
၂၀၂၄ ဖေဖော်ဝါရီ သမ္မတ ရွေးကောက်ပွဲတွင် ၅၈% ကျော်သော မဲများဖြင့် အနိုင်ရရှိပြီးနောက် ၂၀၂၄ ခုနှစ် အောက်တိုဘာ ၂၀ ရက်နေ့တွင် ပရာဘိုဝို ဆူဘီယန်တိုသည် အင်ဒိုနီးရှား၏ ရှစ်ယောက်မြောက် သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့ပါသည်။ ဤရွေးကောက်ပွဲ၏ ထူးခြားချက်မှာ အင်ဒိုနီးရှားကို အားနည်းသည့် အတိုက်အခံမှသည် “အတိုက်အခံကင်းရှင်းသည့် ဒီမိုကရေစီ” ဆီသို့ ဦးတည်စေနိုင်သည့် နိုင်ငံရေး မဟာမိတ် ကာတယ်များ (အချင်းချင်းညှိ၍ အပြိုင်မလုပ်ဘဲ အမြတ်ထွက်ရန် ကြံစည် သဘောတူ ထားသည့်သူများ) အဖြစ် ပြောင်းလဲလာခြင်း ဖြစ်ပါသည်။
ယင်းမဟာမိတ်များသည် အိုင်ဒီယော်လော်ဂျီထက် ဝေစားမျှစား အာဏာခွဲဝေမှုများဖြင့် လက်ငင်း အကျိုးအမြတ်ကို အခြေခံသည့် မဟာမိတ်များ ဖြစ်ပါသည်။ ၎င်းတို့က မူလ ရည်ရွယ်ချက်ဖြစ်သည့် အင်ဒိုနီးရှား၏ ရွေးကောက်ပွဲစနစ်ကို ဒီမိုကရေစီဖြစ်စေရေးနှင့် အပြန်အလှန် ထိန်းကျောင်းမှုများ တည်ဆောက်ရန် ဆောင်ရွက်ချက်များကို ဖီဆန်ကြခြင်းလည်း ဖြစ်ပါသည်။ ၄င်းတို့က ရွေးကောက်ပွဲ နည်းလမ်းဖြင့် ပြိုင်ဆိုင်မှုများကို အားလျော့စေကာ ဆရာမွေး တပည့်မွေး စနစ်ကို ပိုအားကောင်း စေခြင်း ဖြစ်ပါသည်။
မဟာမိတ်ဖွဲ့ခြင်းသည် အုပ်ချုပ်ရေး လွယ်ကူစေရန် အထောက်အကူဖြစ်နိုင်သော်လည်း ကာတယ် များသို့ ပြောင်းလဲခြင်းသည် ရွေးကောက်ပွဲ၏ တရားမျှတမှုကို များစွာ ထိခိုက်စေပါသည်။ ပါတီကြီးများ အကြား ယှဉ်ပြိုင်မှုအစား ပေါင်းကြံကြခြင်းဖြင့် မဲဆန္ဒ ရလဒ်များမှာ ကြိုတင် ခန့်မှန်းလို့ရသည့် ပြိုင်မထူး ရလဒ်များ ဖြစ်လာပါသည်။ အင်ဒိုနီးရှားတွင် မူရင်း ဒီမိုကရေစီလုပ်ငန်းစဥ်ထက် အီလိများ၏ အကျိုးစီးပွားကို ဦးစားပေးလာသည့်အတွက် မူဝါဒပိုင်းဆိုင်ရာတွင် ရှေ့မတိုး နောက်မဆုတ်ဖြစ်ကာ သိသာအားကောင်းသော နိုင်ငံရေး ပြောင်းလဲမှုများ ဆောင်ရွက်လို့ မရတော့သည့် အခြေနေ ဖြစ်လာစေပါသည်။ အချင်းချင်း ဝေစားမျှစားသော နိုင်ငံရေးစနစ် ဖြစ်လာပြီး သမ္မတသက်တမ်း ကုန်ဆုံးချိန်တွင် မိမိပြိုင်ဖက်ဟောင်းကို ထောက်ခံမဲဆွယ်ပေးသည်ဆိုတာမျိုး အင်ဒိုနီးရှား နိုင်ငံရေး စနစ်တွင် ဖြစ်လာပါသည်။
