လွန်ခဲ့သည့် ဆယ်စုနှစ်အနည်းငယ်က အင်တာနက်ကို ကမ္ဘာနှင့်အဝှမ်း အသုံးပြုနိုင်လာသည့်အခါ ယင်းသည် အပြုသဘောဆောင်တဲ့ လူမှုပြောင်းလဲမှုများ ဖော်ဆောင်ပေးမည့် ကိရိယာတခုအဖြစ် လူအများက စိတ်အားထက်သန်စွာ မျှော်လင့်ခဲ့ကြပါသည်။ ၂၀၀၀ ခုနှစ်များ အစောပိုင်းကာလတွင် ဆိုရှယ်မီဒီယာများပေါ်ပေါက်လာသည့်အတွက် ယင်းမျှော်လင့်ချက်မှာ ပိုမို ကြီးထွားလာပါသည်။ လူအများ စုပေါင်းလုပ်ဆောင်မှုဆိုင်ရာ ပြဿနာများကို ကျော်လွှားကာ၊ ခိုင်မာအားကောင်းသော အများပြည်သူဆိုင်ရာ နယ်ပယ်များ ဖန်တီးပေးနိုင်သည့်အတွက် လူထုလှုပ်ရှားမှုများကို လွယ်ကူချောမွေ့စွာ ဆောင်ရွက်နိုင်မည်ဟု မျှော်လင့်ခဲ့ကြပါသည်။
ထိုင်းနိုင်ငံတွင် လူအများသည် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာ (ICT) တိုးတက်မှုနှင့် ၎င်း၏ အားကောင်းသော အွန်လိုင်းနယ်ပယ်ကို အသုံးချပြီး နိုင်ငံရေး တက်ကြွ လှုပ်ရှားမှုများ ဆောင်ရွက်ရန် အသုံးချခဲ့ပါသည်။ DataReportal (၂၀၂၂) ၏ မကြာသေးမီက ဒစ်ဂျစ်တယ်စာရင်းအင်းများအရ ထိုင်းနိုင်ငံသည် အာရှတွင် လူမှုရေးအရနှင့် ဒစ်ဂျစ်တယ် နည်းပညာအရ ချိတ်ဆက်မှုအရှိဆုံး လူ့အဖွဲ့အစည်းများထဲမှ တခုဖြစ်ကြောင်း သိရှိရပါသည်။ ၂၀၂၂ ခုနှစ် ပထမသုံးလပတ်စာရင်းအရ ထိုင်းလူဦးရေ၏ ၇၈% ခန့်သည် အင်တာနက်အသုံးပြုခွင့်ရှိကြပြီး ၎င်းတို့အားလုံးသည် ဆိုရှယ်မီဒီယာအသုံးပြုသူများဟု ယူဆရသည်။ ထိုင်းနိုင်ငံသားများ အွန်လိုင်း သုံးစွဲသည့် အချိန်သည် သိသိသာသာရှိပြီး ၀က်ဘ်ပေါ်တွင် ပျမ်းမျှ ၉ နာရီနှင့် နေ့စဉ် ဆိုရှယ်မီဒီယာတွင် ၃ နာရီကျော်ခန့်ရှိပါသည် (Leesa-nguansuk 2019)။ လွန်ခဲ့သည့်ဆယ်စုနှစ်များအတွင်း နိုင်ငံသည် လူမှုစီးပွားရေးနှင့် နိုင်ငံရေးပြဿနာအမျိုးမျိုးအတွက် ဆန္ဒပြပွဲများ ဆက်တိုက်ကြုံတွေ့ခဲ့ရသည်။ ဤလှုပ်ရှားမှုများ၏ပန်းတိုင်များ ကွဲပြားသော်လည်း တူညီချက်မှာ ဆိုရှယ်မီဒီယာပလက်ဖောင်းများနှင့် အက်ပလီကေးရှင်းများကို ၎င်းတို့၏ လုပ်ငန်းဆောင်ရွက်မှု နည်းဗျူဟာတွင် ထည့်သွင်းထားခြင်းမှာ အံ့သြစရာ မဟုတ်ပါ။
သို့သော်လည်း ၂၀၂၀ ပြည့်နှစ်ကတည်းက ထိုင်းနိုင်ငံရေး ဆွေးနွေးမှုများတွင် ရှေ့တန်းမှ ဦးဆောင်နေသည့် ဒီမိုကရေစီ လှုပ်ရှားမှုသည် အိုင်တီနည်းပညာမှ တီထွင်ဆန်းသစ်သော မဟာဗျူဟာများ ပံ့ပိုးပေးနေသည့်ကြားမှ ၎င်း၏ အဓိက တောင်းဆိုချက် သုံးခုအနက်မှ တခုမှ မအောင်မြင်သေးကြောင်း တွေ့ရမည် ဖြစ်ပါသည်။ ဤစာတမ်းသည် ဆင်ခြင်တုံတရားဖြင့် ရွေးချယ်မှု (rational choice) ဆိုင်ရာ ရှုထောင့်မှတဆင့် ဤလူထုလှုပ်ရှားမှုကို သုံးသပ်ထားပါသည်။ အထူးသဖြင့် ဆိုရှယ်မီဒီယာကို လူထုလှုပ်ရှားမှု