မြန်မာနိုင်ငံ စစ်အုပ်ချုပ်ရေးအောက် ဖြစ်ပွားနေသည့် ဒစ်ဂျစ်တယ် အာဏာသိမ်းမှု ဖိနှိပ်ချုပ်ချယ်ရန် အွန်လိုင်းနယ်ပယ်သစ်များ

Adam Simpson

မြန်မာနိုင်ငံသည် စစ်အာဏာရှင်စနစ်နှင့် သူနှင့်အတူပါလာသည့် မီဒီယာ ကန့်သတ်ချက်များနှင့် စိမ်းကားလှသည့် နိုင်ငံမဟုတ်ချေ။ သို့သော် ဆင်ဆာ ဖြတ်တောက်ခြင်း ခံထားရသော အစိုးရ၏ သတင်း ထုတ်လွှင့်မှုများ၊ သတင်းစာများကို မှီခိုနေရသည့် ဆယ်စုနှစ်ငါးခုကြာ အမှောင်တိုက်သဖွယ် ဖြစ်နေသည့်  အခြေအနေမှ တိုတောင်းလှသည့် ဆယ်စုနှစ်တာ ကာလ ၂၀၁၁ မှ ၂၀၂၁ အတွင်း မိုဘိုင်းဖုန်းများ၊ ဆိုရှယ်မီဒီယာများ နေရာအနှံ့သုံးစွဲနိုင်သော ၂၁ ရာစုကမ္ဘာထဲသို့ ရောက်ရှိလာခဲ့သည်။ စစ်အုပ်ချုပ်ရေးအောက် ၂၀၀၀ ပြည့်နှစ်များတွင်ဒေါ်လာ ထောင်ပေါင်းများစွာ ပေးဝယ်ရသော မိုဘိုင်းလ် ဆင်းကတ်များသည် ၂၀၁၄ နှစ်လယ်တွင် နိုင်ငံခြားကုမ္ပဏီများ ဝင်လာသည့်အချိန်မှစပြီး အမေရိကန် ဒေါ်လာ ၁ ဒေါ်လာ ပြားငါးဆယ်သာ ပေးရသော အခြေအနေသို့ ရောက်ရှိလာသည်။ အီးမေးလ်များနှင့် အသေတပ်ဆင်ရသည့် တယ်လီဖုန်းကွန်ယက်များကို ကျော်လွန်ပြီး မိုဘိုင်းလ်ဖုန်း အတွင်းရှိ ဖေ့စ်ဘုတ်သည် နိုင်ငံအတွင်း လူတိုင်း လက်တွေ့သုံးစွဲသော ဆက်သွယ်ရေး ပစ္စည်း ဖြစ်လာပြီး သတင်း အချက်အလက်များ ရယူသည့် ပင်မအရင်းအမြစ်လည်း ဖြစ်လာသည်။ (Simspon 2019)

ယင်းသို့ လွတ်လပ်သော်လည်း ထိန်းကျောင်းထားခြင်း မရှိသည့် မီဒီယာ သုံးစွဲမှုသည် လူမှုရေးနှင့် စီးပွားရေး အကျိုးကျေးဇူးများစွာကို ယူဆောင်လာခဲ့သလို လူနည်းစုများ (အထူးသဖြင့် ရိုဟင်ဂျာများ) အပေါ် အမုန်းစကားများ ပြန့်ပွားခြင်းလည်း ဖြစ်ပေါ်စေခဲ့သည် (Simpson and Farrelly 2021b) ။ သို့သော် လွန်စွာဆိုးရွားသည့် အခြေအနေက စခဲ့ရခြင်းဖြစ်သော်လည်း ဆယ်စုနှစ်တခုကြာ စီးပွားရေး၊ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများနှင့်အတူ ယင်းနည်းပညာများကို သုံးစွဲလာနိုင်ခြင်းက ပိုပြီး လွတ်လပ် ပွင့်လင်းသော ဒီမိုကရေစီနည်းကျသော လူ့အဖွဲ့အစည်းဖက်သို့ ဦးတည်လာနိုင်စေခဲ့သည်။

ယင်းသို့တိုးတက်မှုများမှာ နိုဝင်ဘာလ ရွေးကောက်ပွဲတွင် နောက်တဖန် သောင်ပြိုကမ်းပြုနိုင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရကို ဖေဖော်ဝါရီလ (၁) ရက်နေ့တွင် စစ်တပ်က အာဏာသိမ်းလိုက်ချိန်တွင် ပျက်သုဥ်းသွားရတော့သည်။ ယင်းမနက်တွင် စစ်တပ်က နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတကြီးကို ဖမ်းဆီးလိုက်ပြီး NLD လွှတ်တော် အမတ်များနှင့် တက်ကြွလှုပ်ရှားသူများကမူ အစိုးရယန္တယားကို သူတို့တာဝန်ယူလိုက်ကြောင်း တန်ပြန် ကြေညာလိုက်သည်။ နိုင်ငံတဝှမ်းတွင် ဆန္ဒပြမှုများ အုံနှင့်ကျင်းနှင့် ပေါ်ပေါက်လာပြီး ယင်းနောက်တွင်မူ အင်တာနက်နှင့် ဆိုရှယ်မီဒီယာကို ပိတ်ပင်ခြင်းများ ဖြစ်ပေါ်လာကာ စစ်ရာဇဝတ်မှုများနှင့် လူသား မျိုးနွယ် အပေါ် ကျူးလွန်သော ရာဇဝတ်မှုများမြောက်သည့် ကျယ်ပြန့်စွာဖိနှိပ်ခြင်းများကို စစ်တပ်က လုပ်ဆောင်လာတော့သည် (Andrews 2022; Fortify Rights 2022; Human Rights Watch 2021; Simpson 2021a) ။

