ဂျပန်အစိုးရ၏ စစ်တမ်းများအရ အသက်အရွယ်အားလုံးတွင် စမတ်ဖုန်းအသုံးပြုမှုနှုန်းသည် ၂၀၁၉ ခုနှစ်တွင် ၉၀% ကျော်ရှိကာ ဂျပန်နိုင်ငံ၏ လူသုံးအများဆုံး ဆိုရှယ်မီဒီယာ အက်ပလီကေးရှင်း ဖြစ်သည့် LINE အသုံးပြုမှုနှုန်းသည် ၂၀၂၀ ပြည့်နှစ်တွင် ၉၀% ကျော်ရှိကြောင်း တွေ့ရသည် (Institute for Information and Communications Policy ;IICP၊ 2022)။ ယနေ့ခေတ်တွင် ဆိုရှယ်မီဒီယာသည် ဂျပန် နိုင်ငံရှိ လူမှုအခြေခံအဆောက်အအုံ၏ အစိတ်အပိုင်းတခုဖြစ်ပြီး ကာလဒေသမရွေး အမျိုးမျိုးသော သတင်းအချက်အလက်များကို လူအများ ရယူသုံးစွဲနိုင်ကြသည်။ ဤဆောင်းပါးတွင် ‘ဒစ်ဂျစ်တယ်မျိုးဆက်’ ဖြစ်သည့် လူငယ်များကို အာရုံစိုက်ကာ ဂျပန်၏ နိုင်ငံရေးပါဝင်မှုတွင် ဆိုရှယ် မီဒီယာ၏ အခန်းကဏ္ဍကို ဆွေးနွေးထားပါသည်။ ပထမဦးစွာ ဂျပန်လူငယ်များအကြား လက်ရှိနိုင်ငံရေးပါဝင်မှုအခြေအနေများကို ဆွေးနွေးပြီး ဆိုရှယ်မီဒီယာနှင့် ပတ်သက်သည့် ထူးထူးခြားခြား နိုင်ငံရေးလုပ်ဆောင်မှု နှစ်ခုကို ဆွေးနွေးတင်ပြသွားပါမည်။ နောက်ဆုံးအနေဖြင့် ဂျပန်နိုင်ငံက လူငယ်မျိုးဆက်သစ်များ၏ ဆိုရှယ်မီဒီယာကနေတဆင့် နိုင်ငံရေးပါဝင်မှုတွင် ရှိနေသည့် စိန်ခေါ်မှုများကို ဆန်းစစ်တင်ပြပါမည်။
ဂျပန်လူငယ်များ၏ နိုင်ငံရေးပါဝင်မှု အခင်းအကျင်း
ဂျပန်လူငယ်များ၏ နိုင်ငံရေးတွင် ပါဝင်မှုသည် အလယ်အလတ်အဆင့် စိုးရိမ်ရပြီး နိုင်ငံရေး ထိရောက်မှု နည်းပါးခြင်း သွင်ပြင်လက္ခဏာများ ရှိပါသည်။ ပထမအချက်မှာ နိုင်ငံရေးပါဝင်မှု၏ ဘုံအတိုင်းအတာတခုဖြစ်သည့် မဲထွက်ပေးခြင်း ကိစ္စဖြစ်သည်။ ဂျပန်အစိုးရ၏ တရားဝင် စာရင်းအင်းများအရ (ပြည်ထဲရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ MIC၊ 2022) အရ နိုင်ငံလုံးဆိုင်ရာ ရွေးကောက်ပွဲ နှစ်ခုတွင် နောက်ဆုံးမဲပေးမှု ရာခိုင်နှုန်းမှာ ၅၂ ရာခိုင်နှုန်း (အထက်လွှတ်တော်၊ ဇူလိုင် ၂၀၂၂) နှင့် ၅၆ ရာခိုင်နှုန်း (အောက်လွှတ်တော်၊ အောက်တိုဘာ ၂၀၂၁) တို့ ဖြစ်ပါသည်။ အခြားဒီမိုကရေစီနိုင်ငံ များကဲ့သို့ပင် ဂျပန်လူငယ်မဲဆန္ဒရှင်များသည် ရွေးကောက်ပွဲမှာ မတက်မကြွဖြစ်နေပါသည်။ အထွေထွေ ရွေးကောက်ပွဲ အတွက် အသက်နှစ်ဆယ်ကျော် ပြည်သူများကြား မဲပေးမှု (အောက်လွှတ်တော် ရွေးကောက်ပွဲ) သည် ၁၉၆၉ ခုနှစ်မှစ၍ ရွေးကောက်ပွဲ ၁၈ ခုတွင် အနိမ့်ဆုံးဖြစ်နေပါသည်။ နောက်ဆုံး ရွေးကောက်ပွဲတွင် မဲထွက်ပေးသည့် လူငယ်ဦးရေမှာ ၃၇% ခန့်သာရှိပြီး ယင်းမှာ အသက်ခြောက်ဆယ်ကျော်ရှိ ပြည်သူများ၏ ထက်ဝက်ခန့် (မဲပေးမှု အများဆုံး အုပ်စု – ၇၁%) ဖြစ်ပါသည်။ ထို့အပြင် ၂၀၁၆ ခုနှစ်တွင် အသက် ၁၈ နှစ်နှင့် ၁၉ နှစ်အရွယ် နိုင်ငံသားများကို မဲပေးခွင့်ပြုခဲ့သော်လည်း ၂၀၁၆ ခုနှစ် ပထမအကြိမ် မဲပေးခွင့်မှလွဲ၍ တနိုင်ငံလုံး အတိုင်းအတာဖြင့် ရွေးကောက်ပွဲတွင် မဲပေးသူ ဒုတိယအနည်းဆုံးဖြစ်ပါသည်။ ယင်းသို့ဖြစ်ရခြင်းမှာ အခြားဒေသမှ တက္ကသိုလ်များသို့ သွားရောက် ပညာသင်ကြားနေသည့် လူငယ်များအတွက် မဲပေးရန် သက်သေခံလက်မှတ် ယူရသည့် အလုပ်ရှုပ်သော လုပ်ငန်းစဉ်ကြောင့် (MIC၊ 2016) ဖြစ်သည်ဟု ဆိုနိုင်သော်လည်း ယင်းမှာ တစိတ်တပိုင်းသာ ဖြစ်ပါသည်။