ပုံစံတရပ်အနေဖြင့် တစိတ်တဒေသ သုံးစွဲထားသော်လည်း တောင်းဆိုမှုများ အကောင်အထည်ဖော်နိုင်သည့် နေရာသို့ ရောက်ရှိရန် လှုပ်ရှားမှု အနေဖြင့် လုံလောက်သောအရှိန်အဟုန်ရရှိရန်ကို အဟန့်အတားဖြစ်စေသော စိန်ခေါ်မှုသုံးရပ် ရှိနေကြောင်း တင်ပြထားပါသည်။ အဆိုပါစိန်ခေါ်မှုများမှာ ထိုင်းနိုင်ငံ၏အခြေအနေတွင် ဆိုရှယ်မီဒီယာနှင့် အင်တာနက်၏ထိရောက်မှုကို “လွတ်မြောက်ရေးနည်းပညာ (Diamond 2012, ix)” အဖြစ် သုံးစွဲရန်အတွက် အခွင့်အလမ်းဖွဲ့စည်းပုံစနစ် (opportunity structure) အပြောင်းအလဲများနှင့် ဆက်စပ်နေပါသည်။
ဆင်ခြင်တုံတရားဖြင့် ရွေးချယ်မှု (rational choice) ဆိုင်ရာ ရှုထောင့်မှ ကြည့်လျှင် လူတဦးသည် လူထုလှုပ်ရှားမှုတခုတွင် ပါဝင်ရန် သို့မဟုတ် မပါဝင်ရန် ဆုံးဖြတ်ရာတွင် ထည့်သွင်း စဉ်းစားသည့် အချက်များစွာ ရှိပါသည်။ လူသားများသည် ပင်ကိုယ်သဘာဝအားဖြင့် မိမိကိုယ်ကျိုးကို ကြည့်ကြသည် ဖြစ်သဖြင့် လှုပ်ရှားမှုတခုတွင် ပါဝင်ရန်မှာ ခန့်မှန်းထားသော ထိခိုက်နိုင်ချေသည် အောင်မြင်နိုင်ချေထက် များနေသည်ဟု ယူဆပါက ယင်းလှုပ်ရှားမှုတွင် ပါဝင်ကြမည် မဟုတ်ပါ။ ဆိုလိုသည်မှာ လှုပ်ရှားမှုအတွက် ပေးဆပ်ရမည့် အဖိုးအခက ရလာမည့် အကျိုးအမြတ်ထက် များနေသည့် အခြေအနေမျိုးတွင် ပါဝင်ကြမည် မဟုတ်ပါ။ ဆင်ခြင်တုံတရားဖြင့် ရွေးချယ်မှု (rational choice) ဆိုင်ရာ စဥ်းစားချက်တွင် လူသားများသည် သတင်းအချက်အလက်ဆိုင်ရာ မသေချာမရေရာမှုအောက်တွင် ဆောင်ရွက်ရသည် ဖြစ်သဖြင့် (အကျိုးအပြစ်ကို အတိအကျသိနိုင်သည် မဟုတ်သည့်အတွက်) အခွင့်အလမ်းဖွဲ့စည်းပုံစနစ် (opportunity structure) ကို မည်သို့ ရှုမြင်နေကြောင်းကိုလည်း အလေးပေး စဥ်းစားရန် လိုအပ်ပါသည်။ သို့ဖြစ်ရာ လှုပ်ရှားမှုတခုတွင် ပါဝင်ခြင်းရှိမရှိ ဆုံးဖြတ်ချက်သည် မသေချာမရေရာမှုအတိုင်းအတာတခုဖြင့် အခြေအနေအပေါ် မိမိစိတ်ထဲရှိသလို အကဲဖြတ်မှုအပေါ် မှီခိုနေရပါသည်။ အခွင့်အလမ်းဖွဲ့စည်းပုံစနစ်ကို အကဲဖြတ်သည့်အခါ မေးလေ့ရှိသည့် မေးခွန်းမှာ “အစိုးရရဲ့ ဖြိုခွင်းခံရနိုင်ချေ ဘယ်လောက်ရှိသလဲနဲ့ ဒီလှုပ်ရှားမှု အောင်မြင်ဖို့ ဖြစ်နိုင်ချေ ဘယ်လောက်ရှိလဲ” ဆိုသည့် မေးခွန်းနှင့် “ဒီလှုပ်ရှားမှုမှာ ပါဝင်ခြင်းကနေ ဘာရနိုင်မလဲ” ဆိုသည့် မေးခွန်းများ ဖြစ်ပါသည်။ Tilly, Tarrow, နှင့် McAdams (2004; 2007) ကဲ့သို့သော ပညာရှင်အများအပြားက လူထုလှုပ်ရှားမှု ပုံစံအသစ်များနှင့် ဒစ်ဂျစ်တယ် လှုပ်ရှားမှုများ အပါအဝင် မည်သည့် လူထုလှုပ်ရှားမှုမဆို ကြုံတွေ့ရသည့် ပြဿနာမှာ စုပေါင်းလုပ်ဆောင်မှုဆိုင်ရာ ပြဿနာ (collective action problem) ဖြစ်ပြီး တက်ကြွလှုပ်ရှားသူများက လှုပ်ရှားမှုတခု၏ အောင်မြင်နိုင်ချေကို ဗျူဟာကျကျ စီမံခြင်းဖြင့် မြင့်မားအောင် ပြုလုပ်နိုင်သော်လည်း အခွင့်အလမ်းဖွဲ့စည်းပုံစနစ် (opportunity structure) က အမြဲဆိုသလို လူအများပါဝင်နိုင်မှုကို ဟန့်တားနေတတ်ပါသည်။
