
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် မြန်မာစစ်တပ်သည် အာဏာသိမ်းပြီး နိုင်ငံတော်အာဏာကို ရယူခဲ့ပါသည်။ ၎င်းတို့က ၂၀၂၀ ခုနှစ် နိုဝင်ဘာလ ရွေးကောက်ပွဲတွင် မဲမသမာမှုများ ရှိသည်ဟု အကြောင်းပြပြီး အာဏာသိမ်းခဲ့ခြင်း ဖြစ်ပါသည်။ ထိုရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) သည် သောင်ပြိုကမ်းပြို အနိုင်ရခဲ့သည်။ NLD သည် ရွေးကောက်ခံ လွှတ်တော်မဲဆန္ဒနယ် ၁,၁၁၇ နေရာတွင် နေရာ ၉၂၀ (၈၂%) ကို အနိုင်ရရှိခဲ့သည်။ စစ်တပ် ကျောထောက်နောက်ခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP) သည် ၇၁ နေရာ (၆.၄%) သာ အနိုင်ရရှိခဲ့သည်။
အာဏာသိမ်းပြီးနောက် စစ်တပ်သည် အရေးပေါ်အခြေအနေ တနှစ် ကြေညာခဲ့ပါသည်။ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီတွင် ယင်းကာလ သက်တမ်းကုန်ဆုံးသွားသောအခါ အရေးပေါ်အခြေအနေကို ၆လကြာ တခါတိုးပြီး ခြောက်ကြိမ်မြောက်ကို ၂၀၂၄ ခုနှစ် ဇူလိုင်လ ၃၁ ရက်နေ့တွင် ဆောင်ရွက်ခဲ့ပါသည်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ၂၀၂၁ ခုနှစ် ဩဂုတ်လ ၁ ရက်နေ့တွင် မိမိကိုယ်ကို မြန်မာနိုင်ငံ၏ ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခဲ့သည်။ ယင်းမှာ စစ်တပ်အာဏာသိမ်းပြီး ၆ လကြာသည့်အချိန်တွင် ဖြစ်သည်။ ၂၀၂၄ ခုနှစ် ဇူလိုင်လ ၂၂ ရက်နေ့တွင် မိမိကိုယ်ကို ယာယီသမ္မတရာထူးပါ ခန့်အပ်ခဲ့ပြီး ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့ထိ အရေးပေါ်အခြေအနေကို ထပ်မံ သက်တမ်းတိုးခဲ့သည်။ စစ်တပ်က ရွေးကောက်ပွဲကျင်းပရန် မငြိမ်မသက် ဖြစ်မှုများကြောင့် အန္တရာယ်များသည်ဟုဆိုကာ အရေးပေါ် အခြေအနေကို တောက်လျှောက် သက်တမ်းတိုးခဲ့ခြင်း ဖြစ်ပါသည်။
မင်းအောင်လှိုင်သည် အာဏာသိမ်းပြီးနောက် စစ်ကောင်စီဥက္ကဋ္ဌအဖြစ် ရွေးကောက်ပွဲများ ကျင်းပမည်ဟု ကတိပြုခဲ့သော်လည်း အရေးပေါ်အခြေအနေကို အကြောင်းပြပြီး ၂၀၀၃ ခုနှစ်မှစ၍ တိုးတက်လာသော အာဏာသိမ်းမှုမတိုင်မီတွင် ရှိနေသည့် ပါတီစုံစနစ်ကို ဖျက်သိမ်းရန် ဆောင်ရွက် လာခြင်း ဖြစ်ပါသည်။
၂၀၂၁ ခုနှစ် အာဏာသိမ်းမှု နောက်ပိုင်းဖြစ်စဉ်များသည် စစ်တပ်အနေဖြင့် ဒီမိုကရေစီ ပြုပြင် ပြောင်းလဲမှုများနောက် လက်လွတ်ခဲ့ရသည့် နိုင်ငံတော်အာဏာကို ပြန်လည်ရယူရန် ကြိုးပမ်းမှုအဖြစ် ရှုမြင်နိုင်ပါသည်။ စစ်တပ်သည် ရွေးကောက်ပွဲဆိုင်ရာ နယ်ပယ်တွင် ပြန်လည် ထိန်းချုပ်ပြီး ဒီမိုကရေစီ အင်အားစုများ၏ အခန်းကဏ္ဍကို ယုတ်လျော့စေရန်နှင့် ဥပဒေမူဘောင်များကို လိုသလို အသုံးချကာ ဆန့်ကျင်သူများကို ဖိနှိပ်ရန်၊ အတိုက်အခံပါတီများကို ဘေးရောက်စေရန် အာဏာဖြင့် ဆောင်ရွက် နေခြင်း ဖြစ်ပါသည်။
