ကိုဗစ်-၁၉ ကပ်ရောဂါကာလတွင်း ဒစ်ဂျစ်တယ်အာဏာရှင်စနစ်ကို ဖိလစ်ပိုင်နိုင်ငံတွင် လက်နက်သဖွယ် အသုံးပြုခြင်း

Celito Arlegue

ယခင်ကတည်းက အကျပ်အတည်းများကို ပြင်းထန်စွာ ဖိနှိပ်ကိုင်တွယ်လေ့ရှိသည့် အရှေ့တောင်အာရှ တွင် ကိုဗစ်-၁၉ ကပ်ရောဂါသည် “အရေးပေါ်နှင့် ယာယီ ဥပဒေများ ပြဋ္ဌာန်းခြင်း၊ ဒီမိုကရေစီ လုပ်ငန်းစဥ်များကို ရပ်ဆိုင်းခြင်း၊ နိုင်ငံရေးဝေဖန်မှုများကို ပိတ်ပင်ခြင်း၊ လှုပ်ရှားသွားလာမှုများကို ထောက်လှမ်းခြင်းနှင့် ဒေတာ စုဆောင်းသည့် လုပ်ငန်းများကို ပြုလုပ်ရန် အခွင့်အရေးပေး” ပါသည်။ ကပ်ရောဂါကို တုံ့ပြန်ရာတွင် လူ့အခွင့်အရေးကို ရှေ့တန်းတင်မည့်အစား အရှေ့တောင်အာရှရှိ အစိုးရ အများအပြား သည် သူတို့အာဏာကို ချုပ်ကိုင်ရန်နှင့် နိုင်ငံရေး အတိုက်အခံများကို ဖိနှိပ်ရန် ကပ်ရောဂါကို အသုံးချ ကြပါသည်။

ကိုဗစ်-၁၉ ကပ်ရောဂါစတင်ပြီး နှစ်နှစ်အကြာတွင် ကပ်ရောဂါသည် လူမျိုးရေး-အမျိုးသားရေး ဝါဒီများ၊ လူများကြိုက်လိုက်သည့် နိုင်ငံရေးသမားများ၊ အာဏာရှင်များ လက်ထဲတွင် “ကပ်ရောဂါနှင့် မသက်ဆိုင်သော ဖိနှိပ်ရေးနည်းလမ်းများကိုပါ ပြဋ္ဌာန်းရန် အကြောင်းပြချက်” ဖြစ်လာပါသည်။

