ဖူမီဟန် (Phu My Hung) နှင့် သောင်ဒန် (Thao Dien) – ဟိုချီမင်းမြို့တော်တွင် နိုင်ငံခြားသားများအတွက် ဖန်တီးထားသည့် နေရာများ

Thanh Bao Nguyen, & Hung Minh Ngo

ဗီယက်နမ်သည် အိမ်ခြံမြေနှင့် လူနေမှုအဆင့်အတန်းတွင် စျေးကွက်ကို အခြေခံသည့် စနစ်ကို ဦးတည် လာပါသည်။ ဖူမီဟန် (Phu My Hung) နှင့် သောင်ဒန် (Thao Dien) တို့သည် လယ်ယာမြေ မြေလွတ် မြေရိုင်းများတွင် ဖန်တီးခဲ့သော နေရာများဖြစ်ပြီး ဟိုချီမင်းမြို့တော်ရှိ နိုင်ငံခြားသားများအကြား ရေပန်းစား ပါသည်။ ၎င်းတို့၏ တိုးတက်ဖွံ့ဖြိုးလာမှုကို ကြည့်ပါက နိုင်ငံခြားသားများသည် ဗီယက်နမ်နိုင်ငံ၏ မြို့ပြ လူနေမှုပုံစံကို မည်သို့ပြောင်းလဲခဲ့သည်ကို တွေ့ရမည်ဖြစ်ပါသည်။ နိုင်ငံခြားသား အမျိုးမျိုး တက်ရောက် သင်ကြားနေသည့် စာသင်ကျောင်းများနှင့် အနောက်တိုင်းစားသောက်ဆိုင်များကဲ့သို့သော လူမှုရေး အခြေခံအဆောက်အအုံများ တည်ရှိမှုက ထိုသို့ပြောင်းလဲလာရခြင်း၏ အဓိက အကြောင်းခံဖြစ်ပါသည်။ နိုင်ငံခြားသားများရောက်ရှိလာမှုက ဒေသခံများ၏ နေထိုင်မှုပုံစံနှင့် လူနေမှုအဆင့်အတန်းများကို တိုးတက် စေခဲ့ပါသည်။

၁။ နိဒါန်း

ဗီယက်နမ်နိုင်ငံသည် ၁၉၉၃ ခုနှစ်တွင် နိုင်ငံတကာ ရင်းနှီးမြုပ်နှံမှုများကို  ကြိုဆိုခွင့်ပြုချိန်မှစပြီး ဟိုချီမင်း မြို့တော်သည် ကော်ပိုရိတ်စီးပွားရေးလုပ်ငန်းများဖြစ်စေ၊ ပုဂ္ဂလိက တဦးချင်းဖြစ်စေ နိုင်ငံခြားသားများ၏ စီးပွားရေးနှင့် လူမှုရေးအတွက် အရေးပါသော အချက်အချာနေရာတခု ဖြစ်လာခဲ့ပါသည်။ လွတ်လပ် ပွင့်လင်းမှုရှိသော စီးပွားရေးကြောင့်ဖြစ်စေ၊ နိုင်ငံခြားသားများရှိနေခြင်းကြောင့်ဖြစ်စေ သို့မဟုတ် နှစ်ခုလုံးကြောင့်ဖြစ်စေ မြို့တော်အတွင်း ထူးထူးခြားခြား ပြောင်းလဲမှုများ ဖြစ်လာခဲ့ပါသည်။ အထူးသဖြင့် အခြေခံအဆောက်အအုံ၊ အိမ်ခြံမြေနှင့် ဒေသတွင်းစီးပွားရေးတို့တွင် ဖြစ်ပါသည်။ နိုင်ငံတကာမှ လာရောက် အခြေချနေထိုင်သူများနှင့် စီးပွားရေးလုပ်ငန်းများ တိုးတက်လာမှုကြောင့် ဆင်ခြေဖုံး ရပ်ကွက်များတွင် အိမ်ခြံမြေများ ဖွံ့ဖြိုးတိုးတက်လာခဲ့ပါသည်။ အဆင့်မြင့် တိုက်ခန်းများ၊ စီးပွားရေး အဆောက်အအုံများနှင့် လက်လီရောင်းချသည့် ဧရိယာများသည် အထူးသဖြင့် ခရိုင် (၇) နှင့် ခရိုင် (၂) ကဲ့သို့သော နိုင်ငံခြားသားများ နေထိုင်မှုများသည့် နေရာများတွင် ဖွံ့ဖြိုးလာခဲ့ပါသည် (Harms, 2016) ။ ဤနေရာများကို နိုင်ငံပေါင်းစုံမှ လာသည့် လူမျိုးအစုံ၏ လိုအပ်ချက်များနှင့် ကိုက်ညီစေရန် ပြုပြင် မွမ်းမံထားပြီး၊ ပြုပြင်ပြောင်းလဲရေး (Doi Moi) မတိုင်မီနှင့် ပြုပြင်ပြောင်းလဲရေးကာလ အစောပိုင်း ၁၉၈၇ ခုနှစ်  ဗီယက်နမ်တွင် တွင်ကျယ်စွာ တွေ့ရမည် မဟုတ်သည့် စံချိန်မီ အဆောက်အအုံများကို ဤနေရာများတွင် တွေ့ရမည် ဖြစ်ပါသည်။