ရွေးကောက်ပွဲ မဟာမိတ်များမှသည် နိုင်ငံရေး ကာတယ်များသို့ ပြောင်းလဲလာခြင်းသည် ပါတီစုံ ရွေးကောက်ပွဲ အရည်အသွေးကို ထိခိုက်စေပါသည်။ ၎င်းသည် မတူညီကွဲပြားသော ကိုယ်စားလှယ်လောင်းများအတွက် အခွင့်အရေးများကို ကန့်သတ်ပြီး နိုင်ငံရေးအာဏာသည် အီလိ မိသားစုများအကြားတွင်သာ ရှိသည့် အခြေအနေ ဖြစ်လာပါသည်။ အထူးအားဖြင့် နိုင်ငံရေး ပလက်ဖောင်းများကို တပုံစံတည်း ဖြစ်စေပြီး မဲဆန္ဒရှင်များအတွက် ရွေးချယ်စရာ မရှိဖြစ်ကာ ပြည်သူများကို ကိုယ်စားပြုနိုင်သည့် မတူညီသော အမြင်များ၊ လွတ်လပ်သော အပြန်အလှန် ထိန်းကျောင်းခြင်းများ မရှိတော့သည့် အခြေအနေ ဖြစ်လာစေပါသည်။

တိုက်ရိုက်သမ္မတရွေးချယ်မှု စနစ်၏ သမိုင်းကြောင်း
အင်ဒိုနီးရှားသည် ၁၉၉၈ ခုနှစ်တွင် အာဏာရှင် သမ္မတဆူဟာတို နုတ်ထွက်အပြီး ဒီမိုကရေစီ အသွင် ကူးပြောင်းခြင်း စတင်ခဲ့ပါသည်။ အရေးကြီးသည့် အချက်မှာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှု များမတိုင်မီ သမ္မတကို ဥပဒေပြုမဏ္ဍိုင်ဖြစ်သည့် MPR လွှတ်တော် (People’s Consultative Council – MPR) မှ ရွေးချယ်ခဲ့ပါသည်။ ဆူဟာတို သက်တမ်းအတွင်း လွှတ်တော်သည် “ခွင့်ပြုထားသည့်” နိုင်ငံရေး ပါတီသုံးခုမှ ရွေးကောက်ခံ ကိုယ်စားလှယ်များနှင့် စစ်တပ်မှ ခန့်အပ်ခံ ကိုယ်စားလှယ်များ၊ ဒေသ အလိုက် ကိုယ်စားလှယ်များ ပါဝင်ပါသည်။
ဆူဟာတို၏ ဒုသမ္မတဖြစ်သည့် ဘာချာရူဒင် ရူဆုဖ် ဟာဘီဘီ (BJ Habibie) သည် ၁၉၉၈ ခုနှစ်တွင် ဆူဟာတို နုတ်ထွက်ပြီးနောက် သမ္မတဖြစ်လာခဲ့ပါသည်။ ဟာဘီဘီ သမ္မတသက်တမ်းအတွင်း နိုင်ငံရေး ဖွင့်လှစ်မှုများနှင့် ဗဟိုချုပ်ကိုင်မှု လျှော့ချခြင်း ပြုပြင်ပြောင်းလဲမှုများ များစွာ ဆောင်ရွက်ခဲ့ပါသည်။ သူသည် ၁၉၉၉ ခုနှစ်တွင် နိုင်ငံရေးပါတီများ ဥပဒေပြဋ္ဌာန်းခဲ့ပြီး ဆူဟာတို သက်တမ်းအတွင်း ပါတီသုံးခု သာ ခွင့်ပြုထားသည့် အခြေအနေမှ နိုင်ငံရေးပါတီများ တိုးချဲ့ခွင့်ပြုခဲ့ပါသည်။
၁၉၉၉ ခုနှစ် သမ္မတရွေးကောက်ပွဲတွင် ဟာဘီဘီ သည် သူ့ပါတီမှ ဖိအားပေးသဖြင့် ဝင်ရောက် ရွေးချယ် မခံခဲ့သော်လည်း ရွေးကောက်ပွဲက ပါတီစုံ ဒီမိုကရေစီသို့ တဖြည်းဖြည်း ပြောင်းလဲသည့် အထူး ပြောင်းလဲမှုတခု ဖြစ်ခဲ့ပါသည်။ နိုင်ငံရေးပါတီဥပဒေအရ ပါတီ ၄၈ ခုမှ ကိုယ်စားလှယ်များသည် MPR ၏ အောက်လွှတ်တော်ဖြစ်သည့် ပြည်သူ့လွှတ်တော် (People’s Representative Council – DPR) တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါသည်။
