မလေးရှားနိုင်ငံသည် ပြီးခဲ့သော အနှစ်နှစ်ဆယ်အတွင်း အကြီးမားဆုံးသော လူထုလှုပ်ရှားမှုနှစ်ခု ဖြစ်သည့် ၁၉၉၈ ခုနှစ် ရီဖော်မာစီ ပြုပြင်ပြောင်းလဲရေးလှုပ်ရှားမှုနှင့် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲများ ဖြစ်မြောက်ရေးအတွက် တောင်းဆိုသော ဘာဆေး BERSIH (၂၀၀၇-၂၀၁၆) လှုပ်ရှားမှု နှစ်ခုဖြင့် ဒီမိုကရေစီအသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်ရှည်ကြီးကို ဖြတ်သန်းခဲ့သည်။ ယင်းတို့က ကမ္ဘာပေါ်တွင် ရွေးကောက်ပွဲ ဒီမိုကရေစီသမိုင်းတစ်လျှောက် သက်တမ်းအရှည်ဆုံးတပါတီ အုပ်ချုပ်ရေး ဖြစ်သည့် ဘာရီဆန် နာဆီယွန်နယ် Barisan Nasional (BN၊ အမျိုးသားတပ်ပေါင်းစု မဟာမိတ်၊ ၁၉၇၃ မတိုင်မီအထိ မဟာမိတ်တပ်ပေါင်းစု Alliance ဟုခေါ်) ၏ ကြီးစိုးမှုကို ၁၄ ကြိမ်မြောက် အထွေထွေရွေးကောက်ပွဲ (GE-14) 2018 တွင် အဆုံးသတ်ခဲ့သည်။ ဤရွေးကောက်ပွဲများမှ တဆင့် အစိုးရအပြောင်းအလဲ ဖြစ်မှုသည် အခြားသောအာဏာရှင်နိုင်ငံများတွင် ကြုံတွေ့ရသည့် အချက်အချို့လဲ တစိတ်တပိုင်း ပါဝင်ခဲ့သည် (Croissant, 2022; Levitsky & Way, 2010)။ တပြိုင်နက်တည်းတွင် လူလတ်တန်းစားအလွှာ ပေါ်ပေါက်မှုနှင့် ဆိုရှယ်မီဒီယာမှတဆင့် သတင်းအချက်အလက်များ ဒီမိုကရေစီနည်းကျ စီးဆင်းမှုတို့ကို ဖြစ်ပေါ်စေသည့် လူမှုရေး ပြောင်းလဲမှုများဖြစ်သော စက်မှုအသွင်ကူးပြောင်းရေးနှင့် မြို့ပြအသွင်ကူးပြောင်းရေး စသည့်အချက်များသည်လည်း ဤနိုင်ငံရေးအပြောင်းအလဲကို ဖြစ်ပေါ်လာစေသည့် အဓိက အကြောင်းရင်းများထဲတွင် ပါဝင်သည်ဟု ဆိုလို့ရသည်။ အမှန်အားဖြင့် မလေးရှားနိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို ဖြစ်ပေါ်စေသည့် အကြောင်းရင်းများတွင် ဆိုရှယ်မီဒီယာသည် အဓိက အကြောင်းရင်းတွေထဲက တခုဟု ဆိုလို့ရပါသည် (Haris Zuan၊ 2020b၊ 2020a)။
သို့သော်လည်း ၂၀၁၈ ခုနှစ်တွင် BN ရှုံးနိမ့်ပြီးနောက်ပိုင်း လူမျိုးရေးလှုပ်ရှားမှုများကို ဖေ့စ်ဘုတ်ခ် နှင့် တစ်ခ်တော့ခ်ကဲ့သို့သော ဆိုရှယ်မီဒီယာများတွင် ပျံ့နှံ့ခဲ့ပြီး မလေး-မူဆလင် ရှေးရိုးစွဲဝါဒီအုပ်စုများ ဦးဆောင်သည့် လမ်းပေါ်ထွက် ဆန္ဒပြမှုများ ပေါ်ပေါက်ခဲ့သည်။ ယင်း၏ ရလဒ်မှာ မလေးရှားအစ္စလာမ်မစ်ပါတီ (PAS) နှင့် မလေးရှား ညီညွတ်သော ဌာနေတိုင်းရင်းသားပါတီ (BERSATU) တို့ လွှမ်းမိုးထားသည့် လက်ယာယိမ်းကွန်ဆာဗေးတစ် မဟာမိတ်တပ်ပေါင်းစု ဖြစ်သော ပယ်ရီကာတန်နာဆီယွန်နယ် (Perikatan Nasional – PN) ကို မလေး-မွတ်စလင်တွေ၏ ၈၉ ရာခိုင်နှုန်းက ၁၅ ကြိမ်မြောက် အထွေထွေရွေးကောက်ပွဲ (GE-15) တွင် မဲပေးခဲ့ကြခြင်း ဖြစ်သည်။ ဖြစ်သည်။ ပါကတန်ဟရာပန် (Pakatan Harapan) ညွန့်ပေါင်းအဖွဲ့နှင့် ပြုပြင်ပြောင်းလဲရေးခေါင်းဆောင် အန်ဝါအီဗရာဟန် (Anwar Ibrahim) သည် ရီဖော်မာစီ လှုပ်ရှားမှုစတင်ပြီးနောက် ၂၄နှစ်အကြာ နောက်ဆုံးတွင် ၀န်ကြီးချုပ်အဖြစ် ခန့်အပ်ခံခဲ့ရသော်လည်း လူမှုမီဒီယာ အထူးသဖြင့် လူငယ်များလွှမ်းမိုးထားသည့် တစ်ခ်တော့ခ်တွင် လူမျိုးရေးအရလှုံ့ဆော်သည့် ဗီဒီယိုများဖြင့် ပြည့်နှက်နေသည်။
