၁၉၆၀ ပြည့်နှစ်များရှိ တောင်ဗီယက်နမ် ဗုဒ္ဓဘာသာ လှုပ်ရှားမှုကို အမှတ်ရလေ့ ရှိသည်မှာ လမ်းပေါ်တွင် လူအများ ချီတက်ဆန္ဒပြခြင်းနှင့် သံဃာများ လမ်းပေါ်တွင် မိမိကိုယ်ကို မီးရှို့ဆန္ဒပြခြင်းတို့ ဖြစ်ပါသည်။ ဗီယက်နမ်သမ္မတနိုင်ငံ (တောင်ဗီယက်နမ်) တွင် ဗုဒ္ဓဘာသာဝင်များသည် စနစ်တကျ စုဖွဲ့မှုရှိသော အကြီးဆုံး နိုင်ငံရေးအုပ်စု ဖြစ်ခဲ့သည်။ ၄င်းတို့က ၁၉၆၃ “ဗုဒ္ဓဘာသာ အရေးအခင်း” တွင် လမ်းပေါ်သို့ ထောင်နှင့်ချီ ထွက်လာပြီး အစိုးရကျင့်သုံးနေသော မူဝါဒများကို ဆန့်ကျင်ကန့်ကွက်ကြကာ ကိုယ်စားပြုမှု ရှိသော အစိုးရ ဖော်ဆောင်ရေးတောင်းဆိုမှုအတွက် လူသိများကြသည်။ အမေရိကန် အကြံပေးများအတွက် ယင်းအရေးအခင်းက သမ္မတငုဒင့်ဇမ့်အစိုးရသည် အုပ်ချုပ်၍ မရကြောင်း သက်သေပြလိုက်ခြင်း ဖြစ်ပြီး စီအိုင်အေ၏ ကျောထောက်နောက်ခံမှုဖြင့် စစ်တပ်က နှစ်ကုန်ပိုင်းတွင် သူ့ကို အာဏာသိမ်း ဖယ်ရှားလိုက်သည်။ ဗုဒ္ဓဘာသာ လှုပ်ရှားမှု၏ အင်အားနှင့် သြဇာအကြောင်း သမိုင်း ပညာရှင်များ ဖြစ်သည့် ရောဘတ်တော့ပ်မီလာ၊ ဂျိမ်းစ်မက်အလီစတာ၊ အက်ဝပ်မီလာနှင့် ဆိုဖီကွင်းဂျက်တို့ ရေးသားမှုများတွင် တွေ့ရသည်။ သို့သော် လှုပ်ရှားမှု၏ သမိုင်းကြောင်းနောက်ခံနှင့် အသိဉာဏ် မူဝါဒ နောက်ခံတို့အကြောင်း ရေးသားမှု၊ အုပ်စု အတွင်းပိုင်း တွန်းတိုက်မှုနှင့် အမြင်တို့ အကြောင်းရေးသားမှုတို့မှာမူ နည်းပါးသေးသည်။
ဗုဒ္ဓဘာသာ လှုပ်ရှားမှု နောက်ကွယ်ရှိ တွေးခေါ်ပုံအကြောင်း မီးမောင်းထိုးပြရန်အတွက် ဤစာတမ်းသည် သြဇာညောင်းလူသိများသည့် ဘုန်းတော်ကြီး ထစ်နက်ဟန် (၁၉၂၆-၂၀၂၂) (ဘာသာပြန်သူ မှတ်ချက် – အချို့ မြန်မာဘာသာပြန်များတွင် ဆရာတော်ကို သစ်နက်ဟန်ဟု သုံးစွဲပါသည်။ ဗီယက်နမ်မူရင်းအသံထွက်နှင့် ပိုမိုနီးစပ်သည့် ‘ထစ်နက်ဟန်’ ကို ဤဘာသာပြန်တွင် သုံးစွဲထားပါသည်) ၏ ရေးသားမှုများကို သုံးသပ်တင်ပြထားပါသည်။ ဆရာတော်က အကြမ်းမဖက်သော မျိုးချစ်ဝါဒနှင့် အမျိုးသားတိုင်းပြည် တည်ဆောက်ရေး လုပ်ဆောင်သည့် နည်းလမ်းအဖြစ် လူမှုရေးအရ ထိတွေ့ဆက်ဆံသော ဗုဒ္ဓဘာသာ (socially engaged Buddhism) ဆောင်ရွက်ရန် အားပေးခဲ့ပါသည်။ ဆရာတော်ထစ်နက်ဟန်က ဗီယက်နမ်အလယ်ပိုင်းနှင့် တောင်ပိုင်းတွင် နေထိုင်ခဲ့သည့် သူ့ဘဝအစောပိုင်းကာလတွင် မိရိုးဖလာ ဗုဒ္ဓဘာသာသည် ဘုရားကျောင်းများတွင်သာ သီးသန့်ရှိနေပြီး ပြည်သူများ၏ နေ့စဥ်ဘဝ ပူပန်မှုများကို ကိုင်တွယ်ဖြေရှင်းခြင်း မရှိကြောင်း တွေ့ရှိခဲ့သည်။ ပြည်တွင်းစစ် ဖြစ်နေသည့် ကာလတွင် ဗုဒ္ဓဘာသာအနေဖြင့် မဆိုင်သလို မဖြစ်စေရန်နှင့် ပြည်သူများအတွက် အသုံးဝင်စေရန် ဗုဒ္ဓဘာသာ ခေါင်းဆောင်များအနေဖြင့် လူ့အဖွဲ့အစည်း၏ ဒုက္ခဆင်းရဲကို အသိအမှတ်ပြု ဖြေရှင်းရန် လိုအပ်သည်ဟု ဆရာတော်က မြင်သည်။ ၁၉၅၀ နှောင်းပိုင်းနှစ်များနှင့် ၁၉၆၀ ပြည့်နှစ်များ အလယ်ပိုင်းကာလတွင် ဆရာတော်ထစ်နက်ဟန်သည် မိရိုးဖလာ ဗုဒ္ဓဘာသာ အင်စတီးကျူးရှင်းများကို ပြုပြင်ပြောင်းလဲရန် ကြိုးစားမှုကို လက်လျှော့လိုက်ပြီး လူမှု အပြောင်းအလဲ ဖြစ်ရေးအတွက် လူငယ်များကို ဦးတည် ခဲ့သည်။ ဆိုင်ဂွန်မြို့တွင် ဆရာတော်က ဗုဒ္ဓဘာသာ ပညာရေးနှင့် လူမှုရေးကျောင်းတခု ထူထောင်ပြီး ပြောင်းလဲမှုဖော်ဆောင်ရန်အတွက် လူငယ် မျိုးဆက်ကို မြှင့်တင်ရန် ရည်ရွယ်ခဲ့သည်။ စစ်ပွဲအစား နိုင်ငံကို တည်ဆောက်ရာတွင် လူမှုရေး အလုပ်များ ဆောင်ရွက်ခြင်းနှင့် အကြမ်းမဖက်သော ပြန်လည်ရင်ကြားစေ့ရေးကို ဆောင်ရွက်ရန် ဖြစ်သည်။ နိုင်ငံရေးအရ အတိုက်အခံဆောင်ရွက်နေသည့် အခြားသော ဗုဒ္ဓဘာသာ ခေါင်းဆောင်များမှာ အစိုးရ ဆန့်ကျင်ရေးနှင့် စစ်ဆန့်ကျင်ရေး လှုပ်ရှားမှုများကို ဆောင်ရွက်နေချိန်တွင် ဆရာတော် ထစ်နက်ဟန်က ဗီယက်နမ် ဗုဒ္ဓဘာသာနှင့် အမျိုးသားရေးအတွက် အပြုသဘောဆောင်သည့် ရေရှည် အမြင်ဖြင့် လူငယ်လှုပ်ရှားမှုတရပ် ဖော်ဆောင်ရန် ဆောင်ရွက် နေသည့် တပါးတည်းသော ဘုန်းတော်ကြီးဖြစ်သည်။
ထိတွေ့ဆက်ဆံမှုရှိပြီး တပေါင်းတည်းဖြစ်သော ဗုဒ္ဓဘာသာဖြစ်လာစေရန် ဆောင်ရွက်ခြင်း
