
၂၀၂၂ ခုနှစ် နိုဝင်ဘာ ၂၄ ရက်နေ့တွင် မလေးရှားနိုင်ငံ၏ ဝန်ကြီးချုပ်အဖြစ် အန်ဝါ အီဘရာဟင်က ကျမ်းသစ္စာ ကျိန်ဆိုခဲ့ပါသည်။ ယင်းမှာ ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၁၉ ရက်နေ့တွင် ကျင်းပသည့် ရွေးကောက်ပွဲအပြီး အကျေအလည် ဆွေးနွေးမှုများနောက်ပိုင်း ရလဒ် ဖြစ်ပါသည်။ အန်ဝါ ဝန်ကြီးချုပ် ဖြစ်လာမှုသည် နိုင်ငံရေးအရ အရေးပါသော တိုးတက်မှုတခုဖြစ်ပြီး အန်ဝါသည် သူ့၏ မဟာမိတ်များထဲတွင် မပါဝင်သော ပါတီများအပါအဝင် ပါတီအသီးသီးမှ ရွေးကောက်ခံ လွှတ်တော် အမတ်များ ထံမှ မဲအများစုကို ရရှိခဲ့ပါသည်။
၂၀၂၂ ခုနှစ် ရွေးကောက်ပွဲ နှစ်နှစ်အကြာတွင် အန်ဝါ ၏ “ညီညွတ်ရေး” အစိုးရနှင့် မလေးရှား၏ ရွေးကောက်ပွဲဆိုင်ရာ တရားမျှတမှုအတွက် အဓိက အရေးပါသည့် ပြဿနာမှာ ပါတီတခု သို့မဟုတ် တခုထက်ပိုသော ပါတီများ၏ ထောက်ခံမှု ရုပ်သိမ်းမှုကြောင့် ညွန့်ပေါင်းအစိုးရ ပြုတ်ကျသွားနိုင်ခြင်း ဖြစ်ပါသည်။ ပါလီမန်လွှတ်တော် ခေါ်ယူချိန်အတွင်း လွှတ်တော်အမတ်တဦးချင်း မဟုတ်သော်လည်း ပါတီများအနေဖြင့် ညွန့်ပေါင်းအဖွဲ့တခုမှ အခြားအဖွဲ့တခုသို့ ထောက်ခံမှု ပြောင်းလဲနိုင်ပါသည်။ ယင်းကို ထိရောက်စွာ တားဆီးနိုင်မည့် တင်းကြပ်သော နည်းလမ်းများ မရှိသည့်အတွက် အစိုးရ ပြုတ်ကျသွားနိုင်သည့် အန္တရာယ် ရှိနေပါသည်။
၂၀၂၂ ခုနှစ်တွင် လွှတ်တော်အမတ်တဦးချင်းအနေဖြင့် ပါတီပြောင်းလဲမှုကို တားဆီးရန် ဥပဒေ တရပ် (Anti-Party Hopping) ကို ပြဌာန်းခဲ့သော်လည်း ယင်းတွင် ပါတီတခုလုံးအား ထိန်းချုပ် ကန့်သတ်ရန် မပါဝင်ပါ။ ဤဥပဒေရေးရာ ဟာကွက်ကြောင့် ရွေးကောက်ပွဲ ကျင်းပရန် မလိုဘဲ အစိုးရ ပြောင်းလဲနိုင်သည့် အခြေအနေများ ဖြစ်ပေါ်နိုင်ပါသည်။
ရွေးကောက်ပွဲဆိုင်ရာ အာမခံချက်ကို ခိုင်မာစွာ ထည့်သွင်းရန်နှင့် ယင်းသို့ နိုင်ငံရေးကစားမှုကို တားဆီးရန် ပျက်ကွက်ခြင်းက မလေးရှားတွင် ပိုမို ကြီးမားသော နိုင်ငံရေး ညွန့်ပေါင်းမဟာမိတ်များ အဖြစ် စုဖွဲ့ရန် လမ်းကျောင်းစေပါသည်။ ထိုသို့ စုဖွဲ့ခြင်းအားဖြင့် ပါတီတခု၏ ထောက်ခံမှု ပြောင်းလဲခြင်းကြောင့် အစိုးရပြောင်းလဲမှု မဖြစ်စေရန် ရည်ရွယ်ပါသည်။ သို့သော် ကြီးမားသော ညွန့်ပေါင်း အစိုးရများသည် ပါတီစုံရွေးကောက်ပွဲများ၏ အနှစ်သာရနှင့် မဲဆန္ဒရှင်များ၏ လိုလားမှုကို ချိုးဖောက်နိုင်ပါသည်။