“Tales of Future Cities” Lea Zeitoun @the.editing.series Instagram

ဖိလစ်ပိုင်နိုင်ငံသည် ဒေသတွင်းတွင် ကိုဗစ်-၁၉ တုံ့ပြန်ရာတွင် “လွန်စွာ စစ်ရေးဆန်သော/စစ်တပ် အခြေပြုဖြစ်သော” နိုင်ငံဟု ဆိုလို့ရပါသည်။ ၄င်းက အရှေ့တောင်အာရှတွင် အပြင်းထန်ဆုံးသော လော့ခ်ဒေါင်းကို ပြုလုပ်ခဲ့သော်လည်း ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးနှုန်း၊ ကူးစက်နှုန်းမှာ အမြင့်မားဆုံး ဖြစ်ခဲ့သော နိုင်ငံ ဖြစ်ပါသည်။ ၂၀၂၂ မတ်လတွင် နိုင်ငံသည် ကူးစက်နှုန်းတွင် အဆင့် ၂၆ ရှိသလို၊ ကိုဗစ်-၁၉ ကြောင့် သေဆုံးနှုန်းတွင် အဆင့် ၂၁ တွင် ရှိပါသည်။ တင်းကျပ်သော လော့ခ်ဒေါင်းနှင့် ဗိုင်းရပ်စ်ပြန့်နှံ့မှုကို မထိန်းချုပ်နိုင်ခြင်းတို့ကြောင့် ၂၀၂၀ တွင် စီးပွားရေးသည် ၉.၅% ကျဆင်းခဲ့ပါသည်။ ယင်းမှာ ဒုတိယကမ္ဘာစစ်အပြီး အဆိုးရွားဆုံးဖြစ်ပြီး အာဆီယံနိုင်ငံများတွင်လည်း အဆိုးဆုံး အခြေအနေ ဖြစ်ပါသည်။ စီးပွားရေးကို ထိခိုက်ရုံသာမက အစိုးရ၏ “ဆိုးရွားစွာ လော့ခ်ဒေါင်းလုပ်သည့် နည်းလမ်း” ကြောင့်လွန်စွာ စစ်ရေးဆန်သော တုံ့ပြန်မှု ဖြစ်လာသည်။ ကိုဗစ်-၁၉ ကပ်ရောဂါကို ကျန်းမာရေးကိစ္စအနေဖြင့် ကိုင်တွယ်ရမည့် အစား ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး ကိစ္စသဖွယ် ကိုင်တွယ်ပါသည်။ အစိုးရက အင်တာနက်နှင့် ဆိုရှယ်မီဒီယာကို အစိုးရ၏ လုပ်ရပ်များ ကာကွယ်သည့်နည်းလမ်း အဖြစ် အသုံးချသလို ဝေဖန်သူများကို ဖိနှိပ်မှုအနေဖြင့်လည်း အသုံးပြုသည်။ ထို့ကြောင့် လူ့အခွင့်အရေး စောင့်ကြည့်ရန် မတည်ငြိမ်သည့် ပတ်ဝန်းကျင်တရပ် ဖြစ်လာသည်။

ဤစာတမ်း၏ ရည်ရွယ်ချက်မှာ ဖိလစ်ပိုင်နိုင်ငံ၏ စစ်ရေးဆန်သော ကိုဗစ်-၁၉ တုံ့ပြန်မှု၊ ဒစ်ဂျစ်တယ် အာဏာရှင်စနစ် ဖြစ်ထွန်းမှုနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများအကြား ဆက်စပ်ပေါ်ပေါက်နေသည့် အခြေအနေများကို ရှင်းလင်း တင်ပြရန် ဖြစ်ပါသည်။ ပို၍တိကျစွာ ဆိုရလျှင် “ဒစ်ဂျစ်တယ် အာဏာရှင် စနစ်၏ အထောက်အပံ့ဖြင့် ဖိလစ်ပိုင်နိုင်ငံ၏ စစ်ရေးဆန်သော ကိုဗစ်-၁၉ တုံ့ပြန်မှုသည် ကိုဗစ်-၁၉ ကပ်ရောဂါကာလတွင် လူ့အခွင့်အရေး ချိုးဖောက်မှုများ မည်မျှ ဖြစ်ပွားစေသနည်း” ဆိုသည့် မေးခွန်းကို အဖြေပေးရန် ဖြစ်ပါသည်

Philippines: Manila Ninoy Aquino Stadium quarantine facility at Rizal Memorial Sports Complex. Wikipedia Commons