၂၀ ရာစုအစောပိုင်း အာရှတွင် ဗုဒ္ဓဘာသာ ပြန်လည်ဆန်းသစ်ခြင်း၏ တစိတ်တပိုင်းအနေဖြင့် လူမှုရေးအရ ထိတွေ့ဆက်ဆံမှုရှိသော ဗုဒ္ဓဘာသာဆိုသည့် အယူအဆသည် ခေတ်စားလာသည်။ ယင်း ပြန်လည်ဆန်းသစ်သည့် လှုပ်ရှားမှုက ဆရာတော် ထစ်နက်ဟန်အပေါ် လွှမ်းမိုးမှု ရှိခဲ့သည်။ ဆရာတော်က ၁၉၅၀ ပြည့်နှစ်များတွင် ထိတွေ့ဆက်ဆံမှုရှိသော ဗုဒ္ဓဘာသာအကြောင်း ရေးသားခဲ့ပြီး အင်စတီးကျူးရှင်း အပြောင်းအလဲများ ဆောင်ရွက်ရန်နှင့် နောက်ပိုင်းတွင် လူငယ်များကို လူမှုရေး လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ရန် လှုပ်ရှားမှုကို ဆောင်ရွက်ခဲ့သည်။
ဆရာတော် ထစ်နက်ဟန်က စစ်ဒဏ်သင့်နေသည့် နိုင်ငံကို ဗုဒ္ဓဘာသာ အင်စတီးကျူးရှင်းများက ကူညီ စောင်မရန်နှင့် ငြိမ်းချမ်းပြီး လွတ်လပ်သော ဗီယက်နမ်နိုင်ငံ တည်ဆောက်ရာတွင် ပါဝင်ကူညီကြရန် သတိပေးခဲ့သည်။ ဗုဒ္ဓဘာသာဝင်များ၏ လှုပ်ရှားမှုများ ဆောင်ရွက်ရာတွင် တနိုင်ငံလုံး ပူးပေါင်း ဆောင်ရွက်နိုင်မည့် ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်ရန် ဆရာတော်က စိတ်အားထက်သန်စွာ လှုံ့ဆော်ခဲ့သည်။ ဆရာတော်၏ မျှော်လင့်ချက်များကို သူအယ်ဒီတာအဖြစ် ၁၉၅၆ မှ ၁၉၅၈ ခုနှစ် အထိ ဆောင်ရွက်ခဲ့သည့် ဗီယက်နမ်ဗုဒ္ဓဘာသာ ဂျာနယ် (Phật Giáo Việt Nam) တွင် တွေ့နိုင်သည်။ ယင်းဂျာနယ်သည် ဗီယက်နမ် အထွေထွေဗုဒ္ဓဘာသာ အစည်းအရုံး (Tổng Hội Phật Giáo Việt Nam) ၏ တရားဝင် ဂျာနယ်လည်းဖြစ်သည်။ အစည်းအရုံးကို ၁၉၅၁ တွင် ထူထောင်ခဲ့ခြင်း ဖြစ်ပြီး ဗီယက်နမ် နိုင်ငံ အလယ်ပိုင်းနှင့် တောင်ပိုင်းရှိ ဗုဒ္ဓဘာသာ ဂိုဏ်းခြောက်ဂိုဏ်းကို ပေါင်းစည်းထားသော အဖွဲ့ဖြစ်သည်။
ဆရာတော်က အယ်ဒီတာချုပ်အနေဖြင့် ဓာထောင် (Dã Thảo) ဆိုသည့် ကလောင်နာမည်ဖြင့်ရေးသားပြီး လူ့အဖွဲ့အစည်း၏ အကျိုးစီးပွားအတွက် အမှန်တကယ် ပေါင်းစည်းရန်နှင့် လှုပ်ရှားမှု ပြုလုပ်ရန် စိတ်ပါဝင်စားမှု မရှိသည့် ဗုဒ္ဓဘာသာ ခေါင်းဆောင်များကို ဝေဖန်ခဲ့သည်။ ဆရာတော်က အထွေထွေဗုဒ္ဓဘာသာ အစည်းအရုံးသို့ ဗုဒ္ဓဘာသာ ဂိုဏ်းအားလုံး ပါဝင်ပေါင်းစည်းလာရေး ကြိုးပမ်းခဲ့သည်။ ထို့အပြင် ဘုန်းတော်ကြီးကျောင်းများတွင် စာသင်ကြားခြင်း၊ အစီအစဥ်များ ရေးဆွဲခြင်း၊ မတူညီသည့် ဒေသအသီးသီးတွင် ဝတ်ရုံသည့် သင်္ကန်းများကို