ထိုင်းနိုင်ငံ၏ စီးပွားရေးသည် ကျယ်ပြန့်သော ကျားဖြန့် အွန်လိုင်းလိမ်လည်မှုများကြောင့် ၂၀၂၄ ခုနှစ်တွင် ဘတ်ဘီလီယံ ၆၀ ဆုံးရှုံးခဲ့ရပြီး သန်းနှင့်ချီသော နိုင်ငံသားများသည် ခေတ်မီဆန်းပြားသော တယ်လီဖုန်းနှင့် SMS လိမ်လည်မှုများ၏ သားကောင် ဖြစ်ခဲ့ရပါသည်။ ထိုင်းတော်ဝင်ရဲတပ်ဖွဲ့ (RTP) သည် ၂၀၂၄ ခုနှစ် ပထမသုံးလပတ်တွင် အွန်လိုင်း လိမ်လည်မှုပေါင်း ၄ သိန်း ကျော်ကို အစီရင်ခံတင်ပြခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုးမှာ ဒေါ်လာ ၁.၈၉ ဘီလီယံအထိ ဆုံးရှုံးခဲ့ကြောင်း တွေ့ရှိထားပါသည်။ အလားတူ ၂၀၂၅ ခုနှစ် Global Anti-Scam Alliance (GASA) ၏ အစီရင်ခံစာအရ စစ်တမ်း ကောက်ယူခဲ့သည့် ထိုင်းအရွယ်ရောက်ပြီးသူ ၇၂ ရာခိုင်နှုန်းသည် လိမ်လည်ရန် ကြိုးပမ်းမှုများနှင့် ကြုံတွေ့ရပြီး ၆၀ ရာခိုင်နှုန်းသည် လွန်ခဲ့သည့် ၁၂ လအတွင်း လိမ်လည်လှည့်ဖြားခံရကာ ၁၄ ရာခိုင်နှုန်းသည် လူတဦးလျှင် ပျမ်းမျှ ၄၀၈ ဒေါ်လာ ဆုံးရှုံးခဲ့ကြောင်း တွေ့ရှိခဲ့ပါသည်။
ဤသိသာထင်ရှားသော ဘဏ္ဍာရေးဆုံးရှုံးမှုများ နှင့်အတူ ထိုအချိန်က ၀န်ကြီးချုပ် ဖြစ်သူ ပေထုန်တန်ရှင်နာဝပ်ထရာ သည် မြန်မာနှင့် ထိုင်းနယ်စပ်တလျှောက် တက်ခ်ခရိုင်တွင် လည်ပတ်နေသော ကျားဖြန့်စင်တာများကို ဖြိုခွင်းမှု ပြုလုပ်ခဲ့ပါသည်။ ကမ္ဘောဒီးယား၊ လာအိုနှင့် မြန်မာနိုင်ငံတို့တွင် ရာဇ၀တ်ဂိုဏ်းပေါင်းစုံ အခြေချ ဆောင်ရွက်နေသည့် တရားမဝင် ကျားဖြန့်စင်တာများမှ လူပေါင်း ၇,၀၀၀ ကို ကယ်တင်နိုင်ခဲ့ပါသည်။ ဖြိုခွင်းမှုများ နောက်ပိုင်းတွင် အင်ဒိုနီးရှားနိုင်ငံသား ၈၀ ကျော်နှင့် တရုတ်နိုင်ငံသား ၉၄ ဦးတို့ကို နေရပ်ပြန်ပို့နိုင်ခဲ့ပါသည်။ လိမ်လည်မှုများသည် နှစ်များစွာ အတွင်း လူထောင်ပေါင်းများစွာကို သားကောင် ဖြစ်စေခဲ့ပြီး ယင်းတို့ထဲတွင် ထိုင်ဝမ်၊ တရုတ်၊ ဟောင်ကောင်၊ မကာအိုနှင့် ဗီယက်နမ်တို့မှ နိုင်ငံသားများ ပါဝင်သည့်အတွက် ၄င်းနိုင်ငံ အစိုးရများမှ တုံ့ပြန်ချက်များ ပေါ်ပေါက်လာစေခဲ့ပါသည်။ တရား ဥပဒေစိုးမိုးရေးနှင့် ပြည်တွင်းနိုင်ငံရေးအရ လုပ်ပြနေသော်လည်း သမားရိုးကျ မဟုတ်ဟုဆိုရမည့် လုံခြုံရေး ခြိမ်းခြောက် မှုများကို ကိုင်တွယ်ရာတွင် အနည်းငယ်သာ အောင်မြင်ခဲ့သည်ဟု ဆိုရမည် ဖြစ်ပါသည်။ ဤဆောင်းပါးသည် ထိုင်းနိုင်ငံ အတွင်းနှင့် အိမ်နီးချင်း