
၁၈၉၉ ခုနှစ် မေလတွင်၊ ဂျာဗားကျွန်းကို ဒတ်ချ်ကိုလိုနီ အုပ်ချုပ်နေချိန်အတွင်း ကာတီနီ (Kartini, ၁၈၇၉–၁၉၀၄) သည် မိမိနေထိုင်သည့် ကမ္ဘာအတွင်း မုန်တိုင်းကဲ့သို့ဖြစ်ပေါ်လာနေသော ပြောင်းလဲမှုကြီး အပေါ် အောက်ပါအတိုင်း ရေးသားခဲ့ပါသည် —
“ခေတ်ကြီး၏ ဝိညာဉ်သည်၊ ငါ့အားကူညီသူနှင့် ကာကွယ်သူအဖြစ်၊ မိုးခြိမ်းသကဲ့သို့ ၎င်း၏ခြေလှမ်းများဖြင့် ပြသခဲ့သည်။ ဂုဏ်ယူတတ်သော၊ ခိုင်ခံ့သော၊ သက်တမ်းရှည်သော အင်စတီကျူးရှင်းများသည် သူဝင်ရောက်လာသောအခါ တုန်လှုပ်ကြလေသည်၊ ပိတ်ထားသောတံခါးများ ၄င်းတို့ဘာသာ ၄င်းသော်လည်းကောင်း၊ အခက်အခဲ နှင့်သော်လည်းကောင်း ပွင့်လာပြီး သူတို့မလိုချင်သော ဧည့်သည်ကို လက်ခံကြ ရလေပြီ။ သူဝင်လာရာ နေရာအားလုံးတွင် သူ့၏ ခြေရာလက်ရာများ ကျန်ခဲ့လေသည်။”
(“Stella Zeehandelaar သို့ရေးသားသောစာ”; ကာတီနီ၊ ၁၉၁၂)
ယင်းစာရေးသားချိန်၌ အသက် ၂၀ ပင်မပြည့်သေးသည့် ကာတီနီသည် ပြောင်းလဲခြင်း၏ လှုပ်ခတ်မှုကို ကူညီစောင့်ရှောက်မည့် ဝိညာဥ်အဖြစ် မမှိတ်မသုန် လက်ခံခဲ့သည်။ သူ့အတွက် ယင်းက မိမိနှင့် မိမိတိုင်းသူပြည်သားများအား ကိုလိုနီအုပ်ချုပ်မှုနှင့် မြေရှင်ပဒေသရာဇ်စနစ်မှ လွတ်မြောက်ရန် လိုအပ်သည့် ဖျက်ဆီးမှုဖြစ်သည်။ ဤစာသားသည် ၁၈၄၈ ခုနှစ် ကွန်မြူနစ်ပါတီ၏ ကြေညာစာတမ်း ပထမဦးဆုံး ပေါ်ထွက်ခဲ့သည့်အချိန်မှတွက်လျှင် ၅၁ နှစ်သာ ကြာသေးသည့်အချိန် ဖြစ်ပါသည်။ ထို့ကြောင့် ကာတီနီ၏ ပြောင်းလဲမှုဝိညာဉ်ကို မာ့က်ခစ်နှင့် အန်ဂယ်တို့၏ ကြေညာစာတမ်း အစပိုင်းနှင့် လေသံတိုက်ဆိုက်သည်ကို တွေ့ရမည် ဖြစ်ပါသည် –
“တစ္ဆေကြီး တကောင်သည် ဥရောပတိုက်တွင် လှည့်လည်သွားလာနေပေသည်။ ဤတစ္ဆေကြီးကား ကွန်မြူနစ်ဝါဒပင် ဖြစ်၏။ ပုပ်ရဟန်းမင်းကြီးနှင့် ဇာဘုရင်၊ မက်တာနစ်ချ်နှင့် ဂီဇော့၊ ပြင်သစ်ရယ်ဒီကယ်များနှင့် ဂျာမန်ပုလိပ်သူလျှိုများဟူသော ဟောင်းနွမ်းသည့် ဥရောပတိုက်ရှိ အင်အားစုအားလုံးသည် ဤတစ္ဆေကြီးအား မောင်းထုတ်ပစ်ရေး အတွက် သူတော်စင်မဟာမိတ်ကို ဖွဲ့စည်းလိုက်ကြလေပြီ…”
(မာ့က်ခ်စ်နှင့် အန်ဂယ်လ်၊ ၁၈၄၇)
လွတ်လပ်ရေးရပြီးနောက်ပိုင်းကာလတွင်၊ ကာတီနီသည် အစိုးရ၏ ibuism ဝါဒ၏ သင်္ကေတ တခုအဖြစ် ပြန်လည်ဖန်တီးခံခဲ့ရပါသည် (Suryakusuma, 1996)။ ဆူဟာတို၏ New Order အစိုးရ လက်ထက်တွင် စစ်အာဏာရှင်စနစ်၏ အမျိုးသားကြီးစိုးရေးဝါဒ အခြေခံကို ထပ်မံတည်မြဲစေရာ နေရာ ဖြစ်လာခဲ့ပါသည်။ ကာတီနီ၏ ငယ်ရွယ်စဥ်က စွမ်းအားပြင်းပြသော စိတ်ဓာတ်နေရာတွင် အစိုးရဝါဒဖြန့်၊ လုပ်သမျှ ငြိမ်ခံနေမည့် မိခင်ပုံရိပ် တခုအဖြစ် အစားထိုး ပြောင်းလဲခံခဲ့ရပါသည်။ ယင်းမှာ ကာတီနီသည် အိမ်ထောင်ပြုရန် ဆန့်ကျင်ခဲ့ပြီး နောက်ဆုံးတွင် အိမ်ထောင်ပြုရန် လက်ခံခဲ့ရကာ ကလေးမွေးပြီး လေးရက်အတွင်း