မြန်မာနိုင်ငံ၏ ၂၀၂၁ ခုနှစ်နောက်ပိုင်း လုံခြုံရေးစိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းရာတွင်ရှိသည့် စိန်ခေါ်မှုများ

Moe Thuzar

Yangon, Myanmar. 2005. Downtown Yangon, old residential houses. Photo: Gekko Gallery, Shutterstock

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ စစ်အာဏာသိမ်းမှုသည် မြန်မာနိုင်ငံ၏ နိုင်ငံရေးအနာဂတ်အပေါ် အမှောင်ရိပ်ကျစေခဲ့ပါသည်။ အထူးသဖြင့် အာဏာသိမ်းမှုကို ဆန့်ကျင်သည့် လက်နက်မဲ့ အရပ်သားများအပေါ် စစ်တပ်က သေစေလောက်သည့် အင်အားသုံး တုံ့ပြန်ခြင်းကြောင့် ပေါ်ပေါက်လာသော အကြမ်းဖက်မှု သံသရာကြောင့် ဖြစ်ပါသည်။ ဤအုံ့မှိုင်းမှုသည် မြန်မာနိုင်ငံရှိ ပြည်သူများ၏ လုံခြုံရေးအပေါ် ရှုမြင်ပုံနှင့် အကြောက်တရားကို သက်ရောက်ကာ အမှောင် ဖုံးလွှမ်းသွားစေခဲ့ပြီ ဖြစ်ပါသည်။

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက် ဆက်လက် ဖြစ်ပွားနေသော မတည်ငြိမ်မှုများနှင့် အကြမ်းဖက်မှုများကြောင့် ကြီးမားသော လုံခြုံရေးစိန်ခေါ်မှုများ ရှိနေပါသည်။ နိုင်ငံရေးလုံခြုံရေးရှိမှုသည် အာဏာသိမ်းမှုကြောင့် ပျက်စီးသွားသည့် ပထမဆုံး ကျဆုံးစာရင်းတွင် ပါဝင်ပါသည်။ ရွေးကောက်ခံ အရပ်သား အစိုးရ၏ ထိပ်တန်းခေါင်းဆောင်များ၊ အစိုးရအဖွဲ့ဝင်များနှင့် အာဏာရပါတီဝင်များသည် ဖမ်းဆီး ထိန်းသိမ်းခြင်း၊ စွဲချက် တင်ခြင်းနှင့် ထောင်ချခြင်းတို့ကို ခံခဲ့ရပါသည်။ စစ်အုပ်ချုပ်ရေး၏ တင်းကျပ်သော မူဝါဒများနှင့် ထုတ်ဖော် ပြောဆိုမှုများကို နှိပ်ကွပ်ခြင်းသည် အထွေထွေ မလုံခြုံမှုကို ဖန်တီးပါသည်။ ဤမူဝါဒ အများအပြားသည် ပြည်သူများ၏ စီးပွားရေးနှင့် ကျန်းမာရေးလုံခြုံရေးကို ထိခိုက်ခဲ့ပါသည်။ မြန်မာနိုင်ငံ နေရာအတော်များများတွင် ပဋိပက္ခများ အရှိန် မြင့်လာခြင်းကြောင့် ပြည်သူ အများအပြား အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပြီး ပျက်ဆီးမှုများက တဦးချင်းစီနှင့် လူမှု အသိုင်းအဝိုင်း၏ လုံခြုံရေးကို စိုးရိမ်မှုများ တိုးလာစေခဲ့ပါသည်။ ၂၀၂၃ ခုနှစ် မေလတွင် ပြင်းထန်သော ဆိုင်ကလုန်း မုန်တိုင်း၊ ၂၀၂၄ ခုနှစ် တိုင်ဖွန်းမုန်တိုင်းကြောင့် ရေကြီးခြင်းနှင့် မြေပြိုခြင်းများနှင့် ၂၀၂၅ ခုနှစ် မတ်လတွင် ပြင်းထန်သော ငလျင်လှုပ်ခတ်ခြင်း ကြုံတွေ့ခဲ့ရပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပိုမိုလိုအပ်နေပါသည်။ မြန်မာနိုင်ငံသည် သဘာဝဘေးအန္တရာယ်များ ပိုမိုထိခိုက်လွယ်သော ဒေသများတွင် ပါဝင်ပြီး ဥတုဖောက်ပြန်ခြင်းနှင့် ပဋိပက္ခတို့ ဆုံမှတ် ဖြစ်နေကာ ကျယ်ပြန့်သော အကျိုးဆက်များကို ခံစားနေရပါသည်။

