ဖူမီဟန် မြို့နယ်အသစ်ရှိ လက်ရှိလူနေမှုဘဝ၏ ယဉ်ကျေးမှုဆိုင်ရာ ရှုထောင့်များ

Nguyễn Minh Nhựt

ဗီယက်နမ်နိုင်ငံကို ဂလိုဘယ်လိုက်ဇေးရှင်းက ရိုက်ခတ်လျက်ရှိပါသည်။ မြို့ပြလူနေမှု ပုံစံသစ် သည် မူဝါဒချမှတ်သူများအတွက် စိန်ခေါ်မှုအသစ်များကို ဖြစ်ပေါ်စေခဲ့ပါသည်။ ဟိုချီမင်းမြို့တော် အုပ်ချုပ်ရေးတွင် ခရိုင် ၇ (ဖူမီဟန်မြို့နယ်) တွင် ပြည်သူများ၏ ပြဿနာများနှင့် လိုအပ်ချက်များ ကို စောင့်ကြည့်လေ့လာခြင်းနှင့် စစ်တမ်းကောက်ယူခြင်းများ ရှိပြီး၊ ဤဆောင်းပါးတွင် ဗီယက်နမ် မြို့ပြလူနေမှုဘဝတွင် နိုင်ငံခြားသားများ ပေါင်းစည်းရာတွင် ကြုံတွေ့ရသည့် မြို့ပြ လူမှုရေး စီမံ ခန့်ခွဲမှုနှင့် ပတ်သက်သော အဓိကအောင်မြင်မှုများနှင့် စိန်ခေါ်မှုများကို တင်ပြထားပါသည်။

နိဒါန်း

၁၉၉၀ ပြည့်နှစ်များ အလယ်တွင် တည်ဆောက်ခဲ့သည့် ဖူမီဟန် (ဟိုချီမင်းမြို့တော် မြို့တော်၏ ခရိုင် ၇ တွင် ပါဝင်သော မြို့နယ်) သည် စီးပွားရေး၊ ကူးသန်းရောင်းဝယ်ရေးနှင့် ဘဏ္ဍာရေးအတွက် ခေတ်မီသော နေရာတခု ဖြစ်လာခဲ့ပါသည်။ ဤမြို့နယ်တွင် တန်ဖွန် နှင့် တန်ဖူ ဟုခေါ်သော ရပ်ကွက်နှစ်ခုရှိပါသည်။ ဤနေရာများသည် မြေ ၇၅၀ ဟက်တာပေါ်တွင် တည်ရှိပြီး ဝင်ငွေ မြင့်မားသူများ နေထိုင်ရာနေရာများဖြစ်ပါသည်။ ဖူမီဟန် တန်ဖွန် ရပ်ကွက်တွင် နိုင်ငံခြားသား ၃၁၈၄ ဦး (ရပ်ကွက်အတွင်း နေထိုင်သူ စုစုပေါင်း၏ ၅၀.၄ ရာခိုင်နှုန်း)၊ တန်ဖူ ရပ်ကွက်တွင် နိုင်ငံခြားသား ၂၉၈၈ ဦး (ရပ်ကွက်အတွင်း နေထိုင်သူ စုစုပေါင်း၏ ၃၀ ဒသမ ၃ ရာခိုင်နှုန်း) ရှိပါသည်။ နေထိုင်သူ ၃၈ ရာခိုင်နှုန်းကျော်သည် တောင်ကိုရီးယား၊ ဂျပန်၊ ထိုင်ဝမ် နှင့် တရုတ်နိုင်ငံတို့မှ နိုင်ငံခြားသားများဖြစ်ပြီး (Ủy ban nhân dân Quận 7, 2022) ၊ ဤနေရာသည် ဟိုချီမင်း မြို့တော်တွင် နိုင်ငံခြားသားနေထိုင်သူ အများဆုံး စုစည်းနေထိုင်သော နေရာဖြစ်ပါသည်။

