
ဤဆောင်းပါးသည် ကိုဗစ်-၁၉ ကဲ့သို့သော ဘေးအန္တရာယ်များကို အင်ဒိုနီးရှားအလုပ်သမားများအား ပိုမိုဖိနှိပ်ရန် ယန္တရားတခုအဖြစ် မည်ကဲ့သို့ အသုံးချခဲ့သည်ကို ဆန်းစစ်ထားပြီး၊ ထိုအဖြစ်အပျက်အပေါ် တုံ့ပြန်စဉ်းစားရာတွင် သမဂ္ဂခေါင်းဆောင်များနှင့် အလုပ်သမားလှုပ်ရှားသူများက အင်ဒိုနီးရှား အလုပ်သမားလှုပ်ရှားမှုကို မည်သို့ ပြန်လည်ဆန်းစစ်ခဲ့ကြသည်ကို ဆွေးနွေးထားပါသည်။
ပြည်သူကို ဆန့်ကျင်သော ဥပဒေ
ဤဆောင်းပါးကို ၂၀၂၅ ခုနှစ် မတ်လ နောက်ဆုံးပိုင်းတွင် ရေးသားနေချိန်တွင် အင်ဒိုနီးရှားရှိ မြို့ကြီးအများအပြားတွင် ဆန္ဒပြသူများ တက်ကြွလှုပ်ရှားနေဆဲဖြစ်ပါသည်။ ၎င်းတို့ထဲတွင် ကျောင်းသားများ၊ အလုပ်သမားများနှင့် ပြည်သူလူထု အများစု ပါဝင်ပြီး၊ ၂၀၂၅ ခုနှစ် မတ်လ ၂၀ ရက်နေ့တွင် အောက်လွှတ်တော်မှ ပြဋ္ဌာန်းခဲ့သော အင်ဒိုနီးရှားစစ်တပ် (TNI) ဥပဒေကို ပယ်ဖျက်ရန် တောင်းဆိုနေကြပါသည်။ ယင်းဥပဒအသစ်သည် ယခင်ဥပဒေကို ပြင်ဆင်ထားခြင်းဖြစ်ပြီး၊ အရပ်သား ထိန်းချုပ်မှုအပေါ် တိုက်ရိုက်ဆန့်ကျင်သော အချက်အလက်များပါဝင်ခြင်းကြောင့် ပြဿနာရှိသည်ဟု ဝေဖန်ခံထားရပါသည်။ အထူးသဖြင့် စစ်တပ်အာဏာနှင့် အရပ်သားအာဏာ တို့အကြား ပိုင်းခြားထားချက်များကို ရှုပ်ထွေးသွားစေသည့် ပုဒ်မအချို့ ပါဝင်နေကြောင်းက များစွာ ဝေဖန်ခံ ထားရပါသည်။ ယင်းက New Order အာဏာရှင်ခေတ်ကို ပြန်သတိရစေသလို၊ ထိုခေတ်ကို ပြန်သွားစေမည့် အန္တရာယ်မျိုးကိုလည်း ဖော်ပြနေသည်ဟု ဆိုနိုင်ပါသည် (Paat & Rivana, 2025; Saputra, 2025; Tempo, 2025)။ ထို့အပြင် ဤဥပဒေ ပြင်ဆင်ရေးလုပ်ငန်းစဉ်မှာလည်း အလျင်စလို ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါသည်။ သို့ဖြစ်သည့်အတွက်ကြောင့် “ပြည်သူပါဝင်မှု (သို့) အဓိပ္ပါယ်ရှိသော ဆွေးနွေးမှုအခွင့်အရေးများ အလုံးစုံနည်းပါးခဲ့သည်” ဟု Saputra (2025) မှဖော်ပြထားပါသည်။ ဥပဒေကြမ်းများအား ဆွေးနွေးရေးနှင့် တည်းဖြတ်ရေးအဆင့်များတွင် သဘောတူညီမှုမရှိခြင်းနှင့် ပွင့်လင်းမြင်သာမှု နည်းပါးခြင်းများသည် “အောက်လွှတ်တော်တွင် မကြာခဏကြုံရသော ပြဿနာတခု” ဖြစ်ကြောင်း Tempo (2025) ကလည်း ဝေဖန်ထားပါသည်။

အမှန်တွင်လည်း ဤအခြေအနေသည် ၂၀၂၀ ခုနှစ် အောက်တိုဘာ ၅ ရက်တွင် ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားနေချိန်တွင် အများပြည်သူက ဆန့်ကျင်နေသော်လည်း အောက်လွှတ်တော်က အတည်ပြုခဲ့သော “အလုပ်ဖန်တီးရေးအတွက် Omnibus ဥပဒေ” (Undang-Undang Cipta Kerja) ကို ပြန်လည် သတိရစေမည်ဖြစ်ပါသည်။ ဤဥပဒေကြောင့်လည်း တနိုင်ငံလုံးတွင် ဆန္ဒပြပွဲများ ဖြစ်ပေါ်ခဲ့ပြီး၊ ပယ်ဖျက်ရန် တောင်းဆိုမှုများ ထွက်ပေါ်ခဲ့ပါသည် (Prasetyo, 2020; Lane, 2020)။ ၎င်းဥပဒေကို အတည်မပြုမီက အရပ်ဘက်အဖွဲ့အစည်းများက “အင်ဒိုနီးရှားပြည်သူအားလုံးအတွက် လူ့အခွင့်အရေးများကို လေးစားလိုက်နာ၍ တန်ဖိုးထားရမည့် တရားမျှတမှု မူဘောင်အတွင်း” ဥပဒေ အတည်ပြုရေးကို ရပ်တန့်သင့်ကြောင်း တင်ပြခဲ့သော်လည်း၊ ဤလုပ်ငန်းစဉ်ကို “လျှို့ဝှက်စွာ” ဆက်လက် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါသည် (Panimbang, 2020)။