မြန်မာနိုင်ငံ အပေါ် နိုင်ငံတကာ၏အမြင်မှာ ပြည်သူများ၏ ဒုက္ခကို စိုးရိမ်မှုနှင့် စာနာသနားမှုတို့ ဖြစ်ပါသည်။ ဒေသတွင်း သံတမန်များ၏ ဆောင်ရွက်ချက်များနှင့် အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်ဖြင့် ပဋိပက္ခများ ချုပ်ငြိမ်းရေး ကြိုးပမ်းချက်များကို မြန်မာစစ်တပ်က ခေါင်းမာစွာ ဆန့်ကျင်နေသည့်အပေါ် စိတ်မရှည်မှုများနှင့် ဘဝင်မကျမှုများ တိုးပွားလာနေပါသည်။ လက်ရှိဖြစ်ပေါ်နေသော ပြည်တွင်းပဋိပက္ခကို ပြေလည်အောင်ဖြေရှင်းရန်နှင့် ဆိုးရွား လာနေသော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေအနေများကို ဖြေရှင်းရန် အာဆီယံ၏ ကြိုးပမ်းမှုများမှာ အဖွဲ့ဝင်နိုင်ငံများအကြား ကွဲပြားခြားနားသော အကျိုးစီးပွားများရှိနေခြင်းနှင့် မြန်မာနိုင်ငံတွင် ပါဝင်ပတ်သက်သူ အများအပြားနှင့် ထိတွေ့ဆက်ဆံရေးလိုအပ်ခြင်းတို့ကြောင့် မထိရောက်ဘဲ ဖြစ်နေပါသည်။ အာဆီယံ၏ မြန်မာနိုင်ငံ အပေါ် တုံ့ပြန်မှုမှာ အဓိကအားဖြင့် ဒေသတွင်း သံတမန်ရေးပုံစံဖြင့် ထုတ်ပြန်ချက်များ၊ အရေးပေါ်အစည်းအဝေးများ၊ သဘောတူညီချက်ငါးချက်ကို မြန်မာနိုင်ငံက လိုက်နာမှု ရှိမရှိ စောင့်ကြည့်ခြင်း၊ မြန်မာ့နိုင်ငံရေးတွင် ပါဝင်သော သက်ဆိုင်သူများနှင့် ဆွေးနွေးခြင်း၊ ၂၀၂၅ ငလျင်တွင် မြို့ပြကယ်ဆယ်ရေးအဖွဲ့များ အပါအဝင် လူသားချင်း စာနာ ထောက်ထားမှုဆိုင်ရာ အကူအညီများ ပံ့ပိုးပေးခြင်းတို့ ပါဝင်ပါသည်။ သို့သော်လည်း မြန်မာနိုင်ငံ၏ အကျပ်အတည်းကို ဖြေရှင်းရန် အာဆီယံ၏ အင်စတီကျူးရှင်းဆိုင်ရာ ယန္တရားများ၏ ထိရောက်မှုမှာ မြန်မာ့လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှု များကြောင့် ခက်ခဲနေပါသည်။ ဤစာတမ်းတွင် ယင်းကဲ့သို့သော စိန်ခေါ်မှုလေးခု၊ ၎င်းတို့၏ (ရှုပ်ထွေးသော) နောက်ခံ အကြောင်းအရာနှင့် ဒေသတွင်းနှင့် အပြန်အလှန်တုံ့ပြန်မှုများအတွက် သက်ရောက်မှုများကို အကျဉ်းချုံး ဆွေးနွေး ထားပါသည်။

Mae Sot, Tak, Thailand – April 20, 2024 : Many war-ravaged refugees from Myanmar crossing the border into Thailand due to heavy fighting between the opposition and the military government in Myawaddy. Photo: SOMRERK WITTHAYANANT, Shutterstock

