ဒူတာတေးအလွန် ဖိလစ်ပိုင်နိုင်ငံ၏ နိုင်ငံခြားရေး မူဝါဒ – နောက်လာမည့် သမ္မတ စဥ်းစားရမည့် အရေးကြီးအချက်များ

Andrea Chloe Wong

သမ္မတရိုဒရီဂိုဒူတာတေး သက်တမ်းကုန်ဆုံးချိန်တွင် ဖိလစ်ပိုင်နိုင်ငံသည် နောက်တက်လာမည့် သမ္မတက ဘယ်လိုမျိုး နိုင်ငံခြားရေး မူဝါဒ ကျင့်သုံးမလဲဆိုသည့် မရေရာမှုကို ကြုံတွေ့နေရပါသည်။ ယေဘုယျအားဖြင့် အစိုးရသစ်တက်လာတိုင်း သမ္မတတိုင်းက သူတို့ အကြိုက်တွေ၊ အစွဲတွေ ရှိတတ်သည့် အတွက် ဖိလစ်ပိုင်နိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒနှင့် ပြင်ပကမ္ဘာနှင့်ဆက်ဆံရေးမှာ အပြောင်းအလဲ အချို့ ရှိတတ်ပါသည်။ ယင်းအပြောင်းအလဲများက သမ္မတက အမျိုးသား အကျိုးစီးပွားကို ဘယ်လို ဖွင့်ဆိုသလဲဆိုသည့် အချက်ပေါ်မူတည်ပြီး နိုင်ငံခြားရေးမူဝါဒနှင့် နိုင်ငံတကာ ဆက်ဆံရေး အပေါ်တွင် ထင်ဟပ်တတ်ပါသည်။ အမျိုးသားအကျိုးစီးပွားကို ဖော်ဆောင်ရာမှာ နောက်တက်လာမည့် သမ္မတသည် ပထဝီနိုင်ငံရေး စိန်ခေါ်မှုများကို ကြုံတွေ့ရမည် ဖြစ်ပြီး ဖိလစ်ပိုင် နိုင်ငံ၏ အနာဂတ် နိုင်ငံခြားရေး မူဝါဒအပေါ်တွင် သက်ရောက်မှုများ ရှိခဲ့သည့် အငြင်းပွားဖွယ် ဒူတာတေး၏ မူဝါဒများနှင့် ရင်ဆိုင်ရမည် ဖြစ်ပါသည်။

ဖိလစ်ပိုင်သမ္မတရာထူးနှင့် နိုင်ငံခြားရေး မူဝါဒ

ဖိလစ်ပိုင်သမ္မတသည် အများအားဖြင့် နိုင်ငံခြားရေးမူဝါဒကို အဓိက ဆုံးဖြတ်သူ ဖြစ်ပါသည်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေက အပ်နှင်းထားသော အခွင့်အာဏာအရ သူ့အနေဖြင့် အခြားနိုင်ငံများ၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ဆက်ဆံရာတွင် ကျယ်ပြန့်သည့် လုပ်ပိုင်ခွင့် အာဏာရှိပြီး နိုင်ငံ၏ အကျိုးစီးပွားကို ဖော်ဆောင်နိုင်ပါသည်။ သမ္မတက ဦးစားပေး လုပ်ငန်းများကို ပြန်လည်သုံးသပ်ပြီး “နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် ဆက်ဆံရာတွင် ရပ်တည်ချက်နှင့် ဆက်ဆံပုံကို ဆုံးဖြတ်နိုင်ကာ သူသာ အလိုရှိပါက စနစ်ပိုင်းဆိုင်ရာ ကန့်သတ်ချက် အချို့မှ လွဲပြီး ကိုယ်တိုင်ကိုယ်ကျ သံတမန်ရေးကို စီမံနိုင်ပါသည်” (Baviera 2015) ။ သို့ဖြစ်ရာ ဖိလစ်ပိုင် သမ္မတအနေဖြင့် နိုင်ငံ၏ နိုင်ငံခြားရေး မူဝါဒအပေါ်တွင် ပုဂ္ဂလိက စိတ်ကြိုက်စီမံနိုင်သည့် အခြေအနေ ရှိပါသည်။ အမှန်တကယ်အားဖြင့်လည်း ဖိလစ်ပိုင် နိုင်ငံ၏ နိုင်ငံခြားရေး မူဝါဒကို သုံးသပ်ရာတွင် အများအားဖြင့် သမ္မတအစိုးရကို သုံးသပ်ခြင်းဖြစ်ပြီး ယင်းတို့ကို အာရိုရို၏ နိုင်ငံခြားရေး မူဝါဒ (၂၀၀၁-၂၀၁၀)၊ အကွီနို၏ နိုင်ငံခြားရေး မူဝါဒ (၂၀၁၀-၂၀၁၆) တို့တွင် တွေ့နိုင်ပါသည်။

