ကမ္ဘောဒီးယားနှင့် အမေရိကန်ပြည်ထောင်စု သံတမန်ဆက်ဆံရေးသည် ၂၀၂၀ ပြည့်နှစ်တွင် အနှစ် ၇၀ ပြည့်ခဲ့ပါသည်။ နှစ်နိုင်ငံအကြား မယုံကြည်မှုနှင့် သံသယများတိုးပွားလာနေသည့် အခါသမယတွင် ပြည့်ခဲ့ခြင်းလည်း ဖြစ်သည်။ လွန်ခဲ့သည့် နှစ်များအတွင်း နှစ်နိုင်ငံဆက်ဆံရေးမှာ တိုးတက်လိုက်၊ ဆုတ်ယုတ်လိုက် ရှိနေခဲ့သည်။ အကြောင်းမှာလည်း ပထဝီနိုင်ငံရေးနှင့် မဟာဗျူဟာကျ အားပြိုင်မှုများ၊ လူ့အခွင့်အရေး၊ ဒီမိုကရေစီနှင့် သိပ်မကြာသေးမီက တရုတ်နှင့် သက်ဆိုင်သည့် အချက် 1 တို့ကြောင့် ဖြစ်သည်။ သို့သော် ပြီးခဲ့သည့် နှစ်များအတွင်းမှာမူ နှစ်နိုင်ငံဆက်ဆံရေးမှာ အထူးအားဖြင့် စွပ်စွဲခြင်းများ၊ ထိပ်တိုက်တွေ့ခြင်းများ၊ မယုံကြည်မှုများနှင့် ပြည့်နှက်နေခဲ့သည်။ ၂၀၁၇ ခုနှစ်တွင် ကမ္ဘောဒီးယားက အမေရိကန်ပြည်ထောင်စုကို လက်ရှိအချိန်တွင် ဖျက်သိမ်းလိုက်ပြီ ဖြစ်သည့် အဓိက အတိုက်အခံပါတီ ကမ္ဘောဒီးယား အမျိုးသားကယ်ဆယ်ရေးပါတီ (CNRP) နှင့် ပူးပေါင်းကြံစည်သည်ဟု စွပ်စွဲခဲ့သည်။ ၂၀၁၉ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စုက ကမ္ဘောဒီးယားသည် တရုတ်နိုင်ငံနှင့် လျှို့ဝှက် လက်မှတ်ရေးထိုးပြီး တရုတ်စစ်တပ်ကို ပရိဆီဟန်နော့ ပြည်နယ်ရှိ ကမ္ဘောဒီးယား ရီယန် ရေတပ်စခန်းကို အသုံးပြုခွင့် ပေးခဲ့သည်ဟု စွပ်စွဲခဲ့သည်။ နှစ်နိုင်ငံလုံးက အပြိုင်အဆိုင် စွပ်စွဲမှုများကို ငြင်းဆိုကြပြီး ပြန်လည်သင့်မြတ်ရေး ကြိုးပမ်းကြသော်လည်း နှစ်ဖက်ဆက်ဆံရေးမှာ တစတစ ပိုမိုဆိုးရွား လာလျက်သာ ရှိသေးသည်။
ဤစာတမ်းတွင် စာရေးသူသည် ပြီးခဲ့သည့်နှစ်များအတွင်း ရှိခဲ့သည့် ကမ္ဘောဒီးယား-အမေရိကန် ဆက်ဆံရေး တင်းမာမှုများကို လေ့လာတင်ပြထားပြီး တရုတ်-အမေရိကန် အပြိုင်ဖြစ်လာသည့် အခြေအနေနှင့် တရုတ်နိုင်ငံ၏ တိုးတက်လာမှုတို့ကို နောက်ခံထားသော အခြေအနေတွင် နှစ်နိုင်ငံ ဆက်ဆံရေး တိုးတက်အောင် ဘာတွေ လုပ်လို့ရမလဲဆိုတာကို တင်ပြထားပါသည်။
တင်းမာနေသည့် ကမ္ဘောဒီးယား-အမေရိကန် ဆက်ဆံရေး
၂၀၁၇ ခုနှစ်ကစပြီး ကမ္ဘောဒီးယား-အမေရိကန်ဆက်ဆံရေးသည် အဆိုးရွားဆုံး အခြေအနေသို့ ရောက်ခဲ့သည်။ ဇန်နဝါရီ ၂၀၁၇ တွင် ကမ္ဘောဒီးယားက ဒေသန္တရနှင့် အမျိုးသားအဆင့် ရွေးကောက်ပွဲများ ရှိသည်ကို အကြောင်းပြပြီး အမေရိကန်နှင့် ပူးတွဲစစ်ရေးလေ့ကျင့်မှု ဖြစ်သည့် အန်ကောဆန်တီနယ် လေ့ကျင့်ရေးကို ဖျက်သိမ်းခဲ့သည်။ ၂၀၁၇ ဖေဖော်ဝါရီတွင် ထိုစဥ်က ကမ္ဘောဒီးယားဆိုင်ရာ အမေရိကန်သံအမတ်ကြီး ဝီလီယံဟေ့ဒ်က ကမ္ဘောဒီးယားအနေဖြင့် စစ်တွင်းက အကြွေးဖြစ်သည့် ဒေါ်လာ သန်း ၅၀၀ ပြန်ဆပ်ရန် လိုအပ်ကြောင်း ပြောကြားခဲ့သည့်အတွက် ကမ္ဘောဒီးယား ပြည်သူများက စိတ်ဆိုးခဲ့ကြသည်။ အထူးသဖြင့် နိုင်ငံရေးခေါင်းဆောင်များက ယင်းအကြွေးသည် “ညစ်ပတ်ပြီး” “သွေးစွန်းနေသည့်” အကြွေးအဖြစ် ရှုမြင်သောကြောင့် ဖြစ်သည် 2။
