များပြားလှသော ဗီယက်နမ် အိမ်ထောင်ရှင် အမျိုးသမီးများသည် ၁၉၉၀ ပြည့်နှစ်များအတွင်း ၎င်းတို့၏ အိမ်ထောင်ဖက်များနှင့်အတူ ထိုင်ဝမ်သို့ ပြောင်းရွှေ့နေထိုင်ခဲ့ကြပါသည်။ သို့သော် ယခုအခါတွင် ဗီယက်နမ်-ထိုင်ဝမ် စုံတွဲများသည် ဗီယက်နမ်နိုင်ငံ၊ ဟိုချီမင်း မြို့တော်တွင် ပြောင်းရွှေ့နေထိုင်လာကြကြောင်း သက်သေအထောက်အထားများ တွေ့ရှိရပါသည်။ ဤစာတမ်းတွင် ယဉ်ကျေးမှုကိန်းရှင်များ (cultural variables)နှင့် ဆင်ခြင်တုံတရားအရ ရွေးချယ်မှု (rational choice) နည်းလမ်းဖြင့် လေ့လာသည့်နည်းကို အသုံးချကာ၊ ယဉ်ကျေးမှု ပေါင်းစုံရှိသည့် မိသားစုများ (multicultural families)နှင့် တွေ့ဆုံမေးမြန်းမှု ၃၃ ခုမှ တွေ့ရှိချက် များကို တင်ပြထားပါသည်။ လေ့လာရာတွင် အမျိုးသမီး ၁၂ ဦး၊ ခင်ပွန်း ၁၀ ဦး၊ ကလေး ၁၁ ဦးတို့၏ ဘဝဇာတ်ကြောင်းများကို လွှမ်းခြုံထားပြီး၊ နိုင်ငံသားနှင့် နိုင်ငံသားဖြစ်မှုတို့ကို ထည့်သွင်း စဉ်းစား တင်ပြထားပါသည်။ သုတေသန၏ အဓိက တွေ့ရှိချက် များကို ဤနေရာတွင် ပထမ စာတမ်း အဖြစ် တင်ပြထားပြီး ဒုတိယစာတမ်းတွင် အင်တာဗျူးများ၏ တွေ့ရှိချက် များကို အသေးစိတ် ထပ်မံတင်ပြပါမည်။
လေ့လာတွေ့ရှိချက်များအရ ဟိုချီမင်းမြို့တွင် ယဉ်ကျေးမှုပေါင်းစုံအိမ်ထောင်စုများ တည်ထောင်ခြင်းမှာ ချစ်ခြင်းမေတ္တာနှင့် သဟဇာတဖြစ်စွာ အတူနေလိုမှုတို့အပေါ် အဓိက အခြေခံပြီး ကိုယ်တိုင်ဆုံးဖြတ်ချက်အရ ဆောင်ရွက်ခြင်းဖြစ်ကြောင်း တွေ့ရှိရပါသည်။ ယင်း မိသားစုများ၏ ဘာသာစကားနှင့် ယဉ်ကျေးမှုအလေ့အထများတွင် စာနာမှု၊ သဟဇာတဖြစ်မှုနှင့် ပြောင်းလွယ်ပြင်လွယ်ရှိမှုတို့ကို တွေ့ရှိရပါသည်။ တရားဝင် အသိအမှတ်ပြု ထားသော ယဉ်ကျေးမှုပေါင်းစုံအိမ်ထောင်စုများတွင် မွေးဖွားလာသော ကလေးများသည် နိုင်ငံသား နှစ်မျိုး ခံယူရန် အခွင့်အရေးရှိလေ့ ရှိပါသည်။ သို့ရာတွင် နိုင်ငံသားအခွင့်အရေးဆိုင်ရာကို နားလည်ရာ တွင် မိသားစုတခုချင်းစီအလိုက် ပတ်၀န်းကျင်ရှိ အခြေအနေပေါ်မူတည်၍ ကွဲပြားကြောင်း တွေ့ရှိရပါသည်။ ဗီယက်နမ်တွင်နေထိုင်သော ဗီယက်နမ်နိုင်ငံသားများ၏ နိုင်ငံခြားသား အိမ်ထောင်ဖက်များသည် ၎င်းတို့၏ နေထိုင်ခွင့်နှင့် ပတ်သက်သည့် ပြဿနာများ အပါအဝင် အားနည်းချက် အချို့ကို ကြုံတွေ့ရလေ့ ရှိကြောင်း တွေ့ရှိရပါသည်။
၁။ နိဒါန်း
ယဉ်ကျေးမှုစုံလင်ဖြစ်ထွန်းခြင်း (multiculturalism) နှင့် ယဉ်ကျေးမှုပေါင်းစုံ မိသားစုများ ပေါ်ပေါက် လာခြင်းမှာ ဂလိုဘယ်လိုက်ဇေးရှင်း၏ ရှောင်လွှဲမရသော အကျိုးဆက်များဖြစ်ပါသည်။ အမေရိကန်တွင် ယဉ်ကျေးမှုပေါင်းစုံ အိမ်ထောင်စုများသည် ၂၀၀၀ ပြည့်နှစ် မှ ၂၀၅၀ ပြည့်နှစ်အတွင်း ၂၁၃% တိုးလာ မည်ဖြစ်ပြီး ယင်းတို့အနက် ၈% မှာ အာရှနွယ်ဖွား အမေရိကန်များ ဖြစ်ကြလိမ့်မည်ဟု မျှော်မှန်းထား ပါသည် (Kim, 2022) ။ ကိုရီးယား၊ ထိုင်ဝမ်နှင့် စင်္ကာပူတို့သည် ဂလိုဘယ်လိုက်ဇေးရှင်းဖြစ်စဥ်၏ ရှေ့တန်းတွင် ရှိကြပြီး ယင်းတို့တွင် ယဉ်ကျေးမှုပေါင်းစုံ မိသားစုများ တိုးပွားလာပါသည်။ ကိုရီးယားတွင် လူဦးရေ ၁.