ယင်းသို့ ဖိလစ်ပိုင်နိုင်ငံ၏ လူပုဂ္ဂိုလ်အပေါ် အခြေခံသော ထုံးဓလေ့ကြောင့် နိုင်ငံခြားရေး မူဝါဒသည် သမ္မတ၏ စိတ်ကြိုက်ခြေရာလက်ရာများ ပါနေလေ့ ရှိပါသည်။ ယင်းက အထူးအားဖြင့် ခေါင်းဆောင်ပိုင်း အပြောင်းအလဲ ဖြစ်ချိန် (သမ္မတ သက်တမ်း ခြောက်နှစ်တခါ) တွင် တွေ့ရပြီး ခေါင်းဆောင်တိုင်းက မိမိတို့ နှစ်သက်သည့် လုပ်ပုံကိုင်ပုံများကို သယ်ဆောင်လာသည့်အတွက် နိုင်ငံ၏ နိုင်ငံခြားရေး မူဝါဒလည်း ပြောင်းလဲလေ့ ရှိပါသည်။ အထူးသဖြင့် သူတို့ စိတ်ကြိုက်ဆောင်ရွက်သည်မှာ ရှေ့သမ္မတ၏ မူဝါဒများနှင့် သိသိသာသာ ကွာခြားနေပါက ပိုပြီး ထင်သာ မြင်သာ ရှိပါသည်။ ယခင် ခေါင်းဆောင်နှင့် ဆက်ခံသည့် ခေါင်းဆောင်အကြား ပုဂ္ဂိုလ်ရေးရာ ကွာခြားချက် ရှိပါက ဖိလစ်ပိုင် နိုင်ငံ၏ နိုင်ငံခြားရေး မူဝါဒသည် ပိုပြီး သိသိသာသာ ပြောင်းလဲလေ့ ရှိပါသည်။ ဥပမာ – အကွီနို၏ ပူးပေါင်းဆောင်ရွက်တတ်သည့် ပင်ကိုစရိုက်နှင့် အကျင့်စာရိတ္တကို အခြေခံသော ကမ္ဘာကို ရှုမြင်ပုံ တို့ကြောင့် နိုင်ငံခြားရေးမူဝါဒ ကျင့်သုံးရာတွင် လစ်ဘရယ်ဆန်ပြီး အင်စတီကျူးရှင်းပေါ် အခြေခံသော ချဥ်းကပ်ပုံ ဖြစ်ခဲ့ပါသည်။ ယင်းက ဒူတာတေး၏ အားရပါးရ လုပ်တတ်သော ပင်ကိုစရိုက်နှင့် ဆိုရှယ်လစ်အမြင်ရှိသည်တို့နှင့် သိသာစွာ ကွာခြားပြီး ဒူတာတေးခေတ်တွင် ရီယယ်လစ်ဆန်သော နိုင်ငံခြားရေးမူဝါဒနှင့် လွတ်လပ်သော မူဝါဒ ဖြစ်ခဲ့ပါသည်။