အသက် ၂၅ နှစ်အရွယ်တွင် သေဆုံးခဲ့ရသည့် အမှန်တရားနှင့် ဆန့်ကျင်နေပါသည်။ ပိုအရေးကြီးသည့် အချက်မှာ သူ့၏ တွေးခေါ်မှုတွင် ပြင်းပြစွာ ရှိခဲ့သည့် တိုးတက်ရေး အမြင်သဘောထားကို ကိုလိုနီအရာရှိများက ဖယ်ရှားခဲ့ကြခြင်း ဖြစ်ပါသည်။ ထိုသူများမှာ သူ့ကို “အစစ်အမှန်ကာကွယ်သူများ” ဟု ခေါ်ဆိုခံရသူများ ဖြစ်ကြသည်။ ထိုကဲ့သို့ သမိုင်းပုံဖျက်မှုကို နောက်ပိုင်းတွင် New Order အစိုးရက ဆက်လက်ဆောင်ရွက်ခဲ့ပါသည်။

ပရာမူးဒျာ အနန်တာတူး (Pramoedya Ananta Toer) ၏ ၁၉၆၂ ခုနှစ်စာအုပ် Panggil Aku Kartini Saja (“ကာတီနီလို့ပဲ ခေါ်ပါ”) သည် ကာတီနီ၏ လက်ဝဲဆန်သော တိုးတက်ရေးသဘောထားကို ထောက်ပြထားသည့် လက်ရာအနည်းငယ်ထဲမှ တခုဖြစ်ပါသည်။ သို့သော် သူ့အား အကြောင်းမဲ့ ၁၃ နှစ်ကြာ ထောင်ချခြင်း၊ သူ့၏စာကြည့်တိုက်နှင့် မပြီးဆုံးသေးသော စာမူကြမ်းများကို ဖျက်စီးခြင်း နှင့် ၁၉၆၆ ခုနှစ် ပြည်သူ့ကြားဖြတ် ညီလာခံ (TAP MPRS XXV/1966) မှ ထုတ်ပြန်သော “မာ့ခ်စ်/လီနင်ဝါဒ” ဟု တံဆိပ်ခတ်ခံရသော စာအုပ်များအားလုံးကို တားမြစ်သည့် အမိန့်ကြောင့်၊ ထိုလက်ဝဲဆန်သည့် တိုးတက်ရေးအမြင်အပေါ် မှတ်တမ်းတင်ထားသည့် အကြောင်းအရာအားလုံးမှာ အကြမ်းနည်းဖြင့် ဖျက်သိမ်းခံခဲ့ရပါသည်။ ယနေ့အထိလည်း ထိုသမိုင်းအမြင်သည် ဖုံးဖိခံထားရဆဲ ဖြစ်ပါသည်။
ဒတ်ချ်ကိုလိုနီခေတ်အတွင်း၊ ဤသို့သော လှုပ်လှုပ်ခတ်ခတ် ဖြစ်စဉ်များကို ကိုလိုနီစနစ်၏ ဂုတ်သွေးစုပ် အမြတ်ထုတ်သည့် မူဝါဒများကို တိုက်ရိုက်ခြိမ်းခြောက်သည့် အန္တရာယ်တရပ်အဖြစ် ရှုမြင်ကြသည်။ အစိုးရထိန်းချုပ်သည့် စိုက်ပျိုးရေးစနစ် (Cultivation System) ကို ရပ်ဆိုင်းခြင်း၊ ၁၈၇၉ ခုနှစ်တွင် လစ်ဘရယ်မူဝါဒသစ် ထွန်းကားလာခြင်းနှင့် ပုဂ္ဂလိကဈေးကွက် ဖော်ဆောင်ရေး ပြုလုပ်သည့် လှုပ်ရှားမှုတို့သည် ၄င်းအန္တရာယ်များအဖြစ် ရှုမြင်နိုင်ပါသည်။ ထို့နောက် အစိုးရသည် “ငြိမ်ဝပ်ပိပြားမှု” (“rust en orde”) ကို လိုလားသည့် ပုဂ္ဂလိကဈေးကွက်၏ လိုအပ်ချက်များကို ဖြည့်ဆည်းရန်အတွက် လုံခြုံရေးနှင့် ထိန်းချုပ်ရေးအတွက် စနစ်တကျအလုပ်လုပ်သည့် အဖွဲ့အစည်းအဖြစ် ပြောင်းလဲ သွားခဲ့ပါသည်။ ကာတီနီ၏ သမိုင်းကြောင်းဖျောက်ခံရမှုကို နားလည်ရန်မှာ ပုဂ္ဂလိကပိုင်ဆိုင်မှု (privatization) ပြုလုပ်ခြင်းနှင့် “လုံခြုံရေး နည်းလမ်း” (pendekatan keamanan) ဖြင့် ဆောင်ရွက်မှု ဆိုသည့် စနစ်တို့၏ ပေါင်းစည်းမှုကို မြင်နိုင်ရန် လိုအပ်ပါသည်။ ဤအရာသည် New Order ခေတ် အုပ်ချုပ်ရေးစနစ်နှင့် ရီဖော်မာစီ ပြုပြင်ပြောင်းလဲရေးနောက်ပိုင်း အင်ဒိုနီးရှားတွင် အခြေခံ ဖြစ်လာပါသည်။ “မတည်မငြိမ်ဖြစ်စဉ်” ဟုခေါ်သော တစ္ဆေကြီးသည် နောက်ဆုံးတွင် အရင်းရှင်စနစ် (capitalism) က ပေါင်းချုပ်ကိုင်ခြင်းခံခဲ့ရပြီး၊ ကိုလိုနီခေတ်၏ လစ်ဘရယ်စနစ်ကို ဆက်လက်တည်တံ့စေဖို့နှင့် ယနေ့ခေတ် နီယိုလစ်ဘရယ်စနစ် တည်တံ့စေရန်အတွက် ပုံဖျက်ပြီး အသုံးချခံနေရသည့် အဖြစ်သို့ ရောက်သွားပါသည်။