ဒုတိယအချက် ဂျပန်လူငယ်များ မဲမပေးဘဲနေခြင်းအကြောင်းမှာ နိုင်ငံရေးတွင် ပါဝင်ပတ်သက်မှုနှင့် ပတ်သက်၍ သူတို့၏ သဘောထားကြောင့် ဖြစ်နိုင်သည်ဟု နိုင်ငံတကာ စစ်တမ်းတခုအရ သိရပါသည်။ ဂျပန်၊ တောင်ကိုရီးယား၊ အမေရိကန်၊ ဗြိတိန်၊ ဂျာမနီ၊ ပြင်သစ်နှင့် ဆွီဒင် (Cabinet Office; CAO, 2014) နိုင်ငံ ခုနစ်နိုင်ငံမှ အသက် ၁၃ နှစ်မှ ၂၉ နှစ်ကြား လူများကို နမူနာကောက်ခံ၍ နိုင်ငံတကာ စစ်တမ်းတခုကို ဂျပန်အစိုးရက ကောက်ခံခဲ့ပါသည်။ ရလဒ်မှာ ဂျပန်မှ စစ်တမ်းကောက်ယူသူများမှာ အခြားနိုင်ငံမှ ပါဝင်သူများနှင့် အတူတူပင် ပြည်တွင်းနိုင်ငံရေးကို စိတ်ဝင်စားသူမှာ ၅၀ ရာခိုင်နှုန်းခန့်ရှိကြောင်း ရလဒ်များက ဖော်ပြပါသည်။ ဂျပန်မှ စစ်တမ်းကောက်ယူသူများ၏ သုံးပုံတပုံကသာ သူတို့နိုင်ငံ၏ လူ့အဖွဲ့အစည်းကို ကျေနပ်ကြပါသည်။ မကျေနပ်မှုများရှိနေသော်လည်း ဂျပန်မှ စစ်တမ်းကောက်ယူသူများ၏ သုံးပုံတပုံကသာ နိုင်ငံရေး ထိရောက်မှုနှင့် နိုင်ငံရေးတွင် ပါဝင်မှုကို လိုလားကြောင်း ပြသခဲ့ပြီး ယင်းမှာ နိုင်ငံများတွင် အနိမ့်ဆုံးဖြစ်ပါသည်။
ဤသို့ သဘောထားမျိုးကို ဂျပန်နိုင်ငံနှင့် အခြားနိုင်ငံ ၅ နိုင်ငံ၊ ၈ နိုင်ငံရှိ အသက် ၁၇ နှစ်မှ ၁၉ နှစ်ကြား လူငယ်များကို ကောက်ခံသော အခြားနိုင်ငံတကာ စစ်တမ်းများတွင်လည်း တွေ့ရှိရပါသည် (Nippon Foundation၊ 2019; 2022)။ အဆိုပါ စစ်တမ်းများတွင် တွေ့ရှိရသည်မှာ ပါဝင်သည့် နိုင်ငံများအနက် ဂျပန်လူငယ်များသည် ၎င်းတို့၏ နိုင်ငံနှင့် သူတို့၏ အနာဂတ်အပေါ် အဆိုးမြင်ဆုံး အမြင်ရှိနေပြီး နိုင်ငံရေး ထိရောက်မှု အနိမ့်ဆုံး နှင့် နိုင်ငံရေးတွင် ပါဝင်လိုစိတ် အနိမ့်ဆုံး ရှိကြောင်း တွေ့ရှိရပါသည်။ ထိုသို့ဖြစ်ရခြင်းမှာ ပါဝင်လိုစိတ်မရှိခြင်းကြောင့် မဟုတ်ဘဲ ဂျပန်မှ စစ်တမ်းကောက်ယူသူ ထက်ဝက် သည် လူမှုရေးနှင့် နိုင်ငံရေးဆိုင်ရာ ကိစ္စရပ်များကို စိတ်ပါဝင်စားကြောင်း တွေ့ရှိရပါသည်။ ထို့အပြင် ထက်ဝက်ကျော်သည် ၎င်းတို့၏ ဘဝတွင် သူငယ်ချင်း၊ လုပ်ဖော်ကိုင်ဖက်၊ အလုပ်အကိုင်ကဲ့သို့သော ရွေးချယ်မှုများတွင် ကိုယ်ပိုင်စိတ်ကြိုက်များ ရှိကြောင်း တွေ့ရှိရပါသည်။ နိုင်ငံရေး ဆွေးနွေး ပြောဆိုမှု အပေါ် ဂျပန်လူငယ်များ၏ သဘောထားမှာ “တိတ်ဆိတ်စွာ အာရုံစူးစိုက်မှု – နိုင်ငံရေးကို စိတ်ဝင်စား သော်လည်း ထုတ်မပြောဘဲ နေခြင်းဖြစ်သည်” ဟု အရည်အသွေး လေ့လာရေး စာတမ်းတခုက ဆိုပါသည် (Kligler-Vilenchik et al., 2021 597)။
ဂျပန်နိုင်ငံတွင် ဆိုရှယ်မီဒီယာကို နိုင်ငံရေးအရ ပါဝင်ဆောင်ရွက်ရန် ခေတ်သစ်နည်းလမ်းအနေဖြင့် အသုံးချခြင်း
ဂျပန်နိုင်ငံသားများ နိုင်ငံရေးအရ ပါဝင်ဆောင်ရွက်ရန် နည်းလမ်းများမှာ အခြားနိုင်ငံများနှင့် နှိုင်းယှဉ် ပါက အကန့်အသတ်ရှိပုံရသည်။ နောက်ဆုံးထွက်သည့် ကမ္ဘာ့တန်ဖိုးများစစ်တမ်း (Wave Seven; Haerpfer et al., 2022) အရ မြေပြင်အော့ဖ်လိုင်းတွင် တောင်းဆိုချက်များ လက်မှတ်ရေးထိုးခြင်းမှလွဲ၍ ဂျပန်နိုင်ငံသားအနည်းငယ်သာ အခြားသော အွန်လိုင်း သို့မဟုတ် အော့ဖ်လိုင်းတွင် နိုင်ငံရေးဆိုင်ရာ လုပ်ဆောင်ချက်များ ဖြစ်သည့် – သပိတ်မှောက်ခြင်း၊ ငြိမ်းချမ်းစွာ ဆန္ဒပြခြင်း၊ အွန်လိုင်းတွင် အချက်အလက် ရှာဖွေခြင်း၊ လက်မှတ်ရေးထိုးခြင်း၊ အီလက်ထရွန်းနစ် တောင်းဆိုစာ ရေးထိုးခြင်း၊ အခြားသူများကို အွန်လိုင်းမှ အရေးယူဆောင်ရွက်ရန် တိုက်တွန်းခြင်းနှင့် အင်တာနက်မှတဆင့် နိုင်ငံရေးလှုပ်ရှားမှုများကို စည်းရုံးခြင်းတို့တွင် ပါဝင်ကြသည်ဟု တွေ့ရှိရသည်။ အဆိုပါ ပါဝင်မှုနည်းလမ်း ၇ မျိုးတွင် ပါဝင်ခဲ့ကြသည်ဟု ဖြေဆိုသူများ၏ နှုန်းထားများမှာ စစ်တမ်းရှိ နိုင်ငံပေါင်း ၆၃ နိုင်ငံ မှ ၆၅ နိုင်ငံတွင် အနည်းဆုံး နိုင်ငံ ၄၀ ထက် ဂျပန်နိုင်ငံက နည်းပါးနေပါသည်။
သို့သော်လည်း ဆိုရှယ်မီဒီယာသည် ဂျပန်နိုင်ငံရှိ အချို့သော နိုင်ငံရေးဖြစ်ရပ်များတွင် အခန်းကဏ္ဍတခုမှ ပါဝင်ခဲ့ပါသည်။ လွန်ခဲ့သော ဆယ်စုနှစ်အတွင်း ဆိုရှယ်မီဒီယာကို ဆန္ဒပြသည့် နည်းလမ်းအဖြစ် အသုံးပြုခဲ့သည့် ဂျပန်ပြည်သူများ၏ ထူးထူးခြားခြား နိုင်ငံရေးလုပ်ဆောင်မှုများ ရှိခဲ့ပါသည်။ ၂၀၁၅ ခုနှစ်တွင် တိုကျိုမြို့တော်ဧရိယာရှိ တက္ကသိုလ်ကျောင်းသားများသည် လစ်ဘရယ်ဒီမိုကရေစီအတွက် အရေးပေါ် ကျောင်းသားအဖွဲ့ (Student Emergency Action for Liberal Democracy – SEALDs) ဟုခေါ်သော အဖွဲ့ကို ဖွဲ့စည်းခဲ့ပါသည်။ သူတို့က “ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့မကိုက်ညီဘူး”ဟု ယူဆသည့် လုံခြုံရေးမူဝါဒ ဥပဒေကြမ်းကို ကန့်ကွက်ဆန္ဒပြကြပါသည်။ ယင်းဥပဒေက ဂျပန်နိုင်ငံ၏ မိမိကိုယ်ကို ကာကွယ်ရေးတပ် (Self-Defence Force) ကို စုပေါင်းကာကွယ်ပိုင်ခွင့် ပြုရန် ဆောင်ရွက်ခြင်း ဖြစ်ပါသည်။ ဥပဒေကြမ်းကို အတည်ပြုသည်အထိ ပါလီမန်ရှေ့တွင် လမ်းပေါ်ထွက်ဆန္ဒပြမှုများ အကြိမ်ကြိမ်ပြုလုပ်ခဲ့ပြီး ယင်းလှုပ်ရှားမှုများကို ဆိုရှယ်မီဒီယာ အထူးသဖြင့်တွစ်တာတွင် မျှဝေခဲ့ကြပါသည်။ SEALDs သည် ကျောင်းသားများဖြင့် ဖွဲ့စည်းထားသော သင်္ကေတအဖွဲ့ တခုဖြစ်သော်လည်း အသက်အရွယ်အုပ်စုအားလုံးမှ ထောင်ပေါင်းများစွာသောလူများပါ၀င်ပြီး ဆက်စပ်အဖွဲ့များကလည်း ဂျပန်နိုင်ငံ၏ နေရာအများအပြားတွင် ဆန္ဒပြပွဲများကို အကြိမ်များစွာ ပြုလုပ်ခဲ့ကြပါသည် (Kingston, 2015)။
နောက်ထပ် ဥပမာတခုမှာ ၂၀၂၀ ပြည့်နှစ်တွင် တွစ်တာပေါ်တွင် ဆန္ဒပြခင်း (Twitter Demo – Demonstration on Twitter) ဟု ခေါ်သည့် ဆန္ဒပြမှု ဖြစ်ပါသည်။ ယင်းမှာ ထိုစဥ်က ဝန်ကြီးချုပ် ဖြစ်သည့် ရှင်ဇိုအာဘေး အစိုးရအဖွဲ့က ဥပဒေတရပ်ကို အဓိပ္ပာယ်ဖွင့်ဆိုရာတွင် ပြောင်းလဲခြင်းနှင့် ဥပဒေကြမ်း အသစ်တရပ် တင်သွင်းခြင်းကို ကန့်ကွက်ကြခြင်း ဖြစ်ပါသည်။ ထိုသို့ ပြောင်းလဲလိုက်ခြင်းသည် အာဘေးအစိုးရနှင့် နီးစပ်သည်ဟု ယူဆရသော တိုကျိုအစိုးရရှေ့နေများရုံး၏ အကြီးအကဲ ဟီရိုမုကူရိုကာတာကို အစိုးရရှေ့နေများကြားတွင် ထိပ်တန်းရာထူးဖြစ်သည့် အစိုးရရှေ့နေချုပ်အဖြစ် တာဝန်ယူခွင့်ပြုရန် နည်းလမ်းတခုအဖြစ် ဝေဖန်ခံခဲ့ရပါသည်။ တနည်းဆိုရသော် အစိုးရရှေ့နေအဖွဲ့၏ လွတ်လပ်မှုကို ချိုးဖောက်ရန် ကြံရွယ်ခြင်းဖြစ်သည်ဟု ဝေဖန်သူများက ယူဆခဲ့ကြခြင်း ဖြစ်သည်။ မေလ ၈ ရက်နေ့ ည ၇:၄၀ အချိန်တွင် တိုကျိုတွင် ကြော်ငြာကျွမ်းကျင်သူအဖြစ် လုပ်ကိုင်နေသော အမျိုးသမီးဝါဒီ အမျိုးသမီးတဦး၏ အမည်မသိအကောင့်တခုမှ တွစ်တာပေါ်တွင် တင်ခဲ့ခြင်း ဖြစ်သည် (သူ့တွင် ထိုစဥ်က ဖော်လိုဝါ ၁၃၀၀၀ကျော်ရှိသည်) (Murakami & Yamamitsu, 2020)။ လမ်းပေါ်ထွက်ဆန္ဒပြမှုများကို ခွင့်မပြုသော ကိုဗစ်-၁၉ ကပ်ရောဂါ အရေးပေါ်အခြေအနေအောက်တွင် အစိုးရအဖွဲ့၏ အထက်ပါဆောင်ရွက်မှုကို တွစ်တာတခုတည်းပေါ်တွင် ဆန့်ကျင်ရန်နှင့် ၎င်း၏ hashtag “အစိုးရရှေ့နေများရုံးဥပဒေအား ပြန်လည်ပြင်ဆင်ရန် အဆိုပြုထားသည်ကို ကန့်ကွက်သည်” ဟု ရေးသားထားချက်ကို မေလ ၁၀ ရက် ညနေအထိ (Asahi Shimbun, 2020) အကြိမ်ရေ ၄.၇ သန်းကျော် တွစ်တာပေါ်တွင် မျှဝေခဲ့သည်။ မေ ၁၈ ရက်တွင် “လူထု၏ နားလည်မှုကင်းမဲ့ခြင်း” ကို ကိုးကား၍ ဥပဒေကြမ်းအပေါ် ဆွေးနွေးညှိနှိုင်းမှုများကို အာဘေးက ရပ်ဆိုင်းထားကြောင်း ကြေညာခဲ့ပြီး လေးရက်အကြာတွင် တရားမဝင် မာဂျောင်လောင်းကစားမှုတွင် ပါဝင်ကြောင်း သတင်းများ ထွက်ပေါ်လာပြီးနောက် ကူရိုကာဝါ ရာထူးမှ နုတ်ထွက်ကြောင်း အစိုးရအဖွဲ့က အတည်ပြုခဲ့သည်။ တိုရီအုမီ (၂၀၂၁) က သက်ဆိုင်သော တွစ်တာပို့စ်များ၏ ထက်ဝက်ခန့်ကို ပါဝင်သည့် အကောင့်များ ၏ ၂% ကသာ တင်ခဲ့ခြင်း ဖြစ်သော်လည်း ကျော်ကြားသူများ အပါအဝင် မတူညီသောသူများ၏ အကောင့်များက အဆိုပါ ပြဿနာကို ဖော်ပြရာတွင် ပါဝင်လာခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
နိုင်ငံရေးပါ၀င်ဆောင်ရွက်မှုတွင် ဆိုရှယ်မီဒီယာ၏ စိန်ခေါ်မှုများ
အထက်တွင်ဖော်ပြခဲ့သည့်အတိုင်း တွစ်တာ သည် လမ်းပေါ်ထွက်ဆန္ဒပြပွဲများတွင် ပါဝင်သူများနှင့် ထောက်ခံသူများကို ချိတ်ဆက်ပေးသည့် ပလက်ဖောင်းတခုအဖြစ် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်နေပုံရပြီး အွန်လိုင်း ဆန္ဒပြမှုများလည်း တွစ်တာတွင် ဖြစ်ပွားခဲ့ပါသည်။ ဂျပန်အစိုးရ၏ ဆိုရှယ်မီဒီယာပေါ်ရှိ နောက်ဆုံးနှစ်ပတ်လည်စစ်တမ်း (IICP၊ 2022) တွင် ဆယ်ကျော်သက်များ၏ ၆၇% နှင့် အသက် ၂၀ ကျော်လူငယ်များ၏ ၇၉% တို့သည် ဂျပန်နိုင်ငံတွင် တွစ်တာကို အသုံးပြုနေကြကြောင်း တွေ့ရှိခဲ့သည်။ ထို့ကြောင့် တွစ်တာသည် ဂျပန်လူငယ်များအတွက် နိုင်ငံရေးပါဝင်ဆောင်ရွက်ရန် အလားအလာကောင်းသည့် နေရာတခု ဖြစ်လာမည်ဖြစ်ပါသည်။ သို့သော် စိန်ခေါ်မှုများစွာလည်း ရှိနေပါသည်။
ပထမအချက်မှာ ဆိုရှယ်မီဒီယာတွင် ကိုယ်တိုင်ပင် မသိလိုက်ဘဲ အချို့သော နိုင်ငံရေး ကိစ္စများတွင် တဖက်သတ် ထင်မြင်ယူဆချက်များကိုသာ ထိတွေ့နိုင်မည်ဖြစ်ပြီး၊ လူထု၏ ထင်မြင်ယူဆချက်ကို လွှမ်းမိုးနိုင်ပါသည်။ ကိန်းဘရစ်ချ်အန်နာလိုင်တိကာ ပြဿနာ (Cambridge Analytica) တွင် ယင်းအချက်ကို တွေ့နိုင်ပါသည်။ ဖေ့စ်ဘုတ် မှ ‘မဟာဒေတာ’ (Big Data)ကို ဗြိတိန်ပုဂ္ဂလိကကုမ္ပဏီ ကိန်းဘရစ်ချ်အန်နာလိုင်တိကာ (Cambridge Analytica) မှ ထုတ်ယူသွားပြီး ယင်းဒေတာကို သုံးကာ အမေရိကန်ပြည်ထောင်စုရှိ သမ္မတရွေးကောက်ပွဲ မဲဆွယ်ပွဲတွင် အွန်လိုင်း ‘စိတ်ပိုင်းဆိုင်ရာ လွှမ်းမိုးချယ်လှယ်ခြင်း’ အဖြစ် အသုံးပြုခြင်း ဖြစ်ပါသည် (Kleinman, 2018)။ ဂျပန်တွစ်တာတွင် ‘တိတ်တဆိတ် ဝါဒဖြန့်ခြင်း’ ၏ အရိပ်အယောင်များကိုလည်း တွေ့ရှိခဲ့ရသော်လည်း ၎င်းတို့၏ သက်ရောက်မှုကို ကောက်ချက်မချနိုင်သေးပါ။ ယိုရှီးဒါး (Yoshida) နှင့် တိုရီအုမိ (Toriumi) (၂၀၁၈) က ၂၀၁၇ ခုနှစ် အထွေထွေ ရွေးကောက်ပွဲ မတိုင်မီနှင့် ရွေးကောက်ပွဲ အပြီးတွင် တင်ထားသော ဂျပန် တွစ်တာပို့စ်များကို ပိုင်းခြားစိတ်ဖြာ လေ့လာခဲ့ပါသည်။ သူတို့တွေ့ရှိသည်မှာ မည်သည့် နိုင်ငံရေး ပါတီများ၏ အကောင့်ကိုမှ ဖော်လိုမလုပ်ထားသော တွစ်တာသုံးစွဲသူများပင်လျှင် အချို့သော နိုင်ငံရေး ပါတီများမှ အချက်အလက် များကို ထိတွေ့မိကြောင်း တွေ့ရှိခဲ့ပါသည်။ Schäfer et al (၂၀၁၇) ကလည်း ဂျပန်တွစ်တာတွင် အကောင့်တု (ဘော့်)များ၏ လှုပ်ရှားမှုကို ၂၀၁၄ ခုနှစ် အထွေထွေ ရွေးကောက်ပွဲ မတိုင်မီနှင့် အပြီးတွင် လိုက်ကြည့်ခဲ့ပြီး အဆိုပါ အကောင့်တုများက ထိုအချိန်က ၀န်ကြီးချုပ် ရှင်ဇိုအားဘေးကို ထောက်ခံသည့်တွစ်တာပို့စ်များကို ဖြန့်ကာ ၎င်း၏ဝေဖန်သူများကို ပြစ်တင် ဝေဖန်မှုများ ပြုလုပ်ခဲ့သည်ဟု တွေ့ရှိခဲ့ပါသည်။ ယင်းကဲ့သို့ ဖြစ်ရပ်များကို ဂျပန်နိုင်ငံ အထွေထွေရွေးကောက်ပွဲကာလ ပြင်ပတွင်လည်း တွေ့ရှိခဲ့ရပါသည်။ ဖူကူးမား Fukuma et al. (၂၀၂၂) က ဆူညံသောလူနည်းစုနှင့် အကောင့်တု (ဘော့်)လှုပ်ရှားမှုများ၏ လွှမ်းမိုးမှုအောက်တွင် ရှိနေနိုင်သည့် နေ့စဉ်ဂျပန်သတင်းနှင့်ပတ်သက်သည့် အကြောင်းအရာများနှင့် စပ်လျဥ်းပြီး တဖက်စွန်း ရောက်ခြင်းများလည်း ဖြစ်ပွားနေကြောင်း ဖော်ပြခဲ့ပါသည်။
ဒုတိယအချက်မှာ အခြားနိုင်ငံများတွင် ဖြစ်သလို တွစ်တာအပါအဝင် ဆိုရှယ်မီဒီယာများတွင် နိုင်ငံရေး အမြင်များ ကွဲပြားသွားခြင်းလည်း ဖြစ်နိုင်ပါသည်။ တွစ်တာကဲ့သို့သော ဆိုရှယ်မီဒီယာများသည် နိုင်ငံရေးကိစ္စရပ်များအတွက် ‘အွန်လိုင်းပေါ်ရှိ လူထုအမြင်’ ကို ပေါ်လွင်စေပြီး အသုံးပြုသူများ အနေဖြင့် ၎င်းတို့၏ ထင်မြင်ယူဆချက်များကို အခြားအသုံးပြုသူများထံ လွတ်လပ်စွာ ပေးပို့နိုင် စေပါသည်။ ကောင်းမွန်သည့်အချက်မှာ လူအများသည် နိုင်ငံရေးစကားဝိုင်းများကို နေရာမရွေး အချိန်မရွေး အမည်ဝှက်ဖြင့် ပြောဆိုနိုင်သည့် ‘ကော်ဖီဆိုင်များ’ သဖွယ် နေရာများ ကိုရနိုင်ခြင်း ဖြစ်ပါသည်။ သို့သော် လူတို့၏ သီးသန့် ရွေးချယ်ထိတွေ့မှုနှင့် ကြမ်းတမ်းသောဆက်သွယ်မှုမျိုး ကိုလည်း အားကောင်းစေနိုင်ပါသည်။ ဘလော့ဂ်များ ပျံ့နှံ့လာချိန်မှစ၍ အင်တာနက်ပေါ်တွင် နိုင်ငံရေး အရ သီးခြားအုပ်စုဖြစ်လာခြင်းကို တွေ့ရှိပြီး ဖြစ်ပါသည် (Adamic & Glance, 2005) ။ တွစ်တာပေါ်တွင်လည်း နိုင်ငံရေး ‘ပဲ့တင်သံအခန်းများ’ (echo chambers) ဖြစ်လာကြောင်း တွေ့ရှိထားပါသည် (ဥပမာ၊ Bail et al., 2018; Conover et al., 2011; Colleoni et al.၊ 2014; Yardi & Boyd, 2010)။ ယင်းသို့ ဖြစ်စဥ်များကို ဂျပန်နိုင်ငံတွင်လည်း တွေ့ရှိထားပြီး အချို့သော အကြောင်းအရာ ကိစ္စရပ်များမှာ သီးခြားအုပ်စုအသိုက်အဝန်းတွင်သာ ဆွေးနွေးကြပြီး တွစ်တာပေါ်တွင်လည်း သီးခြား အုပ်စုကွန်ရက်များတွင်သာ ဆွေးနွေးကြကြောင်း တွေ့ရှိရပါသည် (Takikawa & Nagayoshi, 2017)။