(၁) အားကောင်းသော လူထုလှုပ်ရှားမှု၊ အားကောင်းသော အစိုးရ
၂၀၂၀ ပြည့်နှစ်အစောပိုင်းတွင် ဒီမိုကရေစီရေးလှုပ်ရှားမှုသည် အတက်ကြွဆုံးဖြစ်ပြီး အစိုးရ၏ အာဏာနှင့် ထိန်းချုပ်မှုမှာလည်း အထွဋ်အထိပ်သို့ရောက်ရှိခဲ့သည်။ တဖက်တွင်မူ မျိုးဆက်သစ် လူငယ်များကို ကိုယ်စားပြုရုံသာမက လစ်ဘရယ်တန်ဖိုးများကိုပါ ကိုယ်စားပြုသည်ဟု ယူဆကြသည့် ပါတီဖြစ်သည့် Future Forward ပါတီကို ဖျက်သိမ်းပြီးနောက် အစိုးရအပေါ် လူငယ်များကြား မကျေနပ်မှုများ ပေါ်ပေါက်လာသည်။ တရားရုံးချုပ်က စီရင်ချက်ချပြီး မကြာခင်မှာပဲ လှုပ်ရှားမှု အနေဖြင့် လမ်းပေါ်ထွက်ပြီး လူထုစုဝေးပွဲတွေကို ထောင်နဲ့ချီပြီး အောင်မြင်စွာ ဆောင်ရွက်ခဲ့သည်။ ချားလ်စ်တီလီ (Charles Tilly) ၏ WUNC (W- ထိုက်တန်မှု၊ U – စည်းလုံးညီညွတ်မှု၊ N – ကိန်းဂဏန်းများ၊ C – ကတိကဝတ်) ဖြင့် ကြည့်လျှင် ဤလှုပ်ရှားမှုသည် အနည်းဆုံး စည်းလုံးမှုနှင့် ကိန်းဂဏန်း အရေအတွက်မှာ ပြည့်မီသည် ဖြစ်သည်။ သို့ဖြစ်သည့်အတွက် အစိုးရကို အတိုင်းအတာတခုအထိ လွှမ်းမိုးနိုင်သင့်ပါသည်။ သို့သော် ထိုသို့ အောင်မြင်မှုမျိုး အဘယ့်ကြောင့် မတွေ့ခဲ့ရပါသနည်း။ အဖြေမှာ အခွင့်အလမ်းဖွဲ့စည်းပုံစနစ် (structural opportunity) သည် မူလပုံစံအတိုင်း အစိုးရနှင့် ပိုနေမြဲ ကျားနေမြဲ အနေအထားတွင် ရှိနေဆဲဖြစ်ပြီး ယင်းမှာ အစိုးရဖက်ကို ယိမ်းနေသည့်အတွက် ဖြစ်ပါသည်။ လွန်ခဲ့သည့်တနှစ်ခန့်ကပင် ရွေးကောက်တင်မြှောက်ခံရသည့် ဗိုလ်ချုပ်ကြီး ပရာယွတ်ချန်အိုချာနှင့် ၎င်း၏ပါတီ ပလန်ပရာချာရတ် (Palang Pracharat) တို့သည် ၎င်း၏ ညွန့်ပေါင်း အဖွဲ့အတွင်း တည်ငြိမ်မှု ကို ဆက်လက်ထိန်းသိမ်းထားနိုင်ဆဲဖြစ်သည်။ မဟာမိတ်များနှင့် အခြားနိုင်ငံပိုင် ယန္တရားများ၏ ပံ့ပိုးမှု ဖြင့် အစိုးရသည် လှုပ်ရှားမှု၏ တောင်းဆိုချက်များကို နားထောင်ရန် ငြင်းဆန်ခဲ့ပြီး ဆန္ဒပြသူများကို အင်အားသုံးခြင်းနှင့် ဥပဒေ နည်းလမ်းများဖြင့် နှိမ်နင်းရန် ဆုံးဖြတ်ခဲ့သည်။