နိုင်ငံခြားရေးမူဝါဒတွင် အမျိုးသားအကျိုးစီးပွားကို စဥ်းစားခြင်း

၂၀၂၂ မေလရွေးကောက်ပွဲတွင် ဘယ်သူအနိုင်ရမည်လဲ မသေချာသည့်အတွက် ခေါင်းဆောင်ပိုင်း အပြောင်းအလဲ နှင့်အတူ ဘယ်လိုမျိုး ပင်ကိုစရိုက်ရှိပြီး ဘယ်လို နိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးမည်လဲ ဆိုတာ ခန့်မှန်းရန် ခက်ခဲပါသည်။ သို့သော် ယင်းကို ခန့်မှန်းရန်မှာ ဒူတာတေး၏ နိုင်ငံခြားရေး မူဝါဒကို အရင်သုံးသပ်ပြီး သူ့ကို ဆက်ခံသူက ဘယ်လိုမျိုး အပြောင်းအလဲတွေ လုပ်မလဲ၊ ဘယ်ဟာတွေကို ဆက်ပြီး ကျင့်သုံးမလဲဆိုတာကို လေ့လာနိုင်ပါသည်။ ယင်းက သူတို့၏ နိုင်ငံခြားရေး မူဝါဒကို လေ့လာရန်အတွက် နောက်ခံအချက်အလက်နှင့် အစမှတ် အနေဖြင့် ရှိသင့်ပါသည်။

ထို့အပြင်နိုင်ငံ၏ အမျိုးသားအကျိုးစီးပွားကို မြှင့်တင်ရန်အတွက် နောက်လာမည့် သမ္မတအနေဖြင့် ဘယ်လိုမျိုး လုပ်ငန်းတာဝန်တွေနှင့် စိန်ခေါ်မှုတွေကို နိုင်ငံခြားရေးမူဝါဒတွင် ထည့်သွင်းစဥ်းစားဖို့ လိုအပ်လဲ ဆိုတာကို သတ်မှတ်ဆုံးဖြတ်ရန် အရေးကြီး ပါသည်။ ယင်းတို့ထဲတွင် ဖိလစ်ပိုင်၏ လုံခြုံရေး အကျိုးစီးပွားအတွက် တရုတ်၏ ပင်လယ်ရေကြောင်း ခြိမ်းခြောက်မှုကြားက အမေရိကန်နှင့် ပူးတွဲ ဆောင်ရွက်မှုကို ဘယ်လိုထိန်းသိမ်းမလဲ၊ အမေရိကန်နှင့် တရုတ်အကြား အင်အားကြီးနိုင်ငံချင်း ပြိုင်ဆိုင်မှုကို ဘယ်လိုမျိုး ဟန်ချက်ညီညီ ဖြစ်အောင် ထိန်းထားပြီး နှစ်ဖက်စလုံးနှင့် ဆက်ဆံရေး တည်ဆောက်မလဲ၊ တရုတ်၊ အမေရိကန်တို့နှင့် စီးပွားရေး အကျိုးအမြတ်ရအောင် ဘယ်လို ဆောင်ရွက်မလဲ ဆိုသည့် အချက်များ ပါဝင်ပါသည်။ နောက်လာမည့် အစိုးရအနေနှင့် ရင်ဆိုင်ရမည့် နောက်ထပ်စိန်ခေါ်မှု တခုမှာ ဒူတာတေး၏ မူဝါဒများနှင့် နိုင်ငံ၏ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးတို့ကို ထိခိုက်သော လုပ်ရပ်များ၏ အကျိုးဆက်များကို ရင်ဆိုင် ဖြေရှင်းရခြင်း ဖြစ်ပါသည်။

The nine-dash line (in green), are line segments on various maps that accompanied the claims of the People’s Republic of China (PRC) and the Republic of China (ROC) in the South China Sea. Wikipedia Commons