အင်ဒိုနီးရှားနိုင်ငံ၏ ပထမဦးဆုံး သမ္မတ ဆူကာနို၏ သမီးအကြီးဆုံး မဂ္ဂါဝတီ ဆူကာနိုပုထရီသည် အင်ဒိုနီးရှား ဒီမိုကရေစီ တိုးတက်ရေးပါတီ (PDI-P) ကို ဦးဆောင်ကာ မဲအများစု ရရှိခဲ့သော်လည်း လွှတ်တော်ကိုယ်စားလှယ်နေရာ အများစုတော့ မရရှိခဲ့ပါ။ သို့ဖြစ်ရာ လွှတ်တော်အတွင်း အပြိုင်အဆိုင် ဖြစ်ခဲ့ပြီး ယခင်အာဏာရပါတီဖြစ်သည့် ဂိုလ်ကာ (Golkar) သည် မဂ္ဂါဝတီ သမ္မတ မဖြစ်စေရန် “ပင်မဝင်ရိုးတန်း” မဟာမိတ်ကို ဖွဲ့စည်းခဲ့သည်။ ယင်းကြောင့် အဗ္ဗဒူရမန် ဝါဟစ် (ဂုစ်ဒူး) က သမ္မတဖြစ်လာပြီး မဂ္ဂါဝတီက ဒုသမ္မတ ဖြစ်လာပါသည်။ ယင်းသို့ ပြိုင်ဖက်ကို ပိတ်ပင်သည့် နည်းလမ်းက အင်ဒိုနီးရှားနိုင်ငံတွင် ထုံးစံလို ဖြစ်လာပြီး နိုင်ငံရေးပါတီများက ဒီမိုကရေစီရေးထက် အာဏာခွဲဝေရေး မဟာမိတ်များ တည်ဆောက်ရေးကို ဦးတည်လာပါသည်။
ဂုစ်ဒူးသည် အင်ဒိုနီးရှားတွင် လွှတ်တော်က လွတ်လပ်စွာ ရွေးချယ်သည့် ပထမဆုံး သမ္မတ ဖြစ်လာခဲ့ပြီး နှစ်နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ၎င်းသက်တမ်းအတွင်း လွှတ်တော်က ဒီမိုကရေစီ ပြုပြင် ပြောင်းလဲမှုများ ပြုလုပ်ကာ ပြည်နယ်များ၏ ကိုယ်ပိုင်အုပ်ချုပ်ပိုင်ခွင့်ကို အသိအမှတ်ပြုခဲ့ပါသည်။ ဒေသအကြီးအကဲများကိုလည်း တိုက်ရိုက်ရွေးချယ်ရန် ဥပဒေပြုခဲ့ပါသည်။ သမ္မတ၏ နိုင်ငံရေးအာဏာ ကိုလျှော့ချခဲ့ပြီး လွှတ်တော်ဖျက်သိမ်းခွင့်ကို တားမြစ်ခဲ့ပါသည်။ ယေဘုယျအားဖြင့် သမ္မတသည် လွှတ်တော်တွင်း အားကောင်းသော မဲအများစု ရှိပြီး “အမျိုးသားညီညွတ်ရေး အစိုးရ” အနေဖြင့် ရှိပါသည်။ သူ့သက်တမ်းအဆုံးတွင် အောက်လွှတ်တော်ကိုယ်စားလှယ် ၄၆၂ နေရာအနက် ၄၃၆ နေရာကို ကိုယ်စားပြုသည့် ပါတီများ သူ့အစိုးရအဖွဲ့တွင် ပါဝင်ပါသည်။
သို့သော် ဂုစ်ဒူး သည် အစိုးရ ဘဏ္ဍာငွေများကို စီမံခန့်ခွဲမှု လွဲမှားသည်ဟု စွပ်စွဲခံရပြီး လူထုထောက်ခံမှု လျော့ကျလာခဲ့ကာ ၂၀၀၁ ခုနှစ် ဇူလိုင် ၂၃ ရက်တွင် သမ္မတအဖြစ်မှ နှုတ်ထွက်ရန် စွပ်စွဲအပြစ်တင် ခံခဲ့ရပါသည်။ ယင်းမှာ အာဏာရ မဟာမိတ်များအကြား ဆက်ဆံရေး တည်ဆောက်မှု မရှိခြင်းနှင့် အာဏာမျှဝေခြင်း မရှိမှု၊ အထူးအားဖြင့် အဓိက မဟာမိတ်များကို မကျေမနပ် ဖြစ်စေသည့် အာဏာ ထိန်းချုပ်ရန် ကြိုးစားမှုတို့ကြောင့် ဖြစ်ပါသည်။
ထို့နောက် MPR လွှတ်တော် သည် မဂ္ဂါဝတီ ဆူကာနိုပုထရီကို သမ္မတအဖြစ် တင်မြှောက်ခဲ့ပါသည်။ ၂၀၀၁-၂၀၀၄ သက်တမ်းအတွင်း မဟာမိတ်များက စွပ်စွဲပြစ်တင် အာဏာဖီဆန်မှု မပြုလုပ်ရန် သဘောတူညီခဲ့ကြပါသည်။ မဂ္ဂါဝတီက ဂုစ်ဒူးကို ထောက်ခံခဲ့သော ပါတီများကို ဆက်လက် ထောက်ခံခဲ့ပါသည်။ ၎င်း၏ လက်အောက်ရှိ ဝန်ကြီးများကို “အပြန်အလှန် အထောက်အကူပြု” ဝန်ကြီးအဖွဲ့ဟု ခေါ်ဆိုပါသည်။ ၎င်း သက်တမ်းအတွင်း သမ္မတနှင့် ဒုသမ္မတကို တိုက်ရိုက်ရွေးချယ်နိုင်ရန် အပါအဝင် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ရန် ဥပဒေပြုခဲ့ပါသည်။ လွှတ်တော်အတွင်း ရှိနေသည့် စစ်တပ်နှင့် အခြားခန့်အပ်ခံ ကိုယ်စားလှယ်များကိုလည်း ဖယ်ရှားနိုင်ခဲ့ပါသည်။
သမ္မတဂုစ်ဒူးလက်ထက် ကြုံတွေ့ခဲ့ရသည့် နိုင်ငံရေးပြဿနာများဖြစ်သည့် – ပါတီများအကြား အာဏာ ခွဲဝေခြင်း မရှိမှုနှင့် သဘောတူညီမှုမရှိမှုတို့ကို မဂ္ဂါဝတီနှင့် PDI-P လက်ထက်တွင်လည်း ဆက်လက် ကြုံတွေ့ခဲ့ရပါသည်။ ထို့ကြောင့် ၂၀၀၄ ခုနှစ် သမ္မတရွေးကောက်ပွဲတွင် ဒီမိုကရက်တစ်ပါတီမှ ဆုဆီလိုဘမ်ဘန်းယူဒိုယိုနို (SBY) ဝင်ရောက် ယှဉ်ပြိုင်စေရန် အကြောင်းဖြစ်လာခဲ့ပါသည်။ ယင်းမှာ အင်ဒိုနီးရှားနိုင်ငံ၏ ပထမဆုံး တိုက်ရိုက်သမ္မတရွေးကောက်ပွဲ ဖြစ်ပါသည်။

ရွေးကောက်ပွဲများတွင် ကာတယ်စနစ် ပိုမို ခိုင်မာလာခြင်း
၂၀၀၄ ခုနှစ်တွင် ဒီမိုကရက်တစ်ပါတီမှ စစ်ဗိုလ်ချုပ်ကြီးဟောင်း ဆုဆီလိုဘမ်ဘန်းယူဒိုယိုနို (SBY) သည် သမ္မတရွေးကောက်ပွဲတွင် အနိုင်ရခဲ့ပါသည်။ SBY သည် အနိုင်ရပြီးနောက် ၎င်း၏ “အင်ဒိုနီးရှား ညီညွတ်ရေး အစိုးရဝန်ကြီးအဖွဲ့” (Kabinet Indonesia Bersatu) ကို ဖွဲ့စည်းခဲ့ပါသည်။ ယင်းသည် ယခင် သမ္မတသုံးဦးလက်ထက်တွင် တွေ့ရသည့် တူညီသော မဟာမိတ်ညွန့်ပေါင်း အဖွဲ့ ဖြစ်ပါသည်။ SBY ၏ ဝန်ကြီးအဖွဲ့သည် လွှတ်တော်ကိုယ်စားလှယ် ၅၆၀ နေရာအနက် ၄၀၃ နေရာကို ကိုယ်စားပြုသော ပါတီများဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်ပါသည်။
မဂ္ဂါဝတီနှင့် ၎င်း၏ မဟာမိတ်များအကြား ခွာပြဲပြီးနောက် PDI-P သည် လွှတ်တော်နိုင်ငံရေးတွင် ပထမဆုံး အဓိက အတိုက်အခံ ပါတီဖြစ်လာခဲ့ပါသည်။ သို့သော် “အတိုက်အခံ” ဟူသော အယူအဆမှာ နောက်ကျင်းပသော ရွေးကောက်ပွဲများတွင် တဖြည်းဖြည်း ကျဥ်းမြောင်းလာခဲ့ပါသည်။ ဥပမာအားဖြင့် အစိုးရအဖွဲ့တွင် ဂိုလ်ကာ (Golkar)၊ National Mandate Party (PAN) နှင့် Prosperous Justice Party (PKS) ကဲ့သို့ ထင်ရှားသော ပါတီများ ပါဝင်သဖြင့် အတိုက်အခံ PDI-P ပါတီမှာ သြဇာမရှိသလောက် ဖြစ်ပါသည်။ သို့ဖြစ်သည့်အတွက် အုပ်ချုပ်ရေး မဟာမိတ်အဖွဲ့ ပြင်ပတွင် မဲဆန္ဒရှင်များအတွက် အခြားရွေးချယ်စရာ မရှိသလောက် ဖြစ်ကာ သေးငယ်သော ပါတီများအနေဖြင့်လည်း ညွန့်ပေါင်း မဟာမိတ်အဖွဲ့၏ သြဇာကို စိန်ခေါ်နိုင်စွမ်း မရှိသလောက် ဖြစ်ပါသည်။
