ခေါင်းစဉ်- အင်ဒိုနီးရှားမြို့ကြီးများရှိ ပလက်ဖောင်း တွင် ပူးပေါင်းပါဝင်မှု

Asri Septarizky & Hasanatun Nisa Thamrin

ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းမှု အရှိန်အဟုန်ဖြင့် တိုးတက်လာခြင်းနဲ့အတူ ပါဝင်ခြင်းဆိုင်ရာ ပလက်ဖောင်းများ ပြောင်းလဲလာခဲ့သည်

ဒစ်ဂျစ်တယ်နည်းပညာနှင့် အင်တာနက်သည် ရုပ်ပိုင်းဆိုင်ရာနယ်နိမိတ်များကို ကျော်လွန်ပြီး ကျွန်ုပ်တို့ နေထိုင်ပုံ၊ ချိတ်ဆက်ပုံနှင့် အပြန်အလှန်ဆက်ဆံပုံတို့ကို ပြောင်းလဲစေခဲ့ပြီဖြစ်ပါသည်။ အင်ဒိုနီးရှားနိုင်ငံသည် ကျွန်းစုပထဝီဝင်အနေအထားရှိသည့် နိုင်ငံဖြစ်သော်လည်း နိုင်ငံသားများသည် အပြန်အလှန် ချိတ်ဆက် နေကြပြီး အင်ဒိုနီးရှား၏ စုစုပေါင်းအင်တာနက်အသုံးပြုသူ စုစုပေါင်း၏ ၇၈.၅ ရာခိုင်နှုန်းသည် အနည်းဆုံး ဆိုရှယ် မီဒီယာပလက်ဖောင်းတခု (Kemp, 2023) ကို အသုံးပြုကြောင်း တွေ့ရှိရပါသည်။ ယင်းက နိုင်ငံသားများ နိုင်ငံရေးတွင် ပါ၀င်မှုကိုလည်း ပြောင်းလဲစေခဲ့ပါသည်။ ဆိုရှယ်မီဒီယာက အားပေးသည် အားမပေးသည်ဆိုတာကို ခဏထားဘိဦး၊ နိုင်ငံသားများသည် ၎င်းတို့၏ဆန္ဒများကို ဆိုရှယ်မီဒီယာမှတဆင့် တိုက်ရိုက်ဖော်ထုတ်ခြင်းကို ပြုလုပ်လာနိုင်ပြီ ဖြစ်ပါသည်။ ဤဒစ်ဂျစ်တယ်ပလက်ဖောင်းများတွင် နေ့စဉ် ဆွေးနွေးရမည့် သတင်းများ၊ ထင်မြင်ချက်များ သို့မဟုတ် ဇာတ်လမ်းများ အမြဲရှိနေသည့်အတွက် ၄င်းတို့သည် တကယ် အကျိုးဖြစ်ထွန်းသလား၊ အဓိပ္ပာယ်ရှိသလားဆိုသည့် မေးခွန်းကို မေးစရာ ဖြစ်လာပါသည်။

ဒစ်ဂျစ်တယ်ပါဝင်မှုသည် လူများကို အွန်လိုင်းပေါ်တွင် ၄င်းတို့၏ ထင်မြင်ယူဆချက်များကို ထုတ်ဖော် ပြောဆိုပြီး တက်ကြွစွာပါဝင်နိုင်စေရန် အခွင့်အလမ်းများစွာ ပေးပါသည်။ ယင်းမှာ ဒစ်ဂျစ်တယ် မဟုတ်သည့် နယ်ပယ်များတွင် မရနိုင်သလောက်ဖြစ်ပြီး ဒီမိုကရေစီ၏ အနာဂတ်လမ်းကြောင်းကိုပင် ပုံဖော်နေပါသည်။ တချိန်တည်းမှာပင် ဒေသန္တရအစိုးရများသည် အဆိုပါ ဒစ်ဂျစ်တယ် ခေတ်ရေစီးကြောင်းများကို အမီလိုက်နိုင်ရန် ကြိုးစားနေပါသည်။ အာရှ-ပစိဖိတ်ဒေသနိုင်ငံများအကြားတွင် အင်ဒိုနီးရှားနိုင်ငံသည်လည်း မြူနီစပယ်အဆင့်တွင် ပြည်သူ့ဝန်ဆောင်မှုများတိုးတက်စေရန် အသုံးပြုသော အမျိုးမျိူးသော ဒစ်ဂျစ်တယ် အသွင်ကူးပြောင်းမှုများဖြင့် “စမတ်စီးတီးတိုးတက်မှု” ( Equinix၊ 2019 ) ကို တွေ့ကြုံခဲ့ပါသည်။ အစိုးရ၏ ဆိုရှယ်မီဒီယာ ချန်နယ်များနှင့် ဝဘ်ဆိုဒ်များကို သတင်းအချက်အလက် ဖြန့်ဝေရန်နှင့် ပရိုဂရမ်များ၊ စည်းမျဥ်းစည်းကမ်းများအကြောင်း အများပြည်သူထံ ပိုမိုကျယ်ပြန့်စွာ ရောက်ရှိစေရန် အသုံးပြု လာကြပါသည်။ စမတ်မြို့တော်တခုတည်ဆောက်ခြင်း၏ရလဒ်အဖြစ် ဒေသန္တရအစိုးရတခုစီက ဖန်တီး ထားသည့် ဒစ်ဂျစ်တယ်ပလက်ဖောင်းအရေအတွက် တိုးတက်လာသည်နှင့်အတူ၊ အများပြည်သူပါဝင်ရန် ဆွဲဆောင်ရာတွင် ဤအစိုးရပလက်ဖောင်းများသည် မည်မျှထိရောက်မှုရှိသလဲ ဆိုသည်မှာ ဆန်းစစ်ဖို့ ကောင်းသည့် မေးခွန်းဖြစ်ပါသည်။

ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းမှုနှင့် အင်တာနက်အသုံးပြုမှု အရှိန်အဟုန်ဖြင့် ကြီးထွားလာခြင်းက အင်ဒိုနီးရှားတွင် နိုင်ငံရေးပါဝင်မှု အသွင်ကူးပြောင်းရေးကို အကျိုးသက်ရောက်ခဲ့သည်မှာ ငြင်းစရာမရှိပေ။ အင်ဒိုနီးရှားတွင် သတင်းအချက်အလက်နည်းပညာနှင့် ဒစ်ဂျစ်တယ်ဆိုင်ရာ ပထမဆုံးဥပဒေဖြစ်သည့် သတင်းအချက်အလက်နည်းပညာနှင့် အီလက်ထရွန်နစ် လွှဲပြောင်းမှုများဆိုင်ရာ ဥပဒေ ၁၉/၂၀၆ (UU ITE) ကို အစိုးရက ပြဋ္ဌာန်းခဲ့သည်။ ယင်းကို အသုံးချပြီး အစိုးရနဲ့ အာဏာပိုင်များအပေါ် ဝေဖန်မှုများကို နှိပ်ကွပ်ခဲ့သည့်အတွက် အငြင်းပွားစရာများ၊ ပဋိပက္ခများ ရှိလာခဲ့သည်။ ၂၀၂၃ ခုနှစ်အစောပိုင်းတွင် လူငယ် တစ်ခ်တော့ခ်ဆယ်လီတဦးက တစ်ခ်တော့ခ်တွင် လမ်ပန်ပြည်နယ်ရှိ မြို့တော်ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းတခုအပေါ် ဝေဖန်ခဲ့သည့်အတွက် သူ့ကို ‘အမုန်းစကား’ နှင့် UU ITE ဥပဒေချိုးဖောက်မှုတို့ဖြင့် ရဲထံ တိုင်ကြားခဲ့သည်။ အဆုံးတွင် ရာဇ၀တ်မှုဆိုင်ရာ ချိုးဖောက်မှု ရှိသည်ဟု သက်သေမပြနိုင်သည့်အတွက် အဆိုပါ လူငယ်အား လွှတ်ပေးခဲ့ရသော်လည်း ဆိုရှယ်မီဒီယာပေါ်တွင် နိုင်ငံရေး ထုတ်ဖော်ပြောဆိုခွင့် ရှိလာသလို တချိန်တည်းမှာလည်း လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုမှုကို ကန့်သတ်ခံထားရသေးကြောင်း ဥပမာတခုပင် ဖြစ်သည်။

နိုင်ငံသားများနှင့် အစိုးရများ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းမှုကို အသုံးချပြီး နိုင်ငံရေးတွင် ထုတ်ဖော် ပါဝင်နိုင်မှု ပလက်ဖောင်းများအဖြစ် မည်ကဲ့သို့ အသုံးချခဲ့သည်ကို ပြန်လည်သုံးသပ်ရန် လိုအပ်ပါသည်။ ဤပြောင်းလဲမှုများသည် မည်မျှအတိုင်းအတာအထိ ဒေသန္တရအစိုးရများနှင့် ကျွန်ုပ်တို့ နိုင်ငံသားများ အပြန်အလှန်ဆက်ဆံပုံနှင့် အားလုံးအတွက် ပိုမိုကောင်းမွန်သောမြို့ဖြစ်လာစေရန် ဆောင်ရွက်မှုများအပေါ် အကျိုးသက်ရောက်မှု ရှိခဲ့ပါသနည်း။

ဖိတ်ခေါ်မှုဖြင့် ပါဝင်ခြင်းနှင့် ဖန်တီးမှုဖြင့် ပါဝင်ခြင်း (Invited vs invented space)

ဒစ်ဂျစ်တယ်ပလက်ဖောင်းများ လျင်မြန်စွာ ကြီးထွားလာမှုကို မြို့ပြအုပ်ချုပ်ရေးက မည်သို့တုံ့ပြန်ခဲ့သည်ကို ဆန်းစစ်ရာတွင် ပါဝင်ခြင်းဆိုင်ရာ ဆန့်ကျင်ဖက် ချဉ်းကပ်မှုပုံစံများကို တွေ့ရမည် ဖြစ်ပါသည်။ ထိုအချက်ကို ဖိတ်ခေါ်မှုဖြင့် ပါဝင်ခြင်း (invited space) နှင့် ဖန်တီးမှုဖြင့် ပါဝင်ခြင်း (invented space) ဆိုသည့် အယူအဆ နှစ်ရပ်တွင် တွေ့ရမည် ဖြစ်ပါသည်။