ယင်းအချက်က မလေးရှားတွင် လာမည့် အထွေထွေရွေးကောက်ပွဲများအတွက် ရွေးကောက်ပွဲ တရားမျှတမှုကို မထိခိုက်စေရန် ထိန်းသိမ်းရမည့် စိန်ခေါ်မှုတရပ် ဖြစ်လာပါသည်။

၂၀၁၈ ခုနှစ်တွင် ရွေးကောက်ခံ အစိုးရကို ပြုတ်ကျစေခြင်း
မလေးရှားနိုင်ငံ၏ နိုင်ငံရေးတွင် ပါတီသို့မဟုတ် ညွန့်ပေါင်းမဟာမိတ်အဖွဲ့များက ထောက်ခံမှု ပြောင်းလဲခြင်း သည် မကြာခဏ တွေ့မြင်ရသည့် မဟာဗျူဟာတခုဖြစ်ပါသည်။ ယင်းက နိုင်ငံရေး အခင်းအကျင်းအတွင်း ၄င်းတို့၏ ရာထူးနှင့် အာဏာကို ထိန်းထားလိုသည့် အချိန်များတွင် ဖြစ်ပွားလေ့ရှိပါသည်။ ပြည်နယ်အဆင့်တွင် ပါတီထောက်ခံမှု ပြောင်းလဲခြင်းသည် အစိုးရ ၈ ဖွဲ့ ပြုတ်ကျသွားသည် အထိ ဖြစ်စေခဲ့ပါသည်။ ပြည်ထောင်စုအဆင့်တွင်မူ မဲဆန္ဒရှင်များ၏ မဲပေးမှုကြောင့် ပါတီပြောင်းလဲမှုများနှင့် ညွန့်ပေါင်း မဟာမိတ်ဖွဲ့စည်းမှု ပြောင်းလဲမှုများ ကြုံတွေ့ရသော်လည်း ၁၉၅၅ ရွေးကောက်ပွဲမှစ၍ Alliance Party ညွန့်ပေါင်းအဖွဲ့နှင့် ယင်းကို ဆက်ခံသည့် ဘာရီဆန် နာရှင်နယ် (BN) ညွန့်ပေါင်းအဖွဲ့မှ ဦးဆောင်သည့် အစိုးရကို ဤနည်းအားဖြင့် အောင်မြင်စွာ ပြောင်းလဲနိုင်ခြင်း မရှိခဲ့ပါ။
သို့သော် ၂၀၂၀ ခုနှစ်တွင် “Sheraton Move” ဟု ခေါ်သည့် ပါတီထောက်ခံမှု ပြောင်းလဲမှုကြောင့် ၂၀၁၈ ရွေးကောက်ပွဲ (GE2018) ၂ နှစ်အကြာတွင် ဤနည်းအားဖြင့် အစိုးရ အပြောင်းအလဲ ဖြစ်ခဲ့ပါသည်။ ယင်းမှာ UMNO ဦးဆောင်သည့် BN မဟာမိတ်သည် ရှုံးနိမ့်ပြီး နောက်ပိုင်းဖြစ်သည့် ပြောင်းလဲမှုလည်း ဖြစ်ပါသည်။ ယင်းနိုင်ငံရေး ရွှေ့ကွက်ကြောင့် နှစ်နှစ်ကြာသော နိုင်ငံရေး မတည်မငြိမ်မှုတခု ဖြစ်ပေါ်ခဲ့ပြီး ရွေးကောက်ပွဲမကျင်းပဘဲ ဝန်ကြီးချုပ်နှင့် အစိုးရဖွဲ့စည်းမှု အပြောင်းအလဲများ ဖြစ်ပေါ်ခဲ့ပါသည်။
၂၀၁၈ ရွေးကောက်ပွဲ (GE2018) မတိုင်မီ Pakatan Harapan (PH) ညွန့်ပေါင်း မဟာမိတ်အဖွဲ့သည် BN မဟာမိတ်အဖွဲ့၏ အဓိက အတိုက်အခံ ဖြစ်လာပါသည်။ ယင်းညွန့်ပေါင်းတွင် UMNO မှ ထွက်ခွာပြီး ညီညွတ်သော မလေးရှား ဌာနေတိုင်းရင်းသားပါတီ (BERSATU) သို့ ဝင်ရောက်ခဲ့သည့် ယခင်ဝန်ကြီးချုပ် မဟာသီယာ မိုဟာမက်က ထောက်ခံပါဝင်ပါသည်။ BERSATU ပါဝင်သည့် PH သည် UMNO နှင့် BN မဟာမိတ်ကို အနိုင်ယူပြီး လွှတ်တော်အမတ် ၂၂၂ နေရာအနက် ၁၁၃ နေရာတွင် အနိုင်ရခဲ့ပါသည်။ မဟာမိတ်ဖွဲ့စည်းရန် အဓိကသဘောတူညီချက်တခုမှာ မဟာသီက ဝန်ကြီးချုပ် ရာထူးကို လက်ခံပြီး ၂ နှစ်အကြာတွင် PH ၏ အဓိကပါတီဖြစ်သည့် လူထုတရားမျှတမှုပါတီ (PKR) ၏ ခေါင်းဆောင် အန်ဝါ အီဘရာဟင်ထံ ဝန်ကြီးချုပ် ရာထူးလွှဲပြောင်းပေးရန် ဖြစ်ပါသည်။