ဖိလစ်ပိုင်နိုင်ငံ၏ တရုတ်၊ အမေရိကန်တို့နှင့် ဆက်ဆံရေး

ဖိလစ်ပိုင်နိုင်ငံ၏ နယ်မြေ အချုပ်အခြာပိုင်စိုးမှုနှင့် ပင်လယ်ရေကြောင်းဆိုင်ရာ အခွင့်အရေးများကို အနောက်ဖိလစ်ပိုင် ပင်လယ်တွင် တရုတ်ရေတပ်က စဥ်ဆက်မပြတ် ခြိမ်းခြောက်မှု ရှိနေပါသည်။ ပြီးခဲ့သည့် နှစ်များအတွင်း တရုတ်နိုင်ငံက သူ့၏ “အစက်ကိုးဆက် မျဥ်းကြောင်း” အတွင်း ပင်လယ်ရေကြောင်းနယ်ချဲ့ရာတွင် ပိုပြီး ရန်လိုလာကာ အထိန်းအကွပ်မဲ့ ဖြစ်လာပါသည်။ ၂၀၁၆ ခုနှစ်တွင် ယင်းလုပ်ရပ်များသည် တရားမဝင်ဟု တရားရုံးတွင် ဖိလစ်ပိုင်နိုင်ငံက အနိုင်ရရှိထားသည့် ကြားထဲက ယင်းသို့ ဖြစ်လာခြင်း ဖြစ်ပါသည်။ သို့သော်လည်း ဒူတာတေး အစိုးရက တရုတ်ပြည်ကို မျက်နှာချိုသွေးမူဝါဒကို ကျင့်သုံးပြီး ဥပဒေကြောင်း အရအနိုင်ရထားသော်လည်း တရုတ်၏ တရားမဝင် ပင်လယ်ရေကြောင်းဆိုင်ရာ လုပ်ရပ်များကို မသိကျိုးကျွံပြုထားပါသည်။ အကြောင်းမှာ ဒူတာတေး၏ “တည်ဆောက်ပြုပြင် ဖိလစ်ပိုင် တခွင် 1” စီမံကိန်းများအတွက် တရုတ်ဆီမှ အမေရိကန် ဒေါ်လာ ၂၄ ဘီလီယံနှင့်၊ ချေးငွေများ၊ ရင်းနှီးမြှုပ်နှံမှု ကတိကဝတ်များနှင့် အလဲအလှယ်လုပ်လိုက်သောကြောင့် ဖြစ်ပါသည်။ သို့သော်လည်း ကတိပေးထားသည့် ရင်းနှီးမြှုပ်နှံမှုများမှာ အကောင်အထည်ပေါ် မလာဘဲ စီမံကိန်းများကို ချောင်ထိုးထားရပါသည်။ တချိန်တည်းမှာပင် တရုတ်နိုင်ငံ၏ အနောက်ဖိလစ်ပိုင် ပင်လယ်အတွင်း တရားမဝင် လုပ်ရပ်များနှင့် ကျူးကျော်မှုများမှာ ဆက်လက် ဖြစ်ပွားနေပါသည်။ သို့ဖြစ်သည့်အတွက် နောက်လာမည့် အစိုးရ၏ နိုင်ငံခြားရေး မူဝါဒမှာ တရုတ်၏ ပင်လယ်ရေကြောင်း ခြိမ်းခြောက်မှုများမှ မဟာဗျူဟာကျကျ ကာကွယ်ပြီး တချိန်တည်းမှာပင် တရုတ်ပေါ်မှီခိုနေရသည့် စီးပွားရေး အကျိုးစီးပွားကို မထိခိုက်စေဖို့ ဆောင်ရွက်ရန် ဖြစ်သည်။

ဖိလစ်ပိုင်စစ်တပ်နှင့် အမေရိကန် မဟာမိတ်အဖြစ် ဆောင်ရွက်ခြင်းမှာလည်း ဒူတာတေးသမ္မတ သက်တမ်းအတွင်း နိုင်ငံရေးအရ မငြိမ်မသက် ဖြစ်မှုများနှင့် ရင်ဆိုင်ရပါသည်။ သမ္မတ ဒူတာတေးက အမေရိကန် ကိုလိုနီပြုပြီး လက်အောက်ခံဘဝ ကျရောက်ရသည်ဟု ရှုမြင်သည့်အတွက် “လွတ်လပ်သော” နိုင်ငံခြားရေး မူဝါဒဟု ကြွေးကြော်ပြီး လုံခြုံရေးအရ အမေရိကန်ကို မှီခိုနေရခြင်းကို လျှော့ချရန် ဆောင်ရွက်ခဲ့သည်။ ပူးတွဲ စစ်ရေးလေ့ကျင့်မှုများကို အရွယ်အစား လျှော့ချခဲ့ပြီး စစ်တပ်များ စေလွှတ်ခြင်း သဘောတူညီချက် (VFA) ကို ဖေဖော်ဝါရီ ၂၀၂၀ တွင် ဖျက်သိမ်းရန် ခြိမ်းခြောက်ခဲ့ပါသည်။ ၂၀၂၁ ဇူလိုင်တွင်တော့ ယင်းကို ပြန်လည်အသက်သွင်းခဲ့ပါသည်။ သို့ဖြစ်ရာ လာမည့် ခေါင်းဆောင်ပိုင်း အပြောင်းအလဲက ဖိလစ်ပိုင်နိုင်ငံအတွက် အမေရိကန်နှင့် မိတ်ဖွဲ့ခြင်းကို ပြန်လည်ဆောင်ရွက်ရန် အခွင့်ကောင်း ဖြစ်ပါသည်။ တရုတ်နိုင်ငံ၏ စိုးရိမ်စရာကောင်းသည့် ပင်လယ်ရေကြောင်းဆိုင်ရာ လုပ်ရပ်များကို တုံ့ပြန်ရန် လာမည့် အစိုးရသစ်အနေဖြင့် အမေရိကန်နှင့် ချုပ်ဆိုထားသည့် ၁၉၅၁ အပြန်အလှန် ကာကွယ်ရေး သဘောတူညီချက်ကို အသက်သွင်းပြီး အမေရိကန်အကူအညီ ဘယ်လောက်ယူမည်ကို ဆုံးဖြတ်နိုင်ပါသည်။ ယင်းက တရုတ်နှင့် ဆက်ဆံရာတွင်ရှိနေသည့် ဖိလစ်ပိုင်နိုင်ငံ၏ စစ်ရေး အားနည်းချက်များကို ဖြည့်တင်းပြီး မျှချေရှိအောင် ဆောင်ရွက် ပေးနိုင်ပါသည်။