အင်ဒိုနီးရှား အစိုးရက musrenbang (musyawarah perencanaan pembangunan) ဟုခေါ်သော အောက်ခြေအဆင့်မှ အပေါ်ကိုသွားသည့် လုပ်ငန်းစဉ်များတွင် အုပ်ချုပ်ရေး၊ အစီအစဉ်ဆွဲခြင်းနှင့် ဘတ်ဂျက်ချထားခြင်းဆိုင်ရာကိစ္စတို့တွင် ဗဟိုချုပ်ကိုင်မှုလျှော့ချခြင်းကို ပေါင်းစပ်ထည့်သွင်းထားသည်။ ယင်းမှာ အစိုးရအစီအစဉ်များနှင့် နိုင်ငံသားများ၏ လိုအပ်ချက်များကြား ချိတ်ဆက်မှုသေချာစေရန်အတွက် နိုင်ငံတွင်းနှင့် ဒေသဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်များကို ရေးဆွဲရန် ပညာရှင်များ၊ လက်တွေ့ မူဝါဒ ရေးဆွဲသူများ၊ ရပ်ရွာလူထုများနှင့် ပြည်သူများကို ဖိတ်ခေါ်ကာ ဘတ်ဂျက်ရေးဆွဲခြင်းဖြစ်သည်။ Musrenbang သည် မြို့ပြအုပ်ချုပ်ရေးအတွက် ဖိတ်ခေါ်ထားသောနေရာများကို မြှင့်တင်ရာတွင် အဓိကကျသော အခန်းကဏ္ဍမှ ပါဝင်နေသော်လည်း မြို့အနှံ့တွင် ပါဝင်မှု အမျိုးမျိုးရှိသည်။

An example of musrenbang process in West Java, Indonesia. Source: Berita Depok (2023)

ဘတ်ဂျက်ရရှိနိုင်မှုအပေါ်မူတည်ပြီး ပါဝင်နိုင်မည့်သူများကို ရွေးချယ်ရေး လုပ်ငန်းစဉ်များတွင် လိုက်လျော ညီထွေဖြစ်အောင် ဆောင်ရွက်နေကြောင်းမှာ အချို့မြို့များတွင် ပါဝင်နိုင်မည့်သူများကို ရွေးချယ်သည့် လုပ်ငန်းစဥ်ကို ကြည့်ပါက ထင်ရှားပါသည် ။ ဆူရာကာတ (Surakarta) ကဲ့သို့သော ရပ်ရွာလူထုစုဝေးပွဲများ ဆောင်ရွက်လေ့ရှိသည့် မြို့များသည် ဆန္ဒအလျောက် ဘတ်ဂျက် ရေးဆွဲခြင်း၊ လှူဒါန်းမှုများ သို့မဟုတ် ကော်ပိုရိတ်လူမှုရေးဆိုင်ရာတာဝန်ယူမှု (CSR) ဘတ်ဂျက်ကို စုဆောင်းခြင်းဖြင့် ပါဝင်ရန်နည်းလမ်းကို ရှာဖွေကြသည်။ တချိန်တည်းတွင် ဘန်ဒန်း (Bandung) နှင့် ဆူရာဘာယ ​(Surabaya) ကဲ့သို့သော ပိုမိုကောင်းမွန်သော အခြေခံအဆောက်အအုံများရှိသည့် မြို့ပြများသည် နည်းပညာများ သုံးစွဲပြီး လူထုနှင့် ထိတွေ့ဆက်ဆံမှုကို အားပေးရန်နှင့် ဒစ်ဂျစ်တယ် နည်းပညာကို အသုံးချခြင်းဖြင့် ပွင့်လင်းမြင်သာမှုကို မြှင့်တင်ရန် e-musrenbang အဖြစ် ပြောင်းလဲခဲ့သည်။

Musrenbang ကို လူအများက သဘောကျသလိုပင် ၎င်းတို့အပေါ်တွင် သံသယစိတ်များလည်း ရှိပါသည်။ ဖိုရမ်သည် ရပ်ရွာလူထု ပါ၀င်ပူးပေါင်းမှုအဖြစ် ဟန်ပြသာ (ကန့်သတ်ထားခြင်း မရှိဟု ဆိုဦးတော့) လုပ်နေသေးသည်ဟု သံသယရှိနေသေးခြင်း ဖြစ်ပါသည်။ ၎င်းတွင် အစိုးရ၏ အစီအစဉ်ကို ခေါင်းငြိမ့်မည့် လူ့အဖွဲ့အစည်း၏ အစိတ်အပိုင်းတခုသာ ဖြစ်သော အထက်တန်းစားအလွှာက ကြီးစိုးထားသည်ဟု သံသယများ ရှိနေသည်။ ထို့ကြောင့် musrenbang သည် ရပ်ရွာပြည်သူလူထုနှင့် အမှန်တကယ် ထိတွေ့ဆက်ဆံမှုကို ဟန့်တားထားပြီး ကျယ်ပြန့်သော ကိုယ်စားပြုမှုကို ကန့်သတ်ထားတာမျိုး ဖြစ်နေနိုင်ပါသည်။ အွန်လိုင်းဖြင့် ဆောင်ရွက်သည့် e-musrenbang သည်လည်း လက်တွေ့တွင် စမတ်မြို့တော် အယူအဆကို မြူနီစီပယ်များ ကျင့်သုံးနေပြီ ဖြစ်ကြောင်း အထောက်အထားမျှသာ ရှိသေးသည်ဟု ရှုမြင်ပါသည်။ အကောင်အထည်ဖော်မှုသည် ကနဦးရည်ရွယ်ချက်နှင့် လိုက်လျောညီထွေ မဖြစ်သေးပါ၊ ပလက်ဖောင်း၏ ရေရှည်တည်တံ့မှုကိုလည်း အကဲဖြတ်ရန် လိုအပ်ပါသည်။