ပုံ၁ ။ ဖူမီဟန် Phu My Hung (ဘယ်) နှင့် သောင်ဒန် Thao Dien (ညာ)၊ (ရင်းမြစ် : Arental VietNam၊ 2024 )

ဖူမီဟန် (Phu My Hung) – ခရိုင် (၇) နှင့် သောင်ဒန် (Thao Dien) ခရိုင် (၂) ကဲ့သို့သော နယ်မြေသစ်များသည် ဟိုချီမင်းမြို့တွင် ၁၉၉၇ ခုနှစ်မှ ယနေ့အထိ နိုင်ငံခြားသားနေထိုင်သူများ အကြိုက် ဖန်တီးထားခြင်းဖြစ်ပါသည် (ပုံ၁)။ ကွင်းဆင်းလေ့လာကြည့်ရှုခြင်းနှင့် မြေပုံများကို ကြည့်ရှုခြင်းဖြင့် ဤဆောင်းပါးတွင် ဖူမီဟန် (Phu My Hung) နှင့် သောင်ဒန် (Thao Dien)   တိုးတက် ဖြစ်ထွန်းလာပုံကို တင်ပြထားပါသည်။  ယင်းမှတဆင့် ဗီယက်နမ်နိုင်ငံသည် နိုင်ငံခြားသားများကို မည်ကဲ့သို့ လိုက်လျောညီထွေ လက်ခံနေကြောင်း တွေ့ရမည် ဖြစ်ပါသည်။

ဇယား ၁။ ဖူမီဟန် (Phu My Hung) နှင့် သောင်ဒန် (Thao Dien) နှိုင်းယှဉ်ချက်

လက္ခဏာများ ဖူမီဟန် ဧရိယာသောင်ဒန် ဧရိယာ
တည်ဆောက်သူထိုင်ဝမ်ဗီယက်နမ်အစိုးရ
အဓိကနိုင်ငံခြားသား အုပ်စုများအာရှသားများဥရောပသားများ
တည်နေရာခရိုင် ၇သုဒွတ် (Thu Duc) မြို့
နိုင်ငံခြားသားအရေအတွက်၁၃၀၀၀၁၂၀၀၀
အင်တာနေရှင်နယ်ကျောင်း အရေအတွက်၁၇
အိမ်ရာအမျိုးအစားကွန်ဒိုနှင့် ဗီလာကွန်ဒို၊ ဗီလာနှင့် အိမ်နှင့် စျေးဆိုင်အတွဲများ
ထိန်းသိမ်းမှုနှင့် လုံခြုံရေးပုဂ္ဂလိက+ အများပိုင်အများပိုင်
ဧရိယာ (ဟက်တာ)၄၃၃၃၇၅
ဇုန်သတ်မှတ်ခြင်း။ရောစပ်အသုံးပြုမှု ဖွံ့ဖြိုးတိုးတက်မှုပုံစံရောစပ်အသုံးပြုမှု ဖွံ့ဖြိုးတိုးတက်မှုပုံစံ

၂။ ဖြစ်စဥ် (၁) – ဖူမီဟန် (Phu My Hung) ကို လေ့လာခြင်း

၁၉၇၅ ခုနှစ်တွင် ဗီယက်နမ်နိုင်ငံ ပြန်လည်ပေါင်းစည်းပြီးနောက် ဟိုချီမင်းမြို့တော်သည် မြို့တော်တောင်ပိုင်း ဆိုင်ဂွန်တောင်ပိုင်း (Saigon South) ဟု ခေါ်သည့်နေရာကို ဖွံ့ဖြိုးရေး စီမံချက်ဖြင့် မြို့သစ်ဖော်ဆောင်ရန် စီစဥ်ခဲ့ပါသည်။ ယင်းတွင် တန်သွမ်းပို့ကုန်ဇုံ (Tan Thuan Export Processing Zone (EPZ))၊ ဖူမီဟန် ဧရိယာနှင့် ဟိဖူ (Hiep Phuoc) စက်မှုဇုံစသည့် အဓိကပရောဂျက် ၃ ခု ပါဝင်ပါသည် (ကမ္ဘာ့ဘဏ်၊ ၂၀၁၇) ။

Fပုံ ဖူမီဟန်မြို့နယ် အသေးစိတ်မြေပုံ (ရင်းမြစ် : အဲရစ် ဟမ်း၊ ၂၀၁၁)

ဥပမာအနေဖြင့် ဟွမ်းဗွန့် (Hưng Vượng) (ပုံ ၃) သည် ဖူမီဟန် အလယ်ပိုင်းဧရိယာတွင် တည်ရှိသော လူနေဇိမ်ခံအိမ်ရာ တခုဖြစ်ပါသည် ။ ၂၀၁၅ ခုနှစ်တွင် အဆိုပါ ဧရိယာမှာ အိမ်ယာ ၉ ခုပါ၀င်ပြီး အိမ်ခြေ ၃၅၄ လုံးနှင့် နေထိုင်သူ ၁၃၀၀ ရှိပါသည် (Le & Le၊ 2018) ။ ယင်းအိမ်ယာသည် တံတိုင်းများနှင့် လုံခြုံရေးဂိတ်များဖြင့် စည်းကြပ်ထားသော သီးခြားအိမ်ယာ အမျိုးအစား (gated community) ဖြစ်ပါသည်။ အိမ်ယာတွင် ဥယျာဉ်တခု၊ မျှဝေအသုံးပြုနိုင်သည့် ကားရပ်နားရန် ပါကင်နေရာ၊ ကစားကွင်းနှင့် အတွင်းပိုင်းလမ်းများ ပါဝင်ပါသည်။