ရွှေ့ပြောင်းခြင်းနှင့် နေရပ်စွန့်ခွာရခြင်း

မြန်မာနိုင်ငံတွင်း ပဋိပက္ခသည် ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက် ရွှေ့ပြောင်းအခြေချမှု၏ အဓိက မောင်းနှင်အား များထဲမှ တခုဖြစ်ပြီး အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံတွင်းနှင့် ပြည်ပသို့ ပြောင်းရွှေ့မှုများ အရှိန်မြင့် လာသောကြောင့် “မြန်မာများ ရွှေ့ပြောင်းနေထိုင်သည့် အချိန်တခု” အဖြစ် ပေါ်ပေါက်ခဲ့ပါသည်။ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ လိုအပ်ချက်များနှင့်အတူ နေရပ်စွန့်ခွာရခြင်းမှာ ပြည်တွင်းနှင့် နယ်စပ်ဖြတ်ကျော်မှုပုံစံ နှစ်မျိုးလုံးပါရှိပါသည်။ UNHCR ၏ Operational Data Portal တွင် ၂၀၂၅ ခုနှစ် စက်တင်ဘာလအထိ မြန်မာနိုင်ငံတွင် နိုင်ငံတွင်း ရွှေ့ပြောင်းနေထိုင်သူ ၃.၅ သန်းကျော်ရှိကြောင်း စာရင်းပြုစုထားပြီး ဒုက္ခသည်နှင့် ခိုလှုံခွင့်တောင်းခံသူ ၁.၅ သန်းကျော် (၂၀၂၁ အာဏာသိမ်းပြီးနောက်တွင် ၂ သိန်း ၇သောင်းရှိ) ၂၀၂၅ ခုနှစ် သြဂုတ်လအထိ တတိယနိုင်ငံများတွင် ခိုလှုံခွင့်တောင်းခံထားကြောင်း ဖော်ပြထားပါသည်။ နယ်စပ်ဖြတ်ကျော် ခိုလှုံနေထိုင်သူများအတွက် လူမှုရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှုလိုအပ်ချက်ကြောင့် ဒေသတွင်းနိုင်ငံများ၏ လူမှုစနစ်များအပေါ် ဖိစီးမှုများမှာလည်း ပိုများလာပါသည်။ အိမ်ရှင်နိုင်ငံများ အထူးသဖြင့် မြန်မာနိုင်ငံနှင့် အနီးကပ်ဆုံး အာဆီယံ အိမ်နီးချင်း ထိုင်းနိုင်ငံသည် ၂၀၂၁ ခုနှစ်မှ စတင်ကာ ယခုအခါ ခိုလှုံခွင့်တောင်းခံသူများနှင့် ရွှေ့ပြောင်းနေထိုင်သူ အများအပြားကို လက်ခံ ထားရှိပါသည်။ ၂၀၂၄ ခုနှစ်အစောပိုင်းတွင် အသက်ဝင်ခဲ့သော ၂၀၁၀ စစ်မှုထမ်းဥပဒေကြောင့် ပဋိပက္ခဖြစ်ပွားနေချိန်တွင် စစ်မှုထမ်းရန် အတင်းအဓမ္မ ဆင့်ခေါ်ခံရခြင်းမှ ရှောင်ရှားရန် နိုင်ငံမှ ထွက်ခွာသွားသည့် လူငယ်အများအပြား ပေါ်ပေါက်စေခဲ့ပါသည်။ အချို့ကလည်း တော်လှန်ရေး အင်အားစုများနှင့် ပူးပေါင်းခဲ့ကြပါသည်။ ၂၀၂၅ ခုနှစ် အစောပိုင်းတွင် စစ်ကောင်စီက စစ်မှုထမ်းရမည့်အရွယ် အမျိုးသားများကို ခရီးသွားလာခွင့် ကန့်သတ်ချက်များ ထပ်မံ ချမှတ်ခဲ့ပါသည်။ ယင်းကြောင့် မြန်မာနိုင်ငံမှ ရွှေ့ပြောင်းနေထိုင်သူများအတွက် ရွေးချယ်ခွင့်ကို ထိခိုက်ခဲ့ပြီး ပြည်ပ နိုင်ငံများတွင် တရားဝင် ဥပဒေအကာအကွယ်နှင့် လူမှုဝန်ဆောင်မှုများ လက်လှမ်းမီရေးအပေါ်လည်း ထပ်မံ သက်ရောက်ခဲ့ပါသည်။ ထိုင်းအစိုးရ၏ မကြာသေးမီက ချမှတ်ခဲ့သော ရေရှည်နေထိုင်သည့် မြန်မာဒုက္ခသည်များအတွက် တရားဝင် အလုပ်လုပ်ခွင့် ပြုရန် ဆုံးဖြတ်ချက်သည် ရွှေ့ပြောင်းနေထိုင်သူ/ဒုက္ခသည်များအတွက် ကြိုဆိုစရာ သတင်းဖြစ်ပြီး ယခုမူဝါဒသစ် ဆုံးဖြတ်ချက်အသစ်သည် မကြာမီဝင်ရောက်လာသူများအတွက် ပိုမို သက်ရောက် နိုင်မည်ဟု မျှော်လင့်စရာ ဖြစ်ခဲ့ပါသည်။

Refugee camp housing Karen refugees from Myanmar on mountain and forest atTak, Thailand. Photo: Anirut Thailand, Shutterstock