Musrenbang ကဲ့သို့သော တရားဝင်နေရာများ၏ ကန့်သတ်ချက်များကို တုံ့ပြန်သည့်အားဖြင့်ရော၊ နိုင်ငံရေး ပါဝင်မှုပုံစံ ပြောင်းလဲလာခြင်းကြောင့်ရော အထူးသဖြင့် လူငယ်များအကြားတွင် နိုင်ငံရေး ပါဝင်မှု သဘောသဘာဝကို ပိုမိုကျယ်ပြန့်စွာ ချဥ်းကပ်သည့်  ပုံစံတရပ် ပေါ်ပေါက်လာသည် (Holston, 2014)။ လူငယ်လူရွယ်များသည် အစိုးရဦးဆောင် ဖိတ်ကြားထားသော နယ်ပယ်များ၏ အပြင်ဖက် မြို့ပြနိုင်ငံရေးတွင် ပါဝင်လေ့ရှိကြပါသည်။ ဥပမာအားဖြင့် ဂျာဗားပြည်နယ် အလယ်ပိုင်း ဆူရာကာတတွင် နိုင်ငံသားဖိုရမ် (သို့မဟုတ် Forum Kota ) သည် မြို့တော်အတွင်း ဖြစ်ပေါ်နေသော ပြဿနာများ သို့မဟုတ် မူဝါဒများကို ကိုင်တွယ်ဖြေရှင်းရန်အတွက် အလွတ်သဘောဖြင့် ဖွဲ့စည်းထားသည့် ဖိုရမ် ဖြစ်ပါသည်။ ၎င်းတို့၏ဆန္ဒများကို ဆိုရှယ်မီဒီယာများ၊ သတင်းစာများ၊ သို့မဟုတ် အထူးပွဲများမှတဆင့် အသိပညာပေးမှုများ ပြုလုပ်ကြပါသည်။ အိမ်ယာစီမံကိန်းများ၊ အများပြည်သူသုံးသယ်ယူပို့ဆောင်ရေးနှင့် နိုင်ငံရေးပြဿနာများမှ မြို့အပေါ် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ အကျိုးသက်ရောက်မှုများစသည့် ခေါင်းစဥ်များအထိ ပါဝင်သော ဒေသခံအသိုင်းအဝိုင်းများမှ နှစ်စဉ်ကျင်းပသည့် အော့ဖ်လိုင်းနှင့် အွန်လိုင်းလူထုဆွေးနွေးမှုများကို မြို့ကြီးများတွင် တွေ့ရလေ့ရှိပါသည်။ ဤဖိုရမ်များသည် ပြည်သူများအား ၄င်းတို့ လိုလားချက်များအကြောင်း အသိပေးရန်၊ မြို့ပြဟောပြောချက်များတွင် ပါဝင်နိုင်သည့်စွမ်းရည်ကို တိုးမြှင့်ရန်နှင့် ဘယ်အကြောင်းအရာက  မြို့အတွက် အရေးကြီးလဲဆိုသည့် ခေါင်းစဥ်ကိုပင် ပူးတွဲပုံဖော်ရန် အလားအလာ များစွာ ပေးအပ်ပါသည်။

မြို့ပြအကြောင်းအရာများကို နှစ်စဉ်ဆွေးနွေးပြီး အများပြည်သူ ပါဝင်နိုင်သည့် ပလက်ဖောင်းတခုမှာ မြို့ပြလူမှုဖိုရမ် (Urban Social Forum – USF) ဖြစ်ပါသည်။ ၂၀၁၃ ခုနှစ်မှစတင်၍ USF သည် အသိပညာဖလှယ်ခြင်း၊ အခြေအတင်ဆွေးနွေးခြင်းနှင့် အရပ်ဘက်အဖွဲ့အစည်းများ၊ တက်ကြွလှုပ်ရှားသူများ၊ ပညာရှင်များနှင့် မြို့ပြအရေးကိစ္စများကို လုပ်ဆောင်နေသော ကျောင်းသားကျောင်းသူများအကြား အသိပညာဖလှယ်ရန်၊ အကြံဥာဏ်များဖလှယ်ခြင်းနှင့် ကွန်ရက်ချိတ်ဆက်ခြင်းအတွက် ပွင့်လင်းပြီး အားလုံး ပါဝင်နိုင်သည့် နေရာတခုဖြစ်ပါသည်။ အဆုံးစွန်အားဖြင့် ဖိုရမ်သည် အခြားရွေးချယ်စရာ အယူအဆများကို တင်ပြရန်နှင့် ‘အခြားမြို့သည် ဖြစ်နိုင်ချေရှိသည်’ ဟု မျှော်မှန်းကြည့်ရန် လူများအတွက် အမှန်တကယ် အများပြည်သူဆိုင်ရာ ဒီမိုကရေစီ နေရာတခုဖြစ်သည် (urbansocialforum.or.id)။ ဤအော့ဖ်လိုင်း ဖိုရမ်သည် မိမိတို့စိတ်ဝင်စားသည့် မြို့ပြဆိုင်ရာကိစ္စရပ်တွင် လူတိုင်းပါဝင်နိုင်စေမည့် ဖန်တီးထားသော နေရာတခု (invented space) ဖြစ်ပါသည်။