ယင်းက အစကနဦးတွင် နိုင်ငံရေးပြောင်းလဲမှုအတွက် ကိရိယာတခုဖြစ်သော ဆိုရှယ်မီဒီယာသည် အဘယ်ကြောင့် ယခုအချိန်တွင် ဆုတ်ယုတ်သော ကွန်ဆာဗေးတစ် လက်ယာ လူမျိုးရေး ခွဲခြားသည့် လှုပ်ရှားမှုနှင့် ဆက်စပ်နေရသနည်းဟု မေးခွန်းထုတ်စရာဖြစ်လာသည်။ မလေးရှားရှိ ဆိုရှယ်မီဒီယာသည် မတူညီသော လူအုပ်စုများ၊ အထူးသဖြင့် လူငယ်များအပေါ် ကွဲပြားခြားနားသော အကျိုးသက်ရောက်မှုရှိနေပါသလား။ မလေးရှား၏ နိုင်ငံရေးအကူးအပြောင်းကဲ့သို့ အခြေအနေတွင် နိုင်ငံရေးပြောင်းလဲမှု၏ လက်နက်တခုအနေဖြင့် ဆိုရှယ်မီဒီယာ၏ အခန်းကဏ္ဍနှင့် ကန့်သတ်ချက် များကို ကျွန်ုပ်တို့ မည်သို့ နားလည်သင့်ပါသနည်း။
မလေးရှား၏ ဆိုရှယ်မီဒီယာနှင့် ဒီမိုကရေစီအသွင်ကူးပြောင်းရေး
မလေးရှားသည် အရှေ့တောင်အာရှတွင် အင်တာနက် ထိုးဖောက်ဝင်ရောက်မှုနှုန်း အမြင့်ဆုံးနိုင်ငံဖြစ်ပြီး ၎င်း၏ လူဦးရေ ၃၂.၉၈ သန်း၏ ၈၉.၆ ရာခိုင်နှုန်းသည် အင်တာနက် အသုံးပြုခွင့်ရှိသည်။ အခြေအနေအရ ၁၉၉၉ ခုနှစ်တွင် အင်တာနက်သုံးစွဲမှုနှုန်းသည် ၁၂% သာရှိခဲ့ပြီး ယင်းမှတဆင့် ၅၆% (၂၀၀၈)၊ ၆၆% (၂၀၁၂) နှင့် ၈၁% (၂၀၁၈) အထိ တိုးတက်လာခဲ့သည်။ ဆိုရှယ်မီဒီယာအသုံးပြုမှုကလည်း အရှိန်အဟုန်နဲ့ တိုးတက်လာပါသည်။ ၂၀၂၂ ခုနှစ်တွင် ထုတ်ပြန်ခဲ့သည့် မတူညီသော စာရင်းဇယားများအရ မလေးရှားနိုင်ငံသား စုစုပေါင်း ၃၀.၂၅ သန်း (၉၁.၇%) သည် ဖေ့စ်ဘုတ် (၈၈.၇%)၊ အင်စတာဂရမ် (၇၉.၃%) နှင့် တစ်ခ်တော့ခ် (၅၃.၈%) တို့ကို အဓိကသုံးစွဲသည်။ ဆက်သွယ်ရေးဆော့ဖ်ဝဲလ်တွင် ဝှက်စ်အက်ပ် WhatsApp (၉၃.၂%)၊ တယ်လီဂရမ် (၆၆.၃%) နှင့် ဖေ့စ်ဘုတ်မက်ဆင်ဂျာ (၆၁.၆%) တို့ကို အခြားအလားတူ ပလက်ဖောင်းများထက် ပိုမိုသုံးစွဲပါသည်။
အထူးသဖြင့် ၂၀၀၈ ခုနှစ်နောက်ပိုင်း အနှစ်နှစ်ဆယ်အတွင်း မလေးရှားနိုင်ငံရှိ ဆိုရှယ်မီဒီယာသည် မလေးရှားတွင် နိုင်ငံရေးအပြောင်းအလဲများကို ဖြစ်ပေါ်စေသည့် အရေးကြီးသော ကြားခံပစ္စည်းများ ထဲမှ တခုဟု ဆိုကြသည်။ ဆိုရှယ်မီဒီယာသည် တိုးတက်သော နိုင်ငံရေးကိုလိုလားသော၊ လက်ရှိအာဏာရ အသိုင်းအဝိုင်းကို ဆန့်ကျင်သော အတိုက်အခံအုပ်စုများ၏ အမာခံနေရာတခု ဖြစ်လာသည်။ အထူးသဖြင့် ဆိုရှယ်မီဒီယာသုံးစွဲသည့် လူဦးရေ အများဆုံးဖြစ်သော လူငယ်များအပါအဝင် မလေးရှားပြည်သူများကြားတွင် သမားရိုးကျမီဒီယာသည် ၄င်း၏ သြဇာလွှမ်းမိုးမှုမှာ တဖြည်းဖြည်း လျော့နည်းလာသည် (Azizuddin 2014; Haris Zuan၊ 2014)။