နောက်ရွေးကောက်ပွဲများတွင်လည်း ယင်းပုံစံကို ဆက်တွေ့ရပါသည်။ ၂၀၀၉ ခုနှစ် ရွေးကောက်ပွဲတွင် ဆုဆီလိုဘမ်ဘန်းယူဒိုယိုနို (SBY) နှင့် ၎င်း၏ ပါတီသည် ထပ်မံ အနိုင်ရခဲ့ပါသည်။ သူ့၏ ပါတီသည် လွှတ်တော်တရပ်လုံးတွင် အများစုနေရာ မရရှိခဲ့သော်လည်း တပါတီချင်းအလိုက် ကိုယ်စားလှယ် အများဆုံး ရရှိသဖြင့် ဒုတိယအကြိမ် အစိုးရဖွဲ့နိုင်ခဲ့ပြီး ပထမသက်တမ်းတွင် ပါဝင်သည့် ပါတီများဖြင့် ဆက်လက် ဖွဲ့စည်းပါသည်။ PDI-Pပါတီ သည် သမ္မတ SBY ကို ယှဥ်ပြိုင်ရန် ရွေးကောက်ပွဲမတိုင်မီက ဖွဲ့လိုက်သည့် ဂေရင်ဒရာ (Gerindra) ပါတီနှင့်အတူ အတိုက်အခံအဖြစ် ဆက်ရှိခဲ့ပါသည်။ သမ္မတ SBY ၏ ဒုတိယ အစိုးရအဖွဲ့ “အင်ဒိုနီးရှား ညီညွတ်ရေး ဒုတိယအစိုးရအဖွဲ့” သည် အောက်လွှတ်တော် DPR ၌ ၃၄၂ နေရာကို ကိုယ်စားပြုပါသည်။ သမ္မတ SBY သည် ဒုတိယသက်တမ်းအတွက် အာဏာ ပိုမို ခိုင်မာစေရန် ယင်းမဟာမိတ်ဖွဲ့သည့် နည်းလမ်းကို သုံးခဲ့ပါသည်။ ယင်းက အင်ဒိုနီးရှားနိုင်ငံတွင် ပါတီများသည် လက်တွေ့ အာဏာမျှဝေမှုကို ဦးစားပေးပြီး အတိုက်အခံကို အားနည်းနေစေသည့် ပုံစံကို ဆက်လက် တည်မြဲစေခဲ့ပါသည်။
သမ္မတ SBY နှင့် အပြိုင် အရွေးခံပြီး နှစ်ကြိမ်တိုင် မအောင်မြင်ခဲ့သည့် မဂ္ဂါဝတီသည် ၂၀၁၄ ခုနှစ် ရွေးကောက်ပွဲတွင် ၎င်း၏ပါတီမှ လူကြိုက်များသော ဂျိုကိုဝီ (Jokowi) ကို ထောက်ခံကာ “မင်းလောင်းမြှောက်သည့်” နေရာသို့ ပြောင်းလဲ အာရုံစိုက်ခဲ့ပါသည်။ ဂျိုကိုဝီသည် ၎င်း၏ အဓိက ပြိုင်ဖက် ဖြစ်သော ဂေရင်ဒရာမှ သမ္မတဟောင်း ဆူဟာတို၏ သားမက်ဖြစ်သည့် ပရာဘိုဝို ဆူဘီယန်တိုကို အနိုင်ယူပြီး သမ္မတဖြစ်လာပါသည်။
ရွေးကောက်ပွဲပြီးနောက် ဂျိုကိုဝီသည် အက်ကြောင်းထနေသည့် နိုင်ငံရေး အခင်းအကျင်းကြောင့် အုပ်ချုပ်ရေး မဟာမိတ်ဖွဲ့စည်းရန် အခက်အခဲ ကြုံပါသည်။ သို့သော် ၎င်းနှင့် PDI-P ပါတီသည် အလတ်စားနှင့် သေးငယ်သော ပါတီများကို သိမ်းသွင်းကာ နေရာအများ အနိုင်ရထားသည့် သမ္မတဟောင်း SBY ၏ ဒီမိုကရက်တစ်ပါတီ၊ ဂေရင်ဒရာနှင့် ဂိုလ်ကာကို ချန်ထားခဲ့ပါသည်။ နောက်ပိုင်းတွင် ဝန်ကြီးအဖွဲ့ အပြောင်းအလဲဖြင့် ဂျိုကိုဝီသည် ဂိုလ်ကာကို မဟာမိတ်တွင် ထည့်ကာ ညှိမရဖြစ်နေသည့် National Mandate Party (PAN) ကို ဖယ်ထုတ်ပစ်ပါသည်။ ၎င်း၏ ပထမသက်တမ်းအပြီးတွင် အစိုးရဝန်ကြီး အဖွဲ့သည် အောက်လွှတ်တော် DPR ၌ ၃၈၆ နေရာကို ကိုယ်စားပြုပါသည်။ ဤနည်းလမ်းသည် တဖန် အတိုက်အခံ အင်အားစုများကို သြဇာမရှိစေသည့် နည်းလမ်း ဖြစ်ပါသည်။
