ဂမ္ဘီရနှင့် ပုံရိပ်သမိုင်း – ဗီယက်နမ်သမ္မတနိုင်ငံ (တောင်ဗီယက်နမ်) တွင် နေထိုင်ခဲ့သည့် နယ်လှည့်ဆေးဆရာတဦး၏ မှတ်တမ်းပုံရိပ်

Quảng Huyền

ဗီယက်နမ်သမ္မတနိုင်ငံ (တောင်ဗီယက်နမ်) ၏ သက်တမ်းအတွင်းရှိ ဗုဒ္ဓဘာသာ၏ သမိုင်းကြောင်းကို ရေးသားရာတွင် ယင်းကာလတွင် နေထိုင်ခဲ့သည့် ပုဂ္ဂိုလ်များ၏ ဘဝအတွေ့အကြုံက လူအများ ဘယ်လိုနေထိုင် ရှင်သန်ခဲ့သည်ဆိုသည်ကို ပြန်ပြောင်း ပြောပြနိုင်ပါသည်။ ဤဆောင်းပါးတွင် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးလည်းဖြစ်၊ နယ်လှည့် ဆေးဆရာတဦးလည်း ဖြစ်သူ ငွင်ဗန်ကွမ်း (၁၉၅၀ – ယနေ့ထိ) ၏ အကြောင်းကို တင်ပြထားပါသည်။ ငွင်ဗန်ကွမ်းက အမေရိကန် စာရေးဆရာတဦး ဖြစ်သူ မာဂိုရီပီယာ ၏ အကူအညီဖြင့် သူ့အကြောင်းကို “တောင်ပေါ်က ဦးလေးနံပါတ်လေး – ဗီယက်နမ် နယ်လှည့်ဆရာဝန်တဦး၏ ဘဝမှတ်တမ်း (၂၀၀၄)” ဆိုသည့် စာအုပ်ခေါင်းစဥ်ဖြင့် ရေးသားခဲ့ပါသည်။ ငွင်ဗန်ကွမ်းက သူ့ဘဝအစောပိုင်းကာလ တောင်ဗီယက်နမ်ရှိ ချိုလဲ့ခရိုင် (ဗန်ချေး ပြည်နယ်) တွင် နေထိုင်ခဲ့သည့် အကြောင်း၊ ဆယ်ကျော်သက်ဘဝတွင် တောင်ဗီယက်နမ်၏ အနောက်ပိုင်း မြစ်ဝကျွန်းပေါ် ​ဒေသရှိ တောင်ခုနစ်လုံးဒေသ (Seven Mountains) တွင် လေ့ကျင့်သင်ကြားခဲ့ပုံနှင့် ဒုတိယ ဗီယက်နမ်သမ္မတနိုင်ငံ (၁၉၆၇-၁၉၇၅) တွင် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းတကျောင်းတွင် ကျောင်းထိုင်ဘုန်းကြီးအဖြစ် ဆောင်ရွက်ခဲ့ပုံ၊ ၁၉၇၅ နောက်ပိုင်း ကွန်မြူနစ် အုပ်ချုပ်မှုအောက်တွင် ဆေးပညာဖြင့် အသက်မွေးဝမ်းကျောင်းပြုပုံ၊ ၁၉၈၇ တွင် ဗီယက်နမ်နိုင်ငံမှ သက်စွန့်ဆံဖျား ထွက်ပြေးပုံ တို့အကြောင်း ရေးသားဖော်ပြထားပါသည် 1။ ကွမ်း၏ ဆယ်စုနှစ် လေးခုတာ ကာလအတွင်း ဘဝဇာတ်ကြောင်းက တောင်ဗီယက်နမ်နိုင်ငံတွင် “ဗုဒ္ဓဘာသာဝင်တဦး” အနေဖြင့် မည်သို့ နေထိုင်ခဲ့သည် ဆိုသည်ကို လူသားတဦး၏ ရှုထောင့်အမြင်မှ လေ့လာသုံးသပ်ရန် အခွင့်အရေးပေးပါသည်။ တောင်ဗီယက်နမ် မြစ်ဝကျွန်းပေါ်ဒေသတွင် ရှင်သန်နေထိုင် သွားလာ လှုပ်ရှားခဲ့ပုံ၊ ရပ်ရွာ အသိုက်အဝန်းအတွင်း ကူးလူးဆက်ဆံခဲ့ပုံတို့ကို တွေ့ရမည် ဖြစ်ပါသည်။ ယင်းစာအုပ်တလျှောက်တွင် ကွမ်းနှင့် သူ့စာရေးဆရာတို့က လူငယ်ဘဝ၊ မှတ်ဉာဏ်နှင့် ဆုံးရှုံးမှုတို့အကြောင်း သင်ခန်းစာများ ရေးသားဖော်ပြထားပါသည်။

