မြို့ပြကို ပြန်လည်သိမ်းပိုက်ခြင်း — အင်ဒိုနီးရှားလက်ဝဲ၏ မြို့ပြနိုင်ငံရေးကို ပြန်လည်ဆန်းစစ်ခြင်း

Andi Achdian

PKI meeting in Batavia (now Jakarta), 1925.

“မြူနီစပယ်ကောင်စီသို့ လက်ဝဲများ ဝင်ရောက်နိုင်ခြင်းသည် အောင်မြင်မှုတရပ်ဟု ယူဆနိုင်ပါသည်။ လူထု (ရာဇတ် – Ra’jat) နှင့် အတူရပ်တည်ခဲ့သူများ ဖြစ်သည့် ဒက်ကာ၊ ဝီဝိုဟို၊ မာလာကာ (တန်?) နှင့် ဆူးကင်ဒါတို့သည် ကောင်စီအဖွဲ့ဝင်များအဖြစ် ဝင်ရောက်နိုင်ခဲ့ကြပါသည်။ ယင်းသည် မြူနီစပယ်ကောင်စီ (gemeenteraad) အတွင်း လက်ဝဲများ အားကောင်းလာသည့် ဖွံ့ဖြိုးမှုတခု ဖြစ်ပါသည်။ ဤအပြောင်းအလဲသည် စီမရင်းမြို့တွင် အရေးပါသည့် ဖွံ့ဖြိုးမှုတခုဖြစ်ပြီး ကောင်စီ၏ ဖွဲ့စည်းပုံပြောင်းလဲမှုသည် မြို့၏ ကွမ်ပုံ (kampong) များတွင် ဖြစ်ပေါ်နေသော နိမ့်ကျနေသည့် အခြေအနေများနှင့် မတရားသည့် စည်းမျဉ်းစည်းကမ်းများကို အာရုံစိုက်လာနိုင်မည်ဖြစ်ပါသည်။ ယနေ့ထိ ပြည်သူ့ အသံကို ဖော်ထုတ်နိုင်သည့် နေရာတခုအဖြစ် ဖော်ပြရန် ခက်ခဲခဲ့သည့် မြူနီစပယ်ကောင်စီသည် ယခုအခါ အောက်ခြေလူတန်းစား၏ အကျိုးစီးပွားကို လျစ်လျူရှုမထားသော ကောင်စီတရပ် ဖြစ်လာမည်ဟု မျှော်လင့်ပါသည်။” (Soeara-Ra’jat, ၁၆ အောက်တိုဘာ ၁၉၂၁)

အင်ဒိုနီးရှား ကွန်မြူနစ်ပါတီ၏ နှစ်ပတ်တကြိမ် ထုတ်ဝေသည့် သတင်းစာ Soeara Ra’jat ၏ ၁၉၂၁ ခုနှစ် အောက်တိုဘာ ၁၆ ရက်နေ့တွင် ဖော်ပြပါရှိသည့် သတင်းသည် ၁၉၂၀ ပြည့်နှစ်များအတွင်း ကိုလိုနီလက်အောက်ခံမြို့ပြ၏ နိုင်ငံရေးဘဝတွင် တိတ်တဆိတ်အရေးပါသည့် ပြောင်းလဲမှုတခု ရှိခဲ့သည့် အချိန်ကာလကို ကိုယ်စားပြုပါသည်။ မြင်တွေ့နေကျ သမိုင်းမှတ်တမ်းများတွင် တွေ့ရလေ့ရှိသည့် ရံဖန်ရံခါ သပိတ်မှောက်ခြင်းနှင့် တော်လှန်ခြင်းကဲ့သို့သော နိုင်ငံရေးဒရာမာ တွင်သာမကဘဲ အင်ဒိုနီးရှားလက်ဝဲသည် မြူနီစပယ် အုပ်ချုပ်ရေး၏ နေ့စဉ်လူနေမှုဘဝနှင့် သက်ဆိုင်သည့် အုပ်ချုပ်ရေး အလွှာအတွင်း ထဲထဲဝင်ဝင် ပါဝင်ခဲ့သည်ကို တွေ့ရမည် ဖြစ်ပါသည်။ ၎င်းကာလ၏ အဓိပ္ပာယ်မှာ ချက်ချင်း သိသာသည့် ဥပဒေပြုရလဒ်များမဟုတ်ဘဲ သင်္ကေတဆန်သည့် အနက်အဓိပ္ပာယ်များနှင့် အင်စတီကျူးရှင်းဆိုင်ရာ သက်ရောက်မှုများ ဖြစ်ပါသည်။ လက်ဝဲ မြူနီစပယ် ပလက်ဖောင်းသည် လူတိုင်း မဲပေးပိုင်ခွင့်တောင်းဆိုချက်၊ kapitan စနစ်ကဲ့သို့ လူမျိုးရေး ခွဲခြားသည့် အုပ်ချုပ်ရေးဖွဲ့စည်းပုံများ (တဆင့်ကြားခံ လူမျိုးအုပ်စုများကို အသုံးပြုပြီး အုပ်ချုပ်သည့် ကိုလိုနီအုပ်ချုပ်ရေးစနစ်) ကို ဖျက်သိမ်းရန် တောင်းဆိုခြင်း၊ အိမ်ရာနှင့် ပြည်သူ့ကျန်းမာရေးပေါ် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန် တောင်းဆိုခြင်း စသည့် လုပ်ငန်းစဉ်များအား အခြေခံကာ နေ့စဉ်လူနေမှု ဘဝ၏ ရုပ်ဝတ္ထုအကျိုးစီးပွားများအပေါ် အခြေခံသည့် တိုးတက်သော မြို့ပြနိုင်ငံရေးဖြစ်ကြောင်း တွေ့ရှိရပါသည်။