NLD အစိုးရလက်ထက်တွင် ပြင်ဆင်ရေးဆွဲနေခဲ့သော ဆိုင်ဘာလုံခြုံရေးဥပဒေ အသစ်တရပ်ရှိပြီး စစ်ကောင်စီ (နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ – SAC) က အာဏာသိမ်းပြီးနောက် အကြံပြုရန် မူကြမ်းဆိုကာ ကြေညာလိုက်လေသည်။ စီးပွားရေးလုပ်ငန်းများနှင့် NGO များက သိသာသည့် ကန့်ကွက်မှုများ ရှိခဲ့ပြီး ၂၀၂၂ အစောပိုင်းတွင် ထပ်မံဖြန့်ချီလိုက်သည့် ပြင်ဆင်ချက်မူကြမ်းအသစ်မှာ ပို၍ပင် ဆိုးရွားသေးသည် (Free Expression Myanmar 2022) ။ ပြည်တွင်းနှင့် နိုင်ငံတကာက ကျယ်လောင်စွာ ဆန့်ကျင်ရှုတ်ချမှုများရှိပြီး ဤစာကို ရေးသားချိန် ၂၀၂၂ ဇွန်လတွင် စစ်ကောင်စီ၏ ဆိုင်ဘာလုံခြုံရေး ကော်မတီက ယင်းတို့ကို သုံးသပ်နေဆဲ ဖြစ်သည်။ ဤစာတမ်းတွင် မြန်မာနိုင်ငံရှိ ဆင်ဆာနှင့်  မီဒီယာ ကန့်သတ်ချက်များ သမိုင်းအကျဥ်းကို တင်ပြကာ အသစ်ရေးဆွဲနေသည့် ဆိုင်ဘာလုံခြုံရေး ဥပဒေကြောင့် ဖြစ်လာနိုင်သည့် လူ့အခွင့်အရေးဆိုင်ရာ ချိုးဖောက်မှုများကို သုံးသပ် တင်ပြထားပါသည်။

“Resilience” Léa Zeitoun @the.editing.series Instagram

၂၀၂၁ အာဏာသိမ်းခြင်း မတိုင်မီ ဆင်ဆာကန့်သတ်မှုများ

၁၉၆၂ အာဏာသိမ်းချိန်မှစပြီး ၂၀၁၁ ခုနှစ်အထိ မြန်မာနိုင်ငံသည် စစ်အာဏာရှင် ပုံစံအမျိုးမျိုးကို ကြုံတွေ့ခဲ့ရသည်။ နေ့စဥ်ပုဂ္ဂလိက သတင်းစာမရှိဘဲ ပုဂ္ဂလိကပိုင် မီဒီယာ ဖြန့်ချီသူများ၊ ထုတ်ဝေသူများ၊ ဂီတပညာရှင်များနှင့် အနုပညာရှင်များအားလုံးက ၄င်းတို့ဖြန့်ချီမည့် အရာမှန်သမျှကို ဆင်ဆာ ဘုတ်အဖွဲ့သို့ ပို့ဆောင်ရပြီး မထုတ်ဝေမီတွင် စစ်တပ်နှင့် အစိုးရကို ဝေဖန်ချက်များ မပါရှိရအောင် ဆောင်ရွက်ရသည်။ ထုတ်ဝေခွင့်မှာလည်း တင်းကျပ်သော ကန့်သတ်မှုနှင့် ဖြစ်သည်။ ဥပမာ – ၁၉၈၈ တနိုင်ငံလုံး အုံကြွမှု တွင် ဒေါ်အောင်ဆန်းစုကြည် ကျော်ကြားလာပြီးနောက် သူ့ကို ရည်ညွှန်းသည့် ထုတ်ဝေချက်မှန်သမျှမှာ မှင်နီအတားခံရခြင်း၊ ဆုတ်ဖြဲခံရခြင်းများ ကြုံတွေ့ရလေသည်။ ရုပ်မြင်သံကြားနှင့် သတင်းမီဒီယာမှာလည်း အစိုးရပိုင်သာ ဖြစ်လေသည်။

မိုဘိုင်းလ်ဖုန်းများနှင့် ဆင်းကတ်များမှာ ဝယ်ယူလို့ ရရှိသည့်အခါတွင်လည်း လွန်စွာ စျေးကြီးလေသည်။ ကြိုးနှင့် အသေတပ်ဆင်ရသည့် တယ်လီဖုန်းလိုင်းများမှာ ရောက်ရှိမှုနှင့် အသုံးဝင်မှုတွင် အကန့်အသတ် နှင့်သာ ရှိပြီး အင်တာနက်မှာလည်း လွန်စွာ စျေးကြီးကာ နှေးကွေးပြီး မသုံးစွဲသလောက် ဖြစ်လေသည်။

၂၀၁၀ တွင် စစ်တပ်က ရေးဆွဲအတည်ပြုခဲ့သည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံအောက်တွင် ပြည်လုံးကျွတ် ရွေးကောက်ပွဲများ စတင်ကျင်းပလေသည်။ ယင်းတို့မှာ NLD က အနိုင်ရရှိခဲ့ပြီး စစ်တပ်က အသိအမှတ်မပြုခဲ့သည့် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲများ ပြီးချိန်ကစပြီး ပထမဆုံးအကြိမ် ကျင်းပသည့် ရွေးကောက်ပွဲများ ဖြစ်လေသည်။ ၂၀၁၀ တွင် ဒေါ်အောင်ဆန်းစုကြည်မှာ နေအိမ် အကျယ်ချုပ်နှင့်သာ ဖြစ်ပြီး NLD ကလည်း ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့လေသည်။ ယင်းကြောင့်ပင် ၂၀၁၀ ရွေးကောက်ပွဲတွင် ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန် ဦးဆောင်သည့် ကြံ့ခိုင်ရေးပါတီ USDP က အနိုင်ရရှိခဲ့ပြီး ၂၀၁၁ ဧပြီတွင် အစိုးရဖွဲ့ကာ ဦးသိန်းစိန် သမ္မတ ဖြစ်လာသည်မှာလည်း အံ့အားသင့်စရာ တော့မဟုတ်ပေ။ သို့သော်လည်းပဲ မထင်မှတ်ထားဘဲ ဦးသိန်းစိန်က မြန်မာနိုင်ငံကို အပယ်ခံဘဝမှ ကမ္ဘာ့စင်မြင့်ပေါ်သို့ ပြန်လည်ခေါ်ဆောင်လာခဲ့သည့် နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ခဲ့လေသည်။