မြန်မာ၊ ကမ္ဘောဒီးယား တို့တွင် ကြုံနေရသည့် အွန်လိုင်း လိမ်လည်မှုများသည် သမားရိုးကျ မဟုတ်သော လုံခြုံရေးစိန်ခေါ်ချက် ဖြစ်သည်ဆိုသည့် အကြောင်းကို ပိုင်းခြားစိတ်ဖြာ တင်ပြထားပါသည်။ ရှေ့လာမည့် သုံးသပ်ချက်၏ အဓိကအချက်မှာ အရှေ့တောင်အာရှတွင် ကျယ်ပြန့်သော တရားဥပဒေစိုးမိုးရေးနှင့် သမားရိုးကျ လုံခြုံရေး တိုးတက်မှုများ ကင်းမဲ့နေခြင်းသည် ထိုင်းနိုင်ငံသားများနှင့် နိုင်ငံခြားသားအများအပြားသည် လက်သွက်သည့် ရာဇ၀တ်မှု ကွန်ရက်များ၏ သားကောင်ဖြစ်နေဦးမည် ဆိုသည့် အကြောင်းကို တင်ပြထားပါသည်။

တိုက်ဖျက်ခြင်းသည် အချည်းနှီးတော့မဟုတ်
ဝန်ကြီးချုပ် ပေထုန်တန် သည် ၂၀၂၄ ခုနှစ်တွင် ရာထူးမှ ပြုတ်သည့် ဆရီသာသက်ဗီဆင်ထံမှ ဖြူထိုင်းပါတီကို လွှဲပြောင်း ရယူသောအခါတွင် ဆိုက်ဘာရာဇ၀တ်မှု၊ လိမ်လည်မှုနှင့် နိုင်ငံဖြတ်ကျော်မှုခင်းများကို တိုက်ဖျက်ရန်မှာ မူဝါဒရေးရာ ဦးစားပေးဆယ်ခုထဲမှ တခုဖြစ်သည်ဟု ဆိုပါသည်။ တရုတ် မော်ဒယ်နှင့် သရုပ်ဆောင်တဦးကို ထိုင်းနယ်မြေမှ အိမ်နီးချင်း မြန်မာနိုင်ငံသို့ ပြန်ပေးဆွဲသွားသောအခါတွင် တရုတ်နိုင်ငံသား တသောင်းကျော်က ထိတ်လန့်တကြား သူတို့၏ ထိုင်းလာလည်ဖို့ နှစ်သစ်ကူး အစီအစဥ်များကို ဖျက်လိုက်သည့်အတွက် ထိုင်းနိုင်ငံ၏ ၂၀၁၉ ဆိုက်ဘာလုံခြုံရေး အက်ဥပဒေကို ပြင်ဆင်ဖို့ ဖြစ်လာခဲ့ပါသည်။ ထို့အပြင် ၂၀၂၂ ခုနှစ် နိုင်ငံတော်၏ ဒစ်ဂျစ်တယ် ပလက်ဖောင်း ဝန်ဆောင်မှု ဥပဒေအောက်ရှိ ဒစ်ဂျစ်တယ်ပလက်ဖောင်းများနှင့် စားသုံးသူအကာအကွယ်ပေးရေးတို့ကို တိုးမြှင့်လုပ်ဆောင်ရန် အခြားမူဝါဒ ပြန်လည် သုံးသပ်မှုများ ဆောင်ရွက်ရန် တွန်းအားပေးခဲ့ပါသည်။ ပေထုန်တန်သည် ပူးပေါင်းဆောင်ရွက်မည်ဟု ကတိကဝတ်ပြုကြောင်း အခိုင်အမာပြောကြားခဲ့ပါသည်။ နိုင်ငံတွင်း အကြောက်တရားများ လျော့ပါးစေရန်အတွက် တရုတ်နိုင်ငံပိုင် မီဒီယာများကလည်း မြန်မာနိုင်ငံရှိ ဒေသများကို ဓာတ်အားဖြတ်တောက်ပြီးနောက် လိမ်လည်မှု အရေအတွက် ချက်ခြင်းဆိုသလို ကျဆင်းသွားကြောင်း တွေ့ရှိခဲ့ရသည်ဟု ထုတ်ပြန်ခဲ့ပြီး ထိုင်းနိုင်ငံတွင် ဆိုက်ဘာမှုခင်း ဖြစ်ပွားမှု အရေအတွက်သည် ဖေဖော်ဝါရီ ၅ ရက် (ငါးပတ်ခန့်အကြာ) မှ စပြီး ၂၀ ရာခိုင်နှုန်း ကျဆင်သွားကြောင်း ဖော်ပြခဲ့ ကြပါသည်။ များမကြာမီတွင် ထိုင်းနိုင်ငံသည် ၎င်း၏ နည်းပညာ ရာဇ၀တ်မှုများ တားဆီးနှိမ်နင်းရေး တော်ဝင်အမိန့် ထုတ်ပြန်ပြီး ဘဏ်များအတွက် ထပ်လောင်း တာဝန်များနှင့် ကိုယ်ရေးကိုယ်တာ အချက်အလက် အလွဲသုံးစားမှုများအတွက် ရာဇ၀တ်မှု သတ်မှတ်ခြင်းဖြင့် ပြောင်းလဲမှုများ ပြုလုပ်ခဲ့ပါသည်။ နစ်နာခဲ့ရသူများ အတွက် လျော်ကြေးငွေ ပြန်ပေးဖို့လည်း ကြိုးစားနေပါသည်။