အိမ်ယာအုပ်ချုပ်ရေးအဖွဲ့က မြေပြင်တွင် အမှိုက်မပစ်ရန်၊ အမှိုက်စွန့်ပစ်ခြင်း၊ အမှိုက်သိမ်းခြင်းနှင့် လူသွားလမ်းပါကင်များအပါအဝင် မြို့ပြနေထိုင်မှုဆိုင်ရာ စည်းမျဉ်းများကို ချမှတ်ဆောင်ရွက်ပါသည်။ စည်းမျဉ်းများတွင် အဆောက်အဦပုံသဏ္ဍာန်များ၊ ကွန်ဒိုအပြင်အဆင် ဒီဇိုင်းပုံစံများနှင့် မြို့တွင်း အပြုအမူများကို သတ်မှတ်ခြင်းတို့ ပါဝင်ပါသည်။ ဖူမီဟန်က ရှုပ်ထွေးသော အိမ်ယာများနှင့် မြို့ပြဧရိယာများကို တင်းကြပ်စွာ စီမံခန့်ခွဲရန် ဥပဒေမူဘောင်ကို ချမှတ်ပေးပါသည်။

ဟွမ်းဗွန့် (Hưng Vượng) အိမ်ယာ၏ ဒီဇိုင်းပုံစံ အရင်းအမြစ်- rever.vn (၁၉၉၉)၊
https://rever.vn/du-an/hung-vuong- ၁
လက်ရှိ အိမ်ယာတွင်းအဆောက်အဦများ အရင်းအမြစ်- Google Earth (၂၀၂၃)၊
https://earth.google.com/web/search/Hung+vuong+1
ပုံ ၃ ။ ဖူမီဟန်တွင် တွေ့ရလေ့ရှိသည့် ဂိတ်ပါသည့် အိမ်ယာအသိုက်အဝန်းပုံစံ

ဖူမီဟန်ကိုရီးယားအင်တာနေရှင်နယ်ကျောင်း (KIS)၊ ကနေဒါအင်တာနေရှင်နယ်ကျောင်း (CIS)၊ ABC အင်တာနေရှင်နယ်ကျောင်း၊ ဗီယက်နမ် သြစတြေးလျကျောင်း (VAS)၊ ဗီယက်နမ်-ဖင်လန် အင်တာနေရှင်နယ်ကျောင်း (VFIS) နှင့် ဆိုင်ဂွန်အင်တာနေရှင်နယ်ကျောင်း (SSIS) တို့သည် ကိုရီးယားလူမျိုးများ ဖူမီဟန်သို့ ပြောင်းရွှေ့ရခြင်း၏ အဓိက အကြောင်းရင်းတချက်ဖြစ်ပါသည်။ ဗီယက်နမ်တွင် ဖွင့်လှစ်ထားသည့် အဆိုပါ နိုင်ငံခြားကျောင်းများတွင် ကိုရီးယားနိုင်ငံ၏ ပညာရေး ခရက်ဒစ်များ လွှဲပြောင်း လက်ခံခွင့်ပြုထားခြင်းကြောင့် ကျောင်းသားများအနေဖြင့် ၎င်းတို့၏ မိဘများ ဗီယက်နမ်သို့ အလုပ်ဖြင့်  ပြောင်းရွှေ့လာချိန်တွင် ထူးပြီးအားစိုက်စရာမလိုဘဲ လွယ်လင့်တကူ ပညာ ဆက်သင်ယူလို့ ရစေပါသည် ။ (Huynh၊ 2015) ။

ကမ္ဘာတဝှမ်းရှိ အခြားကိုရီးယားများ အခြေချသည့် မြို့များနှင့် နှိုင်းယှဉ်ပါက ဖူမီဟန်သည် ကိုရီးယား လူမှုစနစ်ကို အကောင်းဆုံး ပုံတူကူးချ ထားသည့် နေရာဖြစ်ပါသည် (Kim, 2016) ။ အိမ်ယာ စီမံခန့်ခွဲရေးဘုတ်အဖွဲ့က ရပ်ကွက်အတွက် ပုဂ္ဂလိကလုံခြုံရေးအစောင့် ၃၀၀ ခန့်ဖြင့် လုံခြုံရေးစနစ်ကို ဆောင်ရွက်ပါသည်။ ဤနေရာသည် အကြမ်းဖက်မှုမရှိဘဲ ရာဇ၀တ်ဖြစ်ပွားနှုန်းလည်း နည်းပါးကာ လူစိမ်းများအတွက် ဘေးကင်းသည့် နေရာ ဖြစ်ပါသည် (Douglass & Huang၊ 2007) ။ နေရာတိုင်းတွင် ကိုရီးယားဘာသာစကားဖြင့် စျေးဝယ်ဆိုင်များ၊ စားသောက်ဆိုင်များနှင့် စျေးဆိုင်များရှိပါသည်။ ကိုရီးယားလူမျိုးများအနေဖြင့် ဗီယက်နမ်စကားတတ်စရာမလိုဘဲ ဖူမီဟန်တွင် နေထိုင်နိုင်ပြီး ကိုရီးယား တွင် နေနေသကဲ့သို့ ခံစားရမည်ဖြစ်ပါသည်။