ဥတု-ပဋိပက္ခ ဆုံမှတ်

အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံတွင် ဥတု ဖောက်ပြန်မှု တိုးမြင့်လာခြင်းအပေါ် စိုးရိမ်ပူပန်မှုများ မြင့်တက်လာပါသည်။ ပညာရှင်များက ဥတု ပြောင်းလဲမှုဒဏ် ခံနိုင်ရည်ရှိရေးနှင့် သယံဇာတ ထုတ်ယူရေးလုပ်ငန်းများကို ပြန်လည်သုံးသပ်ရန် ရည်ရွယ်သည့် အရေးကြီးသော စီမံကိန်းများကို ဆိုင်းငံ့ခြင်း၏ အနုတ်လက္ခဏာဆောင်သော ဂယက်ရိုက်ချက်များကို သတိပေးခဲ့ပါသည်။ မြန်မာနိုင်ငံသည် ကမ္ဘာလုံးဆိုင်ရာ ကာဘွန် ထုတ်လွှတ်မှုတွင် အနည်းဆုံး ဖြစ်သော်လည်း ဥတု ဖောက်ပြန်ခြင်းဒဏ်ကို အများဆုံး ခံစားရနိုင်ကြောင်း ပညာရှင်တဦး၏ အသေးစိတ် ဆန်းစစ်ချက် တွင် ဖော်ပြထားပါသည်။ လက်ရှိ သုတေသနအခြေပြု ခန့်မှန်းချက်များအရ လူဦးရေ ၁၂ သန်းနေထိုင်ရာ မြန်မာနိုင်ငံ အလယ်ပိုင်း၏ ထင်ရှားသော အစိတ်အပိုင်းများသည် လာမည့် ဆယ်စုနှစ်အနည်းငယ်အတွင်း ပြင်းထန်သော အပူဒဏ်ကြောင့် လူမနေထိုင်နိုင်တော့သည့် အခြေအနေရောက်နိုင်ကြောင်း တွေ့ရှိထားပါသည်။ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက် ပြင်းထန်လာသော လက်နက်ကိုင်ပဋိပက္ခသည် အသက်မွေးဝမ်းကျောင်းမှုနှင့် စားနပ် ရိက္ခာထောက်ပံ့မှုများကို ပိုမိုခြိမ်းခြောက်လာကာ မြန်မာနိုင်ငံ၏ ဥတုလုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုများကို ဖြေရှင်းရန် လိုအပ်မှုကို ရှုပ်ထွေးစေပါသည်။ နိုင်ငံတကာငွေကြေးထောက်ပံ့မှုမှာ အကန့်အသတ်နှင့်သာရှိပြီး အုပ်ချုပ်မှုဆိုင်ရာ စိန်ခေါ်မှုများသည် သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေးမတည်ငြိမ်မှုသံသရာကို တိုးပွားစေပါသည်။ ကျွမ်းကျင်သူများက ဒေသတွင်းတွင် ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းရန်နှင့် မြန်မာနိုင်ငံတွင် သဘာဝဘေးအန္တရာယ် လျော့ပါးရေး အတွက် အနာဂတ်တွင် ဆောင်ရွက်နိုင်မည်ဟု အကောင်းမြင်မှု အချို့ကို ကိုင်စွဲထားဆဲ ဖြစ်ပြီး ဒေသတွင်းနှင့် ဌာနေ အသိုင်းအဝိုင်းများ ပါ၀င်ဆောင်ရွက်ခြင်း၊ ဖက်ဒရယ် အခြေခံမူများနှင့် ဒေသအလိုက်ဆောင်ရွက်ခြင်းများကို ကမ္ဘာလုံးဆိုင်ရာ အစီအမံများနှင့် အံကိုက်ဆောင်ရွက်နိုင်မည်ဟု ရှုမြင်ဆဲ ဖြစ်ပါသည်။  အထူးသဖြင့် ပဋိပက္ခဒဏ်ခံ နှင့် ဆင်းရဲနွမ်းပါးသော ဒေသများတွင် ဒေသခံများ ကိုယ်တိုင်ကိုယ်ကျ ဆောင်ရွက်နိုင်ရန် ရည်မှန်းပါသည်။ သို့သော်လည်း မြန်မာနိုင်ငံ၏ လက်ရှိ ပဋိပက္ခဒဏ်ခံနေရသော အခင်းအကျင်းတွင် ဥတုနှင့် ပဋိပက္ခဆက်စပ်မှုမှာ ပိုမို ထင်ရှားလာပါသည်။ လက်ရှိတွင် အစားအစာနှင့် အသက်မွေးဝမ်းကျောင်း ဖူလုံရေးတွင် ထိခိုက်မှုများ ရှိနေပြီး စိုက်ပျိုးရေးကဏ္ဍကို ပြင်းထန်သော သဘာဝဘေးအန္တရာယ်များက ထပ်တလဲလဲ သက်ရောက်နေပါသည်။ တချိန်တည်းမှာပင်၊ တရားမဝင်နှင့် ပဋိပက္ခဆိုင်ရာ သယံဇာတ ထုတ်ယူမှုများသည် ပတ်ဝန်းကျင် ပျက်စီး ယိုယွင်းမှုကို အရှိန်မြှင့်ကာ လူမှုရေးတင်းမာမှုများနှင့် ပဋိပက္ခများကို ပိုမိုနက်ရှိုင်းစေနိုင်ပါသည်။

ဆိုက်ဘာရာဇ၀တ်မှုနှင့် လုံခြုံရေး[1]