Omnibus ဥပဒေသည် ရင်းနှီးမြှုပ်နှံသူများနှင့် ၎င်းတို့၏ ခရိုနီများအတွက်သာ အကျိုး ဖြစ်ထွန်းစေပါသည်။ ၎င်းသည် အလုပ်သမားဥပဒေများ၊ သတ္တုတွင်း သတင်းအချက်အလက်ဆိုင်ရာ စည်းမျဉ်းများနှင့် သဘာဝပတ်ဝန်းကျင်ကာကွယ်ရေးဥပဒေများကဲ့သို့ တည်ဆဲဥပဒေ ၇၉ ခု ကို ပြင်ဆင် လိုက်ခြင်း ဖြစ်ပါသည်။ ယင်း၏ရည်ရွယ်ချက်မှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်ရန် ဖြစ်ပြီး၊ အလုပ်သမားများကို ဖိနှိပ်ခြင်းနှင့် မြေယာထိန်းချုပ်မှု လုပ်ငန်းစဉ်များကို ဆက်လက် အသုံးချထားခြင်း ဖြစ်ပါသည်။ “အလုပ်ဖန်တီးမှု” ဟု စကားလုံးလှလှ သုံးထားသော်လည်း၊ ပိုပြီး အရေးကြီးသောမေးခွန်းမှာ “ဘယ်လိုအလုပ်မျိုးလဲ” ဆိုသည့် မေးခွန်း ဖြစ်ပါသည်။ သူတို့က ဆိုသည်မှာ အလုပ်သမားများအပါအဝင် အင်ဒိုနီးရှားပြည်သူများ၏ ကျန်းမာမှုနှင့် သဘာဝပတ်ဝန်းကျင် ကာကွယ်စောင့်ရှောက်ရေး ဆိုတာမျိုး စကားလုံးလှလှများ သုံးစွဲထားပါသည်။
အလုပ်သမားဆိုင်ရာအကြောင်းအရာများကိုသာ ကြည့်ဦးတော့၊ “အလုပ်ဖန်တီးခြင်း”အစား၊ ယင်းဥပဒေသည် လုပ်အား ပြင်လွယ်ပြောင်းလွယ် ဖြစ်ခြင်း (labor flexibilization) ကိုတိုးမြှင့်ပေးပြီး အလုပ်အကိုင်တည်ငြိမ်မှုကို အန္တရာယ်ဖြစ်စေပါသည်။ ထို့ပြင် အများပြည်သူ၏ ပိုင်ဆိုင်မှုများနှင့် ဝန်ဆောင်မှုများကို ပုဂ္ဂလိသို့ချပေးခြင်း (privatization)၊ အလုပ်သမားအခွင့်အရေးများအပေါ် တိုက်ခိုက်မှု – ဥပမာအားဖြင့် ဖျားနာခွင့် (sick leave) နှင့် ပင်စင်များ၊ အနည်းဆုံး လုပ်ခလစာ သတ်မှတ်ခြင်းကို ထိခိုက်စေနိုင်သော အရေးကြီးသောအချက်အလက်များ (ဥပမာ ငွေကြေးဖောင်းပွနှုန်း) တချို့ကို ဖယ်ရှားခြင်းတို့ကို ဖြစ်စေပါသည် (Panimbang, 2020; Izzati, 2020; Prasetyo, 2020 ကိုကြည့်ပါ)။ အံ့အားသင့်စရာ မကောင်းသည်ကတော့ ကမ္ဘာ့ဘဏ်က ဤဥပဒေကို “စိတ်အားထက်သန်စွာ ထောက်ခံ”ခဲ့ပြီး၊ အင်ဒိုနီးရှားလုပ်ငန်းရှင်များအသင်းနှင့် ကုန်သွယ်ကြီးများ အသင်းကလည်း ထောက်ခံခဲ့ကြပါသည် (Lane, 2020)။ ကမ္ဘာလုံးဆိုင်ရာနှင့် ဒေသတွင်း ရင်းနှီးမြှုပ်နှံသူများအတွက်တော့ ဤအလုပ်အကိုင်အမျိုးအစားများ (ခန့်အပ်လွယ်၍ လစာနိမ့်ပြီး အကျိုးခံစားခွင့်မရှိသော၊ တည်ငြိမ်မှုနည်းသော အလုပ်အကိုင်များ) သည် ပိုမို ဂုတ်သွေးစုပ် အမြတ်ထုတ်ရန် အခြေအနေဖန်တီးပေးပါသည်။ ၎င်းသည် အလုပ်သမား၏ လစာကို လျှော့ချခြင်း (သို့) ထုတ်လုပ်မှုထွက်အား တိုးချဲ့ဖို့ အလုပ်သမားကို ဖိအားပေးခြင်း စသည့် နည်းလမ်းများပေးခြင်း၊ မူဝါဒများ ချမှတ်နိုင်ခြင်း စသည့် အခြေအနေမျိုး ဖြစ်ပေါ်စေပါသည်။
၂၀၂၄ ခုနှစ် စာရေးသူ အင်ဒိုနီးရှားသို့ သွားခဲ့ချိန်တွင် ဂျကာတာနှင့် ဘန်တန်၊ အနောက်ဂျာဗားရှိ မြို့အချို့တွင် စက်ရုံလုပ်သားများ၊ သမဂ္ဂခေါင်းဆောင်များနှင့် အလုပ်သမားရေး လှုပ်ရှား သူများ/သုတေသနပညာရှင်များကို မေးမြန်းခဲ့ပါသည်။ ဤမေးမြန်းမှုများမှာ ကိုဗစ်-၁၉ ကဲ့သို့သော ဖြစ်ရပ်များကြောင့် ဖြစ်ပေါ်လာသည့် “အကျပ်အတည်းများ” အပေါ်၌ အလုပ်သမားများ အပါအဝင် အဖွဲ့အစည်းများကို မည်သို့ထိခိုက်ပြီး မည်သို့တုံ့ပြန်ကြသည်ကို ဆန်းစစ်သော သုတေသနစီမံကိန်း၏ အစိတ်အပိုင်း တခုဖြစ်ပါသည်။ သို့သော် မေးမြန်းမှုများထဲမှ အရေးကြီးသည့် အစိတ်အပိုင်းတခုမှာ အလုပ်သမားလှုပ်ရှားမှုသည် Global South (ကမ္ဘာ့တောင်ပိုင်းနိုင်ငံများ) တွင် ပါဝင်နေသည့် အင်ဒိုနီးရှားအလုပ်သမားလှုပ်ရှားမှု၏ မဟာဗျူဟာအကြောင်း ဆွေးနွေးမှုများ ဖြစ်လာခဲ့ပါသည်။ မေးမြန်းခဲ့သူအများစုမှာ Omnibus ဥပဒေကို ဆန့်ကျင်သော ဆန္ဒပြမှုများတွင် တိုက်ရိုက် (သို့မဟုတ်) သွယ်ဝိုက် ပါဝင်ကြသူများ ဖြစ်ကြပါသည်။ စာရေးသူ တွေ့ဆုံမေးမြန်းခဲ့သော သမဂ္ဂ ခေါင်းဆောင်များသည် ကျောင်းသား၊ အမျိုးသမီး၊ သဘာဝပတ်ဝန်းကျင်နှင့် အရပ်ဘက် အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သော သမဂ္ဂအဖွဲ့အမျိုးမျိုးနှင့် သမဂ္ဂဖက်ဒရေးရှင်းအဖွဲ့အချို့၏ မဟာမိတ်ဖြစ်သည့် GEBRAK (Workers with the People Movement) ကို တည်ထောင်ခဲ့သော သမဂ္ဂများအတွင်းမှလည်း ဖြစ်ကြပါသည်။ GEBRAK သည် Omnibus ဥပဒေ ဆန့်ကျင်ရေး လှုပ်ရှားမှုများအတွင်း အများပြည်သူကို လှုံ့ဆော်ပေးရာတွင် တက်ကြွစွာ ပါဝင်ခဲ့သော်လည်း၊ ယင်းက သူတို့၏ ပထမဆုံးလှုပ်ရှားမှုမဟုတ်ပါ။ Lane (2020, p. 3) က ၎င်းတို့၏ မဟာဗျူဟာကို “နယ်ပယ်ပေါင်းစုံကို ထည့်သွင်းထားသည့် အများပြည်သူအခြေပြု လှုပ်ရှားမှုတခု” ဟုဖော်ပြထားပါသည်။ သို့ဖြစ်၍ ယင်းကို ဆက်လက်မဆွေးနွေးမီတွင် ကိုဗစ်-၁၉ ကပ်ရောဂါနှင့် သက်ဆိုင်သော အင်ဒိုနီးရှားအလုပ်သမားများ၏ အတွေ့အကြုံအချို့ကို တင်ပြပါမည်။

ကပ်ရောဂါကို အမြတ်ထုတ်ခြင်း
ကိုဗစ်-၁၉ ကပ်ရောဂါသည် ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်ရေး အချိတ်အဆက်ကွန်ယက်များကို ထိခိုက်မှုကြီးစွာဖြင့် ပျက်ပြားစေခဲ့သည်မှာ ယခု ထင်ရှားလာခဲ့ပြီ ဖြစ်ပါသည် (Foster & Suwandi, 2020 ကိုကြည့်ပါ)။ J.P. Morgan ၏ ၂၀၂၂ ခုနှစ် အစီရင်ခံစာတစောင်က ထုတ်ဖော်ပြသသည်မှာ၊ ကုန်သွယ်ရေး လမ်းကြောင်းများနှင့် သတ္တုတွင်းလုပ်ငန်းများမှစ၍ ဓာတုပစ္စည်းများ ထောက်ပံ့ရေးအထိ အစိတ်အပိုင်း အမျိုးမျိုးတွင် ပိတ်ဆို့မှုများ ဆက်လက်ဖြစ်ပွားနေသည့်အပြင်၊ ယင်းဖြစ်စဉ်ကို ရုရှား–ယူကရိန်း ပဋိပက္ခက ထပ်မံ၍ ပြင်းထန်စေခဲ့ကြောင်း ဖြစ်ပါသည်။
သို့သော် ကုန်ထုတ်လုပ်မှုနေရာရှိ အလုပ်သမားများအပေါ် ယင်းကဲ့သို့သော အကျပ်အတည်းများက မည်သို့ သက်ရောက်သနည်းဆိုသည်မှာ မရှင်းလင်းသေးပါ။ ကိုဗစ်-၁၉ ကဲ့သို့ ဖြစ်စဉ်များမှ ဖြစ်ပေါ်လာသော ကမ္ဘာလုံးအနှံ့ တပြိုင်နက်တည်း ခံစားနေရသည့် ပြောင်းလဲမှုများနှင့် အင်ဒိုနီးရှားရှိ ဖိနပ်ချုပ်သူများ၊ အီလက်ထရွန်နစ်ပစ္စည်း တပ်ဆင်သူများ၊ အပြည်ပြည်ဆိုင်ရာ ကော်ပိုရေးရှင်းကြီးများအတွက် ကုန်ပစ္စည်းအမျိုးမျိုး ထုတ်လုပ်သူများအကြားတွင် မည်သည့် ဆက်စပ်မှု ရှိပါသနည်း။ ကံဆိုးစွာဖြင့် အဖြေမှာ ရေရေရာရာ မရှိပါ။ ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်မှု လုပ်ငန်းများသည် ဤအရင်းရှင် စီးပွားရေးစနစ်အတွင်း အရင်း စုဆောင်းရေးကို ရည်ရွယ်သည့် လှုပ်ရှားမှု ဖြစ်သဖြင့် (Smith, 2016; Suwandi, 2019)၊ ကိုဗစ်-၁၉ သို့မဟုတ် ရုရှား–ယူကရိန်း ပဋိပက္ခကဲ့သို့ ဖြစ်စဉ်များသည် အမှန်တကယ် သက်ရောက်မှုရှိသည်ဖြစ်စေ၊ မရှိဘူးဖြစ်စေ၊ အလုပ်သမားများကို ပိုမို ဂုတ်သွေးစုပ် အမြတ်ထုတ်ရန် အကြောင်းအရာတခုအဖြစ် အသုံးချ ခံရနိုင်ပါသည်။