၂၀၁၅ ခုနှစ်တွင် ဖူမီဟန်တွင်နေထိုင်သူ ၂၆၉၅၀​ ဦး ရှိပြီး ၅၆% သည် တောင်ကိုရီးယား၊ ဂျပန်၊ ထိုင်ဝမ်၊ စင်ကာပူ၊ တရုတ်နိုင်ငံမှဖြစ်ကာ၊ ၂၇% သည် ကိုရီးယားလူမျိုးများ ဖြစ်ပါသည်။ ၂၀၁၈ ခုနှစ်တွင် ဖူမီဟန်တွင် နေထိုင်သူများ၏ ၆၀% ကျော်သည် ဗီယက်နမ်လူမျိုး မဟုတ်သူများ ဖြစ်ပါသည်။ လူဦးရေသည် ၂၀၁၈ ခုနှစ် တွင် ၃၀၀၀၀၊ ၂၀၂၀ တွင် ၄၀၀၀၀ နှင့် ၂၀၂၃ တွင် ၃၅၀၀၀ ဦးဖြစ်ပါသည်။ ဖူမီဟန်သည် မြို့လယ်ကောင်မှ ယာဥ်ကြောပိတ်မှု ဆိုးရွားသောကြောင့် အခြေချနေထိုင်သူများ သဘောကျသည့် နှစ်ရှည်နေထိုင်သည့် နေရာ အဖြစ်မှ ကျဆင်းလာပါသည် (Huynh၊ 2015) ။ ကိုဗစ်-၁၉ ပြီးနောက် ဖူမီဟန်တွင် နိုင်ငံခြားနေထိုင်သူ ၃၁% သာရှိပါတော့သည် (Quy, 2023) ။ ၂၀၂၄ ခုနှစ်တွင် ကိုရီးယားလူမျိုးများက သုဒွတ်မြို့သို့ ဦးတည် ပြောင်းရွှေ့ လာပါသည်။ နိုင်ငံခြားသားများသည် သုဒွတ်မြို့ရှိ သောင်ဒန် (TD) အတွက် ဖူမီဟန်ကို စတင် စွန့်လွှတ် လာကြပါသည်။ (Lan & Huong၊ 2024) ။

၂။ ဖြစ်စဥ် (၂) – သောင်ဒန် (TD) ၊ သုဒွတ်မြို့ကို လေ့လာခြင်း

၁၉၉၇ ခုနှစ်မှစ၍ သောင်ဒန် (ပုံ၄) တွင် ဗီယက်နမ်နိုင်ငံသားများနှင့် ခရီးသွားများအတွက် ဆွဲဆောင်မှုရှိသော မြို့ပြစီမံကိန်းနှင့် ဖွံ့ဖြိုးတိုးတက်မှုများစွာကို ဆောင်ရွက်ခဲ့ပါသည်။ ကျယ်ပြန့်သော လူသွားစင်္ကြံများ၊ သစ်ပင်တန်းလမ်းများနှင့် လူသွားလူလာဇုန်များသည် ခရိုင်အာဏာပိုင်များ၏ ဦးစားပေး ဖွံ့ဖြိုးရေးလုပ်ငန်းများ ဖြစ်ပါသည်။ လမ်းလျှောက်ခြင်းနှင့် စက်ဘီးစီးခြင်းတို့ကို မြှင့်တင်ပြီး ယာဉ်ကြောပိတ်ဆို့မှုကို လျှော့ချပါသည်။ လူနေအိမ်၊ စီးပွားရေးလုပ်ငန်းနှင့် စျေးဆိုင်များကို သောင်ဒန်တွင် ပေါင်းစပ်ထားရှိပါသည်။ ၎င်းတွင် သက်ဝင်လှုပ်ရှားမှုရှိသော ပတ်ဝန်းကျင် ရှိပြီး မြို့နယ်သူ မြို့နယ်သားများသည် ဈေးဆိုင်များ၊ စားသောက်ဆိုင်များ၊ လုပ်ငန်းများနှင့် ဖျော်ဖြေရေးများသို့ အလွယ်တကူ ရောက်ရှိနိုင်ပါသည်။ ဧရိယာသည် ဗိသုကာနှင့် အိမ်ရာဒီဇိုင်းအရ ဖူမီဟန်တွင် တွေ့ရသလို စနစ်တကျ ဖွဲ့စည်းတည်ဆောက်ထားမှုမျိုး နည်းပါးပါသည်။ ၎င်းတွင် ကြီးမားသော နေအိမ်များရှိပြီး ခေတ်အဆက်ဆက် ဥရောပဒီဇိုင်းစတိုင်များဖြင့် ဆောက်လုပ်ထားကာ ချမ်းသာ ကြွယ်ဝသော ဥရောပ သမိုင်းကို ထင်ဟပ်ပါသည်။ ယခုအခါ ရောနှောအသုံးပြုမှုဇုန်တခုအနေဖြင့် ရှိပြီး သောင်ဒန်သည် ယခုအခါ ၎င်း၏ စျေးဆိုင်အိမ်များကြားတွင် စားသောက်ဆိုင်များ၊ အရက်ဆိုင်များနှင့် လက်လီဆိုင်များ ထားရှိပါသည်။ ဥရောပ၊ အမေရိက၊ အာဖရိက၊ စင်္ကာပူ၊ ကိုရီးယားနှင့် ထိုင်ဝမ်တို့မှ လူများ နေထိုင်ကြပြီး ဗိသုကာလက်ရာမြောက်သော ဒီဇိုင်းများပါဝင်သည့် အိမ်များ တည်ရှိပါသည်။ သောင်ဒန်မြို့က ဖူမီဟန်ထက် ခေတ်နောက်ကျပါသည်။ သောင်ဒန်သည် အလိုအလျောက် ဖွံ့ဖြိုးလာသော မြို့မျိုးဖြစ်ပြီး နေရာအဟောင်းများတွင် အဆောက်အအုံ အသစ်များ ထပ်ထည့်ခြင်းမျိုး ဖြစ်ပါသည်။ ဖူမီဟန်မှာမူ ပန်းခြံများ၊ အပန်းဖြေစရာနေရာများနှင့် လူနေ ရပ်ကွက်များအတွက် စိမ်းလန်းသောနေရာများကဲ့သို့သော မြို့ပြလူနေမှုစံနှုန်းများကို တခါတည်း ထည့်တွက်စဥ်းစားပြီး ဒီဇိုင်းဆွဲကာ တည်ဆောက်ထားခြင်း ဖြစ်ပါသည်။