၂၀၁၉ ရွေးကောက်ပွဲပြီး ဂျိုကိုဝီ သမ္မတအဖြစ် ဆက်လက် အနိုင်ရပါသည်။ ၎င်းသည် ၁၆ ပါတီပါဝင်သော ရွေးကောက်ပွဲဖြစ်ပြီး လွှတ်တော်ကိုယ်စားလှယ် နေရာများအတွက် ပါတီ ၂၀၀ ကျော် ဝင်ရောက် ယှဥ်ပြိုင်ခဲ့ပါသည်။ ရွေးကောက်ပွဲအပြီး ဂျိုကိုဝီ၏ “ရှေ့သို့လှမ်းချီ အင်ဒိုနီးရှား အစိုးရအဖွဲ့ (Onward Indonesia Cabinet)” သည် ကြီးမားသော ညွန့်ပေါင်းအစိုးရ ဖြစ်ပြီး သူ့ ဒုတိယသက်တမ်း ကုန်ခါနီးအချိန်တွင် အစိုးရအဖွဲ့သည် အောက်လွှတ်တော်နေရာ ၅၇၅ နေရာအနက် ၅၂၅ နေရာကို ကိုယ်စားပြုပါသည်။ ထူးခြားသည့် အချက်မှာ ဂျိုကိုဝီသည် ၎င်းကို ဆန့်ကျင်သည့် ပါတီများကို လက်တွဲ၍ ပြိုင်ဖက် မဖြစ်ရန် ကြိုးစားခဲ့ခြင်း ဖြစ်ပါသည်။ ၎င်းသည် ပရာဘိုဝိုကို ဒုတိယ သက်တမ်းတွင် ကာကွယ်ရေးဝန်ကြီးအဖြစ် ခန့်အပ်ခဲ့ပါသည်။ သမ္မတသက်တမ်း ပြီးခါနီးအချိန်တွင် ဂျိုကိုဝီသည် သူနှင့် ရွေးကောက်ခံသမ္မတ ပရာဘိုဝိုကို သစ္စာမရှိဟု ယူဆသည့် ဝန်ကြီး နှစ်ဦးကို ရာထူးမှ ဖယ်ရှားခဲ့ပါသည်။
ဂျိုကိုဝီ ၏ သမ္မတသက်တမ်း ၂ ခုတွင် အတိုက်အခံများ၏ အသံမှာ ကျဆင်းလာပါသည်။ လွှတ်တော်တွင် ကြီးစိုးနိုင်မှုကို ဦးစားပေးရန် ကာတယ်ဖွဲ့ကြခြင်းမှာ အတိုက်အခံများကို အားနည်းစေပြီး ဘေးရောက်စေပါသည်။ မူဝါဒဖော်ဆောင်နိုင်ရန်အတွက် ဥပဒေများ ပြဋ္ဌာန်းရန် လွှတ်တော်ထိန်းချုပ်ရေးကို ဦးစားပေးသည့်အတွက် အတိုက်အခံများ၏ ထိရောက်စွာ အပြန်အလှန် ထိန်းကျောင်းနိုင်ခြင်းကို အားနည်းစေပြီး ပါတီစုံဒီမိုကရေစီစနစ်၏ အနှစ်သာရကို ပျောက်ဆုံး စေပါသည်။

၂၀၂၄ ရွေးကောက်ပွဲနှင့် ပရာဘိုဝို သမ္မတသက်တမ်း
နှစ်ကြိမ်ဆက်တိုင် မအောင်မြင်ခဲ့သော ပရာဘိုဝိုသည် ၂၀၂၄ ခုနှစ် ရွေးကောက်ပွဲတွင် မဲ ၅၈% ဖြင့် အနိုင်ရကာ သမ္မတဂျိုကိုဝီကို ဆက်ခံသူသမ္မတအဖြစ် တက်လာခဲ့ပါသည်။ ဂျိုကိုဝီသည် သက်တမ်း ကန့်သတ်ချက်ကြောင့် ထပ်မံဝင်ရောက်ယှဉ်ပြိုင်ခွင့် မရှိတော့ပါ။
၂၀၂၄ ခုနှစ် ရွေးကောက်ပွဲသည် ယခင်ပြိုင်ဘက်ဟောင်းကနေ ထောက်ခံသူ ဖြစ်လာသည်ကို တွေ့နိုင်သည့် ဥပမာ ဖြစ်ပါသည်။ သမ္မတ ဂျိုကိုဝီသည် ၎င်း၏ သားကြီး ဂီဘရန် ရာကာဘူမင် ရာကာကို ဒုသမ္မတလောင်းအဖြစ် တင်သွင်းနိုင်ခဲ့ပြီး ၎င်း၏ ရာထူးကို အသုံးပြုကာ ပရာဘိုဝို၏ မဲဆွယ်စည်းရုံးရေးကို ထောက်ပံ့ခဲ့ပါသည်။ ဤသို့သောထောက်ပံ့မှုက ပရာဘိုဝို၏ အနိုင်ရမှုတွင် အဓိက အခန်းကဏ္ဍတွင် ပါဝင်ခဲ့ပါသည်။
