းပညာပိုင်းဆိုင်ရာ ဖိနှိပ်မှုမှာ ၂၀၂၀ မှ စတင်ပြီး ပိုမိုခေတ်စားလာသည်။ SAFEnet ၏ ၂၀၂၀ ဒစ်ဂျစ်တယ်အခွင့်အရေး အခြေအနေ မှတ်တမ်းအရ ဆိုင်ဘာ တိုက်ခိုက်မှု ၁၄၇ ကြိမ် ဖြစ်ပွားခဲ့ပြီး ၂၀၂၀ အောက်တိုဘာလ တလထဲတွင် တိုက်ခိုက်မှု ၄၁ ကြိမ် ဖြစ်ပွားခဲ့သည်။ ယင်းမှာ ပြီးခဲ့သောနှစ်များတွင် ကြုံတွေ့ခဲ့သည့် တလ ၈ ကြိမ်မှ သိသာစွာ တိုးပွားလာခြင်း ဖြစ်သည်။ ယင်းတိုက်ခိုက်မှုများအားလုံးနီးပါးမှာ အထက်တွင် ဖော်ပြခဲ့သည့် အစိုးရမူဝါဒ အမျိုးမျိုးကို ဆန့်ကျင်သူများ ကြုံတွေ့ရခြင်း ဖြစ်သည်။ ၂၀၂၁  တွင် ဒစ်ဂျစ်တယ် တိုက်ခိုက်မှုမှာ ၁၉၃ ကြိမ်အထိ တိုးတက်လာပြီး တလလျှင် ၁၆ ကြိမ် ပျမ်းမျှ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ဇယား (၂) ။ အင်ဒိုနီးရှားနိုင်ငံရှိ ဒစ်ဂျစ်တယ်လုံခြုံရေးကိစ္စများ၊ ၂၀၂၀-၂၁
Data Source: SAFEnet Digital Rights Situation Report: 2020-2021

အင်တာနက်ပိတ်ပင်ခြင်းများ

အင်တာနက် ပိတ်ပင်ခြင်းဆိုသည်မှာ AccessNow သတ်မှတ်သလို တမင်သက်သက် အင်တာနက် သို့မဟုတ် အီလက်ထရောနစ် ဆက်သွယ်ရေးများကို သီးခြားလူထုအတွင်း သို့မဟုတ် နေရာ ဒေသတခုတွင် နှောက်ယှက်ဟန့်တားခြင်း၊ သုံးစွဲလို့ မရအောင် ပြုလုပ်ခြင်း ဖြစ်သည်။ သတင်းအချက် အလက်စီးဆင်းခြင်းကို ထိန်းချုပ်ရန် ကြိုးစားခြင်း ဖြစ်သည်။ OONI (Open Observatory of Network Intervention) က အက်ပ်များ ပိတ်ပင်ခြင်း သို့မဟုတ် ဝက်ဘ်ဆိုက်အချို့ကို ပိတ်ပင်ခြင်း ကဲ့သို့သော အွန်လိုင်း ဆင်ဆာပြုလုပ်ခြင်းကိုလည်း အင်တာနက် ပိတ်ပင်ခြင်း သို့မဟုတ် တပိုင်းတစ ပိတ်ပင်ခြင်း အဖြစ် သတ်မှတ်သည်။

၂၀၁၉ သြဂုတ်တွင် ဂျိုကိုဝီအစိုးရက ပါပူရာ ပြည်နယ်တွင် ဖြစ်ပွားသည့် မငြိမ်သက်မှုများကို ကိုင်တွယ် ရာတွင် အာဏာရှင်ဆန်သော လုပ်ပုံကိုင်ပုံများကို တွေ့ရသည်။ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖိနှိပ်သော နည်းလမ်းများကို ကျင့်သုံးရုံမက စစ်ရေးလှုပ်ရှားမှုများကို ထောက်ပံ့ရန် ဂျိုကိုဝီအစိုးရက အင်တာနက် လုံးဝပိတ်ပင်ခြင်းကို ပြုလုပ်ရန် ဆုံးဖြတ်ခဲ့သည်။ ယင်းမှာ ပထမဆုံးအကြိမ် အင်ဒိုနီးရှားအစိုးရက အင်တာနက် လုံးဝပိတ်ပင်ခြင်းကို ပြုလုပ်ခြင်း ဖြစ်သည်။ ပါပူရာ ပြည်နယ်တွင် အင်တာနက်ကို ၃၃၈ နာရီပိတ်ထားခဲ့ပြီး ၂၀၁၉ သြဂုတ် ၁၉-၂၁ မှစတင်ကာ အင်တာနက်လိုင်းများ နှေးကွေးအောင် ပြုလုပ်ကာ ၂၀၁၉ သြဂုတ် ၂၂ ရက်မှ စက်တင်ဘာလ ၄ ရက်အထိ လုံးဝ အင်တာနက်ကို ပိတ်ထားခဲ့သည်။ ပါပူရာနှင့် အနောက်ပါပူရာတွင် သတင်းအမှားများ ပြန့်ပွားခြင်းကို တားဆီးရန် ခေါင်းစဥ်အောက်တွင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