ပုံ (၄) သောင်ဒန် (သုဒွတ်မြို့)

ဖူမီဟန်မှာကဲ့သို့ပင် သောင်ဒန်တွင် ဗြိတိန်၊ အမေရိက၊ သြစတြေးလျနှင့် ဥရောပတို့မှ အင်္ဂလိပ်ဘာသာစကားဖြင့် သင်ကြားသည့် နိုင်ငံတကာ ကျောင်းများစွာ ရှိပါသည် ။ ဤနိုင်ငံတကာ ကျောင်းများသည် အသက် ၃ နှစ်မှ ၁၈ နှစ်ကြားကလေးများကို ဝန်ဆောင်မှုပေးပါသည်။ နိုင်ငံခြားသားများက သောင်ဒန်တွင် မတူကွဲပြားသော နိုင်ငံတကာအသိုင်းအဝိုင်း ရှိသည်ကို သဘော ကျကြကြောင်း တွေ့ရပါသည်။ ကျောင်းများသည် သောင်ဒန်တွင် နေထိုင်ရန် နိုင်ငံခြားသားများ အတွက် ဆွဲဆောင်မှု အရှိဆုံးအကြောင်းရင်း ဖြစ်ပါသည်။

နိုင်ငံခြားသားများ၏ ကွဲပြားခြားနားသော နေထိုင်မှုပုံစံနှင့် ငွေကြေးတတ်နိုင်မှု အမျိုးမျိုးကို လိုက်လျောညီထွေဖြစ်စေရန်အတွက် နေထိုင်စရာ အမျိုးမျိုးကို သောင်ဒန်တွင် တွေ့ရပါသည်။ ၎င်းတို့တွင် အနောက်တိုင်းပုံစံဒီဇိုင်းများ၊ ကျယ်ဝန်းသော ဧည့်ခန်းများ၊ ခေတ်မီ မီးဖိုချောင်နှင့် ရေချိုးခန်းများဖြင့် အထူးပြင်ဆင်ထားကာ ဂိတ်ပါသော အဆောက်အဦ အိမ်ယာများ ရှိပါသည် (Lan & Huong, 2024) ။ သာမန်အားဖြင့် ဗီယက်နမ်အိမ်များတွင် သေးငယ်သော သမားရိုးကျ မီးဖိုချောင်များနှင့် စျေးပေါသော ရေချိုးခန်းများသာ ပါရှိပါသည်။ ချမ်းသာသော ဗီယက်နမ်လူမျိုးများသည် ယခုအခါ ၎င်းတို့ နေထိုင်ရာ နေရာများ၏ အပြင်ပိုင်းနှင့်အတွင်းပိုင်းအတွက် မြင့်မားသောစံနှုန်းအသစ်များဖြင့် ပြင်ဆင် လုပ်ဆောင်လာပြီ ဖြစ်ပါသည်။ အဆင့်မြင့်အိမ်ယာများ၊ အထပ်မြင့်တိုက်ခန်းများတွင် လှပသော မြို့ရှုခင်းများဖြင့် ကြံ့ခိုင်ရေးစင်တာများ၊ ရေကူးကန်များနှင့် လုံခြုံရေးအစီအမံများကဲ့သို့သော ခေတ်မီ ပြင်ဆင်မှုများကို မြို့နေလူတန်းစားက လိုလားလာပါသည်။ ယင်းဧရိယာတွင်ပင် ကြီးမားသော အိမ်ကြီးများလည်း ရှိပြီး မိသားစုအခန်းများစွာဖြင့် ဇိမ်ကျကျနှင့် သီးသန့်နေထိုင်သည့် ဗီလာများလည်း ရှိလာပါသည်။ မြို့ပြအိမ်အသစ်များသည် သီးခြားဖြစ်မှုနှင့် ရပ်ရွာအသိုက်အဝန်းနှင့် လိုက်လျောညီထွေ ရောနှောမှု နှစ်မျိုးလုံးကို ပေးစွမ်းသောကြောင့် ရပ်ရွာနှင့် ပိုမိုချိတ်ဆက်နေလိုသော သူများအတွက် ပြီးပြည့်စုံသော နေရာမျိုး ဖြစ်လာပါသည်။ ဗီယက်နမ်ရိုးရာအိမ်သည် ကျဉ်းမြောင်းသွယ်လျားပြီး ဥယျာဉ်လည်း မရှိပါ ။