ဤကဲ့သို့ နိုင်ငံရေးမျိုးမှာ မြို့ပြ လူတန်းစားမညီမျှမှု၏ အခြေခံအဆောက်အဦအပေါ် အလေးပေးသော နိုင်ငံရေးမျိုး ဖြစ်သော်လည်း ကိုလိုနီအုပ်ချုပ်ရေးယန္တရားကို ပြိုင်ဆိုင်ဆန့်ကျင်ခြင်းထက် ယင်းယန္တရား အတွင်း လုပ်ဆောင်သည့် နိုင်ငံရေးပုံစံမျိုး ဖြစ်ပါသည်။ ဤဖြစ်ရပ်မှ ထွက်ပေါ်လာသည့်အရာမှာ အင်ဒိုနီးရှား၏ နိုင်ငံရေးခေတ်မီမှုကို ပိုမို အသေးစိတ် နားလည်မှု ဖြစ်ပါသည်။ မြူနီစပယ်ကောင်စီသည် ကိုလိုနီ လက်အောက်ခံမြို့အတွက် အယူအဆမျိုးစုံကို ခင်းကျင်းပြသသည့် အားပြိုင်ကွင်းတခု ဖြစ်လာပါသည်။ ဤ “လက်တွေ့နိုင်ငံရေး” သည် လက်ဝဲနိုင်ငံရေးသမားများ အနေဖြင့် မဟာမိတ်များ တည်ဆောက်ရန်နှင့် ဒတ်ချ်ကိုလိုနီမြို့၌ ဆိုရှယ်လစ် နိုင်ငံရေး စီမံကိန်း တည်ထောင်ရန် ကျယ်ပြန့်သော အခြေခံ အခင်းအကျင်းတရပ် ပေးစွမ်းခဲ့ပါသည်။ ဤနေရာတွင် လက်ဝဲနိုင်ငံရေးသည် ကိုလိုနီအုပ်ချုပ်ရေးကို ဆန့်ကျင်သည့်အနေနဲ့သာ မဟုတ်ဘဲ ၎င်း၏အတွင်းမှ ဝင်ရောက် ပြုပြင်ပြောင်းလဲရန် ကြိုးပမ်းခြင်း ဖြစ်ပါသည်။ ၂၀ရာစုအစောပိုင်း စူရာဘရာယာမြို့ကို ကိုးကားကာ ဤဆောင်းပါးသည် အင်ဒိုနီးရှားလက်ဝဲနိုင်ငံရေး သမိုင်းကို ပြန်လည်သုံးသပ်တင်ပြထားပါသည်။ တိုးတက်သော နိုင်ငံရေး ပေါ်ပေါက်လာရန် မြို့သည် ရုပ်ဝတ္ထုအခြေခံတည်နေရာအဖြစ် သုံးသပ် တင်ပြ ထားခြင်း ဖြစ်ပါသည်။

At the Bond van Marinepersoneel in Surabaya, sailors gathered, exchanged radical ideas, and supported ISDV—marking the rise of socialist politics in colonial Indonesia.
Source: “De Eerste Marxisten in Indonesië”, De Waarheid, 1989.

ကိုလိုနီ မြို့ပြအုပ်ချုပ်ရေးအပေါ် ပြိုင်ဆိုင် စိန်ခေါ်မှု

၁၉ ရာစုအဆုံးပိုင်း ဆယ်စုနှစ်များတွင် စူရာဘရာယာမြို့သည် အင်ပါယာ၏ ငွေရင်း (capital) စီးဆင်းမှုများနှင့် အင်ပါယာ၏ အခြေခံအဆောက်အအုံများက ပြောင်းလဲမှုကို ခံခဲ့ရပါသည်။ ဆူးအက်တူးမြောင်း (၁၈၆၉) ဖွင့်လှစ်ခြင်းနှင့် ဒတ်ခ်ျလစ်ဘရယ်မူဝါဒ (၁၈၇၀) တို့က မြို့ကို ခံတပ် မြို့ငယ်လေးမှ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး စနစ်တွင် ချိတ်ဆက်အရေးပါသည့် စည်ကားသော မြို့တမြို့ အဖြစ် ပြောင်းလဲသွားစေခဲ့ပါသည်။ ဆိပ်ကမ်းများ၊ မီးရထားလိုင်းများနှင့် ကုန်သိုလှောင်ရုံများက မြို့၏ ရုပ်ပိုင်းဆိုင်ရာပုံရိပ်ကို ပြန်လည်ဖန်တီးခဲ့ပြီး ဥရောပ ငွေရင်းနှင့် ရွှေ့ပြောင်းအခြေချ နေထိုင်ခြင်းများ ကလည်း လူမှုအဆင့်အတန်းများကို ပြန်လည်သတ်မှတ်သွားပါသည်။ လူဦးရေပုံစံပြောင်းလဲမှုသည် သိသာခဲ့ပြီး ၁၈၇၀ မှ ၁၈၉၀ အတွင်း ဥရောပသား အရေအတွက် နှစ်ဆ တိုးပွားလာခဲ့ပြီး ကိုလိုနီခေတ် အရင်းရှင်စနစ်၏ လက်တံအတွင်း ကျရောက်လာခြင်းကို ထင်ဟပ်နေသည့် ကိန်းဂဏန်း ဖြစ်ပါသည်။