သို့သော်လည်း ဤဥပဒေပြုရေး ကြိုးပမ်းမှုများသည် ပြဿနာ၏ ကြီးမားမှုကို တားဆီးရန် မျှော်လင့်ချက် မရှိသလောက် ဖြစ်ပါသည်။ ကျူးလွန်သူများသည် ဥပဒေက လက်လှမ်းမမီသော မှုခင်းလုပ်ငန်းများအတွင်း ဘယ်သူဘယ်ဝါ မသိသည့် အဖွဲ့ဝင်များ ဖြစ်လေ့ရှိပါသည်။ ရာဇ၀တ်ဂိုဏ်းများကို ၂၀၂၅ ခုနှစ် အစောပိုင်းတွင် ဖြိုခွင်းခဲ့သော်လည်း မြန်မာနိုင်ငံတွင် တရားဥပဒေ စိုးမိုးမှု ကင်းမဲ့နေသည့် မြဝတီဒေသတွင် ရာဇ၀တ်ဂိုဏ်းများ ဆက်လက်လည်ပတ်နေဆဲ ဖြစ်ပါသည်။ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး (OHCHR) ၏ ၂၀၂၃ ခုနှစ် အစီရင်ခံစာအရ မြန်မာနိုင်ငံတဝှမ်းတွင် လူကုန်ကူးခံရသူပေါင်း အနည်းဆုံး ၁ သိန်း ၂ သောင်း နှင့် ကမ္ဘောဒီးယားတွင် ၁ သိန်း လောက်မှာ ဆက်လက် ဖမ်းဆီးခံထားရဆဲ ဖြစ်ပြီး အွန်လိုင်းမှ အတင်းအကျပ် လိမ်လည်ခိုင်းစေခံနေရဆဲ ဖြစ်ပါသည်။ ထိုအချိန်က ပြည်သူ့ပါတီအမတ် Rangsiman Rome က မြန်မာနိုင်ငံတွင် လိမ်လည်သူ ၃ သိန်း ခန့်ရှိကြောင်း ခန့်မှန်းထားပြီး အဓိက နေရာ ၄၀ တွင် လိမ်သည့် အလုပ်လုပ်နေပါသည် ။ ရာဇ၀တ်ဂိုဏ်းများသည် ဒေသတွင်း အကျိုးအမြတ်များသော အလုပ်တခု ရမည်ဟု လိမ်လည်သည့်စကားဖြင့် ပြည်ပနိုင်ငံသားများကို သွေးဆောင်ဖျားယောင်းသည့်အတွက် ခေါင်းပုံဖြတ်ခံနေရသည့် အနေအထား ဖြစ်ပါသည်။ စီးနင်းမှုအတွင်း တွေ့ရှိရသည်မှာ ပိတ်မိနေသူများစွာသည် သတင်းအချက်အလက်နည်းပညာ (IT)၊ အင်ဂျင်နီယာ၊ ဖောက်သည်ဝန်ဆောင်မှုစသည့် အလုပ်များ ရမည်ဟု အလိမ်ခံရပြီး လိမ်လည် လှည့်ဖြားမှုများစွာတို့သည် ရှုပ်ထွေးရှုပ်ထွေးသော cryptocurrency လိမ်လည်မှု၊ လူမှုမီဒီယာ စျေးဝယ် လိမ်လည်မှု များအပြင် WhatsApp၊ Instagram နှင့် Facebook တွင် လှည့်စားမှုပုံစံမျိုးစုံဖြင့် ရောက်ရှိလာကြောင်း တွေ့ရှိရပါသည်။ ဂါးဒီးယန်း (UK) သတင်းစာတွင် ဖော်ပြထားသည့် ဖြစ်စဥ်တခုတွင် နိုင်ရိုဘီမှ ဘန်ကောက်သို့ ဝန်ဆောင်မှုလုပ်ငန်းတွင် အလုပ်ရမည်ဆိုပြီး ထွက်ခွာလာသည့် အသက် ၂၆ နှစ်အရွယ် ကင်ညာ အမျိုးသားတဦးသည် အလုပ်ရှာပေးသည့် ကျသင့်ငွေ ဒေါ်လာ ၁,၅၀၀ ကျော်ပေးရန် သူငယ်ချင်းများထံမှ ချေးယူပြီး ထွက်ခွာလာခဲ့ပါသည်။ သို့သော် သူရောက်လာသည့် အခါ သူ့ပတ်စ်ပို့ကို လက်နက်ကိုင်များက သိမ်းဆည်းလိုက်ကာ မြန်မာနိုင်ငံတွင် တံတိုင်းခတ်ထားသည့် ခြံဝင်းတခုတွင် အတင်းအကျပ် ခိုင်းစေခံရပါတော့သည်။ ထိုင်းနိုင်ငံ၏ လိမ်လည်မှု ပြဿနာများသည် နာမည်ဆိုးဖြင့်ကျော်ကြားပြီး နယ်နိမိတ်များ အားနည်းခြင်းနှင့် အကျင့်ပျက်ခြစားသော ဥပဒေများကြောင့် ဖြစ်ပါသည်။ ဆက်ဆံရေးတင်းမာနေသည့် ကမ္ဘောဒီးယားနိုင်ငံကို ကြည့်ပါက ပူးပေါင်းဆောင်ရွက်မှု နည်းပါးသွားရုံသာမက အမျိုးသားရေးစိတ်ဓာတ်အတွက် အသုံးချစရာ ကိစ္စဖြစ်လာပါသည်။ ကမ္ဘောဒီးယားအထက်တန်းလွှာများသည် ကဏ္ဍများစွာတွင် တရားမဝင် လည်ပတ်မှုများ နှင့် ဆက်စပ်နေကြောင်း ကောင်းစွာသိရပြီး ၎င်းတို့ထဲမှ အချို့မှာ လိမ်လည်မှုလုပ်ငန်းများတွင် ပါဝင်ပတ်သက်နေပါသည်။ ယင်းကို ကမ္ဘောဒီးယား နိုင်ငံရေးနှင့် စီးပွားရေးဆိုင်ရာ ပုဂ္ဂိုလ်များနှင့် ကျားဖြန့် လုပ်ငန်းဆောင်ရွက်နေသည့် တရုတ် နိုင်ငံသားများ အကြား ညှိနှိုင်းလုပ်ဆောင်မှုများရှိနေခြင်းတွင် တွေ့နိုင်ပါသည်။ မြန်မာနိုင်ငံသည် တရားဥပဒေစိုးမိုးမှု ပြိုလဲခြင်းကြောင့် ပိုဆိုးသည့် အခြေအနေတွင် ရှိနေပြီး အတိုက်အခံအဖွဲ့များနှင့် ပူးပေါင်းသွားခြင်း၊ လေကြောင်း တိုက်ခိုက်မှုများ ရှိနေခြင်းတို့ကြောင့် တရားဥပဒေစိုးမိုးရေး လက်ကျန်မှာ ပျက်သုဉ်းနေပြီ ဖြစ်ပါသည်။ ထို့ကြောင့် ထိုင်းနိုင်ငံ၏ လိမ်လည်မှုအကျပ်အတည်းကို တိုက်ဖျက်ရန် သော့ချက်မှာ နောက်ဆုံးတွင် ပိုမိုပူးပေါင်းဆောင်ရွက်သော ချဉ်းကပ်မှု အပေါ် မူတည်ပါသည်။
ဒေသတွင်း ချဉ်းကပ်မှု မရှိခြင်း
ကျယ်ပြန့်လာသည့် လူကုန်ကူးမှုနှင့် လိမ်လည်လှည့်ဖြားမှုကို ထိန်းချုပ်ရန် ထိုင်းအာဏာပိုင်များ ထိရောက်စွာ ဆောင်ရွက်မှု မရှိခြင်းသည် ၂၀၂၅ ခုနှစ် မတ်လ၊ ကုလသမဂ္ဂတွင် သတိပေးနှိုးဆော်မှု ဖြစ်ပေါ်စေခဲ့ပြီး ခေတ်သစ် ကျွန်ပြုမှုပုံစံများနှင့် လူကုန်ကူးမှုဆိုင်ရာ အထူးကိုယ်စားလှယ် Tomoya Obokata နှင့် Siobhán Mullally တို့က နှစ်နိုင်ငံနှင့် အပြည်ပြည်ဆိုင်ရာ လူကုန်ကူးမှု တားဆီးရေး၊ နေရပ်ပြန်ပို့ရေး ပံ့ပိုးမှု၊ ဒေသတွင်း တုံ့ပြန်မှုများနှင့် ပြည်သူများအား