၂၀၂၀ တွင် ပါပူရာနှင့် အနောက်ပါပူရာ ပြည်နယ်များတွင် အင်တာနက်လိုင်းများနှေးကွေးအောင် ပြုလုပ်ကြောင်း (တပိုင်းပိတ်ပင်ခြင်း) စွပ်စွဲချက် ၄ ကြိမ် ရှိခဲ့သည်။ ၂၀၂၁ တွင် အင်တာနက် ပြတ်တောက်ခြင်း ၁၂ ကြိမ် ဖြစ်ပွားခဲ့သည်။ ၄င်းတို့အနက်မှ ၈ ကြိမ်မှာ အင်ဒိုနီးရှား စစ်တပ်၏ စစ်ဆင်ရေးများနှင့် တိုက်ရိုက်သက်ဆိုင်သော အင်တာနက်ပိတ်ပင်ခြင်းများ ဖြစ်သည်။

“The sun will rise” Artist Lea Zeitoun @the.editing.series Instagram

အွန်လိုင်းမှ လှည့်ဖျားခြင်း

Universitas Diponegoro ၂၀၁၉ ရီပို့နှင့် ယင်းနောက် ၂၀၂၁ KITLV-LP3ES-Undip-ISEAS ရီပို့တို့တွင် အင်ဒိုနီးရှားအစိုးရသည် ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း ၄င်းတို့၏ ဖိနှိပ်သော မူဝါဒများကို ထောက်ခံရန် ဆိုင်ဘာ ကြေးစားများ အသုံးပြုခဲ့ကြောင်း ဖော်ပြထားသည်။ ဆိုင်ဘာ ကြေးစား ဆိုသည်မှာ အင်ဒိုနီးရှားနိုင်ငံ၏ အခြေအနေအရ အဓိပ္ပာယ်အရ ဖွင့်ဆိုရလျှင် အများကြိုက် ရေးသူများ၊ ပေါင်းစပ်ဆောင်ရွက်သူများ၊ လူအများအပေါ် လွှမ်းမိုးသူများ၊ အကြောင်းအရာ ဖန်တီးသူများနှင့် နိုင်ငံရေး အတိုင်ပင်ခံများ ပါဝင်သည့် ကွန်ယက် ဖြစ်သည်။ ၄င်းတို့က အချို့ နိုင်ငံရေးကိစ္စရပ်များတွင် လိုသလို ပုံပေါ်လာစေရန် ဆိုရှယ်မီဒီယာကို အသုံးပြုခြင်းဖြင့် ပြည်သူလူထု၏ ထင်မြင်ချက်ကို လွှမ်းမိုးနိုင်ရန် ဆောင်ရွက်ခြင်း ဖြစ်သည်။ ယင်းဆိုင်ဘာဂိုဏ်းကို ငွေကြေးထောက်ပံ့နေသည်မှာ တဦးချင်း နိုင်ငံရေးသမားများ၊ နိုင်ငံရေးပါတီများနှင့် စီးပွားရေး လုပ်ငန်းရှင်များ ဖြစ်သည်။ ဆိုင်ဘာ ကြေးစားများကို အသုံးပြုပြီး လူထုအမြင်ကို လွှမ်းမိုးနိုင်ရန် ကြိုးစားခြင်းမှာ ကိုဗစ်-၁၉ ကာလအတွင်း လူကြိုက်နည်းသည့် မူဝါဒများကို ထောက်ခံမှုရှိပါသည်ဆိုပြီး ဖြစ်အောင် ပြုလုပ်ခြင်း (manufacture consent) ဖြစ်သည်။ ထိုသို့ဆောင်ရွက်ရာတွင် သတင်းအမှားများ၊ ကောလဟာလများ ဖြန့်ဝေခြင်း၊ အစိုးရဝေဖန်သူများကို နာမည်ဖျက်ခြင်းနှင့် အရူးဖြစ်အောင် ပြုလုပ်ခြင်းများ ပါဝင်သည်။

အင်ဒိုနီးရှားအစိုးရသည် ဒစ်ဂျစ်တယ်နယ်ပယ်ကို ချုပ်ကိုင်ရာတွင် အောင်မြင်မှုရှိပြီး အရပ်ဖက်တက်ကြွ လှုပ်ရှားသူများ၏ အသံကို ကြားနိုင်သည့် လွတ်လပ်သော နယ်ပယ်ဖြစ်မလာအောင် ကန့်သတ် ထားနိုင်ခဲ့သည်။ သို့ဖြစ်သည့်အတွက် ဆိုင်ဘာ ကြေးစားများ သုံးစွဲပြီး ပြည်သူလူထု၏ ထင်မြင်ချက်ကို လွှမ်းမိုးလှည့်စားမှု ပြုလုပ်နိုင်သည်မှာ ကမ္ဘာ့စတုတ္ထမြောက် အကြီးဆုံးနိုင်ငံဖြစ်သည့် အင်ဒိုနီးရှားတွင် စိုးရိမ်ပူပန်စရာ ဒစ်ဂျစ်တယ် အာဏာရှင်စနစ် ဖြစ်ထွန်းမှုတရပ် ဖြစ်ပါသည်။