Screenshot from the USF website: https://www.urbansocialforum.or.id/#top

လူအများ ပါဝင်နိုင်စေရန် ဖန်တီးထားသောနေရာ (invented space) သည်လည်း ကံမကောင်းစွာဖြင့် အားနည်းချက်များ ရှိပါသေးသည်။ အဓိကအားဖြင့် အွန်လိုင်းလှုပ်ရှားမှုများနှင့်  အော့ဖ်လိုင်း ဖြစ်နေဆဲ ဖြစ်သည့် အမှန်တကယ်မူဝါဒချမှတ်သူများအကြား ချိတ်ဆက်မှုကို မည်သို့ တည်ဆောက်ရမည်ကို စိုးရိမ်မှုများ ကြီးထွားလာသည် (Zhang, 2013)။ ဒစ်ဂျစ်တယ်ပလက်ဖောင်းများသည် မြို့ပြဖွံ့ဖြိုးတိုးတက်မှုနှင့် ပတ်သက်၍ မိမိတို့၏ လိုလားမှုများကို လူတိုင်းအား ထုတ်ပြောခွင့်ပြုသော်လည်း လက်တွေ့ကမ္ဘာတွင် အပြောင်းအလဲအပေါ် မည်မျှသက်ရောက်မှုရှိသည်ဆိုသည်မှာ အငြင်းပွားဖွယ် ဖြစ်ပါသည်။ အင်ဒိုနီးရှားအောက်လွှတ်တော်တွင် လိင်အကြမ်းဖက်ခြင်းဆိုင်ရာ ရာဇ၀တ်မှုဥပဒေအား ဆွေးနွေးအတည်ပြုခြင်းအား အွန်လိုင်းတွင် စာရေးသား ထောက်ခံသည့် လှုပ်ရှားမှုတခုကို ၂၀၁၆ ခုနှစ်တွင် Lentera Indonesia က ဆောင်ရွက်ခဲ့သည့် ဥပမာသည် ဥပမာကောင်းတခုဖြစ်ပါသည် (Change.org, 2016)။ ခြောက်နှစ်ကျော် ထောက်ခံအားပေးပြီးနောက် ဤလှုပ်ရှားမှုသည် အောင်မြင်ခဲ့ပြီး အင်ဒိုနီးရှားတွင် အဆိုပါ ဥပဒေကို  ၂၀၂၂ ခုနှစ်တွင် အတည်ပြု ပြဋ္ဌာန်းနိုင်ခဲ့သည်။

ကံမကောင်းသည့် အချက်မှာ ယင်းကဲ့သို့ အွန်လိုင်းလှုပ်ရှားမှု အောင်မြင်သည်မှာ အွန်ဒိုနီးရှားတွင် ရှားပါသေးသည်။ အစိုးရကိုယ်တိုင် ဖန်တီးထားသော ဒစ်ဂျစ်တယ် ပလက်ဖောင်းများ အသုံးပြုလျှင်ပင် ဤအောင်မြင်မှုမျိုးမှာ ဖြစ်တောင့်ဖြစ်ခဲ ​ဖြစ်ပါသည်။ အင်ဒိုနီးရှားရှိ မြို့အတော်များများတွင် နိုင်ငံသား တိုင်ကြားရေး ဝန်ဆောင်မှု ဝဘ်ဆိုဒ်များ ရှိသော်လည်း အားလုံးတွင် လိုက်လံစစ်ဆေးခြင်း မရှိပါ။ အစိုးရသည် တိုင်ကြားချက်များကို တိကျသောဘတ်ဂျက်နှစ်တခုအတွင်း မြို့တော်စီမံကိန်းထဲ ထည့်သွင်းရေးဆွဲ အကောင်အထည်ဖော်သင့်ပါသည်။ ထိုသို့ဆောင်ရွက်ရန်မှာလည်း အချိန်ကြာမြင့်ပြီး မြို့တော်ဝန်ကိုယ်တိုင်က နိုင်ငံရေးအရ စိတ်ဆန္ဒရှိရန် လိုအပ်ပါသည်။ ယင်းကြောင့် နိုင်ငံရေးတွင် ပါဝင်ရန် အဆိုးမြင်ခြင်း ဖြစ်လာပြီး ( Kersting & Cronqvist , 2005)  နိုင်ငံသားများ နိုင်ငံရေးတွင် ပါဝင်ခြင်း မရှိတော့ဘဲ ဖြစ်လာနိုင်ပါသည်။

အဆိုပါ ဖြစ်စဉ်များအားလုံးကို လေ့လာကြည့်ပါက ဤကဲ့သို့ နိုင်ငံရေးအရ အပြိုင်ဖြစ်လာသည့် အွန်လိုင်း ပလက်ဖောင်းများကို မည်သို့ ရှုမြင်သင့်ပါသနည်း။