အာဏာရ ညွန့်ပေါင်းအဖွဲ့ အတွင်း ကွဲအက်မှုများ ရှိလာသဖြင့် မူလရှိနေသည့် အချို့သောအခွင့်အရေး ဖွဲ့စည်းပုံသည် အမှန်တကယ်တွင် မသိမသာ ပြောင်းလဲသွားသည်ကို သတိပြုမိရန် အရေးကြီးပါသည်။ ၂၀၂၂ ခုနှစ် ဇန်နဝါရီလလယ်တွင် Thammanat Phrompow နှင့် အခြားသော လွှတ်တော်အမတ် ၂၀ ဦး တို့ကို ဖြုတ်ချရန် ပလန်ပရာချာရတ် (Palang Pracharat) ၏ ဆုံးဖြတ်ချက်သည် ၎င်း၏ ထိန်းချုပ်မှုနှင့် မဟာမိတ်များထံမှ ထောက်ခံမှုကို တဖြည်းဖြည်း လျော့ပါးသွားစေသည့် အစိုးရအတွင်း ပေါ်ထွက် နေသော နိုင်ငံရေးအရ အက်ကွဲမှုများကို ကိုယ်စားပြုသည်ဟု ယူဆနိုင်ပါသည်။ သို့သော် နိုင်ငံတဝန်း လော့ခ်ဒေါင်းချခြင်းကို မလွှဲမရှောင်သာ ဖြစ်စေသည့် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု မြင့်တက်လာခြင်း ကဲ့သို့သော အကြောင်းရင်းများစွာကြောင့် အဆိုပါ လှုပ်ရှားမှုကို အသုံးချနိုင်ခြင်း မရှိခဲ့ဘဲ ဦးဆောင် လှုပ်ရှားသူ အများအပြားလည်း ဖမ်းဆီးခံခဲ့ရပါသည်။ ထို့ကြောင့် အာဏာရညွန့်ပေါင်း အဖွဲ့ အားနည်းလာသည့် အချိန်မှာပင် လှုပ်ရှားမှုကလည်း အရှိန်လျော့နေပါသည်။ iLaw 1 မှ မှတ်တမ်းတင်ထားသော ဆန္ဒပြမှုဆိုင်ရာ အချက်အလက်များကို ခွဲခြမ်းစိတ်ဖြာမှုတွင်လည်းအဆိုပါ လွဲချော်သွားသည့် အခွင့်အရေးမှာ ထင်ရှားပါသည်။ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ၁၂ ရက်နေ့မှ ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၃ ရက်နေ့အထိ ဘန်ကောက်တမြို့တည်းတွင် ဆန္ဒပြပွဲပေါင်း ၅၅၉ ကြိမ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ၂၀၂၁ ခုနှစ်သည် လှုပ်ရှားမှုအတွက် အကောင်းဆုံးနှစ်ဖြစ်ပြီး စုစုပေါင်း ဆန္ဒပြမှု ၅၅% နီးပါးတွင် စုဝေးမှု ၃၀၇ ခုကို မှတ်တမ်းတင်နိုင်ခဲ့ပါသည်။ အခွင့်အလမ်းဖွဲ့စည်းပုံစနစ် တည်နေမှုကို ပြသည့် အောက်ဖော်ပြပါပုံ ၁ သည် အစိုးရ၏ အာဏာအထွဋ်အထိပ်သို့ရောက်ချိန် (ဆိုလိုသည်မှာ တောင်းဆိုမှုများကို လိုက်လျောခြင်း ထက် ဖြိုခွဲရန် ပို၍လိုလားချိန်)တွင် ဒီမိုကရေစီရေးလှုပ်ရှားမှုသည်လည်း အတက်ကြွဆုံး ဖြစ်နေချိန်ကို ပြသထားပါသည်။ အစိုးရ၏ သြဇာအာဏာ တဖြည်းဖြည်း ဆုတ်ယုတ်ကျဆင်းလာချိန်တွင် လှုပ်ရှားမှု သည်လည်း ကံမကောင်း အကြောင်းမလှစွာ ရပ်တန့်သွားခဲ့ရပါသည်။
ကိန်းဂဏန်းအချက်အလက်များအရ ၂၀၂၀ ပြည့်နှစ်မှစ၍ တရားဥပဒေစိုးမိုးရေးအာဏာပိုင်များက ဆန္ဒပြပွဲများကို အပြင်းအထန်အဆုံးသတ်ခဲ့သည့် ဖြစ်ရပ် ၃၄ ကြိမ်ရှိခဲ့သည်။ အစိုးရက အာဏာကို ထိန်းချုပ်ထားပြီး လှုပ်ရှားမှုများကို လူထုအာရုံစိုက်လာသော ၂၀၂၁ ခုနှစ်တွင် မကြာခဏဆိုသလို ဖြိုခွင်းမှုများဖြစ်ပွားခဲ့သည်။ သို့သော်လည်း ၂၀၂၂ ခုနှစ်တွင် ဖြိုခွင်းမှု နှစ်ကြိမ်သာပြုလုပ်ခဲ့ပြီး အာဏာရ ညွန့်ပေါင်းအဖွဲ့အတွင်း အက်ကွဲမှုက အခွင့်အလမ်းဖွဲ့စည်းပုံအပေါ် အစွပ်စွဲခံရသော အကျိုး သက်ရောက်မှုကို ပြသနေခြင်း ဖြစ်သည်။
(၂) “ဦးတည်ရာမဲ့၊ ခေါင်းဆောင်မဲ့” လှုပ်ရှားမှုနည်းပရိယာယ်