မငြိမ်သက်မှုကို ဖန်တီးခြင်း — “မာလာရီ” ဖြစ်စဥ်ကို ပြန်လည်သုံးသပ်ခြင်း
Malapetaka Lima Belas Januari သို့မဟုတ် ပုံမှန်အားဖြင့် “မာလာရီ” ဟု ခေါ်ကြသည့်အဖြစ်အပျက်သည် “ဇန်နဝါရီ ၁၅ ရက်နေ့ အဖြစ်ဆိုး” ဟု ဘာသာပြန်နိုင်ပါသည်။ ၎င်းသည် New Order အစိုးရ အကြမ်းနည်းဖြင့် အာဏာရလာပြီး ရှစ်နှစ်မပြည့်မီ ၁၉၇၃-၁၉၇၄ အတွင်း ဖြစ်ပွားခဲ့သည့် ဖြစ်စဥ်ဖြစ်ပြီး၊ ယနေ့အထိ အင်ဒိုနီးရှား သမိုင်းတွင် တိကျမှုနည်းပါးပြီး လူသိပ်မသိသော အရေးအခင်းတခုလည်း ဖြစ်ပါသည်။
ဖြစ်စဉ်အတွင်း ပါဝင်သည့် ဖုံးဖိမှုများနှင့် ပြတ်တောက်နေမှုများကြောင့်၊ မာလာရီ အရေးအခင်းသည် တိကျသော သမိုင်းကြောင်းအဖြစ် မဖော်ပြနိုင်သလို၊ ပိုပြီး ဝေဖန်ဆန်းစစ်ဖို့လည်း လိုအပ်ပါသည်။ မီဒီယာ၊ အစိုးရ နှင့် နောက်တဆင့်တွင် တရားရေးစနစ်မှ ထပ်မံဖြန့်ဝေခဲ့သည့် သမိုင်းကြောင်းကတော့ ဂျပန်ဝန်ကြီးချုပ် ကာကူအေး တာနာက (Kakuei Tanaka) အင်ဒိုနီးရှားသို့ လာရောက်စဉ်တွင် တက္ကသိုလ်ကျောင်းသားများက ဂျပန်ရင်းနှီးမြှုပ်နှံမှုများကို ဆန့်ကျင် ကန့်ကွက်ခြင်း ဖြင့် ၎င်း၏ခရီးစဉ်ကို ငြင်းဆိုခဲ့ကြခြင်း ဖြစ်ပါသည်။ ထိုကဲ့သို့ ကန့်ကွက်မှုများသည် တက္ကသိုလ် နယ်နိမိတ်အတွင်းမှ ချဲ့ထွင်ပြီး မြို့ပြအလုပ်သမားအစုအဖွဲ့များကို လှုံ့ဆော်ကာ လူထုလှုပ်ရှားမှုများ ဖြစ်စေခဲ့ပါသည်။ ၎င်းတို့က ဂျပန်ထုတ်ကုန်ဟု ဆိုနိုင်သည့် ပစ္စည်းအားလုံး (အထူးသဖြင့် အင်ဒိုနီးရှားတွင် တပ်ဆင်ထုတ်လုပ်သည့် တိုယိုတာ မော်တော်ကားများ) ကို ဖျက်စီးခဲ့ကြပြီး၊ ဂျကာတာ မြို့တော်အလယ်မှ Senen ဈေးသည်လည်း မီးရှို့ခံခဲ့ရပါသည်။ ကျောင်းသားခေါင်းဆောင်များကို ဖမ်းဆီး စစ်ဆေးကာ နိုင်ငံတော် သစ္စာဖောက်ဖျက်မှု ပုဒ်မ များဖြင့် အမှုဖွင့်ခံခဲ့ရပါသည်။ ထိုထဲတွင် အထူးသဖြင့် အင်ဒိုနီးရှားတက္ကသိုလ် ကျောင်းသားကောင်စီ ဥက္ကဌ ဟာရီမာန် ဆီရီဂါ (Hariman Siregar) နှင့် စီးပွားရေးပညာရှင်ငယ် စျာဟရီယာ (Sjahrir S.E.) တို့ပါဝင်ပါသည်။ ဦးစွာ ကျောင်းသား လှုပ်ရှားသူများအပေါ် စွပ်စွဲခံရသော ပြစ်မှုကတော့ မတည်ရှိတော့သော အင်ဒိုနီးရှားဆိုရှယ်လစ်ပါတီ (PSI) ၏ လက်ဝဲအဖွဲ့နှင့် ဆက်နွယ်မှုရှိကြောင်း ဖြစ်ပြီး၊ ထိုပါတီသည် New Order အစိုးရကို ပြုတ်ကျစေရန် ရည်ရွယ်လုပ်ဆောင်နေသည်ဟု စွပ်စွဲပါသည်။ သို့ဖြစ်ရာ စစ်တပ်နှင့် ရဲတပ်ဖွဲ့တို့၏ ဖမ်းဆီးမှုများအတွင်းမှာ ဆာဘီနီ ဆုမာဝီနာတာ (Sarbini Sumawinata) နှင့် ဆုဘာဒီယို ဆတ်စရိုဆာတိုမို (Soebadio Sastrosatomo) တို့ကဲ့သို့ “ဆိုရှယ်လစ်” ပညာရှင်များပါ ဖမ်းဆီးခံခဲ့ရပြီး၊ တရားရုံးတင်ခြင်းမရှိဘဲ နှစ်နှစ်ကျော် ထောင်ထဲတွင် အကျဥ်းကျခံခဲ့ရပါသည်။ ထို့အပြင် လူ့အခွင့်အရေး ရှေ့နေများ ဖြစ်သည့် အဒနန်ဘူယုန် နာစုတီယွန် (Adnan Buyung Nasution) နှင့် ဟာဂျီပရင်ဆင် (Haji Princen) တို့လည်း ဖမ်းဆီး ခံခဲ့ရပါသည်။