စာရေးသူ မေးမြန်းခွင့်ရသူများက စက်ရုံအများအပြားတွင် တူညီသော ပုံစံများ ဖြစ်ပေါ်နေကြောင်း သတိထားမိကြပါသည်။ ကိုဗစ်ကပ်ရောဂါ (တခါတရံတွင် ရုရှား–ယူကရိန်း ပဋိပက္ခ) သည် အမျိုးမျိုးသော အလုပ်သမားဖိနှိပ်မှုအခြေအနေများအတွက် အကြောင်းပြချက် အဖြစ် အသုံးချခံခဲ့ရပါသည်။ ဥပမာဆိုရလျှင် အလုပ်သမားအများအပြား အလုပ်ထုတ်ခံရခြင်း (PHK/Pemutusan Hubungan Kerja) ကို ကြုံတွေ့ခဲ့ရပါသည်။ အကြောင်းပြချက်မှာ သူတို့အလုပ်လုပ်သော စက်ရုံသည် ဖွံ့ဖြိုးပြီးနိုင်ငံများရှိ အပြည်ပြည်ဆိုင်ရာကုမ္ပဏီကြီးတခုကို ပစ္စည်းတင်ပို့သော စက်ရုံဖြစ်ပြီး ယင်းကုမ္ပဏီကြီးက ကုန်ပစ္စည်း အဝယ်ကျသွားသောကြောင့်ဟု အကြောင်းပြချက် ပေးပါသည်။ “ကပ်ရောဂါကြောင့်” ဆိုသည်မှာ အသုံးအများဆုံး အကြောင်းပြချက် ဖြစ်ပြီး၊ (အနည်းငယ်သာ) “ယူကရိန်းစစ်ပွဲ” ကိုပါ ထည့်သွင်းဖော်ပြခဲ့ကြသည်။ ၎င်းက အဓိပ္ပာယ်ရသည်မှာ အပြည်ပြည်ဆိုင်ရာ ကုမ္ပဏီများသည် စျေးကွက်အရောင်းအဝယ် ထိခိုက်မှုကြောင့် ငွေကြေးအခက်အခဲများ ကြုံတွေ့နေရပြီး၊ ယင်းကြောင့် အမှာစာ အရေအတွက်ကို လျှော့ချနေကြသည်။ သို့သော် ထိုအချက်မှာ အတည်ပြုရန် ခက်ခဲပါသည်၊ အကြောင်းမှာ သုံးစွဲသူ၏ အမှာစာ အချက်အလက်များကို လျှို့ဝှက်ထားလေ့ရှိသောကြောင့် ဖြစ်ပါသည်။ တခါတရံတွင် စက်ရုံ အုပ်ချုပ်ရေးအဖွဲ့က “ကပ်ရောဂါကြောင့် ဖြစ်ပေါ်လာသော အနှောက်အယှက်များ” ကို အလုပ်သမား လျှော့ချရန် အကြောင်းပြချက်အဖြစ် အသုံးပြုကြပြီး၊ ၎င်းတို့၏ ကုန်ပစ္စည်းများ ဥရောပဈေးကွက်သို့ ဝင်မရနိုင်ခဲ့ခြင်း (သို့မဟုတ်) နိုင်ငံခြားမှ ပစ္စည်းများ ဆိပ်ကမ်းတွင် တားမြစ်ခံရခြင်း စသည်ဖြင့် အကြောင်းပြချက် ပေးကြပါသည်။
အရေးအကြီးဆုံးအချက်တချက်မှာ စက်ရုံအများအပြားကို “နေရာပြောင်းရွှေ့ခြင်း” ဟုခေါ်သည့် ဖြစ်စဉ်တခု ရှိနေသည့် အချက်ဖြစ်ပါသည်။ ယင်းကဲ့သို့ ပြောင်းရွှေ့ခြင်းသည် အလုပ်သမားများအား အလုပ်ထုတ်ပြီးနောက်တွင် ဖြစ်ပေါ်လေ့ရှိပါသည်။ စက်ရုံပိုင်ရှင်က တခြားပြည်နယ်တခုသို့ စက်ရုံအဟောင်းကို ပြန်တပ်ဆင်ခြင်းဖြစ်စေ၊ အသစ်တည်ဆောက်ခြင်းဖြစ်စေ ပြုလုပ်ပါသည်။ ယင်းပြည်နယ်အသစ်များတွင် အနည်းဆုံး လုပ်ခလစာမှာ မူလ စက်ရုံ တည်ရှိရာ ပြည်နယ်ထက် အလွန်နိမ့်ပါးပါသည်။ စက်ရုံအသစ်များသည် ထုံးစံအားဖြင့် ဂျာဗားအလယ်ပိုင်း၊ ဥပမာ Grobogan ကဲ့သို့သောနေရာများတွင် တည်ဆောက်လေ့ရှိပါသည်။ ယင်းသည် “အမှာစာ လျော့ကျ လာခြင်းကြောင့် အလုပ်သမားများကို လျှော့ချရသည်” ဆိုသော စက်ရုံအုပ်ချုပ်မှုဘက်မှ အကြောင်းပြချက်ကို သံသယဖြစ်စေသော အချက်တချက် ဖြစ်ပါသည်။ စက်ရုံပြောင်းရွှေ့ခြင်း မဟုတ်လျှင်၊ အများအပြားမြင်တွေ့ရသောအဖြစ်အပျက်တခုမှာ အလုပ်ထုတ်ခံရသူများကို အလုပ်အကိုင် အာမခံချက် မရှိဘဲ ခန့်ထားသည့် ကာလတိုစာချုပ်ဖြင့် လုပ်သည့် အလုပ်သမားများ (BHL/Buruh Harian Lepas) ဖြင့် အစားထိုးခြင်း ဖြစ်ပါသည်။ စက်ရုံအချို့တွင်တော့ အထက်တန်းကျောင်း ပြီးထားသော “အလုပ်သင် အလုပ်သမားများ” (buruh magang) ကို ခန့်ထားပါသည်။ အလုပ်အကိုင် အာမခံချက်မရှိသော အလုပ်အမျိုးအစားများသို့ ပြောင်းလဲခြင်းသည် လုပ်သားဈေးကွက်အတွက် ပြင်လွယ်ပြောင်းလွယ်အဖြစ်ဖွံ့ဖြိုးလာစေရန်နှင့် အလုပ်သမားများအတွက် အလုပ်အကိုင် အာမခံချက် ပေးရန် ခက်ခဲစေသော Omnibus ဥပဒေနှင့် ကိုက်ညီနေပါသည်။