၄င်းအချက်ကို အထူးသဖြင့် ၁၂ ကြိမ်မြောက် ပြည်လုံးကျွတ်အထွေထွေရွေးကောက်ပွဲ (၂၀၀၈) တွင် ရှုံးနိမ့်လုနီးနီးဖြစ်ခဲ့သည့် BN အာဏာရညွန့်ပေါင်းစုက သဘောပေါက်ခဲ့သည်။ ထို့ကြောင့် နောက်ရွေးကောက်ပွဲ (၁၃ ကြိမ်မြောက် ပြည်လုံးကျွတ်ရွေးကောက်ပွဲ GE-13) သည် မလေးရှားနိုင်ငံ၏ ပထမဆုံးသော ဆိုရှယ်မီဒီယာ ရွေးကောက်ပွဲဟု ဆိုရသည်အထိ ဆိုရှယ်မီဒီယာကို BN ညွန့်ပေါင်းစုကို ပထမဆုံးအကြိမ် ဦးဆောင်ရသည့် နာဂျစ်ရာဇက်က အလေးပေးခဲ့သည်။ သူက ဖေ့စ်ဘုတ်နှင့် တွစ်တာတွင် ဖော်လိုဝါ သန်းပေါင်းများစွာဖြင့် တက်ကြွစွာလှုပ်ရှားနေခဲ့ပြီး တချိန်တွင် နာဂျစ်သည် ကမ္ဘာပေါ်တွင် ဖော်လိုဝါ အများဆုံး အစိုးရခေါင်းဆောင်များထဲတွင် နံပါတ် ၁၅ဖြင့် ရပ်တည်ခဲ့သည်။ သို့သော်လည်း အချို့ ရီပို့များအလိုအရ သူ့နောက်လိုက် ဖော်လိုဝါများ၏ ၅၀% မှ ၇၀%ကြားသည် အကောင့်အတု များဖြစ်ကြသည် (Haris Zuan, 2014)။
သို့သော် BN ညွန့်ပေါင်းစုသည် ၁၃ ကြိမ်မြောက် အထွေထွေရွေးကောက်ပွဲ (GE-13) တွင် ဒေါ်လာသန်းပေါင်းများစွာ အသုံးပြုပြီး ဆိုရှယ်မီဒီယာတွင် အကြီးအကျယ် ပိုက်ဆံသုံးစွဲခဲ့သော်လည်း ယင်းမှာ မဲရလဒ်အနေဖြင့် အရာထင်မလာခဲ့ပေ။ BN သည် ယခင် ရွေးကောက်ပွဲ နှင့် နှိုင်းယှဉ်ပါက ပိုဆိုးသောရလဒ်သာ ရရှိခဲ့သည်။ ယင်းဖြစ်ထွန်းမှုကို အခြေခံ၍ ၂၀၀၈ ခုနှစ်ကတည်းက ရှေးရိုးဆန်ပြီး မတိုးတက်ဟု ဆိုကြသည့် မလေးမဲဆန္ဒရှင် အစိတ်အပိုင်းက BN ၏ အဓိက အစိတ်အပိုင်း ပါတီဖြစ်သည့် UMNO ကို ငြင်းပယ်လိုက်ခြင်းဖြစ်သည်။ မလေးနိုင်ငံရေး ယဉ်ကျေးမှုတွင် UMNO သည် မလေးတို့ကို ကာကွယ်စောင့်ရှောက်နေသည့် ပါတီဟု ယူဆခံခဲ့ရသော ပါတီဖြစ်သည်။ ၂၀၂၂ ခုနှစ် ရွေးကောက်ပွဲတွင် နှစ်ရှည်လများ တာဝန်ထမ်းဆောင်ခဲ့သော ဝန်ကြီးချုပ်ဟောင်းနှင့် မလေးနိုင်ငံရေးတွင် ကြီးစိုးထားသူလဲဖြစ်သည့် ဒေါက်တာ မဟာသီယာသည် ပြီးခဲ့သည့် ရွေးကောက်ပွဲတွင် ရှုံးနိမ့်ရုံသာမက စုစုပေါင်းမဲ၏ အနည်းဆုံး ၁၂.၅ % ကို မရရှိခဲ့သည့်အတွက် ၎င်း၏ စပေါ်ငွေလည်း ဆုံးရှုံးခဲ့ရသည် ။ ယင်းမှာ လွန်ခဲ့သည့် နှစ် ၂၀ က ဆိုလျှင် ဘယ်လိုမှ မထင်ထားနိုင်သည့် ရလဒ်မျိုး ဖြစ်သည်။
ဒုတိယအချက်မှာ လူမျိုးရေးခွဲခြားသည့် ဝါဒဖြန့်မှုများ ပေါ်ပေါက်ခဲ့သော်လည်း တတိယကမ္ဘာနှင့် အရှေ့တောင်အာရှနိုင်ငံ အများအပြားတွင် မတွေ့ရသော ချောမွေ့ပြီး ငြိမ်းချမ်းသော အစိုးရ အသွင်ကူးပြောင်းမှုကို မလေးရှားနိုင်ငံသည် ကြုံတွေ့ခဲ့ရသည်။ တတိယအချက်မှာ မလေးရှားတွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေး၊ အကျင့်စာရိတ္တကောင်းမွန်ရေးနှင့် ကောင်းမွန်သော အုပ်ချုပ်မှုစနစ် ဖော်ဆောင်ရေးနှင့် သက်ဆိုင်သော အင်စတီကျူးရှင်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများက လူထုအကြား ပိုမိုကျယ်ကျယ်လောင်လောင် ပြောဆိုလာသည့် သဘောရှိသည်။ ထို့ကြောင့်လည်း PN (ပယ်ရီကာတန်နာဆီယွန်နယ်) ညွန့်ပေါင်းအဖွဲ့က သူတို့ရွေးကောက်ပွဲ ကမ်ပိန်းတွင် သန့်ရှင်းသော အစိုးရဖော်ဆောင်မည်ဟု အဓိကကြော်ငြာပြီး အစ္စလာမ်ဥပဒေ ဖော်ဆောင်မည် ပြောဆိုနေသော်လည်း ၎င်းတို့၏ ကြေငြာစာတမ်းတွင်မူ ဟူးဒက် (Hudud) ဟူသော စကားလုံးကို မဖော်ပြထားသည်မှာ အံ့သြစရာမဟုတ်ပေ။