ဖမ်းဆီးစစ်ဆေးသည့် အဆင့်များအကြောင်း ဖော်ပြချက်များမှာ ကိုယ်တိုင်ခံစားခဲ့ရသည့် အတွေ့အကြုံများအပေါ် အခြေခံထားပြီး၊ အခြားအဖမ်းခံရသူများ၏ အဖြေများနှင့် ဟာရီမာန်နှင့် စျာဟရီယာတို့၏ ရုံးတင် စစ်ဆေးချက်များနှင့် အခြားသူများ၏ ဖြေကြားချက်များကို နှိုင်းယှဉ်ကာ ဖော်ပြထားခြင်းဖြစ်ပါသည်။ ဂျကာတာရှိ စစ်ဖက်ဆိုင်ရာ ရဲတပ်ဖွဲ့ရုံး (POM) တွင် စတင်မေးမြန်းရာတွင် မေးခွန်းအများအပြားသည် PSI လက်ဝဲအဖွဲ့၏ ကြံစည်မှု ပါဝင်ကြောင်း ဖော်ပြရန် ရည်ရွယ်သည်ဟု တွေ့ရှိရပါသည်။ အထူးသဖြင့် သံသယဖြစ်နေသည့် ကွန်မြူနစ် လျှို့ဝှက်ကွန်ယက်များနှင့် ဆက်စပ်နေသူများကိုလည်း ရှာဖွေရန် ကြိုးပမ်းခဲ့ကြပါသည်။ အဖမ်းဆီး မခံရသေးသည့် တက်ကြွလှုပ်ရှားသူအချို့လည်း ယင်းအန္တရာယ်ကြောင့် ပုန်းလျှိုးသွားကြ ရပါသည်။
သို့သော် နောက်တဆင့်တွင် အစိုးရရှေ့နေ (Kejaksaan) ရုံးမှ ဆောင်ရွက်သည့် စုံစမ်းမှုအတွင်း၊ တရားစွဲဆိုမှုများအတွက် သက်သေစာရွက်များနှင့် သက်သေခံများကို ဖန်တီးရန် ရည်ရွယ်သည့် ၄င်းတို့ မေးမြန်းရာတွင် သုံးစွဲသည့် အခြေခံ ပုံစံခွက်တခု ပေါ်ထွက်လာပါသည်။ ယင်းပုံစံခွက်ထဲတွင် ကြောင်းထားသည့် ဇာတ်ကြောင်းက မာလာရီဖြစ်စဥ်အကြောင်း ဂျာနယ်လစ်များ သတင်းရေးရာတွင် ယနေ့ထက်တိုင် အများသိထားသည့် ဇာတ်ကြောင်း ဖြစ်လာပါသည်။

ကျွဲနှစ်ကောင် ခတ်သည့်ကြားက မြေစာပင် ဖြစ်ခြင်း
တရားစွဲဆိုရေးရာ စစ်ဆေးမှုအဆင့်တွင် သက်သေခံများနှင့် သံသယရှိသူများအား မေးခွန်းများ ပါသော မေးခွန်းလွှာတစောင်ပေးပြီး ဖြည့်စွက်စေခဲ့ပါသည်။ စာရေးသူ၏ ကိုယ်ပိုင်အတွေ့အကြုံအရ ထောင်ချခြင်းကို ရှောင်လွှဲနိုင်ခဲ့သော်လည်း အမှုစစ်များက မေးခွန်းများအတွက် မိမိတို့လိုအပ်သည့် ဖြေကြားချက်တမျိုးတည်း ရရှိစေရန် ဖိအားအမျိုးမျိုး ပေးခဲ့ကြပါသည်။ ထိုဖိအားများထဲတွင် သီးခြားအခန်းတခန်းတွင် နာရီပေါင်းများစွာ ပိတ်လှောင်ထားခံရခြင်း၊ ထောင်ထဲတွင် Gerwani (PKI နှင့် လက်တွဲသည့် အင်ဒိုနီးရှားအမျိုးသမီးလှုပ်ရှားမှု အဖွဲ့ဝင်များ) နှင့်အတူ ထောင်ချခံရမည်ဟု ခြိမ်းခြောက်ခြင်းများ ပါဝင်ပါသည်။ ထို Gerwani အဖွဲ့ဝင်များသည် အကြောင်းအရင်းမရှိဘဲ ဖမ်းဆီးခံရခြင်း၊ အဓမ္မအကြမ်းဖက်ခံရခြင်း၊ နှိပ်စက်ညှင်းပန်းခံရခြင်းနှင့် နှစ်ပေါင်းများစွာ ထောင်ချခံရခြင်းများကို ကြုံတွေ့ခဲ့ကြရပါသည်။ မေးခွန်းများအတွက် သူတို့ လိုချင်သည့် အဖြေ မရရှိသည့် အခါ၊ ရှေ့နေများက စစ်ဆေးချက်များမှ ထုတ်ဖော်ရမည့် အထောက်အထားများကို ဖော်ပြထားသော ပုံတခုကို ထုတ်ပြပါသည်။