နိဂုံးချုပ် တင်ပြရလျှင်၊ အလုပ်သမားများကို ဂုတ်သွေးစုပ် အမြတ်ထုတ်ခြင်းသည် လုပ်ခလစာ လျှော့ချခြင်း (ဥပမာ – လုပ်ခလစာ ပိုနိမ့်သော တခြားပြည်နယ်များသို့ ပြောင်းရွှေ့ခြင်း သို့မဟုတ် စာချုပ်အလုပ်သမားများ ခန့်အပ်ခြင်းကဲ့သို့သော လုပ်သားပြင်လွယ်ပြောင်းလွယ်မှု) နှင့် ထုတ်လုပ်မှု မြှင့်တင်ခြင်းတို့ဖြင့် တပြိုင်နက်တည်း တိုးမြှင့်နေပါသည်။ ထိုအရာအားလုံးမှ အမြတ်ထွက်သူမှာ မည်သူ ဖြစ်ပါသနည်း။ ယင်းတို့အနက်မှ ဘယ်သူက အမြတ်အများဆုံး ရပါသနည်း (ခန့်မှန်းရလွယ်အောင် တင်ပြရလျှင် — ကမ္ဘာလုံးဆိုင်ရာ တန်ဖိုးကွင်းဆက်တွင် တန်ဖိုးအများဆုံး ရယူနိုင်သူမှာ မည်သူ ဖြစ်ပါသနည်း) ဤမေးခွန်းများကို စာဖတ်သူ ဖြေကောင်း ဖြေနိုင်ပါလိမ့်မည်။ ယင်းက Omnibus ဥပဒေနှင့်ပတ်သက်၍ ဝေဖန်သူများက ထောက်ပြနေသည့်အချက်လည်း ဖြစ်ပါသည် — သမဂ္ဂခေါင်းဆောင်တဦးက စာရေးသူနှင့် မေးမြန်းပွဲအတွင်း ပြောခဲ့သည်မှာ၊ ဤဥပဒေမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများအတွက် “ကောဇောနီခင်းထားသည့်လမ်း” ဖြစ်သည်ဟူ၍ ဖြစ်ပါသည်။

အင်ဒိုနီးရှား အလုပ်သမားလှုပ်ရှားမှုအပေါ် ဆင်ခြင်သုံးသပ်ခြင်း
အလုပ်သမားများသည် အထက်ဖော်ပြပါ ဖိနှိပ်မှု အကျပ်အတည်းများအပေါ် မည်သို့ တုံ့ပြန်ခဲ့ပါသနည်း။ စာရေးသူက မေးမြန်းခဲ့သည့် အလုပ်သမားများအားလုံးမှာ သမဂ္ဂအဖွဲ့ဝင်များ ဖြစ်ကြပါသည်။ ထို့ကြောင့် သူတို့က တုံ့ပြန်မှုတင်မက၊ စက်ရုံအဆင့်တွင် စီမံခန့်ခွဲမှုဖြင့် ဆွေးနွေးမှုများ ဆောင်ရွက်ခြင်းကဲ့သို့ သမဂ္ဂများကို အခြေခံကာ တတ်နိုင်သလောက် တိုက်ပွဲဝင်ခဲ့ကြပါသည်။ ၎င်းအတွေ့အကြုံအချို့မှာ တခြားအချိန်တွင် ဆွေးနွေးသင့်သည့်အကြောင်းအရာများ ဖြစ်ပါသည်။ ဤဆောင်းပါးတွင် စာရေးသူက ထူးထူးခြားခြား ထောက်ပြချင်သည်မှာ အလုပ်သမား သမဂ္ဂ ခေါင်းဆောင်များ/စီမံသူများနှင့် အလုပ်သမားလှုပ်ရှားမှု သုတေသနလုပ်သူများက အထက်ဖော်ပြပါ ဖြစ်စဉ်များကို မည်သို့မြင်ကြသည်၊ ထိုအရာကို မိမိတို့အကြောင်းအရာနှင့် မည်သို့ ချိတ်ဆက်ကြ သည်ဆိုသည်ကို စဉ်းစားသုံးသပ်ရန် ဖြစ်ပါသည်။ ယေဘုယျအားဖြင့် မေးမြန်းခံရသူများက အောက်ပါ အချက်နှစ်ချက်အပေါ် သဘောတူကြပါသည် —
(၁) ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ဖြစ်ပေါ်လာသော အမျိုးမျိုးသော ပြဿနာများကို အလုပ်သမားများ အပေါ် အရင်းရှင်နှင့် အစိုးရတို့မှ ဖိနှိပ်မှုများ တိုးမြှင့်ရန် အကြောင်းအရင်းအဖြစ် အသုံးချခဲ့ကြသည်။
(၂) အားကောင်းသော အလုပ်သမားလှုပ်ရှားမှုတခု တည်ဆောက်နိုင်ရန် ရေရှည်ဗျူဟာများ လိုအပ်ကြောင်း ဖြစ်ပါသည်။