ဤပြောင်းလဲမှုသည် စီးပွားရေး တိုးတက်မှုသာမက orang particulier sadja ဟုခေါ်သည့် မြို့ပြလူတန်းစားတန်းတခုကိုလည်း အသစ်ပေါ်ထွန်းလာစေခဲ့ပါသည်။ ဤလူတန်းစားမှာ ကိုလိုနီ အုပ်ချုပ်ရေးနှင့် မသက်ဆိုင်သော ဥရောပသား လူလတ်တန်းစားများဖြစ်ပြီး ဆရာဝန်၊ အင်ဂျင်နီယာ၊ သတင်းသမားများနှင့် ပုဂ္ဂလိက စာရေးစာချီများဖြစ်ပါသည်။ ၄င်းတို့က မြို့ပြ အများပြည်သူနှင့် သက်ဆိုင်သော ကိစ္စရပ်များကို ဦးဆောင် ဆောင်ရွက်သည့် ပုဂ္ဂိုလ်များ ဖြစ်လာကြပါသည်။ မိတ်ဖက်အသင်းများဖွဲ့ခြင်း၊ သတင်းစာယဉ်ကျေးမှုနှင့် ပြုပြင်ပြောင်းလဲရေး နိုင်ငံရေးများမှတဆင့် မြို့ပြခေတ်မီမှုနှင့် သက်ဆိုင်သော အခွင့်အာဏာများကို တောင်းဆိုကြပါသည်။ သို့သော် ၎င်းတို့ ပေါ်ထွန်းလာခြင်းနှင့် အပြိုင် ကိုလိုနီစတိတ်၏ ambtenaren ခေါ် အမှုထမ်းများသည် မြို့ပြ ဖွံ့ဖြိုးတိုးတက်ရေးကို အဟန့်အတားဖြစ်နေသည်ဟု ရှုမြင်မှုလည်း ပေါ်ပေါက်လာပါသည်။ အောင်မြင်သော ရှေ့နေတဦးလည်း ဖြစ်ပြီး စူရာဘရာယာ မြို့ကောင်စီဝင်လည်းဖြစ်သည့် Adriaan Paets tot Gonsayen က အင်ဒီစ် အုပ်ချုပ်ရေးအဖွဲ့ကို မြို့ပြ ပြဿနာများကို ဖြေရှင်းခြင်းထက် အလုပ် မဖြစ်သည့် စည်းမျဥ်းစည်းကမ်းများကိုသာ ထိန်းသိမ်းလိုသည့် အသုံးမကျသည့် စက်ယန္တရားဟု ဝေဖန်ခဲ့ပါသည်။

ဤပဋိပက္ခမှ မြူနီစပယ်ပြုပြင်ပြောင်းလဲမှုအတွက် တောင်းဆိုသံများ ပေါ်ပေါက်လာပါသည်။ gemeente (မြို့နယ်အုပ်ချုပ်ရေးယူနစ်) နှင့် gemeenteraad (မြို့တော်ကို အုပ်ချုပ်သည့် ရွေးကောက်ခံအဖွဲ့) ကို ပြည်သူကို ကိုယ်စားပြုနိုင်သည့် လစ်ဘရယ်ဒီမိုကရက်တစ် အဖွဲ့အစည်းများ အဖြစ် ရည်မှန်း ပုံဖော်ခဲ့ကြပါသည်။ ၁၉၀၃ ခုနှစ် Decentralisatie Wet ဟု ခေါ်သည့် ဥပဒေသည် အောင်မြင်မှု တစိတ်တပိုင်း ရခဲ့သည်ဟု ဆိုလို့ရပါသည်။ ၁၉၀၆ ခုနှစ်တွင် စူရာဘရာယာ မြူနီစပယ်ကောင်စီကို တရားဝင်ဖွဲ့စည်းခဲ့ပါသည်။ သို့သော် ၎င်း၏ ဖွဲ့စည်းပုံသည် လစ်ဘရယ် အောင်ပွဲထက် ကိုလိုနီစနစ်အတွင်း အပေးအယူ လုပ်ရသည့် သဘော ပိုဆောင်ပါသည်။ ဥရောပနေရာ ၁၅ နေရာအနက် ၈ နေရာကို ဗျူရိုကရေစီအောက် ထားရှိရပြီး ဥရောပသားမဟုတ်သည့် လူမျိုးစုများကို ၆ နေရာသာ ခန့်အပ်ပါသည်။ ၎င်းသည် လူမျိုးစုံလင်မှုကို ကိုယ်စားပြုသော်လည်း ဒီမိုကရေစီ ညီမျှမှုမပါသည့် ကိုယ်စားပြုမှု ဖြစ်ပါသည်။ အပြည့်အဝ မဲပေးပိုင်ခွင့် မပေးသော်လည်း ဤကဲ့သို့ ဗဟိုချုပ်ကိုင်မှု လျှော့ချခြင်းသည် ကိုလိုနီအုပ်ချုပ်မှုကို ထိန်းသိမ်းထားရန် ရည်ရွယ်သည့် တွက်ကိန်းတခု ဖြစ်ပါသည်။

မည်သို့ပင်ဆိုစေကာမူ gemeenteraad (မြို့တော်ကို အုပ်ချုပ်သည့် ရွေးကောက်ခံအဖွဲ့)  သည် မြို့ပြအာဏာအပေါ် အမြင်ကွဲပြားမှုများ ဖော်ထုတ် ပြိုင်ဆိုင်လို့ရသည့် နေရာတခုအဖြစ် လုပ်ဆောင် ခဲ့ပါသည်။ အခြေခံအဆောက်အဦများ၊ ကျန်းမာရေး၊ သန့်ရှင်းရေးနှင့် မြေသုံးစွဲမှုဆိုင်ရာ ဆွေးနွေးပွဲများက လူတန်းစား ပဋိပက္ခများသာမက မြို့ပြပိုင်ဆိုင်ခွင့်အပေါ် လူမျိုးအခြေခံ အယူအဆများ၊ တင်းမာမှုများကို ထိထိရောက်ရောက် ဖော်ထုတ်ခွင့် ရခဲ့ပါသည်။ ထို့ကြောင့် မြို့သည် စီးပွားရေး စုပြုံမှုနေရာသာ မဟုတ်ဘဲ ကိုလိုနီနိုင်ငံသားဖြစ်ခွင့်၊ ပြည်သူ့အာဏာနှင့် လူမှုတရားမျှတမှု တို့၏ နယ်နမိတ်ကို ဖန်တီးသည့် အလုပ်ရုံတခုအဖြစ် ပြောင်းလဲသွားပါသည်။ စူရာဘရာယာမြို့၏ နိုင်ငံရေး ပြိုင်ဆိုင်မှုထဲတွင် ကိုလိုနီ အင်ပါယာ၏ အဆောက်အဦများကို တုံ့ပြန်တော်လှန်မှု၊ ၄င်း၏ ပုံဖော်ခံရမှုများကို ပထမဆုံးတွေ့ရမည် ဖြစ်ပါသည်။