၂၀၁၇ နှောင်းပိုင်းတွင် အတိုက်အခံပါတီ CNRP ကို တရားရုံးအမိန့်ဖြင့် ဖျက်သိမ်းခဲ့သည်။ ယင်းကို ကမ္ဘောဒီးယား အစိုးရက လွတ်လပ်သော မီဒီယာ၊ အရပ်ဖက်အဖွဲ့အစည်းနှင့် အတိုက်အခံ အုပ်စုများကို နှိပ်ကွပ်သော လုပ်ရပ်၏ တစိတ်တပိုင်းအဖြစ် ရှုမြင်ကြသည်။ ယင်းသို့ နှိပ်ကွပ်ခဲ့သည့်အတွက် ကမ္ဘောဒီးယား ပြည်သူ့ပါတီအနေဖြင့် ၂၀၁၈ ရွေးကောက်ပွဲတွင် ပြိုင်ဖက်မရှိအနိုင်ရခဲ့ကာ လွှတ်တော်တွင် ၁၂၅ နေရာလုံး အနိုင်ရခဲ့သည်။ ကမ္ဘောဒီးယားနိုင်ငံ၏ ဒီမိုကရေစီ နောက်ကြောင်း ပြန်နေကြောင်းနှင့် လူ့အခွင့်အရေး အခြေအနေ ယိုယွင်းလာနေကြောင်းကို ရည်ညွှန်းသည့် ရွေးကောက်ပွဲနှင့် ယင်းနောက် နှိပ်ကွပ်ခြင်းတို့ကြောင့် အမေရိကန်က ဝန်ကြီးချုပ်ဟွန်ဆင်နှင့် နီးစပ် သည့် တိုင်ကွန်များနှင့် အကြီးတန်း ကမ္ဘောဒီးယား အရာရှိများ၏ ဗီဇာများ ပိတ်ပင်ခြင်းနှင့် ပိုင်ဆိုင်မှုများ ထိန်းသိမ်းထားခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။ ဥပမာ – ဂလိုဘယ်လ်မက်နက်စခီ အက်ဥပဒေဖြင့် အမေရိကန်ငွေတိုက်ဌာနက ဟွန်ဆင်၏ သက်တော်စောင့်တပ်ဖွဲ့ တပ်ဖွဲ့မှူးဖြစ်သူ ဟင်ဘွန်းဟီယမ်နှင့် ကမ္ဘောဒီးယား ဘုရင့်စစ်တပ်၏ ကာကွယ်ရေးဦးစီးချုပ်ဟောင်း ကွန်ကင်တို့ကို ဆန်ရှင်များ ချမှတ်ခဲ့သည်။ အမေရိကန်က တရုတ် ကုမ္ပဏီတခုဖြစ်သည့် ယူနီယံဖွံ့ဖြိုးရေးအုပ်စု UDG ကိုလည်း ဒေသခံ ကမ္ဘောဒီးယား လယ်သမားများ၏ လယ်မြေကို သိမ်းဆည်းခြင်းနှင့် ဖျက်ဆီးခြင်းတို့အတွက် ဆန်ရှင်များ ချမှတ်ခဲ့သည် 3။ UDG က ဘိုအင်း ၇၄၇ လေယာဥ်များနှင့် စစ်လေယာဥ်များ ဆင်းသက်နိုင်သည့် နိုင်ငံတကာ လေဆိပ်တခုကို ၃.၈ ဘီလီယံ တန်ဖိုးရှိ ဒါရာဆာကော စီမံကိန်းဖြင့် ဆောင်ရွက်နေခြင်း ဖြစ်သည်။
ဒီဇင်ဘာ ၂၀၂၀ တွင် အမေရိကန် ပြည်ထောင်စုက ပေးအပ်သည့် အထူးအခွန်သက်သာခွင့် (GSP) အတွက် ကမ္ဘောဒီးယား၏ သက်တမ်းမှာ ကုန်ဆုံးသည် ဖြစ်ပြီး ဆက်လက်သက်တမ်းတိုးရန်အတွက် စောင့်စားနေရဆဲ ဖြစ်သည်။ အချို့က ပြီးခဲ့သည့် နှစ်များအတွင်း ဒီမိုကရေစီနှင့် လူ့အခွင့်အရေးများကို ယိုယွင်းလာသည့်အတွက် ကမ္ဘောဒီးယားကို GSP ကနေ ဖယ်ရှားခံရမည်ဟု သတိပေးခဲ့ကြသည် 4။ ယင်းနှင့် ဆက်စပ်ပြီး အမေရိကန်အောက်လွှတ်တော်က ကမ္ဘောဒီးယားဒီမိုကရေစီ အက်ဥပဒေ ၂၀၁၉ ကို ပြဋ္ဌာန်းခဲ့ပြီး စက်တင်ဘာ ၂၀၂၁ တွင်လည်း ထပ်မံ ပြဋ္ဌာန်းခဲ့သည်။ ယင်းဥပဒေသာ အတည်ဖြစ်လာ ပါက ကမ္ဘောဒီးယားဒီမိုကရေစီကို ပျက်စီးအောင် လုပ်ရာတွင် တာဝန်ရှိသည့် အကြီးတန်း ကမ္ဘောဒီးယား အရာရှိများလည်း ထပ်မံ ဆန်ရှင်များ ချမှတ်ခံရမည် ဖြစ်သည်။