၀၉ သန်း သို့မဟုတ် ကိုရီးယားနိုင်ငံ လူဦးရေ၏ ၂.၁% သည် ယဉ်ကျေးမှုပေါင်းစုံ အိမ်ထောင်စု ဝင်များ ဖြစ်ကြပါသည် (Lee, 2021) ။ ထိုင်ဝမ်တွင် လူဦးရေ၏ ၂.၄% ခန့်မှန်းခြေမှာ အရှေ့တောင် အာရှမှ အိမ်ထောင်သည် ရွှေ့ပြောင်းနေထိုင်သူ အမျိုးသမီးများ ဖြစ်ကြပါသည် (Wu, 2023) ။ ထို့အပြင် ၂၀၁၅ ခုနှစ်အတွင်း ကိုရီးယား၊ ထိုင်ဝမ်နှင့် စင်္ကာပူနိုင်ငံရှိ လက်ထပ်ထိမ်းမြားမှုအားလုံး၏ ၁၀ ရာခိုင်နှုန်းမှ ၃၉ ရာခိုင်နှုန်းအထိမှာ နယ်စပ်ဖြတ်ကျော် ထိမ်းမြားမှုများဖြစ်ကြကြောင်း နိုင်ငံတကာ ရွှေ့ပြောင်း နေထိုင်ခြင်း အဖွဲ့အစည်း (International Organization for Migration) ၏ စာရင်းဇယားများအရ သိရှိရပါသည် (Ahn, 2022) ။
၂၀၂၂ ခုနှစ်တွင် ထိုင်ဝမ်သို့ ဗီယက်နမ်အမျိုးသမီး ၁၁၃၀၀၀ သည် လက်ထပ်ထိမ်းမြားရန် ရောက်ရှိခဲ့ပြီး (Wu, 2023) နိုင်ငံခြားသတို့သမီးအရေအတွက်တွင် ဗီယက်နမ်အမျိုးသမီးများသည် ဒုတိယနေရာရှိကြောင်း တွေ့ရှိရပါသည်။ ထို့ကြောင့် ထိုင်ဝမ်သို့ လက်ထပ် ထိမ်းမြားပြီး ပြောင်းရွှေ့နေထိုင်သည့် ဗီယက်နမ်အမျိုးသမီးများအကြောင်း လွန်ခဲ့သည့် နှစ်များအတွင်း သုတေသန များ ပြုလုပ်ခဲ့ပါသည်။
မကြာသေးမီနှစ်များအတွင်း ဗီယက်နမ်လူမျိုးများပါဝင်သော ယဉ်ကျေးမှုပေါင်းစုံ မိသားစု များတွင် အလုပ်အကိုင်၊ အိမ်ထောင်ရေးနှင့် ရေရှည်နေထိုင်ရေးဆိုင်ရာ ရည်ရွယ်ချက်အတွက် ဗီယက်နမ် နိုင်ငံသို့ ပြောင်းရွှေ့နေထိုင်ရန် စိတ်ဆန္ဒရှိလာကြောင်း တွေ့ရှိရပါသည် (Ha et al.၊ 2021) ။ ဟိုချီမင်းမြို့တော်သည် ထိုင်ဝမ်-ဗီယက်နမ် မိသားစုများအတွက် အခြေချ နေထိုင်ရာ နေရာတခု ဖြစ်လာပါသည်။ အကြောင်းရင်းမှာ ဟိုချီမင်းမြို့တော်သည် ထိုင်ဝမ်စီးပွားရေးလုပ်ငန်းများ မြောက်မြားစွာ နှင့် ထိုင်ဝမ်အလုပ်သမားများ သိသိသာသာ လာရောက်ချင်သော နေရာတခု ဖြစ်လာသောကြောင့် ဖြစ်ပါသည်။ ယင်းတွင် နိုင်ငံတကာကျောင်းများ 1နှင့် ထိုင်ဝမ်နွယ်ဖွား မြောက်မြားစွာရှိပြီး အပြန်အလှန် အကူအညီပေးနိုင်ကြသောကြောင့် ထိုင်ဝမ်-ဗီယက်နမ်မိသားစုအများအပြား အခြေချနေထိုင်ရန် ဟိုချီမင်း မြို့တော်ကို ရွေးချယ်လာကြပါသည်။
ဤအထူးထုတ်တွင် ဗီယက်နမ်-ထိုင်ဝမ် ယဉ်ကျေးမှုပေါင်းစုံ အိမ်ထောင်စုများအကြောင်းကို ယဉ်ကျေးမှုကိန်းရှင်များ (cultural variables) နှင့် ဆင်ခြင်တုံတရားအရ ရွေးချယ်ခြင်း (rational choice) နည်းလမ်းများဖြင့် လေ့လာတင်ပြထားပါသည်။ ဤအထူးထုတ်တွင် အဓိက စုံစမ်းမေးမြန်းချက် များမှာ အောက်ပါအတိုင်းဖြစ်ပါသည်- (၁) ဟိုချီမင်းမြို့တော်ရှိ ဗီယက်နမ်-ထိုင်ဝမ် ယဉ်ကျေးမှုပေါင်းစုံ မိသားစုများ၏ အရွယ်အစားနှင့် အဓိကနေထိုင်ရာ နေရာများမှာ အဘယ်နည်း။ (၂) ယဉ်ကျေးမှုပေါင်းစုံ ဗီယက်နမ်-ထိုင်ဝမ်မိသားစုများအတွင်း နေ့စဉ်လူနေမှုဘဝအပေါ် လွှမ်းမိုးမှုရှိသော အရာများဖြစ်သည့် ဘာသာစကား၊ ဆက်သွယ်ရေးနှင့် အစားအသောက်ဆိုင်ရာ အလေ့အကျင့်များမှာ မည်သည်တို့ ဖြစ်သနည်း။ (၃) ယဉ်ကျေးမှုမတူညီမှုများကို မည်သို့ဖြေရှင်းကြသနည်း။ (၄) နိုင်ငံသားနှင့် နိုင်ငံသားဖြစ်မှုသည် ဗီယက်နမ်တွင်နေထိုင်သော ယဉ်ကျေးမှုပေါင်းစုံ မိသားစုများ၏ ဘဝအပေါ် မည်သို့ အကျိုးသက်ရောက်မှုရှိသနည်းတို့ ဖြစ်ပါသည်။ ဤအထူးထုတ်ဂျာနယ်၏ ဆောင်းပါးတခုစီတွင် စာလုံးရေ ကန့်သတ်ချက်ရှိခြင်းကြောင့် ဆောင်းပါးနှစ်ခုအနေဖြင့် ဤဂျာနယ်တွင် နှစ်ပိုင်းခွဲ တင်ပြ ထားပါသည်။
ကျွန်ုပ်တို့ တင်ပြထားသည့် သုတေသန ယူဆချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည် – (၁) အထက်ပါမိသားစုများ အခြေချနေထိုင်ရန် နေရာရွေးချယ်မှုသည် အလုပ်ရရှိနိုင်မှု၊ ကလေးများအတွက် ကျောင်းများနှင့် လူနေမှုပတ်ဝန်းကျင်အပေါ် မူတည်သည်။ (၂) ဇနီး၏ဇာတိမြို့၌ နေထိုင်ပြီး အသက်မွေး ဝမ်းကျောင်းရန် ဆုံးဖြတ်ပါက ခင်ပွန်းသည် နေထိုင်မှုအခြေအနေ၊ ယဉ်ကျေးမှု ပေါင်းစည်းခြင်း၊ လိုက်စား လို့ရသည့် ကိစ္စရပ်များတွင် အားနည်းချက်များစွာကို ကြုံတွေ့ရသည်။ ထို့အပြင် ဇနီးသည်သည် ရိုးရာကျားမ စံနှုန်းများကို လိုက်နာရန် ဝန်ထုပ်ဝန်ပိုး မရှိသလောက်ဖြစ်သည်။ (၃) ဗီယက်နမ်နှင့် ထိုင်ဝမ်ကြားတွင် ဘာသာစကားကွဲပြားမှုနှင့် ယဉ်ကျေးမှုဆိုင်ရာ တူညီချက်များစွာ တွေ့ရှိရသည်။ တချိန်တည်းမှာပင် ဗီယက်နမ်-ထိုင်ဝမ် ယဉ်ကျေးမှုစုံ မိသားစုများသည် ပြောဆိုဆက်ဆံရေးနှင့် စားသောက်မှုဆိုင်ရာ အလေ့အကျင့်များတွင် စိန်ခေါ်မှုအချို့ကို ကြုံတွေ့ရသည်။ သို့သော်လည်း ဤပြဿနာများသည် သိသိသာသာ အငြင်းပွားမှုများအဖြစ်သို့ ရောက်ရှိမလာပေ။ (၄) နားလည်မှု၊ ပံ့ပိုးမှု၊ အပြန်အလှန် ယဉ်ကျေးမှုများ ထူထောင်ခြင်းဖြင့် ချစ်သူ အိမ်ထောင်ဖက်များအကြား သဟဇာတဖြစ်မှု တဖြည်းဖြည်း ဖွံ့ဖြိုးတိုးတက်လာပြီး ယဉ်ကျေးမှု ကွာဟမှုအား ပြေလည်စေနိုင်သည်။ (၅) ယဉ်ကျေးမှု ပေါင်းစုံ စုံတွဲများသည် မိတ်ဖက်တဦး ၏ မွေးရပ်မြေ တွင် နေထိုင်ခြင်းဖြင့် နိုင်ငံသားဖြစ်ခွင့် အကျိုးကျေးဇူးကို ကနဦး ခံစားရရှိနိုင်ပါသည်။ ဗီယက်နမ်ရှိ နိုင်ငံခြား အိမ်ထောင်ဖက်များအတွက် နေထိုင်ခွင့်မူဝါဒသည် နိုင်ငံတွင်းရှိ ၎င်းတို့၏ဘဝများနှင့် မိသားစုများအပေါ် သိသိသာသာ သက်ရောက်မှုရှိပါသည်။
သုတေသနသည် လက်တွေ့ကျပြီး ပညာရပ်ဆိုင်ရာအရလည်း အကျိုးကျေးဇူးများစွာ ရှိပါသည်။ ပထမဦးစွာ အိမ်ထောင်ရေးကြောင့် ရွှေ့ပြောင်းနေထိုင်မှုဖြစ်စဉ်ကို အဓိကထား လေ့လာပြီး ဗီယက်နမ် တွင် အခြေချနေထိုင်ရန် လူတဦးချင်းစီ၏ ဆုံးဖြတ်ချက်ကို ဆန်းစစ်တင်ပြထားပါသည်။ ဗီယက်နမ်နိုင်ငံ သည် နိုင်ငံမှ စွန့်ခွာပြောင်းရွှေ့ခြင်း (emigration) က နိုင်ငံသို့ ပြောင်းရွှေ့နေထိုင်ခြင်း (immigration) ထက် အဓိက ပိုလူသိများသည့်အတွက် ဤစာတမ်းသည် လစ်ဟာနေသည့် အဆိုပါ ရှုထောင့်ကို ဖြည့်ဆည်းပေးနိုင်မည် ဖြစ်ပါသည်။
အောက်ပါတို့သည် စာတမ်း၏ အဓိက တွေ့ရှိချက်များ ဖြစ်ပါသည်။