စံသတ်မှတ်ဖို့ ကြိုးစားခြင်းနှင့် ခေါင်းဆောင်မှုနှင့် ဘဏ္ဍာရေးတို့ကို ဗဟိုချုပ်ကိုင်ရန် ဆောင်ရွက်ခြင်းတို့ အပါအဝင် လိုအပ်သည်ဟု ယူဆသော ပြုပြင်ပြောင်းလဲမှုများကို ရေးသားဖော်ပြခဲ့သည်။ ထိုသို့ ရေးသားရာတွင် ဆရာတော်သည် တရားဝင်အယ်ဒီတာတဦး၏ ထိန်းပြီး ပြောသော လေသံထက် တက်ကြွလှုပ်ရှားသူ တဦး၏ ပြောဆိုမှုမျိုးပုံစံဖြင့် ရေးသားခဲ့သည်။ ဆရာတော်က ဗုဒ္ဓဘာသာဝင် အားလုံးအနေဖြင့် – “အမှန်တကယ် သင့်တင့်မျှတအောင် နေထိုင်ခြင်းသည် မိမိတို့ခေတ်အတွက် လိုအပ်သည့် တာဝန်အဖြစ် လက်ခံရမည် ဖြစ်ကြောင်း၊ ဗုဒ္ဓဘာသာသည် ငြိမ်းချမ်းရေးအင်အားတရပ် ဖြစ်ကြောင်း၊ အထွေထွေ ဗုဒ္ဓဘာသာ အစည်းအရုံးသည် မိမိတို့အားလုံး၏ တပ်ဦးဖြစ်ကြောင်း” ရေးသားခဲ့သည်။ ဆရာတော်က အစည်းအရုံးခေါင်းဆောင်များကို တိုက်တွန်းရာတွင် “ခေါင်းဆောင်တွေရဲ့ နာမည်ဟာ ဗီယက်နမ် သမိုင်းမှာ တွင်ကျန်ရစ်မယ်။ သန်းနှင့်ချီတဲ့ ပြည်သူတွေက စောင့်ကြည့်နေကြတယ်။ ထက်မြက်တဲ့ ခေါင်းဆောင်တွေ ပီပီ မိမိရဲ့ နောက်လိုက် ငယ်သားတွေကို စိတ်မပျက်စေနဲ့၊ ခေါင်းဆောင်မှုပေးကြ” လို့ ဆရာတော်က ဒရာမာဆန်ဆန် ရေးသားတိုက်တွန်းခဲ့သည်။
ဆရာတော်ထစ်နက်ဟန်က အစည်းအရုံး၏ ဂျာနယ်ကို အယ်ဒီတာချုပ်အနေဖြင့် အသုံးချပြီး အစည်းအရုံး၏ ခေါင်းဆောင်များကို ပြန်လည်ဝေဖန်ခဲ့သည့်အတွက် လုပ်ပိုင်ခွင့်ကို ကျော်လွန် လုပ်ဆောင်ခဲ့ ဟန်တူပါသည်။ ဆရာတော်က စာဖတ်သူများကို အစည်းအရုံးအနေဖြင့် ပြုပြင် ပြောင်းလဲမှုများ ဆောင်ရွက်ရန် ခေါင်းဆောင်များထံ ဖိအားပေး စာရေးသားဖို့ တိုက်တွန်း ဖော်ပြခဲ့သည်။ ဂျာနယ်ကို နှစ်နှစ်အကြာတွင် ထုတ်ဝေမှု ရပ်ဆိုင်းလိုက်ပြီး တရားဝင် အကြောင်းပြချက်မှာ ဘဏ္ဍာရေး မလုံလောက်မှုကြောင့် ဖြစ်သည်။ သို့သော် ဆရာတော် ထစ်နက်ဟန် ကတော့ အစည်းအရုံးက ဂျာနယ်ကို ရပ်ဆိုင်းလိုက်ခြင်းမှာ သူ့၏ ဝေဖန်မှုများနှင့် တွန်းအားပေးမှုများကို ရပ်တန့်ရန် ဆောင်ရွက်လိုက်ခြင်း ဖြစ်သည်ဟု ယူဆသည်။ ဆရာတော်က ဂျာနယ်ကို ပိတ်သိမ်းလိုက်ခြင်းမှာ သူ့၏ အစီအစဥ် အယူအဆများကို လုံးဝ ငြင်းပယ်လိုက်ခြင်း ဖြစ်ပြီး ဗီယက်နမ် ဗုဒ္ဓဘာသာအတွက် ကြီးမားသော ဆုံးရှုံးမှုအဖြစ် မှတ်ယူခဲ့သည်။