၂၀၂၁ ဇွန်လတွင် အမေရိကန် ပြည်ထောင်စုက ကမ္ဘောဒီးယား ပရေးလမ် တောရိုင်း ထိန်းသိမ်းရေး ကန့်သတ်နယ်မြေတွင် သစ်တောပြုန်းတီးခြင်းများ မဖြစ်စေရေး အကာအကွယ်ပေးနေသည့် ကူညီ ထောက်ပံ့ရေး ပရိုဂရမ်တခုကို သက်တမ်းမကုန်ဆုံးမီ ဖျက်သိမ်းခဲ့သည်။ အကြောင်းပြချက်မှာ ကမ္ဘောဒီးယား အစိုးရက ယင်းကန့်သတ်နယ်မြေအတွင်း သစ်ခိုးထုတ်ခြင်းများကို ဟန့်တားရန် ပျက်ကွက်သောကြောင့် ဖြစ်သည် 5။ ယင်းဆုံးဖြတ်ချက်မှာလည်း ကမ္ဘောဒီးယား အာဏာပိုင်များက သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး တက်ကြွလှုပ်ရှားသူ လူငယ်များကို ဖမ်းဆီးပြီးနောက် ချမှတ် ခြင်းလည်း ဖြစ်သည်။ ၂၀၂၀ ပြည့်နှစ်တွင် ဆွီဒင်နိုင်ငံကလည်း အလားတူ ကမ္ဘောဒီးယားအစိုးရကို ပေးအပ်နေသည့် ဖွံ့ဖြိုးရေးအကူအညီများကို ဖြေးဖြေးချင်း ရုတ်သိမ်းသွားပြီး ယင်းတို့ကို လူ့အခွင့်အရေး လှုပ်ရှားသူများ၊ ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူများနှင့် အရပ်ဖက် အဖွဲ့အစည်းများ ကို ပြောင်းလဲပေးအပ်သွားရန် ဆုံးဖြတ်ခဲ့သည်။
နိုဝင်ဘာ ၂၀၂၁ တွင် ဝါရှင်တန်က နောက်ထပ် ကမ္ဘောဒီးယား အကြီးတန်း စစ်ဖက်အရာရှိနှစ်ဦးကို ထပ်မံ ဆန်ရှင်ချမှတ်ခဲ့သည်။ တဦးမှာ ကမ္ဘောဒီးယားဘုရင့်ရေတပ် ဦးစီးချုပ် တီးဗင့်ဖြစ်ပြီး ကမ္ဘောဒီးယား၏ အကြီးဆုံး ရေတပ်ဖြစ်သည့် ရီယမ်ရေတပ်စခန်း ဆောက်လုပ်ခြင်းနှင့် စပ်လျဥ်းရာတွင် လာဘ်စားမှု ရှိသည်ဟု စွပ်စွဲကာ ဆန်ရှင်ချမှတ်ခြင်း ဖြစ်သည်။ ယင်းဆန်ရှင်ကလည်း စက်တင်ဘာ ၂၀၂၀ တွင် အမေရိကန် ဘဏ္ဍာငွေဖြင့် ဆောက်လုပ်ခဲ့သည့် ရေတပ်စခန်းတခုကို ကမ္ဘောဒီးယားက ဖျက်သိမ်းခြင်းနှင့် ကမ္ဘောဒီးယားတွင် တရုတ်စစ်တပ် ရှိလာမည်ကို ပိုပြီးစိုးရိမ်လာသည့်အတွက် ချမှတ်ခြင်းလည်း ဖြစ်သည် 6။
ထို့အပြင် အကျင့်ပျက်ချစားခြင်း၊ လူ့အခွင့်အရေး ချိုးဖောက်ခြင်းနှင့် ကမ္ဘောဒီးယားတွင် တရုတ်က စစ်ရေးအရ လွှမ်းမိုးလာခြင်းတို့ကို ပိုပြီးစိုးရိမ်လာသည့်အတွက် ဒီဇင်ဘာ ၂၀၂၁ တွင် ဝါရှင်တန်က နောက်ထပ် ဆန်ရှငများ ချမှတ်ခဲ့ပြီး လက်နက်တင်ပို့ရောင်းချမှု ကန့်သတ်ခြင်းနှင့် ပို့ကုန် ကန့်သတ်ခြင်းများ ပါဝင်သည်။ ဝန်ကြီးချုပ် ဟွန်ဆင်က ယင်းတို့ကို ပြန်လည် လက်တုံ့ပြန်သည့် အနေဖြင့် နိုင်ငံတွင်းရှိ အမေရိကန်စစ်လက်နက်များကို ဂိုထောင်ထဲထည့်သိမ်းထားရန်၊ သို့မဟုတ် ဖျက်ဆီးပစ်ရန် ကမ္ဘောဒီးယားစစ်တပ်ကို အမိန့်ပေးခဲ့သည် 7။