ဖူမီဟန်မြို့နယ်၏ လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်မှုသည် ဟိုချီမင်းမြို့တော်၏ မြန်မြန်ဆန်ဆန် ခေတ်မီတိုးတက်လာမှုနှင့် မြို့ပြအသွင်ကူးပြောင်းမှု၏ တစိတ်တပိုင်းဖြစ်ပါသည်။ သို့ဖြစ်ရာ ယင်းကြုံတွေ့နေရသော ပြဿနာများမှာ ဟိုချီမင်းမြို့တော် ကြုံတွေ့နေရသည့် လက်ရှိ ယဥ်ကျေးမှု အခင်းအကျင်းတွင် ပေါ်ပေါက်လာသည့် ပြဿနာအသစ်များနှင့် ဆင်တူပါသည်။ ယင်းကဲ့သို့ လျင်မြန်သောပြောင်းလဲမှုနှင့် ၎င်း၏ပြဿနာများကို ကိုင်တွယ်ဖြေရှင်းရန် မူဝါဒချမှတ်သူများ အနေဖြင့် မည်သို့ကိုင်တွယ်ဖြေရှင်းမည် ဆိုတာကို စဥ်းစားဖို့ လိုအပ်ပါသည်။ အစိုးရအနေဖြင့် မြို့ပြစီမံခန့်ခွဲမှုဆိုင်ရာ စံနှုန်းများကို မြှင့်တင်ရန် ကြိုးပမ်းခဲ့သော်လည်း ပို၍အရေးကြီးသည်မှာ လူနှင့် သဘာဝပတ်ဝန်းကျင်အကြား ဆက်စပ်မှုကို ခိုင်မာလာစေရန် ဆောင်ရွက်ဖို့ ဖြစ်ပါသည် (Vũ Thị Hồng Tứ, 2020)။ မြို့တော်စည်ပင်အနေဖြင့်လည်း ဖူမီဟန်မြို့နယ်ကို တခြားမြို့ပြဒေသများ ဖွံ့ဖြိုးတိုးတက်ဖို့ စံနမူနာယူဆောင်ရွက်ရမည့် မြို့နယ်အဖြစ် ရှုမြင်ပါသည်။

Screenshot of the Phu My Hung project website. https://phumyhung.vn/en/#trang-chu

ဖူမီဟန်မြို့နယ်တွင် နေထိုင်သူများ၏ လူနေမှုဘဝပုံစံများ – စစ်တမ်းမှ တွေ့ရှိချက်များ

ဖူမီဟန်ဧရိယာသည် ဝင်ငွေမြင့်မားသူများ နေထိုင်သောနေရာ ဖြစ်လာပြီး လူနေမှု အဆင့်အတန်းလည်း မြင့်မားလာကာ အခြားသူများနှင့် နေထိုင်မှုပုံစံများ ကွဲပြားမည်ဟု ယူဆ ရပါသည်။ ထိုသို့သောလူအုပ်စုသည် အများအားဖြင့် မိမိကိုယ်ရေးကိုယ်တာကို အလေးထားကြပြီး ရပ်ရွာလှုပ်ရှားမှုများတွင် မပါဝင်ချင်ကြပါ။ မည်သို့ပင်ဆိုစေကာမူ ဤဘဝနေထိုင်မှုပုံစံသည် အပြုသဘောဆောင်သော၊ စည်းစနစ်တကျရှိပြီး ကျန်းမာသော နေထိုင်မှု လိုအပ်ချက်များ လိုအပ်ပါသည်။ တချိန်တည်းမှာပင် ယနေ့ခေတ်လူ့အဖွဲ့အစည်းသည် လူအများအား ၎င်းတို့၏ အလုပ်နှင့် နေ့စဥ်လူနေမှုကိစ္စများဖြင့် အလုပ်များနေစေပါသည်။ သို့ဖြစ်ရာ မိသားစုနှင့် သူငယ်ချင်း အပေါင်းအသင်း လူမှုဆက်ဆံရေးသည် လူအနည်းငယ်နှင့်သာ ပေါင်းသင်း ဆက်ဆံခြင်းမျိုး မဟုတ်တော့ဘဲ ပိုပြီး လူအများနှင့် ဆက်ဆံဖို့ လိုအပ်လာပါသည်။ နေထိုင်သူများသည် များသောအားဖြင့် တရားဥပဒေကို လိုက်နာကြပြီး အိမ်နီးချင်းများနှင့် အခြားသူများကိုလည်း လေးစားသမှု ရှိကြပါသည်။ ကောင်းမွန်သော လူမှုရေးစီမံခန့်ခွဲမှု ရှိမရှိမှာ စီမံခန့်ခွဲမှု ကော်မတီ တရပ် ဖွဲ့စည်းထားခြင်းရှိမရှိ အပေါ်တွင် မူတည်ပါသည်။ ရပ်ရွာအတွင်း လူမှုဆက်ဆံရေး အခြေအနေမှာ နိုင်ငံပေါင်းစုံမှ နေထိုင်သူများ ဖြစ်ပါက တစိတ်တပိုင်းသော်လည်းကောင်း သို့မဟုတ် အားလုံးသော်လည်းကောင်း ပါဝင်မှုရှိသော ရပ်ရွာအတွင်း အချင်းချင်း လူမှုဆက်ဆံရေး မှာ အားနည်းတတ်ပါသည်။