၂၀၂၀ ခုနှစ်အစောပိုင်းတွင် ကိုဗစ်-၁၉ (Covid-19) ကပ်ရောဂါ ကမ္ဘာတလွှား ဖြစ်ပွားချိန်တွင် နောက်ထပ် စိတ်ဝင်စားစရာ ကောင်းသည့် ဖြစ်ထွန်းမှုတခုကို တွေ့နိုင်သည်။ မလေးရှားသည် အခြားသောနိုင်ငံများကဲ့သို့ပင် သွားလာမှုကန့်သတ်ချက်များကြောင့် ရပ်ရွာနေပြည်သူများ အစားအစာ ထောက်ပံ့မှု ပြတ်တောက်သွားမှုမျိုး ကြုံတွေ့ခဲ့ရသည်။ ရပ်ရွာနေ ပြည်သူများကို ကူညီရန် လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံမှ အောက်ခြေမြေပြင်လူငယ်များ ဦးဆောင်သည့် သီးသန့်လှုပ်ရှားမှု တခုသည် #KitaJagaKita (တယောက်ကိုတယောက်ကူညီကြ) နှင့် #BenderaPutih (အလံဖြူ) ဟူသော hashtags များနှင့်အတူ လူမှုမီဒီယာပေါ်တွင် ပေါ်ထွက်လာခဲ့သည်။ ဤကမ်ပိန်းမှတဆင့် အကူအညီလိုအပ်သူများသည် ၎င်းတို့လိုအပ်သောအကူအညီကို လူမှုမီဒီယာတွင် အခြားသူများအား အသိပေးနိုင်ပြီး အကူအညီပေးနိုင်သူများသည်လည်း ထိုလူများကို ဆက်သွယ်နိုင်သည်။ လှုပ်ရှားမှုသည် လျင်မြန်စွာ ပျံ့နှံ့သွားခဲ့ပြီး ထိုနှစ်နှောင်းပိုင်းတွင် ကပ်ရောဂါကို စီမံခန့်ခွဲရာတွင် အစိုးရ၏ ပျက်ကွက်မှုကို ဝေဖန်သည့် သဘောထားကွဲလွဲမှုကို ဖော်ပြသော ပလက်ဖောင်းတခု ဖြစ်လာခဲ့သည်။
အလိုအလျောက်ဖြစ်မှု၊ ကိစ္စရပ်နှင့် အဖြစ်အပျက်ကိုအခြေခံသည့် ဤအွန်လိုင်းကမ်ပိန်းများအားလုံး သည် လူထုလှုပ်ရှားမှုအသစ်၏ဝိသေသလက္ခဏာများဖြစ်သည်။ ဤလှုပ်ရှားမှုကို အလုပ်သမား လူတန်းစား သို့မဟုတ် အလုပ်သမားကဲ့သို့ သီးခြားလူတန်းစားအလွှာများဖြင့် ပြင်လွယ်ပြောင်းလွယ် မရှိသော အဓိပ္ပာယ်ဖွင့်ဆိုခြင်းမျိုး မရှိတော့ပါ။ ဤလှုပ်ရှားမှုများသည် ဒီမိုကရေစီအခွင့်အရေးများ၊ လူမှုရေး/နိုင်ငံရေး ကိုယ်စားပြုမှုများ၊ သရုပ်သကန်များ ကို အလေးပေးပြီး တက်ကြွသော နိုင်ငံသားသဘောတရားများတွင် အဓိက အခြေခံသည် (Haris Zuan, 2021)။ ယင်းတို့သည် မလေးရှားနိုင်ငံရှိ ဆိုရှယ်မီဒီယာ၏ အရေးပါသော အင်္ဂါရပ်တခုဖြစ်ပြီး ၎င်းသည် မလေးရှားတွင် နိုင်ငံရေးပြောင်းလဲမှုအတွက် ကိရိယာများထဲမှ တစ်ခုဖြစ်လာစေသော အာဏာနှင့် အရေးပါသော ဆက်ဆံရေးရှိနေသည့်အဖြစ်ကို မီးမောင်းထိုးပြထားသည်။ ယခုဆိုလျှင် မလေးရှား၏ ဒီမိုကရေစီသည် လွန်ခဲ့သော အနှစ် ၂၀ နှင့် ယှဉ်လျှင် ပိုမိုကောင်းမွန်လာသည်။ အမှန်အားဖြင့်လည်း မလေးရှားသည် အရှေ့တောင်အာရှနိုင်ငံတွေထဲတွင် ဒီမိုကရေစီ အညွှန်းကိန်းတွင် ထိပ်ဆုံးက ရပ်တည်နေပြီး ၂၀၂၁ ခုနှစ်တွင် မလေးရှားသည် အာရှနှင့် သြစတြေးလျဒေသတွင် အဆင့်ခြောက်နဲ့ ကမ္ဘာ့အဆင့် ၃၉ ဖြစ်ပါသည်။