သဘောထားကွဲလွဲမှု အနည်းငယ် ရှိသော်လည်း၊ သမဂ္ဂခေါင်းဆောင်များ/စီမံသူများ (၎င်းတို့အချို့မှာ မေးမြန်းစဉ် ကာလအတွင်း စက်ရုံအလုပ်သမားများလည်းဖြစ်ကြပါသည်) နှင့် အလုပ်သမားလှုပ်ရှားသူများ/သုတေသနသမားအများစုက၊ သမဂ္ဂများက ဦးဆောင်သော အကန့်အသတ်ရှိသည့် စက်ရုံလုပ်သား လှုပ်ရှားမှုထက် ပိုကျယ်ဝန်းသည့် လှုပ်ရှားမှုတခု လိုအပ်ကြောင်း သဘောတူကြပါသည်။ မတူညီသော အကြောင်းအရာများရှိသော်လည်း၊ အဓိကအချက်များကို အောက်ပါအတိုင်း ဖော်ပြနိုင်ပါသည်။ ပထမဆုံးအနေဖြင့်၊ အရပ်ဖက် လူ့အဖွဲ့အစည်းအတွင်း ပိုကျယ်ဝန်းသည့် အဖွဲ့အစည်းများထဲသို့ ဝင်ရောက်နိုင်သော အလုပ်သမားလှုပ်ရှားမှုတခု လိုအပ်ပါသည်။ အထူးသဖြင့် တက်ကြွပြီး အားကောင်း တောင့်တင်းသည့် အဖွဲ့အစည်းများဖြစ်သည့် တောင်သူလယ်သမားအဖွဲ့အစည်းများနှင့် အမျိုးသမီးရေးအဖွဲ့အစည်းများအထိ ဝင်ရောက် ထိတွေ့နိုင်ရမည် ဖြစ်ပါသည်။ ဤနည်းလမ်းကသာ အားကောင်းသည့် လှုပ်ရှားမှုတခုကို တည်ဆောက်နိုင် မည်ဖြစ်ပြီး၊ Omnibus ဥပဒေကဲ့သို့သော အစိုးရဖိနှိပ်မှုများကို ရင်ဆိုင်ရန် လိုအပ်သော မဟာဗျူဟာတခုလည်း ဖြစ်ပါသည်။ GEBRAK သည် အရေးပါသည့် အောင်မြင်မှုတခုဖြစ်ပြီး၊ ထိုကဲ့သို့သော မဟာမိတ်များကို ဆက်လက် တည်ဆောက်နိုင်ရေး အတွက် မဟာဗျူဟာများ လိုအပ်ပါသည်။ ထိုမဟာမိတ်များသည် မူလ တည်နေရာအားဖြင့် မြို့ကြီးအချို့တွင်သာ ရှိနေခြင်းမျိုး မဖြစ်သော မဟာမိတ်များ လိုအပ်ပါသည်။ သမဂ္ဂအဖွဲ့များသည်လည်း အလုပ်သမားအမျိုးအစား အမျိုးမျိုးထဲသို့ ဝင်ရောက်နိုင်ရန်နှင့် မိမိတို့အလုပ်သမားများ၏ နောက်ခံ အခြေအနေနှင့် အချက်အလက်များကို ကောင်းစွာနားလည်ရန် လိုအပ်ပြီး၊ ထိုသဘောအရ မိမိတို့၏ မဟာဗျူဟာများကို ချိန်ညှိပြင်ဆင်နိုင်ရမည် ဖြစ်ပါသည်။
ဒုတိယ အချက်အနေဖြင့်၊ ကျွန်ုပ်တို့အနေဖြင့် ပိုမိုသေချာပြီး တိကျသော တောင်းဆိုချက်များကို မည်သို့ ထုတ်ဖော်ဖန်တီးမည်ကို ပြန်လည်စဉ်းစားရန် လိုအပ်ပါသည်။ တချို့အခြေအနေများတွင် အငြင်းပွားဖွယ် ဥပဒေများကို “ဆန့်ကျင်နေရုံ” ဖြစ်ခြင်းမှ ရုန်းထွက်နိုင်ရန်အတွက် မိမိတို့ကိုယ်တိုင် ခိုင်မာအားကောင်းသော မူဝါဒများကို ကိုယ်တိုင် ဖော်ထုတ်ခြင်းဖြင့်သော် လည်းကောင်း၊ မူဘောင်သစ်များ တည်ဆောက်ခြင်းသော်လည်းကောင်း လိုအပ်ပါသည်။ သို့သော်လည်း သမဂ္ဂခေါင်းဆောင်များ/စီမံသူ တချို့အတွက် အရေးကြီးဆုံး ဖြစ်နေဆဲမှာ ကုန်ထုတ်လုပ်မှုနေရာ၌ အလုပ်သမားများ၏ အသိပညာဖွံ့ဖြိုးမှုကို ဆက်လက်တည်ဆောက်ခြင်းဖြင့် အထွေထွေသပိတ်ကို အခြေခံ ပံ့ပိုးမှုခိုင်မာအောင် ပြုလုပ်ခြင်း ဖြစ်ပါသည်။ ထို့ကြောင့် အလုပ်သမားများသည် ထုတ်လုပ်မှု ရပ်တန့်ပြီး သပိတ်မှောက်ရန် လိုအပ်လာသောအခါတွင် “သပိတ်လုပ်ငန်းဖွဲ့စည်းမှု” သည် မဖြစ်မနေ တင်ကြိုရှိနေပြီးသား အနေအထား ဖြစ်ရန် ဖြစ်ပါသည်။
တတိယအချက်မှာ၊ အလုပ်သမားများအတွက် လူတန်းစားအမြင် (class-consciousness) တည်ဆောက်ရန် ရည်ရွယ်သော နိုင်ငံရေး-စီးပွားရေး အခြေခံပညာပေးခြင်းမှာ အလွန် အရေးကြီးပါသည်။ ပါဝင်မေးမြန်းသူအချို့က ဤသင်တန်းအသီးသီး (သို့) ဆွေးနွေးပွဲ များသည် အလုပ်သမား အားလုံးပါဝင်ခွင့်ရစေရန် သာမက၊ သမဂ္ဂလှုပ်ရှားမှုများမှ မကြာခဏ ဖယ်ထားခံရသူများ အထူးသဖြင့် ဒုတိယအကြိမ် ပြောင်းလဲခြင်းဖြစ်စဥ် (second-shift) ကို ကြုံတွေ့နေသည့် မိခင်အလုပ်သမားများအပါအဝင် ပါဝင်ခွင့်ရှိရမည်ဟု အထူး တင်ပြခဲ့ကြပါသည်။