ဆိုရှယ်လစ်မြို့ပြနိုင်ငံရေး

ဒတ်ချ်အရှေ့အိန္ဒိယရှိ မြူနီစပယ်နိုင်ငံရေးသို့ ဆိုရှယ်လစ်များ ဝင်ရောက်လာခြင်းသည် ကိုလိုနီ အုပ်ချုပ်မှု ကန့်သတ်ချက် အောက်တွင် နိုင်ငံရေး မဟာဗျူဟာကို ပါးနပ်စွာ ပြန်လည် ချိန်ညှိခြင်း တရပ်ကို ကိုယ်စားပြုပါသည်။ တော်လှန်ရေးစကားများ သို့မဟုတ် လှုံ့ဆော်မှုများတွင်သာ မိမိဘာသာ ကန့်သတ်ထားခြင်း မဟုတ်ဘဲ Indische Sociaal-Democratische Vereeniging (ISDV) ၏ အစောပိုင်းအဖွဲ့ဝင်များသည် gemeenteraad (မြို့တော်ကို အုပ်ချုပ်သည့် ရွေးကောက်ခံအဖွဲ့) ကို ခေတ်မီမြို့ပြ ဖော်ဆောင်မှုအပေါ် ပါဝင်တောင်းဆိုနိုင်သည့် အရေးပါ အဖွဲ့အစည်း နေရာတခုအဖြစ် သဘောထားခဲ့ကြခြင်း ဖြစ်ပါသည်။ ဆမရန်မြို့တော် ကောင်စီဝင်ဖြစ်သည့် Westerveld က ငွေရင်းပိုင်ဆိုင်မှုနှင့် မြေစျေးကစားပြီး မြေပိုင်ဆိုင်မှုကဲ့သို့သော လက်ဝါးကြီးအုပ်ထားသည့် ကိစ္စရပ်များကို စိန်ခေါ်နိုင်သည့် မြို့ပြအုပ်ချုပ်မှုအမြင်တခုကို တင်ပြခဲ့ပါသည်။ ဥရောပ ဆိုရှယ်ဒီမိုကရက်တစ် ဓလေ့များမှ သင်ခန်းစာယူပြီး၊ Westerveld သည် လူနေအိမ်ရာမြေများကို အမြတ် ရဖို့ ရောင်းဝယ်ခြင်း မဟုတ်ဘဲ ပြည်သူများထံ ပြန်လည်ဖြန့်ဝေရန် မြူနီစပယ်အဖွဲ့မှ ဝယ်ယူသင့်ကြောင်း ဆွေးနွေးခဲ့ပါသည်။ ယင်းက ကိုလိုနီစနစ်အတွင်း ပြည်သူပိုင် အိမ်ရာ မူဝါဒတခုကို ချမှတ်ရန် အခြေခံအုတ်မြစ် ဖြစ်လာပါသည်။

စူရာဘရာယာတွင် ဤအမြင်သည် အင်စတီကျူးရှင်းပိုင်းအရ ပိုမိုအားကောင်းစွာ ပုံပေါ်လာပါသည်။ ၁၉၀၆ ခုနှစ် မြူနီစပယ်ကောင်စီ ဖွဲ့စည်းခြင်းနှင့်အတူ L.D.J. Reeser နှင့် Mr. van Ravensteyn တို့သည် ဥရောပ စီးပွားရေးသမားအီလိများအပြင် အခြားသူများ နိုင်ငံရေးတွင် ပါဝင်ခွင့်ကို တိုးချဲ့ရန် ကြိုးပမ်းခဲ့ကြပါသည်။ Verkiezingscomité ၏ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးအဖြစ် ၎င်းတို့သည် အမျိုးသမီးများ (သင်္ကေတဆန်သော်လည်း) ပါဝင်မှုကို အားပေးရန် ကြိုးပမ်းခဲ့ပြီး ဒေသခံများ၊ တရုတ်လူမျိုးများနှင့် အာရပ်လူမျိုးများကို ပြည်သူ့ဆွေးနွေးပွဲများတွင် ပါဝင်ရန် တိုက်တွန်းခဲ့ပါသည်။ ရှေ့ပြေးရွေးကောက်ပွဲများတွင် ရှေးရိုးစွဲ စက်မှုလုပ်ငန်းရှင်များ အနိုင်ရမှုကြောင့် ၎င်းတို့၏ ကြိုးပမ်းမှုသည် မအောင်မြင်ခဲ့သော်လည်း နောက်ပိုင်းတွင် အောင်မြင်မှုရလာမည့် မြို့ပြတွင် ကိုယ်စားပြုမှုမျိုးစုံ ပေါ်ပေါက်လာရေးအတွက် ပထမဆုံး အခြေခံတည်ဆောက်မှုဟု သတ်မှတ်လို့ ရပါသည်။

The sailors’ demonstration in Surabaya, demanding improvements to military hospital facilities, marked the first public action by the ISDV in the city and signaled the emergence of socialist political activity in the colonial urban space. The photo captures the moment as the protesters marched toward the city center before being stopped by the police.
Source: Preanger Bode, May 17, 1916.