၄။ မြို့ပြ ပုံစံကို နှိုင်းယှဉ်ခြင်း

သောင်ဒန်သည် နိုင်ငံတကာကျောင်းများ၊ အနောက်တိုင်းစားသောက်ဆိုင်များနှင့် အင်္ဂလိပ်စကားပြော ဝန်ဆောင်မှုပေးသူများ ရှိပြီး နိုင်ငံတကာမှ ပြောင်းရွှေ့နေထိုင်သူများကို ပစ်မှတ်ထားသည့် အမျိုးမျိုးသော ဝန်ဆောင်မှုများနှင့် အဆောက်အဦများကြောင့် လူသိများပါသည်။ ဤပတ်ဝန်းကျင်သည် ဗီယက်နမ်နိုင်ငံ တွင်နေထိုင်သော အင်္ဂလိပ်စကားပြော နိုင်ငံခြားသားများ၏ လူနေမှုပုံစံကို လိုက်လျောညီထွေဖြစ်အောင် ဖန်တီးထားခြင်း ဖြစ်ပါသည်။ သို့ရာတွင် နေထိုင်စရိတ်သည် အခြားဒေသများတွင် နေထိုင်သူများထက် ပိုမို မြင့်မားပါသည်။ ယင်းမှာ အဆိုပါဒေသတွင် နေထိုင်သူများက နိုင်ငံတကာမှ ပြောင်းရွှေ့နေထိုင်သူများဖြစ်ပြီး ၄င်းတို့၏ သုံးစွဲနိုင်မှုမှာလည်း မြင့်မားခြင်းကြောင့် ဖြစ်နိုင်ပါသည်။

တဖက်တွင် ဖူမီဟန်သည် အလွန်ကောင်းမွန်သော ကြီးမားသော အခြေခံအဆောက်အအုံများရှိသည့် အဆင့်မြင့် မြို့ပြခရိုင်တခု ဖြစ်ပါသည်။ လူဦးရေဖွဲ့စည်းပုံမှာ ဗီယက်နမ် နိုင်ငံသားပညာရှင်များနှင့် နိုင်ငံခြားသားများဖြစ်ပါသည်။ ဖူမီဟန်သည် ပိုမိုခေတ်မီပြီး စနစ်တကျ စီမံထားသော မြို့ပြပုံစံ ရှိကာ၊ ပန်းခြံများနှင့် ရေကန်များဖြင့် ပိုမိုကျယ်ဝန်းပါသည်။ ထို့အပြင် အိမ်ယာအမျိုးမျိုးလည်း ရွေးချယ် နေထိုင်နိုင်ပါသည်။ ဖူမီဟန်တွင် အင်္ဂလိပ်စကားသည် သောင်ဒန်နှင့် နှိုင်းယှဥ်ပါက မတွင်ကျယ်သော်လည်း နေထိုင်ဖို့အတွက် လုံလောက်မှု ရှိပါသည် ။

Phu My Hung
Thao Dien
ပုံ ၅ ။ မြို့ပြအကွက်ပုံစံများကို နှိုင်းယှဉ်ချက်- ဖူမီဟန်ရပ်ကွက်တွင် တွေ့ရသော ပုံမှန်အကွက်ရှိသော အိမ်ယာ၊ ခရိုင် ၇ (ဘယ်ပုံ) နှင့် ဟိုချီမင်းမြို့တော်၊ သုဒွတ်မြို့ရှိ သောင်ဒန်တွင် တွေ့ရသော ပုံမှန်အကွက်မရှိသော အိမ်ယာ (ညာပုံ)။ (အရင်းအမြစ် : Google Earth၊ ၂၀၂၄ )