ဆိုက်ဘာလုံခြုံရေးသည် ဒေသတွင်း ပေါ်ထွက်လာနေသည့် စိန်ခေါ်မှုတခု ဖြစ်ပါသည်။​ အရှေ့တောင်အာရှနှင့် အခြားနိုင်ငံများရှိ နိုင်ငံသားများကို ပစ်မှတ်ထားပြီး လူစုဆောင်းသည့် ဆိုက်ဘာရာဇ၀တ်မှုများသည် မြန်မာနိုင်ငံအတွက် ရှုပ်ထွေးသော စိန်ခေါ်မှုတခုလည်း ဖြစ်ပါသည်။ မြန်မာနိုင်ငံသည် ပြည်သူကို အကာအကွယ်ပေးသည့် လုံလောက်သော ဆိုက်ဘာလုံခြုံရေး အစီအမံများကို အကောင်အထည်ဖော်နိုင်မှု အားနည်းခြင်းကြောင့်  ဆိုက်ဘာရာဇ၀တ်မှုများ ထူပြောရာ နေရာအဖြစ် သတ်မှတ်ခံထားရပါသည်။ ထို့အပြင် တရုတ်နိုင်ငံ၊​ ထိုင်းနိုင်ငံတို့နှင့် နယ်နိမိတ်ချင်း ထိစပ်နေသော မြန်မာနိုင်ငံ အစွန်အဖျား ဒေသများရှိ မီးခိုးရောင်ဒေသများတွင် တရားဥပဒေ စိုးမိုးရေး ကန့်သတ်ချက် ရှိလာခြင်းသည် အဆိုပါ ဒေသများတွင် လိမ်လည်မှု လုပ်ငန်းများ ကြီးထွားစေပါသည်။ မြန်မာနိုင်ငံရှိ အာဏာပိုင်များသည် ၎င်း၏ အုပ်ချုပ်မှုလက်လှမ်းမီသည့် ဒေသများတွင် အစိုးရ၏ စောင့်ကြည့်ထောက်လှမ်းမှုယန္တရား ဖော်ဆောင်ရေးနှင့် စစ်အုပ်ချုပ်ရေး သက်ဆိုးရှည်ရေး (နိုင်ငံတော်လုံခြုံရေးဟု အမည်တပ်) အပေါ်သာ အလေးပေးသည်။ မြန်မာနိုင်ငံ နယ်စပ်ဒေသများနှင့် အစိုးရမဟုတ်သော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အသီးသီးသည် တရားမဝင် စီးပွားရေးလုပ်ငန်းများနှင့် ရင်းနှီးပြီးသား ဖြစ်သည်။ ထို့အတူ စစ်တပ် အာဏာပိုင်များနှင့် လည်း ရှုပ်ထွေးသော အပြန်အလှန် ဆက်ဆံမှုများ ရှိနေသည်။ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနှင့် ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားနေချိန်တွင်ပင် ဆိုင်ဘာရာဇဝတ်မှုများ ဆက်လက် ပေါ်ပေါက်ခဲ့ပါသည်။ မြန်မာနိုင်ငံ၏ လက်ရှိ နိုင်ငံရေး မတည်ငြိမ်မှုများက စာရွက်ပေါ်တွင်သာရှိသည့် ပြဋ္ဌာန်းချက်များနှင့် လက်တွေ့မြေပြင်အကြား ကွာဟချက်တွေများ တိုးလာစေပါသည်။ စစ်ဖြစ်နေသည့် နယ်မြေများနှင့် အစွန်အဖျားဒေသများတွင် အုပ်ချုပ်မှုနှင့် နယ်မြေထိန်းချုပ်မှု တပိုင်းတစသာရှိခြင်းက ကွဲပြားသော လုံခြုံရေးဆိုင်ရာ တာဝန်ရှိသူများ၏ မတူညီသော စေ့ဆော်မှုများကို ထင်ဟင်နေစေပါသည်။ မြန်မာစစ်တပ်ကို ဆန့်ကျင်သူများ သို့မဟုတ် စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်သူများမှအစ စစ်တပ်ကို တက်ကြွစွာ ထောက်ခံသူများအကြား ဆိုင်ဘာရာဇဝတ်မှုများကို ချဥ်းကပ်ရာတွင် အမျိုးမျိုးသော ပုံစံများ၊ လိုလားချက်များ ရှိနေပါသည်။​ ထိုသို့သော အခြေအနေတွင် မြန်မာနိုင်ငံ နယ်စပ်ဒေသများမှ ထွက်ပေါ်နေသော ဆိုက်ဘာလုံခြုံရေး အန္တရာယ်များသည် နိုင်ငံရေးမတည်မငြိမ်မှုနှင့် အားနည်းသော အုပ်ချုပ်ရေးကြောင့် သံသရာ လည်သော ပြဿနာတရပ် ဖြစ်လာနိုင်ပါသည်။

Opium Poppy flower in the cultivated field, Shan state, Myanmar. Photo: Ratuay, Shutterstock