စည်းလုံးညီညွတ်သော ယဉ်ကျေးမှုအသိုက်အဝန်းတခု တည်ဆောက်ခြင်း

ဖူမီဟန်တွင် နေထိုင်သူများသည် ယေဘုယျအားဖြင့် ရပ်ရွာလှုပ်ရှားမှုများတွင် ပါဝင် လုပ်ဆောင်ကြပါသည်။ ဖူမီဟန်တွင် နေထိုင်သူများ၏ ၅၀ ရာခိုင်နှုန်း ကျော်သည် ယင်းကဲ့သို့ လှုပ်ရှားမှုများတွင် ပါဝင်ကြပြီး ပါဝင်သူ အများစုမှာ ဗီယက်နမ်လူမျိုးများ ဖြစ်ပါသည်။ အောက်ခြေ ဒီမိုကရေစီအက်ဥပဒေ (၂၀၂၂) တွင် ဤကဲ့သို့ ပါဝင်မှုကို အားပေးထားပြီး နိုင်ငံခြားသားများ ကိုလည်း ပါဝင်ဖို့ အားပေးပါသည်။ အထူးသဖြင့် မှုခင်းကြိုတင်ကာကွယ်ရေးနှင့် ယဉ်ကျေးမှု ဓလေ့ထုံးတမ်းများ တည်ဆောက်ရာတွင် ပါဝင်ကူညီရန် နေထိုင်သူများအား ဖိတ်ခေါ်ပါသည်။ အစိုးရသည် ယဉ်ကျေးမှုဆိုင်ရာ လှုပ်ရှားမှုများအတွက် အများပိုင် နေရာများ (ယဥ်ကျေးမှုရုံများ ဟုခေါ်သည်) ကို တည်ဆောက်ထားပြီး ဒေသဆိုင်ရာ အာဏာပိုင်များနှင့် စီမံခန့်ခွဲရေး ကော်မတီများ သည် နေထိုင်သူအားလုံးအတွက် ယဥ်ကျေးမှုဆိုင်ရာ စည်းဝေးပွဲများ စီစဉ်ပေးပါသည်။ ဤ ကြိုးပမ်းမှုများသည် လူမှုအသိုင်းအဝိုင်းအတွင်း အရေးကြီးသော တံတားများ ဖြစ်ရုံမက ၎င်းတို့ သည် မတူညီသော ယဉ်ကျေးမှုနှင့် လူမျိုးများအကြားတွင်လည်း တံတားများ ဖြစ်ကာ အပြန်အလှန် နားလည်မှုကို မြှင့်တင်ပေးပါသည်။ ရပ်ကွက်အတွင်း ကျန်းမာကြံ့ခိုင်ရေးနှင့် အားကစား လှုပ်ရှားမှုများကို ပုံမှန်ကျင်းပလေ့ရှိပြီး ဖူမီဟန်တွင် နေထိုင်သည့် နိုင်ငံခြားသား ၅၀ ရာခိုင်နှုန်း ကျော်ကို ဘောလုံး၊ ဘော်လီဘော၊ စားပွဲတင်တင်းနစ်၊ ကြက်တောင်၊ တင်းနစ်စသည်ဖြင့် ကလပ်အသင်းများသို့ လာရောက်ကစားရန် ဖိတ်ခေါ်ပါသည်။ ထို့အပြင် နှစ်စဉ် ပြည်တွင်း၊ အာဏာပိုင်များနှင့် စီးပွားရေးလုပ်ငန်းများသည် ဒေသခံပြည်သူများ၏ ပူးပေါင်းပါဝင်စေရန် ရည်ရွယ်ပြီး ကြီးမားသော ယဉ်ကျေးမှု၊ ဖျော်ဖြေရေးနှင့် အားကစားပွဲများကို ကျင်းပပေးပါသည်။ ဤပွဲများတွင် ဖူမီဟန်ရှိ နိုင်ငံခြားသားများ ပါဝင်လာစေရန်လည်း ရည်ရွယ်ပြီး ရပ်ရွာနှင့် နိုင်ငံတကာ ယဉ်ကျေးမှု ပေါင်းစည်းမှုကို မြှင့်တင်ရန် ရည်ရွယ်ပါသည်။ ပုံမှန်အားဖြင့် လှုပ်ရှားမှုများသည် ယဉ်ကျေးမှု၊ အားကစားနှင့် လူမှုရေးပန်းတိုင်များကို ဦးတည်ဆောင်ရွက်ပါသည်။ ဥပမာများမှာ – နွေဦးပန်းပွဲတော်၊ Trinh Cong Son ဂီတညပွဲတော်၊ မြေကမ္ဘာ့နာရီပွဲတော်၊ သဘာဝ ပတ်ဝန်းကျင် အတွက် စက်ဘီးစီးခြင်း၊ Lawrence S.Ting ပရဟိတလမ်းလျှောက်ခြင်း၊ ကင်ဆာဝေဒနာရှင်များ အတွက် တယ်ရီဖော့ခ်စ် အပြေးပွဲ၊ တောင်ပိုင်းကြာပန်းပွဲတော်နှင့် အခြားအရာများ ပါဝင်ပါသည်။ အခြား အကြောင်းအရာများတွင် အမျိုးသားနေ့ အလံတင်ခြင်းအခမ်းအနား (စက်တင်ဘာလ ၂ ရက်၊ ၂၀၀၉ ခုနှစ် စကိုင်းအိမ်ယာ တွင် ပထမအကြိမ် ကျင်းပခဲ့ပြီး ဖူမီဟန်ရှိ အခြားသော ရပ်ကွက်များမှလည်း ပါဝင်) တို့ပါဝင်ပါသည်။ ဤအခမ်းအနားသည် နိုင်ငံခြားသားများ၏ စိတ်ပါဝင်စားမှု ရရှိခဲ့ပါသည်။ ဤအခမ်းအနားတွင် ဗီယက်နမ်လူမျိုးများ၏ မျိုးချစ်စိတ်နှင့် နိုင်ငံခြားသားများ၏ လေးစားမှုကို ပြသပါသည်။ ယေဘုယျအားဖြင့် လှုပ်ရှားမှုများကို ပုံမှန် ဆောင်ရွက်ပြီး ဒေသဆိုင်ရာ အာဏာပိုင်များ၊ စီးပွားရေးလုပ်ငန်းများနှင့် ဒေသခံများသည် ၎င်းပွဲများ အောင်အောင်မြင်မြင် ဖြစ်မြောက်စေရန် တက်ကြွစွာ ဆောင်ရွက်ကြပါသည်။

Screenshot from the Phu My Hung Facebook page: https://www.facebook.com/phumyhungcitycenter