အကာအကွယ်ပေးခြင်း ကဲ့သို့သော ဘက်ပေါင်းစုံမှ အစီအမံများနှင့် ပတ်သက်သည့် အသေးစိတ်အချက်အလက်များ ထိုင်းအစိုးရထံမှ တောင်းဆိုခဲ့ပါသည်။ ထိုင်းနိုင်ငံ တနိုင်ငံတည်းသာမက ကမ္ဘောဒီးယားနှင့် မြန်မာတို့သည်လည်း စာများ လက်ခံရရှိသော ရှစ်နိုင်ငံထဲတွင် ပါဝင်ပါသည်။ စိုးရိမ်ပူပန်မှုများထဲမှ တချက်မှာ ဒေသတွင်း ချဉ်းကပ်မှုမရှိဘဲ ပြဿနာကို ဖြေရှင်းရန် မည်မျှ ခက်ခဲသည်ဆိုသည့် အချက်ဖြစ်ပါသည်။ ဥပမာအားဖြင့် အာဆီယံ လုပ်ငန်းဆောင်တာ ယန္တရားနှစ်ခုဖြစ်သည့် ကိုယ်ရေးကိုယ်တာ အချက်အလက် ကာကွယ်ရေးဆိုင်ရာ မူဘောင်နှင့် ဒစ်ဂျစ်တယ်ဒေတာ အုပ်ချုပ်မှုဆိုင်ရာ မူဘောင်တို့ကို ၂၀၁၆ နှင့် ၂၀၁၈ ခုနှစ်တို့တွင် အသီးသီး ချမှတ်ခဲ့ပါသည်။ သို့သော်လည်း တနိုင်ငံမှတနိုင်ငံ ကိုယ်ရေးကိုယ်တာ အချက်အလက် ကာကွယ်နိုင်မှုမှာ အားနည်းနေပါသည်။
ဆန့်ကျင်ဘက်အားဖြင့် ဒိန်းမတ်သည် ကမ္ဘာပေါ်တွင် အခိုင်မာဆုံး ကိုယ်ရေးကိုယ်တာ ဒေတာ ကာကွယ်ရေး ဥပဒေများရှိပြီး၊ နိုင်ငံသား အားလုံးသည် မျက်နှာအသွင်အပြင်နှင့် အသံအပါအဝင် ၎င်းတို့၏ ကိုယ်ပိုင် ကိုယ်ခန္ဓာကို ပိုင်ဆိုင်ခွင့်ရှိရေး သေချာစေရန် မူပိုင်ခွင့်ဥပဒေများကို ၂၀၂၅ ခုနှစ် ဇွန်လတွင် အတည်ပြုခဲ့ပါသည်။ ရည်ရွယ်ချက်မှာ လူတဦး၏ ရုပ်ရည် သွင်ပြင်နှင့် အသံကို လွှမ်းခြုံထားသည့် AI မှဖန်တီးသည့် Deepfakes ကဲ့သို့သော နောက်ထပ်လိမ်လည်မှုများနှင့် အခြားလိမ်လည်မှုများကို ဥရောပတွင် အံကိုက် ဖြေရှင်းနိုင်ရန် စံသတ်မှတ်ထားရန် ဖြစ်ပါသည်။ ဥပမာအားဖြင့် အာဆီယံ နိုင်ငံများတွင်မူ ဥပဒေပိုင်းဆိုင်ရာ အကာအကွယ်မှာ အတိုင်းအတာ အမျိုးမျိုးနှင့် ရှိနေပါသည်။ ထိုင်းနိုင်ငံ၏ နောက်ဆုံး ထွက်ရှိသည့် ဥပဒေအရ ကိုယ်ရေးကိုယ်တာ အချက်အလက် ကာကွယ်စောင့်ရှောက်ရေး ကော်မတီ (PDPC) သည် တဦးချင်း အချက်အလက် ချိုးဖောက်မှုကဲ့သို့ ပြစ်မှုမြောက်သည့် လုပ်ဆောင်ချက်အတွက် ပြင်းပြင်းထန်ထန် ပြစ်ဒဏ် ချမှတ်ရန် ပြဋ္ဌာန်းထားပြီး ထောင်ဒဏ် တနှစ်အထိ သို့မဟုတ် ဒဏ်ငွေ ဘတ်ငွေ ၁ သိန်း အထိ ပြစ်ဒဏ် သတ်မှတ် ထားပါသည်။ စင်္ကာပူနိုင်ငံသည် အဆင့်မြင့်ဆုံး အကာအကွယ်ပေးနိုင်မှုနှင့် ဒေတာ လုံခြုံရေးအတွက် EU နှင့် ပူးပေါင်း ဆောင်ရွက်နေသည့် အာဆီယံ (၉) နိုင်ငံစာရင်းတွင် ထိပ်ဆုံးမှ ရပ်တည်နေပါသည်။ အထူးသဖြင့် ကလေးများအတွက် ဒေတာ ကာကွယ်ရေးကို တိုးမြှင့်ရန်အတွက် ဥရောပသမဂ္ဂ (EU) နှင့် မိတ်ဖက် ပူးပေါင်း ဆောင်ရွက်လျက်ရှိပြီး ပူးပေါင်းဆောင်ရွက်မှု ထိပ်ဆုံး ငါးနိုင်ငံထဲတွင် ပါဝင်ပါသည်။