အဓိပ္ပာယ်ရှိသော လုပ်ဆောင်ချက်များကို ပူးတွဲဆောင်ရွက်ခြင်း

ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းမှုသည် ဖိတ်ခေါ်ပြီး ပါဝင်စေခြင်း (invited space) နှင့်  ဖန်တီးပြီး ပါဝင်စေခြင်း (invented space)  အကြား တင်းမာမှုများ ဖြစ်ပေါ်စေသည့်အပြင် တိုကင်ဆန်သော ပါဝင်မှု (tokenistic participation) ကို ဖြစ်ပေါ်စေသည်။ အင်ဒိုနီးရှားနိုင်ငံသား အများစု အင်တာနက်ကို သုံးစွဲနိုင်သော်လည်း၊ ၎င်းတို့အကြား မတူညီသော ကျွမ်းကျင်မှုများနှင့် လူမှုဝိသေသများ ရှိသည်ကို သတိပြုမိရန် လိုအပ်ပါသည်။ ဒစ်ဂျစ်တယ်ပလက်ဖောင်းများက ၄င်းတို့ကို မသုံးစွဲတတ်သည့် အုပ်စုများကို ဖယ်ချန်ထားနိုင်ခဲ့သည့်အတွက် ယင်းသို့ ရှုပ်ထွေးမှုများလည်း ရှိနေသေးသည်ကို မမေ့ဖို့ လိုပါသည်။ ဥပမာပေးရလျှင် လိုင်ယာနာဆိုသည့် အမျိုးသမီး (လျှပ်စစ်မီးနှင့် ဆက်သွယ်ရေးတာဝါတိုင်များ မလွှမ်းခြုံရသေးသော အင်ဒိုနီးရှားအရှေ့ပိုင်းရှိ မသန်စွမ်းသူ) သို့မဟုတ် ကေးဆိုသည့် ပုဂ္ဂိုလ် (နိုင်ငံတော်က အသိအမှတ်ပြုထားခြင်း မရှိသည့် အမျိုးသား/အမျိုးသမီးဟု မိမိကိုယ်ကို ခံယူခြင်း မပြုသည့် မြို့ပြတွင်နေထိုင်သူတဦး၊ လူမှုရေးအရလည်း ခွဲခြားဆက်ဆံမှုများ ကြုံတွေ့ရသူ) တို့ကို စဥ်းစားကြည့်ပါက ၄င်းတို့အနေဖြင့် မြို့ပြအုပ်ချုပ်ရေးတွင် မည်သို့ကိုယ်စားပြုပါဝင်မလဲဆိုသည့် ကိစ္စသည် ဒစ်ဂျစ်တယ် အသွင်ကူးပြောင်းခြင်းကိစ္စကို ထားဘိဦး၊ ရှပ်ထွေးမှုများ ရှိနေသေးသည်ဆိုသည်ကို တွေ့ရမည် ဖြစ်ပါသည်။

နိုင်ငံသားများ၏ ကွဲပြားခြားနားသော လူမှုရေးလက္ခဏာများက မြို့တော်၏ ဆုံးဖြတ်ချက်ချရာတွင် ပါဝင်နိုင်ရန် အဟန့်အတား ဖြစ်နေနိုင်သည်။. Photo: Unsplash (2022)

သတင်းဝဘ်ဆိုဒ်များနှင့် ဆိုရှယ်မီဒီယာများမှတဆင့် သတင်းအချက်အလက်များ ပျံ့နှံ့နေသော်လည်း သတင်းအချက်အလက်များကို အစိုးရသတင်းပေးသူများက မှုန်ဝါးသွားစေသောကြောင့် နိုင်ငံသားများ အနေဖြင့် အမှန်တရား၊ တဝက်တပျက် အမှန်တရားနှင့် ကောလဟာလများအကြား ခွဲခြားရန် ခက်ခဲကြောင်း တွေ့ရှိရပါသည်။ (Nugroho & Wihardja , 2023 ) ။ သို့သော်လည်း တော်လှန်ရေးသမားလူငယ်များနှင့် အမှီအခိုကင်းသော ပလက်ဖောင်းများက လူအများလက်ခံထားသည့် ဇာတ်ကြောင်းများကို တန်ပြန်ရန်နှင့် မြေပြင်မှ အမှန်တကယ် ဖြစ်ရပ်များကို ထုတ်ဖော်ရန် ပေါ်ထွက်လာခဲ့ပါသည်။ အတွေးအမြင်များ၊ ဆွေးနွေးငြင်းခုံမှုများနှင့် နိုင်ငံသားသတင်းစာပညာကို ဖြန့်ဝေရန် ကြားခံဖြစ်သည့် Kolektif Agora သည် တင်းကျပ်မှုများရှိပြီး တိုးမပေါက်ဖြစ်နေသည့် ပင်မရေစီးကြောင်း မီဒီယာတွင် ဖောက်ထွက်လာနိုင်သည့် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို အားပေးသည့် ဥပမာတခုဖြစ်သည်။ အခြားပလက်ဖောင်း တခုဖြစ်သည့် Bijak Memilih ကို Think Policy and What Is Up Indonesia (WIUI) က စတင်လုပ်ဆောင်ခဲ့ပြီး သမ္မတလောင်းများနှင့် နိုင်ငံရေးပါတီများ၏ အစီအစဉ်နှင့် နိုင်ငံရေးမှတ်တမ်းများအကြောင်း နိုင်ငံသားများအား အသိပေးရန် အမျိုးသမီးလူငယ်တဦးမှ ဦးဆောင် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါသည်။