အွန်လိုင်းတက်ကြွလှုပ်ရှားသူများသည် ၎င်းတို့၏ လှုပ်ရှားမှုများသည် အလျားလိုက်ဖြစ်ကြောင်းနှင့် မည်သူမျှ လှုပ်ရှားမှု၏ တဦးတည်းသော စစ်မှန်သော ခေါင်းဆောင်မဟုတ်ဟုဆိုသော သဘောတရားကို ကြိမ်ဖန်များစွာ ကြွေးကြော်ခဲ့ကြသည်။ ဤသို့ ခေါင်းဆောင်မဲ့ခြင်း အင်္ဂါရပ်သည် ၂၀၁၁ ခုနှစ်တွင် အရှေ့အလယ်ပိုင်း အာဏာရှင်နိုင်ငံများကို လောင်ကျွမ်းစေခဲ့သော အာရပ်နွေဦးကဲ့သို့ နိုင်ငံတော် ဖိနှိပ်မှုကို ခံနိုင်ရည်ရှိသော လှုပ်ရှားမှုများ ဖြစ်စေသည်။ သို့သော်လည်း အာရပ်နွေဦး၏ အောင်မြင်မှုကို ကြည်ညို အတုယူခြင်းသည် အလားအလာရှိသော ဒီမိုကရေစီ လှုပ်ရှားမှုများကို လမ်းလွဲ သွားစေခဲ့သည်။ ရေရှည်ဖွဲ့စည်းပုံဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရန် ၎င်းတို့၏ အဖွဲ့အစည်း ဆိုင်ရာ စွမ်းဆောင်ရည်ကို ပြင်ဆင်ခြင်းထက် လူထုလှုပ်ရှားမှု ရေတိုစီမံချက်ကို ပိုမို အာရုံစိုက် လာခဲ့သည်။ ဥပမာအနေဖြင့် အာရပ်နွေဦးအပြီး ၁၀ နှစ်အကြာတွင် အရှေ့အလယ်ပိုင်းဒေသကို ကြည့်လိုက်လျှင် တူနီးရှားနိုင်ငံမှလွဲ၍ ကျန်နိုင်ငံများအားလုံး တချို့တပိုင်းအာဏာရှင်စနစ်သို့ ပြန်သွားကြသည်။ အဘယ်ကြောင့် ထိုသို့ ဖြစ်ရပါသနည်း။ နယူးယောက်တိုင်းမ်စ် ၏ အာဘော်တခုတွင် Tufekci (၂၀၂၂) ကဆိုသည်မှာ သူ့၏နာမည်ကျော်စာအုပ်တွင် ရေးခဲ့သည့် လူထုလှုပ်ရှားမှုအတွက် ကိရိယာအဖြစ် ဆိုရှယ်မီဒီယာကို မျှော်လင့်နေခြင်းမှာ မှားယွင်းကြောင်း ဆိုသည်။ ဆိုရှယ်မီဒီယာသည် လူထုပါဝင်လာရန် စည်းရုံးခြင်းအတွက် ကောင်းမွန်သော ကိရိယာတခုဖြစ်သော်လည်း ဆန္ဒပြလှုပ်ရှားသူများအကြား ခိုင်မာသော လူမှုဆက်ဆံရေးကြိုးများနှင့် ကတိကဝတ်များ မဖန်တီးနိုင်ကြောင်း သူကဆိုသည်။ ထို့ကြောင့် ဆိုရှယ်မီဒီယာသည် တော်လှန်ရေးတရပ် ဆင်နွှဲရန် သို့မဟုတ် အခြေခံကျသော အပြောင်းအလဲများကို ဖန်တီးရန် မလုံလောက်သော လျော့ရဲပြီး ခေါင်းဆောင်မဲ့ လှုပ်ရှားမှုများကိုသာ ဖန်တီးပေးသည်ဟု Gladwell (2011) က ဆိုသည်။
ထိုင်းနိုင်ငံတွင် အလျားလိုက်လှုပ်ရှားမှုဆိုသည်လည်း အဓိပ္ပာယ်မရှိသော အယူအဆတခု အဖြစ် သက်သေပြခဲ့သည်။ အထူးသဖြင့် လှုပ်ရှားမှု၏ ပန်းတိုင်ကို သတ်မှတ်ရာတွင် ဖြစ်သည်။ လှုပ်ရှားမှုအစပြုချိန်တွင် ကွဲပြားသော အစီအစဉ်နှင့် ဦးစားပေးများပါရှိသော သေးငယ်သော အဖွဲ့များ ပါဝင်သည်။ ဥပမာအားဖြင့် လူမှုရေးနှင့် ကျားမဂျန်ဒါတန်းတူညီမျှမှုကို ပိုမိုအာရုံစိုက်သည့် LGBTQ+ နှင့် အမျိုးသမီးဝါဒီအုပ်စုများနှင့် နိုင်ငံရေးပြဿနာများကို ပိုမိုစိတ်ဝင်စားသော တက္ကသိုလ်အသီးသီးမှ ကောလိပ်ကျောင်းသားများ ဖြစ်သည်။ ယင်းအဖွဲ့များက အဓိက တောင်းဆိုချက် သုံးခုအောက်တွင် စည်းလုံးညီညွတ်ကြသော်လည်း