၂၀၁၂ သြဂုတ်တွင် အစိုးရက ကြိုတင်တင်သွင်းရသည့် ဆင်ဆာဥပဒေကို ပယ်ဖျက်လိုက်ပြီး ၂၀၁၃ ဧပြီတွင် ရာစုနှစ်ဝက်တခုကျော်အတွင်း ပထမဆုံးအကြိမ် ပုဂ္ဂလိကပိုင် သတင်းစာများ သတင်းစာစင်​ပေါ်သို့ ရောက်ရှိလာလေသည်။ ဆန္ဒထုတ်ဖော်မှုများနှင့် အလုပ်သမား သမဂ္ဂများကို ခွင့်ပြုသည့် ဥပဒေများလည်း ပြဋ္ဌာန်းခဲ့လေသည်။ နောက်ထပ်ဥပဒေသစ်တရပ်က နိုင်ငံတကာ တယ်လီကွန်း ကုမ္ပဏီများကို ခွင့်ပြုကာ ကာတာပိုင် အူရဒူးကုမ္ပဏီနှင့် နော်ဝေးပိုင် တယ်လီနောတို့က ၂၀၁၄ ခုနှစ် သြဂုတ်နှင့် စက်တင်ဘာလတွင် စတင်ကာ မိုဘိုင်းဖုန်း အော်ပရေးရှင်းများ စတင် ဆောင်ရွက် ခဲ့လေသည်။ ၄င်းတို့က မိုဘိုင်းဖုန်းသုံးစွဲခများကို အထူးတလည် လျှော့ချပေးခဲ့ပြီး တနိုင်ငံလုံးဆိုင်ရာ လွှမ်းခြုံမှုကိုလည်း သိသာစွာ တိုးမြှင့်ပေးခဲ့လေသည်။

ညတွင်းချင်းဆိုသလို လူတိုင်းက ချိတ်ဆက်လာနိုင်ပြီး ဖေ့စ်ဘုတ်သည်လည်း နိုင်ငံတွင်း အဓိက ဆက်သွယ်ရေး ပလက်ဖောင်း ဖြစ်လာခဲ့သည်။ ပတ်ဝန်းကျင်အသစ်က သိသာကြီးမားသော လူမှုရေး၊ နိုင်ငံရေး၊ စီးပွားရေး အကျိုးကျေးဇူးများကို ဖော်ဆောင်ပေးခဲ့သလို များသောအားဖြင့် အထိန်းအကွပ် မဲ့သည့် မြေစမ်းခရမ်းပျိုး အဖွဲ့အစည်းများ၊ မီဒီယာများအတွက်လည်း လူနည်းစုလူမျိုးစုများ (အထူးသဖြင့် ရိုဟင်ဂျာများ) ကို လူမျိုးကြီးဝါဒဖြင့် ခါးခါးသီးသီး ဆက်ဆံရန် အခြေအနေ သစ်များလည်း ဖန်တီးခဲ့လေသည် (Simpson and Farrelly 2021a)။

၂၀၁၂ ခုနှစ်တွင် ရခိုင်ပြည်နယ်အတွင်း လူမျိုးရေး၊ ဘာသာရေးပဋိပက္ခများ ပေါ်ပေါက်ခဲ့ပြီး ရခိုင်အရပ်သားများက ရိုဟင်ဂျာများနှင့် အခြားသော မွတ်ဆလင် လူနည်းစုများကို ပစ်မှတ်ထားပြီး အကြမ်းဖက်ခြင်းများ ပေါ်ပေါက်ခဲ့လေသည်။ ယင်း ၂၀၁၂ တွင် လုပ်ဇာတ်များ၊ ကောလဟာလများ၊ စောင်းမြောင်း ပြောဆိုခြင်းများမှာ အများအားဖြင့် တယောက်စကား တယောက်နားဖြင့် ပျံ့နှံ့ခဲ့ခြင်း ဖြစ်သည်။ တနိုင်ငံလုံးအတိုင်းအတာဖြင့် အွန်လိုင်းဆိုရှယ်မီဒီယာသည် လုပ်ကြံဇာတ်လမ်းများနှင့် အမုန်းစကား ဖြန့်ဝေခြင်းမှာ ပိုမိုလျင်မြန်လွယ်ကူစွာ ပျံ့နှံ့စေပြီး ၂၀၁၇ ခုနှစ်တွင် ရိုဟင်ဂျာများအနေဖြင့် ယင်းကြောင့် ဆိုးရွားသည့် အကျိုးဆက်များကို ကြုံတွေ့ခဲ့ရသည် (Simpson and Farrelly 2021a)။

The 2012 Rakhine State riots were a series of conflicts primarily between ethnic Rakhine Buddhists and Rohingya Muslims in northern Rakhine State, Myanmar, though by October Muslims of all ethnicities had begun to be targeted. Wikipedia Commons

ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီက ၂၀၁၅ ရွေးကောက်ပွဲများတွင် အနိုင်ရရှိပြီးနောက် သူ့သက်တမ်း ၅ နှစ်တွင် စီးပွားရေး၊ နိုင်ငံရေး ကန့်သတ်ချက်များနှင့် ပတ်သက်ပြီး သိသာစွာ ပိုမိုဖြေလျော့မည်ဟု မျှော်လင့်ခဲ့ကြသည်။