ဤပုံသည် အရှေ့တောင်အာရှနိုင်ငံသားများနှင့် ရင်းနှီးပြီးသား ဒဏ္ဍာရီတပုဒ်ကို အသုံးပြုထားပါသည် — ယင်းမှာ “ကျွဲနှစ်ကောင် ခတ်သည့်ကြားတွင်၊ မြေစာပင်ဖြစ်ခြင်း” ဖြစ်ပါသည်။ ဤဇာတ်လမ်းထဲတွင် ကျွဲနှစ်ကောင်မှာ စစ်တပ်အတွင်းရှိ အဖွဲ့နှစ်ဖွဲ့ကို ကိုယ်စားပြုပါသည်။ တဖွဲ့မှာ နိုင်ငံတော်လုံခြုံရေးအုပ်ချုပ်မှုဌာန (Pangkopkamtib) ဥက္ကဌ ဗိုလ်ချုပ်စုမိထရို ဆတ်စထရိုဒီဟာဒျို (Sumitro Sastrodihardjo) ခေါင်းဆောင်သည့်အဖွဲ့ဖြစ်ပြီး၊ အခြားတဖွဲ့မှာတော့ ဆူဟာတိုသို့ တိုက်ရိုက်သစ္စာခံသည့် အရာရှိကြီးအဖွဲ့ — ASPRI (ကိုယ်ပိုင်အကြံပေးများ) ဖြစ်ပါသည်။ ဗိုလ်ချုပ်အလီမူးတိုပို (Ali Murtopo) သည် ယင်းအဖွဲ့ ဥက္ကဌဖြစ်ကာ အထူးထောက်လှမ်းရေးတပ်ဖွဲ့ကို ဦးစီးသူလည်း ဖြစ်ပါသည်။ ထို့ကြောင့် ASPRI အဖွဲ့သည် Kopkamtib ၏ ထောက်လှမ်းရေးသတင်းကို တိုက်ရိုက် စိန်ခေါ်နေသည့် အပြိုင်အဖွဲ့ ဖြစ်ပါသည်။ မြေစာပင်မှာ ကျောင်းသားများနှင့် ပညာရှင်များကို ကိုယ်စားပြုပါသည်။ ၎င်းတို့က သူတို့ဖန်တီးထားခြင်း မဟုတ်သည့် အာဏာလွန်ဆွဲပွဲအတွင်း ထိခိုက်ခံရသည့် မြေစာပင်များ ဖြစ်ပါသည်။

ထင်ရှားသည့်အချက်မှာ ဇာတ်ကြောင်းသည် PSI ကို ဦးတည်ရာ မှ စစ်တပ်အတွင်းရှိ အပြိုင်ဖြစ်နေသည့် အဖွဲ့များသို့ ပြောင်းလဲသွားခဲ့ခြင်း ဖြစ်ပါသည်။ ဤဇာတ်ကြောင်း လှည့်ပြောင်းမှုသည် ဆူဟာတိုက စစ်တပ်နှင့် ထောက်လှမ်းရေးအပေါ် ပိုမိုပြည့်စုံသော ထိန်းချုပ်မှု ရရှိရန် ရည်ရွယ်သည့် လှုပ်ရှားမှုတခု ဖြစ်ခဲ့သလား။ ASPRI သည် ပွင့်လင်းမြင်သာမှု မရှိခြင်းနှင့် အစိုးရနှင့် ပုဂ္ဂလိကအရင်းအမြစ်များမှ ရန်ပုံငွေ စုဆောင်းနိုင်သည့် လုပ်ပိုင်ခွင့်များရှိခြင်းကြောင့် တက္ကသိုလ်ပတ်ဝန်းကျင်မှ ဝေဖန်မှုများ ခံနေရသည့် အဖွဲ့ဖြစ်ပါသည်။ ယင်းဝေဖန်မှုများအပေါ် တုန့်ပြန်ချက်အဖြစ် ASPRI ကို ဆူဟာတိုက ၁၉၇၄ ခုနှစ် ဇန်နဝါရီလ နောက်ပိုင်းတွင် တရားဝင် ဖျက်သိမ်းလိုက်ပါသည်။ ကျောင်းသားအချို့ကို စွဲဆိုမှုများ ဆက်လက် ဆောင်ရွက်ခဲ့သော်လည်း၊ တက္ကသိုလ်တွင်း တက်ကြွလှုပ်ရှားသူများနှင့် ပညာရှင်အများစုကို မည်သည့်တရားရုံးကမှ အမှုဖွင့်ခြင်း မရှိခဲ့ပါ။ သို့သော် ထင်ရှားသော အကြောင်းအရာတခုမှာ ကျောင်းသားများနှင့် ဟာရီမာန် ဆီရီဂါတို့ကို တရားစွဲဆိုရန်အတွက် ASPRI သည် လူအုပ်ကြီးကို မီးရှို့ဖျက်စီးမှုများတွင် ပါဝင်အောင် လှုံ့ဆော်ပြီး၊ ကျောင်းသားများကို လွှဲချကာ စွပ်စွဲခြင်း ဖြစ်ပါသည်။ အမှန်တကယ်တွင် ကျောင်းသားများသည် အဓိကရုဏ်းများ ဖြစ်ပွားသည့်အချိန်တွင် မိုင်ပေါင်းများစွာ အကွာတွင်သာ ရှိနေခဲ့ပါသည်။