သမ္မတဒူတာတေး၏ စစ်ရေးဆန်သော ကိုဗစ်-၁၉ ကပ်ရောဂါ တုံ့ပြန်မှု

ကိုဗစ်-၁၉ ကပ်ရောဂါ စတင်ချိန်ကစပြီး အစိုးရက စစ်ပွဲသဖွယ်ပုံဖော်ခဲ့သဖြင့် မာရှယ်လောကဲ့သို့ ကန့်သတ်သည့် အခြေအနေများ ထုတ်ပြန်ခြင်းနှင့် ပြင်းထန်သော အရေးယူမှုများ ပြုလုပ်ခြင်းမှာ ပိုပြီး လက်ခံနိုင်ပုံ ပေါက်ခဲ့ပါသည်။ သမ္မတက သူ့မိန့်ခွန်းတရပ်တွင် စစ်တပ်နှင့် ရဲတပ်ဖွဲ့အနေဖြင့် လုံးဝသည်းမခံရန် မူဝါဒ ထုတ်ပြန်ခဲ့ပြီး ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ကန့်သတ်ချက်များကို ဖောက်ဖျက် ပါက သေနတ်ဖြင့် ပစ်ခံရနိုင်သည်ဟု ခြိမ်းခြောက်ခဲ့သည်။ ကိုဗစ်-၁၉ ကပ်ရောဂါ တိုက်ဖျက်ရေးအဖွဲ့ကို စစ်သားများနှင့် အငြိမ်းစား ရဲတပ်ဖွဲ့ဝင်များဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည့်အတွက် ကျန်းမာရေးဆိုင်ရာ ကပ်ရောဂါကို ထိုသို့ချဥ်းကပ်သည်မှာလည်း မဆန်းပေ။ စစ်ရေး ဆန်သည့် အဆိုပါ ချဥ်းကပ်ပုံက ရလဒ်ကောင်း မထွက်သလောက် ဖြစ်သည့်အခါ ဒူတာတေး အစိုးရက သူ့ချဥ်းကပ်ပုံကို ဒစ်ဂျစ်တယ် အာဏာရှင်စနစ် လက်နက်ကိုသုံးပြီး ကာကွယ်ပါတော့သည်။

ကပ်ရောဂါ၏ အစောပိုင်းလများတွင် ဖိလစ်ပိုင်နိုင်ငံသည် ရီပတ်ဘလစ်အက် ၁၁၄၆၉ (‘အတူတကွ ကျန်းမာရေး ဘာရန်နီဟန်အက်) ကို ထုတ်ပြန်ခဲ့သည်။ အဆိုပါ အက်ဥပဒေတွင် လုပ်ကြံသတင်းများ ဖြန့်ဝေခြင်းကို အရေးယူသည့် အငြင်းပွားဖွယ် ပုဒ်မတရပ်ပါဝင်ပါသည်။ အဆိုပါပုဒ်မတွင် “အများပြည်သူ အတွက် ခိုင်လုံသော သို့မဟုတ် အကျိုးရှိသော သတင်းမျိုးမဟုတ်ဘဲ၊ ပြည်သူလူထု အတွင်း အထိတ်တလန့် ဖြစ်စေခြင်း၊ ပရမ်းပတာ ဖြစ်စေခြင်း၊ မင်းမဲ့စရိုက်ဖြစ်စေခြင်း၊ အကြောက်တရားနှင့် စိတ်ရှုပ်ထွေးမှု ဖြစ်စေခြင်းတို့ ဖြစ်စေသော မမှန်သတင်းများ ဖြန့်ဝေသူ” ကို “နှစ်လအထိ ထောင်ဒဏ် ဖြစ်စေ၊ သို့မဟုတ် ပီဆို တသန်း (အမေရိကန်ဒေါ်လာ ၂ သောင်းခန့်) ဖြစ်စေ” ဒဏ်ရိုက်ရမည်ဟု ဖော်ပြထားသည်။