ထိုင်ဝမ်-ဗီယက်နမ် ထိမ်းမြား လက်ထပ်ခြင်းကို အားပေးသည့်အချက်များ
၁၉၈၉ ခုနှစ်ကတည်းက ဗီယက်နမ်နှင့် ထိုင်ဝမ်၏ ဆက်ဆံရေးတွင် စီးပွားရေးအရ ဆက်ဆံရေးသည် အခြေခံအုတ်မြစ်ဖြစ်ပြီး ယင်းမှာ လူမှုရေးအရဆက်ဆံရေးထက် အရင်စောခဲ့သည် 2 (Wang & Bélanger, 2008) ။ ၁၉၉၅ ခုနှစ်မှ ၂၀၀၅ ခုနှစ် ဇူလိုင်လအထိ ဗီယက်နမ်လူမျိုး ၈၉,၀၈၅ ဦးသည် ဗီယက်နမ်နိုင်ငံ-ထိုင်ပေစီးပွားရေးနှင့် ယဉ်ကျေးမှုရုံးတွင် ၄င်းတို့၏ အိမ်ထောင်ရေးနှင့် ပတ်သက်ပြီး မှတ်ပုံတင်ရန် လာရောက်ခဲ့ပြီး ၎င်းတို့ထဲမှ အများစုမှာ အမျိုးသမီးများဖြစ်ကြသည် (Huệ, 2006)။ ထိုင်ဝမ်သည် ဗီယက်နမ်သတို့သမီးများ လက်ထပ် ထိမ်းမြားရန် သွားရောက်သည့် ထိပ်တန်းနေရာတွင် တစိုက် မတ်မတ် ရှိနေခဲ့သည်။ ပထဝီဝင် အနေအထားအရ နီးစပ်မှုနှင့် ယဉ်ကျေးမှုနှင့် ဘာသာစကားဆိုင်ရာ ဆင်တူမှုများသည်လည်း ထိုင်ဝမ်-ဗီယက်နမ် လက်ထပ်ထိမ်းမြားမှုကို မြှင့်တင်ရာတွင် တစိတ်တပိုင်း ပါဝင်ခဲ့သည်။ အိမ်ထောင်ဖက်ရှာနေသည့် ဗီယက်နမ်အမျိုးသားများအတွက်မူ ထိုင်ဝမ်အမျိုးသမီးများ ကိုယ်တိုင်က ပညာတတ်ဖြစ်ခြင်းနှင့် စီးပွားရေးအရ အဆင်ပြေသည့်အတွက် မြင့်မားသည့် မျှော်လင့်ချက် ရှိနေသည့် စိန်ခေါ်မှုများနှင့် ရင်ဆိုင်ရသည် (Le-Phuong et al.၊ 2022) ။ တဖက်တွင် ဗီယက်နမ် အမျိုးသမီးများအတွက်မူ ထိုင်ဝမ်သားများနှင့် လက်ထပ်ခြင်းဖြင့် ၎င်းတို့၏ စီးပွားရေး အခြေအနေ မြင့်မားလာရန် မျှော်လင့်ချက်ရှိပြီး ထိုင်ဝမ်သို့ ဝင်ရောက်ရန် လွယ်ကူခြင်း၊ ထိုင်ဝမ်က အားလုံးကို လက်ခံ ခြင်းတို့ကြောင့် (Xuan et al., 2022) ထိုင်ဝမ်-ဗီယက်နမ် လက်ထပ်ခြင်းကို မြှင့်တင်ခဲ့ပါသည်။
ထိုင်ဝမ်သို့ လက်ထပ်ရန် ပြောင်းရွှေ့နေထိုင်သော ဗီယက်နမ်အမျိုးသမီးများအပေါ် မလိုမုန်းထားမှုများ
ဗီယက်နမ်အမျိုးသမီးများသည် ထိုင်ဝမ်နိုင်ငံသားနှင့်လက်ထပ်ပြီး ထိုင်ဝမ်သို့ ပြောင်းရွှေ့ အခြေချ နေထိုင်ပြီးနောက် ခွဲခြားဆက်ဆံခံရလေ့ရှိပါသည်။ ၎င်းတို့သည် ယေဘုယျအားဖြင့် ကျေးလက်ဒေသမှ ငယ်ရွယ်သော အမျိုးသမီးအများစုဖြစ်ပြီး လူမှုစီးပွားရေးအရလည်း ချို့တဲ့ကြပါသည် (Xuan et al., 2021) ။ ၎င်းတို့ထဲမှ အများစုမှာ နှစ်နိုင်ငံလုံးရှိ မိသားစုများ၏ စားဝတ် နေရေး တာဝန်ကို ယူထား ရလေ့ရှိကြောင်း တွေ့ရှိရပါသည် (Wu, 2022) ။ ထိုသို့သော အိမ်ထောင်များတွင် ထိုင်ဝမ်အမျိုးသား များသည် အနည်းငယ်အသက်ကြီးသူများ (များသောအားဖြင့် အသက် ၃၀ မှ ၆၀ ကြား) ရှိလေ့ရှိပြီး အများစုမှာ အာမခံချက်ရှိသော အလုပ်အကိုင်ရှိသူများ ဖြစ်ပါသည်။