လုံခြုံရေးအရ ပူးပေါင်းဆောင်ရွက်ခြင်းအပြင် ဖိလစ်ပိုင်နိုင်ငံအနေဖြင့် အမေရိကန်နှင့် စီးပွားရေးအရလဲ ပိုမို နက်ရှိုင်းစွာ ပူးပေါင်း ဆောင်ရွက်နိုင်ပါသည်။ ၂၀၂၁ ခုနှစ်တွင် အမေရိကန်နိုင်ငံသည် (တရုတ် ပြီးနောက်) ဖိလစ်ပိုင်နိုင်ငံအတွက် ဒုတိယအကြီးမားဆုံး ပို့ကုန် စျေးကွက်ဖြစ်ပြီး (တရုတ်နှင့် ဂျပန်နောက်) သွင်းကုန်တွင်လည်း နံပတ်ခြောက်နေရာမှာ ရှိပါသည် 2။ ရေရှည် နိုင်ငံရေးနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများ ရှိသော်လည်း ဖိလစ်ပိုင်နိုင်ငံအနေဖြင့် အမေရိကန်နှင့် လွတ်လပ်စွာ ကုန်သွယ်ခွင့် သဘောတူညီချက်ကို လက်မှတ်ရေးထိုးထားခြင်း မရှိသေးပါ။ ဒူတာတေးကတော့ အမေရိကန်ထက် တရုတ်ကို ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုတို့တွင် ပိုမို ဦးစားပေးခဲ့ပြီး နောက်လာမည့် သမ္မတသစ်အနေဖြင့် ယင်းကို ပြန်လည် စဥ်းစားရန် လိုအပ်ပါသည်။

ထို့အပြင် ဖိလစ်ပိုင်နိုင်ငံအနေဖြင့် အမေရိကန်နှင့် တရုတ် အင်အားကြီးနိုင်ငံချင်း ပြိုင်ဆိုင်ရာတွင် နေတတ်ဖို့ လိုအပ်ပါသည်။ တဖက်ဖက်ကို ဦးစားပေးသည်မျိုး မဖြစ်စေဘဲ နှစ်နိုင်ငံလုံးနှင့် တန်းတူညီမျှ ဆက်ဆံသည့် မူဝါဒကို မြှင့်တင်ရန် လိုအပ်ပါသည်။ ဖိလစ်ပိုင် သံတမန်ဟောင်း လယ်တီရှားရာမိုးစ် ရှာဟာနီက ဆိုသည်မှာ “ကျွန်မတို့လို ဆင်းရဲတဲ့နိုင်ငံတနိုင်ငံအနေနှင့် အမေရိကန်လို အင်အားကြီးနိုင်ငံကို သူတောင်းစားလို မှီခိုနေရတဲ့ အခြေအနေကို အဆုံးသတ်ဖို့နဲ့ တရုတ်လိုမျိုး စိတ်ကြီးဝင်နေတဲ့ အင်အားကြီးနိုင်ငံကို အမြီးကုပ်ပြီး ကြောက်နေရတဲ့ အဖြစ်မျိုး မရောက်ဖို့” ဆိုရင် နှစ်ဖက်လုံးကို တန်းတူညီမျှ ဆက်ဆံတဲ့ နည်းလမ်းပဲ ရှိပါသည်ဟု ဆိုပါသည် 3။ နောက်လာမည့် ဖိလစ်ပိုင် ခေါင်းဆောင်သစ် အနေဖြင့် လုံခြုံရေးနှင့် စီးပွားရေး အကျိုးစီးပွားများကို နှစ်နိုင်ငံလုံးနှင့် လိမ္မာပါးနပ်စွာ မြှင့်တင်ဖို့လိုပြီး တဖက်ဖက်ကိုပဲ ရွေးရသည့် အခြေအနေမျိုး ဖြစ်စရာ မလိုပါ။ စဥ်းစားချက်ကတော့ “အင်အားကြီးနိုင်ငံတွေဆီကနေ ရနိုင်သမျှ များများ အကျိုးအမြတ်ရဖို့နဲ့ ရေရှည် အန္တရာယ်ကိုလဲ တချိန်တည်းမှာပင် လျှော့ချနိုင်ဖို့” ဖြစ်ပါသည် 4