ပုံ ၅.၁ ပေါင်ချူးအွန်း— ရှေးဦးဆရာ (Tổ sư) ပေါင်ချူးအွန်း၊ စာရေးသူ၏ မူလဆရာ ဒုတိယဗီယက်နမ် သမ္မတနိုင်ငံခေတ် (စာရေးသူ၏ ဇာတိ ဘုရားကျောင်းနှင့် ဓာတ်ပုံမူရင်းပိုင်ရှင် ချူးဆလိုင်၏ ခွင့်ပြုချက်ဖြင့်)

ငွင်ဗန်ကွမ်းဆိုတာ ဘယ်သူပါလဲ။ လေးစားရသော ဆေးဆရာကြီးကိုယ်တိုင်က မသေချာလှပါ။ သူ့ကို ၁၉၅၀ ပြည့်နှစ်တွင် ချိုလဲ့ရှိ စျေးတခုတွင် မိဘများက စွန့်ပစ်ခဲ့သည်။ သူ့ကို စွန့်ပစ်သွားပြီး များမကြာမီတွင်ပဲ ပြင်သစ်များနှင့် ပြဿနာတက်နေသည့် ဗုဒ္ဓဘာသာ ဂိုဏ်းဝင်များဖြစ်သူ သူ့မိဘများမှာလဲ သေနတ်ဖြင့် ပစ်ခတ်ခံရပြီး ကွယ်လွန်ခဲ့သည်။ မိဘနှစ်ပါးလုံး မရှိတော့ဘဲ ဆုံးရှုံးမှုဒဏ်ကြောင့် စိတ်ဒဏ်ရာရနေသူ ကွမ်းမှာ ရိုးသစ်ပင် (cây trứng cá, Muntingia calabura) ကို သူ့အမေအဖြစ် စိတ်ကူးယဥ်မှတ်ယူပြီး သူ့၏ မွေးစားဖခင် ဆေးဆရာဘုန်းကြီး ဖြစ်သူ ငွင်ဗန်သူး (၁၈၈၆-၁၉၈၃) ကို “ဗီယက်နမ်တွင် အစွမ်းဆုံး မှော်ဆရာကြီး” အဖြစ် မှတ်ယူလာခဲ့သည်။ ကွမ်း၏ ဘဝလမ်းကြောင်းကို ပြောင်းသွားစေသူမှာ ငွင်ဗန်သူး ဖြစ်သည်။ အသက်ကိုးနှစ်အရွယ်တွင် ကွမ်းသည် သူ့ကို မွေးမြူထားသည့် အဒေါ်ဖြစ်သူနေသည့် ချိုင်မွန် (ချိုလဲ့ခရိုင်၊ ဗန်ချေးပြည်နယ်) ကို စွန့်ခွာလာခဲ့ပြီး ဆေးပညာနှင့် ဘာသာရေးဆိုင်ရာ ပညာရပ်များ သင်ယူရန် သူ့မွေးစားဖခင် သူးဆီ ရောက်လာခဲ့သည်။ယင်းအတွက်ကြောင့် ကွမ်းသည် လေးစားရသည့် ဘာသာရေးဆိုင်ရာ အမျိုးအနွယ် ကို အမွေ ဆက်ခံသူ ဖြစ်လာသည်။ ငွင်ဗန်သူးသည် ငွင်ဗန်ကီ (၁၈၄၂-၁၉၄၆) ၏ သားဖြစ်သည်။  သူ့ဖခင်မှာ ၁၈၆၇ ခုနှစ်တွင် တောင်ခုနစ်လုံး ဒေသသို့ သွားရောက်ပြီး ဒုန့်မင့်ဟွင် (၁၈၀၇-၁၈၅၆) သင်ကြားခဲ့သည့် ထောင်စုနှစ် ဗုဒ္ဓဘာသာ အဆုံးအမများ၏ လွှမ်းမိုးခြင်းကို ခံရသည့် ဗုဒ္ဓဘာသာဝင် ပထမ မျိုးဆက်ဖြစ်သည်။ ငွင်ဗန်ကီ ဘာသာရေးဆိုင်ရာ လေ့လာသင်ယူမှု စတင်ချိန်မှာ ထောင်စုနှစ် လှုပ်ရှားမှု လက်နက်ကိုင်တဦးဖြစ်သည့် ဗိုလ်ချုပ် (Đức Cố Quản) ထွန်ဗန်ထန့် (? – ၁၉၇၃?) က ဗေသူးရား အရေးတော်ပုံ (၁၈၆၇-၁၈၇၃) ကို စတင်ဆင်နွှဲချိန်လည်း ဖြစ်သည်။ ယင်းကာလမှာ ဂိုဏ်းချုပ်ဆရာတော် ငိုလွိုင် (၁၈၃၁-၁၈၉၀) က သူအန်းဟျူနီယာဂိုဏ်း (Tứ Ân Hiếu Nghĩa) စတင် တည်ထောင်ရန် ပထမဆုံး အကြံစရချိန်လည်း ဖြစ်သည်။ အဆိုပါဂိုဏ်းကို ကိုးနှစ်အကြာ ဘာချူဒေသ (ချီသွန်ခရိုင်၊ အန်ဇန်းပြည်နယ်) တွင် စတင်တည်ထောင်ခဲ့သည်။ ငွန်ဗန်ကီ (သူး၏ဖခင်) က ယင်းဂိုဏ်းကို စတင်တည်ထောင်သူများအနက်မှ တဦးဖြစ်ပြီး သူက ဂိုဏ်း၏ ဘာသာရေးအဖွဲ့အစည်း တခုတွင် ခေါင်းဆောင် (ông gánh) အဖြစ် ဆောင်ရွက်ခဲ့သည်။