အထက်ပါလက္ခဏာများရှိသည့်အပြင် လက်ထပ်ထိမ်းမြားမှု အများစုသည် ကြင်ယာရှာဖွေရေး အေဂျင်စီ များမှတဆင့် ၎င်းတို့၏အိမ်ထောင်ဖက်များကို တွေ့ရှိခြင်းမျိုး ဖြစ်လေ့ရှိသည့် အတွက် ယင်းကဲ့သို့ ပြောင်းရွှေ့ နေထိုင်သူ ဗီယက်နမ်အမျိုးသမီးများကို အမျိုးသားကြီးစိုးရေးဝါဒ (patriachy) ၏ သားကောင်များအဖြစ် ထိုင်ဝမ်မီဒီယာများက ပုံဖော်လေ့ရှိကြပါသည်။ ၎င်းတို့ကို ငွေမျက်နှာ တခုတည်းဖြင့် လက်ထပ်ထိမ်းမြားသူများ သို့မဟုတ် နိုင်ငံသားဖြစ်ခွင့်ရပြီး၊ လုံလောက်သောငွေကြေး ရပြီးနောက် ထိုင်ဝမ်ခင်ပွန်းများနှင့်ကွာရှင်းတတ်သည့် “ထွက်ပြေးသွားသောသတို့သမီးများ” အဖြစ် ပုံဖော်လေ့ ရှိကြပါသည် (Wu, 2023) ။ ယင်းသို့သော ပုံဖော်မှုများကို အစိုးရကလည်း ပြုလုပ် ခဲ့ပါသည် (Wang & Bélanger, 2008) ။
ဘာသာစကားနှင့် ပြောဆိုဆက်ဆံခြင်း
ထိုအိမ်ထောင်မျိုး၏ မျိုးဆက်အများစုသည် ၎င်းတို့၏ မိခင်ဘာသာစကားကို တစိတ်တစ်ပိုင်း သို့မဟုတ် လုံးလုံးစွန့်လွှတ်ထားကြပြီး တရုတ်စကားကို အိမ်သုံးဘာသာစကားအဖြစ် သုံးစွဲကြပါသည်။ ဤအခြေအနေသည် ကလေးများအတွက် ကမ္ဘာလုံးဆိုင်ရာစီးပွားရေးနှင့် ပေါင်းစည်းရန် အင်္ဂလိပ်လို သင်ကြားဖို့ လိုအပ်ခြင်းကြောင့်လည်း ဖြစ်ပါသည်။ ဗီယက်နမ်ဘာသာစကားကို သုံးစွဲသည့် မိသားစု မျိုးတွင်လည်း စီးပွားရေးအရ အကျိုးရှိမည်ဟု ယူဆသည့် အခါမျိုးတွင် ဖြစ်ကြောင်း တွေ့ရှိရပါသည် (Cheng၊ 2017)။ တချိန်တည်းတွင် ရွှေ့ပြောင်းနေထိုင်သူများသည် အလုပ်အကိုင်ရှာဖွေရာတွင် တရုတ် ဘာသာစကားကျွမ်းကျင်မှု နည်းပါးခြင်းကြောင့် ခွဲခြားဆက်ဆံခံရမှုများနှင့် ကြုံတွေ့ရပါသည်။ (Wu၊ 2023) အခြားသော သုတေသနများတွင်လည်း ဗီယက်နမ်အမျိုးသမီးများသည် ၎င်းတို့၏ ဝင်ငွေ၊ ဘာသာစကားနှင့် သားသမီးများ၏ ပညာရေးအခြေအနေ တိုးတက်ကောင်းမွန်လာစေရန် ကိုယ်တိုင် ကိုယ်ကျ ကြိုးစားလေ့ရှိကြောင်း တွေ့ရှိရပါသည် (Chen၊ 2011)
ထိုင်ဝမ်တွင် ဗီယက်နမ်သတို့သမီးများအပေါ် ပြောင်းလဲလာသော အမြင်များ
မကြာသေးမီနှစ်များအတွင်း ရွှေ့ပြောင်းအခြေချ အမျိုးသမီးများ လက်ထပ်ထိမ်းမြားခြင်းနှင့် ၎င်းတို့၏ သားသမီးများ ထိုင်ဝမ်တွင် အကျိုးဆက်ခံစားရခြင်းတို့နှင့် ပတ်သက်သော အမြင်များမှာ သိသိသာသာ အကောင်းဖက်သို့ ပြောင်းလဲလာခဲ့ပါသည်။ ယင်းမှာ ရွှေ့ပြောင်းနေထိုင်ပြီး လက်ထပ်ထိမ်းမြားသူများနှင့် ၎င်းတို့၏ မျိုးဆက်များကို လူ့အခွင့်အရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ အခွင့်အရေးများတွင် အကာအကွယ် ပေးရန် တောင်းဆိုသည့် လူထုလှုပ်ရှားမှုများ၏ အကျိုးဆက် ဖြစ်ပါသည် (Hsia, 2021) ။ အထူးသဖြင့် ထိုင်ဝမ်အစိုးရမှ ချမှတ်ခဲ့သော တောင်ပိုင်းမူဝါဒသစ် (NSP) ၏ အကျိုးသက်ရောက်မှုသည် ထိုင်ဝမ်နှင့် အရှေ့တောင်အာရှနိုင်ငံများကြား ဆက်ဆံရေးခိုင်မာစေရန် ၂၀၁၆ ခုနှစ်တွင် သိသိသာသာ သက်ရောက်မှု ရှိခဲ့ပါသည်။ အဆိုပါ တောင်ပိုင်းမူဝါဒသစ်သည် ရွှေ့ပြောင်းနေထိုင်သူ အမျိုးသမီးများနှင့် ထိုင်ဝမ် အစိုးရတို့ကြား အပြန်အလှန်ဆက်ဆံမှု၏ ဒိုင်းနမစ်ကို အခြေခံကျကျ ပြောင်းလဲခဲ့သည်ဟု ဆိုကြပါသည်။ ယခုအခါ အဆိုပါ ရွှေ့ပြောင်းနေထိုင်သူများသည် အရှေ့တောင်အာရှတွင် နေထိုင်ကြသော ၎င်းတို့၏ ဆွေမျိုးအရင်းအချာများနှင့် အဆက်အသွယ်မပြတ်ရှိစေရန် အားပေးရုံသာမက ၎င်းတို့၏ ယဉ်ကျေးမှုနှင့် ဘာသာစကားဆိုင်ရာ အမွေအနှစ်များကို ထိုင်ဝမ်ရှိ ၎င်းတို့၏ ကပြားမျိုးဆက်များကိုပါ အမွေဆက်ခံ စေရန် ဆောင်ရွက်နိုင်ပြီ ဖြစ်ပါသည် (Cheng၊ 2021) ။ အိမ်ထောင်သည် ရွှေ့ပြောင်းနေထိုင်သူများမှ မွေးဖွားလာသော ဒုတိယမျိုးဆက်သည် တောင်ပိုင်းမူဝါဒသစ်၏ ကျောရိုး ဖြစ်သည်ဟု ဆိုကြပြီး ထိုင်ဝမ် အစိုးရက နယ်စပ်ဖြတ်ကျော် အိမ်ထောင်ပြုခြင်းကိစ္စကို ရှုမြင်ရာတွင် “လူမှုရေးပြဿနာ” မှ “လူမှုရေးတန်ဖိုး” အဖြစ် ပြောင်းလဲရှုမြင်လာပါသည် 2021) ။
ဤသည်မှာ ထိုင်ဝမ်ရှိ ဗီယက်နမ်မှ နိုင်ငံခြားသတို့သမီးများအကြောင်း သုတေသန၏ ပထမပိုင်း ဖြစ်ပါသည်။ ဤဂျာနယ်စီးရီးပါ နောက်ဆောင်းပါး ဒုတိယအပိုင်းတွင် ဤလေ့လာမှုအတွက် ဆောင်ရွက်ခဲ့သော ကွင်းဆင်းလေ့လာမှုများမှ အကြောင်းအရာများကို ဖော်ပြပါမည်။ ဒုတိယအပိုင်းတွင် ဟိုချီမင်းမြို့တော်ရှိ ဗီယက်နမ်-ထိုင်ဝမ်မိသားစုများ၏ ဦးစားပေးနေထိုင်ရာနေရာများ၊ မိသားစုဝင်များ၏ ဗီယက်နမ်နှင့် တရုတ်ဘာသာစကားကျွမ်းကျင်မှုအဆင့်များ၊ နေ့စဉ်ဟင်းလျာရွေးချယ်မှုများနှင့် မိသားစုများ အထူးသဖြင့် ကလေးများ၏ နိုင်ငံသားနှစ်မျိုးဖြစ်မှု၊ ကိုယ်ပိုင်သရုပ်လက္ခဏာနှစ်မျိုးရှိမှုနှင့် သက်ဆိုင်သော ဝိရောဓိကို တင်ပြသွားပါမည်။
Phan Thi Hong Xuan, Ho-Hsien Chen, Vo Phan My Tra
စာရေးသူများ မှာ Phan Thi Hong Xuan (လူမှုရေးသိပ္ပံနှင့် လူသားပညာတက္ကသိုလ်- ဗီယက်နမ် အမျိုးသားတက္ကသိုလ် ဟိုချီမင်းမြို့တော်)၊ Ho-Hsien Chen (ထိုင်ပေ စီးပွားရေးနှင့် ယဉ်ကျေးမှုရုံး၊ ဟိုချီမင်းမြို့တော်) နှင့် Vo Phan My Tra (Leipzig တက္ကသိုလ်၊ ဂျာမနီ) တို့ဖြစ်ပါသည်။ စုံစမ်းမေးမြန်းမှုများကို အောက်ပါအီးမေးလ်သို့ ပို့ပြီး မေးမြန်းနိုင်ပါသည် – xuan.pth@hcmussh.edu.vn
အသိအမှတ်ပြုချက်- ဤသုတေသနကို ဗီယက်နမ်အမျိုးသားတက္ကသိုလ်၊ ဟိုချီမင်းမြို့တော် (VNU-HCM) မှ ထောက်ပံ့ကြေးနံပါတ် B2022-18b-04 ဖြင့် ပံ့ပိုးထားပါသည်။
References
Ahn, S. Y. (2022). Matching across markets: An economic analysis of cross-border marriage. University of Illinois at Chicago. https://syahn.people.uic.edu/JMP_SA.pdf
Bélanger, D., Hồng, K. T., & Linh, T. G. (2013). Transnational Marriages between Vietnamese Women and Asian Men in Vietnamese Online Media. Journal of Vietnamese Studies, 8(2), 81–114. https://doi.org/10.1525/vs.2013.8.2.81
Berry, J. W. (1997). Immigration, Acculturation, and Adaptation. Applied Psychology, 46(1), 5–34. https://doi.org/10.1111/j.1464-0597.1997.tb01087.x
Berry, J. W. (2005). Acculturation: Living successfully in two cultures. International Journal of Intercultural Relations, 29(6), 697–712. https://doi.org/10.1016/j.ijintrel.2005.07.013