တာလမာရမ်းက ကောက်ချက်ချသည်မှာ ဖိလစ်ပိုင်အစိုးရသည် ကိုဗစ်-၁၉ သတင်း အချက်အလက် များကို ထိန်းချုပ်ပြီး သူ့၏ ကပ်ရောဂါ ကာကွယ်ရေးလုပ်ငန်းများတွင် မလုံလောက်မှုများ ရှိနေသည်ကို ဖုံးကွယ်လိုပုံ ရသည်ဟု ဆိုသည်။ ယင်းအချက်ကို ရက်ပလာက ထောက်ခံသည်။ သူကဆိုသည်မှာ ဒူတာတေး အစိုးရသည် ဆိုရှယ်မီဒီယာကို အသုံးပြုပြီး ကိုဗစ်-၁၉ ကပ်ရောဂါ တုံ့ပြန်ရာတွင် ဖိလစ်ပိုင်သည် ကောင်းမွန်စွာ ဆောင်ရွက်နေသည်ဆိုသည့်ပုံ ဖြစ်အောင် ဖန်တီးခဲ့သည်။ ရက်ပလာက ဆိုသည်မှာ “ကိုဗစ်-၁၉ တုံ့ပြန်ပုံနှင့် ပတ်သက်ပြီး ဒူတာတေးကို နိုင်ငံခြားမှ ပုဂ္ဂိုလ်များနှင့် သတင်းဌာန များက အသိအမှတ်ပြု ချီးကျူးကြောင်း  ပို့စ်အတုများတွေ့ရပြီး ယင်းတို့မှာ တမင်ဖန်တီးလုပ်ကြံ ထားသည့် ပို့စ်များ ဖြစ်သည်ဟု” ဆိုသည်။ ကွန်ဒေးကလဲ “ဖိလစ်ပိုင် အမျိုးသားအဆင့် အစိုးရနှင့် ဒေသန္တရအစိုးရတို့သည် ကိုဗစ်-၁၉ အရေးပေါ် ဥပဒေများကို အသုံးပြုပြီး ဝေဖန်သူများကို ဖိနှိပ်ရန် သူတို့၏ အခွင့်အာဏာကို ကျင့်သုံးနေသည်” ဟုဆိုထားသည်။ အစိုးရဝေဖန်သူများကို ကိုဗစ်-၁၉ နှင့် ပတ်သက်သော မမှန်သတင်းများ ဖြန့်ဝေနေသည်ဟု စွပ်စွဲကာ အရေးယူခြင်း ဖြစ်သည်။ အဓိကအားဖြင့် အစိုးရကို ဆန့်ကျင်နေသူများမှာ အာဏာပိုင်များ အရေးယူရန် လွယ်ကူသည့် ပစ်မှတ်များ ဖြစ်လာသည်။

မကြာသေးမီနှစ်များအတွင်း ဖိလစ်ပိုင်နိုင်ငံ၏ နိုင်ငံရေးသမားများနှင့် ကိုယ်စားလှယ်လောင်းများသည် ပြိုင်ဖက်များကို နာမည်ဖျက်ရန်နှင့် သူတို့ကိုယ်သူတို့ မြှင့်တင်ရန် troll အဖွဲ့များ အသုံးပြုလာသည်။ ဒူတာတေး အာဏာရလာခြင်းသည်ပင် ဒစ်ဂျစ်တယ်အာဏာရှင်စနစ် ထွန်းကားလာခြင်းကြောင့် ဟု ဆိုနိုင်သည်။ နာမည်ကြီး နိုင်ငံရေးအကြံပေးကုမ္ပဏီ ဖြစ်သည့် Cambridge Analytica ၏ မူရင်း ကုမ္ပဏီ ဖြစ်သော Strategic Communications Laboratories ကပါ ပါဝင်ပတ်သက်နေသည်။

ကြော်ငြာကုမ္ပဏီ အမှုဆောင်ဟောင်းတဦးဖြစ်သူ နစ်ဂါဘူနာဒါက ဒူတာတေးသည် ပုံမှန် မီဒီယာများတွင် ကြော်ငြာထည့်သွင်းရန် ပိုက်ဆံမရှိသည့်အတွက် “ဆိုရှယ်မီဒီယာ အုပ်စုများကို အသုံးချ” ကာ ဆောင်ရွက်ရန် သူ့ကမ်ပိန်းအဖွဲ့က ဆုံးဖြတ်ခဲ့သည်ဟု ဆိုသည်။ ၄င်းအုပ်စုများကို အသုံးပြုပြီး သမ္မတကို ဝေဖန်သူများဖြစ်သည့် ဒုသမ္မတလန်နီရိုဘရီဒို၊ ဆီးနိတ်အမတ် လေလာဒီလီမာ၊ ရက်ပလာ စီအီးအိုနှင့် ၂၀၂၁ နိုဘယ်လ်ဆုရှင် မာရီယာရက်ဆာတို့ကို နာမည်ဖျက်သည်။ အောက်စ်ဖို့ဒ် တက္ကသိုလ်က ပြုလုပ်သည့် ၂၀၁၇ ခုနှစ် လေ့လာချက်တွင် သမ္မတ ဒူတာတေးကို ထောက်ခံပြီး သူ့ဝေဖန်သူများကို ပစ်မှတ်ထားသည့် ဝါဒဖြန့်ချီမှုများ ဆောင်ရွက်ရန် ဖိလစ်ပိုင်ပီဆို ဆယ်သန်း (ဒေါ်လာ ၂သိန်း) သုံးစွဲခဲ့သည်ဟု ဆိုထားသည်။ လေ့လာချက်တွင် ဒူတာတေး၏ အွန်လိုင်းယန္တယားတွင် သူ့၏ နိုင်ငံရေးပါတီ Partido Demokratiko Pilipino-Lakas ng Bayan ၊ သူ့၏ ဆိုရှယ်မီဒီယာ မန်နေဂျာ ဂါဘူနာဒါ၊ လုပ်အားပေးအဖွဲ့များနှင့် ပိုက်ဆံပေးထားသည့် ဆိုင်ဘာကြေးစားများ ပါဝင်သည်။

၂၀၂၁ ခုနှစ်တွင် ဆီးနိတ်လွှတ်တော်အမတ် တဒါဇင်က troll အုပ်စုများကို အစိုးရပိုင်ဘဏ္ဍာငွေကြေးဖြင့် လည်ပတ်စေလျက်ရှိခြင်းနှင့် ပတ်သက်သော စွပ်စွဲချက်များကို စုံစမ်းစစ်ဆေးရန် တောင်းဆိုခဲ့သည်။ ယင်းမှာ ဆီးနိတ်လွှတ်တော်အမတ်တဦးက “အစိုးရ ဒုဝန်ကြီးတဦးသည် နိုင်ငံရေးပြိုင်ဖက်များနှင့် သမ္မတဒူတာတေးအစိုးရနှင့် အဆင်မပြေသော သူများကို ပစ်မှတ်ထားရန် အင်တာနက် troll အုပ်စုများ ဖန်တီးနေကြောင်း” ပြောပြီးနောက်တွင် ဖြစ်သည်။ ထို့အပြင် ဘဏ္ဍာရေးဝန်ကြီးဌာနက ပြည်သူ့ဆက်ဆံရေး လုပ်ငန်းရှင်တဦးကို အတိုင်ပင်ကြေး ဖိလစ်ပိုင်ပီဆို ၉၀၉၁၂၂ (အမေရိကန် ဒေါ်လာ ၁၈၀၀၀) ပေးပြီး ဆက်သွယ်ရေးမဟာဗျူဟာ ရေးဆွဲစေခဲ့သည်ကို စုံစမ်းစစ်ဆေးရန် ပြုလုပ်ခဲ့သည်။ ယင်းပုဂ္ဂိုလ်ကို ဖေ့စ်ဘုတ်က “၂၀၁၉ မတ်လတွင် ဒူတာတေး ထောက်ခံအားပေးသူ အကောင့်အတုများ ကွန်ရက် ပြုလုပ်ခဲ့သူ” ဟု အမည်တပ်ခဲ့ပြီး ဖေ့စ်ဘုတ်မှ ဖယ်ရှား” ခဲ့သည်။