မလေးရှားနိုင်ငံတွင် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး အခြေအနေက ပိုကောင်းလာပြီဟုဆိုလျှင် မလေးရှားတွင် ဘာသာရေး-လူမျိုးရေးကို အခြေခံသော အမျိုးသားရေး စိတ်ဓာတ်တွေ ပြန်လည်ပေါ်ထွန်းလာမှုကို ဖော်ပြသည့် လူထုမီဒီယာ အစီရင်ခံစာများနှင့် နိုင်ငံရေးသမားတွေရဲ့ ပြောဆိုချက်တွေကို မည်သို့ရှင်းပြနိုင်ပါသနည်း။
နိုင်ငံရေးပြောင်းလဲမှုအတွက် ကိရိယာတခုအနေဖြင့် ဆိုရှယ်မီဒီယာ၏ ကန့်သတ်ချက်များနှင့် စိန်ခေါ်မှုများ
ယေဘူယျအားဖြင့် ဆိုရှယ်မီဒီယာသည် လျင်မြန်စွာ ကြီးထွားလာပြီး ပိုမိုသွက်လက်လာသည် – ရိုးရှင်းသော စာသားအခြေခံ ဆက်သွယ်မှုမှ မာလ်တီမီဒီယာ အကြောင်းအရာ မျှဝေခြင်းအထိ တိုးတက်လာသည်။ မလေးရှားတွင် ဆိုရှယ်မီဒီယာ (အထူးသဖြင့် ဖေ့စ်ဘုတ်) သည် သတင်းအချက်အလက်များအပေါ် နိုင်ငံတော်၏ ထိန်းချုပ်မှုကို လျှော့ချပြီး သတင်းအချက်အလက်များကို ဒီမိုကရေစီနည်းကျ စီးဆင်းစေရန် ကူညီပေးသည်။ သို့သော် တွစ်တာ ကဲ့သို့သော မိုက်ခရိုဘလော့ဂ်များနှင့် ယခုအခါ ဗီဒီယိုအတိုအခြေခံ ပလက်ဖောင်း တစ်ခ်တော့ခ်ကဲ့သို့သော ပလက်ဖောင်းများ ပေါ်ပေါက်လာမှုကြောင့် ဆိုရှယ်မီဒီယာ၏ အခန်းကဏ္ဍသည် ဆင်ခြင်တုံတရားနှင့် အပြုသဘောဆောင်သော နက်ရှိုင်းသော ဆွေးနွေးမှုများ ပြုလုပ်နိုင်သည့် ပလက်ဖောင်းအနေဖြင့် ရပ်တည်ရန်မှာ စိန်ခေါ်မှုများ ရှိလာသည်။ သတင်းမှားများနှင့် မဟုတ်မမှန် လုပ်ကြံသတင်းများကို အထောက်အကူဖြစ်စေသည့် သတင်းအချက်အလက် များပြားလွန်းမှုကြောင့် ဆိုရှယ်မီဒီယာသည် မငြိမ်မသက်ဖြစ်လာသည်။ သို့တိုင် ဆိုရှယ်မီဒီယာ၏ ပြောင်းလဲဖြစ်ထွန်းမှုသည် မလေးရှားနိုင်ငံရေး အပြောင်းအလဲတွင် ယင်းက ကိရိယာတခုအဖြစ် ရှိနေခြင်းကို စိန်ခေါ်နေသည့် အရာမဟုတ်ပေ။
ဆိုရှယ်မီဒီယာသည် အများပြည်သူနှင့် သက်ဆိုင်သော နေရာ၏ တစိတ်တပိုင်းသာဖြစ်ပြီး မလေးရှားနိုင်ငံတွင်မူ အခြားအများပြည်သူဆိုင်ရာနေရာများကို ပိုမိုလွှမ်းမိုးသော ဟောပြောချက် တခုက လွှမ်းမိုးထားပါက ဆိုရှယ်မီဒီယာကိုသာ အားကိုးနေပါက တန်ပြန်ဟောပြောချက်တခု အနေဖြင့် အောင်မြင်ရန် ခက်ခဲသည်။ ထို့ကြောင့် တန်ပြန်ဟောပြောချက်များကို အခြား အများပြည်သူဆိုင်ရာ နေရာများတွင်လည်း ဆောင်ရွက်ရမည် ဖြစ်သည်။