ယဉ်ကျေးမှုအသိုက်အဝန်းများတည်ဆောက်ခြင်းလုပ်ငန်း၏ ယေဘုယျရလဒ်များ 

၂၀၂၁ ခုနှစ်တွင် တန်ဖွန်တွင် မိသားစု ၂၂၈၇ ခု (ရပ်ကွက်ရှိ မိသားစုအားလုံး၏ ၈၀%) သည် ယဉ်ကျေးမှုမိသားစုတည်ဆောက်ရေး (Family of Culture) လှုပ်ရှားမှုတွင် ပါဝင်ခဲ့ပါသည်။ ယင်းမှာ မိသားစုတိုင်းအတွက် စည်းမျဉ်းများနှင့် စံနှုန်းများကို သိရှိစေရန်နှင့် ကျန်းမာသော မိသားစုဘဝ တည်ဆောက်ရန် ရည်ရွယ်သော လှုပ်ရှားမှု ဖြစ်ပါသည်။ ပါဝင်သူအားလုံး ၁၀၀% ကို ယဉ်ကျေးမှု ရှိသော မိသားစု (Family with Culture) အဖြစ် အသိအမှတ်ပြုခံရပါသည်။ တန်ဖူတွင် မိသားစုပေါင်း ၂၁၇၀ (ရပ်ကွက်ရှိ မိသားစုအားလုံး၏ ၁၀၀%) ပါဝင်ခဲ့ကြပြီး ၉၅.၂% သည် အလားတူ အသိအမှတ်ပြုမှု ရရှိခဲ့ပါသည်။ မိသားစုယူနစ်များအပြင် တန်ဖူဒေသ အာဏာပိုင်များ သည် ရပ်ကွက်တိုင်းတွင် အလားတူ ယဉ်ကျေးမှုမိသားစု လှုပ်ရှားမှုကို ပြုလုပ်ခဲ့ ပါသည်။ ၂၀၂၁ နှင့် ၂၀၂၂ တွင် တန်ဖွန်ရှိ ရပ်ကွက် သုံးခုလုံးသည် ယဉ်ကျေးမှု မိသားစု စံနှုန်းများနှင့် ကိုက်ညီပြီး တန်ဖူတွင် ထိုကဲ့သို့သော ရာနှုန်းပြည့်ရပ်ကွက်မှာ ၆ပုံ ၁ပုံ ရှိပါသည် (Ủy ban nhân dân Quận 7, 2022)။

ကျွန်ုပ်တို့၏အကဲဖြတ်ချက်

အထက်ဖော်ပြပါ ရလဒ်များအပါအဝင် ဤခရိုင် ၇ တွင် အထူးသဖြင့် ဖူမီဟန်မြို့နယ် ရပ်ရွာ တည်ဆောက်ရေး လုပ်ငန်းများတွင် ပြည်သူများ တက်ကြွစွာ ပါဝင်ဆောင်ရွက်လျက်ရှိပြီး နိုင်ငံခြားသား မိသားစုများလည်း ပါဝင်ကြောင်း ဟိုချီမင်းမြို့တော်ရှိ ကျွန်ုပ်တို့ ဒေသန္တရအစိုးရမှ အသိအမှတ်ပြုပါသည်။ ဗီယက်နမ်နိုင်ငံ၏ ယဉ်ကျေးမှုတန်ဖိုးများကို ထိန်းသိမ်းထားပြီး ယင်းတို့ကို ဖူမီဟန်တွင်နေထိုင်သည့် နိုင်ငံခြားသားများကလည်း သိရှိလာရုံသာမက ထိုတန်ဖိုးများကိုလည်း မိမိတို့၏ ယဥ်ကျေးမှုအဖြစ် လက်ခံလာကြပါသည်။