President-elect Duterte (left) and outgoing President Benigno Aquino III at Malacañang Palace on inauguration day, June 30, 2016

ဖိလစ်ပိုင်နိုင်ငံ၏ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး

ဒူတာတေး၏ သက်တမ်းပြီးနောက် ဖိလစ်ပိုင်နိုင်ငံသည် အနောက်နိုင်ငံများနှင့် နိုင်ငံတကာ အဖွဲ့အစည်းများ အပေါ် သူ့၏ ရန်လိုသော ပြောဆိုမှုများ၏ အကျိုးဆက်ကို ရင်ဆိုင်ရဖွယ် ရှိပါသည်။ ယင်းက သူ့၏ “မူးယစ်ဆေးဝါးကို ရက်ရက်စက်စက် နှိမ်နင်းသည့် စစ်ပွဲ”တွင် တရားဥပဒေကို ကျော်လွန်ပြီး သတ်ဖြတ်ခြင်းနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို နိုင်ငံတကာက ရှုတ်ချ သောကြောင့် ဖြစ်ပါသည်။ ဒူတာတေးကလည်း အမေရိကန်၊ ကနေဒါ၊ ဥရောပသမဂ္ဂနှင့် အခြားနိုင်ငံများကို ဖိလစ်ပိုင်နိုင်ငံ၏ အိမ်တွင်းရေးကို ဝင်ရောက်စွက်ဖက်သည်ဆိုပြီး ခွန်းတုံ့ပြန်ပါသည်။ ဒူတာတေးက ကုလသမဂ္ဂကိုလည်း “မင်းတို့က ဘာမှ မလုပ်ဘဲ ဝေပဲ ဝေဖန်နေတာ 5” ဆိုပြီး ရှုတ်ချခဲ့သလို ၂၀၁၈ ခုနှစ်တွင် နိုင်ငံတကာ ရာဇဝတ်မှုဆိုင်ရာ တရားရုံး   (ICC) က သူ့၏ မူးယစ်ဆေးဝါးစစ်ပွဲတွင် အစုလိုက် အပြုံလိုက် သတ်ဖြတ်နေခြင်းကို စုံစမ်းလာသည့်အတွက် ယင်းကနေလည်း ဖိလစ်ပိုင်နိုင်ငံက နှုတ်ထွက်ခဲ့ပါသည်။

