
၂၀၁၉ ခုနှစ် နွေဦးတွင် သုတေသနအစည်းအဝေးတခုအတွက် ခရီးထွက်ခဲ့စဉ်က ဂျာမနီနိုင်ငံ၊ ဘာလင်မြို့၏ မစ်ခရိုင်အလယ်ဗဟိုရှိ မာ့ခ်စ်-အန်ဂယ်စ်-ဖိုရမ် အများပြည်သူဥယျာဉ်ကို သွားရောက် ခဲ့ပါသည်။ စပရီမြစ်အနား သစ်တောဖြင့်လွှမ်းမိုးနေသည့် ဥယျာဉ်သို့ ရောက်ချိန်တွင် စာရေးသူ၏ စိတ်ကို ဆွဲဆောင်သည့်အရာမှာ လူတိုင်းသဘောကျဖြစ်နေကြသည့် မာ့ခ်စ်နှင့်အန်ဂယ်စ်၏ ရုပ်တုမဟုတ်ဘဲ ၎င်းတို့ရုပ်တုကို ဝိုင်းကာထားသည့် သံဘောင်ပတ်လည်ရှိ အင်ဒိုနီးရှား အမျိုးသမီးများ၏ ဓာတ်ပုံဖြစ်ပါသည်။ ၎င်းသံဘောင်ပေါ်တွင် ကမ္ဘာအနှံ့ရှိ ကွန်မြူနစ်လှုပ်ရှားမှုများတွင် ပါဝင်ခဲ့သည့် အမျိုးသမီးများအပါအဝင် လှုပ်ရှားမှုများစွာကို ဖော်ပြသည့် ရုပ်ထုများဖြင့် ပုံဖော်ထားပါသည်။ အင်ဒိုနီးရှားအမျိုးသမီးများကို ဖော်ပြထားသည့်ဓာတ်ပုံတွင် ရိုးရာ ဂျာဗားကေဗာရာအင်္ကျီ (kebaya) နှင့် ဆံပင်ဖျဉ်ထုံး (konde) ဝတ်ဆင်ထားသည့် အမျိုးသမီး ၁၀ ဦး ပါဝင်ပါသည်။ ၎င်းတို့အနက် သုံးဦးမှာ ထိုင်နေပြီး “P.K.I.” (အင်ဒိုနီးရှားကွန်မြူနစ်ပါတီ) နှင့် “S.R.” (Sarekat Ra’jat – ပြည်သူ့သမဂ္ဂ) ဟု ရေးသားထားပြီး တံစဥ်နှင့်တူ တံဆိပ်ကို ဖော်ပြထားပါသည်။ ယင်းတံဆိပ်အရ ဓာတ်ပုံကို ၁၉၂၀ ခုနှစ်များတွင် အင်ဒိုနီးရှားနိုင်ငံအတွင်း နယ်ချဲ့ဆန့်ကျင်ရေး အနီရောင်လှုပ်ရှားမှု (pergerakan merah) ဖြစ်စဉ်တခုအတွင်း ရိုက်ကူးထားသည်ကို ညွှန်ပြနေပါသည်။ သို့သော် သံဘောင်ပေါ်တွင် ဖော်ပြထားသော သက်သေ အထောက်အထားများနှင့် ထိုကာလကို သမိုင်းရေးရာ ဖော်ပြချက်များကြားတွင် ရှိနေသည့် ကွာခြားချက်မှာလည်း သိသာပါသည်။ ထိုသို့ ဖြစ်ရခြင်းမှာ မာ့ခ်စ်-အန်ဂယ်စ်-ဖိုရမ်ကို ၁၉၈၆ ခုနှစ်တွင် တည်ဆောက်ရာတွင် အနီရောင်လှုပ်ရှားမှုကို ကိုယ်စားပြုရန်အတွက် အမျိုးသမီးများကို ရွေးချယ်ခဲ့သော်လည်း ယင်းကာလ၏ သမိုင်းရေးရာ ဖော်ပြချက်များအတွင်းတွင် အမျိုးသမီးများ၏ အခန်းကဏ္ဍကို ဖော်ပြခြင်း မရှိဘဲ ချန်လှပ်ထားသည် မှာလည်း စိတ်ဝင်စားဖွယ်ကောင်းသည့် အချက် ဖြစ်နေပါသည်။

ဤပြဿနာကို ကျွန်ုပ်ရေးသားသော Communication against Capital: Red Enlightenment at the Dawn of Indonesia (အရင်းဓန ဆန့်ကျင်ရေးအကြောင်း ဆက်သွယ်ပြောကြားခြင်း – အင်ဒိုနီးရှားနိုင်ငံ၏ အနီရောင် တက်ကြွလှုပ်ရှားမှု အစောပိုင်း) စာအုပ်တွင် ဆွေးနွေးထားပါသည်။ ထိုစာအုပ်တွင် မေးခွန်းတခုမှာ – တက်ကြွနိုးကြားပြီး လူထုထောက်ခံသော လှုပ်ရှားမှုတခုသည် သမိုင်းရေးရာ ဖော်ပြချက်များတွင် အဘယ့်ကြောင့် အမျိုးသားခေါင်းဆောင်များ၏ အမြင်ဖြင့်သာ ပြောကြားထားခြင်း ဖြစ်နေရပါသနည်း ဆိုသည့် မေးခွန်း ဖြစ်ပါသည်။ လှုပ်ရှားမှုအတွင်း သာမန်ပြည်သူများ၏ အခန်းကဏ္ဍမှာ မည်သို့ ဖြစ်ပါသနည်း။ စာအုပ်သည် သာမန်ပြည်သူများအနေဖြင့် လှုပ်ရှားမှုအတွင်း တက်ကြွစွာပါဝင်ခဲ့ကြောင်းကို ဖော်ပြထားပြီး ထိုပါဝင်မှုများသည် သာမန်နေ့စဉ်ဘဝ အခြေအနေများ အတွင်း ပေါ်ပေါက်ခဲ့ကြောင်း၊ ဂျာဗားကျွန်းမှစတင်ကာ အင်ဒိုနီးရှားအနှံ့နှင့် နိုင်ငံတကာအထိ ပြန့်နှံ့ခဲ့ကြောင်းကို ထောက်ပြထားပါသည်။ အနီရောင်လှုပ်ရှားမှုသည် ဒတ်ချ် အင်ပါယာကို ဆန့်ကျင်သည့် လှုပ်ရှားမှုဖြစ်ပြီး၊ အကြမ်းမဖက်သည့် စုပေါင်းဆောင်ရွက်ပုံ နည်းလမ်းများကို ဆက်သွယ်ရေး နည်းပညာ အသစ်များနှင့် လေ့ကျင့်မှုများဖြင့် တည်ဆောက်ခဲ့ပါသည်။ မာ့ခ်စ်-အန်ဂယ်စ်-ဖိုရမ်တွင်ပါဝင်သော ဓာတ်ပုံထဲရှိ အမျိုးသမီး ၁၀ ဦးသည် အနီရောင်လှုပ်ရှားမှု အတွင်း ပါဝင်ခဲ့သော ရာထောင်ချီသော အမျိုးသမီးများ၏ တစိတ်တပိုင်းကိုသာ ကိုယ်စားပြုနေခြင်း ဖြစ်ပါသည်။
အဓိက အချက်အနေဖြင့် တင်ပြလိုသည်မှာ – အနီရောင်လှုပ်ရှားမှုအတွင်း အမျိုးသမီးများ၏ တက်ကြွစွာ ပါဝင်မှုသည် “အမျိုးသမီးလှုပ်ရှားမှု” တခုတည်ဆောက်ရန် ရည်ရွယ်ထားခြင်း မဟုတ်ပါ။ တနည်းအားဖြင့် – ကွန်မြူနစ်အမျိုးသမီးများသည် သူတို့၏ အခန်းကဏ္ဍအတွက်သာ တက်ကြွ လှုပ်ရှားခဲ့သည် မဟုတ်ပါ။ Communication against Capital စာအုပ်၏ အဓိက သိမြင်ချက်ကို အခြေခံကာ ဤဆောင်းပါးသည် အနီရောင်လှုပ်ရှားမှုအတွင်း အမျိုးသမီးများသည် အမျိုးသမီး အကျိုးစီးပွားအတွက်သာ မဟုတ်ဘဲ လှုပ်ရှားမှုတခုလုံးအတွင်း ပါဝင်ခဲ့ကြကြောင်း၊ အမျိုးသမီး နယ်ပယ် မဟုတ်သော အကြောင်းအရာများ အတွက်လည်း ဝန်းရံခဲ့ကြကြောင်း တင်ပြလိုပါသည်။ ဤအရာသည် ကွန်မြူနစ်အမျိုးသမီးများ၏ အနီရောင်လှုပ်ရှားမှု သမိုင်းအတွက်သာမက အမျိုးသမီး လှုပ်ရှားမှုသမိုင်းအတွက်ပါ အကြီးမားဆုံး ဆောင်ရွက်ချက် ဖြစ်ကြောင်း စာရေးသူအနေဖြင့် တင်ပြလိုပါသည်။ အမျိုးသမီးများသည် မိမိတို့အကျိုးစီးပွား အတွက်သာ မဟုတ်ဘဲ စုစည်းလှုပ်ရှားသောအခါ ဘာတွေ ဖြစ်ပေါ်လာပါသနည်း။
ဤမေးခွန်းကို မဖြေမီ၊ အမျိုးသမီးများ၏ လှုပ်ရှားမှုအတွင်းပါဝင်ပုံကို နားလည် သဘောပေါက်ရန် အရေးကြီးပါသည်။ ဤအချက်ကို Sinar Hindia သတင်းစာ၏ ပထမဆုံးအမျိုးသမီးအယ်ဒီတာဖြစ်သူ woro ဂျိုအီနာ၏ စကားများမှတဆင့် ကြည့်လို့ ရပါသည်။ ၁၉၂၁ ဖေဖော်ဝါရီ ၇ ရက်နေ့ထုတ် Sinar Hindia သတင်းစာတွင် ထုတ်ဝေခဲ့သည့် “Beladjar Ta’ Mengasingkan Diri!” (မိမိကိုယ်ကို ကင်းကွာခြင်း မဖြစ်အောင် လေ့လာခြင်း) ဆောင်းပါးတွင်၊ ဂျိုအီနာက စာရေးသားခြင်း အလုပ်ကို နိုင်ငံရေးတွင် ပါဝင်မှုသဘောအသွင် အနေဖြင့် ရှုမြင်ခဲ့ပါသည်။ သူက “Dengan hati merasa ta’ tetap, kami akan mengoeraikan kata-kata di dalam halaman S.H. itoe, toeroet berlomba-lomba dilapangan politiek” (စိတ်မအေးနိုင်သည့် အနေအထားဖြင့် နိုင်ငံရေးလောကထဲ၌ ယှဉ်ပြိုင်ရန် S.H. [Sinar Hindia] စာမျက်နှာပေါ်တွင် စကားလုံးများဖြင့် ဖော်ပြသည့် နည်းလမ်းဖြင့် လုပ်ဆောင်ခဲ့ကြသည်) ဟုရေးသားထားပါသည်။ ဤတွင် အသုံးပြုထားသည့် “lapangan politiek” (နိုင်ငံရေးလောက) ဆိုသောဝေါဟာရမှာ အဓိကအချက်တခု ဖြစ်ပါသည်။ D.T. (၁၉၂၁) ဟု မှတ်သားထားသည့် နောက်ထပ်အမည် မဖော်ပြသည့် စာရေးသူတဦးကလည်း တူညီသည့်အဓိပ္ပါယ်ဖြင့် “medan politiek” ဟု သုံးပါသည်။ ဂျိုအီနာနှင့် သူကဲ့သို့သော တက်ကြွလှုပ်ရှားသူများအတွက် အနီရောင်လှုပ်ရှားမှုသည် နိုင်ငံရေးလောက တခုဖြစ်ပြီး၊ ထိုလောကအတွင်း ပါဝင်ခြင်းသည် မိမိကိုယ်ကို နိုင်ငံရေးသမားတဦးအဖြစ် သတ်မှတ်ခြင်း ဖြစ်ပါသည်။ အနီရောင်လှုပ်ရှားမှုသည် kromo (သာမန်လူတန်းစား) များအား အင်ဒိုနီးရှားကျွန်းစုနှင့် နိုင်ငံတကာအဆင့်သို့ ဆက်လက်ချဲ့ထွင်သည့် ကိုလိုနီဆန့်ကျင်ရေးလှုပ်ရှားမှု တခုအဖြစ် ပေါင်းစည်းခဲ့ ပါသည်။ ဤလှုပ်ရှားမှုသည် နယ်ချဲ့မှုနှင့် အရင်းရှင်စနစ်ကို ဆန့်ကျင်ကာ လူ့အခွင့်အရေး၊ တရားမျှတမှုနှင့် လွတ်လပ်ခွင့်များအတွက် တောင်းဆိုခြင်း ဖြစ်ပါသည်။ သို့ဖြစ်ရာ ဤနေရာတွင် “နိုင်ငံရေး” ဆိုသည်မှာ သာမန်အောက်ခြေ (kromo) လူတန်းစားလူထုအတွက် အသက်မွေးဝမ်းကျောင်း နည်းလမ်းများ၊ ကုန်ထုတ်လုပ်သည့်နည်းလမ်းများကို ကိုယ်ပိုင် ပိုင်ဆိုင်နိုင်ရန်၊ ထိန်းချုပ်နိုင်ရန်အတွက် ပစ္စည်းပိုင်းဆိုင်ရာ အာဏာကို တောင်းဆိုခြင်း ဖြစ်ပါသည်။ ဂျားဗားကျွန်းရှိ မြေရှင်ပဒေသရာဇ်စနစ်နှင့် ဒတ်ခ်ချ်နယ်ချဲ့စနစ်တို့အောက်တွင် မရရှိခဲ့သည့် ပိုမိုဂုဏ်သိက္ခာရှိသော ဘဝတခုကို ရယူရန် ကြိုးပမ်းခဲ့ခြင်းဖြစ်ပါသည်။
အရေးကြီးသည်မှာ – kromo ဆိုသည့် ဝေါဟာရကို အနီရောင်လှုပ်ရှားမှုအတွင်း လူအများကို ပေါင်းစည်းသည့် အမှတ်အသားအဖြစ် အသိအမှတ်ပြုထားသည်ကို တိကျစွာ ဖော်ပြရမည် ဖြစ်ပါသည်။ Kromo ဆိုသည်မှာ ရာထူးဂုဏ်ဒြပ်မရှိသည့် အောက်ခြေလူတန်းစား လူထုကို ရည်ညွှန်းခြင်း ဖြစ်ပါသည်။ ၄င်းတို့ အများစုမှာ စာမတတ်ကြဘဲ လူမှုအလွှာမျိုးစုံမှ လူအများ ဖြစ်ကြပါသည်။ ၄င်းတို့အနက်တွင် လယ်သမားများ၊ အလုပ်သမားများ၊ သင်္ဘောသားများ၊ ဆိပ်ကမ်းအလုပ်သမားများ၊ မြို့ပြဆင်းရဲသားများ၊ မိခင်များနှင့် အိမ်ထောင်ရှင်မများအထိ စုစည်း ပါဝင်ပါသည်။ ထို့ကြောင့် “perempoean” (အမျိုးသမီးများ) ဟု သုံးစွဲပြီး အမျိုးသမီး ဂိုဏ်းခွဲကို အမည်စပေးခဲ့ချိန်တွင် “perempoean kromo” ဆိုသည့်အမည်လည်း လျင်မြန်စွာ ပျံ့နှံ့လာပြီး အနီရောင်လှုပ်ရှားမှုအတွင်း အမျိုးသမီးများကို ပေါင်းစည်းသည့် အမှတ်အသားတခု အဖြစ် ဖြစ်ပေါ် လာခဲ့ပါသည်။

“နိုင်ငံရေးလုပ်ခြင်း”ကို မည်သည့်ဆောင်ရွက်ချက်များဖြင့် လက်တွေ့ အကောင်အထည် ဖော်ခဲ့ပါသနည်း။ Communication against Capital စာအုပ်တွင် တွေ့ရှိချက် တခုမှာ– အနီရောင်လှုပ်ရှားမှုသည် ယခင်လှုပ်ရှားမှုများကဲ့သို့ စစ်တိုက်ပြီး ဆောင်ရွက်ခြင်း မဟုတ်ဘဲ တော်လှန်ရေးဆန်သော ဆက်သွယ်ရေးများကို ဖန်တီးထုတ်လုပ်ခြင်းဖြင့် ဆောင်ရွက်သည့် ကိုလိုနီခေတ် အင်ဒိုနီးရှား၏ ပထမဆုံး နယ်ချဲ့ဆန့်ကျင်ရေး လှုပ်ရှားမှု ဖြစ်သည် ဆိုသည့်အချက် ဖြစ်ပါသည်။ အမျိုးသမီးများ လှုပ်ရှားမှုအတွင်း စတင်ဝင်ရောက်လာခြင်းမှာ အထူးသဖြင့် ၁၉၁၈ ခုနှစ်တွင် “Sarekat Islam” (အစ္စလာမ်သမဂ္ဂ) ၏ အမျိုးသမီး အဖွဲ့ခွဲဖြစ်သည့် “Sarekat Islam Perempoean” (အစ္စလာမ် အမျိုးသမီးသမဂ္ဂ) တည်ထောင်ပြီးနောက်ပိုင်း ဖြစ်လာခဲ့ပါသည်။ ထိုလှုပ်ရှားမှုသည် openbare vergaderingen (ပြည်သူ့ညီလာခံများ) ပြုလုပ်ခြင်းဖြင့် တက်ကြွ လှုပ်ရှားသူများစွာကို ဆွဲဆောင်နိုင်ခဲ့ပါသည်။ ၁၉၂၃ ခုနှစ် မေလတွင် မီးရထားလမ်း အလုပ်သမားသမဂ္ဂ VSTP က ဦးဆောင်ပြုလုပ်သော လှုပ်ရှားမှုနောက်ပိုင်းတွင် (အမျိုးသား) ခေါင်းဆောင်အများစု ဖမ်းဆီးခံရပြီး ဝေးလံခေါင်သီကျွန်းများ သို့မဟုတ် နိုင်ငံခြားသို့ အပို့ခံရခြင်းများ ဖြစ်လာသည်နှင့် အမျှ အမျိုးသမီးများ၏ ပါဝင်မှုက ပိုမိုကျယ်ပြန့်လာခဲ့ပါသည်။ ၁၉၂၃ မှ ၁၉၂၅ ကြား ကာလအတွင်း အမျိုးသမီးများသည် လှုပ်ရှားမှုကို ချဲ့ထွင်သည့် ထင်ရှားသော ဦးဆောင်သူများ ဖြစ်လာခဲ့ကြပါသည်။ ဂျားဗားအပြင်၊ ဆူးမားတြားနှင့် မာလူးကူးအထိ အမျိုးသမီးများက အိမ်များ၊ ရုံးများ၊ ကျောင်းများ၊ ရုပ်ရှင်ရုံများတွင် အများပြည်သူဆွေးနွေးပွဲများပြုလုပ်ကာ အကြမ်းဖက်မှု မပါသော နည်းလမ်းများဖြင့် လှုပ်ရှားမှုကို ပိုမိုကျယ်ပြန့်လာအောင် ဆောင်ရွက်ခဲ့ကြပါသည်။ ၄င်းတို့က အများပြည်သူ ဆွေးနွေးပွဲများ ဦးဆောင် ဖော်ဆောင်ခြင်း၊ မိန့်ခွန်းပြောကြခြင်းများ ပြုလုပ်ကြပြီး ပါတီတည်ထောင်မှု၊ လှုပ်ရှားရေး မဟာဗျူဟာများနှင့် ကွန်မြူနစ်အယူအဆများအကြောင်း ဆွေးနွေး ပြောကြားကြပါသည်။ ထို့အပြင် pasar (ရိုးရာဈေးများ) တွင် သပိတ်များ ပြုလုပ်ကြပါသည်။ အစားအသောက်နှင့် ကုန်ပစ္စည်းများ ဖြန့်ဖြူးခြင်းကို ထိန်းချုပ်နိုင်သည့် သူတို့၏ စွမ်းအားကို အသုံးချခြင်းဖြစ်ပါသည်။ သူတို့ ကောင်းစွာသိထားကြသည်မှာ – ငွေကြေးအတော်လေးရှိသော အထက်တန်းစားလွှာ လူတန်းစား အနေဖြင့် အောက်ခြေလူတန်းစား (kromo အမျိုးသမီးများ) က ထုတ်ကုန်များ ရောင်းချခြင်း ရပ်ဆိုင်းလိုက်သည့်အခါ သူတို့ လိုအပ်သောကုန်ပစ္စည်းများ မရနိုင်တော့ကြောင်း ဖြစ်ပါသည်။ VSTP သပိတ်နောက်ပိုင်း ခေါင်းဆောင်အချို့ ဖမ်းဆီးခံရသည့်အခါ၊ ၄င်းတို့မိသားစုများ အသက်မွေးမှု အထောက်အပံ့ရရှိစေရန် အလှူခံသည့် အစီအစဉ်များကိုလည်း အမျိုးသမီးများက ဦးဆောင် ပြုလုပ်ခဲ့ကြပါသည်။ Sinar Hindia သတင်းစာတွင် ကြေညာထားသော vergadering အစီရင်ခံစာများအရ – အမျိုးသမီးများက အများပြည်သူ ဆွေးနွေးပွဲများပြီးချိန်တွင် ငွေ၊ အစားအစာများနှင့် လက်ဝတ်ရတနာများ လှူဒါန်းရေးကို တက်ကြွစွာ ပြုလုပ်ခဲ့ကြသည်။ ဤသို့ အမျိုးသမီးများက အများပြည်သူဆွေးနွေးပွဲများကို နေရာအမျိုးမျိုးတွင် ပြုလုပ်ခဲ့ကြသော်လည်း အထူးထင်ရှားသည့် နေရာတခုမှာ ပြည်သူ့မီးဖိုချောင် နေရာတခုဖြစ်ပါသည်။ ယင်းမီးဖိုချောင်သည် အမျိုးသမီးများအနေဖြင့် မိသားစုအတွက် ထမင်းချက်ရင်း နိုင်ငံရေးဆွေးနွေးမှုများတွင် ပါဝင်နိုင်ရန် အခွင့်အရေးဖြစ်စေခဲ့ပါသည်။
ညီလာခံများ၊ ဆန္ဒပြပွဲများ၊ သပိတ်များအပြင် ကွန်မြူနစ်အမျိုးသမီးများ၏ လက်တွေ့ကျကျ လှုပ်ရှားမှုများတွင် စာရေး၊ စာဖတ်ခြင်းနှင့် ပညာသင်ကြားမှုတို့ပါဝင်ပါသည်။ woro ဂျိုအီနာကဲ့သို့ အမျိုးသမီးများစွာသည် Sinar Hindia ကဲ့သို့သော တော်လှန်ရေးသတင်းစာများတွင် စာများရေးသားပြီး ပါဝင်ကူညီခဲ့ကြသည်။ အများပြည်သူညီလာခံများ၌ ဆွေးနွေးခဲ့သော အကြောင်းအရာများကဲ့သို့ပင်၊ ၎င်းတို့ရေးသားသည့် အကြောင်းအရာများသည်လည်း အမျိုးသမီးရေးရာများသာမက ကိုလိုနီအုပ်ချုပ်ရေး၊ ကွန်မြူနစ်ဆန့်ကျင်သူအဖွဲ့အစည်းများအကြောင်းနှင့် တော်လှန်ရေးဗျူဟာများ အထိ ကျယ်ပြန့်ခဲ့ပါသည်။ ထိုအပြင် “အမျိုးသမီးရေးရာများ” ဟု စဉ်းစားလေ့ရှိကြသည့် ကွာရှင်းမှု၊ ကြင်ယာဖက်များစွာရှိမှု၊ မျိုးဆက်ပွားကျန်းမာရေး၊ ကလေးပြုစုပျိုးထောင်မှု၊ လက်ထပ်ထိမ်းမြားမှု စသည့် အကြောင်းအရာများကိုလည်း အမျိုးသမီးများသာမက အမျိုးသားများကလည်း ပါဝင် ဆွေးနွေးခဲ့ကြပါသည်။ ဥပမာ – ၁၉၂၁ ခုနှစ်တွင် ကွန်မြူနစ်ပါတီ ပေါ်လစ်ဗျူရိုအဖွဲ့ဝင် Darsono သည် “Kaoem Perempoean” (အောက်ခြေလူထုအမျိုးသမီးများ) ဟုခေါ်သော ဆောင်းပါးသုံးပိုင်း ရေးသား ထုတ်ဝေခဲ့ပါသည်။ ထိုဆောင်းပါးတွင် prijaji (အထက်တန်းစား) အမျိုးသမီးများနှင့် kromo (အောက်ခြေ) အမျိုးသမီးများအကြား ကွာခြားချက်များနှင့် Kromo အမျိုးသမီးများ၏ အနီရောင်လှုပ်ရှားမှုအတွင်းတွင် ရှိသည့်နေရာကိုဖော်ပြထားပြီး၊ ထိုလှုပ်ရှားမှုအတွင်းမှ Kromo အမျိုးသမီးများ၏ ခံစားမှုကိုလည်း တင်ပြထားပါသည်။ အမျိုးသားများနှင့်အတူ အမျိုးသမီးများသည် Sekolah Ra’jat (ပြည်သူ့ကျောင်း) ဟုခေါ်သော ကွန်မြူနစ်ကျောင်းကို ဖွဲ့စည်းပြီး Kromo ကလေးများအတွက် သင်ကြားခဲ့ကြပါသည်။ ထိုကျောင်းများကို ၁၉၂၆-၁၉၂၇ တော်လှန်ရေး နောက်ပိုင်းတွင် တားမြစ်ခဲ့ပါသည်။ Sekolah Ra’jat ကို တည်ထောင်သူ Tan Malaka ကို ၁၉၂၂ ခုနှစ်တွင် နယ်နှင်ဒဏ်ပေးလိုက်ပြီးနောက်ပိုင်းတွင် ဂျာဗားကျွန်းအတွင်း Bantam, Buitenzorg, Batavia, Preanger, Cheribon, Pekalongan, Semarang, Madioen, Kediri, Bodjonegoro, Soerabaja, နှင့် Besoeki