ယင်းဆန်ရှင်များ၊ အပြန်အလှန် ဆောင်ရွက်မှုများနှင့် အဖြစ်အပျက်များကို ကြည့်ပါက ဖနွမ်းပင်နှင့် ဝါရှင်တန်အကြား ပိုပြီးတင်းမာလာသည့် အခြေအနေကို ထင်ဟပ်ပါသည်။ သို့သော် ယင်းတို့ထဲတွင် အဓိက ကျသည့် ကိစ္စမှာ ဘေဂျင်းကို ကမ္ဘောဒီးယားက စစ်ဖက်ဆိုင်ရာ ရည်ရွယ်ချက်များအတွက် ရီယမ်ရေတပ်စခန်းကို သုံးစွဲခွင့်ပြုကြောင်း စွပ်စွဲချက် ဖြစ်ပါသည်။ ကမ္ဘောဒီးယားနယ်နိမိတ်အတွင်း တရုတ်စစ်တပ် ရှိလာနိုင်ခြင်းက တင်းမာနေပြီ ဖြစ်သည့် ကမ္ဘောဒီးယား-အမေရိကန် ဆက်ဆံရေးကို ပိုမိုဆိုးရွားစေမည် ဖြစ်ပါသည်။ နှစ်နိုင်ငံအကြား မသေချာမှုများနှင့် မယုံကြည်မှုများလည်း တိုးပွား လာမည် ဖြစ်ပါသည်။ အထူးသဖြင့် ကမ္ဘောဒီးယားတွင် တရုတ်စစ်တပ် ရှိလာခြင်းကို ပူပန်ခြင်းနှင့် အရှေ့တောင်အာရှတွင် တရုတ်၏ သြဇာလွှမ်းမိုးမှုကို ပူပန်ခြင်း ဖြစ်ပါသည်။
အမေရိကန်ပြည်ထောင်စုက ကမ္ဘောဒီးယားနိုင်ငံ အာဏာရှင်ဆန်လာခြင်းနှင့် တရုတ်နှင့် နီးကပ် လာခြင်းကို စိုးရိမ်ခြင်းနှင့်အတူ ယင်းတို့က ကမ္ဘောဒီးယား၏ အနာဂတ်ကို အဆုံးအဖြတ်ပေးမည့် ကိစ္စရပ်များ ဖြစ်လာပါသည်။ သို့ဖြစ်သည့်အတွက် ကမ္ဘောဒီးယားအနေဖြင့် ပြင်ပကမ္ဘာနှင့် ဆက်ဆံရေးနှင့် ဒီမိုကရေစီ ဖော်ဆောင်ရေးတို့ကို သတိကြီးကြီးထားပြီး ဥာဏ်ရှိစွာ ဆောင်ရွက်ဖို့ လိုအပ်ပါသည်။ အမေရိကန်နှင့် တရုတ်အကြား ပြိုင်ဆိုင်မှု ပြင်းထန်လာခြင်းနှင့်အတူ ယင်း အင်အားကြီးနိုင်ငံများ အားပြိုင်မှုတွင် ကမ္ဘောဒီးယားအနေဖြင့် ကြားမညပ်စေဖို့ လိုပါသည်။ မဟုတ်ပါက လွန်ခဲ့သည့် ရာစုနှစ်ထက်ဝက်က ကြုံတွေ့ခဲ့ရသည့် အဖြစ်ဆိုးမျိုး ထပ်မံကြုံတွေ့ရနိုင် ပါသည် 8။
ဘာလုပ်ဖို့ လိုသလဲ
ကမ္ဘောဒီးယား-အမေရိကန်ဆက်ဆံရေးကို ပြင်ဆင်ရန်အတွက် အချို့လေ့လာသုံးသပ်သူများက အကြံပြုသည်မှာ အမေရိကန်ပြည်ထောင်စုအနေဖြင့် တရုတ်အရေးအပြင် ပိုမိုထိတွေ့ဆက်ဆံရန် လိုအပ်ပြီး “ယုံကြည်မှုတည်ဆောက်ရန်အတွက် သင့်တော်သည့် အခြေအနေများ ဖန်တီးရန်” လိုအပ်သည်ဟု အကြံပြုကြပါသည် 9။ ယင်းမှာ ကောင်းမွန်သော အကြံပြုချက် ဖြစ်သော်လည်း အမေရိကန် မူဝါဒချမှတ်သူများ၏ အမြင်ကို ပြောင်းလဲရန်နှင့် ယုံကြည်မှု ပြန်လည် တည်ဆောက်ပြီး ဆက်ဆံရေး ပြန်လည်ကောင်းမွန်စေရန်မှာ ကမ္ဘောဒီးယားအစိုးရ၏ တာဝန်ဖြစ်ကြောင်း စာရေးသူ အနေဖြင့် ဆိုချင်ပါသည်။ ယင်းရည်မှန်းချက်ကို အကောင်အထည်ဖော်ရန်အတွက် ကမ္ဘောဒီးယား အစိုးရအနေဖြင့် လုပ်ရမည့် ကိစ္စရပ်များ ရှိပါသည်။ အထူးသဖြင့် နှစ်နိုင်ငံ ဆက်ဆံရေး ပျက်စီးပြီး မယုံကြည်မှုများ၊ ပွတ်တိုက်မှုများ ဖြစ်နေပါက အမေရိကန်ထက် ကမ္ဘောဒီးယားအနေဖြင့် ပိုမို အရှုံးပေါ် နိုင်သောကြောင့် ဖြစ်ပါသည်။