ယင်းဖြစ်ရပ်များကို ကြည့်ခြင်းအားဖြင့် ဆိုရှယ်မီဒီယာကို အသုံးပြုပြီး ပြည်သူလူထု၏ ထင်မြင်မှုကို ပုံဖော်ရန် ပြုလုပ်ခြင်းမှာ ဒူတာတေးအစိုးရ၏ လုပ်နည်းကိုင်နည်းပင် ဖြစ်ကြောင်းတွေ့နိုင်သည်။ ယင်းကြောင့်လည်း သမ္မတဒူတာတေးက ဆင်းကတ်ဘေလ် ဥပဒေကို ဧပြီ ၂၀၂၂ တွင် ဗီတိုဖြင့် ပယ်ချခဲ့ခြင်း ဖြစ်သည်။ ဆင်းကတ်များဝယ်ယူရာတွင် နာမည်အစစ်များ သုံးရသည့်အခါ troll အုပ်စုများ ဆောင်ရွက်ခြင်း အပေါ် ထိခိုက်နိုင်သောကြောင့် ဖြစ်သည်။

City checkpoint at Maasin City, Southern Leyte, The Philippines, 2020. Photo: Pascal Canning, Shutterstock

လူ့အခွင့်အရေးအပေါ် သက်ရောက်မှု

ဒူတာတေးအစိုးရက ကပ်ရောဂါ၏ အစောပိုင်းလများတွင် စစ်ရေးဆန်သည့် တုံ့ပြန်ချက်ဖြင့် ထိန်းချုပ်ရန် ကြိးစားခဲ့သည့်အတွက် ကွာရန်တင်းကန့်သတ်ချက်များကို ချိုးဖောက်သူများကို ဖမ်းဆီး ခဲ့သည်မှာ ၁၂၀၀၀၀ ဦးရေရှိခဲ့သည်။ စစ်တပ်နှင့် ရဲတပ်ဖွဲ့က စစ်ဆေးရေးဂိတ်များတွင် ကွာရန်တင်း ကန့်သတ်ချက်များ ပြုလုပ်ရာတွင် အာဏာကို အလွဲသုံးစားပြုလုပ်ခဲ့သည်ဆိုသော ရီပို့အမျိုးမျိုးလည်း ပေါ်ထွက်ခဲ့သည်။ အချို့ဖမ်းဆီးခံရသူများမှာ ခွေးလှောင်အိမ်ထဲ ထည့်ခံရခြင်း၊ အခေါင်းထဲ ထည့်ခံရခြင်း၊ နေလှမ်းခံရခြင်းများ ကြုံတွေ့ခဲ့သည်။ ဗိုင်းရပ်စ်ပိုမို ပြန့်ပွားနိုင်ချေရှိသည့် နေရာများ၊ အချုပ်ထောင်များထဲတွင် အုပ်စုလိုက် ထည့်သွင်းဖမ်းဆီးခြင်းလည်း ပြုလုပ်ခဲ့သည်။

ကိုဗစ်-၁၉ လော့ခ်ဒေါင်းအပြင် သမ္မတဒူတာတေး၏ “မူးယစ်စစ်ပွဲ” က ဤကာလတွင် ပိုမို ပြင်းထန် လာခဲ့သည်။ ၂၀၂၁ ခုနှစ် လူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေး မှတ်တမ်းတခုတွင် သတ်ဖြတ် မှုများမှာ ကပ်ရောဂါကာလအတွင်း ၅၀ ရာခိုင်နှုန်း တိုးမြင့်ခဲ့ကြောင်း ဆိုထားသည်။ လူ့အခွင့်အရေး မဟာမင်းကြီးရုံး (OHCHR) ကလဲ ကိုဗစ်-၁၉ လော့ခ်ဒေါင်းကာလအတွင်း လူမှုတက်ကြွ လှုပ်ရှားသူများကို ဦးတည်ဆောင်ရွက်သည့် “စစ်တပ်ဖြင့် ခြိမ်းခြောက်ခြင်း နည်းလမ်းများ” မှာလည်း ရပ်ဆိုင်းသွားခြင်း မရှိဟု မှတ်ချက်ချခဲ့သည်။