ရံဖန်ရံခါ သီးခြားလွတ်လပ်စွာ ပွဲများကို စီစဥ်ကျင်းပကြသည်။ ထို့အပြင် ၎င်းတို့အများစုသည် နည်းပညာများကို ထိထိရောက်ရောက်အသုံးပြုနိုင်သည့် ဒစ်ဂျစ်တယ်နိုင်ငံသားများဖြစ်သောကြောင့် လှုပ်ရှားမှု၏နည်းဗျူဟာများသည် ယခင်ဆန္ဒပြပွဲများနှင့် နှိုင်းယှဥ်လျှင် ပိုမို ပြင်လွယ်ပြောင်းလွယ် ရှိသည် (ဥပမာ တွစ်တာမှတဆင့် နာရီအနည်းငယ်သာ ကြိုတင်ပြီး စီစဉ်ထားသော လျှပ်တပြက် ဆန္ဒပြပွဲများ၊ တယ်လီဂရမ်မှ တဆင့် နောက်ဆုံးမိနစ်တွင် ကပ်ပြီး ဆန္ဒပြပွဲ ကျင်းပသည့် နေရာကိုပြောင်းလဲကြေညာခြင်း စသည်) ။ တနည်းအားဖြင့် ဒစ်ဂျစ်တယ် နည်းပညာများကို အသုံးပြု၍ အာဏာပိုင်များကို ပိုမိုလွယ်ကူစွာ ရှောင်လွှဲနိုင်သောကြောင့် အခွင့်အလမ်းဖွဲ့စည်းပုံစနစ် ရှုထောင့်မှ ကြည့်လျှင် ထိခိုက်နိုင်ချေဟု ယူဆထားသည်ကို လျှော့ချနိုင်သောကြောင့် ကောင်းသော အချက်ဖြစ်သည်။ သို့သော် တဖက်တွင် လှုပ်ရှားမှု၏ အလျားလိုက် သဘောသဘာဝနှင့် ပေါင်းစပ်နည်းဗျူဟာများ၏ ပြင်လွယ်ပြောင်းလွယ်ရှိမှုသည် ဆန့်ကျင်ဘက် ရလဒ်များကို ဖြစ်စေနိုင်သည်။ အထူးသဖြင့် အဓိက တက်ကြွလှုပ်ရှားသူအချို့ ဖမ်းဆီးခံရသည့်အခါမျိုး ဖြစ်သည်။ အချို့သောကိစ္စများတွင် အာဏာအလွဲသုံးစားလုပ်မှုများကို တွေ့မြင်ရသည့်အတွက် စိတ်ဆိုးဒေါသထွက်ကာ လမ်းပေါ်ထွက်ကြသော်လည်း ထိုင်းဒီမိုကရေစီ လှုပ်ရှားမှုအတွက်မူ အဓိကတက်ကြွလှုပ်ရှားသူများ ဖမ်းဆီးခံရခြင်းသည် လှုပ်ရှားမှုကို ပျောက်ကွယ်သွားစေရုံသာမက ဦးဆောင်မှုကင်းမဲ့စေပါသည် 2 ။ တနည်းဆိုရလျှင် နိုင်ငံတော်၏ အခွင့်အလမ်းဖွဲ့စည်းပုံကို အားကောင်းစေသည်ဟုလည်း ဆိုလို့ရပါသည် (အုပ်ချုပ်သူများဖက်က အနိုင်ရရန် အားကောင်းစေခြင်းကို ဆိုလိုခြင်း ဖြစ်သည်)။ ရလဒ်အနေဖြင့် Penguin Cheewarak၊ Anon Nampa၊ Roong Panasaya ကဲ့သို့သော တက်ကြွလှုပ်ရှားသူများ ထောင်ထဲရောက်သည်နှင့် နောက်တကြိမ် ဆန္ဒပြပွဲများတွင် ပါဝင်ခြင်းမပြုတော့ပါဟု ခံဝန်ထိုးရသည့် အခါမျိုးတွင် ကြီးမားသော ဆန္ဒပြပွဲများ ပေါ်ပေါက်ခြင်း မရှိတော့ပေ။
(၃) ဆွပေးသော တောင်းဆိုမှုများသည် အမြဲတမ်းဆွဲဆောင်မှုရှိသောတောင်းဆိုမှုများမဟုတ်ပါ
လူငယ်ဦးဆောင်သော လှုပ်ရှားမှု၏ နောက်ဆုံးစိန်ခေါ်မှုမှာ ရိုးရှင်းသော်လည်း အောင်မြင်မှုရဖို့အတွက် အလွန် အရေးကြီး သည်။ အထူးသဖြင့် ဘုရင်စနစ်နှင့် ပတ်သက်သော အဓိက တောင်းဆိုချက်များ ဖြစ်သည်။ ကျိုးကြောင်းဆီလျော်သော ယုတ္တိဗေဒရှုထောင့်မှ ရှုမြင်သည်မှာ တစုံတဦးအား လှုပ်ရှားမှုတွင် ပါဝင်ခြင်းမှ တားမြစ်နိုင်သည့် အကြောင်းရင်းများစွာ ရှိနှင့်ပြီးဖြစ်သည်ဟု တင်ပြခဲ့ပြီး ဖြစ်ပါသည်။ အထူးသဖြင့် ထိုင်းလို တိုးတက်သယောင်ယောင်သာ ရှိသေးသော လူ့အဖွဲ့အစည်းတွင် ကြားနေအလယ်အလတ် အုပ်စုများအနေဖြင့် ဆွပေးသော တောင်းဆိုမှုများကို သဘောတူရန် ခက်ခဲတတ်ပါသည်။ အထက်ဖော်ပြပါ ချားလ်စ်တီလီ၏ WUNC အယူအဆကို ရည်ညွှန်း၍ လှုပ်ရှားမှုတခုသည် အခွင့်အလမ်းဖွဲ့စည်းပုံစနစ်ကို အပြုသဘောဖြင့် လှည့်ဖြားနိုင်သည့်နည်းလမ်းမှာ ကိန်းဂဏန်းအားဖြင့် လူထု၏ စည်းလုံးမှုကို ရှာဖွေရန်ဖြစ်ပါသည်။ သို့သော်လည်း လှုပ်ရှားမှုသည် ၎င်း၏ တောင်းဆိုချက်တခုအနေဖြင့် ဘုရင်စနစ်ပြုပြင်ပြောင်းလဲရေးကို အဆိုပြုသောအခါတွင် ကြောက်ရွံ့မှု သို့မဟုတ် စစ်မှန်သောသဘောထားကွဲလွဲမှုများကြောင့် ဆန္ဒပြပွဲသို့ ပါဝင်လာမည့်သူ အများအပြား ပါဝင်လာခြင်းကို ဟန့်တားသောကြောင့် စည်းရုံးရေးကြိုးပမ်းမှုကို ထိခိုက်စေပါသည်။ လက်တွေ့အားဖြင့် ဤတောင်းဆိုချက်များကို မွမ်းမံပြင်ဆင်ခြင်းဖြင့် ပိုမိုကျယ်ပြန့်သော ပရိသတ်ကို ဆွဲဆောင်ရန် လိုအပ်ပါသည်။ သဘောတရားရေးရာရှုထောင့်အရမူ ဤကိစ္စကို လျှော့ပေးလိုက်ရန်မှာ တက်ကြွလှုပ်ရှားသူများအတွက် ခက်ခဲနိုင်သည်ကို သဘောပေါက်ပါသည်။
အချုပ်အားဖြင့်ဆိုရသော် ထိုင်းလူထုသည် ဆိုရှယ်မီဒီယာနှင့် အိုင်တီနည်းပညာကြောင့် လူများအား အကြံဥာဏ်များ မျှဝေရန်၊ ထင်မြင်ချက်များကို ထုတ်ဖော်ပြောဆိုရန်နှင့် ယခင်ကထက် မကြုံစဖူး နည်းပါးသော ကန့်သတ်ချက်များဖြင့် ဆန္ဒပြပွဲများကို စည်းရုံးခွင့်ရရှိလာပါသည်။ သို့သော် အောင်မြင်မှု၏ သဘောသဘာဝနှင့် ထိုကဲ့သို့သော တက်ကြွလှုပ်ရှားမှုများ၏ ထိရောက်မှုမှာ ဆိုရှယ်မီဒီယာကို စည်းရုံးရေးနှင့် ညှိနှိုင်းရေးပလက်ဖောင်းအဖြစ် အသုံးပြုနေသော်လည်း သေချာပေါက် အောင်မြင်မှု ရရှိမည်ဟု ဆိုလို့မရပေ။ အမှန်အားဖြင့်လည်း ယနေ့ခေတ်၏ လူထု လှုပ်ရှားမှုများသည် လူထုလှုပ်ရှားမှုလေ့လာရေး ဘာသာရပ်တွင် ရှိသည့် ဂန္ထဝင်သီအိုရီများမှ ညွှန်းဆို ထားသည့် အလားတူစိန်ခေါ်မှုများကို ရင်ဆိုင်နေကြရဆဲဖြစ်သည်။ ထိုင်းနိုင်ငံအတွက်မူ လူငယ်များသည် သူတို့၏ လှုပ်ရှားမှုနည်းဗျူဟာ အကန့်အသတ်ကြောင့် အခွင့်အလမ်းဖွဲ့စည်းပုံစနစ်၏ စီးဆင်းမှုနှင့် လမ်းကြောင်းများကို ကိုင်တွယ်နိုင်ခြင်း မရှိသေးသည့်အတွက် ဒီမိုကရေစီရေးအတွက် ထပ်တလဲလဲ ရုန်းကန်နေကြရပါသည်။ သို့သော်ငြားလည်း လှုပ်ရှားမှု၏ မကြာသေးမီက ပြောင်းလဲသွားသည့် အာရုံစိုက်မှုမှာ ရွေးကောက်ပွဲများကို တောင်းဆိုခြင်း ဖြစ်လာသည်က သိသာထင်ရှားသော ဖွံ့ဖြိုးတိုးတက်မှုတခုဖြစ်ပါသည်။ ရွေးကောက်ပွဲနည်းလမ်းက လူထုကြားထဲမှာ ကျယ်ကျယ်ပြန့်ပြန့် လက်ခံပြီးသား ဖြစ်သည်သာမက အာဏာဆုတ်ယုတ်ကျဆင်းနေသည့် အစိုးရအတွက်လည်း ကုန်ကျစရိတ်အနည်းဆုံး ထွက်ပေါက်အနေဖြင့် ရှိနေသည်သာ ဖြစ်ပါတော့ သတည်း။