ရွေးကောက်ပွဲနှစ်နှစ်အကြာတွင် ဝန်ကြီးချုပ် မဟာသီသည် အန်ဝါထံ ရာထူးလွှဲပြောင်းရန်အချိန်တွင် မဟာသီက ရာထူးမှ နုတ်ထွက်ရန် တုန့်ဆိုင်းနေသဖြင့် ညွန့်ပေါင်းအဖွဲ့သည် ရာထူး ဆက်ခံမည့် မဟာဗျူဟာပေါ်တွင် သဘောတူမရဖြစ်ခဲ့ပါသည်။ ထိုသို့ဖြစ်နေစဉ် BERSATU အတွင်း အချို့ အဖွဲ့ဝင်များက မဟာသီ၏ ဦးဆောင်မှုနှင့် PH ညွန့်ပေါင်းမဟာမိတ်အဖွဲ့တွင် နေရန် မလိုလားကြဘဲ PAS နှင့် နောက်ထပ် ညွန့်ပေါင်းမဟာမိတ်အဖွဲ့သစ် တည်ထောင်ရန် ကြိုးပမ်းခဲ့ကြပါသည်။ ယင်းဖြစ်ရပ်များကြောင့် ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီတွင် BERSATU သည် PH မှ နှုတ်ထွက်ပြီး Perikatan Nasional (PN) ညွန့်ပေါင်းမဟာမိတ်အဖွဲ့ကို တည်ထောင်ခဲ့ပါသည်။
“Sheraton Move” ဟု ခေါ်သော ယင်းသို့ ပါတီပြောင်းလဲမှုက PN ညွန့်ပေါင်းအဖွဲ့ ပေါ်ပေါက်စေပြီး ပြည်ထောင်စုအဆင့်တွင် ပထမဆုံးအနေဖြင့် အစိုးရပြုတ်ကျမှု ဖြစ်စေခဲ့ပါသည်။ မဟာမိတ် ပါတီများက မဟာသီနှင့် အန်ဝါကို ချန်ထားကာ BERSATU မှ မူဟီဒင် ယက်စင်ကို ဝန်ကြီးချုပ်အဖြစ် ထောက်ခံခဲ့ပါသည်။ PN ညွန့်ပေါင်းမဟာမိတ်အဖွဲ့ သည် ၂၀၁၈ ရွေးကောက်ပွဲမှစ၍ အတိုက်အခံ အဖြစ်ရှိနေသည့် BN ညွန့်ပေါင်းမဟာမိတ်အဖွဲ့ ထံမှလည်း ထောက်ခံမှုရရှိခဲ့ပြန်ပါသည်။
ထိုသို့ နိုင်ငံရေး ပြောင်းလဲမှုများ ဖြစ်သော်လည်း အစိုးရသည် လွှတ်တော်တွင် သေးငယ်သော ညွန့်ပေါင်းအဖြစ်သာ မဲအများစု ရှိပါသည်။ ၂၀၂၁ ခုနှစ် နှစ်လယ်တွင် UMNO သည် ဝန်ကြီးချုပ် မူဟီဒင်၏ ဦးဆောင်မှုနှင့် ကိုဗစ်-၁၉ မူဝါဒများအပေါ် မကျေနပ်သဖြင့် ထောက်ခံမှု ရုပ်သိမ်းခဲ့ပါသည်။ ယင်းအဖြစ်အပျက်က ၂၀၂၁ ခုနှစ် သြဂုတ်လတွင် မူဟီဒင် ရာထူးမှ နုတ်ထွက်သွားခြင်းဖြင့် အဆုံးသတ်ခဲ့ပါသည်။ ယင်းက ၂၀၁၈ ရွေးကောက်ပွဲအပြီး ဒုတိယမြောက် အစိုးရ ပြောင်းလဲမှု ဖြစ်စေခဲ့ပါသည်။

ပါတီထောက်ခံမှု ပြောင်းလဲခြင်း တားဆီးရေးဆိုင်ရာ ရွေးကောက်ပွဲဥပဒေ ပြင်ဆင်မှု