ယင်းကဲ့သို့ လျှို့ဝှက် စစ်တပ်အဖွဲ့များ၏ လှုပ်ရှားမှုအမျိုးအစားကို ၁၉၉၅ ခုနှစ်တွင် နာမို ရီအန်တီယာနို (Nano Riantiarno) ၏ Semar Gugat ဟုအမည်ရှိ အမိုက်စားဇာတ်လမ်းတွင် ပြောင်မြောက်စွာ တင်ပြထားပါသည်။ သို့သော် ထိုအကြောင်းအရာမှာ ၁၉၉၈ ခုနှစ်ကဲ့သို့သော ဆူဟာတို နုတ်ထွက်ရန် တောင်းဆိုသည့် ကျောင်းသားနှင့် အလုပ်သမားလှုပ်ရှားမှုကြီးများကို လွှဲချရန်အတွက် စစ်တပ်က ဖန်တီးခဲ့သည့် ဆူပူအုံကြွမှုပုံစံများနှင့်လည်း ထပ်တူကျပါသည်။ (အရေးကြီးသော အထောက်အထားတခုမှာ စျာဟရီယာ၏ တရားရေးစစ်ဆေးမှုအတွင်း တရားရုံးကို သမ္မတအိမ်တော်မှ တိုက်ရိုက်စွက်ဖက်မှုရှိခဲ့ကြောင်း ၎င်းတရားရေးအဖွဲ့ဝင်တဦး၏ ဇနီးက မိမိအား ပြောပြခဲ့ပါသည်။ သူကဆိုသည်မှာ တရားသူကြီးများကို တရားရုံးမတက်မီ မနက်တိုင်း “ဆင်ဒါနာ” — ဆူဟာတို၏ နေအိမ်သို့ ခေါ်သွားခံရပြီး၊ ဆူဟာတိုမှ ကိုယ်တိုင် ညွှန်ကြားမှုပေးခဲ့ကြောင်း ဖြစ်ပါသည်။)
ကျန်ရှိနေသည့် မေးခွန်းတခုမှာ ၁၉၇၀ ပြည့်နှစ်များအတွင်း ဖြစ်ပေါ်သော မတည်မငြိမ်မှု ဇာတ်ကြောင်းမှ အဘယ့်ကြောင့် PSI ကို ဖယ်ချန်ထားခဲ့သနည်းဆိုသည့် မေးခွန်း ဖြစ်ပါသည်။ ထိုမေးခွန်း၏ အဖြေကို ရှာဖွေရန်အတွက် စုမိထရို ဒျိုးဂျိုးဟာဒီကူဆူမို (Sumitro Djojohadikusumo) ၏ ဆက်နွယ်မှုများကို ကြည့်ရန် လိုအပ်ပါသည်။ သူသည် အင်ဒိုနီးရှားတက္ကသိုလ် စီးပွားရေးဌာန၏ ဌာနမှူးဖြစ်ခဲ့ပြီး၊ ကိုလိုနီခေတ်မှ လယ်ယာမြေများ ပိုင်ဆိုင်ခြင်းအပါအဝင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို နိုင်ငံတော်ပိုင် စီးပွားရေးအဖြစ် ပြောင်းလဲရန် ဆောင်ရွက်ခဲ့သော ဆူကာနို၏ မူဝါဒကို ပယ်ဖျက်လိုက်ပြီး နီယိုလစ်ဘရယ်စီးပွားရေး မူဝါဒအသစ်ကို ရေးဆွဲပေးသည့် ပညာရှင်အဖွဲ့၏ တည်ထောင်သူလည်း ဖြစ်ပါသည်။
PSI အတွက် အရေးပါသောပုဂ္ဂိုလ်တဦးဖြစ်သောသူသည် ဆူကာနိုကို စွန့်ခွာရန် ရည်ရွယ်သော PRRI လှုပ်ရှားမှုတွင် ပါဝင်ခဲ့ပြီး နိုင်ငံခြားသို့ ထွက်ပြေး ခံခဲ့ရသည်။ ဆူကာနို ပြုတ်ကျပြီးနောက် ၁၉၆၇ ခုနှစ်တွင် ပြန်လည်ရောက်ရှိလာကာ New Order အစိုးရ၏ စီးပွားရေးမူဝါဒများအတွက် နောက်ကွယ်မှ ကြိုးကိုင်သည့် အာဏာရှိသူ ဖြစ်လာခဲ့ပါသည် (Nasution, 1992; Subiyantoro, 2006)။ PKI လက်အောက်မှ ဖယ်ရှားပြီးနောက်ပြည်သူ့ကြားဖြတ်ညီလာခံမှ ထုတ်ပြန်သော ပထမဥပဒေသည် ၁၉၆၇ ခုနှစ် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေ (ဥပဒေအမှတ် ၁/၁၉၆၇) ဖြစ်ပြီး၊ ၎င်းသည် PKI ထောက်ခံသော နိုင်ငံတော်ပိုင်စီးပွားရေးကို ရည်ရွယ်ထားသော ဆူကာနို၏ မူဝါဒကို ပယ်ဖျက်ကာ အင်ဒိုနီးရှားကို ပြည်ပရင်းနှီးမြှုပ်နှံမှုများအတွက် ဖွင့်လှစ်လိုက်ခြင်း