မြန်မာ့ဒီမိုကရေစီလမ်းပြမြေပုံ
၂၀၀၃ ခုနှစ်တွင် မြန်မာစစ်တပ်က “စည်းကမ်းပြည့်ဝသော ဒီမိုကရေစီဖော်ဆောင်ရန် လမ်းပြမြေပုံ” ဟုခေါ်သော နိုင်ငံရေးပြုပြင်ပြောင်းလဲမှု အမြင်သစ်တခုကို တင်ပြခဲ့ပါသည်။ ဤခုနစ်ချက်ပါ လမ်းစဥ်သည် နှစ်ပေါင်းများစွာ စစ်အုပ်ချုပ်မှုဖြင့် နေခဲ့ရပြီးနောက် ပြည်တွင်းနှင့် နိုင်ငံတကာတွင် ၎င်းတို့၏ တရားဝင်မှုကို မြှင့်တင်ရန် ရည်ရွယ်ဖော်ဆောင်ခဲ့ခြင်း ဖြစ်ပါသည်။ ဤလမ်းပြမြေပုံတွင် ဒီမိုကရေစီအုပ်ချုပ်မှုဖွဲ့စည်းပုံတည်ဆောက်ရန် တဖြည်းဖြည်း တိုးတက်သွားမည့် လမ်းကြောင်းကို ပြသထားပြီး ၎င်း၏ အစမှတ် အနေဖြင့် ဖွဲ့စည်းပုံဆိုင်ရာ အခြေခံမူများ ချမှတ်ရန် အမျိုးသားညီလာခံကို ပြန်လည်ကျင်းပရန် သတ်မှတ်ထားသည်။ ထိုလုပ်ငန်းစဉ်သည် ဖွဲ့စည်းပုံအသစ်ရေးဆွဲခြင်းနှင့် အဆုံးတွင် လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲများ ကျင်းပရန် ဖြစ်ပါသည်။
ကုလသမဂ္ဂက စစ်တပ်၏ ခုနစ်ဆင့်ပါ လမ်းပြမြေပုံသည် နိုင်ငံရေးပါတီများနှင့် အရေးပါသော အကျိုးစီးပွားရှင်များ ပါဝင်နိုင်ခြင်း မရှိသည့်အတွက် ပွင့်လင်းမြင်သာမှုမရှိကြောင်း ဆိုခဲ့ပါသည်။ ဤသို့ ဝေဖန်မှုအချို့ ရှိသော်လည်း စစ်တပ်က ၎င်းတို့၏ လမ်းပြမြေပုံကို ဆက်လက် အကောင်အထည် ဖော်ခဲ့ပြီး ၂၀၀၈ ဖွဲ့စည်းပုံကို ရေးဆွဲခဲ့ပါသည်။ ဤဖွဲ့စည်းပုံတွင် လွှတ်တော်အမတ်နေရာ ၂၅% ကို စစ်တပ်က ခန့်အပ်ခွင့် ပေးထားပါသည်။ ဖွဲ့စည်းပုံပြင်ဆင်မှုများကို တားဆီးရန် စစ်တပ်အား ဗီတို အာဏာ အပ်နှင်းထားခြင်း ဖြစ်ပါသည်။ ထို့ကြောင့် ဒီမိုကရေစီပြုပြင်မှုများ အမည်ခံ ဆောင်ရွက်မှု ရှိသော်လည်း စစ်တပ်က အစိုးရအုပ်ချုပ်မှုအပေါ် ဆက်လက် ကြီးစိုးထားနိုင်ခဲ့ပါသည်။
၂၀၁၀ ခုနှစ် နိုဝင်ဘာလတွင် စစ်အစိုးရ ဖြစ်သော နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (နအဖ) သည် အထွေထွေရွေးကောက်ပွဲများ ကျင်းပခဲ့ပါသည်။၊ ယင်းရွေးကောက်ပွဲကို NLD နှင့် အခြားသော ဒီမိုကရေစီလိုလားသည့် ပါတီအချို့က သပိတ်မှောက်ခဲ့ကြသည်။ နအဖ သည် လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲအတွက် လိုအပ်သော အခြေအနေများကို မဖြည့်ဆည်းနိုင်သဖြင့် ၎င်းတို့က ရွေးကောက်ပွဲများကို