အကောင်းဆုံးဥပမာများထဲမှတခုမှာ ၁၅ ကြိမ်မြောက် အထွေထွေ ရွေးကောက်ပွဲ (GE-15) မဲဆွယ်ကာလတွင် လူငယ်များကို မဲဆွယ်စည်းရုံးရေးလှုပ်ရှားမှု လုပ်ခဲ့သော နာမည်ကျော် နိုင်ငံရေးဂရပ်ဖစ်အနုပညာရှင် ဖာမီရေဇာ (Fahmi Reza) ဖြစ်သည်။ သူ့၏ ကမ်ပိန်းလှုပ်ရှားမှုကို တစ်ခ်တော့ခ်တွင် စတင်ခဲ့ပြီး အားပေးမှုများ ရရှိခဲ့ပြီး တက္ကသိုလ်အာဏာပိုင်များက သူ့ကို ကျောင်းပရဝုဏ်များသို့ လာရောက်ခြင်း မပြုစေရန် ကန့်သတ်ထားခဲ့သော်လည်း သူ့အနေဖြင့် နိုင်ငံတဝှမ်းက တက္ကသိုလ်များတွင် နိုင်ငံရေး အသိပညာပေး အတန်းများ ဆက်တိုက်ဆောင်ရွက်ရန် ကြိုးစားခဲ့သည်။ သို့သော် တိုးတက်သောအုပ်စုများစွာသည် ဆိုရှယ်မီဒီယာနေရာမှ ၎င်းတို့၏ လှုပ်ရှားမှုများကို အပြင်လောကသို့ ယူဆောင်နိုင်ခြင်း မရှိပေ (Mohd Izzuddin Ramli & Haris Zuan, 2018)။ ပိုဆိုးသည်မှာ နိုင်ငံရေး ပါတီများက အွန်လိုင်းလှုပ်ရှားမှုများ၏ အောင်မြင်မှုကို အခွင့်ကောင်းယူကြခြင်း ဖြစ်သည်။ ဥပမာအားဖြင့် #KitaJagaKita အွန်လိုင်း ကမ်ပိန်းကို အမှန်တကယ် ပံ့ပိုးကူညီမှုမရှိဘဲ နောက်ပိုင်းတွင် အတိုက်အခံပါတီက အစိုးရကို ရှုတ်ချသည့် စင်မြင့်တခုအဖြစ် ဝင်နေရာယူလိုက်ခြင်းမျိုး ဖြစ်သည်။
ယင်းက ကျောင်းများ၊ တက္ကသိုလ်များနှင့် ဗလီများကဲ့သို့သော အခြား အများပြည်သူဆိုင်ရာ နေရာများတွင် အခိုင်အမာရှိနေသော လက်ယာရှေးရိုးစွဲအုပ်စုများနှင့် ကွဲပြားသည်။ မလေးရှားတွင် PAS ပါတီတခုတည်းသာ လူငယ်များကြားတွင် အကျယ်ပြန့်ဆုံး နိုင်ငံရေးပညာပေးခြင်းနှင့် ကေဒါစနစ် ရှိသည်။ PAS သည် နိုင်ငံရေးပါတီတခုသာမက ဟောပြောခြင်း၊ မူကြိုမှ အလယ်တန်းအထိ ပညာရေးအဖွဲ့အစည်းများ လည်ပတ်ခြင်းနှင့် စေတနာ့ဝန်ထမ်းလုပ်ဆောင်ခြင်းစသည့် အခြားသော လှုပ်ရှားမှုများစွာကိုလည်း လုပ်ဆောင်ပါသည်။ ယင်းကြောင့် မလေးလူငယ်များကြားတွင် PAS သည် အလွန်သြဇာညောင်းသည် (Haris Zuan, 2018)။
PAS မှ တည်ဆောက်ထားသော ဆက်ဆံရေးသည် ရွေးကောက်ပွဲဆိုင်ရာ နိုင်ငံရေးကို ကျော်လွန်သည်။ လူငယ်မဲဆန္ဒရှင်များ၏ ယုံကြည်မှုကို ရရှိရန် ဆိုရှယ်မီဒီယာမှတစ်ဆင့် ထိတွေ့ဆက်ဆံမှုသည် လုံလောက်ရန် အလှမ်းဝေးနေပါသည်။ ထို့ကြောင့် ၂၀၁၅ ခုနှစ်တွင် PAS ပါတီသည် ယင်းအချိန်က အတိုက်အခံညွန့်ပေါင်းဖြစ်သည့် လျော့ရဲစွာ စုပေါင်းထားသော ပါကတန်ရာကျပ် (Pakatan Rakyat)မှ နုတ်ထွက်သောအခါ လူထုနယ်ပယ်တွင် လစ်ဟာနေသော ကွက်လပ်ကို လျင်မြန်စွာ မဖြည့်ဆည်းနိုင်ပေ။ PKR ပါတီနှင့် DAP ပါတီ တို့သည် လူငယ်မဲဆန္ဒရှင်များအတွက် နိုင်ငံရေးပညာပေး အထူးအစီအစဉ်ကို ဖန်တီးထားသော်လည်း ၄င်းအစီအစဉ်သည် သေးငယ်လွန်းပြီး တိုတောင်းလွန်းပါသည်။ အမှန်တကယ်တွင်လည်း ယင်းအစီအစဉ်ကို PKR ပါတီ နဲ့ DAP ပါတီ တို့က ၁၄ ကြိမ်မြောက် အထွေထွေရွေးကောက်ပွဲ (GE-14) မှာ အောင်ပွဲခံပြီးနောက်တွင် ရပ်ဆိုင်းခဲ့သည်။ PH နှင့် အသစ်ဖွဲ့စည်းထားသော လူငယ်အခြေခံနိုင်ငံရေးပါတီ MUDA (နာမည်ကိုက နုပျိုမှုဟု အဓိပ္ပာယ်ရ) သည် ၎င်းတို့၏ GE-14 ကြေငြာချက်အတိုင်း အောင်မြင်စွာ ၂၀၁၉ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ခြင်းတွင် အငယ်ဆုံး မဲပေးရမည့်အသက်ကို အသက် ၂၁ နှစ်မှ ၁၈ နှစ်အထိ လျှော့ချ နိုင်ခဲ့သော်လည်း လူငယ်ထောက်ခံမှုရရှိရန် မစွမ်းနိုင်ဖြစ်နေသေးပုံရသည်။