နိဂုံးချုပ်

ဖိလစ်ပိုင်အစိုးရက စစ်ရေးဆန်သော နည်းလမ်းဖြင့် ထိန်းချုပ်ရန် ကြိုးပမ်းခြင်းမှာ ကိုဗစ်-၁၉ ရောဂါ ပြန့်ပွားမှုကို မထိန်းချုပ်နိုင်သောကြောင့် ဖြစ်သည်ဟု ဆိုချင်ပါသည်။ ဒစ်ဂျစ်တယ် အာဏာရှင်စနစ် နည်းလမ်းများ၏ အထောက်အပံ့ဖြင့် ဤကဲ့သို့သော တုံ့ပြန်မှုသည် ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားမှု မြင့်မားနေချိန်တွင် လူ့အခွင့်အရေး ချိုးဖောက်မှုများ ဖြစ်ပေါ်စေပါသည်။ ခြုံပြီးတင်ပြရလျှင် ပြီးခဲ့သည့် နှစ်များအတွင်း ဒစ်ဂျစ်တယ်အာဏာရှင်စနစ် ဖြစ်ထွန်းမှုများသည် စိတ်ပူစရာ အခြေအနေတွင် ရှိပါသည်။ ကိုဗစ်-၁၉ ရောဂါကာလတွင် ဖိလစ်ပိုင်နိုင်ငံ၌ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို ခြိမ်းခြောက်နေသည့် အန္တရာယ်များမှာ လက်နက်သဖွယ် ဖြစ်လာပါတော့သတည်း။ ။

Celito Arlegue
ဆယ်လ်တီလို အာလိသည် အာရှရှိ နိုင်ငံရေးပါတီများကွန်ရက်ဖြစ်သော အာရှလစ်ဘရယ်နှင့် ဒီမိုကရက်များကောင်စီ (CALD) တွင် အမှုဆောင် ဒါရိုက်တာ ဖြစ်ပါသည်။ လက်ရှိတွင် ဖိလစ်ပိုင်နိုင်ငံ မနီလာရှိ စိန့်ဘီနီဒေး ကောလိပ်ရှိ ဒီပလိုမေစီနှင့် အုပ်ချုပ်ရေးကျောင်းတွင် ကထိကအဖြစ် ဆောင်ရွက်နေပါသည်။

Banner: A woman wearing a face mask with a message of ousting the Philippine President Rodrigo Duterte in a protest on the 34th Anniversary of Mendiola Massacre in Mendiola, Manila on January 22, 2021. Kel Malazarte, Shutterstock

References

Asia Centre, COVID-19 and democracy in Southeast Asia, last modified 4 December 2020, https://asiacentre.org/covid-19_and_democracy_in_southeast_asia/

Antonio Guterres, We are all in this together: Human rights and COVID-19 response and recovery, last modified 23 April 2020, https://www.un.org/en/un-coronavirus-communications-team/we-are-all-together-human-rights-and-covid-19-response-and
Michelle Bachelet, Exceptional measures should not be cover for human rights abuses and violations – Bachelet,  last modified 27 April 2020, https://www.ohchr.org/EN/NewsEvents/Pages/DisplayNews.aspx?NewsID=25828&LangID=E

Statista, Number of novel coronavirus (COVID-19) cases worldwide by country, accessed 15 March 2022, https://www.statista.com/statistics/1043366/novel-coronavirus-2019ncov-cases-worldwide-by-country/

Statista, Number of novel coronavirus (COVID-19) deaths worldwide by country, accessed 15 March 2022,  https://www.statista.com/statistics/1093256/novel-coronavirus-2019ncov-deaths-worldwide-by-country/

Beatrice Laforga, Philippines GDP shrinks by record 9.5% in 2020, Business World, 29 January 2021, https://www.bworldonline.com/philippine-gdp-shrinks-by-record-9-5-in-2020/