ပုံ ၅.၂။ တားမြစ်တောင်ရှိ ဗန်လင်း ဘုရား (စာရေးသူ၏ စုဆောင်းမှု – ၂၀၀၆)

ငွင်ဗန်ကွမ်းက သူ့၏ လေ့ကျင့်သင်ကြားခြင်း ပထမခြောက်နှစ်ကို ချိုလဲ့ဒေသတွင် စတင်ခဲ့သည်။ သူက မွေးစားဖခင်နှင့်အတူ ဗန်းကတ်ဒေသ (ဒင်သွန်ခရိုင်၊ ဗန်ချေးပြည်နယ်) တွင် ခေတ္တအတူ နေထိုင်ခဲ့သည်။ သို့သော် သူ့ဖခင်မှာလည်း အများအားဖြင့် အတူမရှိနိုင်သော မိဘဖြစ်နေရပြန်သည်။ ကွမ်းကို မွေးစားပြီး မကြာမီ ပြင်သစ်အာဏာပိုင်များ၏ ဖမ်းဆီးအကျဥ်းချမှုကို ခံခဲ့ရသည်။ ယင်းနောက်တွင်လည်း အာဏာပိုင်များ၏ သံသယဖြင့် စောင့်ကြည့်ခံရမှုနှင့် သူ့၏ နယ်လှည့် ဆေးဆရာအလုပ်ကြောင့် ငွင်ဗန်သူးသည် တချိန်လုံး ရွှေ့ပြောင်းနေထိုင်ရသည်။ သို့ဖြစ်သည့်အတွက် ကွမ်းကို လေ့ကျင့် သင်ကြားခြင်းမှာ အခြားသူများထံ အပ်နှံထားရသည်။ ကွမ်းက ရိုးရာဆေးပညာရပ်က သုံးစွဲသည့် ဘာသာစကားဖြစ်သော တရုတ်စကားကို စတင်သင်ကြားသလို ချိုလဲ့ဒေသရှိ ဆွေမျိုးတဦးထံတွင် ဗုဒ္ဓဘာသာ သုတ္တန်များ သင်ယူကာ ဦးလေးတဦးထံတွင် သိုင်းပညာကို လေ့ကျင့်သင့်ကြားခဲ့သည်။ ၁၈၆၂ တွင် ကွမ်းသည် ကဲဗေ့ဒေသ (တိဇန်းပြည်နယ်) သို့ ပြောင်းရွှေ့ကာ တရုတ်အသိုင်းအဝိုင်းနှင့် အတူ နေထိုင်ခဲ့သည်။ သူက မာဇူးနတ် (ရေနတ်ဘုရားမ) ကိုးကွယ်သည့် ဘုရားကျောင်းတွင် နေထိုင်ပြီး အနီးရှိ တရုတ်စာသင်ကျောင်းတခုတွင် တက်ရောက် ပညာသင်ကြားခဲ့သည်။ နှစ်နှစ်အကြာတွင် ငွင်ဗန်သူးက ကွမ်းကို ချိုလဲ့တွင် အသစ်ထူထောင်ထားသည့် ကီဗင်ဝိဟာရ ကျောင်းတိုက်တွင် ရဟန်းဝတ်ပေးကာ ဗုဒ္ဓဘာသာ ဘုန်းကြီးဘဝ၏ ကြမ်းတမ်းခက်ခဲသော ဘဝကို စတင်စေခဲ့သည်။ သူက မင်ဒန်ကွမ့် (ငွင်ထန်ဒက်၊ ၁၉၂၃-၁၉၅၄?၊ ကမ္ဘောဒီးယားတွင် ထေရဝါဒ နယ်လှည့်ဘုန်းကြီးအဖြစ် နေခဲ့သလို တောင်ခုနစ်လုံးဒေသတွင် တပါးတည်း သီတင်းသုံးခဲ့သူ) တည်ထောင်ခဲ့သည့် ဗုဒ္ဓဘာသာ နယ်လှည့်ဂိုဏ်း (Phật giáo Khất sĩ) ဝင်များ အဖြစ် ခြိုးခြံသော အကျင့်ကို ကျင့်နေသည့် ဘုန်းကြီးများနှင့် အတူ နေထိုင်ခဲ့သည် 2