နိုင်ငံရေးတွင် ပါဝင်ခြင်းသည် မည်မျှသည် ရှုပ်ထွေးသည် ထင်ရပါစေ၊ အခြေခံကျသော အပြောင်းအလဲများ ဖြစ်စေရန်မှာ အစိုးရ၏ ပံ့ပိုးကူညီမှု လိုအပ်ပါသည်။ အထက်ဖော်ပြပါ စည်းမျဉ်းဥပဒေများ (သတင်းအချက်အလက်နည်းပညာနှင့် အီလက်ထရွန်နစ် လွှဲပြောင်းမှုများဆိုင်ရာ ဥပဒေ ၁၉/၂၀၆ (UU ITE)) ကို ကြည့်ပါက ဒစ်ဂျစ်တယ်နည်းပညာများသည် ကြားနေ ကိရိယာများမဟုတ်သော်လည်း ၎င်းတို့ကို သုံးစွဲမှု၊ ကန့်သတ်မှု အပေါ်မူတည်ပြီး သီးခြားဖြစ်မှုများ၊ ခွဲခြားမှုများ ပြန်လည် ဖြစ်ပေါ်လာနိုင်ပါသည် (Polgar, 2010)။ ဤဥပဒေကြောင့် ဖော်ပြခဲ့သည့် တစ်ခ်တော့ခ်အကြောင်းအရာဖန်တီးသူ ကြုံတွေ့ရသလိုမျိုး ၎င်းတို့လည်း ကြုံတွေ့ရမည်ကို ကြောက်ရွံ့သောကြောင့် အများပြည်သူ အနေဖြင့် မိမိဘာသာမိမိ ပို့စ်မတင်မီ ဆင်တာဖြတ်တာမျိုး ဖြစ်လာနိုင်ပါသည်။ ဖိနှိပ်မှုများက မြို့ပြဖွံ့ဖြိုးတိုးတက်မှုအပေါ် မကျေနပ်မှုများကို မကြာခဏဖြစ်ပေါ်စေသည် – နိုင်ငံသားများ၏ အသံကို ပိတ်ထားပါက ၄င်းတို့ လိုအပ်သည့် အရာများ ကို မြို့များက မည်သို့ ပံ့ပိုးပေးနိုင်ပါမည်နည်း။

အဆိုပါကိစ္စရပ်များအပေါ် ပြန်လည်သုံးသပ်ခြင်းဖြင့် ပါဝင်မှုဆိုင်ရာ ပလက်ဖောင်းများ ဖန်တီးရာတွင် ပိုမိုပူးပေါင်းသည့်ချဉ်းကပ်မှုတရပ်ကို နိုင်ငံသားများနှင့် အစိုးရအကြား မျှဝေနားလည်မှုကို မြှင့်တင်ခြင်းဖြင့် ဖန်တီးသင့်ပါသည်။ ထိုသို့ လုပ်ဆောင်ရန် လက်ရှိ မြို့ပြဖွံ့ဖြိုးခြင်း လုပ်ငန်းစဉ်တွင် နှစ်ဦးနှစ်ဘက် စလုံးပါဝင်ရန် ဆန္ဒရှိကြောင်း၊ ၎င်းတို့၏ စေ့ဆော်မှု၊ အတားအဆီးများနှင့် ပံ့ပိုးမှုများ မည်သို့ ရှိနေသည်ကို နားလည်မှု မြှင့်တင်ခြင်းဖြင့် စတင်သင့်ပါသည်။ မြို့သူမြို့သားများ၏ ရပိုင်ခွင့်နှင့် တာဝန်များကို အသိပညာဖြင့် အာဏာအပ်နှင်းရမည် ဖြစ်ပါသည်။ ဥပမာအားဖြင့် ၂၀၁၅ ခုနှစ်မှစတင်၍ ကိုတာကီတာ ဖောင်ဒေးရှင်းသည် မြို့ပြနိုင်ငံသား အကယ်ဒမီဟုခေါ်သော ပရိုဂရမ်တခုကို စတင်လုပ်ဆောင်ခဲ့ပြီး တက်ကြွလှုပ်ရှားမှု၊ နိုင်ငံသားဖြစ်မှုနှင့် အစစ်အမှန် မြို့ပြပြဿနာများအတွက် အဓိပ္ပာယ်ပြည့်ဝသော ဖြေရှင်းနည်းများ ရှာဖွေနိုင်စေရန် လူငယ်များအား စွမ်းရည်မြှင့်တင်ပေးသည့် ပညာရေးဆိုင်ရာ ပရိုဂရမ်တခု ဖြစ်ပါသည် (kotakita.org)။ စည်းရုံးရေးကိရိယာများအပြင် ရပ်ကွက် သို့မဟုတ် မြို့နယ်တခုအတွင်း လှုပ်ရှားမှုစတင်ရာတွင် ၎င်းတို့ကို ကူညီပေးခြင်း ဖြစ်ပါသည်။ တချိန်တည်းမှာပင် ဒေသန္တရအစိုးရသည် ပလက်ဖောင်းများ ဖန်တီးပေးခြင်းအပါအဝင် နိုင်ငံသားများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် ၎င်းတို့၏ စွမ်းဆောင်ရည်ကို မြှင့်တင်သင့်ပါသည်။

From their website: “The Urban Citizenship Academy is a hands-on educational experience empowering youth to develop meaningful solutions to real urban problems.”