ပထမဆုံးအနေဖြင့် ကမ္ဘောဒီးယားသည် သူ့၏ ပျက်စီးသွားသော ပုံရိပ်ကို ပြန်လည် ပြင်ဆင်ရန် လိုအပ်ပါသည်။ တရုတ်နှင့် နီးစပ်လွန်းသည့်အတွက် တရုတ်လက်ဝေခံနိုင်ငံ၊ တရုတ်လက်အောက်ခံ နိုင်ငံအဖြစ် သမုတ်ကြပါသည် 10။ ၂၀၁၂ ခုနှစ် အာဆီယံဥက္ကဌဖြစ်စဥ်က ကမ္ဘောဒီးယားသည် တရုတ် လက်ဝေခံနိုင်ငံဖြစ်သည်ဆိုသည့် အမြင်ကို ပိုမိုဆိုးရွားစေခဲ့ပါသည်။ ကမ္ဘောဒီးယားက မဟုတ်ကြောင်း ငြင်းဆိုသော်လည်း တရုတ်နိုင်ငံက ကမ္ဘောဒီးယားတွင်ရော၊ အရှေ့တောင်အာရှတွင်ပါ ပိုမို သြဇာ လွှမ်းမိုးလာလျက်ရှိရာ ယင်းထင်မြင်ချက်မှာ ဆက်ရှိနေမည် ဖြစ်ပါသည်။ သို့ဖြစ်ရာ ကမ္ဘောဒီးယားအနေဖြင့် နိုင်ငံတကာဆက်ဆံရေးနှင့် ပထဝီနိုင်ငံရေး ကျယ်ပြန့်သည့် ကိစ္စများကို စဥ်းစားရာတွင် တရုတ်ကို လိမ္မာပါးနပ်စွာ ထည့်တွက်ရန် လိုအပ်ပါသည်။ ကမ္ဘောဒီးယားအနေဖြင့် တရုတ်လက်ထဲ လုံးဝအပ်လိုက်ပြီး ရေရှည်လုံခြုံရေး ထိပါးခံရတာမျိုး ဖြစ်စေမည့်အစား အမေရိကန် နှင့် တရုတ်အကြား သံတမန်ဆက်ဆံရေးကို ပါးပါးနပ်နပ်ကိုင်တွယ်တတ်ဖို့ လိုအပ်ပါသည်။
ဒုတိယအနေဖြင့် ကမ္ဘောဒီးယားအစိုးရသည် အမေရိကန်ဆန့်ကျင်ရေး စိတ်ဓာတ်များ တဖက်သက် တိုးပွားလာစေနိုင်သည့် လုပ်ရပ်မျိုး ရှောင်ရှားရန် လိုအပ်ပါသည်။ ပြီးခဲ့သည့် နှစ်များအတွင်း အမေရိကန်က ဆန်ရှင်နှင့် ဖိအားကို တုံ့ပြန်ရာတွင် ကမ္ဘောဒီးယား အကြီးတန်းအရာရှိအချို့နှင့် သံတမန်အချို့က သံတမန်မဆန်သည့် နည်းလမ်းများဖြင့် ပြန်လည် ခွန်းတုံ့ပြန်ခဲ့ပါသည် 11။ ယင်းက ကမ္ဘောဒီးယားပြည်သူများ အမေရိကန် ဆန့်ကျင်ရေးစိတ်ဓာတ်ကို တိုးပွားလာစေနိုင်ပြီး အမေရိကန်နှင့် ဆက်ဆံရေးကို ထိခိုက်စေနိုင်ပါသည်။ သို့ဖြစ်ရာ ကမ္ဘောဒီးယားအရာရှိများနှင့် သံတမန်များအနေဖြင့် “ဝံပုလွေစစ်သည်တော် သံတမန်ရေး” (wolf warrior diplomacy) ကို မကျင့်သုံးဘဲ အမေရိကန် နိုင်ငံခြားရေး မူဝါဒနှင့် အကျိုးစီးပွားများကို ပိုမိုနားလည်နိုင်သည့် နည်းလမ်းဖြင့် ချဥ်းကပ်သင့်ပါသည်။ ယင်းတို့ကို ထည့်သွင်းစဥ်းစားသော မူဝါဒမျိုးချမှတ်ပြီး ပြည်တွင်းတွင်လည်း လူမှုရေး၊ နိုင်ငံရေး ပြဿနာများကို ကိုင်တွယ်ဖြေရှင်းသင့်ပါသည်။
တတိယအားဖြင့် ကမ္ဘောဒီးယား၏ ငယ်ရွယ်ပြီး နုနယ်သည့် ဒီမိုကရေစီသည် CNRP ဖျက်သိမ်းခံရပြီး နောက် နောက်ကြောင်း ပြန်နေသည်ဟု မြင်ကြပါသည်။ ယင်းကဲ့သို့ ဒီမိုကရေစီ နောက်ကြောင်း ပြန်နေသည့်အတွက် ကမ္ဘောဒီးယားအနေဖြင့် လစ်ဘရယ်ဒီမိုကရေစီနိုင်ငံများ၊ အမေရိကန်နှင့် ဥရောပ သမဂ္ဂကဲ့သို့ အဖွဲ့များနှင့် ကောင်းစွာဆက်ဆံနိုင်ရန် ခက်ခဲနေပါသည်။ ဥရောပသမဂ္ဂက ၂၀၂၀ တွင် ကမ္ဘောဒီးယားကို အပ်နှင်းထားသည့် လက်နက်ကလွဲပြီး ကျန်သောကုန်သွယ်မှုအားလုံးကို ခွင့်ပြုပေး ထားသည့် ခွင့်ပြုချက်ကို တပိုင်း ပြန်လည် ရုတ်သိမ်းသွားခြင်းနှင့် အမေရိကန်က အကြီးတန်း ကမ္ဘောဒီးယား အရာရှိများကို ဆန်ရှင်အမျိုးမျိုး ချမှတ်လာခြင်းက