Chen, E. C.-H. (2011). Taiwanese-Vietnamese transnational marriage families in Taiwan: Perspectives from Vietnamese immigrant mothers and Taiwanese teachers [Doctoral thesis]. University of Illinois.
Cheng, I. (2017). She cares because she is a mother: The intersection of citizenship and motherhood of Southeast Asian immigrant women in Taiwan. In International Marriages and Marital Citizenship. Routledge.
Cheng, I. (2021). Motherhood, empowerment and contestation: The act of citizenship of Vietnamese immigrant activists in the realm of the new southbound policy. Citizenship Studies, 25(7), 975–992. https://doi.org/10.1080/13621025.2021.1968688
Chiu, T. Y., & Yeoh, B. S. A. (2021). Marriage migration, family and citizenship in Asia. Citizenship Studies, 25(7), 879–897. https://doi.org/10.1080/13621025.2021.1968680
Ha, P. T. T., Thuy, H. T., Thanh, T. V., & Hang, T. T. (2021). Vai trò giới trong gia đình phụ nữ Việt Nam kết hôn với lao động nước ngoài. Tạp Chí Khoa Học Hội Phụ Nữ, 2021(2), Article 2.
Hsia, H.-C. (2021). From ‘social problems’ to ‘social assets’: Geopolitics, discursive shifts in children of Southeast Asian marriage migrants, and mother-child dyadic citizenship in Taiwan. Citizenship Studies, 25(7), 955–974. https://doi.org/10.1080/13621025.2021.1968687
Huệ, P. T. (2006). Phụ nữ Việt Nam lấy chồng Đài Loan: Hiện trạng và một số định hướng chính sách—Tài liệu, Luận văn. Xã Hội Học, 2(94), 74–83.
Kim, K. (2022). A Study on Parenting Experiences of Multicultural Families with Disabled Children in Korea. Social Sciences, 11(9), Article 9. https://doi.org/10.3390/socsci11090381
Lệ, T. T. (2022). Báo cáo tổng hợp kết quả khoa học và công nghệ nhiệm vụ Người nước ngoài di cư đến thành phố Hồ Chí Minh—Thực trạng và giải pháp. Viện Nghiên cứu Phát triển thành phố Hồ Chí Minh.
Lee, H. (2021). Gov’t to conduct survey of multicultural families—The Korea Times. https://www.koreatimes.co.kr/www/nation/2021/08/119_313183.html
Le-Phuong, L., Lams, L., & Cock, R. D. (2022). Social Media Use and Migrants’ Intersectional Positioning: A Case Study of Vietnamese Female Migrants. Media and Communication, 10(2), 192–203. https://doi.org/10.17645/mac.v10i2.5034
Redfield, R., Linton, R., & Herskovits, M. J. (1936). Memorandum for the Study of Acculturation. American Anthropologist, 38(1), 149–152.