“Sheraton Move” ၏ ရလဒ်ဖြစ်သည့် PN မဟာမိတ် ဖွဲ့စည်းမှုနှင့် မူဟီဒင် ယက်စင်နှင့် အစ္စမေးလ် ဆာဘရီယာကော့တို့ ဝန်ကြီးချုပ်သက်တမ်းများအတွင်း ဖြစ်ပွားခဲ့သည့် နိုင်ငံရေး မတည်ငြိမ်မှုများက ညွန့်ပေါင်းမဟာမိတ် အဖွဲ့တဖွဲ့အတွင်း လွှတ်တော်အမတ်များနှင့် နိုင်ငံရေးပါတီများ၏ သစ္စာဖောက်မှုကြောင့် ဖြစ်လာနိုင်သည့် အန္တရာယ်များကို ပြသခဲ့ပါသည်။ ထိုသို့သော ပြောင်းလဲမှုကြောင့် လေးနှစ်အတွင်း ဝန်ကြီးချုပ် သုံးဦးအထိ အပြောင်းအလဲ ဖြစ်ခဲ့ပါသည်။ ယင်းသို့ ပါတီ ပြောင်းလဲသည့် လုပ်ရပ်က ပါတီသစ္စာစောင့်မှုကို ထိခိုက်စေနိုင်ပြီး မဲဆန္ဒရှင်များ၏ မူရင်းဆန္ဒ ကိုလည်း ချိုးဖောက်ရာ ကျပါသည်။
နိုင်ငံရေး မတည်ငြိမ်မှု အလားအလာများကြောင့် ၂၀၂၂ ရွေးကောက်ပွဲ (GE2022) မတိုင်မီ လွှတ်တော် အမတ်များက ရွေးကောက်ပွဲ ဥပဒေ ပြုပြင်မှုများ စတင်ဆောင်ရွက်ခဲ့ပါသည်။ ထိုပြုပြင်မှုများထဲတွင် ၂၀၂၂ ဖွဲ့စည်းပုံ ဥပဒေပြင်ဆင်မှု (နံပါတ် ၃) ဥပဒေ၊ သို့မဟုတ် ပါတီပြောင်းလဲခြင်းကို တားဆီး ကန့်သတ်သည့် ဥပဒေ Anti-Party Hopping Law (AHL) ဟု လူသိများသည့် ဥပဒေ ပါဝင်ပါသည်။ ၎င်းဥပဒေက ရွေးကောက်ခံ ကိုယ်စားလှယ်များအား ရာထူးသက်တမ်းအတွင်း ပါတီပြောင်းလဲခြင်းကို တားဆီးထားပါသည်။ ဥပဒေက မိမိပါတီမှ နုတ်ထွက်ကာ တခြား ပါတီသို့ ဝင်ရောက်သူများကို ပြစ်ဒဏ် ချမှတ်ပါသည်။ ယင်းသို့ ဖြစ်ပါက ၎င်းတို့၏ မဲဆန္ဒနယ်တွင် ရွေးကောက်ပွဲ ပြန်လည်ကျင်းပပြီး မဲဆန္ဒရှင်များက သူ့ကို ဆက်လက်ထောက်ခံမည် သို့မဟုတ် အစားထိုးကိုယ်စားလှယ်ကို ရွေးချယ် တင်မြှောက်နိုင်ပါသည်။ ထို့အပြင် ဥပဒေပြင်ဆင်မှုအရ ပါတီခေါင်းဆောင်များက ပါတီဝင်များကို ထုတ်ပယ်ခဲ့လျှင်လည်း ၎င်းတို့အနေဖြင့် လွှတ်တော်အမတ် ရာထူးကို ဆက်လက် ထိန်းထားခွင့်ရှိပြီး ထိုသို့ ဖြစ်ပါက တခြား ပါတီသို့ ဝင်ရောက်နိုင်ပါသည်။
ပါတီပြောင်းလဲခြင်းကို ကန့်သတ်သည့် ဥပဒေသည် နှစ်များစွာ နိုင်ငံရေး အငြင်းပွားမှုများအပြီး နိုင်ငံရေးတွင် နိုင်ငံသားများ၏ ယုံကြည်မှု ပြန်လည်ရရှိရန် ရည်ရွယ်ပါသည်။ ယင်းက ရွေးကောက်ခံ ကိုယ်စားလှယ်များအား လွှတ်တော်သို့ ရောက်ပြီးမှ ၎င်းတို့၏ နိုင်ငံရေး မူဝါဒနှင့် ပါတီသစ္စာစောင့်မှုကို ပြောင်းလဲခြင်းအား အတားအဆီး ဖြစ်စေပါသည်။ ထိုစီမံချက်က မဲဝယ်မှု (money politics) နှင့် လာဘ်စားမှုတို့ကို တိုက်ဖျက်ရန် အထူးရည်ရွယ်ပြီး ယင်းအချက်များက ပါတီပြောင်းလဲမှုတွင် အဓိက ပါဝင်သည်ဟု ယူဆပါသည်။ ထို့ကြောင့် ရွေးကောက်ပွဲဆိုင်ရာ တရားမျှတမှုကို ထိန်းသိမ်းရန် ရည်ရွယ်ပါသည်။