ကမ္ဘောဒီးယားနှင့် အဓိက လစ်ဘရယ် ဒီမိုကရေစီနိုင်ငံများအကြား ပိုမိုဆိုးရွားလာသည့် ဆက်ဆံရေးကို ရည်ညွှန်းနေပါသည် 12။ သို့ဖြစ်ရာ ကမ္ဘောဒီးယားအနေဖြင့် သူ့၏ ပြည်သူလူထုနှင့် ဖွံ့ဖြိုးရေး မိတ်ဖက်များကို မျှော်လင့်ချက် ပြန်ပေးသည့် အနေဖြင့် ဒီမိုကရေစီ လမ်းကြောင်းပေါ် ပြန်လည်တင်ပေးရန် အရေးကြီးပါသည်။ ကမ္ဘောဒီးယားတွင် ရှိခဲ့သည့် ဒီမိုကရေစီ အတိုင်းအတာတခုအထိ ဖွံ့ဖြိုးမှု ရှိခဲ့သည့် အခြေအနေသို့ ပြန်လည် ရောက်ရှိရန် လိုအပ်ပါသည်။
စတုတ္ထအနေဖြင့် ၂၀၂၂ တွင် ကမ္ဘောဒီးယားအနေဖြင့် အာဆီယံဥက္ကဌရာထူး တာဝန်ယူရမှာ ဖြစ်သည့် အတွက် ယင်းတွင် အမေရိကန်နှင့် သံတမန်ဆက်ဆံရေး ပြန်လည်မြှင့်တင်ရန်နှင့် အာဆီယံ – အမေရိကန် ဆက်ဆံရေး တိုးမြှင့်ရန် အခွင့်အရေး ရှိနေပါသည်။ ကမ္ဘောဒီးယား – အမေရိကန် ဆက်ဆံရေး ပြန်လည်မြှင့်တင်ရန်အတွက်မှာ ကမ္ဘောဒီးယားအနေဖြင့် နိုင်ငံခြားရေး မူဝါဒတွင် လွတ်လပ်စွာနှင့် ဘက်မလိုက်ဘဲ ဆောင်ရွက်ရေးမူများကို ကျင့်သုံးဖို့ လိုအပ်ပါသည်။ ကမ္ဘောဒီးယားလို နိုင်ငံငယ်အနေဖြင့် အထူးအားဖြင့် အင်အားကြီးနိုင်ငံများ ပိုမို အားပြိုင်လာနေသည့် အချိန်တွင် ပြင်ပ ကမ္ဘာက ဖိအားများကို ကြံ့ကြံ့ခံနိုင်ရန် ခက်ခဲသော်လည်း ကမ္ဘောဒီးယားအနေဖြင့် နိုင်ငံတကာနှင့် ဒေသတွင်း ကိစ္စရပ်များတွင် ဘက်မလိုက်သော၊ အားလုံးပါဝင်သော နည်းလမ်းကို ကျင့်သုံးနိုင်ဖို့ လိုအပ်ပါသည်။ ကမ္ဘောဒီးယားက အထူးသဖြင့် တရုတ်ပါဝင်သော ကိစ္စများ၊ အာဆီယံ ထိပ်သီး အစည်းအဝေးကဲ့သို့ အဆင့်မြင့်အစည်းအဝေးများတွင် ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ ကိစ္စရပ်များ အပေါ် လွတ်လပ်ပြီး ခိုင်မာသော နိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးကြောင်း ပြနိုင်ပါက ကမ္ဘောဒီးယား-အမေရိကန် ဆက်ဆံရေး ပြန်လည်ကောင်းမွန်လာနိုင်ပါသည်။
ပဉ္စမအားဖြင့် ကမ္ဘောဒီးယားနှင့် ဆက်ဆံရေး တိုးတက်စေရန် အမေရိကန်ပြည်ထောင်စုအနေဖြင့် ဆောင်ရွက်လို့ရသည့် ကိစ္စများ ရှိပါသည်။ ကမ္ဘောဒီးယားနှင့် ဆက်ဆံရေးကို မလျှော့ချဘဲ တိုးမြှင့်ဖို့ လိုအပ်ပြီး မဟာဗျူဟာကျကျ ဆောင်ရွက်ရန် လိုအပ်ပါသည်။ အထူးသဖြင့် တရုတ်နိုင်ငံက ကမ္ဘောဒီးယားနှင့် ဒေသတွင်း သြဇာပိုမို ကြီးထွားလာသည့် ကိစ္စရပ်များအပြင် ကမ္ဘောဒီးယားကို တရုတ် ကိစ္စထက် ပိုမြင်ဖို့ လိုအပ်ပါသည်။ အထူးသဖြင့် ကမ္ဘောဒီးယားခေါင်းဆောင်များနှင့် ယုံကြည်မှု တည်ဆောက်ဖို့ လိုအပ်ပါသည်။ ထိုသို့ ဆောင်ရွက်ရန်မှာ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ကိစ္စထက်ပိုပြီး ကမ္ဘောဒီးယားနှင့် ဆက်ဆံရန် လိုအပ်ပါသည်။ အခြေခံအဆောက်အဦ ဖွံ့ဖြိုးရေးနှင့် ကပ်ရောဂါအလွန် စီးပွားရေး ပြန်လည်ဦးမော့ရေးကိစ္စရပ်များတွင် အကူအညီများ ပိုမိုပေးအပ်ခြင်းဖြင့် ကမ္ဘောဒီးယား-အမေရိကန် ဆက်ဆံရေးကို ပြန်လည်ကောင်းမွန်ပြီး ခိုင်မာလာအောင် ဆောင်ရွက်လို့ ရပါသည်။