ဆန့်ကျင်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုပါသည်။ ယင်းတို့က ၂၀၀၈ ဖွဲ့စည်းပုံဖြင့် စစ်တပ်က လွှတ်တော်တွင် လွှမ်းမိုးနေမှုကို လျှော့ချရန်၊ နိုင်ငံတကာ ရွေးကောက်ပွဲစောင့်ကြည့်မှုများ ခွင့်ပြုရန်နှင့် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားအားလုံး ပြန်လွှတ်ရန် တောင်းဆိုခဲ့ကြသည်။
လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲဖြစ်ရန် အာမခံချက် မရှိသဖြင့် NLD နှင့် ဒီမိုကရေစီ လိုလားသောပါတီများက ရွေးကောက်ပွဲလုပ်ငန်းစဉ်မှ နုတ်ထွက်ခဲ့ကြသည်။ ၂၀၁၀ ရွေးကောက်ပွဲ တွင် စစ်တပ် ကျောထောက်နောက်ခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) သည် ၂၂၄ နေရာထဲမှ ၁၂၉ နေရာတွင် အနိုင်ရခဲ့သည်။ ၎င်းရွေးကောက်ပွဲသည် မဲမသမာမှုများ ကျယ်ပြန့်စွာ ရှိသည်ဟု စွပ်စွဲချက်များ ရှိသော်လည်း ၂၀၁၁ ခုနှစ်မှစ၍ မြန်မာနိုင်ငံတွင် အမည်ခံ အရပ်သားအစိုးရ တရပ် ပေါ်ပေါက်လာခဲ့သည်။ ၎င်းသည် ၂၀၁၅ ရွေးကောက်ပွဲအတွက် အခြေအနေများ ဖန်တီးပေးခဲ့သည်။

၂၀၁၀ ခုနှစ် အထွေထွေရွေးကောက်ပွဲနောက် ရွေးကောက်ပွဲဆိုင်ရာ တိုးတက်ပြောင်းလဲမှုများ
၂၀၁၀ ခုနှစ် အထွေထွေရွေးကောက်ပွဲကို နိုင်ငံတကာအသိုင်းအဝိုင်းက စစ်အစိုးရ၏ လမ်းပြမြေပုံ ၇ဆင့်မှ ပဉ္စမအဆင့်အဖြစ် ရှုမြင်ခဲ့သည်။ ရွေးကောက်ခံကိုယ်စားလှယ်များဖြင့် လွှတ်တော် ခေါ်ယူခြင်းနှင့် စည်းကမ်းပြည့်ဝသော ဒီမိုကရေစီစနစ်ဖြင့် ခေတ်မီ ဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံ တနိုင်ငံ ဖန်တီးခြင်းသည် ဆဋ္ဌမနှင့် သတ္တမအဆင့်များ ဖြစ်ပါသည်။
စစ်တပ်ကျောထောက်နောက်ခံ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ကို ဗိုလ်ချုပ်ကြီး သိန်းစိန်က ဦးဆောင်ပြီး ယင်း၏ အရပ်သားအစိုးရသည် ယှဉ်ပြိုင်မှုရှိသော ရွေးကောက်ပွဲဖြစ်ရန် ရွေးကောက်ပွဲဆိုင်ရာ အခြေခံမူဘောင်ကို ပြင်ဆင်ခဲ့ပါသည်။ ၎င်းပြင်ဆင်မှုများတွင် မဲဆန္ဒရှင် စာရင်းသစ်ပြုလုပ်ခြင်းနှင့် ပါတီများ မှတ်ပုံတင်ခွင့် ပိုမိုရရှိလာခြင်းတို့ကြောင့် ပါဝင်မှုများ တိုးလာ စေခဲ့ပါသည်။ ထို့အပြင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ကို ရွေးကောက်ပွဲဆိုင်ရာ မဲဆွယ်စည်းရုံးမှုတွင် ဘဏ္ဍာရေးစည်းကမ်းသတ်မှတ်ရန် အခွင့် အာဏာပေးခြင်းဖြင့် ပိုမိုပွင့်လင်း မြင်သာမှု ရှိလာစေခဲ့ပါသည်။