တို့တွင် ယင်းကဲ့သို့ ကွန်မြူနစ်ကျောင်းများ အများအပြား ပေါ်ပေါက်လာခဲ့ပါသည်။ ဆူးမားတြားရှိ Westkust တွင် ထိုကျောင်းကို Thawalib School ဟု ခေါ်ကြပါသည်။ ထိုကွန်မြူနစ်ကျောင်းများ ပျံ့နှံ့လာသည့်အချိန်အတွင်းတွင် Woro ဂျိုအီနာက အမျိုးသမီးများအတွက် အထူးကျောင်းတခု တည်ဆောက်ရန် ကြိုးပမ်းခဲ့ပါသည်။ ထိုကျောင်းတွင် မိမိတို့အကြား အတန်းဖွဲ့သင်ကြားခြင်းဖြင့် နည်းပညာများနှင့် အသိပညာများကို အပြန်အလှန်သင်ကြားခဲ့ကြပြီး၊ မျိုးဆက်ပွားကျန်းမာရေး ကဲ့သို့သော အကြောင်းအရာများကိုပါ ပါဝင်သင်ကြားခဲ့ပါသည်။

ယခုအချိန်တွင် ပိုပြီး ထင်ရှားသည့်အချက်မှာ – အနီရောင်လှုပ်ရှားမှုအတွင်းရှိ perempoean kromo (အမျိုးသမီးအောက်ခြေလူတန်းစား) ၏ နိုင်ငံရေးလောကသည် “အမျိုးသမီးရေးရာ” ဟု ယူဆသည့် အကျိုးစီးပွားများကိုသာ အခြေခံထားခြင်း မဟုတ်ဘဲ၊ အနီရောင်လှုပ်ရှားမှု၏ ကျယ်ပြန့်သည့် ရည်မှန်းချက်များကိုလည်း ထောက်ခံခဲ့ကြခြင်း ဖြစ်ပါသည်။ ၎င်းတို့၏ မိန့်ခွန်းများနှင့် စာရေးသားမှုများထဲတွင်၊ အမျိုးသမီးများကို ဖိနှိပ်ခြင်းနှင့် ဂုတ်သွေးစုပ်အမြတ်ထုတ်ခြင်း၏ မူလ အရင်းအမြစ်မှာ အမျိုးသားကြီးစိုးမှုနှင့် အရင်းရှင်စနစ်တို့ ပေါင်းစပ်နေမှုကြောင့် ဖြစ်သည်ဟု နားလည်ထားပါသည်။ ထို့ကြောင့် အရင်းရှင်စနစ် ဖျက်သိမ်းရေး လုပ်နိုင်မှသာ အမျိုးသမီးများကို ဖိနှိပ်ခြင်းနှင့် ဂုတ်သွေးစုပ်အမြတ်ထုတ်ခြင်းကို အဆုံးသတ်နိုင်လိမ့်မည်ဟု ယုံကြည်ခဲ့ကြပါသည်။ ဤအနေအထားတွင် လိင်နှင့် ဂျင်ဒါ (gender/sex) ကို လူတန်းစား၏ ထင်ဟပ်ပုံအဖြစ် သတ်မှတ် ရှုမြင်ခြင်း ဖြစ်ပါသည်။ ဤနေရာတွင် လူတန်းစားဆိုသည်မှာ အသက်မွေးမှုအလုပ်အကိုင်ကို မဆိုလိုဘဲ၊ ပစ္စည်းပိုင်းဆိုင်ရာအာဏာ (material power) အဖြစ် သဘောပေါက်ရန် လိုအပ်ပါသည်။ Perempoean kromo (အောက်ခြေလူတန်းစား အမျိုးသမီး) များမှာ ဂုဏ်သိက္ခာရှိသော ဘဝတခုရရှိရန် အထောက်အကူပြုသော ပစ္စည်းပိုင်းဆိုင်ရာ အာဏာမရှိကြပါ။ ရှင်သန်ရန်အတွက် မပျော်ရွှင်စရာ အချုပ်အခြာများထဲကတဆင့် နေထိုင်ရခြင်းဖြစ်ပါသည်။ ဥပမာတခုမှာ ပြည့်တန်ဆာအလုပ် ဖြစ်ပါသည်။ အလားတူ အမျိုးသမီးများ၏ ပညာသင်ကြားမှု အခွင့်အရေး၊ ကျန်းမာရေး၊ နိုင်ငံရေးအခွင့်အရေးများနှင့် အိမ်ထောင်အတွင်း တန်းတူညီမျှမှု မရှိမှုတို့ ဖြစ်ပါသည်။ ထို့ကြောင့် အမျိုးသမီးများ၏ ဂျင်ဒါ/လိင်ဆိုင်ရာ အကျိုးစီးပွားများသည် kromo အောက်ခြေလူတန်းစား အကျိုးစီးပွားအောက်တွင် ကွယ်ဝှက်ခံထားရခြင်း မဟုတ်ဘဲ၊ အပြန်အလှန်ဆက်နွယ်မှုရှိသည့် အနေအထားတခုဖြစ်ပါသည်။ ဂျင်ဒါ/လိင်အတွေ့အကြုံများကတဆင့် perempoean kromo (အမျိုးသမီး အောက်ခြေလူတန်းစား) ၏ လူထုလူတန်းစားလက္ခဏာကို ထင်ဟပ်စေခဲ့ခြင်း ဖြစ်ပါသည်။