Indische Sociaal-Democratische Vereeniging (ISDV) ပါတီသည် ၁၉၁၄ ခုနှစ်တွင် Henk Sneevliet ဦးဆောင်မှုအောက်တွင် “လက်တွေ့နိုင်ငံရေး” ဆောင်ရွက်ရန် မူချမှတ်ခြင်းသည် ပြောင်းလဲမှုတခု၏ စမှတ် ဖြစ်လာခဲ့ပါသည်။ သီအိုရီပိုင်း အားသန်သည့် အပြည့်အဝ သန့်စင်ရေး အယူအဆများကို ငြင်းပယ်ကာ ပါတီသည် ကိုလိုနီအုပ်ချုပ်ရေး အဖွဲ့အစည်းများအတွင်း ပြိုင်ဆိုင်မှုဖြင့် အာဏာ ရရှိရန် ရည်ရွယ်ခဲ့ပါသည်။ စူရာဘရာယာတွင် ၎င်းပြောင်းလဲမှုသည် အမျိုးသားရေးဝါဒီ အဖွဲ့အစည်းဖြစ်သည့် Insulinde နှင့် မဟာမိတ်အဖြစ် ပူးပေါင်းသည့် အခြေအနေသို့ ရောက်စေခဲ့ပါသည်။ ၎င်းတို့၏ ပူးတွဲ ပလက်ဖောင်းဖြစ်သည့် Sociale Gemeentepolitiek သည် အချက် ၂ ချက်ပါဝင်သည့် မဟာဗျူဟာတခုကို ချမှတ်ခဲ့ပါသည် — ပညာတတ်သော ဒေသခံများအား မဲပေးပိုင်ခွင့်ပေးရန်နှင့် မြို့ပြအရေးကြီးမြေများ (gemeentegrond) အပေါ် ပြည်သူ့ထိန်းချုပ်မှု ချမှတ်ခြင်းတို့ ဖြစ်ပါသည်။ ဤတောင်းဆိုချက်များသည် ကိုလိုနီစနစ်၏ လူမျိုးအခြေခံ ကိုယ်စားပြုရေး ယူဆချက်များကို အနှောင့်အယှက်ဖြစ်စေသည့်အပြင် တည်ဆဲ မြို့ပြစီးပွားရေး၏ မညီမျှမှုများကို မီးမောင်းထိုးကာ ပြန်လည်ဖြန့်ဝေရေးဆိုင်ရာ မေးခွန်းများကို ပေါ်ပေါက်လာစေခဲ့ပါသည်။

အဆိုပါ မဟာမိတ်အဖွဲ့သည် ၁၉၁၄ ခုနှစ် မြို့တော်ကောင်စီ ရွေးကောက်ပွဲတွင် လစ်ဘရယ်နှင့် ခရစ်ယာန် ပါတီများကို အနိုင်ရခြင်းသည် သင်္ကေတဆန်ရုံသာမက အနှစ်သာရလည်း ပြည့်ဝပါသည်။ စူရာဘရာယာသည် အင်ဒီစ်တွင် မြူနီစပယ်အုပ်ချုပ်ရေးအတွင်း တရားဝင် ဆိုရှယ်လစ်အင်အားစု ရှိသည့် တခုတည်းသော မြို့ဖြစ်လာခဲ့ပါသည်။ ပါဝင်သူ အရေအတွက်မှာ ကန့်သတ်မှု ရှိသော်လည်း၊ ဤအင်အားစုသည် မြို့ပြအခွင့်အရေးများနှင့် သက်ဆိုင်သည့် မဲပေးပိုင်ခွင့်၊ အိမ်ရာနှင့် မြေပိုင်ဆိုင်ခွင့်တို့ကို ပိုမိုကျယ်ပြန့်သည့် လူမှုတရားမျှတမှုဆိုင်ရာ ကိစ္စရပ်များနှင့် ချိတ်ဆက်ပြရာတွင် အောင်မြင်ခဲ့ပါသည်။

ဤရှုထောင့်မှ ကြည့်လျှင် gemeenteraad (မြို့တော်ကို အုပ်ချုပ်သည့် ရွေးကောက်ခံအဖွဲ့) သည် ကိုလိုနီ ဗျူရိုကရေစီတခုသာ မဟုတ်ဘဲ နိုင်ငံသားဖြစ်ခွင့်နှင့် အုပ်ချုပ်ရေးစနစ်ဆိုင်ရာ ဆိုရှယ်လစ် အတွေးအခေါ်များ ကို လက်တွေ့မူဝါဒအဖြစ် ပြောင်းလဲပြနိုင်ခဲ့သည့် နေရာတခုအဖြစ် ဤဆောင်းပါးက ညွှန်းဆိုလိုပါသည်။ သို့သော် ဤစမ်းသပ်မှု၏ ကန့်သတ်ချက် ရှိမှုသည်လည်း ထင်ရှားပါသည်။ ဆမရန်မြို့တော်တွင် ယင်းကဲ့သို့ ပုံစံတူကြိုးပမ်းခဲ့မှုသည် ဒေသခံ မဲဆန္ဒရှင်များကို လူဦးရေ ကန့်သတ်ထားခြင်းကြောင့် မအောင်မြင်ခဲ့ပါ။ သို့သော် စူရာဘရာယာ ဥပမာသည် လက်ဝဲနိုင်ငံရေးသည် ကိုလိုနီအဖွဲ့အစည်းဘဝထဲကို ဝင်ရောက်ပြောင်းလဲနိုင်သော စွမ်းရည် ရှိကြောင်းပြသကာ အင်ပါယာကို တိုက်ရိုက်ဆန့်ကျင်ခြင်းဖြင့်မဟုတ်ဘဲ ၎င်း၏ အက်ကြောင်းများမှ တဆင့် ပေါ်ထွက်လာသည့် နိုင်ငံရေးခေတ်မီမှုတမျိုးကို အမှတ်မထင် ပြသပေးပါသည်။