၎င်းတိုးတက်မှုများကြောင့် NLD ပါတီသည် ပြန်လည်ဆန်းသစ်နိုင်ခဲ့ပြီး တနိုင်ငံလုံးအတိုင်းအတာဖြင့် ပါတီရုံးများ ဖွင့်လှစ်ကာ ၄င်း၏ ကွန်ရက်နှင့် ပါတီဝင်များ တိုးချဲ့နိုင်ခဲ့ပါသည်။ ၂၀၁၂ ခုနှစ်တွင် (လွှတ်တော်နေရာ ၆၆၄ နေရာ ထဲမှ) လစ်လပ်နေရာ ၄၆ နေရာနှင့် ပဲခူး တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးတို့တွင် တိုင်းဒေသကြီးလွှတ်တော်နေရာ ၂ နေရာအတွက် ကျင်းပသော ကြားဖြတ်ရွေးကောက်ပွဲတွင် NLD သည် ၂ နေရာမှ လွဲပြီး နေရာအားလုံးတွင် အနိုင်ရရှိခဲ့သည်။ NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည်လည်း ပြည်သူ့လွှတ်တော် တနေရာကို အနိုင်ရခဲ့ပါသည်။
NLD ပါတီ ၏ လူကြိုက်များမှုနှင့် ရွေးကောက်ပွဲစနစ် ပြင်ဆင်မှုကြောင့် ၂၀၁၅ ရွေးကောက်ပွဲသည် NLD နှင့် စစ်တပ်ကျောထောက်နောက်ခံ နိုင်ငံရေးပါတီဖြစ်သော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) တို့ကြား ယှဉ်ပြိုင်မှု ဖြစ်လာသည်။ ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်၏ လူကြိုက်များမှုကြောင့် လူမျိုးပေါင်းစုံက NLD ပါတီကို မဲပေးခဲ့ကြသည်။ ၂၀၁၅ ရွေးကောက်ပွဲတွင် NLD သည် အမျိုးသားလွှတ်တော်နေရာ ၁၃၅ နေရာနှင့် ပြည်သူ့လွှတ်တော်နေရာ ၂၅၅ နေရာတို့ကို ယင်းကြောင့် အနိုင်ရခဲ့ခြင်း ဖြစ်သည်။
၂၀၁၅ ရွေးကောက်ပွဲသည် မြန်မာ့ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုတွင် အရေးပါသည့် မှတ်တိုင် တနေရာ ဖြစ်လာခဲ့ပါသည်။ ၂၀၂၀ ရွေးကောက်ပွဲအတွက် ရွေးကောက်ပွဲဆိုင်ရာ အခြေခံမူဘောင်ကို တိုးမြှင့်ရန် အရေးပါသော ပြုပြင်မှုများ ပြုလုပ်ခဲ့သည်။ ၎င်းတို့တွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် (UEC) ကို ပွင့်လင်းမြင်သာမှုနှင့် ယုံကြည်စိတ်ချမှုရှိစေရန် ဆောင်ရွက်ခြင်း၊ မဲဆန္ဒရှင်စာရင်းပြင်ဆင်မှုများ ပြုလုပ်ခြင်းနှင့် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေရေးရာဖွဲ့စည်းမှုများ ပြန်လည် ပြင်ဆင်ခြင်းတို့ ပါဝင်သည်။ ထို့အပြင် မြို့နယ်နှင့် နိုင်ငံလုံးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပပြီး ရွေးကောက်ပွဲ စီမံခန့်ခွဲမှုများအား ပိုမိုကောင်းမွန်စေရန်နှင့် အငြင်းပွားမှုဖြေရှင်းမှုစနစ်များ တည်ထောင်ရန် ဆောင်ရွက်ခဲ့သည်။