လေ့လာတွေ့ရှိချက်များအရ မြို့ပြနေထိုင်သူများ၏ အပြုသဘောဆောင်ပြီး သင့်လျော်သော လူနေမှုဘဝပုံစံများ ဖန်တီးရန် ကမ်ပိန်းတွင် နေထိုင်သူများ အနေဖြင့် တက်တက်ကြွကြွ ပါဝင်ခဲ့ကြကြောင်း တွေ့ရှိရပါသည်။ ကမ်ပိန်း၏ သတင်းစကားကို ဘာသာစကား အမျိုးမျိုးဖြင့် ထုတ်လွှင့်ခဲ့ကြောင်း တွေ့ရှိရပြီး ယေဘုယျအားဖြင့် ဖူမီဟန် နယ်မြေ၏ လူမှုရေးနှင့် လုံခြုံရေး သဟဇာတဖြစ်မှုကို ထိန်းသိမ်းထားနိုင်ကြောင်း တွေ့ရှိရပါသည်။ အပြုသဘောဆောင်သော ရလဒ်များရရှိရန် နေထိုင်သူများမှ ပါဝင်ဆောင်ရွက်လိုကြကြောင်း တွေ့ရှိရပြီး ၄င်းတို့အနေဖြင့် ဥပဒေနှင့် စည်းမျဥ်းများကို လိုက်နာလိုစိတ် ရှိကြောင်းလည်း တွေ့ရှိရပါသည်။ ဖူမီဟန်၏ ဒီဇိုင်းသည် တံခါးတပိုင်းရှိသော အသိုက်အဝန်းတခုလည်းဖြစ်ပါသည် – ဆိုလိုသည်မှာ ၎င်းတွင် ယေဘုယျအားဖြင့် အပြင်လောကနှင့် အပြန်အလှန် ဆက်သွယ်ရန် အတွက် တံခါးဖွင့်ထားသော်လည်း အချို့နေရာများတွင် ကိုယ်ရေးကိုယ်တာနှင့် လုံခြုံရေးကို ထိန်းသိမ်းထားသည့် လုံခြုံရေးဂိတ်များ ရှိပါသည်။ ဤဒီဇိုင်းသည် ဖူမီဟန်ဧရိယာ၏ ရပ်ကွက်များ အကြား အပြန်အလှန် ဆက်သွယ်မှုကို လွယ်ကူချောမွေ့စေပါသည်။ ဖူမီဟန်၏ ဇုန်သတ်မှတ်ခြင်း နှင့် မြေအသုံးချမှုတွင် ရပ်ရွာအတွင်းနှင့် ပြင်ပလှုပ်ရှားမှုများ ဆောင်ရွက်ရန် သေချာခွဲခြား သတ်မှတ်ပေးထားသည့်အတွက် ရပ်ကွက်များ၏ သန့်ရှင်းမှုနှင့် စည်းစနစ်ကျမှုကို ယေဘုယျ အားဖြင့် ကောင်းမွန်စွာ ထိန်းသိမ်း ထားပါသည်။ ထိုသို့ ခွဲခြားထားသော နေရာများမရှိလျှင် ရပ်ရွာ လှုပ်ရှားမှုများ ဆောင်ရွက်ရန် ခက်ခဲပါလိမ့်မည်။

ဤအပြုသဘောဆောင်သော ရလဒ်များအပြင် အချို့သောအခက်အခဲများလဲ ကျန်ရှိနေ သေးကြောင်း သတိပြုမိရန် လိုအပ်ပါသည်။ ရပ်ကွက်အသစ်များသည် ရပ်ကွက်တွင်း နေထိုင် သူများ တဦးနှင့်တဦး သိရှိခင်မင်နိုင်ရန် အချိန်အတိုင်းအတာတခုအထိ ယူရပါသည်။ အထူးသဖြင့် နိုင်ငံခြားသား အများစုသည် အိမ်ငှားများ ဖြစ်ပြီး ၎င်းတို့၏ ငှားရမ်းမှုမှာ ရေရှည် သို့မဟုတ် အမြဲတမ်းမဟုတ်ကြပါ။ သို့ဖြစ်ရာ ၎င်းတို့နှင့် အဆက်မပြတ် ထိတွေ့ဆက်ဆံရန် အခက်အခဲများ ရှိပါသည်။ နေထိုင်သူများမှာ အမြဲပြောင်းလဲနေပြီး အလုပ်ရှုပ်နေသူများအနေဖြင့် တိုက်ခန်းတံခါး များကို အမြဲပိတ်ထားသောကြောင့် အချင်းချင်း စကားပြောဆိုရန် ခက်ခဲနိုင်ပါသည်။ ဒုတိယအချက်မှာ နေထိုင်သူအားလုံးတွင် အိမ်မွေးတိရိစ္ဆာန်များ ရှိတတ်ပြီး အိမ်မွေးတိရစ္ဆာန်များကို ကြိုးမတပ်ထားခြင်းနှင့် အများသူငှာ နေရာများတွင် ၎င်းတို့၏ အညစ်အကြေး စွန့်ပစ်ခြင်း ပြဿနာများ  ရှိပါသည်။ ယင်းသို့နေထိုင်သူများအား အခြားသူများကို ထည့်သွင်းစဉ်းစားစေရန် ၎င်းတို့၏ ပြုမူနေထိုင်မှု အလေ့အထကို ပြောင်းလဲစေရန်အတွက် လှုပ်ရှားမှုများ ပိုမိုလုပ်ဆောင်ရန် လိုအပ်ပါသည်။ ဤနေရာတွင် နိုင်ငံခြားသားများအနေဖြင့် ၎င်းတို့၏ မူလဇာတိ နေရာများမှ အလေ့အကျင့်ကောင်းများကို သယ်ယူလာနိုင်ပါသည်။ ဤကဲ့သို့ အလေ့အကျင့်ကောင်းများကို နေထိုင်မှု၏ အခြားသော နယ်ပယ်များစွာတွင်လည်း ဆောင်ရွက်နိုင်ပါသည်။