လက်ဝဲနှင့် အကျပ်အတည်းများ

၁၉၁၆ မှ ၁၉၁၉ ခုနှစ်အတွင်း စူရာဘရာယာမြို့သည် ကိုလိုနီအုပ်ချုပ်ရေး၏ အကန့်အသတ်အောက်တွင် လက်ဝဲမြူနီစပယ် နိုင်ငံရေးမူဝါဒများ စမ်းသပ်ဆောင်ရွက်ရာ နေရာအဖြစ် ပေါ်ထွက်လာပါသည်။ ပထမကမ္ဘာစစ်အတွင်း ဖြစ်ပေါ်ခဲ့သည့် ကုန်စျေးနှုန်းများတက်ခြင်း၊ ကုန်စည်စီးဆင်းရာ လမ်းကြောင်းများ ပြတ်တောက်ခြင်းနှင့် အိမ်ရာပြတ်လပ်မှုတို့ကြောင့် ISDV–Insulinde မဟာမိတ်အဖွဲ့၏ ကျောထောက်နောက်ခံမှုဖြင့်  C. Hartogh ဦးဆောင်သော ဆိုရှယ်လစ်အဖွဲ့သည် gemeenteraad (မြို့တော်ကို အုပ်ချုပ်သည့် ရွေးကောက်ခံအဖွဲ့) ကို တိုးတက်သော နိုင်ငံရေးမူဝါများ စမ်းသပ် ဖော်ဆောင်ရာ နေရာအဖြစ် ပြန်လည်တည်ဆောက်ခဲ့ပါသည်။ အိမ်ရာပြုပြင်ပြောင်းလဲရေးနှင့် စျေးကွက်ထိန်းကျောင်းရေးဆိုသည့် မူနှစ်ချက်ဖြင့် မြို့တော်ကောင်စီကို ဆောင်ရွက်ပါသည်။ Hartogh သည် စျေးနှုန်းသက်သာသည့် အိမ်ရာများ ဆောက်လုပ်ရန်နှင့် မြေစျေးကစားမှုကို ထိန်းချုပ်ရန် တာဝန်ခံသော မြူနီစပယ် အဖွဲ့အစည်းများဖြစ်သည့် Woningbedrijf နှင့် Grondbedrijf တို့ကို တည်ထောင်ရန် ဦးဆောင်ခဲ့ပါသည်။ နောက်ပိုင်းတွင် အခြားပါတီများလည်း ပူးပေါင်းပါဝင်လာခဲ့ပြီး Jos M. Suijs (ခရစ်ယာန်ကိုယ်ကျင့်တရားပါတီ) နှင့် D. Williams (Insulinde) တို့နှင့်အတူ Woningvereeniging ကို တည်ထောင်ခဲ့ပါသည်။ ဤကဲ့သို့ မဟာမိတ် စုဖွဲ့မှုပုံစံသည် နိုင်ငံရေး သဘောတရား သန်သည့်အယူအဆထက် လူမှုလိုအပ်ချက်ကို အခြေခံသည့် လက်တွေ့နိုင်ငံရေး ပုံစံတခုကို ကိုယ်စားပြုပါသည်။

သို့သော် ဤစမ်းသပ်မှုသည် ကိုလိုနီခေတ် လူမျိုးရေး အထက်အောက်ခွဲခြားမှုများကြောင့် ကန့်သတ်ချက်များ ရှိခဲ့ပါသည်။ ဂျာဗားဘဏ် ချေးငွေများနှင့် မြူနီစပယ်ဘွန်းများဖြင့် ငွေကြေးထောက်ပံ့ပြီး တရားဝင် အကောင်အထည်ဖော်ခဲ့ခြင်း ဖြစ်သော်လည်း၊ အဆိုပါ အိမ်ရာအစီအစဉ်သည် အငြင်းပွားဖွယ်အဖြစ် ဝင်ငွေနည်း အင်ဒို-ဥရောပသားများကိုသာ အကျိုးပြုခဲ့ပါသည်။ မြို့ပြအတွင်း လူဦးရေအများစု ဖြစ်သော ဒေသခံ အလုပ်သမားများမှာ ဖွဲ့စည်းပုံအရ အမြဲဖယ်ထားခံခဲ့ရပါသည်။ ယင်းအချက်က ခွဲခြားထားသည့် မြို့ပြအုပ်ချုပ်ရေးအတွင်း ပြန်လည်ဖြန့်ဝေရေးမူဝါဒများ ဖော်ဆောင်ရာတွင် အကန့်အသတ်များစွာ ရှိနေကြောင်း ဖော်ပြနေခြင်း ဖြစ်ပါသည်။

စစ်အတွင်း အကျပ်အတည်းသည် နောက်ထပ် မြူနီစပယ်အရေးတခု ဖြစ်သည့် စားရေးလုံခြုံမှုကိုပါ ထင်ရှားလာစေခဲ့ပါသည်။ ၁၉၁၈ ခုနှစ်အစောပိုင်းတွင် Hartogh သည် မရှိမဖြစ်သုံးစွဲရသော ပစ္စည်းများအပေါ် စျေးနှုန်းကန့်သတ်ချက် ထားရန် အဆိုပြုချက် တင်သွင်းခဲ့ပါသည်။ အစိုးရက ပြည်သူ့ မီးဖိုချောင်များဖွင့်လှစ်ပေးခြင်းနှင့် ဆန်စျေးလျှော့ပေးခြင်းတို့ ဆောင်ရွက်ခဲ့သော်လည်း တရုတ် ကုန်သည်ဂိုဏ်းများ၏ စျေးကစားမှုကြောင့် လူမျိုးရေးခွဲခြားထားသည့် မြို့ပြစီးပွားရေးစနစ်၏ အားနည်းချက်ကို ထင်ပေါ်စေခဲ့ပါသည်။ ဤအချိန်မှစ၍ လက်ဝဲနိုင်ငံရေးသည် ဥရောပ အဝန်းဝိုင်းအတွင်းမှသာ မကတော့ဘဲ တိုးချဲ့လာခဲ့ပါသည်။ ၁၉၁၉ ခုနှစ်တွင် Hartogh သည် Rosenquist (Sarekat Hindia) နှင့် Soekiran (Sarekat Islam) တို့နှင့်အတူ ဆန်ဖြန့်ဝေရေးအပေါ် ကြီးကြပ်မှုရှိစေရန် တောင်းဆိုခဲ့ပါသည်။ Sarekat Islam မှ Muso ဦးဆောင်သော ပြည်သူ့ဆန္ဒထုတ်ဖော်မှု တခုလည်း ပေါ်ပေါက်လာခဲ့ပါသည်။ ၎င်းသည် အတည်တကျ မဟုတ်သော်လည်း အရေးပါသည့် လူမျိုးစုံဆိုင်ရာ နိုင်ငံရေးအတူတကွ ဆောင်ရွက်ခြင်း စမှတ်တခု ဖြစ်လာပါသည်။