ဤပြုပြင်မှုများနှင့်အတူ ဒေါ်အောင်ဆန်းစုကြည်၏ လူကြိုက်များမှု၊ စီးပွားရေးတိုးတက်မှုနှင့် လူမျိုးရေး ပဋိပက္ခများကြောင့် ၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် NLD ပါတီသည် ၄၇၆ နေရာအနက် ၃၉၆ နေရာတွင် အနိုင်ရခဲ့သည်။ စစ်တပ်ကျောထောက်နောက်ခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) သည် ၃၅ နေရာသာ အနိုင်ရရှိခဲ့သည်။

အာဏာသိမ်းပြီးနောက် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေရေးရာ ပြောင်းလဲမှုများ (၂၀၂၁ – ၂၀၂၄)
၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက် စစ်တပ်သည် နိုင်ငံ၏ ပါတီစုံဒီမိုကရေစီစနစ်ကို ဖျက်ဆီးရန် ကြိုးပမ်းခဲ့သည်။ နိုင်ငံရေး အတိုက်အခံပါတီများ၏ အခန်းကဏ္ဍကို ချိုးဖောက်ပြီး ၂၀၁၅ နှင့် ၂၀၂၀ ရွေးကောက်ပွဲရလဒ်များအလွန် ၎င်းတို့၏ ထိန်းချုပ်မှုကို ပြန်လည် တင်းကြပ်ရန် ကြိုးစားခဲ့သည်။
၂၀၂၁ ခုနှစ် မတ်လတွင် စစ်ကောင်စီသည် ၁/၂၀၂၁၊ ၂/၂၀၂၁ နှင့် ၃/၂၀၂၁ အမိန့်များဖြင့် စစ်အုပ်ချုပ်ရေး ထုတ်ပြန်လိုက်သည်။ ၂၀၀၈ ဖွဲ့စည်းပုံ ဥပဒေပုဒ်မ ၄၁၉ အရ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး အာဏာများကို တိုင်းဒေသကြီး စစ်တိုင်းမှူးများထံ လွှဲပြောင်းပေးကာ “အထူးတရားရုံး” သို့မဟုတ် “စစ်ခုံရုံးများ” ဖန်တီးခဲ့သည်။ ၎င်းတရားရုံးများသည် အာဏာသိမ်းပြီးနောက် ဖမ်းဆီးခံရသော နိုင်ငံရေးပါတီ ကိုယ်စားလှယ်များနှင့် လှုပ်ရှားသူများအား မျှတမှုမရှိသော တရားစီရင်မှုများ ဆောင်ရွက်ခဲ့သည်။
၂၀၂၁ ခုနှစ် မေလတွင် စစ်ကောင်စီခန့်အပ်သည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ဥက္ကဋ္ဌ ဦးသိန်းစိုးသည် ၂၀၂၀ ရွေးကောက်ပွဲတွင် တရားမဝင်သော ဆောင်ရွက်ချက်များဖြင့် အနိုင်ရရန် ကြံစည်သည်ဟု စွပ်စွဲကာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကို ဖျက်သိမ်းကြောင်း ကြေညာ ခဲ့သည်။ ၂၀၂၁ ခုနှစ် ဇူလိုင်လတွင် စစ်တပ်ထိန်းချုပ်ထားသော ရွေးကောက်ပွဲကော်မရှင် သည် ၂၀၂၀ ရွေးကောက်ပွဲရလဒ်များကို ပယ်ဖျက်ခဲ့ပြီး NLD မှ မဲမသမာမှုများ ဆောင်ရွက်ခဲ့သည်ဟု စွပ်စွဲခဲ့သည်။ ထို့နောက် NLD ပါတီဝင်များအား ဖိနှိပ်မှုများ တိုးလာခဲ့ပြီး ရုံးများ ဝင်ရောက် စီးနင်းခံရခြင်း၊ ဖမ်းဆီးခံရခြင်းနှင့် သတ်ဖြတ်ခံရခြင်းများ ကြုံတွေ့ရသည်။