နိဂုံးနှင့် သင်ခန်းစာများ

ဖူမီဟန်ဧရိယာသည် နိုင်ငံပေါင်းများစွာမှ လူမျိုးပေါင်းစုံကို ကြိုဆိုနေပါသည်။ ယေဘုယျ အားဖြင့် နိုင်ငံခြားသားများအပါအဝင် နေထိုင်သူများအကြားတွင် ပညာရေးအဆင့်အတန်း၊ အသက်မွေးဝမ်းကျောင်းနှင့် ဝင်ငွေအဆင့်တို့တွင် ကွဲပြားပြီး ၎င်းတို့၏ နှစ်သက်မှုများလည်း ကွာခြား ပါသည်။ ထို့ကြောင့် ဗီယက်နမ်လူမျိုး အပါအဝင် လူအုပ်စုတိုင်းသည် ၎င်းတို့၏ ကိုယ်ပိုင် ယဉ်ကျေးမှုနှင့် နေထိုင်မှုအလေ့အထများကို ဖူမီဟန်ဧရိယာ၏ ခေတ်မီမြို့ပြနေထိုင်မှုသို့ ယူဆောင် လာကြပါသည်။ ထို့ကြောင့် လိုအပ်လာပါက ကွဲပြားမှုများ၊ ကွာဟမှုများကို ဖြေရှင်းရန် အချိန် အတော်အတန် ကြာမည်ဟု ယူဆရပါသည်။ လက်တွေ့တွင် အဆောက်အဦ အမာထည်များ တည်ဆောက်ရန် လွယ်ကူသော်လည်း ယဉ်ကျေးမှုများစွာ ပါဝင်သည့် လူမှုပေါင်းစည်းရေး ပရောဂျက်သည်မူ အဆများစွာ ပိုမိုခက်ခဲပါသည်။ ယနေ့ ကျွန်ုပ်တို့မြင်နေရသည့် အပြုသဘော ဆောင်သည့် ဖြစ်စဉ်များသည် နှစ် ၂၀ ကြာ ကြိုးစားဆောင်ရွက်မှု၏ ရလဒ်လည်း ဖြစ်ပါသည်။ အဆောက်အဦဖြစ်စေ သို့မဟုတ် နှလုံးသားတွင် ရှိသည့် ယဥ်ကျေးမှုဖြစ်စေ မြို့ပြ အသိုင်းအဝိုင်း တွင် သင့်လျော်သော လူသားဝါဒတန်ဖိုးများနှင့်အညီ လူ့အဖွဲ့အစည်းကို ပုံဖော်ရာတွင် လူသားသည် အဓိကအခန်းကဏ္ဍမှ ပါဝင်ပါသည်။ ကျွန်ုပ်တို့၏အမြင်မှာ အဆောက်အဦများ နေရာများ ဝယ်ယူခြင်းသည် ဘဝနေထိုင်မှုပုံစံကိုဝယ်ယူခြင်း၊ ၎င်းအဆောက်အဦရှိသည့် နေရာရှိ အလေ့အထ များနှင့် ဓလေ့ထုံးစံများပါရှိသော လူ့အဖွဲ့အစည်းအမျိုးအစားတခုကို  ရွေးချယ်ခြင်းပင် ဖြစ်ပါသည်။ ယင်းမှာ အိမ်နီးနားချင်းများကို ရွေးချယ်မှုတခုလဲဖြစ်ပြီး နိုင်ငံတကာပတ်ဝန်းကျင်တွင် မိသားစုကို ထားရှိရန် ဆုံးဖြတ်ချက် တခုလည်းဖြစ်ပါသည်။ ထိုသို့သော ပတ်ဝန်းကျင်တွင် ဆက်သွယ်ရေး ကမ်ပိန်းများ၏ ထိရောက်မှုမှာ လမ်းညွှန်ချက်များ၊ ရပ်ကွက်စည်းမျဉ်းများ နှင့် နိုင်ငံတော်၏ ဥပဒေများကို ကြေညာရန်မှာ ဘာသာစကားများစွာကို အသုံးပြုနိုင်စွမ်း ရှိရန် လိုအပ် ပါသည်။ တချိန်တည်းမှာပင် နိုင်ငံတွင် လူထုလှုပ်ရှားမှုများ စုစည်းဆောင်ရွက်ရန် တာဝန် ပေးထားသော လူမှုရေးအသင်းအဖွဲ့များ ရှိပါသည်။ အဆိုပါ အသင်းအဖွဲ့များသည် ပိုမို ကောင်းမွန်သော ရလဒ်များရရှိရန် အချင်းချင်း ပြိုင်ဆိုင်ကြပြီး ဒေသန္တရအစိုးရ၏ ကြီးမားသော နိုင်ငံရေးနှင့် လူမှုရေးဆိုင်ရာ ရည်မှန်းချက်များကို အကောင်အထည်ဖော်ရန် အချင်းချင်းလည်း ပူးပေါင်း ဆောင်ရွက်ကြပါသည်။ အစိုးရ၏ ဆောင်ပုဒ်မှာ “နေထိုင်သူတိုင်း၊ မိသားစုတိုင်း၊ မျိုးရိုးစဉ်ဆက်တိုင်း ဗီယက်နမ်လူမျိုးများနှင့် နိုင်ငံခြားသားများအကြား ခွဲခြားဆက်ဆံမှုမရှိဘဲ အားလုံး၏ အင်အားကို မြှင့်တင်ရန်” ဖြစ်ပါသည်။ ဤစိတ်ဓာတ်သည် ဗီယက်နမ်နိုင်ငံပြင်ပရှိ အခြားသောယဉ်ကျေးမှုများနှင့် ဗီယက်နမ်လူမျိုးများ ယဥ်ကျေးမှု ကူးလူးဆက်ဆံခြင်း၊ ပေါင်းစည်းခြင်းတွင် အောင်မြင်စေရန် ဖူမီဟန်နယ်မြေအား အကူအညီပေးခဲ့ပါသည်။ ထို့ကြောင့် ဖူမီဟန်မြို့ပြဧရိယာသည် စံပြမြို့ပြဧရိယာအဖြစ် အဆင့်သတ်မှတ်ချက်နှင့် ထိုက်တန်သည် ဖြစ်ပါတော့သည်။