ဖူမီဟန်တွင် အစီအစဉ်ဆွဲထားသော ပရောဂျက်များ၏ ထုံးစံအတိုင်း လေးထောင့် ဇယားကွက် နှင့်တူသော မြို့ပြပုံစံ ရှိပါသည်။ ခေတ်မီမြို့ပြစီမံကိန်းများနှင့် ပြန်လည်မွမ်းမံထားသော ရပ်ကွက် များသည် ဤပုံစံကို လိုက်နာပါသည်။ ရှင်းရှင်းလင်းလင်းရှိသော လမ်းများ၊ လေးထောင့်ပုံစံ ရပ်ကွက်များသည် ယာဉ်ကြောသွားလာခြင်း နှင့် မြေယာအသုံးပြုမှုကို ထိရောက်မှု ရှိစေပါသည်။ ဗီယက်နမ် မြို့ဟောင်းများတွင် ယင်းကဲ့သို့မဟုတ်ဘဲ လမ်းများမှာ ပင့်ကူ ကွန်ယက်သဖွယ် ရှုပ်ထွေး နေတတ်ပြီး အိမ်နံပါတ်များမှာလည်း မှတ်သားရ ခက်ပါသည်။ ယင်းမြို့ဟောင်းများတွင် နေသည့် ဗီယက်နမ်လူမျိုး တဦးအိမ်သို့ အလည်လာရန် မလွယ်ကူသော်လည်း ဖူမီဟန်တွင်မူ လွယ်ကူပါသည်။

သောင်ဒန်၏ အပြင်အဆင်သည် ရပ်ကွက် အကွက်ချ ပုံသဏ္ဍာန်နှင့် အရွယ်အစားတို့တွင် ကွဲပြားပါသည်။ အကြောင်းမှာ ဗဟိုချုပ်ကိုင် ပြင်ဆင်ထားမှုမရှိဘဲ အလိုအလျောက် သူ့ဘာသာ ဖြစ်ထွန်း တိုးတက် လာခြင်းကြောင့် ဖြစ်ပါသည်။ ယင်းနေရာများသည် ထူးခြားသည့် ပုံသဏ္ဍာန်နှင့် အတိတ်က မြို့ပြ ဖြစ်ထွန်းမှုပုံစံကို ကိုယ်စားပြုနိုင်မှု ရှိသော်လည်း ၎င်းတို့၏ မှန်းဆမရသော ပုံစံကြောင့် အခြေခံ အဆောက်အအုံနှင့် အများသူငှာ ဝန်ဆောင်မှုပေးအပ်ခြင်းတို့တွင် စိန်ခေါ်မှုများ ဖြစ်စေနိုင်ပါသည်။ ဤသဘောအရ သောင်ဒန်၏ အနာဂတ် ဖွံ့ဖြိုးတိုးတက်မှု လမ်းကြောင်းသည် မြို့ပြဟောင်းများနှင့် ပိုမို ဆင်တူနိုင်ပါသည်။

မြို့ပြစီမံကိန်း နည်းလမ်းနှစ်ခုစလုံးတွင် ကောင်းကျိုးနှင့် ဆိုးကျိုးများရှိပါသည်။ ဖူမီဟန်ပုံစံ အပြင်အဆင်များသည် အခြေခံအဆောက်အအုံနှင့် ဝန်ဆောင်မှုပေးအပ်ရာတွင် ရေရှည်ဆောင်ရွက်ဖို့ အဆင်ပြေစေသော်လည်း ၎င်းတို့တွင် နှစ်လိုဖွယ် အလိုအလျောက် တိုးတက်လာမှုပုံစံမျိုး မရှိပါ။ သောင်ဒန်ရှိ သမားရိုးကျမဟုတ်သော ဒီဇိုင်းများမှာမူ ဒေသတွင်းယဉ်ကျေးမှုနှင့် သမိုင်းကိုပြသနိုင်ပြီး ကွဲပြားသော မြို့ပြအတွေ့အကြုံကို ပေးစွမ်းနိုင်သော်လည်း ၎င်းတို့သည် ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာ စိန်ခေါ်မှုများနှင့် ရင်ဆိုင်ရပါသည်။ သောင်ဒန်၏ မြို့ပြဖြစ်ထွန်းမှု လမ်းကြောင်းသည် ပရမ်းပတာနှင့် စည်းစနစ်ကျ ဖြစ်ထွန်းမှု မရှိသော်ငြားလည်း နိုင်ငံခြားသားများအနေဖြင့် သောင်ဒန်၏ တမူကွဲပြား နေသော ထူးထူးခြားခြား ဒီဇိုင်းများကို နှစ်သက်ကြကြောင်း တွေ့ရှိရပါသည် ။

၅။ နိဂုံး

ဖူမီဟန်နှင့် သောင်ဒန်တို့သည် နိုင်ငံခြားလူနေမှုဘဝပုံစံနှင့် လိုက်လျောညီထွေ ဖြစ်စေရန် တစိတ်တပိုင်း တည်ဆောက်ထားသည့် မြို့များ ဖြစ်ပါသည်။ ၄င်းတို့တွင် အိမ်ရာများ၊ ဗီလာများ၊ အနောက်တိုင်းစံများနှင့် အဆင့်မြင့် လူမှုနေထိုင်မှုပုံစံများဖြင့် ဒီဇိုင်းရေးဆွဲထားသော အထပ်မြင့် တိုက်ခန်းများ အပါအဝင် အိမ်ရာရွေးချယ်ခွင့် အမျိုးမျိုးကို ပေးအပ်ထားပါသည်။