ယင်းမျှော်လင့်ချက်များမှာ ဖြစ်မလာခဲ့ချေ။ အရင်အစိုးရများကဲ့သို့ပင် NLD အစိုးရကလည်း ဂျာနယ်လစ်များနှင့် NGO များ ဝေဖန်ခြင်းကို ဆန်းဆန်းတင့်မခံ ဖြစ်ခဲ့လေသည်။ ရိုဟင်ဂျာများ ကြုံတွေ့နေရသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို မီးမောင်းထိုးပြသည့် ပူလစ်ဇာဆုရ ဂျာနယ်လစ်များကို ကိုလိုနီခေတ်နှင့် စစ်အစိုးရခေတ် လုံခြုံရေး ဥပဒေများဖြစ်သည့် တရားဝင်လျှို့ဝှက်ချက် အက်ဥပဒေကဲ့သို့ ပုဒ်မများကို သုံးစွဲပြီး ဖမ်းဆီးထောင်ချခြင်းကို NLD အစိုးရက ကန့်ကွက်ရန် ပျက်ကွက်ခဲ့သည် (Shoon Naing and Lewis 2019) ။ ၂၀၁၃ ဆက်သွယ်ရေး ဥပဒေနှင့် ဆန္ဒပြကန့်ကွက်မှုများကို ပိတ်ပင်ရာတွင် သုံးစွဲသည့် ပုဒ်မ ၆၆ (ဃ) တို့ကဲ့သို့သော နောက်ကြောင်းပြန်ဆွဲသည့် မကြာသေးမီမှာက ပြဋ္ဌာန်းခဲ့သော လုံခြုံရေး ဥပဒေများကိုလည်း အများအားဖြင့် မဖျက်သိမ်းဘဲ ထားခဲ့လေသည်။ NLD အစိုးရရော စစ်တပ်ကပါ ယင်းကဲ့သို့ တပိုင်း အာဏာရှင်ဆန်သည့် ဥပဒေများကို ဆက်လက်သုံးစွဲပြီး ၄င်းတို့ကို ဝေဖန်သူများကို အသံတိတ်စေရန် ဆောင်ရွက်ခဲ့လေသည် (Simpson and Farrelly 2021b) ။

ထို့အပြင် NLD အစိုးရသည် စစ်တပ်နှင့် လူမျိုးစုလက်နက်ကိုင်တပ်ဖွဲ့ ရက္ခိုင့်အမျိုးသားတပ်တော် (အေအေ) တို့ ပဋိပက္ခ ဖြစ်ပွားနေသည့် မြန်မာနိုင်ငံအနောက်ပိုင်း ရခိုင်ပြည်နယ်တွင် အင်တာနက် ပိတ်ပင် ကန့်သတ်ခြင်း ကိုလည်း ထောက်ခံခဲ့သည်။ ယင်းဧရိယာအချို့မှာ ၂၀၁၇ လူမျိုးတုန်း သတ်ဖြတ်မှုတွင် နေရာရွှေ့ပြောင်းခံခဲ့ရသည့် ရိုဟင်ဂျာများ နေထိုင်သော နေရာများဖြစ်သည်။ ယင်းနေရာများတွင် အင်တာနက် ပိတ်ပင်ခြင်းကြောင့် အကူအညီပေးရေး အေဂျင်စီများ၊ မီဒီယာများ၊ လူ့အခွင့်အရေး လေ့လာစောင့်ကြည်သူများနှင့် အရပ်ဖက် ပြည်သူများအနေဖြင့် သူတို့၏ တရားဝင်ဆောင်ရွက်ပိုင်ခွင့်ရှိသည့် ကိစ္စရပ်များ ဆောင်ရွက်ရာတွင် အခက်အခဲများ ဆိုးရွားစွာ ကြုံတွေ့စေခဲ့သည် (Simpson 2019)။

ဒီမိုကရေစီအုပ်ချုပ်ရေး၏ အခြေခံအုတ်မြစ်များဖြစ်သော လွတ်လပ်သည့် မီဒီယာ၊ အင်တာနက် သုံးစွဲခွင့်နှင့် အရပ်ဖက် အဖွဲ့အစည်း တက်ကြွလှုပ်ရှားမှုများဆောင်ရွက်ရာတွင် ဒေါ်အောင်ဆန်းစုကြည်က အားတက်သရော ထောက်ခံခြင်း မရှိသည်မှာ စိတ်ပျက်ဖွယ်ရာ ဖြစ်ခဲ့သော်လည်း သူသည် ဒီမိုကရေစီနည်းကျ ရွေးကောက် တင်မြှောက်ထားသည့် ခေါင်းဆောင်တဦး ဖြစ်ပြီး များသောအားဖြင့် ဒီမိုကရေစီနည်းကျ ဖွဲ့စည်းထားသည့် လွှတ်တော်ကို တာဝန်ခံရသူ ဖြစ်ပါသည်။

ယင်းပြုပြင်ပြောင်းလဲရေးခေတ်က ပြည်တွင်း NGO များဖြစ်သည့် ဖန်တီးရာ၊ လွတ်လပ်စွာထုတ်ဖော် ပြောဆိုခြင်း မြန်မာ (FEM) ၊ မြန်မာ အိုင်စီတီ ဖွံ့ဖြိုးရေး အဖွဲ့အစည်းနှင့် စီးပွားရေးလုပ်ငန်းများ တာဝန်ခံမှုရှိစေရေး မြန်မာစင်တာတို့အနေဖြင့် အတူတကွ လက်တွဲလုပ်ဆောင်နိုင်ရန် လမ်းပွင့်စေခဲ့ပါသည်။ ၄င်းတို့က အင်တာနက်ပိတ်ပင်ခြင်းများနှင့် သတင်းမှားများ ဖြန့်ဝေခြင်းများကို ကန့်ကွက်ပြီး နှစ်စဥ် ဒစ်ဂျစ်တယ် အခွင့်အရေး ဖိုရမ်ကဲ့သို့သော အစီအစဥ်များမှတဆင့် ဒစ်ဂျစ်တယ် အခွင့်အရေးများကို ကာကွယ်ရာတွင် အတူတကွ လုပ်ဆောင်နိုင်ခဲ့ကြပါသည် (Myanmar Centre for Responsible Business 2020)။ သို့သော် ၂၀၂၁ ဖေဖော်ဝါရီတွင် စစ်အာဏာသိမ်းလိုက်ခြင်းက ယင်းလုပ်ဆောင်မှုများအားလုံးကို ရပ်တန့်သွားစေခဲ့သည်။

Crack down on anti-coup protesters in Yangon, Myanmar on 09 March 2021. Photo: Maung Nyan / Shutterstock.com