သို့သော် ပရာဘိုဝို၏ အနိုင်ရမှုသည် ၁၉၉၈ ပြုပြင်ပြောင်းလဲမှုများနောက်ပိုင်း ပေါ်ထွက်လာသည့် ဒီမိုကရေစီတောင်းဆိုမှုများနှင့် မကိုက်ညီဟု ယူဆကြပါသည်။ ၎င်းရွေးကောက်ပွဲသည် အာဏာ လက်ဝယ်ရှိသူများက မဟာမိတ်စီမံချက်များဖြင့် ရွေးကောက်ပွဲရလဒ်များကို ပုံဖော်နိုင်သည့် လမ်းကြောင်း ဖြစ်ပါသည်။ ၂၀၂၄ ခုနှစ် အောက်တိုဘာတွင် သိရှိရသလောက် သမ္မတပရာဘိုဝိုသည် မဂ္ဂါဝတီဦးဆောင်သည့် PDI-P၊ National Democrats (NasDem) နှင့် Prosperous Justice Party (PKS) တို့မှလွဲပြီး အောက်လွှတ်တော် DPR တွင် ကိုယ်စားပြုသည့် နိုင်ငံရေးပါတီအားလုံးကို ၎င်း၏ “အနီနှင့် အဖြူ ဝန်ကြီးအဖွဲ့” (Red and White Cabinet) တွင် ပါဝင်ရန် ဖိတ်ခေါ်ထားပါသည်။ ယင်းသည် အောက်လွှတ်တော် DPR ကိုယ်စားလှယ် ၅၈၀ နေရာအနက် ၃၄၈ နေရာကို ကိုယ်စားပြုသည့် မဲအများစုဖြင့် ပရာဘိုဝိုသည် အာဏာကို ထိန်းထားသည်ကို ဆိုလိုပါသည်။ သို့သော် ပရာဘိုဝိုသည် PDI-P ကိုလည်း မဟာမိတ်အဖွဲ့တွင် ပါဝင်ရန် ဖိတ်ခေါ်ခဲ့ပါသည်။ PDI-P ပါတီက မဟာမိတ်ညွန့်ပေါင်းအတွင်း ဝင်ရောက်ဖို့ ငြင်းပယ်ခဲ့သော်လည်း အစိုးရ၏ နောက်လာမည့် နှစ်ပတ်လည် ရသုံးဘဏ္ဍာငွေ သတ်မှတ်ချက်ကို ထောက်ခံကြောင်း ထုတ်ပြန်ခဲ့ပါသည်။ ထို့အပြင် NasDem နှင့် PKS တို့သည် မဟာမိတ်အတွင်း မဝင်ရောက်သော်လည်း အစိုးရကို “အပြည့်အဝ ထောက်ခံကြောင်း” သီးခြား ကြေညာခဲ့ပါသည်။
ဤအခြေအနေသည် အင်ဒိုနီးရှားကို “အတိုက်အခံကင်းရှင်းသည့် ဒီမိုကရေစီ” အဖြစ် ဖြစ်လာ စေပါသည်။
ဤဖြစ်ရပ်များသည် ဒီမိုကရေစီ အုပ်ချုပ်မှုကို များစွာ ထိခိုက်စေနိုင်သည့် သင်္ကေတဖြစ်ပါသည်။ ပြိုင်ဘက်များက စိန်ခေါ်ခြင်း မရှိပါက ပရာဘိုဝို၏ အစိုးရသည် နိုင်ငံရေးအမြင် စုံလင်မှု အားနည်းပြီး တာဝန်ခံမှု ပျောက်ဆုံးနေမည် ဖြစ်ပါသည်။ အထူးသဖြင့် အတိုက်အခံ အင်အားစုများသည် လွှတ်တော်တွင် ဘေးဖယ်ခံထားရမည့် အခြေအနေ ဖြစ်ပါသည်။ ယခု ပြောင်းလဲလာသည့် အခြေအနေအရ အင်ဒိုနီးရှားတွင် အနာဂတ် နိုင်ငံရေး ပြိုင်ဆိုင်မှုမှာ ပို၍ ကျဥ်းမြောင်းလာမည် ဖြစ်ပြီး အနာဂတ်တွင် လွတ်လပ်သော အပြန်အလှန်ထိန်းကျောင်းမှု မရှိတော့သည့် အခြေအနေ ဖြစ်လာနိုင်ပါသည်။