အဆိုပါ ဖြစ်စဥ်နှစ်ခုသည် ဗီယက်နမ်နိုင်ငံတွင် မြို့သစ်တခု ဖွံ့ဖြိုးတိုးတက်ရန် နည်းလမ်းသစ်လည်း ဖြစ်ပါသည်။ ဖူမီဟန်အတွက် ထိုင်ဝမ်မှ​ အိမ်ယာဆောက်လုပ်ရေး အဖွဲ့သည် အိမ်ခြံမြေ ရောင်းချခြင်း မပြုမီ လူမှုရေးအခြေခံအဆောက်အအုံများ (ပန်းခြံ၊ ကျောင်းများ) တည်ဆောက်ရန် အတွက် အချိန်နှင့် ငွေများစွာ သုံးစွဲခဲ့ပါသည်။ သောင်ဒန်သည်လည်း ထိုနည်းအတိုင်း ကူးယူကာ နိုင်ငံတကာ ကျောင်းများစွာကို တည်ထောင်ခဲ့ပါသည်။ ဤနေရာသည် ၁၉၉၀ ပြည့်လွန်နှစ်များမတိုင်မီက ဗီယက်နမ်လူမျိုးများ မသိခဲ့သော၊ ဖွံ့ဖြိုးပြီးနိုင်ငံများနှင့် ဆင်တူသော ပတ်ဝန်းကျင် ရှိသည့်အတွက် ချမ်းသာသော ဝယ်သူများက ဤနေရာတွင် ငွေကြေးသုံးစွဲရန် ဆန္ဒရှိကြပါသည်။

ဟိုချီမင်းမြို့တော်ကြီးသည် လူနေမှုအဆင့်များစွာဖြင့် ကွဲပြားနေပါသည်။ ဖူမီဟန်နှင့် သောင်ဒန်တွင် နေထိုင်ရန် နိုင်ငံခြားလူနေမှုပုံစံများကို ဖြည့်ဆည်းပေးထားသည့်အတွက် နိုင်ငံခြားသားများကို ပိုမို လက်ခံကြိုဆိုလာသည့် သဘောဖြစ်ပါသည်။ ထို့အပြင် ဗီယက်နမ် လူမျိုးများအနေဖြင့်လည်း ယင်းနေရာများတွင် နေထိုင်ရန် ဘဘောခွေ့ ရွေးချယ်လာကြပြီ ဖြစ်ပါသည်။  ထို့ကြောင့် ပြုပြင်ပြောင်းလဲရေး (Doi Moi) ၏ တစိတ်တပိုင်းဖြစ်သည့်  နိုင်ငံခြားသားများ ဗီယက်နမ်နိုင်ငံတွင် အခြေချ နေထိုင်လာခြင်းနှင့် မြို့ပြဖြစ်ထွန်းခြင်းတို့၏ အကျိုးဆက်မှာ ဆက်လက်ရှိနေဦးမည် ဖြစ်ပါတော့ သည်။

Thanh Bao Nguyen1 and Hung Minh Ngo2
1,2 Van Lang တက္ကသိုလ် ၊ ဗီယက်နမ်
ဆက်သွယ်ရန် အီးမေးလ်- thanh.nb@vlu.edu.vn

Banner: Twilight on Ban Nguyet riverbank, cityscape of Phu My Hung, Dist 7, Ho Chi Minh. Photo: Dorothy Pham, Shutterstock

References

Douglass, M., & Huang, L. (2007). Globalizing the city in Southeast Asia: Utopia on the urban edge–the case of Phu My Hung, Saigon. International Journal of Asia-Pacific Studies, 3.
Harms, E. (2016). Luxury and Rubble: Civility and Dispossession in the New Saigon: University of California Press.
Huynh, D. (2015). Phu My Hung New Urban Development in Ho Chi Minh City: Only a partial success of a broader landscape. International Journal of Sustainable Built Environment, 4(1), 125-135. doi:https://doi.org/10.1016/j.ijsbe.2015.03.005
Kim, D.-Y. (2016). A Study on the Characteristics of the Planned New Town Apartments in Vietnam – Focusing on the Ho Chi Minh City the Phu My Hung Area. Korean Institute of Interior Design Journal, 25, 101-111. doi:10.14774/JKIID.2016.25.2.101
Lan, N. T. H., & Huong, L. T. T. (2024). Gated Community vs. Inclusive Urban Development: A Case Study of the Old District 2, Ho Chi Minh City, Vietnam. Paper presented at the Asian Urbanization Conference 2024, The Vietnamese-German University (VGU)-Ho Chi Minh City.
Le, T. T. H., & Le, T. T. H. (2018). Privatization of neighborhood governance in transition economy: a case study of gated community in Phu My Hung new town, Ho Chi Minh City, Vietnam. GeoJournal, 83(4), 783-801. doi:10.1007/s10708-017-9803-x
Quy, H. (2023). Hành Trình Khát Vọng. Tuoi Tre. Retrieved from https://tuoitre.vn/khu-do-thi-phu-my-hung-hanh-trinh-khat-vong-20230517172414994.htm
World Bank. (2017). Phu My Hung, Ho Chi Minh City, Vietnam – Case Study. Retrieved from https://www.thegpsc.org/sites/gpsc/files/3._ho_chi_minh.pdf