စစ်အာဏာသိမ်းချိန်မှစပြီး ဆိုင်ဘာကန့်သတ်ချက်များ

အာဏာသိမ်းမှု ဖြစ်ပွားချိန်မှစပြီး ပြည်သူများက စစ်တပ်ကို ဆန့်ကျင်ဆန္ဒပြခြင်းကို ဖေ့စ်ဘုတ်နှင့် အခြားသော ဆိုရှယ်မီဒီယာများပေါ်တွင် စတင်ဆောင်ရွက်ခဲ့ကြသည်။ Civil Disobedience Movement အမည်ဖြင့် ဖေ့စ်ဘုတ် စာမျက်နှာသစ်သည် လျင်မြန်စွာပင် လူ ၂ သိန်းကျော် follow လုပ်ထားသည့် စာမျက်နှာ ဖြစ်လာသည်။ ယင်းအတွက်ကြောင့် စစ်တပ်က အာဏာသိမ်းပြီး နှစ်ရက်အကြာတွင် ဖေ့စ်ဘုတ်နှင့် WhatsApp ကို ပိတ်ပင်ခဲ့ပြီး မြန်မာနိုင်ငံတွင် ယင်းသည် အင်တာနက်ကို ပိတ်လိုက်ခြင်းနှင့် အတူတူပင် ဖြစ်သည် (Potkin 2021) ။ နှစ်ရက် အကြာတွင် သုံးစွဲသူများက အခြားသော အက်ပ်များကို ပြောင်းလဲသုံးစွဲကြပြီး စုရုံးကြပြန်သည်။ ယင်းကြောင့် စစ်တပ်က တွစ်တာနှင့် Instagram တို့ကိုပါ ပိတ်ပင်ရန် မိုဘိုင်းအော်ပရေတာများကို ညွှန်ကြားခဲ့သည် (DW 2021) ။ မြန်မာပြည်သူများက ဆိုရှယ်မီဒီယာများနှင့် ဝက်ဘ်ဆိုက်များကို ပိတ်ပင်ခြင်းကို ကျော်လွှားရန် VPN များ သုံးစွဲကြပြီး ၄င်းတို့က ပိတ်ပင်ထားသည့် အကြောင်းအရာများကို ကြည့်ရှုရန်နှင့် ဒေတာစီးဆင်းခြင်းကို အကာအကွယ်ပေးကာ သီးခြားဆက်သွယ်ရန် အထောက်အကူပေးသည်။

အာဏာသိမ်းချိန်ကစပြီး အင်တာနက်နှင့် မိုဘိုင်းဖုန်း ကွန်ယက်များကို အချိန်အကန့်အသတ်ဖြင့် ပိတ်ပင်ခြင်း ဆောင်ရွက်ခဲ့သည်။ အတိုက်အခံများ၏ ဆန္ဒပြခြင်းများ၊ လုပ်ဆောင်ချက်များကို တုံ့ပြန်သည့် အနေဖြင့် တနိုင်ငံလုံးအတိုင်းအတာဖြင့် ပိတ်ပင်ခြင်း သို့မဟုတ် အချို့နေရာများကို ပိတ်ပင်ခြင်းများ ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် စစ်တပ်၏ လူ့အခွင့်အရေးချိုးဖောက်သော လုပ်ရပ်များဖြစ်သည့် ထင်သလို ဖမ်းဆီးခြင်း၊ ချုပ်နှောင်ခြင်း၊ နှိပ်စက်ခြင်းများကို ဖုံးကွယ်ရန်လည်း ဖြစ်သည် (Access Now 2022b; Nachemson 2021) ။

စစ်တပ်က ယခင်ဥပဒေဖြင့် အကာအကွယ်ပေးထားသည့် နိုင်ငံသားများ၏ ပုဂ္ဂလိက အခွင့်အရေးများနှင့် လုံခြုံရေးများကိုလည်း ပြန်လည်ရုတ်သိမ်းခဲ့သည်။ စစ်တပ်က “ဝရမ်းမဲ့ ဖမ်းဆီးခြင်း၊ ရှာဖွေခြင်း၊ သိမ်းဆည်းခြင်းမှ လွတ်ကင်းခွင့် အပါအဝင် အခြေခံအကာအကွယ်များ” ကို ရုတ်သိမ်းခဲ့ခြင်း ဖြစ်သည် (International Commission of Jurists and Human Rights Watch 2021) ။

စစ်တပ်က အူရဒူးနှင့် တယ်လီနောအပါအဝင် တယ်လီကွန်းကုမ္ပဏီများကို သုံးစွဲသူများ၏ အချက်အလက်များ ပေးအပ်ရန်နှင့် ၄င်းတို့ကို စောင့်ကြည့်ရန် နည်းပညာကို တပ်ဆင်ခြင်းများ ပြုလုပ်ရန် အမိန့်ပေးခဲ့သည်။ အတိုးတက်ဆုံး မိုဘိုင်းဖုန်းအော်ပရေတာဟုဆိုလို့ရသည့် တယ်လီနောကုမ္ပဏီက ၂၀၂၁ ခုနှစ် နှစ်လယ်တွင် ကန့်သတ်ချက်အသစ်များက ဥရောပဥပဒေများနှင့် ဆန့်ကျင်နေသည့်အတွက် လုပ်ဆောင်ရ ခက်ခဲလာသည့်အတွက် နိုင်ငံမှ ထွက်ခွာမည် ဖြစ်ကြောင်း ကြေညာခဲ့သည် (Potkin and Mcpherson 2021) ။

မြန်မာနိုင်ငံတွင် နိုင်ငံတကာ ကုမ္ပဏီများ စီးပွားရေးလာမလုပ်ရန် တက်ကြွလှုပ်ရှားသူများက တောင်းဆို နေသော်လည်း တယ်လီနောကိုမူ ၄င်းတို့က နိုင်ငံတွင်း ဆက်နေရန် ဖိအားပေးခဲ့ကြသည်။ တယ်လီနောက အနောက်တိုင်းပိုင် ကုမ္ပဏီတခုဖြစ်ပြီး တက်ကြွလှုပ်ရှားသူများ အဓိက သုံးစွဲသည့် မိုဘိုင်းကွန်ယက် ဖြစ်သောကြောင့်လည်း ဖြစ်သည်။ အဆုံးတွင်မူ လက်ဘနွန်အခြေစိုက် ရင်းနှီးမြှုပ်နှံသည့် အုပ်စု M1 က ဝယ်ယူခဲ့ပြီး ၄င်းက ပြည်တွင်းအခြေစိုက် ကုမ္ပဏီတခုနှင့် လက်တွဲဆောင်ရွက်ရခြင်း ဖြစ်သည်။ စစ်တပ်နှင့် ဆက်စပ်နေသည့် ရွှေဗျိုင်းဖြူကုမ္ပဏီက ပိုင်ရှင်အသစ် ဖြစ်လာပြီး ကုမ္ပဏီကို ၂၀၂၂ ခုနှစ် ဇွန်လတွင် ATOM ဟုဖွဲ့စည်းကြေညာခဲ့သည်။ ATOM က “သုံးစွဲသူများကို နိုင်ငံတကာ ဥပဒေများ၊ ပြည်တွင်းဥပဒေများနှင့်အညီ ပုဂ္ဂလိက လုံခြုံရေးကို အကာအကွယ်ပေးမည်” ဟု ကြေညာခဲ့သော်လည်း ပြဿနာမှာ စစ်ကောင်စီက မိုဘိုင်းဖုန်း ကွန်ယက်များကို သုံးစွဲသူများ၏ ဒေတာအချက်အလက်များ ပေးအပ်ရန်နှင့် ၄င်းတို့၏ လုပ်ရပ်များကို စောင့်ကြည့်ရန် ခိုင်းစေထားပြီး ယင်းတို့က သုံးစွဲသူများ၏ လုံခြုံရေးကို ထိခိုက်စေခြင်း ဖြစ်သည်