၂၀၂၁ ခုနှစ် နိုဝင်ဘာလတွင် စစ်တပ်သည် NLD ထိပ်တန်းခေါင်းဆောင်များအား မဲမသမာမှုဖြင့် စွဲချက်တင်ကာ NLD အစိုးရက ခန့်ထားသော ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များကို ပစ်မှတ်ထား၍ ဖမ်းဆီးချုပ်နှောင်ခဲ့သည်။ ရွေးကောက်ပွဲဆိုင်ရာ ပြစ်မှုများအတွက် NLD ခန့်အပ်သည့် ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင် ၁၀၀ ကျော်အား စွဲချက်တင်ခဲ့သည်။ ၂၀၂၂ ခုနှစ် ဇူလိုင်လတွင် ၂၀၂၀ ရွေးကောက်ပွဲနှင့်စပ်လျဉ်း၍ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ၂၄၀၀ ကျော်အား တရားစွဲဆိုခဲ့သည်။
ဤအခြေအနေတွင် စစ်တပ်သည် ရွေးကောက်ပွဲဆိုင်ရာ တိုးတက်မှုများနှင့် ၂၀၂၀ ရွေးကောက်ပွဲရလဒ်များကို ပယ်ဖျက်ရန် အုပ်ချုပ်မှုနှင့် ဥပဒေရေးရာ ပြောင်းလဲမှုများ စတင်ခဲ့သည်။ ထိုပြောင်းလဲမှုများထဲမှ အဓိက သုံးချက်မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
ပထမဆုံးအနေဖြင့် တမဲသာအနိုင်ရ (FPTP) စနစ်မှ အချိုးကျ ကိုယ်စားပြုမှုစနစ် (PR) သို့ ပြောင်းလဲရန် စစ်တပ်ခေါင်းဆောင်များနှင့် စစ်တပ်ကျောထောက်နောက်ခံ ပါတီများက အကြံပြုခဲ့သည်။ ယင်းမှာ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက် စစ်ကောင်စီက တောက်လျှောက် ပြောဆိုနေသည့် အချက်ဖြစ်သည်။ PR စနစ်သည် ၄င်းတို့ကို ဆန့်ကျင်နေသည့် ပါတီများ ပြည်နယ်သို့မဟုတ် တိုင်းဒေသကြီးတခုတွင် မဲအများဆုံးရသော်လည်း ကိုယ်စားလှယ် အများစုမရစေရန် မဟာဗျူဟာတခုအဖြစ် စစ်တပ်က မြင်သည်။ ဤစနစ်သည် နိုင်ငံရေးထောက်ခံမှုအလိုက် မဲဆန္ဒနယ်များ ပြန်လည်သတ်မှတ်ခြင်းနှင့် လွတ်လပ်သော စောင့်ကြည့်ရေးအဖွဲ့အစည်း မရှိခြင်းတို့နှင့် ပေါင်းစပ်လိုက်ပါက အနာဂတ် ရွေးကောက်ပွဲများတွင် စစ်တပ်ကျောထောက်နောက်ခံပါတီများ အနိုင်ရစေရန် ဆောင်ရွက်ခြင်း ဖြစ်သည်။ မဲဆန္ဒနယ်များ ပြန်လည်ဖန်တီးခြင်းသည် မဲဆန္ဒရှင်အုပ်စုများအား တနေရာတည်းတွင် စုစည်းခြင်း သို့မဟုတ် လျှော့ချခြင်းဖြင့် စစ်တပ်အလိုကျ လွှတ်တော်ကိုယ်စားလှယ်များ ရရှိလာစေရန် ကြံရွယ် ဆောင်ရွက်ခြင်း ဖြစ်သည်။
ဒုတိယအနေဖြင့် ၂၀၂၃ ခုနှစ် ဇန်နဝါရီတွင် စစ်ကောင်စီသည် နိုင်ငံရေးပါတီ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေကို ပြဌာန်းခဲ့သည်။ ယင်းက ၂၀၁၀ ခုနှစ် ဥပဒေကို အစားထိုးသည်။ ၂၀၂၄ ခုနှစ် ဇန်နဝါရီတွင် စစ်ကောင်စီဥပဒေ ၁၅/၂၀၂၄ ဖြင့် ဤဥပဒေကို ပြင်ဆင်ခဲ့သည်။ ယင်းပြင်ဆင်ချက်သည် နိုင်ငံရေးပါတီများ မှတ်ပုံတင်မှုနှင့် လည်ပတ်မှုများကို ပိုမို တင်းကြပ်စေသည်။ ဤဥပဒေတွင် အတိုက်အခံ ပါတီများအား တားဆီးရန်နှင့် ရွေးကောက်ပွဲတွင် ယှဉ်ပြိုင်နိုင်မှုအား နှိမ်နင်းရန် ရည်ရွယ်ချက်များ ပါဝင်သည်။ အဓိကအားဖြင့် ပြစ်မှုဖြင့် ပြစ်ဒဏ်ချခံထားသူ သို့မဟုတ် အကျဉ်းချထားသူ မည်သူမဆို နိုင်ငံရေးပါတီတွင် ပါဝင်ခွင့်မရှိကြောင်း သတ်မှတ်ထားသည်။ ၎င်းသည် ၂၀၂၁ အာဏာသိမ်းမှုအပြီး နိုင်ငံရေးအရ ပြစ်မှုများဖြင့် အမှုဖွင့်ခံထားရသည့် ခေါင်းဆောင်များကို ပါတီနိုင်ငံရေးမှ ဖယ်ရှားရန် ဆောင်ရွက်ခြင်းဖြစ်သည်။ ၎င်းတို့ထဲတွင် NLD ပါတီမှ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်တို့ပါဝင်သည်။ ဒေါ်အောင်ဆန်းစုကြည်သည် လာဘ်စားမှု၊ ကိုဗစ်-၁၉ ကန့်သတ်ချက်များ ချိုးဖောက်မှုနှင့် နိုင်ငံတော်လျှို့ဝှက်ချက်ဥပဒေ ချိုးဖောက်မှုများဖြင့် ပြစ်ဒဏ်ချခံထားရသည်။ သမ္မတ ဦးဝင်းမြင့်ကို အကြမ်းဖျက်မှုဆိုင်ရာ ဥပဒေများဖြင့် ပြစ်ဒဏ်ချမှတ်ထားသည်။

ဤဥပဒေသည် နိုင်ငံရေးပါတီများအား မှတ်ပုံတင်ရန် ရက် ၆၀ သာ ပေးထားပြီး မှတ်ပုံမတင်နိုင်ပါက ဖျက်သိမ်းရမည်ဟု သတ်မှတ်ထားပါသည်။ သတ်မှတ်ချိန်အတွင်း NLD အပါအဝင် ပါတီ ၄၀ ကို ဖျက်သိမ်းခဲ့ပါသည်။ NLD မှ ရန်ကုန်တိုင်းဒေသကြီး အလုပ်အမှုဆောင်ကော်မတီအတွင်းရေးမှူး ဦးထွန်းမြင့်က စစ်တပ်က ခန့်အပ်သည့် ရွေးကောက်ပွဲ ကော်မရှင်ကို တရားမဝင်ဟု ဆိုကာ NLD က မှတ်ပုံတင်ရန် ငြင်းပယ်ကြောင်း အတည်ပြုခဲ့ပါသည်။ ထို့အပြင် ဤဥပဒေသည် အကြမ်းဖက် အဖွဲ့အစည်း အဖြစ် သတ်မှတ်ထားသော နိုင်ငံရေးပါတီများကို ယှဉ်ပြိုင်ခွင့်မပြုပါ။ ယင်းတွင် စစ်ကောင်စီကို ဆန့်ကျင်နေသည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပါဝင်သည်။ NUG ကို ၂၀၂၁ ခုနှစ် စက်တင်ဘာတွင် စစ်တပ်က အကြမ်းဖက်အဖွဲ့အစည်းအဖြစ် တရားဝင် သတ်မှတ်ထားသည်။
တတိယအနေဖြင့် စစ်တပ်သည် ရွေးကောက်ပွဲကို အဆင့်ဆင့် ကျင်းပရန် မဟာဗျူဟာတခုကို ချမှတ်ထားသည်။ ယင်းမှာ လွှတ်တော်နေရာ တစိတ်တပိုင်းကိုသာ ရွေးကောက်ပွဲ ကျင်းပပြီး ဖြည့်ဆည်းရန် ရည်ရွယ်ခြင်း ဖြစ်သည်။ ၎င်းနည်းလမ်းသည် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့် တော်လှန်ရေးအဖွဲ့များ ထိန်းချုပ်ထားသည့် ဒေသများကို စစ်တပ်က ထိန်းချုပ်ရန် ခက်ခဲနေသည့်အတွက် နိုင်ငံတဝန်းလုံး ရွေးကောက်ပွဲကျင်းပရန် မဖြစ်နိုင်သည့် အခြေအနေမှ ဖြစ်လာခြင်း ဖြစ်သည်။ ယင်းမှာ လွှတ်တော်နေရာများကို စစ်တပ်နှင့် ၎င်းတို့ ထောက်ခံသည့် ပါတီများအကြား ဖြန့်ဝေနိုင်ရန် ရည်ရွယ်ထားခြင်းလည်း ဖြစ်သည်။