Philippines to be Southeast Asia’s worst performer this year, Business World, 11 December 2020,  https://www.bworldonline.com/philippines-to-be-se-asias-worst-performer-this-year/

Karl Hapal, The Philippines’ COVID-19 response: Securitizing the pandemic and disciplining the pasaway, Journal of Current Southeast Asian Affairs, last modified 18 March 2021, https://doi.org/10.1177/1868103421994261

Defense Secretary Delfin Lorenzana chairs the National Task Force against COVID-19, while retired Armed Forces of the Philippines (AFP) general Carlito Galvez Jr. was named as the chief implementer of the government’s pandemic response. Another retired AFP general, Interior Secretary Rodolfo Ano, serves as vice chairperson of the Inter-Agency Task Force on Emerging Infectious Diseases (IARF-EID). In that capacity, he recommended then Chief of the PNP Directorial Staff to lead the Joint Task Force COVID Shield, which aims to enforce IATF-EID protocols by coordinating police forces. See  Simon Levien, Meet the generals leading COVID response in Indonesia and the Philippines, Rappler, last modified 25 August 2020, https://www.rappler.com/newsbreak/iq/meet-generals-leading-covid-response-philippines-indonesia/

Fernan Talamayan, Statistical (in)capacity and government (in)decisions: The Philippines in the time of COVID-19, Conflict, Justice, Decolonization: Critical Studies of Inter-Asian Societies (2020), last modified 23 March 2021, https://papers.ssrn.com/sol3/papers.cfm?abstract_id=3808937

12 times social media boosted Duterte’s lies, Rappler, last modified 2 July 2021, https://www.rappler.com/newsbreak/iq/times-social-media-boosted-rodrigo-duterte-lies-false-statement/

Carlos Conde, Killings in the Philippines up 50% during the pandemic, last modified 8 September 2020,  https://www.hrw.org/news/2020/09/08/killings-philippines-50-percent-during-pandemic

Shashank Bengali, S. and Evan Halper, Troll armies, a growth industry in the Philippines, may soon be coming to an election near you, Los Angeles Times, last modified 19 November 2019, https://www.latimes.com/politics/story/2019-11-19/troll-armies-routine-in-philippine-politics-coming-here-next

Raissa Robles, How Cambridge Analytica’s parent company helped ‘man of action’ Rodrigo Duterte win the Philippine election, South China Morning Post, last modified 4 April 2018, https://www.scmp.com/news/asia/southeast-asia/article/2140303/how-cambridge-analyticas-parent-company-helped-man-action

Trolls and triumph: a digital battle in the Philippines, BBC News, last modified 7 December 2016, https://www.bbc.com/news/blogs-trending-38173842

Mikas Matsuzawa, Duterte camp spent $200,000 for troll army, Oxford study finds, Philippine Star, last modified 24 July 2017, https://www.philstar.com/headlines/2017/07/24/1721044/duterte-camp-spent-200000-troll-army-oxford-study-finds

12 senators seek investigation into troll farms, Philippine Senate, last modified 12 July 2021, https://legacy.senate.gov.ph/press_release/2021/0712_pangilinan2.asp

President Duterte justified his veto by citing concerns on free speech and data privacy. Those who support the SIM card registration provision said that it is meant to prevent disinformation, trolling and other communication-aided criminal activities.

Michelle Bachelet, Exceptional measures should not be cover for human rights abuses and violations – Bachelet,  last modified 27 April 2020, https://www.ohchr.org/EN/NewsEvents/Pages/DisplayNews.aspx?NewsID=25828&LangID=E

World Report 2021, Human Rights Watch (2021), https://www.hrw.org/sites/default/files/media_2021/01/2021_hrw_world_report.pdf

Freedom in the world 2021: Democracy under siege, Freedom House (2021), https://freedomhouse.org/report/freedom-world/2021/democracy-under-siege