မလေးရှားနိုင်ငံရှိ တစ်ခ်တော့ခ်သုံးစွဲသည့် လူဦးရေစာရင်းမှာ အများစုမှာ ဂျန်ဇီ (Gen Z) နှင့် မယ်လယ်နီရယ်အုပ်စု (Millennials) များဖြစ်ကြသည်။ သူတို့က ပြည်သူလူထု စိတ်ထဲတွင် စွဲထင်နေသည့် လူထုလှုပ်ရှားမှုများဖြစ်သော ၁၉၉၈ ရီဖော်မာစီ လှုပ်ရှားမှုနှင့် ၂၀၀၈ ဘာဆေးလ် လှုပ်ရှားမှု မျိုးဆက်များမှမဟုတ်သော အသက် ၂၄ နှစ်အောက် အုပ်စုများ ဖြစ်ကြသည်။ ယင်းကြောင့် ပါကတန်ရာကျပ် (PR) နှင့် ပါကတန်ဟရာပန် (PH) တို့နှင့် ဆက်စပ်မှု မရှိကြချေ။ ဤတစ်ခ်တော့ခ် မျိုးဆက်သည် PR နှင့် PH ကို အာဏာရ အုပ်ချုပ်သူ လူတန်းစားအဖြစ် မြင်ကြသည် (မလေးရှားတွင် အချမ်းသာဆုံးပြည်နယ်နှစ်ခုကို ၂၀၀၈ ခုနှစ်ကတည်းက အုပ်ချုပ်ခဲ့ပြီး ၂၀၁၈ ခုနှစ်တွင် ဖက်ဒရယ်အစိုးရဖြစ်လာသည်)။ သို့ဖြစ်သည့်အတွက် ပြည်သူများကိုကိုယ်စားပြုသော လူထုလှုပ်ရှားမှု ၏ အစိတ်အပိုင်းတခု အဖြစ် ရှုမြင်ခြင်း မရှိချေ။ သို့ဖြစ်သည့်အတွက် သူတို့က နှစ်ဖက်စလုံးကို ဝေဖန်ထောက်ပြနိုင်ပြီး နှစ်ဖက်စလုံးကိုလည်း ငြင်းပယ်နိုင်သည်။
အစိုးရနှင့် နိုင်ငံရေးပါတီများ၏ ‘ဝင်ရောက်စွက်ဖက်ခြင်း’ ဆိုသည့် စိန်ခေါ်မှုများအပြင် ဆိုရှယ်မီဒီယာ၏ နိုင်ငံရေးအပြောင်းအလဲ ဖန်တီးရန် ကိရိယာအဖြစ် လွတ်လပ်စွာရှိမှုသည်လည်း စားသုံးသူဝါဒ၏ လွှမ်းမိုးမှုက စိန်ခေါ်ခြင်းကို ခံရသည်။ ဤလမ်းကြောင်းကလည်း အသစ်အဆန်းမဟုတ်ဘဲ ၁၉၉၀ ခုနှစ်များနှောင်းပိုင်း ဂလိုဘယ်လိုက်ဇေးရှင်း ပေါ်ပေါက်လာချိန်မှစ၍ ခြေရာခံနိုင်သည်။ သို့သော် ဆိုရှယ်မီဒီယာတွင်တွယ်ကပ်နေသည့် အွန်လိုင်းစျေးကွက် (e-commerce) ပလက်ဖောင်းများ ဖွံ့ဖြိုးတိုးတက်လာမှုနှင့်အတူ၊ စားသုံးသူဝါဒသည် အထူးသဖြင့် လူငယ်များကြားတွင် အဆင့်သစ်တစ်ခုသို့ ရောက်ရှိလာပြီး နိုင်ငံရေးကို စိတ်မဝင်စားသော အခြေအနေကိုလည်း ဖြစ်စေခဲ့သည်။
နိဂုံး
မလေးရှားသည် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို အကာအကွယ်ပေးသည့် တည်ငြိမ်ပြီး စွမ်းဆောင်ရည်ရှိသော အစိုးရတရပ် တည်ဆောက်ရန် လိုအပ်နေသလို တချိန်တည်းမှာပင် ဆိုရှယ်မီဒီယာပေါ်တွင် လက်ယာကွန်ဆာဗေးတစ်အုပ်စုများက ပြင်းပြင်းထန်ထန် တိုက်ခိုက်မှုကို ရင်ဆိုင်နေရသည်။ ဆိုရှယ်မီဒီယာကို ကန့်သတ်ခြင်းသည် ဖွဲ့စည်းပုံဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများကို အားပေးမြှင့်တင်သည့် အစိုးရအတွက် ရွေးချယ်စရာမဟုတ်တော့ဘဲ ဆိုရှယ်မီဒီယာပေါ်တွင် အပြုသဘောဖြင့် ပြည်သူများနှင့် စဉ်ဆက်မပြတ် ထိတွေ့ဆက်ဆံသင့်သည်။ အရပ်ဖက် အဖွဲ့အစည်းများသည် သတင်းမှားများနှင့် သတင်းမှားများကို တိုက်ဖျက်ရန် ကြိုးပမ်းအားထုတ်သည့် အနေဖြင့် နိုင်ငံသားများ အထူးသဖြင့် လူငယ်များအား သတင်းအချက်အလက် စီမံခန့်ခွဲနိုင်မှုစွမ်းရည် မြှင့်တင်ပေးခြင်းဖြင့် ပံ့ပိုးကူညီသင့်သည်။ ပညာတတ်နိုင်ငံသားများ (နှင့် အင်တာနက်သုံးစွဲသူများ) မှတဆင့်သာလျှင် ဒီမိုကရေစီစနစ် ဖြစ်ထွန်းလာမှာ ဖြစ်ပါတော့သတည်း။