Nguyễn Minh Nhựt
ငုယင်မင်းနွတ် (Ph.D )
ဟိုချီမင်းမြို့ ပြည်သူ့ကောင်စီ
အီးမေးလ်: nhut227@gmail.com
ဒေးဗစ်ကိုးခ်က ဗီယက်နမ်မှ အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုတည်းဖြတ်သည်

Banner: HCM, District 7. Crescent in Phu My Hung urban area. Photo: vinh loc

References

Vũ Thị Hồng Tứ. (2020). Đời sống văn hóa của cư dân tại khu đô thị mới, Tạp chí Văn hóa – Nghệ thuật, số 432, tháng 6-2020.
Viện Văn hóa – Bộ Văn hóa. (1984). Xây dựng đời sống văn hóa ở cơ sở. Hà Nội.
Ủy ban nhân dân Quận 7. (2022). Báo cáo số 3951/BC-UBND ngày 12 tháng 10 năm 2022  của Ủy ban nhân dân Quận 7 về tình hình xây dựng đời sống văn hóa tại khu dân cư Quận 7.
Ủy ban nhân dân Quận Bình Thạnh. (2022). Báo cáo số 463/BC-UBND-BCĐ ngày 13 tháng 10 năm 2022  của Ủy ban nhân dân quận Bình Thạnh về tình hình xây dựng đời sống văn hóa tại các khu đô thị mới trên địa bàn quận Bình Thạnh năm 2022.