ဆရာတော် ထစ်နက်ဟန်၏ အမြင်တွင် ခေါင်းဆောင်များက မိရိုးဖလာ ပွဲလမ်းအစီအမံများတွင်သာ ကျေနပ်နေသည့်အတွက် ဗီယက်နမ်ဗုဒ္ဓဘာသာ၏ တမူထူးခြားသော အစွမ်းအစမှာ အလဟဿ ဖြစ်ရသည်ဟု ယူဆသည်။ ခေါင်းဆောင်များက သူတို့၏ ရပ်ရွာအသိုက်အဝန်းများတွင် လိုအပ်နေမှု များကို ဖြည့်ဆည်းပေးရန်အတွက် သူတို့တွင် ရှိသည့် ကွန်ရက်နှင့် သြဇာအာဏာကို အသုံးချမှုမရှိဟု ဆရာတော်က မြင်သည်။ “ဒုက္ခဆင်းရဲခံစားနေရတဲ့ လူ့အဖွဲ့အစည်းမှာ တရားပဲဟောနေတာက ဘာမှအသုံးမကျဘူး” ဟု ဆရာတော်က ရေးသားခဲ့ပြီး ထိတွေ့ဆက်ဆံသော ဗုဒ္ဓဘာသာအနေဖြင့် မည်သို့ စံအနေဖြင့် ဆောင်ရွက်သင့်ကြောင်း ဆရာတော်က ဖော်ပြခဲ့သည်။ ဆရာတော်၏ အင်စတီကျူးရှင်း ပြုပြင်ပြောင်းလဲရေးနှင့် လှုပ်ရှားမှု ဖော်ဆောင်ရေးအတွက် အိုင်ဒီယာများကို ဘာသာရေးခေါင်းဆောင်များက လျစ်လျူရှု ငြင်းပယ်လိုက်ပြီးနောက် ဆရာတော်သည် သူ့၏ ပစ်မှတ်နှင့် မျှော်လင့်ချက်များကို နောက်ထပ်ပုဂ္ဂိုလ်များထံသို့ ပြောင်းလဲလိုက်သည်။ ယင်းတို့မှာ လူငယ်ဗုဒ္ဓဘာသာဝင်များ ဖြစ်သည်။
ဗုဒ္ဓဘာသာလူငယ်များနှင့် အမျိုးသားတိုင်းပြည်တည်ဆောက်ရေး
၁၉၆၀ ပြည့်နှစ်များ အစောပိုင်းကာလတွင် ဆရာတော် ထစ်နက်ဟန်သည် ဗုဒ္ဓဘာသာ လူငယ်များကို စတင်စည်းရုံးကာ ငြိမ်းချမ်းပြီး သာယာဝပြောသော ဗီယက်နမ် လူ့အဖွဲ့အစည်း ထူထောင်ရန်အတွက် ဦးဆောင်ကြရန် တိုက်တွန်းခဲ့သည်။ ဆရာတော်ရေးသားသည့် “အသက်နှစ်ဆယ်ကျော် လူငယ်များထံ ပေးစာ” (Nói Với Tuổi Hai Mươi) ဆောင်းပါးများတွင် ဆရာတော်က စာဖတ်သူများကို ငြိမ်းချမ်းသော တော်လှန်ရေး အသစ်တရပ် ဆင်နွှဲရန် တိုက်တွန်းခဲ့သည်။ ဆရာတော်က နောက်မျိုးဆက်သစ် လူငယ်များသည် အဖြေရှာရန် လိုလားနေကြပြီး စစ်မှန်သည့် အပြောင်းအလဲ ဖော်ဆောင်ရန် ခွန်အားနှင့် အစွမ်းအစ ရှိကြောင်း ဆရာတော်က ယူဆခဲ့သည်။