စတုတ္ထအနေဖြင့်၊ အလုပ်သမားလှုပ်ရှားသူအချို့က သမဂ္ဂအဖွဲ့များသည် လူထုလှုပ်ရှားမှု အခြေခံအဖြစ် ပြန်လည် တည်ဆောက်ရန် မဟာဗျူဟာအသစ်များစဉ်းစားဖို့ လိုအပ်ကြောင်း ပြောကြပါသည်။ ဆူဟာတို New Order နောက်ပိုင်း၌ သမဂ္ဂအဖွဲ့များကို အားနည်းအောင်လုပ်ရန် အစိုးရက ဆက်လက် ကြိုးပမ်းနေသည့်အတွက်ကြောင့်၊ သမဂ္ဂများသည် လူမှုဝန်ဆောင်မှုအေဂျင်စီ အဖြစ်သို့ ကျဆင်းနေပါသည်။ ထို့ကြောင့် အဖွဲ့ဝင်သစ်များ ဆွဲဆောင်ရန်အတွက် သမဂ္ဂအဖွဲ့များသည် ပစ္စည်းများဖြန့်ဝေခြင်းမှစ၍ လူနာတင်ယာဉ်ဝန်ဆောင်မှုပေးခြင်းအထိ ဝန်ဆောင်မှုမျိုးစုံကို ယှဉ်ပြိုင် ကမ်းလှမ်းတတ်ကြပါသည်။ ဤအခြေအနေအောက်တွင် သမဂ္ဂအဖွဲ့များအနေနှင့် အနှစ်သာရနှင့် အဓိပ္ပာယ် ပြည့်ဝသော လူထုလှုပ်ရှားမှုအတွက် အခြေခံဖြစ်နေဖို့မှာ ခက်ခဲလှပါသည်။ ဤသဘောထား ကိုလည်း အလုပ်သမားလှုပ်ရှားမှုများသည် ပိုမိုလက်ဝဲဆန်လာပြီး မိမိတို့ကွန်ယက်များကို တိုးချဲ့၍ လူထုကို လှုံ့ဆော်နိုင်အောင် ဆောင်ရွက်သင့်ကြောင်း ယုံကြည်သော အခြား လှုပ်ရှားသူများကလည်း ထပ်မံ ထောက်ခံခဲ့ကြပါသည်။

နိဂုံးချုပ်
စာရေးသူ မေးမြန်းခွင့်ရသူများ၏ အမြင်နှင့်လည်း ကိုက်ညီသကဲ့သို့ ထပ်မံတင်ပြလိုသည့် အချက်မှာ အလုပ်သမားများ၊ အလုပ်သမားလှုပ်ရှားသူများ/သုတေသနပညာရှင်များ၊ နှင့် သမဂ္ဂ ခေါင်းဆောင်များ/စီမံသူများအကြား ဆွေးနွေးမှုများ ပိုမိုမြှင့်တင်ခြင်းသည် လက်ရှိ မဟာမိတ်များ၏ ဦးတည်ချက်များကို သတ်မှတ်ဖို့အတွက် အလွန်အသုံးဝင်မည် ဖြစ်ပါသည်။ ထို့အပြင် ထင်ရှားသော “အရေးပေါ်” ဖြစ်ရပ်များ မရှိချိန်တွင် မဟာမိတ်အဖွဲ့များ အားနည်းသွားခြင်းကို တားဆီးနိုင်မည်ဖြစ်ပြီး၊ ၎င်းတို့၏ တောင့်တင်းမှုကို တည်ဆောက်ရန်လည်း လမ်းကြောင်းအဖြစ် ဖြစ်လာနိုင်မည် ဖြစ်ပါသည်။ ဤဆွေးနွေးမှုများကို ပုံမှန်ကျင်းပသင့်ပြီး၊ အဖွဲ့အစည်းတိုင်းမှ အလုပ်သမားအမျိုးမျိုး ချဉ်းကပ်နိုင်မည့်၊ တက်နိုင်သူ အားလုံးပါဝင်ခွင့်ရှိသည့် အဖွဲ့အစည်းအခြေပြု ဆွေးနွေးပွဲများအဖြစ် ကျင်းပသင့်ပါသည်။ မေးမြန်းခံရသူများမှ ဖြေကြားပေးခဲ့သော သဘောဆန္ဒများ၊ အဓိပ္ပာယ်ရှိသော ကိုယ့်ကိုယ်ကို ဝေဖန်သုံးသပ်မှုများနှင့် အဖိုးတန်သော အသိပညာများမှာ အမှန်တကယ် အခြေအနေများအပေါ် အခြေခံ၍ ဖြေကြားခဲ့ကြခြင်း ဖြစ်ပါသည်။ ၎င်းတို့အားလုံးသည် အင်ဒိုနီးရှား အလုပ်သမား လှုပ်ရှားမှု အတွင်း တိုက်ရိုက် (သို့) သွယ်ဝိုက် ပါဝင်နေကြသူ အရေးပါဆုံး ဇာတ်ကောင်များဖြစ်ကြပါသည်။ ယခုပင် ဤစဉ်းစားချက်များနှင့် အတွေးအခေါ်များကို လက်တွေ့လုပ်ဆောင်ဖို့အချိန်ရောက်နေပြီ ဖြစ်ပါသည်။ အမှောင်ကိုခွင်း၍ အလင်းကို ဆောင်ကြဖို့ ဖြစ်ပါတော့သည်။
Intan Suwandi
အင်တန် ဆုဝန်ဒီ (Intan Suwandi) သည် အမေရိကန်နိုင်ငံ၊ အီလင်နွိုင်း ပြည်နယ်တက္ကသိုလ် (Illinois State University) မှ လူမှုရေးဗေဒ လက်ထောက်ပါမောက္ခအဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်ပါသည်။ သူသည် Value Chains: The New Economic Imperialism ဟုခေါ်သော စာအုပ်ရေးသားသူဖြစ်ပြီး၊ ၎င်းစာအုပ်ကို Monthly Review Press မှ ထုတ်ဝေထားပါသည်။