Surachanee “Hammerli” Sriyai
Surachanee “Hammerli” Sriyai is a lecturer and digital governance track lead at the School of Public Policy, Chiang Mai University.
Banner: October 2020, Bangkok, Thailand. Tens of thousands of pro democracy people gather to address various social problems, including government work problems, and criticize the monarch. Photo: kan Sangtong, Shutterstock
References
DataReportal. 2022. “Digital 2022: Thailand — DataReportal – Global Digital Insights.” Kepios. https://datareportal.com/reports/digital-2022-thailand (June 14, 2022).
Diamond, Larry. 2012. Liberation Technology: Social Media and the Strugle for Democracy Introduction. eds. Larry Diamond and Marc F. Plattner. The Johns Hopkins University Press. https://books.google.com/books/about/Liberation_Technology.html?id=xhwFEF9HD2sC (December 14, 2022).
Gladwell, Malcolm. 2011. “From Innovation to Revolution-Do Social Media Made Protests Possible: An Absence of Evidence.” Foreign Affairs 90: 153.
Leesa-nguansuk, Suchit. 2019. “Thailand Tops Global Digital Rankings.” Bangkok Post. https://www.bangkokpost.com/tech/1631402/thailand-tops-global-digital-rankings (December 11, 2019).
McAdam, Doug, Sidney Tarrow, and Charles Tilly. 2004. Dynamics of Contention. Cambridge University Press.
Tarrow, Sidney, and Charles Tilly. 2007. The Oxford handbook of Comparative Politics Contentious Politics and Social Movements. Oxford University Press.
Tufekci, Zeynep. 2022. “I Was Wrong About Why Protests Work.” The New York Times. https://www.nytimes.com/2022/07/21/opinion/zeynep-tufekci-protests.html.
Notes:
- iLaw က ဆန္ဒပြပွဲဒေတာများ လွယ်လင့်တကူ မျှဝေပေးသည့်အတွက် ကျေးဇူးအထူးတင်ရပါသည်။ iLaw သည် ဒီမိုကရေစီ၊ လွတ်လပ်စွာ ဖော်ထုတ်ခွင့်၊ ပိုမိုမျှတပြီး တာဝန်ခံမှုရှိသော တရားရေးစနစ် ဖြစ်လာစေရန် ဆောင်ရွက်နေသည့် ထိုင်းအန်ဂျီအိုအဖွဲ့တခု ဖြစ်ပါသည်။ ↩
- အစိုးရက အဓိက တက်ကြွလှုပ်ရှားသူများကို ဖမ်းဆီးနိုင်ခြင်းသည်ကိုယ်တိုင်ကိုက ခေါင်းဆောင်မဲ့ အလျားလိုက်လှုပ်ရှားမှု၏ သဘောတရားရေးရာအရ ဝိရောဓိ ဖြစ်နေသည်ကို ပြသနေပါသည်။ ↩