တတိယအချက်မှာ နိုင်ငံရေးအရ ပါဝင်ဆောင်ရွက်မှု အတွက် တွစ်တာကဲ့သို့သော ဆိုရှယ်မီဒီယာသည် ပတ်ဝန်းကျင်ကို ပြောင်းလဲပေးနိုင်သော်လည်း လူအများ၏ သဘောထားများကိုတော့ ပြောင်းလဲနိုင်ဖို့က မသေချာပါ။ အထက်တွင်ဖော်ပြထားသည့်အတိုင်း ဂျပန်နိုင်ငံသားအနည်းငယ်သည်သာ နိုင်ငံရေးအရ ပါဝင် လုပ်ဆောင်ကြပြီး ဂျပန်လူငယ်များသည် နိုင်ငံရေးဆိုင်ရာ ထိရောက်တွင် သိသိသာသာနည်းပါးပြီး နိုင်ငံရေးတွင်ပါဝင်လိုစိတ် နည်းပါးလေ့ရှိကြပါသည်။ ယင်းက ၎င်းတို့၏ အမှန်တကယ်ပါဝင်မှုကို အွန်လိုင်းနှင့် အော့ဖ်လိုင်းတွင် သက်ရောက်နိုင်ပါသည် (ဥပမာ၊ Gil de Zúñiga et al., 2012 ) ။ ဂျပန်နိုင်ငံတွင် တွစ်တာအသုံးပြုမှုမှာ အမည်မသိ အသုံးပြုသူများ သိသိသာသာမြင့်မားနေသည်ကို တွေ့ရှိရပါသည်။ ဂျပန်အစိုးရက ပြုလုပ်သည့် (MIC၊ 2014) နိုင်ငံတကာ စစ်တမ်းတခုတွင် တွစ်တာကို အမည်ဝှက် အသုံးပြုသည့် ဂျပန်က စစ်တမ်းဖြေဆိုသူနှုန်းမှာ ၇၅% ဖြစ်ပြီး အခြားနိုင်ငံ ငါးနိုင်ငံမှ ဖြေဆိုသူများမှာ (အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်၊ တောင်ကိုရီးယား၊ နှင့်၊ စင်ကာပူ) ၃၁% မှ ၄၅% အထိသာရှိသည်ကို တွေ့ရပါသည်။ ထို့အပြင် ထိုသို့ နာမည်ဝှက်သုံးနေသည့် ပုံစံကို ပထမဆုံး ဒစ်ဂျစ်တယ် မျိုးဆက်ဟု ခေါ်သည့် ဆယ်ကျော်သက်နှင့် နှစ်ဆယ်ကျော် လူငယ်များတွင်ပါ အလားတူ တွေ့ရှိရပါသည်။ ယင်းက ဂျပန်သုံးစွဲသူများ၏ မိမိအမြင်ကို အများပြည်သူရှေ့ တင်ပြရန် စိတ်ပိုင်းဆိုင်ရာ အတားအဆီးဖြစ်နေသည်ကို ထင်ဟပ်နေပါသည်။
နိဂုံး
အထက်တွင် ဆွေးနွေးခဲ့သည့် ဖြစ်ရပ်နှစ်ခုသည် ဂျပန်နိုင်ငံသားများ နိုင်ငံရေးတွင်ပါ၀င်ဆောင်ရွက်ရန် တူညီသည့်အွန်လိုင်းနယ်ပယ်အဖြစ် ဆိုရှယ်မီဒီယာသည် ဖြစ်နိုင်ခြေ ရှိသည်ကို ဆိုလိုပါသည်။ ဂျပန်လူငယ်များသည် လူမှုရေးနှင့် နိုင်ငံရေးပြဿနာများကို စိတ်ပါဝင်စားသော်လည်း နိုင်ငံရေးဆိုင်ရာ ထိရောက်မှုနှင့် နိုင်ငံရေးတွင် ပါဝင်လိုစိတ် နည်းပါးကြပါသည်။ သို့သော်လည်း ရိုက်တာဆောင်းပါး (Murakami & Yamamitsu, 2020) တပုဒ်တွင် ဖော်ပြခဲ့သလို 2020 ပြည့်နှစ် ‘တွစ်တာပေါ်တွင် ဆန္ဒပြခြင်း’ သည် “ရှားရှားပါးပါးအွန်လိုင်းပေါ်တွင် ပြည်သူများ အမျက်ထွက်ခြင်း” ဖြစ်ပါသည်။ နိုင်ငံရေးအရ တက်ကြွသူများက နိုင်ငံရေးကိစ္စရပ်များကို စိတ်ဆိုးဒေါသထွက်မှုကို ဖော်ပြပြီး တင်လေ့ရှိသော်လည်း အခြားသူများကမူ သူတို့၏ စိုးရိမ်ပူပန်မှုကို ဖော်ပြပြီး တင်ကြပါသည် (Uchida၊ 2018)။ ထို့အပြင် အခြားနိုင်ငံများတွင် အွန်လိုင်းနှင့် အော့ဖ်လိုင်းနိုင်ငံရေးပါ၀င်မှုကြား ဆက်နွယ်မှုကို လေ့လာတွေ့ရှိထားပါသည် (Leyva, 2017; Chen et al., 2016; Barberá & Rivero, 2015; Bekafigo & McBride, 2013; Vaccari et al., 2013)။ ထို့ကြောင့် ဆိုရှယ်မီဒီယာသည် ဂျပန်နိုင်ငံရှိ နိုင်ငံရေးတက်ကြွသော နိုင်ငံသားများကိုသာ စုပေါင်းလုပ်ဆောင်ရန် အခွင့်အလမ်းပေးသော်လည်း နောက်ဆုံးထုတ် ကမ္ဘာ့စံတန်ဖိုးများဆာဗေးတွင် ပြသထားသည့်အတိုင်း အခြားသူများကိုမူ ပူးပေါင်းပါဝင်လာစေရန် တွန်းအားပေးခြင်း မရှိပါ။ အခြားတဖက်တွင် အချို့သုတေသီများ ဆိုသည်မှာ ဆိုရှယ်မီဒီယာတွင် ပေါ့ပေါ့ပါးပါး နိုင်ငံရေးအရ ပါ၀င်ဆောင်ရွက်မှုသည် လူအများအား မြေပြင် အော့ဖ်လိုင်းနိုင်ငံရေး လှုပ်ရှားမှုများတွင် ပါဝင်ရန် အားပေးနိုင်ကြောင်းလည်း ဆိုပါသည် (Vaccari et al., 2015)။ မည်သို့ပင်ဆိုစေကာမူ ဂျပန်နိုင်ငံ၏ ခေတ်သစ်ဒီမိုကရေစီအတွက် ဆိုရှယ်မီဒီယာက ပံ့ပိုးကူညီနိုင်ရန်မှာ လူငယ်မျိုးဆက်သစ်များ၏ တက်ကြွသော သဘောထားနှင့် အမူအကျင့်များ လိုအပ်ပြီး ယင်းနှစ်ခုစလုံးကို ပြောင်းလဲနေသော လူမှုပတ်ဝန်းကျင်နှင့်သာ တည်ဆောက် နိုင်မည် ဖြစ်ပါတော့သတည်း။ ။
Atsuhiko Uchida
Banner photo: Josh Soto, Unsplash
References
Adamic, L. A., & Glance, N. (2005). The political blogosphere and the 2004 US election: divided they blog. In Proceedings of the 3rd international workshop on Link discovery (pp. 36-43).
Asahi Shimbun. (2020). 4.7 million tweets blast revision bill to delay Abe ally’s retirement. Asahi Shimbun. Retrieved from https://www.asahi.com/ajw/articles/13362865
Bail, C. A., Argyle, L. P., Brown, T. W., Bumpus, J. P., Chen, H., Hunzaker, M. F., Lee, J., Mann, M., Merhout, F., & Volfovsky, A. (2018). Exposure to opposing views on social media can increase political polarization. Proceedings of the National Academy of Sciences, 115(37), 9216-9221.
Barberá, P., & Rivero, G. (2015). Understanding the political representativeness of Twitter users. Social Science Computer Review, 33(6), 712-729.
Bekafigo, M. A., & McBride, A. (2013). Who tweets about politics? Political participation of Twitter users during the 2011gubernatorial elections. Social Science Computer Review, 31(5), 625-643.
CAO. (2014). Heisei 25 nendo Waga Kuni to Shogaikoku no Wakamono no Ishiki ni kansuru Chosa [2013 Survey on Opinions of Young People in Japan and Foreign Counties]. CAO. Retrieved from http://www8.cao.go.jp/youth/kenkyu/thinking/h25/pdf_index.html
Chen, H. T., Chan, M., & Lee, F. L. (2016). Social media use and democratic engagement: a comparative study of Hong Kong, Taiwan, and China. Chinese Journal of Communication, 9(4), 348-366.
Conover, M., Ratkiewicz, J., Francisco, M., Gonçalves, B., Menczer, F., & Flammini, A. (2011). Political polarization on twitter. Proceedings of the international aaai conference on web and social media, 5(1), 89-96.
Colleoni, E., Rozza, A., & Arvidsson, A. (2014). Echo chamber or public sphere? Predicting political orientation and measuring political homophily in Twitter using big data. Journal of communication, 64(2), 317-332.