“VPNs, the most useful tool to bypass restrictions on the use of websites and apps, such as Facebook and Twitter” Image: Privecstacy, Unsplash

ဆိုင်ဘာလုံခြုံရေးဥပဒေမူကြမ်း

အာဏာသိမ်းပြီးနောက် ထုတ်ပြန်ခဲ့သည့် ဆိုင်ဘာလုံခြုံရေး ဥပဒေမူကြမ်းပြီးနောက်တွင် စစ်ကောင်စီသည် ဇန်နဝါရီ ၂၀၂၂ တွင် ပြင်ဆင်ချက် မူကြမ်းကို ထုတ်ပြန်ခဲ့သည် (State Administration Council 2022) ။ မူကြမ်း အသစ်၏ ပြဿနာများမှာ ချက်ချင်းပေါ်လွင်လာပြီး ၄င်းတွင် ယခင်မူကြမ်းအဟောင်းက ပြဿနာများကို ပြင်ဆင်ခြင်း မရှိသည့်အပြင် နောက်ထပ်ကန့်သတ်ချက်အသစ်များကိုပါ ထည့်သွင်းထားခြင်း ဖြစ်သည်။ အဆိုပြု မူကြမ်းက နိုင်ငံတကာ အသိအမှတ်ပြုထားသည့် ဒစ်ဂျစ်တယ်အခွင့်အရေးအားလုံးနီးပါးကို ချိုးဖောက်သည့် အပြင် ပုဂ္ဂလိက အခွင့်အရေးလည်း မပါရှိချေ။ ထို့အပြင် လိုသလို ဆုံးဖြတ်ပြီး အပြစ်ပေးနိုင်သည့် အချက်များကိုလည်း ဥပဒေထဲတွင် ထည့်သွင်းထားပြီး စစ်ကောင်စီအနေဖြင့် သုံးစွဲသူများ၏ အချက်အလက်များ ရယူခြင်း၊ ဝက်ဘ်ဆိုက်များကို ပိတ်ပင်ခြင်း၊ အင်တာနက်ပိတ်ပင်ခြင်းနှင့် ဝေဖန်သူများကို ဥပဒေအကာအကွယ် မပေးဘဲ ဖမ်းဆီးနိုင်ခွင့်များ ပေးအပ်ထားသည် (Access Now 2022a; Human Rights Watch 2022; Myanmar Centre for Responsible Business 2022) ။

မူကြမ်းအသစ်တွင် ပါရှိသည့် အချို့ပြဋ္ဌာန်းချက်အသစ်များမှာ VPN သုံးစွဲခြင်းကို ရာဇဝတ်မှုအဖြစ် သတ်မှတ်ခြင်း၊ တရားရုံးတွင် စစ်ဆေးစဥ် အခိုင်အမာ သက်သေပြရန် လိုအပ်မှုကို ပယ်ဖျက်ခြင်းများ ပြုလုပ်ထားပြီး အွန်လိုင်းဝန်ဆောင်မှုပေးသူများအနေဖြင့် စစ်ကောင်စီနှင့် ယင်း၏ ခေါင်းဆောင်များ၊ စစ်တပ် တပ်ဖွဲ့ဝင်များကို အွန်လိုင်းတွင် ​ဝေဖန်ခြင်းများကို ဖယ်ရှားခြင်း ပြုလုပ်ရန်လည်း ပါဝင်သည်။

ဇန်နဝါရီ ၂၀၂၂ တွင် နိုင်ငံတကာ ကုန်သည်ကြီးများအသင်း ဆယ်ခုက ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့ပြီး ၄င်းတွင် ဥပဒေ မူကြမ်းသည် –

သတင်းအချက်အလက် လွတ်လပ်စွာ စီးဆင်းခွင့်ကို အနှောက်အယှက် ဖြစ်စေပြီး စီးပွားရေး လုပ်ငန်းများအနေဖြင့် မြန်မာနိုင်ငံတွင် ဥပဒေနှင့်အညီ မှန်ကန်စွာ ဆောင်ရွက်နိုင်ရန်ကို တိုက်ရိုက် သက်ရောက်မှုရှိကြောင်း၊ VPN များသည် ဆိုင်ဘာနှင့် ငွေရေးကြေးရေး ရာဇဝတ်မှုများရန်မှ အကာအကွယ်ပေးသည့် တရားဝင်လုံခြုံရေး နည်းလမ်းတရပ် ဖြစ်ကြောင်း

ထုတ်ပြန်ခဲ့သည်။

VPN များသည် တက်ကြွလှုပ်ရှားသူများအတွက် အသုံးဝင်ဆုံး နည်းလမ်းတမျိုးဖြစ်ပြီး အများပြည်သူ အတွက်လည်း ပိတ်ပင်ထားသည့် ဝက်ဘ်ဆိုက်နှင့် အက်ပ်များ ဖြစ်သည့် ဖေ့စ်ဘုတ်၊ တွစ်တာတို့ကို သုံးစွဲနိုင်ရန် နည်းလမ်းတရပ် လည်း ဖြစ်သည်။ ယင်းတို့ကို သုံးစွဲပြီး လွတ်လပ်ပြီး အမှီအခိုကင်းသော သတင်းအချက်အလက်များမျှဝေခြင်းနှင့် ဆက်သွယ်ခြင်းများ ပြုလုပ်ခြင်းကို စစ်ကောင်စီက ပိတ်ပင်တားမြစ်လိုခြင်း ဖြစ်သည်။