ဤဖြစ်ရပ်သည် ဥရောပ လက်ဝဲသမားများနှင့် ဒေသခံ အများပြည်သူဆိုင်ရာ အဖွဲ့အစည်းများအကြား အမြင်သဘောထား တိုက်ဆိုင်သည့် ကာလတခုကို ကိုယ်စားပြုပါသည်။ သို့သော် ကိုလိုနီ ရွေးကောက်ပွဲစနစ်၏ လူမျိုးရေး ခွဲခြားမှု အရှိတရားသည် အလျင်အမြန် ပြန်လည် ပေါ်ပေါက်လာပါသည်။ ISDV သည် Insulinde နှင့် မဟာမိတ်ဆက်ခြင်းကို ဖြတ်တောက်ပြီး Sarekat Islam နှင့် မဟာမိတ်အသစ်ဖွဲ့ရန် ကြိုးပမ်းခြင်းကြောင့် Hartogh သည် ၁၉၁၈ ရွေးကောက်ပွဲတွင် မဲအနည်းငယ်အကွာဖြင့် ရှုံးနိမ့်ခဲ့ရပါသည်။ စူရာဘရာယာမြို့၏ လူဦးရေ အများစုဖြစ်သော ဒေသခံ မဲဆန္ဒရှင်များကို ၇၈ နေရာသာ ခွင့်ပြုခဲ့ပါသည်။ မဲပေးခွင့်အာဏာသည် ဥရောပသားနှင့် အင်ဒို-ဥရောပသားများ၏ လက်ထဲတွင်သာ တည်ရှိနေခဲ့ပါသည်။ ၎င်းတို့အနက် အများစုသည် ဆိုရှယ်လစ် မူဝါဒများအပေါ် သံသယရှိသည့် အုပ်စုများ ဖြစ်ပါသည်။

မြူနီစပယ်အတွင်း လက်ဝဲလှုပ်ရှားမှုသည် ရည်ရွယ်ချက်နှင့် နည်းလမ်းတို့တွင် တက်ကြွ ခိုင်မာသော်လည်း ကိုလိုနီဖွဲ့စည်းပုံအောက်တွင် ကန့်သတ်ခံရပါသည်။ သို့သော် ၎င်းသည် ကိုလိုနီ နိုင်ငံရေးအပေါ် ရိုးရာအမြင်များနှင့် မတူသော တုံ့ပြန်ချက်တခုကို ဖော်ပြခဲ့ပါသည်။ မြို့ပြသည် ပိုမိုတန်းတူညီမျှသည့် အနာဂတ်များကို စိတ်ကူးပုံဖော်ရန် ပြိုင်ဆိုင်သည့် နယ်မြေ တခု ဖြစ်လာခဲ့ပါသည်။ သူပုန်ထသည့် နည်းလမ်းဖြင့်မဟုတ်ဘဲ ကောင်စီတွင်း တင်သွင်းချက်များ၊ လူသိထင်ရှား မဟာမိတ်များနှင့် နှေးကွေးသော ပြည်သူ့စနစ်ပြောင်းလဲမှုတို့ဖြင့် ဆောင်ရွက်သည့် လုပ်ငန်းများဖြင့် ဖြစ်လာခဲ့ခြင်း ဖြစ်ပါသည်။

နိဂုံးချုပ်

အင်ဒိုနီးရှားအမျိုးသားရေးလှုပ်ရှားမှု ရှေးဦးဆုံးသမိုင်းအမြင်များတွင် အမြဲတမ်း အထင်ကြီးတတ် သည်မှာ ထင်ရှားသည့် အထက်တန်းလွှာ အီလိများ ဖြစ်ပြီး၊ မြို့ပြနိုင်ငံရေးတွင် ပါဝင်ခဲ့သည့် လက်ဝဲနိုင်ငံရေးအဖွဲ့များ၏ အခြေခံကျသော ဆောင်ရွက်မှုများကို လျစ်လျူရှုထားပါသည်။ အစောပိုင်းဆိုရှယ်လစ်နှင့် ကွန်မြူနစ်လှုပ်ရှားသူများကို တော်လှန်ရေးသမားများ သို့မဟုတ် ဖိနှိပ်ခံရမှုနှင့် ပတ်သက်သည့် အဖွဲ့အစည်းသမိုင်းများအတွင်းသာ မှတ်မိတတ်ကြပါသည်။ သို့သော် ထိုအဖွဲ့များသည် ကိုလိုနီမြို့ပြနိုင်ငံရေး၏ နေ့စဉ်ဘဝထဲတွင် ထင်ရှားစွာပါဝင်ခဲ့သူများ ဖြစ်ပါသည်။ စူရာဘရာယာကဲ့သို့သော မြို့များတွင် လက်ဝဲလှုပ်ရှားသူများသည် မြူနီစပယ်အဖွဲ့အစည်းများထဲသို့ ဝင်ရောက်ကာ အိမ်ရာရှားပါးမှု၊ မြေအုပ်ချုပ်မှု၊ အစားအသောက် ရရှိခွင့်ကဲ့သို့သော မြို့ပြမညီမျှမှုကို ဖြေရှင်းရန် မူဝါဒအစီအစဉ်တခုကို ဖော်ပြခဲ့ကြပါသည်။ ၎င်းတို့သည် မူဝါဒပိုင်းနှင့်သာ သက်ဆိုင်သည် မဟုတ်ဘဲ ကိုလိုနီစနစ်၏ အလွှာခွဲခြားမှုအောက်တွင် မြို့ပြ နိုင်ငံသားဖြစ်ရေးကို ချမှတ်လိုသည့် နက်နဲသော နိုင်ငံရေးစီမံကိန်း၏ လက္ခဏာများ ဖြစ်ပါသည်။