ကွမ်းသည် ၁၉၆၅ ခုနှစ် အသက် ၁၅ နှစ်အရွယ်တွင် တောင်ခုနစ်လုံးဒေသတွင် ကာလရှည်ကြာ လေ့ကျင့် သင်ကြားခြင်းကို စတင်ခဲ့သည်။ သူက ဆင်တောင် (နွေးသုတောင်၊ ဗာချေ့မြို့) ရှိ သမ်းဗူ ဘုရားကျောင်းတွင် နေထိုင်ခဲ့သည်။ ဆင်တောင်တွင် ကွမ်းသည် စနစ်တကျ သင်ကြားသော ဆရာများနှင့်ရော၊ ပုံမှန်သင်ကြားခြင်း မဟုတ်သော ဆရာများနှင့်ရော တွေ့ဆုံခဲ့သည်။ သူ့ဆရာများတွင် တရုတ်စာဆရာ၊ တရုတ်အပ်စိုက်ဆရာ၊ ဗိန္ဒောဆရာ တို့ပါဝင်သည်။ ထို့အပြင် အနားယူထားသည့် ကမ္ဘောဒီးယား ဂမ္ဘီရအတတ် (bùa gồng) ဆရာဖြစ်သူ အွန်ချင် (Ông Chín) (နာမည်ပြောင် – တက်တူး) နှင့် လျှို့ဝှက်ဆန်းကြယ်ဆရာ အွန်ဘချိ (Ông Ba Chì or “Lead Lips”) တို့လည်း ပါဝင်သည်။ သမ်းဗူဘုရားကျောင်း၏ ကျောင်းထိုင်ဆရာတော် ၁၉၆၇ ခုနှစ် တွင် ပျံတော်မူ သွားပြီးနောက် ကွမ်းသည် ဆင်တောင်၏ တခြားတဖက်ရှိ အန်စွန်းဘုရားကျောင်းသို့ ပြောင်းရွှေ့ နေထိုင်ခဲ့သည်။ အဆိုပါ ကျောင်းတွင် ကွမ်းသည် သူ့မွေးစားဖခင် သူးနှင့်အတူ ယခင်ကျောင်းထိုင် ဘုန်းကြီးထံတွင် စာအတူသင်ခဲ့သည့် အွန်နမ်နှင့်အတူ နေထိုင်ခဲ့သည်။

ပုံ ၅.၃။ တောင်ခုနစ်လုံး ဒေသရှိ ကြက်တူရွေးတောင် (စာရေးသူ၏ စုဆောင်းမှုမှ၂၀၀၆)

ကွမ်းအနေဖြင့် အပြင်းထန်ဆုံး လေ့ကျင့်သင်ကြားခဲ့သည့် နေရာမှာ တားမြစ်တောင် (နွေးကမ်တောင်၊ အန့်ဟောက်ရွာ၊ သင့်ဗျန်းခရိုင်၊ အန့်ဇန်း ပြည်နယ်) တွင် ဖြစ်သည်။ ၁၉၇၀ တွင် သူးက ကွမ်းကို အဆိုပါတောင်သို့ ခေါ်သွားပြီး ဦးလေးနံပါတ်လေးဟု ခေါ်သည့် ရသေ့ကြီးတပါးနှင့် တွေ့ဆုံပေးခဲ့သည်။ ဦးလေးနံပါတ်လေးက ကွမ်းကို အသက်ရှည်နည်းများနှင့် နတ်ဆရာအကျင့်များ သင်ကြားပေးခဲ့သည်။ ယင်းတို့ထဲတွင် အထူးသဖြင့် “သန္ဓေသား အသက်ရှုခြင်း” (embryonic breathing) လည်း ပါဝင်သည်။ ယင်းမှာ ခန္ဓာကိုယ်တွင်း အဖိုဓာတ်(ယန်)၊ အမဓာတ်(ယင်) တို့ကို ပေါင်းစည်းကာ “ဝိညာဥ်သန္ဓေသား” ဖြစ်လာအောင် လှုံ့ဆော်သော ကိုယ်တွင်း အဂ္ဂိရတ်ပညာတမျိုးဖြစ်ပြီး အလုံးစုံပြီးပြည့်စုံမှုတောက်ဝါဒ (Complete Perfection Daoism) ဖြစ်သည် 3။ သို့ဖြစ်သည့်အတွက် ဦးလေးနံပါတ်လေးသည် ဒိုးသီရန်း ခေါ်သည့် “တောင်ပေါ်က တောက်ဝါဒီ” တဦး ဖြစ်ခဲ့ (ဖြစ်ဆဲဖြစ်?) ပါလိမ့်မည် 4