ဥပဒေမူကြမ်းကို ချိုးဖောက်သူများအနေဖြင့် သုံးနှစ်အထိ ထောင်ဒဏ်နှင့် ငွေဒဏ်ကို ကြုံတွေ့ရနိုင်သည်။ ယင်းတွင် VPN သုံးစွဲခြင်းသာမက VPN သုံးစွဲရန် တိုက်တွန်းခြင်းကိုလည်း ပြစ်ဒဏ် အဖြစ် သတ်မှတ်ထားသည်။ ထို့ကြောင့် VPN ထည့်သွင်းပေးသည့် ဖုန်းဆိုင်များ၊ VPN သုံးစွဲခြင်းကို အားပေးသည့် မီဒီယာများ၊ အရပ်ဖက်အဖွဲ့အစည်းများနှင့် လုံခြုံရေး သင်ခန်းစာများ ပေးအပ်နေသည့် ဒစ်ဂျစ်တယ် အခွင့်အရေးကာကွယ်သူများကိုပါ အရေးယူနိုင်သည့် အန္တရာယ်ရှိနေခြင်း ဖြစ်သည် (Free Expression Myanmar 2022) ။

ဥပဒေမူကြမ်းတွင် တားမြစ်ထားသည့် အကြောင်းအရာများတွင် “မမှန်သတင်းများ၊ လုပ်ကြံသတင်းများ ဖြန့်ဝေခြင်း”၊ “စည်းလုံးညီညွတ်မှု၊ တည်ငြိမ်မှုနှင့် ငြိမ်းချမ်းရေးကို ပျက်ပြားစေသည့်” အချက်အလက်များ ဖြန့်ဝေခြင်းများ ပါဝင်သည်။ စစ်တပ်က “စည်းလုံးညီညွတ်မှု ပျက်ပြားစေခြင်း” ကဲ့သို့သော လိုသလို ဆွဲယူလို့ရသည့် ရာဇဝတ်မှုများသတ်မှတ်သည့် သမိုင်းကရှိပြီး ၄င်းတို့ကို ယခုအခါ ဒစ်ဂျစ်တယ် နယ်ပယ်ထဲတွင်ပါ ထည့်သွင်းကာ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး လှုပ်ရှားသူများကို ကြိုက်သလို ဖမ်းဆီးနိုင်ရန် လုပ်ဆောင်လာခြင်း ဖြစ်သည်။

Article 19 နှင့် PEN America အပါအဝင် ဒါဇင်နှင့်ချီသည့် နိုင်ငံတကာနှင့် အရပ်ဖက် အဖွဲ့အစည်းများက “ဒစ်ဂျစ်တယ် အာဏာသိမ်းမှု” ကို ကန့်ကွက်ရှုတ်ချသည့် ကြေညာချက် တစောင်ထုတ်ပြန်ခဲ့သည်။ စစ်တပ်၏ လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပြစ်ဒဏ်မှ လွတ်ကင်းခွင့် ရနေခြင်းများကို ကန့်ကွတ်ရှုတ်ချခြင်း ဖြစ်သည် (Joint Civil Society Statement 2022) ။

ဥပဒေမူကြမ်းကို ဝေဖန်ဆန်းစစ်နိုင်သည့် လွှတ်တော် မရှိသည့်အချိန်တွင် စစ်တပ်က ဘယ်လောက်ပင် ကြမ်းကြုတ်သည့် ဥပဒေဖြစ်စေ ကြိုက်သလို ပြဋ္ဌာန်းနေနိုင်ခြင်း ဖြစ်သည်။ စစ်အာဏာသိမ်းခြင်း ကိုယ်တိုင်က ဥပဒေမဲ့ ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည့်အတွက် စစ်ကောင်စီပြဋ္ဌာန်းသည့် ဥပဒေ မှန်သမျှသည်လည်း တရားဝင်ခြင်း မရှိချေ (Simpson 2021b) ။ နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် စစ်အာဏာသိမ်းမှုနှင့် စစ်ကောင်စီကို ဆန့်ကျင်နေသည့် အမျိုးသားညီညွတ်ရေးအစိုးရ NUG အပါအဝင် အဖွဲ့အစည်းများကို လျင်မြန်စွာ လိုအပ်သည့် ပစ္စည်းနှင့် သံတမန်ရေးအထောက်အကူများ ပိုမို ပေးအပ်သင့်သည် (Simpson 2021c)။ ထိုသို့ ကူညီခြင်းအားဖြင့် မြန်မာနိုင်ငံတွင်သာမက အခြားကမ္ဘာ့နေရာများတွင်ပါ တရားမျှတမှုအတွက် တိုက်ပွဲဝင်နေခြင်းကို အကူအညီပေးရာ ရောက်မည့်အပြင် ဒစ်ဂျစ်တယ်လူ့အခွင့်အရေးများကိုလည်း အကာအကွယ်ပေးရန် အထောက်အကူ ဖြစ်စေတော့မှာ ဖြစ်ပါသတည်း။ ။

Adam Simpson
Senior Lecturer, International Studies, Justice & Society, University of South Australia

References

Access Now (2022a). Analysis: The Myanmar junta’s Cybersecurity Law would be a disaster for human rights. https://www.accessnow.org/analysis-myanmar-cybersecurity-law/. Updated: 27 January. Accessed: 12 June 2022.

Access Now (2022b). Update: Internet access, censorship, and the Myanmar coup. https://www.accessnow.org/update-internet-access-censorship-myanmar/. Updated: 18 March. Accessed: 10 June 2022.

Andrews, T. (2022). ‘UN expert: Myanmar people betrayed with ‘vague declarations’ and ‘tedious, endless wait’ for action.’ The Office of the High Commissioner for Human Rights. Geneva. 21 March. https://www.ohchr.org/en/press-releases/2022/03/un-expert-myanmar-people-betrayed-vague-declarations-and-tedious-endless. Accessed:10 June 2022.