မူးယစ်ဆေးဝါးနှင့် ပဋိပက္ခဆုံမှတ်

ကျားဖြန့်များနှင့် ဆိုက်ဘာမှုခင်းကိစ္စများ မပေါ်ပေါက်မီ မြန်မာနိုင်ငံနှင့် ဆက်စပ်နေသော နိုင်ငံဖြတ်ကျော် ရာဇ၀တ်မှုဆိုင်ရာ အဓိကစိန်ခေါ်မှုမှာ မူးယစ်ဆေးဝါး ထုတ်လုပ်ခြင်းနှင့် ရောင်းဝယ်ဖောက်ကားခြင်း ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် မူးယစ်ဆေးဝါးထုတ်လုပ်သည့်နေရာအဖြစ် နာမည်ဆိုးဖြင့် ကျော်ကြားသော ရွှေတြိဂံဒေသ ပေါ်ပေါက်လာခဲ့သည်မှာ စစ်အေးခေတ် နိုင်ငံရေးအမွေများကြောင့် ဖြစ်ပါသည်။ ယင်းဒေသတွင် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုနှင့် ယင်းကို ထောက်ပံ့သည့် လုပ်ငန်းများ၊ အစိုးရမဟုတ်သော လက်နက်ကိုင်အဖွဲ့များ၏ လုပ်ဆောင်မှုများက ယင်းဒေသတွင် တပြိုင်တည်း ပေါ်ပေါက်ခဲ့ပါသည်။ အနုတ်လက္ခဏာဆောင်သော ငြိမ်းချမ်းရေးက အပေါင်းလက္ခဏာဆောင်သော ငြိမ်းချမ်းရေးထက် ပိုကဲနေပြီး အပစ်အခတ်ရပ်စဲရေးလောက်သာ ညှိနှိုင်းသော အာဏာရှင်အစိုးရ အဆက်ဆက်နှင့် ဝေစားမျှစား လုပ်ဆောင်မှုများ ရှိခဲ့သည့်အတွက် ၂၀၂၃ ခုနှစ် တရားမဝင် မူးယစ်ဆေးဝါး ထုတ်လုပ်မှုစာရင်းတွင်  မြန်မာနိုင်ငံသည် အာဖဂန်နစ္စတန်ရှေ့ ရောက်ခဲ့ပါသည်။ မြန်မာနိုင်ငံ အထူးသဖြင့် ရှမ်းပြည်နယ်၊ ရွှေတြိဂံဒေသသည် စိတ်ကြွဆေးများ ထုတ်လုပ်မှုနှင့် ရောင်းဝယ်ဖောက်ကားမှု မကြုံစဖူး တိုးမြင့်လာသည်ကို တွေ့ရပါသည်။ ဤ “ထိန်းမနိုင်သိမ်းမရတိုးတက်မှု” ကို ထင်ဟပ်နေသည်မှာ မူးယစ်ဆေး ဖမ်းဆီး ရမိမှု ၂၆၃တန်၏ “စံချိန်တင်ပမာဏ” ဖြစ်ပါသည်၊ ၂၀၂၃ ခုနှစ်တွင် ယင်းမှာ ၂၄ ရာခိုင်နှုန်း တိုးတက်လာခြင်း ဖြစ်ပြီး စျေးကွက်များသို့ ရောက်ရှိနိုင်ချေ ပိုမိုများပြားလာပါသည်။ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံတဝှမ်း မတည်ငြိမ်မှုများ မြင့်တက်လာခြင်းသည် နိုင်ငံဖြတ်ကျော် ရာဇ၀တ်ဂိုဏ်းများအနေဖြင့် တရားဥပဒေစိုးမိုးမှု ပျက်ပြားခြင်းနှင့် ပြည်တွင်းစစ်အတွက် ငွေရှာရန် လိုအပ်ချက်အပေါ် အသုံးချဖို့ အခွင့်အလမ်းများ တိုးလာစေခြင်း ဖြစ်ပါသည်။

သို့သော်လည်း မြန်မာစစ်တပ်က တရားမဝင် မူးယစ်ဆေးဝါးနှင့် အခြားသော နိုင်ငံဖြတ်ကျော် ရာဇ၀တ်မှုများမှာ တိုင်းရင်းသားလက်နက်ကိုင် ထိန်းချုပ်နယ်မြေများတွင် နိုင်ငံတော်၏ ဆောင်ရွက်ချက်များကို ဆန့်ကျင်နေခြင်းကြောင့် ဖြစ်ပြီး၊ ယင်းစိန်ခေါ်မှုများကို ဖြေရှင်းရန် ပြင်ပမိတ်ဖက်များနှင့် ပူးပေါင်းကာ ဆောင်ရွက်နေသည်မှာ စစ်တပ်ဖြစ်ကြောင်း၊ စစ်တပ်သည် တာဝန်ယူမှုရှိသည့် အဖွဲ့အစည်းဖြစ်ကြောင်း ပုံဖော်ပါသည်။ မြန်မာနိုင်ငံရှိ အုပ်ချုပ်ရေးယန္တရား အဆက်ဆက်သည် အမေရိကန် အစိုးရ၏ မူးယစ်ဆေးဝါး နှိမ်နင်းရေး စီမံကွပ်ကဲမှု (DEA)၊ မူးယစ်ဆေးဝါးနှင့် ရာဇ၀တ်မှုဆိုင်ရာ ကုလသမဂ္ဂရုံး (UNODC) တို့နှင့် ဆယ်စုနှစ်များကြာ လက်တွဲ ဆောင်ရွက်ခဲ့ပါသည်။ သို့သော်လည်း မြန်မာနိုင်ငံမှ မူးယစ်ဆေးဝါး ထုတ်လုပ်မှုသည် ၂၀၂၃ ခုနှစ်မှ ၂၀၂၄ ခုနှစ်အကြား လျော့ကျသွားသော်လည်း UNODC မှ လွန်ခဲ့သော ဆယ်စုနှစ် နှစ်ခုက စတင်တိုင်းတာချိန်မှစ၍  ကြည့်လျှင် ထုတ်လုပ်မှု ဆက်လက် မြင့်မားနေသေးသည်ကို တွေ့ရှိရပါသည်။