ယင်းလုပ်ရပ်များက ဖိလစ်ပိုင်နိုင်ငံလို သက်တမ်းရင့်ပြီ ဖြစ်သည့် ဒီမိုကရေစီနိုင်ငံအတွက် မကောင်းပါ။ ယင်းကြောင့် အာဆီယံတွင်လည်း ဂုဏ်သတင်းကို လျော့ကျစေပါသည်။ စိတ်ဝင်စားစရာ ကောင်းသည့် အချက်မှာ ဖိလစ်ပိုင်နိုင်ငံသည် အာဆီယံ လူ့အခွင့်အရေးဆိုင်ရာ အစိုးရချင်းပူးပေါင်းဆောင်ရွက်မှု ကော်မရှင်တွင် တက်ကြွသည့် အဖွဲ့ဝင်တဦးဖြစ်ပြီး အာဆီယံ ၁၀ နိုင်ငံတွင် လူ့အခွင့်အရေးဆိုင်ရာ နိုင်ငံတကာ သဘောတူစာချုပ် အများဆုံး လက်မှတ်ရေးထိုးထားသည့် နိုင်ငံလည်း ဖြစ်သည်။ ယင်းအချက်များက နိုင်ငံတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပိုမိုဆန့်ကျင်လာနေပါသည်။ ထို့အပြင် ဒူတာတေးလက်အောက်တွင် ဖိလစ်ပိုင်နိုင်ငံ၏ မူးယစ်ဆေးစစ်ပွဲက အခြားသော အာဆီယံ နိုင်ငံများတွင်လည်း လူ့အခွင့်အရေး ချိုးဖောက်ရာတွင် (အထူးသဖြင့် မူးယစ်ဆေးသုံးစွဲသူများကို) အားပေးရာရောက်ပြီး တဦးချင်းအခွင့်အရေးထက် အုပ်စုလိုက် အခွင့်အရေးကို ဦးစားပေးနေခြင်း ဖြစ်သည်ဆိုသည့် ပုံဖော်ပြောဆိုမှုကို ပိုပြီး အားပေးရာ ရောက်ပါသည်။

ဖိလစ်ပိုင်နိုင်ငံ၏ နိုင်ငံခြားရေး မူဝါဒတွင် ဒီမိုကရေစီစံတန်ဖိုးများ အားနည်းလာခြင်းက နိုင်ငံတွင် လူ့အခွင့်အရေးနှင့် ပတ်သက်ပြီး တည်ရှိမှု၊ အားလုံးနှင့် သက်ဆိုင်မှုစသည့် တန်ဖိုးများကို မသေချာ မရေရာ ဖြစ်စေသလို အားလျော့စေပါသည်။ ဘယ်သူ အာဏာရနေလဲဆိုသည့် အချက်ပေါ် မူတည်ပြီး လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များမှာ အပေးအယူ အလျှော့အတင်း လုပ်လို့ရသည့် သဘောလဲ သက်ရောက်စေပါသည်။ ဒူတာတေးပြီး တက်လာမည့် နောက်သမ္မတအနေဖြင့် လူ့အခွင့်အရေးများ ဆက်လက်ချိုးဖောက်နေမည်လား၊ သို့မဟုတ် နိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒတွင် ပြန်လည် အသက်သွင်းမည်လားဆိုသည်ကို ဆုံးဖြတ်ရမည် ဖြစ်ပါသည်။

နောက်တက်မည့် သမ္မတ

ဒူတာတေးကို မည်သူဆက်ခံသည် ဖြစ်စေ ၄င်း၏ နိုင်ငံခြားရေး မူဝါဒအရ ဖိလစ်ပိုင်နိုင်ငံ၏ အကျိုးစီးပွားကို ဖော်ဆောင်ရာတွင် အထက်ပါ စိန်ခေါ်မှုများကို စဥ်းစားရမည် ဖြစ်ပါသည်။ နောက်တက်လာမည့် သမ္မတက နိုင်ငံ၏ အကျိုးစီးပွားအတွက် အခြားနိုင်ငံများနှင့် ဆက်ဆံရာတွင် သူ့၏ ပင်ကိုစရိုက်နှင့် ကမ္ဘာ့အမြင်တို့ပေါ်တွင် အခြေခံလိမ့်မည် ဖြစ်ပါသည်။ သို့ဖြစ်ရာ နောက်လာမည့် အစိုးရသည် မူဝါဒပိုင်းဆိုင်ရာ အပြောင်းအလဲများ ရှိလိမ့်မည် ဖြစ်ပြီး ဒူတာတေး အစိုးရနှင့် လုပ်ပုံ ကိုင်ပုံ ကွဲပြားမှု၊ တူညီမှုများမှာ နှိုင်းယှဥ်လေ့လာဖို့ စိတ်ဝင်စားစရာ ကောင်းမည် ဖြစ်ပါသည်။