သို့သော် ယင်းဥပဒေသည် ညွန့်ပေါင်းမဟာမိတ်အဖွဲ့ (coalition) အဆင့်တွင် မသက်ရောက်ပါ။ ထို့ကြောင့် နိုင်ငံရေး ပါတီတခုလုံးအနေဖြင့် မဟာမိတ်အဖွဲ့သို့ ဝင်ရောက်ခြင်း၊ မဟာမိတ် ပြောင်းလဲခြင်းတို့ ပြုလုပ်နိုင်ပါသည်။ ထိုသို့ ပြုလုပ်ခြင်းဖြင့် ပြစ်ဒဏ် မခံရနိုင်ပါ။ သို့ဖြစ်ရာ “Sheraton Move” ကိုအကြောင်းပြုပြီး ဥပဒေ ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သော်လည်း ယင်းဖြစ်ရပ်ကိုယ်တိုင်ကို AHL ဥပဒေက တားဆီးနိုင်မည် မဟုတ်ပါ။ အကြောင်းမှာ ယင်းက လွှတ်တော်အမတ်များက တဦးချင်း ပါတီပြောင်းလဲခြင်း မဟုတ်ဘဲ ပါတီအဆင့်တွင် မဟာမိတ်ပြောင်းလဲမှု ဖြစ်ခဲ့သောကြောင့် ဖြစ်ပါသည်။ သို့ဖြစ်ရာ ပါတီခေါင်းဆောင်များက ပါတီတွင်း လွှတ်တော်ကိုယ်စားလှယ်များ၏ သဘောတူညီမှုမရှိဘဲ ညွန့်ပေါင်းပြောင်းလဲခြင်းကဲ့သို့သော နိုင်ငံရေး ဆုံးဖြတ်ချက်များကို တဖက်သက် ပြုလုပ်နိုင်ပါသည်။
ပါတီပြောင်းလဲမှုနှင့် သစ္စာဖောက်မှုကို တားဆီးရန် ယုံကြည်စိတ်ချရသည့် ယန္တရားတခု မရှိလျှင် ၂၀၂၂ ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သည့် အန်ဝါအီဘရာဟင်၏ အစိုးရအတွက် နောက်ထပ် နိုင်ငံရေး သစ္စာဖောက်မှုများ ဖြစ်လာနိုင်သည့် အန္တရာယ်ကြီးမားပါသည်။

အန်ဝါအီဘရာဟင် ဦးဆောင်သည့် ညီညွတ်ရေးအစိုးရအတွက် အန္တရာယ်များ
၂၀၂၂ ရွေးကောက်ပွဲ (GE2022) တွင် PKR ဦးဆောင်သည့် Pakatan Harapan (PH) ညွန့်ပေါင်း မဟာမိတ်အဖွဲ့သည် အနိုင်ရခဲ့သော်လည်း မဲအများစုက ညွန့်ပေါင်းမဟာမိတ်အဖွဲ့ သုံးဖွဲ့ဖြစ်သည့် PH၊ Barisan Nasional (BN) နှင့် Perikatan Nasional (PN) အကြား ပြန့်နေပါသည်။ ထို့ကြောင့် မည်သည့် မဟာမိတ်တဖွဲ့ထဲကမှ လွှတ်တော်တွင် မဲအများစု မရှိခဲ့ပါ။ တင်းမာသော ဆွေးနွေးမှုများ အကြိမ်ကြိမ် အပြီး PH၊ BN နှင့် ဆာရာဝက် အခြေစိုက် Gabungan Parti Sarawak (GPS) တို့အကြား သဘောတူညီမှုတရပ် ရရှိခဲ့ပြီး အန်ဝါအီဘရာဟင် ဦးဆောင်သည့် “ညီညွတ်ရေး” အစိုးရကို ဖွဲ့စည်းခဲ့ပါသည်။ ယင်းဆွေးနွေးမှုသည် သမိုင်းဝင်ဖြစ်ပါသည်။ အကြောင်းမှာ PH နှင့် BN တို့သည် နိုင်ငံရေးအရ နှစ်ရှည်ကြာ အတိုက်အခံ ပြိုင်ဖက်များ ဖြစ်ခဲ့ကြခြင်းကြောင့် ဖြစ်ပါသည်။