Sam, D. L., & Berry, J. W. (2010). Acculturation: When Individuals and Groups of Different Cultural Backgrounds Meet. Perspectives on Psychological Science, 5(4), 472–481. https://doi.org/10.1177/1745691610373075
Scott, J. (2000). Rational Choice Theory. In Understanding Contemporary Society: Theories of the Present (pp. 126–138). SAGE Publications Ltd. https://doi.org/10.4135/9781446218310
Sở Tư pháp TP.HCM. (2022). Báo cáo kết quả đăng ký khai sinh, khai tử, kết hôn trên địa bàn thành phố Hồ Chí Minh năm 2022.
Tang, W. A., Anna, W., & Chen, P. (2013). Tactical resistances in daily politics: How do battered Vietnamese wives negotiate family and state tightropes in Taiwan? In Migration to and From Taiwan. Routledge.
Trường Quốc tế Đài Bắc tại TP.HCM. (2023). Thống kê số học sinh là con em của gia đình đa văn hóa Việt—Đài đang theo học tại trường Quốc tế Đài Bắc tại TP.HCM giai đoạn 2010-2023.
Văn phòng Kinh tế và Văn hóa Đài Bắc tại thành phố Hồ Chí Minh. (2023). Thống kê số cặp đôi Việt—Đài đăng ký kết hôn tại Văn phòng Kinh tế và Văn hóa Đài Bắc TP.HCM từ năm 2015-2022.
Wang, H., & Bélanger, D. (2008). Taiwanizing female immigrant spouses and materializing differential citizenship. Citizenship Studies, 12(1), 91–106. https://doi.org/10.1080/13621020701794224
Wu, Y.-L. (2022). Entrepreneurship Experiences among Vietnamese Marriage Immigrant Women in Taiwan. Sustainability, 14(3), Article 3. https://doi.org/10.3390/su14031489
Wu, Y.-L. (2023). Negotiating and Voicing: A Study of Employment Experiences among Vietnamese Marriage Immigrant Women in Taiwan. Social Sciences, 12(2), Article 2. https://doi.org/10.3390/socsci12020094
Xuan, P. T. H., Huyen, L. N. A., & Nghia, P. H. (2021). Overview of Studies on Multicultural Families between Vietnamese and Foreigners in Vietnam. Hor J. Hum. & Soc. Sci. Res, 131–138. https://horizon-jhssr.com/view-issue.php?id=108
Xuan, P. T. H., Nghia, P. H., Huyen, L. N. A., Soo, K. M., & Tra, V. P. M. (2022). Research Overview on the Life of Families with Foreign Elements in Ho Chi Minh City, Vietnam. 701–709. https://doi.org/10.2991/978-94-6463-008-4_88
Notes:
- ထိုင်ဝမ်ကောင်စစ်ဝန်က ကြီးကြပ်သော ဤ ထိုင်ဝမ်အင်တာနေရှယ်နယ်ကျောင်းသည် သူငယ်တန်းမှ ၁၂တန်းအထိ ကျောင်းသားများကို သင်ကြားပေးပါသည်။ မှတ်သားဖွယ်မှာ နှစ်စဉ် ကျောင်းသားဦးရေ၏ ၅၀% ခန့်သည် ဗီယက်နမ်-ထိုင်ဝမ် ယဉ်ကျေးမှု နောက်ခံရှိခြင်း ဖြစ်သည် (ထိုင်ဝမ်အင်တာနေရှင်နယ်ကျောင်း)။ ↩
- တရုတ်သမ္မတနိုင်ငံဟု ယခင်ကခေါ်သော ထိုင်ဝမ်နိုင်ငံနှင့် ဗီယက်နမ်သမ္မတနိုင်ငံ (ဗီယက်နမ်တောင်ပိုင်း) တို့သည် ၁၉၇၅ ခုနှစ် ဧပြီလနှောင်းပိုင်း တောင်ပိုင်းပြိုလဲပြီး ဗီယက်နမ်နိုင်ငံပြန်လည်ပေါင်းစည်းချိန်အထိ သံတမန်ဆက်ဆံရေးရှိခဲ့ပါသည်။ ပြန်လည်ပေါင်းစည်းထားသော ဗီယက်နမ်သည် တရုတ်တပြည်တည်းမူဝါဒကို လက်ခံကျင့်သုံးခဲ့ပြီး ထိုင်ဝမ်အား တရုတ်နိုင်ငံကို ကိုယ်စားပြုသော နိုင်ငံအဖြစ် အသိအမှတ်ပြုခြင်းကို ရပ်ဆိုင်းခဲ့သည်။ တရားဝင်မဟုတ်သော စီးပွားရေးနှင့် နိုင်ငံရေး ဆက်ဆံရေးများသည် အသိအမှတ်ပြုမှု ရပ်ဆိုင်းပြီး ကနဦးပိုင်းတွင် ကျဆင်းသွားသော်လည်း နောက်ပိုင်းတွင် ဆက်လက်တည်ရှိနေခဲ့သည်။ ↩