အထက်တွင်ဖော်ပြခဲ့သည့် ဖြစ်ထွန်းမှုအားလုံးကို ကြည့်ခြင်းဖြင့် အင်ဒိုနီးရှားနိုင်ငံသည် ပိုမို ကျယ်ပြန့်သည့် ဒစ်ဂျစ်တယ်အာဏာရှင်စနစ် ဖြစ်ထွန်းမှုသို့ ဖြေးဖြေးမှန်မှန် ရွေ့လျားနေကြောင်း တွေ့နိုင်ပါသည်။ အရပ်ဖက် တက်ကြွလှုပ်ရှားသူများနှင့် အင်ဒိုနီးရှားနိုင်ငံ၏ လူငယ်မျိုးဆက်က ယင်းကြီးမားလာနေသည့် အာဏာရှင်စနစ်ကို တွန်းလှန်နေဆဲ ဖြစ်သော်လည်း အနာဂတ်က မရေရာပါ။ ၂၀၁၀ ပြည့်နှစ်များ အလယ်ကစတင်လာသော ဒီမိုကရေစီနောက်ကြောင်းပြန်မှုကို အင်ဒိုနီးရှားနိုင်ငံ အနေဖြင့် တန်ပြန်နိုင်မည်လားဆိုတာ မသေချာသော အခြေအနေတွင် ရှိနေပါတော့သတည်း။ ။

Damar Juniarto
Damar Juniarto is the Executive Director and co-founder SAFEnet (Southeast Asia Freedom of Expression Network).

Top banner: Jakarta, Indonesia-June 2021-Police and TNI officers wear hazmats during the operation of the COVID-19 hunting team. Photo: Wulandari Wulandari, Shutterstock

References

Freedom House, Freedom on the Net 2020: Indonesia, https://freedomhouse.org/country/indonesia/freedom-net/2020

IDEA Global State of Democracy, 2019, https://www.idea.int/publications/catalogue/global-state-of-democracy-2019

Reporters Without Borders’ (RSF), Indonesia, 2021, https://rsf.org/en/indonesia

Survei Komnas HAM Refleksi 20 Tabun Undang-Undang Hak Asasi Manusia https://www.komnasham.go.id/index.php/laporan/2020/02/14/61/survei-komnas-ham-refleksi-20-tahun-undang-undang-hak-asasi-manusia.html

Data Reportal Indonesia 2022, last modified 18 February 2022, https://datareportal.com/reports/digital-2022-indonesia

Damar Juniarto, “The Rise of Digital Authoritarianism in Indonesia”, ASEANFocus, Issues 4/Dec 2020 page 13, https://www.iseas.edu.sg/wp-content/uploads/2020/12/ASEANFocus-December-2020.pdf

Digital Reach, Digital Contact Tracing Indonesia, 2020 https://digitalreach.asia/digital-contact-tracing-indonesia/

CitizenLab, An Analysis of Indonesia and Philippines governmenrt launch Covid-19 apps, 2020 https://citizenlab.ca/2020/12/faq-an-analysis-of-indonesia-and-the-philippines-government-launched-covid-19-apps/

Indonesia National Commission of Human Rights, Annual Report 2019, https://www.komnasham.go.id/index.php/laporan/2020/12/09/76/laporan-tahunan-komnas-ham-2019.html

Southeast Asia Freedom of Expression Network, Digital Situation Report in Indonesia 2020: Digital Repression Amid The Pandemic,  https://safenet.or.id/2021/05/digital-situation-report-2020/

Southeast Asia Freedom of Expression Network, Digital Situation Report in Indonesia 2021: The Pandemic Might Be Under Control, But Digital Repression Continues,  https://safenet.or.id/2022/03/in-indonesia-digital-repression-is-keep-continues/

AccessNow, “No Internet Shutdowns, let’s keep it on”, https://www.accessnow.org/no-internet-shutdowns-lets-keepiton/

Southeast Asia Freedom of Expression Network, Digital Situation Report in Indonesia 2020: Digital Repression Amid The Pandemic,  https://safenet.or.id/2021/05/digital-situation-report-2020/

Southeast Asia Freedom of Expression Network, Digital Situation Report in Indonesia 2021: The Pandemic Might Be Under Control, But Digital Repression Continues,  https://safenet.or.id/2022/03/in-indonesia-digital-repression-is-keep-continues/

Wijayanto, Ph.D, Dr. Nur Hidayat Sardini, Gita Nindya Elsitra, Orisa Irhamna, Laporan Penelitian Menciptakan Ruang Siber yang Kondusif Bagi Pegiat Anti-Korupsi, Universitas Diponegoro 2019

Inside Indonesia, “Cyber Mercenaries vs The KPK”, last modified 2022, https://www.insideindonesia.org/cyber-mercenaries-vs-the-kpk

Inside Indonesia, “Organisation and Funding of Social Media Propaganda”, last modified 2022, https://www.insideindonesia.org/organisation-and-funding-of-social-media-propaganda

Inside Indonesia, “The Threat of Cyber Troops”, last modified 2022, https://www.insideindonesia.org/the-threat-of-cyber-troops