“လူငယ်များထံပေးစာ” ဆောင်းပါးများကို အမိမြေရနံ့ဂျာနယ် (Giữ Thơm Quê Mẹ) တွင် ဆောင်းပါး ရှစ်ပုဒ်အနေဖြင့် ဖော်ပြခဲ့သည်။ ဆောင်းပါးတပုဒ်ချင်းဆီက မတူညီသော အကြောင်းအရာတခုစီကို ရေးသား ဖော်ပြခြင်း ဖြစ်သည် – အထီးကျန်မှု၊ စံတန်ဖိုးများ၊ ပညာရေး၊ ချစ်ခြင်းမေတ္တာနှင့် ဘာသာရေးတို့ ဖြစ်သည်။ ယင်းဆောင်းပါးများက နေ့စဥ်ပူပန်သောကများအကြောင်းကို ညင်ညင်သာသာ ဆွေးနွေးခြင်းနှင့် ရဲရဲတောက် လှုံ့ဆော်ဆွေးနွေးခြင်းတို့ကို တလှည့်စီ ရေးသား ဖော်ပြထားခြင်း ဖြစ်သည်။ ဆရာတော်ထစ်နက်ဟန်က ပြည်တွင်းစစ် ဖြစ်နေသည့် ကာလအတွင်း လူငယ်များကို စိတ်သက်သာရာရစေရန် ရည်ရွယ်သည့်အပြင် တဖက်တွင်လည်း စိတ်ခွန်အားပေးရန် ရည်ရွယ်ခဲ့ပုံရသည်။ ဆရာတော်က လူငယ်များခံစားနေရသည်ကို နားလည်ကြောင်း ဖော်ပြလိုသည့် အပြင် စစ်ပွဲနှင့် စစ်၏ နိုင်ငံရေးအာဏာပုံစံကို လူငယ်များ ငြင်းဆန်ကြရန် လမ်းပြလိုခြင်း ဖြစ်သည်။ အမျိုးသားငြိမ်းချမ်းရေးသည် နောက်မျိုးဆက်သစ်က ချစ်ခြင်းမေတ္တာ၊ ကိုယ်ချင်းစာစိတ်ထားခြင်းဖြင့် ဆောင်ရွက်ရန် ရွေးချယ်မှုဖြင့် အစပြုလိမ့်မည်ဟု ဆရာတော်က ယုံကြည်သည်။ ဆရာတော်က ရေးသားခဲ့သည်မှာ – “ချစ်ခြင်းမေတ္တာ ဘယ်လိုထားရမယ်၊ ဘယ်လိုခွင့်လွှတ်တတ်ရတယ်ဆိုတာကို နားလည်တဲ့အခါမှသာ တိုင်းပြည်ရဲ့ ဝိညာဥ်က နိုးထလာမယ်။ သေနတ်နဲ့ ကျည်ဆံတွေ သက်ပြင်းချပြီး လေယာဥ်တွေ ငိုကြလိမ့်မယ်။ ဗုံးသံတွေ ဆိတ်သုဥ်းသွားပြီး ငါတို့တိုင်းပြည်လည်း စစ်တလင်း မဖြစ်တော့ဘူး” ဟု ရေးသားခဲ့သည်။
ဆရာတော်၏ ဆောင်းပါးများက စစ်အတွက် တာဝန်ရှိသူများကို လူငယ်များက မုန်းတီးခြင်း မပါဘဲ ဆန့်ကျင်ကြရန်နှင့် လူ့အဖွဲ့အစည်းအသစ် တည်ထောင်ရာတွင် ဦးဆောင်ကြရန် တိုက်တွန်း အားပေးသည်။ “လူငယ်တွေရဲ့ ပေါင်းစည်းအင်အားကသာလျှင် လူ့အဖွဲ့အစည်းထဲမှာ ရှိနေတဲ့ သိသာတဲ့ ပုံစံတွေ၊ မသိဘဲ ဖြစ်နေတဲ့ ပုံစံတွေကို ဖယ်ရှားနိုင်မှာ ဖြစ်တယ်” ဟု ဆရာတော်က ရေးသားခဲ့သည်။ ယင်းရည်မှန်းချက်ကို အကောင်အထည်ဖော်သည့်အနေဖြင့် ဆရာတော် ထစ်နက်ဟန်က ကောလိပ် ကျောင်းသားအရွယ် လူငယ်များ ဘာသာရေးနှင့် လူမှုရေးအလုပ်များ သင်ယူနိုင်မည့် ကျောင်း တကျောင်းကို တည်ထောင်ခဲ့သည်။ ယင်းနောက် လူငယ်များအနေနှင့် ကျေးလက်ဒေသများရှိ ဖွံ့ဖြိုးရေး စီမံကိန်းများနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီ ပေးအပ်သည့် စီမံကိန်းများတွင် ပါဝင်ဦးဆောင်ကြရန် ဖြစ်သည်။