သုံးနှစ်ကြာပြီးနောက် ကွမ်းသည် တားမြစ်တောင်မှ ဗုဒ္ဓဘာသာ ဆရာတော်တပါးအဖြစ် ပေါ်ထွက် လာပါသည်။ အသက် ၂၄ နှစ်အရွယ်တွင် သူသည် ကလေးဘဝအိမ်အနီးရှိ ကွက်ထေဘုရားကျောင်း (လွိုင်ထေဒေသ၊ ချိုလဲ့ခရိုင်) တွင် ကျောင်းထိုင်ဆရာတော် ဖြစ်လာပြီး ၁၉၇၄ မှ ၁၉၇၇ အထိ ဦးစီးခဲ့သည်။ ယင်းကာလတွင် သူသည် တောင်ပိုင်းကို ကွန်မြူနစ်များ သိမ်းသွားခြင်းကို ကြုံတွေ့ခဲ့ရပြီး သူ့ကို အံ့အားအသင့်ဆုံး ဖြစ်စေခဲ့သည်မှာ သူ့တပည့် ဆယ်ပါးက ကွန်မြူနစ်အေးဂျင့်များ ဖြစ်နေခြင်း ဖြစ်ပါသည်။ ကွမ်းက တောင်ခုနစ်လုံးဒေသသို့ ပြန်ကြွရန် စဥ်းစားပြီး ဗာချူသို့ ရောက်လာချိန်တွင် နောက်ထပ် ဖြစ်ရပ်ဆိုးများက စောင့်ကြိုနေပြန်သည်။ ဆင်တောင်ဒေသတွင် သူနှင့် နီးစပ်သည့် ရပ်ရွာအသိုက်အဝန်းများမှာ ၁၉၇၈ ခမာနီ ကျူးကျော်စစ်ကြောင့် အများအပြား သေကျေခဲ့သည်။ ယင်းနောက် ကွမ်းသည် သူ့ကိုနှိမ်ချင်သည့် ခေတ်သစ် ဆေးပညာအသိုက်အဝန်းထဲသို့ ရောက်သွား ခဲ့သည်။ ပထမဦးစွာ ချိုလဲ့ရှိ ဆေးခန်းတခုတွင် ဝင်ရောက်ဆောင်ရွက်ခဲ့ပြီး နောက်တွင် ကုချီရှိ စစ်တပ်စခန်းတခုတွင် ဝင်ရောက်လုပ်ကိုင်ခဲ့သည်။ ယင်းတွင် ကွမ်းသည် စွန့်ပစ် မြေမြှုပ်မိုင်း တခုကြောင့် ပြင်းထန်စွာ ဒဏ်ရာရခဲ့သည်။ သို့သော် စစ်ပြီးကာလ ကွမ်း၏ ဘဝမှာ အကုန်အဆိုးချည်း တော့မဟုတ်ပါ။ ၁၉၈၁ တွင် မိုင် (၁၉၆၁ – ယနေ့ထိ) နှင့် ဖူးစာဆုံပြီး တနှစ်အကြာတွင် လက်ထပ် ခဲ့သည်။ ယင်းနောက် ၁၉၈၅ တွင် သူ့မွေးစားဖခင်နှင့် အဒေါ် ကွယ်လွန်သွားပြီးနောက် ကွမ်းသည် ဗီယက်နမ်မှ ထွက်ပြေးရန် အစီအစဥ်များ ဆောင်ရွက်ခဲ့သည်။ ၁၉၈၇ တွင် ထိုင်းနိုင်ငံသို့ လှေဖြင့် ထွက်ပြေးခဲ့သည်။

ပုံ ၅.၄။ တောင်ခုနစ်လုံးဒေသရှိ ဆမ်တောင်​ခြေတွင် ရှိသော တေးအန်းဘုရား (စာရေးသူ ၏ စုဆောင်းမှုမှ – ၂၀၀၆)