Haris Zuan
Institute of Malaysian & International Studies (IKMAS)
National University of Malaysia (UKM)
References
Azizuddin, M. Sani. (2014). The Social Media Election in Malaysia: The 13th General Election in 2013. Kajian Malaysia: Journal of Malaysian Studies, 32.
Croissant, A. (2022). Malaysia: Competitive Authoritarianism in a Plural Society. In: Comparative Politics of Southeast Asia. Springer Texts in Political Science and International Relations. Springer, Cham.
Haris Zuan. 2021. The Emergence of a New Social Movement in Malaysia: A Case Study of Malaysian Youth Activism. In: Ibrahim Z., Richards G., King V.T. (eds) Discourses, Agency and Identity in Malaysia. Asia in Transition, vol 13. Springer, Singapore.
Haris Zuan (2020a) ‘Youth in the Politics of Transition in Malaysia’, in Towards a New Malaysia?. NUS Press, pp. 131–148.
Haris Zuan (2020b) Transformasi Sosial dan Politik Belia Menelusuri Perubahan Budaya Politik Belia di Malaysia. Bangi: Penerbit UKM.
Haris Zuan (2018) Bersediakah Malaysia turunkan umur mengundi?[ Is Malaysia ready to lower the voting age]. Malaysiakini. https://www.malaysiakini.com/news/443829
Haris Zuan (2014) ‘Pilihan Raya Umum Ke-13: Perubahan Budaya Politik Malaysia Dan Krisis Legitimasi Moral Barisan Nasional [The 13th General Elections: Changes In Malaysian Political Culture And Barisan Nasional’s Crisis Of Moral Legitimacy]’, Kajian Malaysia, 32(2), pp. 149–169.
Levitsky, S., & Way, L. (2010). Competitive authoritarianism: Hybrid regimes after the Cold War. Cambridge University Press.
Mohd Izzuddin Ramli & Haris Zuan. 2018. ‘Cartoons and Graphic Arts: Resistance and Dissidence Within and Beyond Electoral Politics’ in James Gomez, Mustafa K. Anuar, and Yuen Beng Lee (eds.) Media and Elections Democratic Transition in Malaysia. SIRD: Petaling Jaya
The Economist Intelligence Unit (2016-2021). Democracy Index. https://www.eiu.com/