Fukuma, T., Noda, K., Kumagai, H., Yamamoto, H., Ichikawa, Y., Kambe, K., Maubuchi, Y., & Toriumi, F. (2022). How Many Tweets DoWe Need?: Efficient Mining of Short-Term Polarized Topics on Twitter: A Case Study From Japan. arXiv preprint arXiv:2211.16305.
Gil de Zúñiga, H., Jung, N., & Valenzuela, S. (2012). Social media use for news and individuals’ social capital, civic engagement and political participation. Journal of Computer‐Mediated Communication, 17(3), 319-336.
Haerpfer, C., Inglehart, R., Moreno, A., Welzel, C., Kizilova, K., Diez-Medrano J., M. Lagos, P. Norris, E. Ponarin & B. Puranen (eds.). (2022). World Values Survey: Round Seven – Country-Pooled Datafile Version 5.0. Madrid, Spain & Vienna, Austria: JD Systems Institute & WVSA Secretariat.
IICP. (2022). Reiwa 3 nendo Johotsushin Media no Riyojikan to Johokodo nikansuru Chosa [2021 Survey on Usage Time of Information and Communication Media]. MIC. Retrieved from https://www.soumu.go.jp/iicp/research/results/media_usage-time.html
Kingston, J. (2015). SEALDs: Students Slam Abe’s Assault on Japan’s Constitution. The Asia-Pacific Journal: Japan Focus, 13 (36).
Kleinman, Z. (2018). Cambridge Analytica: The story so far. BBC. Retrieved from https://www.bbc.co.uk/news/technology-43465968
Kligler-Vilenchik, N., Tenenboim-Weinblatt, K., Boczkowski, P. J., Hayashi, K., Mitchelstein, E., & Villi, M. (2022). Youth political talk in the changing media environment: a cross-national typology. The International Journal of Press/Politics, 27(3), 589-608.
Leyva, R. (2017). Exploring UK Millennials’ Social Media Consumption Patterns and Participation in Elections, Activism, and “Slacktivism”. Social Science Computer Review, 35(4), 462-479.
MIC. (2014). ICT no Shinka ga motarasu Shakai eno Impact nikansuru Chosakenkyu [Survey on the Social Impact of the Evolution of ICT.]. MIC. Retrieved from https://www.soumu.go.jp/johotsusintokei/linkdata/h26_08_houkoku.pdf
MIC. (2016). 18 sai Senkyoken ni kansuru Ishiki Chosa Houkokusho [Opinion Poll on Suffrage of 18 Years Old Report]. MIC. Retrieved from http://www.soumu.go.jp/menu_news/s-news/01gyosei15_02000153.html
MIC. (2023). Kokusei-senkyo no Nendaibetsu Touhyouritsu no Suii nitsuite [Change on Turnout of General Elections by Age]. MIC. Retrieved from http://www.soumu.go.jp/senkyo/senkyo_s/news/sonota/nendaibetu/index.html
Murakami, S. & Yamamitsu, E. (2020). Rare online outrage in Japan forces Abe to delay controversial bill. Reuters. Retrieved from https://jp.reuters.com/article/us-japan-politics-socialmedia/rare-online-outrage-in-japan-forces-abe-to-delay-controversial-bill-idUSKBN22X0Z8
Nippon Foundation. (2019). 18 sai Ishiki Chosa “Dai 20 kai: Kuni ya Shakai nitaisuru Ishiki” (9 kakoku) [18 Years Old Opinion Survey “20th: Attitudes towards Country and Society” (9 countries)]. The Nippon Foundation. Retrieved from https://www.nippon-foundation.or.jp/what/projects/eighteen_survey
Nippon Foundation. (2022). 18 sai Ishiki Chosa “Dai 46 kai: Kuni ya Shakai nitaisuru Ishiki” (6 countries) [18 Years Old Opinion Survey “20th: Attitudes towards Country and Society” (6 countries)]. The Nippon Foundation. Retrieved from https://www.nippon-foundation.or.jp/what/projects/eighteen_survey
Schäfer, F., Evert, S., & Heinrich, P. (2017). Japan’s 2014 general election: Political bots, right-wing internet activism, and prime minister Shinzō Abe’s hidden nationalist agenda. Big data, 5(4), 294-309.
Takikawa, H., & Nagayoshi, K. (2017). Political polarization in social media: Analysis of the “Twitter political field” in Japan. In 2017 IEEE international conference on big data (big data) (pp. 3143-3150). IEEE.
Toriumi, F. (2021). Quantitative Analysis of Diffusion in Bursting Phenomena: How the Twitter Demo Spread in Japan. Japan marketing journal, 40(4), 19-32.
Uchida, A. (2018). HOW DO JAPANESE PEOPLE TALK ABOUT POLITICS ON TWITTER? ANALYSIS OF EMOTIONAL EXPRESSIONS IN POLITICAL TOPICS ON JAPANESE TWITTER. Psychologia, 61(2), 124-157.
Vaccari, C., Valeriani, A., Barberá, P., Bonneau, R., Jost, J. T., Nagler, J., & Tucker, J. (2013). Social media and political communication: a survey of Twitter users during the 2013 Italian general election. Rivista italiana di scienza politica, 43(3), 381-410.
Vaccari, C., Valeriani, A., Barberá, P., Bonneau, R., Jost, J. T., Nagler, J., & Tucker, J. A. (2015). Political expression and action on social media: Exploring the relationship between lower-and higher-threshold political activities among Twitter users in Italy. Journal of Computer-Mediated Communication, 20(2), 221-239.
Yardi, S., & Boyd, D. (2010). Dynamic debates: An analysis of group polarization over time on twitter. Bulletin of science, technology & society, 30(5), 316-327.
Yoshida, M., & Toriumi, F. (2018). Do Political Detachment Users Receive Various Political Information on Social Media?. arXiv preprint arXiv:1806.10173.