ကွမ်း၏ ဘဝဇာတ်ကြောင်းက မဲခေါင်မြစ်ဝှမ်းဒေသတွင် “ဗုဒ္ဓဘာသာဝင်” တဦး ဘယ်လို နေထိုင် ရှင်သန်ခဲ့သည်ကို ဖော်ပြနေသည်။ ကွမ်းက သူအန်းဟျူနီယာဂိုဏ်း (Tứ Ân Hiếu Nghĩa) ဗုဒ္ဓဘာသာ သည် သူကိုးကွယ်သည့် “ဘာသာ” ဖြစ်သည်ဟု ဆိုသော်လည်း အခြားဘာသာရေးဂိုဏ်းများတွင်လည်း ပါဝင်ဆောင်ရွက်ခဲ့သည်။ ယင်းတို့ထဲတွင် နယ်လှည့်ဘုန်းကြီးများ၊ တရုတ်ပင်လယ်နတ်ဘုရားမ၊ တောက်ဝါဒီရသေ့ကြီးများ ပါဝင်သလို အဆောင်လက်ဖွဲ့ ပညာရှင်များ၊ အောက်လမ်းပညာသည်များနှင့် ဗိန္ဒောဆရာများလည်း ခွဲခြားခြင်းမရှိ ပါဝင်သည်။ သူ့ဆရာများမှာ တဦးနှင့်တဦး မတူညီချက်များ ရှိနေသည်မှာ ထင်ရှားပါသည်။ ဥပမာ – အွန်နမ်က ဦးလေးနံပါတ်လေး၏ သင်ကြားမှုများမှာ စိတ်ထင်ရာ ပြောဆိုခြင်းဖြစ်ပြီး အကျိုးအကြောင်းကင်းမဲ့သည်ဟု ယူဆသည်။ သို့သော်လည်း ကွမ်းသည် ဂိုဏ်းဂဏ မခွဲဘဲ နေထိုင်နိုင်ခဲ့သည့်အတွက် ကွန်မြူနစ်များ စောင့်ကြည့်နေချိန်တွင်ပင် ပုံမှန် ဘုရားကျောင်းတခု၏ ကျောင်းထိုင်ဘုန်းကြီးအဖြစ် အဝါရောင်သင်္ကန်းကို ဝတ်ဆင်ပြီး နေနိုင်ခဲ့သည်။ တခါတွင်လည်း ကွမ်းနှင့် သူး ကျိန်စာတခုကြောင့် နာမကျန်းဖြစ်သည့်အခါ အမျိုးသမီးနတ်ဝင်သည် တဦးကို အကူအညီတောင်းပြီး နေပြန်ကောင်းအောင် ဆောင်ရွက်ခဲ့ကြသည်။ နောက်ထပ် တွေ့ရသည်မှာ ဘုန်းကြီးများသည် လက်ထပ်ထိမ်းမြားခြင်း ဆောင်ရွက်နိုင်ကြောင်းနှင့် ထိုသို့ ဆောင်ရွက်လိမ့်မည်ဟု မှတ်ယူထားကြောင်းကိုလည်း တွေ့ရသည်။ ကွမ်းသည် ကွက်ထေ ဘုရားကျောင်းတွင် ကျောင်းထိုင်ဘုန်းကြီးအဖြစ် ဆောင်ရွက်စဥ် လက်ထပ်ထိမ်းမြားခွင့် တောင်းခံခြင်းကို အကြိမ်ကြိမ် ဆောင်ရွက်ခဲ့ကြောင်း တွေ့ရသည်။ ကွမ်းလိုမျိုး ခြေသလုံး အိမ်တိုင် သမားတဦးအတွက် ဗုဒ္ဓဘာသာသည် ရွှေ့ပြောင်းသွားလာနေထိုင်သည့် ဘာသာတခုဖြစ်ပြီး မြစ်ဝကျွန်းပေါ် ဒေသတွင် လှည့်ပတ်သွားလာကာ တရားကိုရှာဖွေရင်း လူအများကို ဒုက္ခဆင်းရဲနှင့် နာမကျန်း ဖြစ်ခြင်းတို့မှ သက်သာစေရန် ကူညီသည့် ဘာသာဖြစ်သည်။

ထို့အပြင် ကွမ်း၏ ဘဝဇာတ်ကြောင်းက တောင်ဗီယက်နမ်တွင် နေထိုင်သည့် ဘာသာရေး အသိုင်းအဝိုင်းများ၏ ရှုထောင့်အမြင်ကိုလည်း ပြောပြနေသည်။ ရှောင်မက်ဟေးက ကွမ်းမွေးဖွားသည့် နှစ်မရောက်မီ ကာလများတွင် ဖြစ်ပွားလာလျှက်ရှိသည့် လူမျိုးရေးတင်းမာမှုများကို မှတ်တမ်းတင် ခဲ့သည် 5။ သို့သော် ကွမ်း၏ ထေရုပ္ပတ္တိတွင် တွေ့ရသည်မှာ အဆိုပါ တင်းမာမှုများသည် ဒေသအဆင့်မှာရော လူတဦးချင်းအဆင့်မှာပါ မကြာခဏဆိုသလို ပျောက်ကွယ်သွားပြီ ဖြစ်ကြောင်း တွေ့ရမည် ဖြစ်သည်။ ကွမ်းက လူငယ်ဘဝတွင် တရုတ်များနှင့် နေထိုင်ခဲ့ပြီး ဆင်တောင်တွင် သူနှင့်အတူ နေထိုင်သည့် အသိုက်အဝန်းမှာလည်း ခမာများ ဖြစ်ကြသည်။ နယ်လှည့် ဘုန်းကြီးတပါးအဖြစ် သွားလာနေထိုင်ရန် “အိမ်မှ ထွက်ခွာလာချိန်” တွင် ပထမဆုံး စွန့်ခွာရသည်မှာလည်း မိမိက ဘယ်သူ ဆိုသည့် သရုပ်လက္ခဏာ ဖြစ်သည်။ ဒိုးသီးရန်ကလည်း သူ့အဘိုးဖြစ်သူ တောင်ခုနစ်လုံး ဒေသသို့ ခရီးထွက်ပြီး ဗီယက်နမ်နှင့် ခမာမှော်အတတ်ကျွမ်းကျင်သည့် ထိုင်းလူမျိုးတဦးဆီတွင် ပညာ သင်ကြားသည့် အခါတွင်လည်း ယင်းသို့ပင်ဖြစ်ကြောင်း ရေးသားခဲ့သည် 6။ အလားတူပင် စာရေးသူ၏ တောင်ခုနစ်လုံးဗုဒ္ဓဘာသာဆရာက ပြောခဲ့ဖူးသည်မှာ သူ့နယ်လှည့်ဆရာသည် ခမာလူမျိုးပုံ ပေါက်သော်လည်း ဘာသာစကားအမြောက်အမြား ပြောတတ်သည့်အတွက် ဘာလူမျိုးလဲဆိုသည်မှာ မသေချာကြောင်း ပြောခဲ့ဖူးသည်။