ထို့အပြင် အစိုးရနှင့် နိုင်ငံသားများအကြား ဒစ်ဂျစ်တယ်ပလက်ဖောင်းများ ပူးပေါင်းဖော်ဆောင်ခြင်းသည် ယုံကြည်မှုကို ဖြစ်ပေါ်စေပြီး ပူးပေါင်းပါဝင်မှုကို မြှင့်တင်နိုင်ပါသည်။ ဒီမိုကရက်တစ် ဆန်းသစ်တီထွင်မှုများ ပိုမိုပေါ်ထွက်လာပြီး သမားရိုးကျ ကိုယ်စားလှယ်ပါဝင်မှုပုံစံများကို တိုက်ရိုက်နှင့် သီးခြားဆောင်ရွက်သော ပါဝင်မှုနည်းလမ်းများဖြင့် ရောနှောထားခြင်းဖြစ်ပါသည်။ ယင်းမှ အော့ဖ်လိုင်းနှင့် အွန်လိုင်း နည်းလမ်းများ အကြား ရောနှောခြင်းသို့ ရောက်ရှိလာမည် ဖြစ်ပါသည် (Kersting , 2013)။ နိုင်ငံရေးတွင် ပါဝင်ဆောင်ရွက်ခြင်းသည် အားလုံးပါဝင်နိုင်ခြင်းနှင့်လည်း လိုက်လျောညီထွေဖြစ်သင့်ပါသည်၊ ဆိုလိုသည်မှာ ပါဝင်မှုသည် အပြသက်သက်၊ ရွေးချယ်ခံရသူများသာ ပါဝင်နိုင်ခြင်းမျိုး မဟုတ်ဘဲ နိုင်ငံသားများ၏ မတူကွဲပြားမှုကို အသိအမှတ်ပြုထားရန် လိုအပ်ခြင်း ဖြစ်ပါသည် (ဥပမာ- အသက်၊ ကျား၊ မ၊ စွမ်းရည်၊ ရွှေ့ပြောင်းနေထိုင်မှုအခြေအနေ)။ ၄င်းတို့ကို အစိုးရ၏ ခိုင်လုံသော ပြဋ္ဌာန်းမှုများ (တရားဝင် ပြဋ္ဌာန်းတာမျိုး မဖြစ်ရင်တောင်မှ) လုံလောက်စွာ အကောင်အထည်ဖော်ရန် မူဝါဒအားဖြင့် ကတိကဝတ်များ ပေးအပ်ထားသည့် နည်းလမ်းမျိုးဖြင့် ထောက်ပံ့ပေးရမည် ဖြစ်ပါတော့ သတည်း။ ။

နိုင်ငံသားတိုင်းသည် မိမိတို့မြို့ကို ပုံဖော်ပိုင်ခွင့်ရှိသည်။ စုပေါင်းနေရာအဖြစ် မြို့ကို ပြန်လည်ပိုင်ဆိုင်ခွင့်ကို အသိအမှတ်ပြုခြင်းသည် မြို့တော်အတွင်း ရည်ရွယ်ချက်ရှိရှိ ဆွေးနွေးမှုနှင့် စည်းရုံးလှုံ့ဆော်မှုများ ပြုလုပ်ရန်အတွက် မရှိမဖြစ်လိုအပ်ပါသည်။ နိုင်ငံသားများအား အသိပေးပြီး လုပ်ပိုင်ခွင့်များပေးခြင်းဖြင့် အားလုံးအတွက် စံပြမြို့တခုအဖြစ် အမြင်ကို မျှဝေနိုင်မည်ဖြစ်ပါသည်။

Asri Septarizky & Hasanatun Nisa Thamrin
Kota Kita Foundation, https://kotakita.org/

Banner: Jakarta, Indonesia – May, 2023: A number of people are using their smartphones on the streets of Jakarta. Abdlh Syamil, Shutterstock

References:

Change.org. (2016, May 3). Sahkan UU Penghapusan kekerasan Seksual. #MulaiBicara #GerakBersama. Retrieved from Change.org: https://www.change.org/p/dpr-ri-sahkan-uu-penghapusan-kekerasan-seksual-mulaibicara
Equinix Editor. (2019, May 6). Why Are Smart Cities Booming in Asia Pacific? Retrieved from Equinix Interconnections: https://blog.equinix.com/blog/2019/05/06/why-are-smart-cities-booming-in-asia-pacific
Holston, J. (2014). ‘Come to the Street! Urban Protest, Brazil 2013’, Anthropological Quarterly, Vol. 87, No. 3, pp. 887-900.
Kemp, S. (2023, February 9). Digital 2023: Indonesia. Retrieved from Data Reportal: https://datareportal.com/reports/digital-2023-indonesia
Kersting, N. (2013) ‘Online participation: from ‘invited’ to ‘invented’ spaces’, Int. J. Electronic Governance, Vol. 6, No. 4, pp.270–280
Nugroho, Y., & Wihardja, M. M. (2023, October 9). Preventing Indonesia’s “Digitalised” Democracy from Backsliding. Retrieved from Fulcrum: Analysis on Souteast Asia: https://fulcrum.sg/preventing-indonesias-digitalised-democracy-from-backsliding/
Zhang, W. (2013). Redefining youth activism through digital technology in Singapore. In Digital Activism in Asia Reader edited by Nishant Shah, Puthiya Purayil Sneha, and Sumandro Chattapadhyay, Meon Press, Luneberg, 235 – 256