ယင်းဖြစ်ထွန်းမှုများက အာဏာသိမ်းပြီးနောက် ငြိမ်းချမ်းမှု၊ နိုင်ငံရေးစကားဝိုင်း၊ စီးပွားရေး ပြန်လည်ထူထောင်မှု၊ အမျိုးသားပြန်လည် ရင်ကြားစေ့မှုနှင့် အဆုံးတွင် ရွေးကောက်ပွဲများ ကျင်းပပေးမည် ဆိုသည့် စစ်ကောင်စီ၏ လမ်းပြမြေပုံမှာ ဟန်ပြသာဖြစ်ကြောင်း ပြသနေခြင်း ဖြစ်ပါသည်။
အတိုက်အခံ အင်အားစုများ ပါဝင်ခြင်းကို ကန့်သတ်ခြင်း၊ အထူးအားဖြင့် NLD ပါတီ ပါဝင်မှုကို ဖယ်ရှားခြင်းနှင့် ရွေးကောက်ပွဲဆိုင်ရာ စည်းမျဉ်းများကို လိုသလို ပြုပြင်ခြင်း တို့ကြောင့် စစ်ကောင်စီသည် ၎င်းတို့ကိုယ်စားလှယ်များသာ အနိုင်ရနိုင်ရန် ဆောင်ရွက်နေခြင်း ဖြစ်ပါသည်။ အချိုးကျ ကိုယ်စားလှယ်စနစ် (PR) ကျင့်သုံးရန် ဆောင်ရွက်မှုနှင့် အဓိက အတိုက်အခံ အဖွဲ့များ မပါဝင်မှုတို့ကြောင့် လွှတ်တော်တွင် စစ်တပ်ကျောထောက်နောက်ခံပါတီများ ကြီးစိုးစေရန် ပိုမို သေချာလာပါသည်။ သို့သော် ယင်းက နိုင်ငံရေးတည်ငြိမ်မှုကို အာမခံနိုင်မည် မဟုတ်ဘဲ တော်လှန်ရေးအဖွဲ့များနှင့် တိုင်းရင်းသား အဖွဲ့အစည်းများက စစ်ကောင်စီ၏ အုပ်ချုပ်မှုကို ဆက်လက် ငြင်းပယ်နေမည် ဖြစ်သဖြင့် ပဋိပက္ခများ ပိုမို ဆိုးရွားလာမည် ဖြစ်ပါသည်။

နိဂုံး
၂၀၂၁ ခုနှစ် အာဏာသိမ်းမှုမှစ၍ မြန်မာစစ်တပ်၏ အဓိက မဟာဗျူဟာများထဲမှ တခုမှာ ၂၀၂၀ ရွေးကောက်ပွဲမှ မဲမသမာမှုများကို ဖြေရှင်းရန်ဟု အာဆီယံနှင့် နိုင်ငံတကာအသိုင်းအဝိုင်းကို အကြောင်းပြချက် ပေးထားပါသည်။ စစ်တပ်က ရွေးကောက်ပွဲ ပြန်လည်ကျင်းပမှုမှတဆင့် တရားဝင်မှု (legitimacy) ရယူရန် ဥပဒေနှင့် အုပ်ချုပ်ရေး နည်းလမ်းများကို အသုံးပြုနေပါသည်။ သို့သော် အာဏာသိမ်းပြီးနောက် ဖြစ်ပွားလာသော ဖြစ်ရပ်များက စစ်ကောင်စီသည် ဒီမိုကရေစီ တိုးတက်မှုများကို စနစ်တကျ ဖျက်ဆီးကာ အတိုက်အခံများကို ဖိနှိပ်ပြီး နိုင်ငံတကာ ရွေးကောက်ပွဲစံနှုန်းများကို ချိုးဖောက်နေကြောင်း ပြသပါသည်။ ဤအထဲတွင် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေစံနှုန်းများကို ပြုပြင်ခြင်း၊ လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲဆိုင်ရာ သတ်မှတ်ချက်များကို ဖျက်ဆီးခြင်း၊ လွတ်လပ်သော ရွေးကောက်ပွဲ စောင့်ကြည့်မှုများကို တားမြစ်ခြင်းတို့ ပါဝင်ပါသည်။ ထိုကြောင့် စစ်တပ်က ဦးဆောင်ပြုလုပ်နေသည့် ရွေးကောက်ပွဲမှာ တရားမျှတမှုရှိမည် မဟုတ်ဘဲ ရွေးကောက်ပွဲဆိုင်ရာ ဂုဏ်သိက္ခာကင်းမဲ့ပြီး ၎င်းတို့ကိုယ်တိုင် သို့မဟုတ် ၎င်းတို့ထောက်ခံသည့် ပါတီများမှတဆင့် နိုင်ငံကို ထိန်းချုပ်ကာ “တရားဝင်မှု” ရရှိလာစေရန် ဆောင်ရွက်ချက်သာ ဖြစ်ပါတော့သည်။
Sanjay Gathia, Asia Centre