နောက်တက်လာမည့် အစိုးရသစ်အောက်တွင် ဖိလစ်ပိုင်နိုင်ငံ၏ နိုင်ငံခြားရေး မူဝါဒ မည်သို့ ဖြစ်မည်ကို စိတ်ပါဝင်စားစွာ စောင့်ကြည့်နေကြပါသည်။ ယင်းမှာ ဖိလစ်ပိုင်နိုင်ငံ၏ တရုတ်၊ အမေရိကန်တို့နှင့် ဆက်ဆံရေး အပါအဝင် လူ့အခွင့်အရေး ကိစ္စရပ်များတွင် ဒူတာတေးအစိုးရ၏ မူဝါဒများကြောင့် သိသာသည့် အကျိုးဆက်များ ရှိခဲ့သောကြောင့် ဖြစ်ပါသည်။ ယင်းကိစ္စရပ်များကို နောက်တက်လာမည့် အစိုးရသစ်က နိုင်ငံခြားရေး မူဝါဒချမှတ်ရာတွင် ပြင်ဆင်ခြင်း၊ စီမံခန့်ခွဲခြင်း လုပ်ရပါလိမ့်မည်။ သူဘယ်လို လုပ်မလဲဆိုသည်ကတော့ စောင့်ကြည့်လေ့လာ သုံးသပ်ဖို့ စိတ်ဝင်စားစရာ ကောင်းပါသည်။

သမ္မတက သြဇာအာဏာရှိသည် ဖြစ်ရာ ခေါင်းဆောင်မှု အပြောင်းအလဲ ဖြစ်တိုင်း နိုင်ငံ၏ နိုင်ငံခြားရေး မူဝါဒသည် မရေရာသည့် အခြေအနေတွင် ရှိပါသည်။ သို့သော်လည်း သမ္မတ အဆက်ဆက်၏ ဖိလစ်ပိုင် နိုင်ငံခြားရေးမူဝါဒများတွင် တူညီသည့် အချက်မှာ  နိုင်ငံတကာရေးရာများကို ဖြစ်လာမှ တုံ့ပြန်ခြင်းကို ဖော်ညွှန်းသည့် မူဝါဒ ရှေ့နောက်ညီညွတ်မှု မရှိခြင်း ဖြစ်ပါသည်။ ယင်းအားနည်းချက်များကို ဖြည့်ဆည်း နိုင်ရန်အတွက်မှာ ဖိလစ်ပိုင်နိုင်ငံ၏ ၁၇ ဦးမြောက် သမ္မတအနေဖြင့် ပြီးခဲ့သည့် အစိုးရများ၏ သင်ခန်းစာများနှင့် အမှားများမှ သင်ယူပြီး နိုင်ငံတကာဆက်ဆံရေးတွင် နိုင်ငံ၏ အကျိုးစီးပွားကို လိမ္မာပါးနပ်စွာ မဟာဗျူဟာကျကျ ဆောင်ရွက်ရမှာ ဖြစ်ပါတော့သတည်း။

Andrea Chloe Wong
Andrea Chloe Wong သည် ဖိလစ်ပိုင်နိုင်ငံ နိုင်ငံခြားရေး အင်စတီကျုတွင် အကြီးတန်း နိုင်ငံခြားရေး မူဝါဒ အထူးကျွမ်းကျင်သူအဖြစ် ဆောင်ရွက်ခဲ့ပြီး ဖိလစ်ပိုင်နိုင်ငံ မီရီယမ် ကောလိပ်တွင် အကြီးတန်း ကထိကဖြစ်ပါသည်။

Notes:

  1. Willard Cheng, “Duterte heads home from China with $24 billion deals,” ABS-CBN News,October 21, 2016, https://news.abs-cbn.com/business/10/21/16/duterte-heads-home-from-china-with-24-billion-deals.
  2. “Highlights of the Philippine Export and Import Statistics July 2021,” Philippine Statistics Authority, September 9, 2021, https://psa.gov.ph/content/highlights-philippine-export-and-import-statistics-july-2021-preliminary.
  3. Leticia Ramos Shahani, “Independent PH Foreign Policy,” Inquirer.net, August 2, 2015, https://opinion.inquirer.net/87250/independent-ph-foreign-policy.
  4. Rafael Alunan III, “Understanding Independent Foreign Policy,” Business World, December 19, 2017
  5. Duterte to UN expert: ‘Let’s have a debate,’ Rappler, August 21, 2016, https://www.rappler.com/nation/143711-duterte-un-expert-summary-executions-debate/.