ပြည်တွင်းရော ပြည်ပပါ  မြန်မာနိုင်ငံ၏ လုံခြုံရေးဆိုင်ရာ သက်ရောက်မှုများက ပြင်းထန်ပါသည်။ မတည်ငြိမ်မှုများနှင့် ပဋိပက္ခတို့က မူးယစ်ဆေးဝါး ထုတ်လုပ်မှုနှင့် ရောင်းဝယ်ဖောက်ကားမှုတို့ကို အပြန်အလှန် မြင့်တက်စေပါသည်။ ၁၉၉၀ နှင့် ၂၀၀၀ ပြည့်နှစ်များအတွင်း မြန်မာစစ်တပ်၏ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်များသည် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများအား ပစ်ခတ်တိုက်ခိုက်မှုများ ရပ်စဲရန် အပြန်အလှန်အားဖြင့် စီးပွားရေးမက်လုံးများ ပေးခဲ့ပါသည်။ ထိုအဖွဲ့များထဲမှ အချို့သည် မြန်မာစစ်တပ်၏ ကွပ်ကဲမှုအောက်တွင် ရှိနေပါသည်။ ယင်းသို့ ‘အနုတ်လက္ခဏာဖြင့် ဆောင်ရွက်သည့် ငြိမ်းချမ်းရေး’ သဘောတူညီချက်များမှ ပေါ်ထွက်လာသော တရားမဝင် စီးပွားရေးနှင့် ပါဝါဒိုင်နမစ်များသည် ယနေ့မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော ပဋိပက္ခများကို ဆက်လက်တောက်လောင် စေပါသည်။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ တရားမဝင်စီးပွားရေး စောင့်ကြည့်မှု အစီရင်ခံစာ၏ တစိတ်တပိုင်းအဖြစ် ထုတ်ပြန်သည့် Global Initiative against Transnational Organized Crime (GI-TOC) ၏ မကြာသေးမီက အစီရင်ခံစာတွင် လွန်ခဲ့သည့် နှစ် ၆၀ အတွင်း တရားမဝင် စီးပွားရေးများသည် မြန်မာနိုင်ငံ၏ ပုန်ကန်မှုများနှင့် ပဋိပက္ခများကို လှုံ့ဆော်ပေးခဲ့ပြီး လူသားလုံခြုံရေးနှင့် မြန်မာနိုင်ငံရှိ နယ်စပ်လုံခြုံရေးနှင့် ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စရပ်များကိုပါ ခြိမ်းခြောက်လာနေပုံကို အသေးစိတ်ဖော်ပြထားပါသည်။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် ယခုကဲ့သို့ တရားမဝင်စီးပွားရေးများ တိုးလာခြင်းသည် ထို အကျိုးစီးပွားများကို အခိုင်အမာ ဖြစ်လာစေပြီး ယင်းတို့ကို ဆန့်ကျင်သည့် ကြိုးပမ်းမှုမှန်သမျှသည် တိုင်းပြည်ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ထိခိုက်စေနိုင်သည့် အခြေအနေ ရောက်လာကြောင်း အစီရင်ခံစာက သတိပေးထားပါသည် ။

Thai-Myanmar Friendship Bridge at Mae Sot, Thailand. Photo Mikhail Esteves, Wikipedia Commons