သို့သော် ၂၀၂၄ ခုနှစ်ကုန်ပိုင်းတွင် အန်ဝါအီဘရာဟင် အစိုးရအတွင်း အက်ကြောင်းများ ရှိနေသည့် သင်္ကေတများ ပေါ်လာခဲ့ပါသည်။ ပါတီပြောင်းလဲမှုတားဆီးရေးဥပဒေ (AHL) သည် “Sheraton” နိုင်ငံရေးရွှေ့ကွက်ကဲ့သို့သော ပြောင်းလဲမှုများကို အကန့်အသတ်ဖြင့်သာ ကာကွယ်ထားနိုင်ပြီး အခက်အခဲများက ရှေ့တန်းသို့ ရောက်လာပါသည်။
ပထမဦးစွာ သစ္စာမရှိမှုနှင့် သံသယများရှိနေခြင်းကြောင့် ပါတီ အပြောင်းအရွှေ့များ ဖြစ်နိုင်ကြောင်း လူမှုကွန်ရက် ဆိုရှယ်မီဒီယာတွင် ကောလဟာလသတင်းများ အကြိမ်ကြိမ် ပေါ်ပေါက်ခဲ့ပါသည်။ PH-BN ညွန့်ပေါင်း အစိုးရမဟာမိတ်က PN မဟာမိတ်အတွင်း ပါဝင်သည့် PAS ပါတီထံမှ တိုက်ခိုက်မှုများကို ခံရပါသည်။ PAS သည် ၂၀၂၃ ခုနှစ်တွင် အစိုးရ ဖြုတ်ချရန် ပေါ်တင် တောင်းဆိုခဲ့ပါသည်။ ထို့အပြင် ၂၀၂၃ ခုနှစ် ဇန်နဝါရီတွင် UMNO ဥက္ကဌ အာမတ်ဇာဟစ်ဟာမီဒီကို ရာထူးမှ ဖြုတ်ချရန် ကြိုးပမ်းနေကြောင်း သတင်းများ ထွက်ပေါ်လာခဲ့ပါသည်။ ယင်းက PH-BN မဟာမိတ်ကို မတည်မငြိမ် ဖြစ်စေပြီး ညီညွတ်ရေးအစိုးရကို ပြုတ်ကျသွားစေနိုင်ပါသည်။ ယင်းဖြစ်ရပ်ကို “London Move” ဟု ခေါ်ပါသည်။
၂၀၂၄ ခုနှစ်အစောပိုင်းတွင် “Dubai Move” အကြောင်း သတင်းများ ပေါ်ပေါက်လာခဲ့ပြန်ပါသည်။ ယင်းတွင် PH-BN ညီညွတ်ရေး ညွန့်ပေါင်းအဖွဲ့မှ လွှတ်တော်အမတ်အချို့အား သွေးဆောင်ကာ PN မှ တင်သွင်းသည့် ဝန်ကြီးချုပ်လောင်းအား ထောက်ခံစေရန် ကြိုးပမ်းခြင်း ဖြစ်ပါသည်။ ယင်းအတွက် လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ပါတီပြောင်းလဲရန် မလိုအပ်သဖြင့် AHL ဥပဒေ၏ ပြစ်ဒဏ်များနှင့် သွားငြိခြင်း မရှိပါ။ PN သည် ပါတီတခုလုံးကို သူ့ဖက်ပါရန် ဆွဲဆောင်နိုင်ခဲ့ပါကလည်း ယင်းကို AHL က မတားဆီးနိုင်ပါ။
“London Move” နှင့် “Dubai Move” တို့သည် အဆုံးတွင် အောင်မြင်ခြင်း မရှိခဲ့သော်လည်း မလေးရှားနိုင်ငံရေးတွင် သစ္စာဖောက်မှု ဖြစ်နိုင်ခြင်း သံသယများ ပြန့်ပွားနေသည်ကို ပြသနေပါသည်။