အနှစ်ချုပ်အားဖြင့် ကမ္ဘောဒီးယား-အမေရိကန် ဆက်ဆံရေးအပေါ် အမေရိကန်၏ အခန်းကဏ္ဍ ကြီးမားစွာ ရှိနေသော်လည်း အမေရိကန်နှင့် နှစ်ဖက်ဆက်ဆံရေး တိုးမြှင့်ရန်မှာ ကမ္ဘောဒီးယားအနေဖြင့် ဦးဆောင် ဆောင်ရွက်ဖို့ လိုအပ်ပါသည်။ နိုင်ငံက သေးငယ်ပြီး သြဇာနှင့် အရှိန်အဝါ အကန့်အသတ်ဖြင့် ရှိနေသည့် နိုင်ငံ ဖြစ်သည့်အတွက် ကမ္ဘောဒီးယားအနေဖြင့် အမေရိကန်၏ နိုင်ငံခြားရေး မူဝါဒအပေါ် အကန့်အသတ် ဖြင့်သာ ပြောင်းလဲနိုင်ပါသည်။ သို့သော်လည်း ကမ္ဘောဒီးယားအနေဖြင့် အပြန်အလှန် ယုံကြည်မှုနှင့် နားလည်မှု တည်ဆောက်လို့ ရပါသည်။ ဖနွမ်းပင်အနေဖြင့် ကမ္ဘာ့စီးပွားရေးအင်အား အတောင့်တင်းဆုံး နိုင်ငံနှင့် ဆက်ဆံရာတွင် ပြင်လွယ်ပြောင်းလွယ်ရှိမှု၊ ဆင်ခြင်မျှော်တွေးမှု၊ မှန်မှန်ကန်ကန် သုံးသပ်နိုင်မှု တို့လိုအပ်ပါသည်။ ကမ္ဘောဒီးယားအနေဖြင့် တရုတ်လက်ဝေခံနိုင်ငံအဖြစ် အမြင်မခံရစေရန် ဒေသတွင်း နှင့် နိုင်ငံတကာ ကိစ္စရပ်များတွင် ဘယ်လိုဆောင်ရွက်မည်ကို စဥ်းစားသင့်ပါသည်။ တရုတ်အောက် ရောက်နေသည်ဟု အမြင်ခံရပါက အရှေ့တောင်အာရှနှင့် အာရှ-ပစိဖိတ် ဒေသတွင် တရုတ်၏ သြဇာကို ကန့်သတ်နိုင်ရန် ကြိုးပမ်းနေသည့် အမေရိကန်နှင့် ထိပ်တိုက်တိုးမည်မှာ သံသယဖြစ်ဖွယ် မရှိပါ။ ကမ္ဘောဒီးယားတွင် ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ကောင်းမွန်စွာ ဖွံ့ဖြိုးလာရန် ကမ္ဘောဒီးယား – အမေရိကန် ဆက်ဆံရေး ကောင်းမွန်နေဖို့ လိုအပ်ပါသည်။ ဆက်ဆံရေး တင်းမာနေပါက ကမ္ဘောဒီးယား၏ အနာဂတ်မှာ မရေမရာ ဖြစ်နေတော့မှာ ဖြစ်ပါတော့သတည်း။
Kimkong Heng
Kimkong Heng သည် သြစတြေးလျနိုင်ငံ ကွင်းစ်လန်းတက္ကသိုလ်တွင် သြစေတြးလျ စကေားလားရှစ်ဖြင့် တက်ရောက်နေသည့် PhD ကျောင်းသားတဦး ဖြစ်ပါသည်။ သူက ကမ္ဘောဒီးယား ပညာရေး ဖိုရမ်ကို ပူးတွဲတည်ထောင်သူနှင့် အယ်ဒီတာချုပ်လည်း ဖြစ်ပြီး ကမ္ဘောဒီးယားဖွံ့ဖြိုးရေး စင်တာတွင် အကြီးတန်း သုတေသတနသမားလည်း ဖြစ်ပါသည်။ သူ့၏ သုတေသနဆိုင်ရာ စိတ်ဝင်စားမှုများတွင် TESOL ၊ သုတေသန ဆောင်ရွက်ခြင်းနှင့် နိုင်ငံခြားရေး မူဝါဒတို့ ပါဝင်သည်
Notes:
- Leng, Thearith, and Vannarith Chheang, “Are Cambodia-US Relations Mendable?,” Asia Policy 28, no. 4 (2021): 124-133. https://muse.jhu.edu/article/836215/pdf ↩