ပုံ ၅.၆ ။ တောင်ခုနစ်လုံးဒေသရှိ ဆင်တောင်ပေါ်တွင် တည်ထားသည့် သမ်းဗူဘုရား (စာရေးသူ ၏ စုဆောင်းမှုမှ – ၂၀၀၆)

အဆုံးသတ်တွင် ဦးလေးနံပါတ်လေးစာအုပ်သည် ပြန်ပြောင်းအမှတ်ရခြင်း သင်ခန်းစာတခုလည်း ဖြစ်သည်။ စာရေးသူကိုယ်တိုင်လည်း ကွမ်းကဲ့သို့ နယ်လှည့်ဆေးဆရာလည်းဖြစ်၊ တောင်ခုနစ်လုံး ဒေသသို့ သွားရောက်တရားရှာသူ လည်းဖြစ်သည့် အဖိုးဖြစ်သူ၏ ဇာတ်ကြောင်းများကို နားထောင်ရင်း ကြီးပြင်းခဲ့ရသည်။ ယင်းတို့ထဲမှ ထူးထွေဆန်းပြားသည့် ဇာတ်ကြောင်းများမှာ ကြက်တကောင်လုံးကို မြိုချနိုင်သည်ဆိုသည့် ဆေးဖက်ဝင် “သွေးဆာမဲဒီဒုတ်” အပင် (huyết ngải) အကြောင်း ဇာတ်လမ်းများ ဖြစ်သည်။ ကွမ်းကလည်း တောတွင်းရသေ့ကြီးဖြစ်သည့် အွန်ဘချိ (Lead Lips) က ယင်းကဲ့သို့ လျှို့ဝှက်ဆန်းကြယ်အပင်တမျိုးကို စိုက်ပျိုးခဲ့ကြောင်း ရေးသားထားသည်ကို တွေ့ရသည်။ ကွမ်းက ဗိန္ဒောဆရာများနှင့် မှော်ဆရာများအတွက်တော့ တောအုပ်အတွင်းရှိ သစ်ပင်များတွင် ဝိညာဥ်ရှိသည်ဟု ယူဆကြောင်း ရေးသားခဲ့သည်။ အမှန်အားဖြင့်လည်း တောအုပ်များသည် ဗီယက်နမ်နိုင်ငံ စစ်ပွဲကာလအတွင်း ထူးခြားအမှတ်ရရသည့် နေရာများဖြစ်သည်။ ကွမ်း၏ ရေးသားချက်တွင် ကဗျာအဆန်ဆုံးနေရာမှာ သူ့ငယ်ဘဝနှင့် ထူးခြားဆန်းကြယ်သည့် တောတောင်အုပ်များ ဆက်စပ်နေပုံ အကြောင်းရေးသားချက် ဖြစ်သည်။ ပေါင်နင့်ရေးသားသည့် “ဝိညာဥ်များကို လက်ယပ်ခေါ်နေသည့် တောရိုင်း” (truông Gọi Hồn) နှင့် မတူသည်မှာ ကွမ်းက တောင်ခုနစ်လုံးဒေသကို သူ့ငယ်ဘဝ ဆော့ကစားရာနေရာအဖြစ် ရေးသားထားခြင်း ဖြစ်သည် 7။ အိုဂါဒရော၏ “ဗီယက်နမ်နှစ်ခု ဖန်တီးခြင်း” (Making Two Vietnams) တွင် ရေးသားထားချက်အတိုင်းပင် လူငယ်များသည် ဒူပေနာပေ ခံကြသည်။ ငယ်စဥ်ကလေးဘဝမှာ အံ့အားသင့်ဖွယ်ရာများနှင့် ဂမ္ဘီရဆန်အဖြစ်များ မရှိဘဲ မနေပေ။ သို့သော်လည်း အဆုံးတွင် ကွမ်းသည် တောတောင်လိုဏ်ဂူများထဲတွင် ပြန်သွားနေချင်သော်လည်း ပြင်ဆင်လို့မရသော အတိတ်နှင့် အဆက်ဖြတ်ခြင်းကို ကြုံတွေ့ခဲ့ရသည်။ ကွမ်းရေးသားသည့်အထဲတွင် သူ့အတွက် အဆိုးရွားဆုံးနှင့် အကျယ်မချဲ့ထားဘဲ တကြောင်းတည်း ရေးသားထားသည့် အပိုင်းမှာ ခမာနီစစ်တပ်က သူ့ပထမအချစ်နှင့် သူ့ဆရာကို သတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်။ သူက သူ့ဆရာသည် ကျည်ပြီးသည့်အတွက် “ဗီယက်နမ်တွင် အစွမ်းဆုံး မှော်ဆရာကြီး” အဖြစ် မှတ်ယူ ထားခဲ့သည်။