ထို့ကြောင့် စူရာဘရာယာသည် နိုင်ငံရေးအတွေးအခေါ် အယူအဆများကို လက်တွေ့ အကောင်အထည်ဖော်ရာ မြို့ပြနယ်မြေတခုအဖြစ် ထင်ပေါ်လာပါသည်။ မြူနီစပယ်ကောင်စီသည် ပြင်ပသီးခြားနေရာတခုမဟုတ်ဘဲ၊ လက်ဝဲလှုပ်ရှားသူများက မြို့ပြအုပ်ချုပ်ရေး၌ ခွဲခြားမှုကို တိုက်ဖျက်ရန်နှင့် မြို့ကို ပိုမိုမျှတသော နိုင်ငံရေးပိုင်ဆိုင်မှုနေရာတခုအဖြစ် စိတ်ကူးတည်ဆောက်ရန် ကြိုးပမ်းခဲ့သော နိုင်ငံရေးကွင်းလည်း ဖြစ်လာခဲ့ပါသည်။ ၎င်းတို့၏ ကြိုးပမ်းမှုသည် ကိုလိုနီခေတ် ခေတ်မီမှု၏ ချို့ယွင်းသည့် နယ်နမိတ်များကို ဖော်ထုတ်ပေးသည့်အပြင် ပြန်လည်ဖြန့်ဝေမှုနှင့် အားလုံးပါဝင်နိုင်သည့် နိုင်ငံရေးတခုကို ကြိုတင် လမ်းပြပေးခဲ့ပါသည်။ ဤသမိုင်း အခန်းကဏ္ဍသည် ရိုးရာသမိုင်းအတွင်း ထင်ရှားစွာမပါဝင်သေးခြင်းမှာ အီလိမဟုတ်သည့် နိုင်ငံရေးအမြင်များ အမြဲတမ်း ဘေးဖယ်ခံထားရမှု၏ သက်သေဖြစ်ပါသည်။ စူရာဘရာယာရှိ လက်ဝဲနိုင်ငံရေးအား ပြန်လည် ဖော်ထုတ်ခြင်းသည် ဒီမိုကရေစီ စံနှုန်းများနှင့် လူတိုင်းပါဝင်နိုင်သည့် နိုင်ငံရေးသည် လမ်းဘေး၊ ရပ်ကွက်၊ လူထုနေ့စဉ်ဘဝအတွင်းမှ စတင်နိုင်ကြောင်း ပြသနေပါသည်။ ယနေ့ အင်ဒိုနီးရှား မြို့ပြပြဿနာများအပေါ် ပြန်သုံးသပ်မည်ဆိုပါက၊ ဤအစောပိုင်း လက်ဝဲနိုင်ငံရေး၏ အမွေအနှစ်သည် သတိပေးချက်တခုဖြစ်သလို စံနမူနာတခုလဲ ဖြစ်ပါသည်။ မြို့ပြသည် ငွေကြေးနှင့် ထိန်းချုပ်မှုအတွက်သာ မဟုတ်ဘဲ တရားမျှတမှု၊ ကိုယ်စားပြုမှုနှင့် အားလုံးပိုင်ဆိုင်မှုအတွက် ဖြစ်ရမည် ဖြစ်ပါတော့သည်။

Andi Achdian
အန်ဒီ အက်ချ်ဒီယန်သည် အရှေ့တောင်အာရှရှိ မြို့ပြသမိုင်း၊ ကိုလိုနီဆန့်ကျင်ရေးနိုင်ငံရေးနှင့် ပြည်သူ့မှတ်ဉာဏ်တို့၏ ဆက်နွယ်မှုများကို လေ့လာသုံးသပ်သည့် သမိုင်းပညာရှင်နှင့် ပြတိုက်မှူးတဦးဖြစ်ပါသည်။ ၎င်း၏ သုတေသနမှာ ကိုလိုနီခေတ် မြို့ပြ၏ လူမှုရေးနှင့် နိုင်ငံရေး ပြောင်းလဲမှုများအပေါ် အထူးအာရုံစိုက်၍၊ အထူးသဖြင့် ၂၀ ရာစုအစောပိုင်း စူရာဘရာယာမြို့ကို လေ့လာပါသည်။ ၎င်းသည် ဂျကာတာရှိ Universitas Nasional တက္ကသိုလ်တွင် လူမှုရေးနှင့် နိုင်ငံရေးသိပ္ပံဌာနရှိ လူမှုဗေဒ ဌာနမှူးအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိပါသည်။ အန်ဒီသည် Race, Class, and Nation: The History of the Anti-Colonial Movement in Surabaya (Marjin Kiri, 2021) စာအုပ်၏ စာရေးသူဖြစ်ပြီး၊ သုတေသနအလုပ်များအပြင် လူ့အခွင့်အရေးနှင့် သမိုင်းဆိုင်ရာ ပြပွဲများစွာကိုလည်း ဦးဆောင်ဖော်ပြခဲ့သည်။ ၄င်းတို့ထဲတွင် မူနီး လူ့အခွင့်အရေးပြတိုက် (၂၀၁၃) နှင့် အရှေ့တီမောနိုင်ငံရှိ Comarca Balide ပြတိုက် (၂၀၂၄) တို့ ပါဝင်ပါသည်။