လူတန်းစားနှင့် ဂျင်ဒါ/လိင်ဆိုင်ရာတို့ကို အပြန်အလှန် ဆက်စပ်မှုကို သဘောပေါက် နားလည်ခြင်းသည် perempoean kromo အောက်ခြေလူတန်းစားအမျိုးသမီးများ၏ တော်လှန်ရေးတွင် အဓိက ထည့်ဝင်ချက် တရပ်ဖြစ်သည်ဟု စာရေးသူက ယူဆပါသည်။ ဤအမျိုးသမီးများသည် စီးပွားရေးအယူအဆကို ပိုမိုကျယ်ပြန့်စွာနားလည်သင့်ကြောင်း ထောက်ပြခဲ့ကြသည်။ ၎င်းတို့အတွက် အမျိုးသမီးများ၏ တိုက်ပွဲသည် မဲပေးခွင့်ရယူခြင်း၊ နိုင်ငံရေးတွင် ကိုယ်စားပြုခြင်းနှင့် အုပ်ချုပ်မှုတွင် ပါဝင်ခွင့်အတွက်သာ မဟုတ်ပါ။ စီးပွားရေးနှင့် မသက်ဆိုင်သည့် ကိစ္စများအဖြစ် အမြဲထင်မြင်ခံရသည့် ထုတ်ကုန်မထုတ်သော (non-value producing) အင်စတီကျူးရှင်းများကို ပြုပြင်ထိန်းသိမ်းခြင်းနှင့် စောင့်ရှောက်ရခြင်းတို့ပါ ပါဝင်သော တိုက်ပွဲတခုလည်း ဖြစ်ပါသည်။ ထိုသို့သော အင်စတီကျူးရှင်း များတွင် ကျောင်းများ၊ ပညာရေး၊ စာပေနှင့် သတင်းစာအပါအဝင် ဈေးကွက်များ၊ ကျန်းမာရေးစနစ်များနှင့် သမဂ္ဂများအပါအဝင် နိုင်ငံရေးအဖွဲ့အစည်းများ ပါဝင်ပါသည်။ အမျိုးသမီးများသည် လှုပ်ရှားမှုအတွင်း၌ မိမိတို့ကိုယ်စားပြုခြင်းအကြောင်းသာမက၊ အထက်ဖော်ပြပါ လူမှုရေးနှင့် စီးပွားရေးဖွဲ့စည်းပုံကို တည်ဆောက်ခြင်းနှင့် ထိန်းသိမ်းခြင်းဆိုင်ရာ မဟာဗျူဟာ များကိုလည်း ဦးတည်ဆောင်ရွက်ခြင်းဖြင့် လှုပ်ရှားမှုကို ထောက်ပံ့ခဲ့ကြပါသည်။ ထိုဖွဲ့စည်းပုံအတွင်း “အမျိုးသမီးရေးရာ” ဟုခေါ်သောအရာများသည် အလွန်အရေးကြီးသည့် ဗဟိုနေရာသို့ ရောက်ရှိလာခဲ့ပါသည်။ ဤသဘောပေါက်နားလည်မှုသည် လွန်ခဲ့သော နှစ် ၁၀၀ ခန့် ကိုလိုနီခေတ် အင်ဒိုနီးရှားမှ ကွန်မြူနစ်အမျိုးသမီးများက ထုတ်ဖော်ပြောကြားခဲ့သည့်အရာဖြစ်ပြီး ယနေ့ခေတ် လူမှုရေး ဖန်တီးထုတ်လုပ်ခြင်း (social reproduction) အပေါ် မာက်ခ်စစ်ဖီမိနစ်သီအိုရီရှင်များဖြစ်သည့် Tithi Bhattacharya၊ Susan Ferguson၊ Nancy Fraser နှင့် Silvia Federici တို့က ဆက်လက်ဖော်ပြလျက်ရှိသည့် သုတေသနများနှင့် သဘောထားချင်း တိုက်ဆိုင်ပါသည်။
ယခုတွင် ဆောင်းပါးအစမှာ မေးခဲ့သည့် မေးခွန်းသို့ ပြန်သွားကြပါစို့ — အမျိုးသမီးများနှင့် “အမျိုးသမီးရေးရာ ကိစ္စရပ်” များသည် အနီရောင်လှုပ်ရှားမှုကို မည်သို့ သက်ရောက်ခဲ့ပါသနည်း။ လူထုအောက်ခြေလူတန်းစား kromo များအတွက် ရည်ရွယ်သည့် လှုပ်ရှားမှု၏ ရည်မှန်းချက်က အမျိုးသမီးရေးရာ ကိစ္စရပ်များကို ဒုတိယတန်းစားအဆင့်သို့ နှိမ့်ချခဲ့ပါသလား။ အမှန်တကယ်မှာ ယင်း၏ ဆန့်ကျင်ဘက် ဖြစ်ပါသည် — perempoean kromo အောက်ခြေလူတန်းစား အမျိုးသမီးများ၏ နိုင်ငံရေးတက်ကြွပါဝင်မှုသည် အမျိုးသမီးလွတ်မြောက်ရေးကို လှုပ်ရှားမှု၏ ခေါင်းစဉ်အတွင်း ပါဝင်သော တောင်းဆိုချက် တရပ်အဖြစ် ဖော်ဆောင်နိုင်စေခဲ့ပါသည်။ ၎င်းသည် အမျိုးသမီး လွတ်မြောက်ရေးကို ကိုလိုနီဆန့်ကျင်ရေးနှင့် အရင်းရှင်ဆန့်ကျင်ရေး မဟာဗျူဟာများ အထဲတွင် အဓိကနေရာတခုသို့ တင်မြှောက်ခဲ့ပါသည်။ ပုံမှန်နေ့စဉ်ဘဝမှ “စီးပွားရေးမဟုတ်သော”၊ “သေချာစွာဖွဲ့စည်းမထားသော” လူမှုရေးထုတ်လုပ်မှုနယ်ပယ်များသည် တိုက်ပွဲဝင်ရာ နယ်မြေများ ဖြစ်လာပါသည်။ နိုင်ငံရေးသည် ပါတီညီလာခံများတွင်သာမက လက်ထပ်မှု၊ ကျန်းမာရေး၊ ဖက်ရှင်၊ ကလေးအမည်ပေးခြင်းနှင့် ကလေးပြုစုမှုကဲ့သို့သော ယဉ်ကျေးမှုနယ်ပယ်များတွင်ပါ ဖြစ်ပေါ် လာပါသည်။ ထို့အတူ အမျိုးသမီးများက မိန့်ခွန်းများ၊ စာရေးခြင်းများမှတဆင့် လှုပ်ရှားမှု၏ လူတန်းစားအကျိုးစီးပွားများကို တောင်းဆိုခဲ့သဖြင့်၊ ထိုတောင်းဆိုမှုများသည် kromo များ၏ တောင်းဆိုမှုကန့်သတ်ခြင်းမှ ဖြတ်ကျော်ကာ အထွေထွေတန်ဖိုးတခုအဖြစ်သို့ ရောက်လာခဲ့ပါသည်။ ၎င်းတို့သည် အမျိုးသားများ သို့မဟုတ် ခေါင်းဆောင်ပိုင်း လူအနည်းစု၏ အကျိုးစီးပွား မဟုတ်တော့ဘဲ၊ လှုပ်ရှားမှုတခုလုံး၏ ပေါင်းစည်းတောင်းဆိုမှုအဖြစ် ဖြစ်လာခဲ့ပါသည်။ အမျိုးသမီးများသည် အမျိုးသားများနှင့် ညီညွတ်စွာ အတူတူ ရပ်တည်ရုံ သာမက၊ လှုပ်ရှားမှုကို ပိုမို စုံလင်စွာ ဖွဲ့စည်းမှု ရှိလာအောင် ပြောင်းလဲပေးနိုင်ခဲ့ပါသည်။ ထို့အပြင် စုံလင်ကွဲပြားမှုရှိလာသည့်အတိုင်း ပိုမိုပါဝင်ခွင့်ရှိသော၊ အထွေထွေတန်ဖိုးရှိသည့် လှုပ်ရှားမှုတခု ဖြစ်လာအောင် ပြုပြင်နိုင်ခဲ့ပါသည်။ အမျိုးသမီးအောက်ခြေလူတန်းစား Perempoean kromo များ၏ သမိုင်းမှ မိမိတို့သိမြင်နိုင်သည်မှာ — အမျိုးသမီးများဦးဆောင်သောအခါ၊ မျက်မှောက်နှင့် နေ့စဉ်ဘဝအတွင်းရှိ သာမန်လုပ်ငန်းစဉ်များကိုပင် လှုပ်ရှားမှုတည်ဆောက်ရေးတွင် အရေးပါသောဖြစ်စဉ်များအဖြစ် ပြောင်းလဲနိုင်ကြောင်း၊ ထို့ကြောင့် လှုပ်ရှားမှုကို ပိုမို ဒီမိုကရေစီဆန်သော၊ တန်းတူညီမျှသော လှုပ်ရှားမှုအဖြစ် ပြောင်းလဲစေနိုင်ကြောင်း ဖြစ်ပါတော့သည်။
Rianne Subijanto
ရီအန်း ဆူဘီဂျန်တိုမှာ နယူးယောက်မြို့၊ City University of New York, Baruch College တွင် ဆက်သွယ်ရေး ပညာရပ်ဆိုင်ရာ တွဲဖက်ပါမောက္ခ ဖြစ်ပါသည်။ ၎င်းမှာ Communication against Capital: Red Enlightenment at the Dawn of Indonesia (Cornell University Press, 2025) ဆိုသော စာအုပ်၏ စာရေးသူလည်း ဖြစ်ပါသည်။
References
D.T., 1921. “Terhadap Kaoem Poeteri Terpeladjar” (To the Educated Women). In Sinar Hindia, February 16.
McVey, Ruth Thomas. 1965. The Rise of Indonesian Communism. Ithaca, NY: Cornell University Press.
Shiraishi, Takashi. 1990. An Age in Motion: Popular Radicalism in Java, 1912-1926. Ithaca, NY: Cornell University Press.