ကွမ်းက ဗီယက်နမ်မှ လှေဖြင့်ထွက်ခွာစဥ် အပေါ်ပိုင်းကိုယ်လုံးတီး မြစ်စောင့်နတ်သမီးကို မြင်မက်သည်ဟု ရေးသားထားသည်။ သူ့ကို နတ်သမီးက မုန်တိုင်းဆန်သည့် ရေထဲသို့လာရန် ဖျားယောင်းခဲ့သည်ဟု ကွမ်းကဆိုသည်။ ပေါင်နင့်၏ အဓိကဇာတ်ဆောင်ဖြစ်သော ကီးရန်က သူ့ချစ်သူ ဖူးအွန်းကိုယ်ယောင်ပြတာကို တွေ့ကြုံရသလိုပင်၊ ငွင်ဟေ့သေ့ရပ် 8 ၏ စိတ်လွတ်ကိုယ်လွတ်ဖြစ်နေသော ဇာတ်ဆောင် ချူးအွန်းက မြစ်နတ်သမီးတပါး(သူ့နာမည်ကလည်း တိုက်တိုက်ဆိုင်ဆိုင် ဖူးအွန်းဖြစ်)ဆီ ကိုယ်လုံးတီး ဦးတည်ရာမဲ့ ကူးခတ်သွားသလိုပင် ကွမ်းကလည်း သူ့ အိပ်မက်များ၊ မျှော်လင့်ချက်များ၊ ဆုံးရှုံးမှုများအကြောင်း ရေးသားဖော်ပြထားသည်။ သူက ပျိုမြစ်သော လူငယ်ဘဝက မှတ်ဉာဏ်ထဲတွင် ရှင်သန်နေသော်လည်း ယင်း၏ မှော်ဆန်မှုက ပြန်မရနိုင်တော့ကြောင်း သင်ခန်းစာပေးထားသည်။ သူ့ဘဝဇာတ်ကြောင်းမှတဆင့် ကွမ်းသည် တောင်ခုနစ်လုံးဒေသတွင် လူငယ်ဘဝ ပျော်ရွှင်စွာ နေထိုင် ရှင်သန်ခဲ့ပုံကို ဖော်ပြထားပြီး စိတ်ဝင်စားသူ နောက်မျိုးဆက်များကို ဆက်လက် လက်ဆင့်ကမ်း ပြောပြသွားသည် ဖြစ်ပါတော့သတည်း။ ။

Quảng Huyền
VinUniversity, Hanoi

Reference

Bảo Ninh. Nỗi buồn chiến tranh. Thành phố Hồ Chí Minh: NXB Trẻ, 2011.

Đỗ, Thiện. “Daoists from the Mountain.” Vietnamese Supernaturalism: Views from the Southern Region, chapter five. London: RoutledgeCurzon, 2003.

Dror, Olga. Making Two Vietnams: War and Youth Identities, 1965-1975. Cambridge: Cambridge University Press, 2018.

Ho Tai, Hue-Tam. Millenarianism and Peasant Politics in Vietnam. Cambridge, MA: Harvard University Press, 1983.

Komjathy, Louis. Cultivating Perfection: Mysticism and Self-Transformation in Early Quanzhen Daoism. Leiden: Brill, 2007.

McHale, Shawn Frederick. The First Vietnam War: Violence, Sovereignty, and the Fracture of the South, 1945–1956. Cambridge: Cambridge University Press, 2021.

Nguyễn Huy Thiệp, “Con gái Thu thần.” In Tuyển tập Nguyễn Huy Thiệp: truyện ngắn, edited by Anh Trúc, 102–148. Hà Nội: NXB Phụ nữ, 2001.

Thích Giác Toàn, ed. Buddhist Mendicancy Tradition of Vietnam. Ho Chi Minh City: Minh Đăng Quang Dharma Institute, 2017.

Notes:

  1. ငွင်ဗန်ကွမ်းသည် ယနေ့တွင် ဗားမောင့်ပြည်နယ် ဘရက်တယ်ဘိုရိုတွင် ဗီယက်နမ်ရိုးရာဆေးကုခြင်းကို ဆောင်ရွက်နေထိုင်လျှက် ရှိပါသည်။
  2. Thích Giác Toàn, ed., Buddhist Mendicancy Tradition of Vietnam (Ho Chi Minh City: Minh Đăng Quang Dharma Institute, 2017).
  3. Louis Komjathy, Cultivating Perfection: Mysticism and Self-Transformation in Early Quanzhen Daoism (Leiden: Brill, 2007), passim.
  4. Thiện Đỗ, “Daoists from the Mountain,” chapter five of Vietnamese Supernaturalism: Views from the Southern Region (London: RoutledgeCurzon, 2003), 165–206
  5. Shawn Frederick McHale, The First Vietnam War: Violence, Sovereignty, and the Fracture of the South, 1945–1956 (Cambridge: Cambridge University Press, 2021), 94–105.
  6. Thiện Đỗ, “Daoists from the Mountain,” 180.
  7. Bảo Ninh, Nỗi buồn chiến tranh (Tp Hồ Chí Minh: NXB Trẻ, 2011).
  8. Nguyễn Huy Thiệp, “Con gái Thủy thần,” in Tuyển Tập Nguyễn Huy Thiệp: Truyện Ngắn, ed. Anh Trúc. (Hà Nội: NXB Phụ nữ, 2001), 106–108.