သို့သော်လည်း ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုတွင် ရိုးသားမှု မရှိခြင်းကြောင့် အာဆီယံအတွင်း အကောင်းဆုံး အလေ့အကျင့်များ ချမှတ်ရန် အကန့်အသတ်များ ရှိနေပါသည်။ ကမ္ဘောဒီးယား နယ်စပ်တလျှောက်ရှိ Sa Kaeo ခရိုင်တွင် ၁၀ နာရီကြာ စေ့စပ်ညှိနှိုင်းပြီးနောက် ထောက်လှမ်းရေး သတင်းမျှဝေရန် သဘောတူညီမှု ရရှိခဲ့သည်မှာ ၂၀၂၅ ခုနှစ် စက်တင်ဘာလလယ်တွင် ဖြစ်ပါသည်။ အနီးနားရှိ Poi Pet တွင် လူလိမ်လုပ်ငန်းများရှိသည့်အတွက် ဇွန်လအတွင်းက ပေထုန်တန် လာရောက်ကြည့်ရှုသည့်နေရာသည် Sa Kaeo ခရိုင် ဖြစ်ပါသည်။ ထိုင်းနှင့် ကမ္ဘောဒီးယား နှစ်နိုင်ငံစလုံးသည် ၎င်းတို့၏ နယ်စပ်တလျှောက် နှိမ်နင်းရေး ကြိုးပမ်းမှုများကို အရှိန်မြှင့် လုပ်ဆောင်နေကြသော်လည်း၊ ကမ္ဘောဒီးယားသည် လူကုန်ကူးမှုနှင့် ဆိုက်ဘာရာဇ၀တ်မှုဆိုင်ရာလုပ်ငန်းကို အကာအကွယ်ပေးထားသည့်အတွက် ဟန်ပြဖော်ရှိုးသာ ဖြိုခွဲခြင်း ဖြစ်ပါသည်။ အချို့သော ခန့်မှန်းချက်များအရ ဤလူလိမ်လုပ်ငန်းများမှ တစ်နှစ်လျှင် ဝင်ငွေ ဒေါ်လာ ၁၉ ဘီလီယံ သို့မဟုတ် ကမ္ဘောဒီးယား GDP ၏ ၆၀ ရာခိုင်နှုန်းအထိ ရှိနေနိုင်ပါသည်။

ကြန့်ကြာနေခြင်းက ကံကောင်းမှုဖြစ်နေခြင်း
ကမ္ဘောဒီးယားနှင့် ပဋိပက္ခဖြစ်ပွားနေပြီး မြန်မာနိုင်ငံတွင် ပြောင်းလဲနေသော အခင်းအကျင်းသည် ကျားဖြန့်လူလိမ်လုပ်ငန်း ပြဿနာဖြေရှင်းရန် တိုးတက်မှု နှေးကွေးစေသော်လည်း ထိုင်းနိုင်ငံတွင် အစိုးရအဖွဲ့နှင့် ဝန်ကြီးချုပ်သစ် ခန့်အပ်ရန် နိုင်ငံရေး မငြိမ်သက်မှု ဖြစ်နေခြင်းက ကံကောင်းစရာ ဖြစ်လာပါသည်။ အကြောင်းမှာ တရားဝင်ခွင့်ပြုထားသော ကာစီနိုဂိမ်းများဟု ဆိုရမည့် အပန်းဖြေစခန်းများ တည်ဆောက်ရန် ကြိုးပမ်းမှုများကို ရပ်တန့်သွားစေခြင်းကြောင့် ဖြစ်ပါသည်။ ယခင်အာဏာရ ဖြူထိုင်းပါတီ (PTP) မှ စီးပွားရေးတိုးတက်မှုနှင့် ထိုင်းနိုင်ငံ၏ “အပျော့စားပါဝါ” ကို တည်ဆောက်ရန် တွန်းအားပေးခဲ့သော ကာစီနိုဥပဒေသည် ၀န်ကြီးချုပ် Anutin Charnvirakul အား အာဏာလွှဲပြောင်းစဉ်တွင် အဟန့်အတား ဖြစ်သွားပုံ ရပါသည်။ ၂၀၂၅ ခုနှစ် ဇွန်လတွင် Bhumjaithai ခေါင်းဆောင် က ပေထုန်တန်၏ ကာစီနိုဥပဒေကို တရုတ်ခရီးသွားဝင်ရောက်မှု ကျဆင်းသွားစေသည့်အတွက် အပြစ်တင်ခဲ့ပြီး ယင်းလူပြိန်းကြိုက်မူဝါဒသည် တရုတ်သမ္မတ ရှီကျင့်ပင်ထံမှ တုံ့ပြန်ချက်များ လက်ကမ်းသလို ဖြစ်နိုင်သည်ဟု သတိပေးခဲ့ပါသည်။ အနုတင်က ဆိုသည်မှာ ယင်း”မီးခိုးရောင်စီးပွားရေးလုပ်ငန်းများ” က အကျိုးကျေးဇူးပြုသူမှာ ပါဝင်ပတ်သက်နေသည့် တရုတ် နိုင်ငံသားများနှင့် အစိုးရနှင့် နီးကပ်သောဆက်ဆံရေးရှိသည့် နိုင်ငံရေးအီလိများသာ ဖြစ်ကြောင်း ဆိုခဲ့ပါသည်။
ယင်းမှာ နိုင်ငံရေးအရ အမြတ်ထုတ်ခြင်း ဖြစ်သည့်တိုင် သူဆိုသည်မှာ ဟုတ်မှန်သည့် အချက်များ ရှိနေပါသည်။ “မီးခိုးရောင်” အရင်းအနှီးများ ဝင်ရောက်လာခြင်းကြောင့် တရား၀င်စီးပွားရေး လုပ်ငန်းများနှင့် အစိုးရ အင်စတီကျူးရှင်းများအကြား ကပ်ပါးသဖွယ် ကလက်တိုကရေစီ ဆက်ဆံရေး ဖြစ်လာပါသည်။ အစောပိုင်းတွင် ဖော်ပြခဲ့သည့်အတိုင်း ကမ္ဘောဒီးယားတွင် ဖြစ်သကဲ့သို့ ထိုင်းတွင်လည်း Chaiyuth Chirawatworakul သို့မဟုတ် “Tu Hao” ၏ ၂၀၂၂ အမှုတွင် တွေ့ခဲ့ရသည်မှာ ငွေကြေးခဝါချမှုနှင့် မူးယစ်ဆေးဝါးမှုဆိုင်ရာ စွဲချက်များ (ယင်းအမှုများ နောက်ပိုင်းတွင် ရုပ်သိမ်းခဲ့သည့်တိုင်) ဖြစ်ပါသည်။ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလတွင် ထိုင်းတော်ဝင်ရဲ (RTP) ဗိုလ်ချုပ်နှစ်ဦးသည် မြန်မာနိုင်ငံရှိ ကာစီနိုများနှင့် မီးခိုးရောင်စီးပွားရေးလုပ်ငန်းများနှင့် ဆက်နွယ်မှုများကြောင့် တာ့ခ် ခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် Samrith Emkamol နှင့် စုံစမ်းစစ်ဆေးရေး ဌာန ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် Aekkarat Intasueb တို့ကို စွဲချက်မတင်သည့်တိုင် နေရာပြောင်းရွှေ့ခဲ့ပါသည်။
ပို၍အရေးကြီးသည်မှာ လက်ရှိအချိန်တွင် ထိုင်းနိုင်ငံသည် ကြီးမားသော လောင်းကစားရုံ တည်ရှိမှုနှင့် စပ်လျဥ်းသော အလားအလာရှိသည့် ဥပဒေ ချိုးဖောက်မှုများကို ကိုင်တွယ်ရန် လိုအပ်သောအဖွဲ့အစည်းဆိုင်ရာ အင်အားနှင့် လွတ်လပ်မှု ကင်းမဲ့နေခြင်း ဖြစ်ပါသည်။ ထိုင်းနိုင်ငံအနေဖြင့် စံနမူနာယူရန် ကြိုးစားခဲ့သည့် စင်္ကာပူတွင်ပင် ငွေကြေးခဝါချမှုကို လျှော့ချရာတွင် အခက်အခဲအချို့ရှိနေကြောင်း၊ ၂၀၂၃ ခုနှစ် သြဂုတ်လတွင် ကြုံခဲ့သည့် ရာဇဝတ်မှုက သက်သေပြနေပါသည်။ ယင်းတွင် ဖိလစ်ပိုင်နိုင်ငံ ကမ်းလွန်ပင်လယ်ပြင်တွင် လိမ်လည်မှုတခုနှင့် ဆက်စပ်နေသည့် ကစားရုံ လုပ်ငန်းများ ပါ၀င်သည်။ ကာစီနိုများထည့်သွင်းထားသည့် အပန်းဖြေစခန်းများ ရှိနေခြင်းသည် အရှေ့တောင်အာရှ၊ အရှေ့အာရှနှင့် အမေရိကန် ပြည်ထောင်စုရှိ နေရာအများအပြားတွင် တွေ့ရှိရသည့်အတိုင်း ရာဇ၀တ်မှုများကို ဆွဲဆောင်နိုင်ပါသည်။ အနုတင် အောက်တွင် ဥပဒေပြုခြင်းကို ရပ်ဆိုင်းလိုက်ခြင်းသည် အာဆီယံနှင့် EU ကဲ့သို့သော ဒေသတွင်းမိတ်ဖက်များကြား အကောင်းဆုံးအလေ့အကျင့်များဖြင့် အင်စတီကျူးရှင်းများကို စံနမူနာပြုတည်ဆောက်နိုင်ရန် ထိုင်းနိုင်ငံ၏ အကျိုးစီးပွားအတွက် အကောင်းဆုံးဖြစ်ပါသည်။
နိဂုံး
ဆင်းရဲချမ်းသာ မည်သူမဆို ထိုင်းနိုင်ငံသားများ၏ အသက်အိုးအိမ်စည်းစိမ် ကို ထိခိုက်နေသော ကျားဖြန့်လူလိမ် လုပ်ငန်းများသည် လူသိရှင်ကြား နှိမ်နင်းရန် ကြိုးပမ်းနေသော်လည်း ဆက်လက်တည်ရှိနေပါသည်။ အထက်ပါ ဖော်ပြခဲ့သည့် အတိုင်း အသက်ဆုံးရှုံးမှုများ ရှိခဲ့သည့် ကမ္ဘောဒီးယားနှင့် ကြာရှည်ဖြစ်နေသည့် ပဋိပက္ခသည် နယ်စပ် တလျှောက်တွင် နေထိုင်ကြသည့် သက်ဆိုင်ရာ နှစ်ဖက် လူထုအတွက် ပြဿနာဖြစ်နေသည့် ကျားဖြန့်လုပ်ငန်းများ ပူးတွဲနှိမ်နင်းရေးကို ထိခိုက်နေဦးမည် ဖြစ်ပါသည်။ ထိုင်းနိုင်ငံကဲ့သို့ပင် ကမ္ဘောဒီးယားနိုင်ငံသည်လည်း ကျားဖြန့်လုပ်ငန်းနှိမ်နင်းရာတွင် အောင်မြင်မှု ရှိခဲ့ပါသည်။ အင်တာနက်လိမ်လည်မှု တိုက်ဖျက်ရေး ကော်မတီက ဇူလိုင် ၂၀၂၅ တွင် စင်တာ ၅၈ ခု ဖျက်ဆီးခံခဲ့ပြီး တရားခံ ၃၀၀၀ (အများစုမှာ အခြား အရှေ့တောင်အာရှ နိုင်ငံများမှ ဖြစ်) ခန့် ဖမ်းဆီးရမိခဲ့သည် ဟုဆိုပါသည်။ ယင်းတို့တွင် ဗီယက်နမ် ၆၉၃ ဦး၊ အင်ဒိုနီးရှား ၃၆၆ ဦးနှင့် ထိုင်း ၈၂ ဦး ပါဝင်ပါသည်။ ဤဖြိုခွင်းမှုများမှာ ရာဇဝတ်မှု ကြီးထွားလာခြင်းကို ဖြေရှင်းရန် လိုအပ်နေသည့်အတွက် ပြည်သူ့ဆီမှ တရားဝင်မှု ရရှိရန် ဆောင်ရွက်ခြင်းမျှသာ ရှိသေးပြီး အပေါ်ယံသာ ရှိပါသေးသည်။ ဒေသတွင်းတွင် အကျင့်ပျက် ခြစားမှုနှင့် နိုင်ငံရေး ပေါက်ကွဲလွယ်မှု ရှိနေသည့်အတွက် လူလိမ်လုပ်ငန်းများကို ဖြိုခွင်းဖို့ရန်မှာ များစွာ ဆောင်ရွက်ရန် ကျန်ရှိနေသေးသည် ဖြစ်ပါတော့သည်..။
Mark S. Cogan
Mark S. Cogan သည် Kansai Gaidai University ၏ ငြိမ်းချမ်းရေးနှင့် ပဋိပက္ခလေ့လာရေး အစီအစဥ် တွဲဖက်ပါမောက္ခဖြစ်ပါသည်။