ဖြစ်ပါသည်။ ဂျပန်နိုင်ငံမှာ ဤဖွင့်လှစ်မှု၏ အရင်ဆုံး အကျိုးခံစားရသူ ဖြစ်ခဲ့ပြီး၊ အင်ဒိုနီးရှား၏ သယံဇာတ ရင်းမြစ်များနှင့် လူသားအရင်းအမြစ်ကို စီးပွားရေးရှုထောင့်မှ အသုံးချသည့် အရင်းရှင်စနစ်၏ ကိုယ်စားလှယ် ဖြစ်လာခဲ့ပါသည်။ ထို့နောက်တွင် စောင့်ဆိုင်းနေသည့် ကုမ္ပဏီတခုမှာ Freeport McMoran ဖြစ်ပါသည်။ ၎င်းသည် အနောက်ပိုင်းပါပူရာရှိ ကြေးနီနှင့် ရွှေသယံဇာတများကို လုပ်ကိုင်ခွင့် ရသည့် ပထမဆုံး ပြည်ပကုမ္ပဏီအနည်းငယ်ထဲမှ တခုဖြစ်ပါသည် (Poulgrain, 1998)။

စစ်တပ်ကို ခိုင်မာအောင် ဆောင်ရွက်ခြင်းနှင့် နီယိုလစ်ဘရယ်စီးပွားရေးမူဝါဒများကို ပေါင်းစပ်ပြီး၊ ကာတီနီဆိုခဲ့သည့် မုန်တိုင်းဝိညာဥ်ကို ပုံဖျက်၍ မိမိအကျိုးအတွက် အသုံးချခြင်းသည် အင်ဒိုနီးရှားအုပ်ချုပ်ရေးစနစ်၏ အခြေခံပုံစံတခုအဖြစ် ဆက်လက် တည်ရှိနေပါသည်။ ယင်းသည်လည်း ယခု ၂၀၂၅ ခုနှစ် မတ်လ ၂၀ ရက်တွင် ပါလီမန်မှ ပြဌာန်းသော ၂၀၀၄ ခုနှစ် စစ်တပ် ဥပဒေပြင်ဆင်မှုများအရ စစ်တပ်ကို တိုက်ရိုက်နှင့် သွယ်ဝိုက်၍ အုပ်ချုပ်ရေးပိုင်းတွင် ပါဝင်စွက်ဖက်ခွင့် ပြန်လည်ပေးခြင်းနှင့်အတူ ထွက်ပေါ်လာသည့် အငြိမ်းစား စစ်ဗိုလ်ချုပ်ကြီး ပရာဘိုဝိုး ဆုဘီအန်တို (စုမိထရိုဒျိုးဂျိုးဟာဒီကူဆူမို၏သား) အာဏာရလာမှု၊ ဧရာမရင်းနှီးမြှုပ်နှံမှုစီမံကိန်းများကို တင်းမာစွာ လုံခြုံရေးပြုလုပ်ခြင်းတို့တွင် ဆက်လက်မြင်တွေ့နိုင်ပါသည်။ အဆိုပါ ပြောင်းလဲမှုများကို ကျောင်းသားများနှင့် ပညာရှင်များက “စစ်တပ်က အခန်းကဏ္ဍနှစ်ခု”ကို ပြန်ယူခြင်းဟု ခေါ်ဆို ဝေဖန်ခဲ့ကြပါသည် (Tempo.co. 2025)။
သမိုင်းပညာရှင်များအတွက် Walter Benjamin (1969) ၏ သမိုင်းရုပ်ပုံ Angelus Novus သည် ကပ်ဘေးနှင့် တိုးတက်မှုတို့၏ ဝိရောဓိဆန်သည့် ဆက်စပ်မှုကို ဆွေးနွေးရာ၌ အသုံးများသော သင်္ကေတ တခုဖြစ်လာခဲ့ပါသည်။ မုန်တိုင်းတိုက်နေချိန်အတွင်း ပြောင်းလဲခြင်းလေပြင်းတိုက်ခတ်ခံရပြီး ရှေ့ကို ရွေ့နေချိန်တွင် အနောက်ကိုသာ ကြည့်နေသော တမန်တော်သည် ဖျက်ဆီးခံခဲ့ရသမျှသာ မြင်နိုင်ခြင်းသည် စစ်ဖြစ်လုနီး ခေတ်သစ်အပေါ် မျှော်လင့်ခြင်းနှင့် ကြောက်ရွံ့ခြင်း နှစ်ခုလုံးကို တပြိုင်နက်တည်း ပြသနေပါသည်။ ထိုပုံရိပ်တွင် မုန်တိုင်း (သို့) မတည်မငြိမ်မှုသည် မဖြေရှင်းနိုင်သော ချောင်ပိတ်မှုသို့ ဦးတည်သွားသကဲ့သို့ ဖြစ်နေပါသည်။
ထိုတမန်တော်သည် ကူရာကယ်ရာမဲ့ ဖြစ်နေပုံပေါက်သော်လည်း၊ Benjamin က “ရည်ရွယ်ချက်ပါသည့် အမှတ်ရခြင်း” ဟုဆိုကာ မျှော်လင့်ချက်တခုကို မြင်နိုင်ခဲ့ပါသည်။ ယင်းက မေ့ပျောက်ခံရခြင်းကို တန်ပြန်သည့် လုပ်ရပ်လည်း ဖြစ်ပါသည်။ ဤ ဆောင်းပါးတိုသည်လည်း ထိုကဲ့သို့ ရည်ရွယ်ချက်ပါသည့် အမှတ်ရခြင်းတခု ဖြစ်ပါသည်။ ထိုအမှတ်ရခြင်းမှတဆင့်၊ ကာတီနီ၏ မူလ အသံအပြည့်အဝကို ပြန်လည်ဖော်ထုတ်ခြင်း၊ မတည်မငြိမ်မှု၏ ပြောင်းလဲမှုစွမ်းအားကို သူက ဘယ်လောက်လက်ခံခဲ့သလဲဆိုသည်ကို အမှတ်ရခြင်းမှ မျှော်လင့်ချက်တခုကို ရှာဖွေနေခြင်း ဖြစ်ပါတော့သည်။