နိဂုံး
အင်ဒိုနီးရှားတွင် နိုင်ငံရေး မဟာမိတ်ဖွဲ့ခြင်းမှသည် အချင်းချင်းညှိ၍ အပြိုင်မလုပ်ဘဲ အမြတ်ထွက်ရန် ကြံစည်သဘောတူထားသည့် ကာတယ်များပုံစံသို့ တဖြည်းဖြည်း ပြောင်းလဲလာခြင်းက နိုင်ငံရေးအရ အမှန်တကယ် ပြိုင်ဆိုင်မှုကို လျော့ကျသွားစေပါသည်။ ထို့အပြင် အတိုက်အခံများအားလည်း တဖြည်းဖြည်း အားနည်းစေကာ “အတိုက်အခံကင်းရှင်းသည့် ဒီမိုကရေစီ” သို့ ဦးတည်လာစေပါသည်။
ရွေးကောက်ပွဲဆိုင်ရာ ဒီမိုကရေစီစနစ်တွင် နိုင်ငံရေး မဟာမိတ်များနှင့် ညှိနှိုင်းခြင်းသည် မတူညီသည့် နိုင်ငံရေး အိုင်ဒီယော်လော်ဂျီများကို အခြေခံသည့် နိုင်ငံရေး ပါတီများအကြား တူညီသည့် ပန်းတိုင်များ အတွက် အတူတကွ ဆောင်ရွက်ကြသည့် ပုံမှန် နည်းလမ်းဖြစ်ပါသည်။ သို့သော် ၂၀၀၀ ပြည့်နှစ်များ အစောပိုင်းမှစ၍ အင်ဒိုနီးရှားတွင် နိုင်ငံရေး မဟာမိတ်များသည် ယခင်က ယှဉ်ပြိုင်မှု ပြင်းထန်သည့် ပါတီများအကြားတွင် တည်ထောင် မိတ်ဖွဲ့ခြင်း များပြားလာပါသည်။
ဤကဲ့သို့ မဟာမိတ်များကို နိုင်ငံရေးကာတယ်များဟု ဖော်ပြနိုင်ပါသည်။ ၎င်းတို့သည် ရွေးကောက်ပွဲပြီးနောက် အာဏာခွဲဝေမှုဖြင့် မတူညီသော အတိုက်အခံ ပါတီများကြားတွင် နိုင်ငံရေး အာဏာနှင့် နိုင်ငံပိုင် အရင်းအမြစ်များကို ခွဲဝေခြင်းအားဖြင့် တည်ဆောက်ထားပါသည်။ ၎င်းတို့တွင် တူညီသော နိုင်ငံရေး မူဝါဒများ သို့မဟုတ် မူဝါဒ ပေါင်းစပ်မှုများ မရှိသော်လည်း ၎င်းတို့သည် စီးပွားရေး ကာတယ်များကဲ့သို့ ယှဉ်ပြိုင်မှုကို လျော့ပါးစေနိုင်ပါသည်။
အတိုက်အခံ မရှိသော နိုင်ငံရေး အခင်းအကျင်းတွင် အစိုးရကို တာဝန်ခံရန် ကြိုးပမ်းသူများကို ထိန်းချုပ် ကန့်သတ်သော ဥပဒေများနှင့် စည်းမျဉ်းစည်းကမ်းများကို အသစ် ပြဋ္ဌာန်းရန် ခြိမ်းခြောက်မှုများ ပိုများလာနိုင်ပါသည်။ ယင်းသည် နိုင်ငံရေးသမားများ၊ အရပ်ဖက် တက်ကြွလှုပ်ရှားသူများနှင့် သတင်းထောက်များအတွက် အန္တရာယ်ဖြစ်လာနိုင်ပြီး အင်ဒိုနီးရှားတွင် ဒီမိုကရေစီနှင့် တာဝန်ယူမှု၊ တာဝန်ခံမှုတို့၏ အနာဂတ်အပေါ် သံသယများ တိုးလာစေနိုင်ပါသည်။ သမ္မတပရာဘိုဝို၏ အစိုးရ တက်လာသည့်အခါ ဖိနှိပ်မှု ပိုမိုပြင်းထန်လာနိုင်သည့် အခြေအနေသည် ရှိနေပြီး ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုများနှင့် ပြည်သူ့ ပါဝင်မှုများကို ထိခိုက်စေနိုင်သည် ဖြစ်ပါတော့သည်။
Kartini Sunityo, Asia Centre