ဒုတိယအနေဖြင့် လူမျိုး၊ ကိုးကွယ်သည့် ဘာသာရေးနှင့် ဘုရင်စနစ် (race, religion, royalty) ဆိုင်ရာ အဓိကမူဝါဒများအပေါ် သဘောကွဲလွဲခြင်းများကြောင့် လွှတ်တော်အမတ်များ သို့မဟုတ် ပါတီများက မဟာမိတ်အစိုးရမှ ထွက်ခွာကာ ၎င်းကို ပြုတ်ကျစေနိုင်ပါသည်။ အန်ဝါအီဘရာဟင်၏ အစိုးရသည် မလေးလူမျိုး အကျိုးစီးပွားကို ကာကွယ်လိုသည့် UMNO ခေါင်းဆောင်များနှင့် လွှတ်တော် အမတ်များထံမှ အတွင်းပိုင်း မကျေနပ်မှုကို ကြုံတွေ့နေရပါသည်။ ထို့အပြင် ၎င်းတို့က ဒီမိုကရေတစ်အက်ရှင်ပါတီ DAP နှင့် မကျေလည်မှုများလည်း ရှိနေပါသည်။ DAP သည် တရုတ်လူမျိုး မလေးရှားနိုင်ငံသားများ၏ အကျိုးစီးပွားကို အဓိက ကိုယ်စားပြုသည့် ပါတီဖြစ်သည်ဟု ယူဆခံထားရပြီး မလေးရှားနိုင်ငံရေးတွင် လူမျိုး၊ ဘာသာရေးနှင့် ဘုရင်စနစ်ကို စိန်ခေါ်သည့် ပါတီအဖြစ် ယူဆထားကြပါသည်။ ဤတင်းမာမှုက PAS ကြောင့်လည်း ပိုမို ပြင်းထန်လာပါသည်။ PAS သည် မလေးလူမျိုး မဲဆန္ဒရှင်များအကြား ထောက်ခံမှု ရရှိနေပြီး အန်ဝါအီဘရာဟင်က DAP ၏ တောင်းဆိုချက်များကို ဖြည့်ဆည်းနေကြောင်း၊ အစ္စလာမ်ဘာသာနှင့် မလေးလူမျိုးဆိုင်ရာ ပြဿနာများကို မလျော်ညီစွာ လျစ်လျူရှုထားကြောင်း သူတို့က ဝေဖန်ပါသည်။
နိုင်ငံရေး အကျပ်အတည်း ဖြစ်လာနိုင်သည့် သင်္ကေတများ ပေါ်လာသည့်အတွက် အန်ဝါအစိုးရအနေဖြင့် နိုင်ငံရေးအရ ကြီးစိုးထားနိုင်မှုကို ထိန်းသိမ်းရန်၊ မဟာမိတ်ဝင်များက သစ္စာဖောက်ခြင်းကြောင့် အစိုးရ ပြုတ်ကျခြင်းမှ ကာကွယ်ရန် AHL ဥပဒေကို ပြင်ဆင်တင်းကြပ်ရန် ဆွေးနွေးမှုများ စတင် ဆောင်ရွက်လာပါသည်။ ယခင် ၂၀၂၂ ဥပဒေပြင်ဆင်စဥ်က ဆွေးနွေးမှုများမှ အကြံပြုချက်များ ထပ်မံ ပေါ်ပေါက်လာပါသည်။ PKR က မဲဆန္ဒရှင်များအား ပါတီပြောင်းလဲသော ကိုယ်စားလှယ်များနှင့် အခြားသော ဆောင်ရွက်ရမည့်ကိစ္စရပ်များကို ဆောင်ရွက်ခြင်းမရှိသော ကိုယ်စားလှယ်များကို ဖြုတ်ချနိုင်စေရန် “recall remedy” မူဝါဒကို တင်ပြပါသည်။ ထို့အပြင် ပါတီမှ ထုတ်ပယ်ခံရသော ကိုယ်စားလှယ်များကို လွှတ်တော်မှ ထုတ်ပယ်ရန်ဆိုသည့် တင်းကြပ်သည့် မူဝါဒများကိုလည်း ထည့်သွင်း တင်ပြထားပါသည်။
အစိုးရက AHL ဥပဒေကို ပြင်ဆင်ရန်အတွက် လွှတ်တော်တွင် တင်ပြရန် တာဝန်ယူထားသော်လည်း မဲအများစုရရှိရန် လိုအပ်နေပါသည်။