Bangkok Post (2021, 9 July). ‘Telenor announces Myanmar exit.’ Bangkok Post. https://www.bangkokpost.com/business/2145843/telenor-announces-myanmar-exit. Accessed:11 June 2022.

DW (2021, 5 February). ‘Myanmar blocks Twitter amid outrage at coup.’ DW. https://www.dw.com/en/myanmar-blocks-twitter-amid-outrage-at-coup/a-56477238. Accessed:10 June 2022.

Eleven (2022, 10 June). ‘Atom says it will invest US$ 330 M over the next three years and protect individual security in accordance with local and international laws.’ Eleven. https://elevenmyanmar.com/news/atom-says-it-will-invest-us-330-m-over-the-next-three-years-and-protect-individual-security-in. Accessed:12 June 2022.

Fortify Rights (2022). “Nowhere is Safe”: The Myanmar Junta’s Crimes Against Humanity Following the Coup d’État.). 24 March. https://www.fortifyrights.org/mya-inv-2022-03-24/. Accessed:11 June 2022.

Free Expression Myanmar (2022). Military’s cyber security bill worse than their previous draft. https://freeexpressionmyanmar.org/militarys-cyber-security-bill-worse-than-their-previous-draft/. Updated: 27 January. Accessed: 10 June 2022.

Human Rights Watch (2021). Myanmar: Coup Leads to Crimes Against Humanity. (Human Rights Watch, New York). 31 July. https://www.hrw.org/news/2021/07/31/myanmar-coup-leads-crimes-against-humanity. Accessed:9 August 2021.

Human Rights Watch (2022). Myanmar: Scrap Draconian Cybersecurity Bill. https://www.hrw.org/news/2022/02/15/myanmar-scrap-draconian-cybersecurity-bill. Updated: 15 February. Accessed: 10 June 2022.

International Commission of Jurists and Human Rights Watch (2021). Myanmar: Post-Coup Legal Changes Erode Human Rights. (International Commission of Jurists and Human Rights Watch). 2 March. https://www.icj.org/myanmar-post-coup-legal-changes-erode-human-rights/. Accessed:11 June 2022.

Joint Civil Society Statement (2022). ‘Resist Myanmar’s digital coup: Stop the military consolidating digital control.’ Access Now. 8 February. https://www.accessnow.org/myanmars-digital-coup-statement/. Accessed:11 June 2022.

Justice for Myanmar (2022). Shwe Byain Phyu’s military links exposed. https://www.justiceformyanmar.org/stories/shwe-byain-phyus-military-links-exposed. Updated: 13 February. Accessed: 11 June 2022.

Myanmar Centre for Responsible Business (2020). Digital Rights Forum. https://www.myanmar-responsiblebusiness.org/dialogues/digital-rights-forum/. Updated: 29 February. Accessed: 10 June 2022.

Myanmar Centre for Responsible Business (2022). Update on Draft Cybersecurity Law and its Impacts on Digital Rights and the Digital Economy. https://www.myanmar-responsiblebusiness.org/news/draft-cybersecurity-law.html. Updated: 15 February. Accessed: 10 June 2022.

Nachemson, A. (2021, 4 March). ‘Why is Myanmar’s military blocking the internet?’ Al Jazeera. https://www.aljazeera.com/news/2021/3/4/myanmar-internet-blackouts. Accessed:10 June 2022.

Potkin, F. (2021, 5 February). ‘Facebook faces a reckoning in Myanmar after blocked by military.’ Reuters. https://www.reuters.com/article/us-myanmar-politics-facebook-focus-idUSKBN2A42RY. Accessed:10 June 2022.

Potkin, F. and P. Mcpherson (2021, 19 May). ‘How Myanmar’s military moved in on the telecoms sector to spy on citizens.’ Reuters. https://www.reuters.com/world/asia-pacific/how-myanmars-military-moved-telecoms-sector-spy-citizens-2021-05-18/. Accessed:12 June 2022.

Shoon Naing and S. Lewis (2019, 23 April). ‘Myanmar’s top court rejects final appeal by jailed Reuters journalists.’ Reuters. https://www.reuters.com/article/us-myanmar-journalists/myanmars-top-court-rejects-final-appeal-by-jailed-reuters-journalists-idUSKCN1RZ06O. Accessed:29 December 2019.

Simpson, A. (2019). ‘Facebook, the Rohingya, and internet blackouts in Myanmar.’ The Interpreter. The Lowy Institute. 21 October. https://www.lowyinstitute.org/the-interpreter/facebook-rohingya-and-internet-blackouts-myanmar. Accessed:10 June 2022.

Simpson, A. (2021a). ‘Coups, conflicts, and COVID-19 in Myanmar: Humanitarian intervention and responsibility to protect in intractable crises.’ Brown Journal of World Affairs, 28(1): 1-19.

Simpson, A. (2021b). ‘Myanmar: Calling a coup a coup.’ The Interpreter. The Lowy Institute. 8 February. https://www.lowyinstitute.org/the-interpreter/myanmar-calling-coup-coup. Accessed:9 August 2021.

Simpson, A. (2021c). ‘Myanmar’s exile government signs up to ICC prosecutions.’ East Asia Forum. 17 September. https://www.eastasiaforum.org/2021/09/17/myanmars-exile-government-signs-up-to-icc-prosecutions/. Accessed:24 September 2021.

Simpson, A. and N. Farrelly (2020). ‘The Rohingya crisis and questions of accountability.’ Australian Journal of International Affairs, 74(5): 486-94.

Simpson, A. and N. Farrelly (2021a). ‘Interrogating Contemporary Myanmar: The Difficult Transition.’ in A. Simpson and N. Farrelly (eds), Myanmar: Politics, Economy and Society. (London and New York: Routledge): 1-12.

Simpson, A. and N. Farrelly (2021b). ‘The Rohingya Crisis: Nationalism and its Discontents.’ in A. Simpson and N. Farrelly (eds), Myanmar: Politics, Economy and Society. (London and New York: Routledge): 249-64.

State Administration Council (2022). Cyber Security Law [Draft – Unofficial English Translation by Free Expression Myanmar]. (SAC, Naypyitaw, Myanmar).