- Chheang, Vannarith, “Cambodia Rejects Paying ‘Dirty Debt’ to the US,” Al Jazeera, March 21, 2017, https://www.aljazeera.com/opinions/2017/3/21/cambodia-rejects-paying-dirty-debt-to-the-us. ↩
- US Department of the Treasury, “Treasury Sanctions Chinese Entity in Cambodia Under Global Magnitsky Authority,” September 15, 2020, https://home.treasury.gov/news/press-releases/sm1121 ↩
- Suy, Heimkhemra, “Trade Holds the Key to the Renewal of US-Cambodia Ties,” The Diplomat, May 27, 2021, https://thediplomat.com/2021/05/trade-holds-the-key-to-the-renewal-of-us-cambodia-ties/ ↩
- Mech, Dara, “Updated: US Ends Funding in $21M Prey Lang Project, Citing Continued Logging,” VOD English, June 17, 2021, https://vodenglish.news/us-ends-funding-to-21m-prey-lang-project-citing-continued-logging/ ↩
- Ali, Idrees, “Cambodia Demolished U.S.-Built Facility on Naval Base: Researchers,” Reuters, October 3, 2020, https://www.reuters.com/article/us-usa-cambodia-military-idUSKBN26N39O ↩
- Bangkok Post, “Angry Hun Sen Orders US Weapons Destroyed,” December 10, 2021, https://www.bangkokpost.com/world/2230015/angry-hun-sen-orders-us-weapons-destroyed ↩
- Vann, Bunna, “As US-China Rivalry Grows, Will Cambodia’s Tragedy Return?,” Politikoffee, June 28, 2021, https://www.politikoffee.com/en/politik/5685 ↩
- Sao, Phal Niseiy, “US Engagement with Cambodia Needs to Move Beyond the ‘China Factor,’” The Diplomat, June 4, 2021, https://thediplomat.com/2021/06/us-engagement-with-cambodia-needs-to-move-beyond-the-china-factor/ ↩
- Heng, Kimkong, “Rethinking Cambodia’s Foreign Policy Towards China and the West,” International Policy Digest, May 31, 2019, https://intpolicydigest.org/rethinking-cambodia-s-foreign-policy-towards-china-and-the-west ↩
- Heng, Kimkong, “Cambodia in 2019 and Beyond: Key Issues and Next Steps Forward,” Cambodian Journal of International Studies 3, no. 2 (2019): 121-143. https://uc.edu.kh/cjis/CJIS%203(2)%20Heng%20paper%20abstract.pdf ↩
- Heng, Kimkong, “Cambodia in 2019 and Beyond: Key Issues and Next Steps Forward,” Cambodian Journal of International Studies 3, no. 2 (2019): 121-143. https://uc.edu.kh/cjis/CJIS%203(2)%20Heng%20paper%20abstract.pdf ↩