ထို့ကြောင့် အန်ဝါက AHL ဥပဒေ ပြင်ဆင်ရန်အတွက် ထောက်ခံမှုရယူရန်သာမကဘဲ ၂၀၂၇ အထွေထွေရွေးကောက်ပွဲ GE2027 မတိုင်မီ မဟာမိတ်အဖွဲ့အတွင်းနှင့်၊ ပြင်ပမှ ပါတီများထံမှ ထောက်ခံမှု ရယူရန် လှုပ်ရှားနေပါသည်။
ယင်းဗျူဟာတွင် BERSATU ပါတီကို အတိုက်အခံအဖြစ် ရပ်တည်ခြင်းမှ လျော့ကျပြီး အန်ဝါကို ထောက်ခံလာစေရန် ဆောင်ရွက်ခြင်းနှင့် UMNO နှင့် ဆက်လက် ပူးပေါင်းရန် ကြိုးပမ်းခြင်းများ ပါဝင်ပါသည်။ ထို့အပြင် ဘော်နီယိုကျွန်းရှိ နိုင်ငံရေး အင်အားစုများနှင့်လည်း မျက်နှာချင်းဆိုင် ဆွေးနွေးမှုများ ပြုလုပ်ပါသည်။ မလေး-မူဆလင်လူမျိုးများ၏ အကျိုးစီးပွားကို မကာကွယ်နိုင်ကြောင်း ဝေဖန်မှုများအပေါ် တုံ့ပြန်သည့် အနေဖြင့်လည်း အန်ဝါသည် PAS ပါတီထံမှ ထောက်ခံမှု ရယူရန် ကြိုးပမ်းနေပါသည်။ PAS သည် မလေး-မူဆလင်မဲဆန္ဒရှင်များစွာ ထောက်ခံသည့် ပါတီဖြစ်ပါသည်။
အန်ဝါအီဘရာဟင်သည် အပြိုင်ဖြစ်နေသူများအား ညှိနှိုင်းပြီး တာဝန်ထမ်းဆောင်နိုင်ခဲ့ပါက နောက်လာမည့် ရွေးကောက်ပွဲတွင် ပိုမို တည်ငြိမ်သည့် အစိုးရ တဖွဲ့ ရရှိနိုင်ပြီး ပြုတ်ကျနိုင်သည့် အန္တရာယ်လည်း နည်းမည် ဖြစ်ပါသည်။

နိဂုံး
၂၀၂၂ ရွေးကောက်ပွဲ နှစ်နှစ်ကြာပြီးနောက် မလေးရှားနိုင်ငံရေးသည် ယခုအခြေအနေတွင် ရပ်တည်နေပါသည် – ပါတီပြောင်းလဲမှုတားဆီးရေး ဥပဒေ ခိုင်မာစွာ ချမှတ်ရန် မအောင်မြင်သဖြင့် အန်ဝါအီဘရာဟင်၏ အစိုးရသည် ၎င်း၏ တတိယနှစ်အတွင်း တည်ငြိမ်မှုရရှိရန်အတွက် မဟာမိတ်ပေါင်းစုံ တည်ဆောက်ရန် အာရုံစိုက်နေပါသည်။ ယင်းမှာ နောက်ရွေးကောက်ပွဲ မတိုင်မီ ဖြစ်ပါသည်။
သို့သော် ယင်းအောင်မြင်မှုသည် မလေးရှားနိုင်ငံ၏ ပါတီစုံ ဒီမိုကရေစီအတွက် ကြီးမားသော အဖိုးအခ ဖြစ်လာနိုင်ပါသည်။ အန်ဝါအီဘရာဟင် ဦးဆောင်သည့် PH-BN ညီညွတ်ရေးအစိုးရ ဖွဲ့စည်းမှုသည် ယခင်အတိုက်အခံအဖြစ် ရပ်တည်စဥ်က မဟာမိတ်များ၏ တိုးတက်သော မူဝါဒများနှင့် ဒီမိုကရေစီကို ထောက်ခံသည့် နိုင်ငံရေးရပ်တည်မှုများကို ပျက်စီးစေသည်ဟု ဝေဖန်မှုများ ကြုံတွေ့နေပါသည်။
ထို့ကြောင့် ယင်းသို့ မဟာမိတ်ပေါင်းစုံ ဖွဲ့သည့် နည်းလမ်းသည် မလေးရှားနိုင်ငံရေးတွင် တကယ့် အတိုက်အခံအသံများကို ပိုမို လျော့နည်းစေပြီး နိုင်ငံ၏ ပါတီစုံဒီမိုကရေစီအရည်အသွေးကို များစွာ ထိခိုက်နိုင်သည် ဖြစ်ပါတော့သည်။
Lina Sakina Salim, Asia Centre