နိဂုံး

အာဆီယံသည် ရွှေ့ပြောင်းနေထိုင်မှု၊ ဥတုပြောင်းလဲမှု၊ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုနှင့် အခြား နိုင်ငံဖြတ်ကျော်မှုခင်းများ စသည့် ကိစ္စရပ်များအတွက် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ ဒေသတွင်း ယန္တရားများ ချမှတ်ထားပါသည်။ ရွှေ့ပြောင်းနေထိုင်မှုနှင့် ဥတုပြောင်းလဲမှုတို့သည် အာဆီယံ လူမှု-ယဉ်ကျေးမှုအသိုက်အဝန်း ၂၀၂၅ လမ်းညွှန်မြေပုံ ရေးဆွဲမှုအောက်တွင် ဦးစားပေးလုပ်ဆောင်ရမည့်အရာများထဲတွင် ပါဝင်ပြီး ယင်းတွင် မူးယစ်ဆေးဝါးနှင့် အခြားနိုင်ငံဖြတ်ကျော်မှုခင်းများကို ကိုင်တွယ်ဖြေရှင်းရန် ဆောင်ရွက်ချက်များ၊ ဆိုက်ဘာ ရာဇ၀တ်မှုနှင့် ပတ်သက်သော လုံခြုံရေးဆိုင်ရာ စိုးရိမ်မှုများလည်း ပါဝင်ပါသည်။ သို့သော်လည်း အဆိုပါ ဒေသဆိုင်ရာ ကတိကဝတ်များကို အာဆီယံနိုင်ငံ တနိုင်ငံချင်းစီအလိုက် အကောင်အထည်ဖော်ရန်မှာ နိုင်ငံရေးတည်ငြိမ်မှုနှင့် အုပ်ချုပ်မှု စွမ်းရည်ရှိသော အခြေအနေဟု ယူဆထားပါသည်။ မြန်မာနိုင်ငံ၏ လက်ရှိ မတည်ငြိမ်မှုများနှင့် နိုင်ငံအတွင်း ပျက်ပြားနေသော အုပ်ချုပ်ရေး အခင်းအကျင်းကိုကြည့်လျှင် အာဆီယံ၏ ကဏ္ဍအသီးသီးတွင် ပူးပေါင်းဆောင်ရွက်ရေး၊ ဒေသတွင်း ကတိကဝတ်များကို ဆောင်ရွက်ရေးမှာ ဘယ်လိုမှ မစွမ်းသာသည့် ထူးခြားအခြေအနေ တရပ်ဖြစ်နေသည်ကို ထည့်သွင်းစဉ်းစားရန် လိုအပ်ပါသည်။

အာဆီယံ ဘုံသဘောတူညီချက် ငါးချက်ဖြင့် မြန်မာနိုင်ငံအတွက် နိုင်ငံရေးအရ ပြေလည်အောင်ဖြေရှင်းရန် အာဆီယံ၏ အလုံးစုံကြိုးပမ်းဆောင်ရွက်မှုများသည် မြန်မာနိုင်ငံ၏ လက်ရှိမတည်ငြိမ်မှုများမှ ထွက်ပေါ်လာသည့် အဆိုပါ ကိစ္စရပ်များ၏ ဂယက်ရိုက်ခတ်မှုများကို ထည့်သွင်းစဉ်းစားရန် လိုအပ်မည်ဖြစ်ပါသည်။ ၂၀၂၁ ခုနှစ်မှစပြီး မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေသော အကျပ်အတည်းကို ဒေသတွင်းနှင့်/သို့မဟုတ် တနိုင်ငံချင်းစီအလိုက် တုံ့ပြန်မှုများသည် အရှိန်အဟုန်မြင့်လာသော လုံခြုံရေးစိန်ခေါ်မှုများကို ဖြေရှင်းရန် ပြင်ဆင်ထားရန် လိုအပ်ပြီး မြန်မာနိုင်ငံ၏ ပြောင်းလဲနေသော လုံခြုံရေး အခင်းအကျင်းသည် ဒေသတွင်း စုပေါင်းလုံခြုံရေးနှင့် ကြိုတင် ပြင်ဆင်မှုများကိုလည်း စိန်ခေါ်နေသည် ဖြစ်ပါတော့သည်။

Moe Thuzar
မိုးသူဇာ သည် ISEAS Yusof Ishak Institute မြန်မာပြည်လေ့လာရေးအစီအစဉ်တွင် senior fellow နှင့် ညှိနှိုင်းရေးမှူး ဖြစ်ပါသည်။

Notes –

[1] ဤကဏ္ဍရှိ လေ့လာတွေ့ရှိချက်များကို အရှေ့တောင် အာရှ East-West စင်တာ၏ ဆိုက်ဘာလုံခြုံရေး အတွက် မြန်မာနိုင်ငံ ဖြစ်ရပ်လေ့လာမှုမှ စုစည်းတင်ပြထားပါသည် ။ မိုးသူဇာနှင့် ကြည်စင်၊ “မြန်မာနိုင်ငံ၏ ဆိုက်ဘာလုံခြုံရေး- မြန်မာနိုင်ငံအခင်းအကျင်းတွင် စိုးရိမ်ပူပန်မှု” ၊ အရှေ့အနောက် စင်တာ အာရှပစိဖိတ်သတင်းလွှာ ၊ မတ် ၂၆၊ ၂၀၂၅ တွင် ကြည့်ပါ ။ https://www.eastwestcenter.org/publications/cybersecurity-myanmar-concern-across-landscape . မိုးသူဇာနှင့် ကြည်စင်၊ “မြန်မာနိုင်ငံတွင် ဆိုက်ဘာရာဇ၀တ်မှု ထူးထူးခြားခြား မြင့်တက်လာခြင်း”၊ Lee Kuan Yew School of Public Policy ၊ စင်ကာပူ အမျိုးသားတက္ကသိုလ်၊ ဇူလိုင်လ ၂၀၂၄ ခုနှစ် ကိုလည်း ကြည့်ရှုပါ ။ https://scholarbank.nus.edu.sg/entities/publication/806affd9-0117-48b6-8d