Reference –
Betti, F. & Hong, P.K. (2020, February 27). Coronavirus is disrupting global value chains. Here’s how companies can respond. World Economic Forum. https://www.weforum.org/agenda/2020/02/how-coronavirus-disrupts-global-value-chains
Braw, E. (2020, March 4). Blindsided on the supply side. Foreign Policy. https://foreignpolicy.com/2020/03/04/blindsided-on-the-supply-side/
DeMartino, B. (2020, April 13). COVID-19: Where is your supply disruption? https://futureofsourcing.com/covid-19-where-is-your-supply-disruption
Foster, J.B. & Suwandi, I. (2020). COVID-19 and catastrophe capitalism. Monthly Review, 72(2), 1-20.
Izzati, F.F. (2020, October 13). Kill the bill, or it will kill us all. Progressive International. https://progressive.international/wire/2020-10-13-kill-the-bill-or-it-will-kill-us-all/en
J.P. Morgan. (2022, May 25). What’s behind the global supply chain crisis? https://www.jpmorgan.com/insights/global-research/supply-chain/global-supply-chain-issues.
Lane, M. (2020, November 9). Protests against the Omnibus Law and the evolution of Indonesia’s social opposition. ISEAS Perspective, 128. https://www.iseas.edu.sg/wp-content/uploads/2020/11/ISEAS_Perspective_2020_128.pdf
Paat, Y. & Rivana, G. (2025, March 20). DPR urges dialogue as students protest TNI Law. Jakarta Globe. https://jakartaglobe.id/news/dpr-urges-dialogue-as-students-protest-tni-law
Panimbang, F. (2020, October 21). Indonesia’s return to an authoritarian developmental state. IPS Journal. https://www.ips-journal.eu/topics/democracy/indonesias-return-to-an-authoritarian-developmental-state-4734/
Prasetyo, F.A. (2020, October 17). Neoliberal “Omnibus Law” sparks rebellion in Indonesia. rs21. https://revsoc21.uk/2020/10/17/neoliberal-power-grab-sparks-rebellion-in-indonesia/
Saputra, E.Y. (2025, March 27). Civil society to file judicial review of TNI Law over flawed process, power grab. Tempo. https://en.tempo.co/read/1991283/civil-society-to-file-judicial-review-of-tni-law-over-flawed-process-power-grab
Smith, J. (2016). Imperialism in the twenty-first century. Monthly Review Press.
Suwandi, I. (2019). Value chains: The new economic imperialism. Monthly Review Press.
Tempo. (2025, March 28). Law experts explain why house rushed to pass TNI Law despite public outcry. https://en.tempo.co/amp/1991668/law-experts-explain-why-house-rushed-to-pass-tni-law-despite-public-outcry