Sylvia Tiwon
ဆီလ်ဗီယာ တီဝွန် (Sylvia Tiwon) သည် ကယ်လီဖိုးနီးယားတက္ကသိုလ်၊ ဘာကလေရှိ အရှေ့တောင်အာရှလေ့လာရေးဌာနတွင် ဌာနမှူးနှင့် ပူးတွဲပါမောက္ခအဖြစ် တာဝန် ထမ်းဆောင် လျက်ရှိပါသည်။ သူ့၏ ပါရဂူဘွဲ့ကို ကယ်လီဖိုးနီးယားတက္ကသိုလ်၊ ဘာကလေမှ တောင်အာရှနှင့် အရှေ့တောင်အာရှလေ့လာရေးဘာသာရပ်ဖြင့် ရရှိခဲ့ပါသည်။ ပါရဂူဘွဲ့မရမီ စတန်ဖို့ဒ်တက္ကသိုလ်နှင့် အင်ဒိုနီးရှားတက္ကသိုလ်တို့တွင် အင်္ဂလိပ်ဘာသာရပ်ဖြင့် ဘွဲ့ရရှိခဲ့ပါသည်။ သူ့၏ စိတ်ဝင်စားမှုများမှာ လူမှုရေး၊ နိုင်ငံရေးနှင့် စာပေဆိုင်ရာ လှုပ်ရှားမှုများအကြား ဆက်နွယ်မှုများကို အခြေခံထားပြီး orality၊ literacy နှင့် gender studies များအပေါ် အခြေခံထားပါသည်။ သူ့၏ ထင်ရှားသော စာအုပ်များတွင် Breaking the Spell: Colonialism and Literary Renaissance (1999) နှင့် မီလာနီ ဘုဒန်တာ (Melani Budianta) နှင့် ပူးတွဲတည်းဖြတ်ထားသည့် Trajectories of Memory: Excavating the Past in Indonesia (2023) တို့ ပါဝင်ပါသည်။ သူ့၏ လက်ရှိသုတေသနမှာ အင်ဒိုနီးရှားနိုင်ငံအတွင်း လူမျိုးရေး၊ စာပေဆိုင်ရာ အလှအပသဘောတရားများနှင့် ဖမ်းဆီးခြင်းခံရသော abducted subjectivities တို့ ဖြစ်ပါသည်။
References –
Benjamin, Walter. 1969. Illuminations. New York: Schocken Books.
Kartini, R.A. 1912. Door Duisternis Tot Licht. ‘S Gravenhave: Luctor et Emergo.
Nasution, Adnan Buyung, 1992. The Aspiration for Constitutional Government in Indonesia. Jakarta: Pustaka Sinar Harapan.
Poulgrain, Greg. 1998. The Genesis of Konfrontasi. London: C. Hurst.
Riantiarno, N. 1995. Semar Gugat. Yogyakarta: Yayasan Bentang Budaya.
Subiyantoro, Bambang, ed. 2006. Negara Adalah Kita. Jakarta: Prakarsa Rakyat.
Suryakusuma, Julia. 1996. “State and Sexuality in New Order Indonesia.” in Laurie Sears, ed. Fantasizing the Feminine. Durham: Duke University Press.
Tempo.co. 2025, https://www.tempo.co/cekfakta/keliru-klaim-bahwa-revisi-uu-tni-tidak-mengembalikan-dwifungsi-abri-1225197
Thee Kian Wie, 2007. “In Memoriam Professor Sarbini Sumawinata, 1918-2007.” Economics and Finance in Indonesia, Vol 55 (1).
Toer, Pramoedya Ananta. 1997. Panggil Aku Kartini Saja. Jakarta: Hasta Mitra.