ဆရာတော်က “လူမှုရေးအလုပ် လူငယ်သင်တန်းကျောင်း – အက်စ်ဝိုင်အက်စ်အက်စ်ကျောင်း” (Trường Thanh Niên Phụng Sự Xã Hội) ကို ဆိုင်ဂွန်မြို့တွင် ၁၉၆၄ တွင် တည်ထောင်ခဲ့သည်။ ကျောင်းသားများကို ရေတွင်းတူးခြင်း၊ စာရေးစာဖတ် သင်တန်းပေးတတ်အောင် သင်ကြားပေးခြင်း၊ အခြေခံဆေးပညာနှင့် စိုက်ပျိုးရေး နည်းလမ်းသစ်များ အပါအဝင် ကျေးလက်ဖွံ့ဖြိုးရေး လုပ်ငန်းများ သင်ကြားပေးခဲ့သည်။ ၄င်းတို့က ဗုံးဒဏ်နှင့် ရေဘေးသင့်ဒေသများအတွက် အထောက်အပံ့များလည်း ပေးအပ်ခဲ့သည်။ ဆရာတော်၏ ရည်ရွယ်ချက်မှာ ဗီယက်နမ်နိုင်ငံ၏ အနာဂတ်ကို လူငယ်များ လက်ထဲ ထည့်ပေးရန် ဖြစ်သည်။ သူတို့ လိုချင်သော နိုင်ငံတော်ကို တအိမ်ထောင်ချင်းစီ၊ တကျောင်းချင်းစီ၊ တရွာချင်းစီမှ စပြီး တည်ထောင်ရန် ဖြစ်သည်။ သင်တန်းကျောင်းက ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး ကျောင်းများမှတဆင့် လူငယ်များကို ဗီယက်နမ်နိုင်ငံ အလယ်ပိုင်းနှင့် တောင်ပိုင်းရှိ ကျေးရွာများနှင့် ဆက်သွယ်ပေးခဲ့သည်။ ဆရာတော် ထစ်နက်ဟန်က “ဘာသာရေးဆိုတာ လူတွေကို ပေါင်းစည်း ပေးတဲ့ အရာ ဖြစ်ရမယ်။ အာဏာရှင်အနေနဲ့ လူတွေကို သွေးခွဲတဲ့ အရာ မဖြစ်စေရဘူး” ဟု ရေးသားခဲ့သည်။ ဆရာတော်က အထွေထွေဗုဒ္ဓဘာသာ အစည်းအရုံးတွင် ကြုံခဲ့ရသည့် သူ့အတွေ့အကြုံကို ရည်ညွှန်းခြင်း ဖြစ်ပုံရပါသည်။
လူငယ်များဦးဆောင်သည့် အဆိုပါ သက်သာချောင်ချိရေးနှင့် ဖွံ့ဖြိုးရေး စီမံကိန်းများ၏ ပမာဏမှာ သေးငယ်ပါသည်။ သင်တန်းကျောင်း တည်ရှိခဲ့သည့် ဆယ်စုနှစ်အတွင်း သင်တန်းသား တသောင်းခန့်သာ မွေးထုတ်နိုင်ခဲ့သည်။ သို့သော်လည်း ယင်းသင်တန်းကျောင်းမှာ ဆရာတော်ထစ်နက်ဟန်၏ တိုင်းပြည် တည်ဆောက်ရေးအမြင်ကို ထင်ဟပ်နေပါသည်။ သင်တန်းကျောင်းမှာ အောက်ခြေက စတင်သော လှုပ်ရှားမှုမျိုး ဖြစ်ပြီး ထိတွေ့ဆက်ဆံရေး ဗုဒ္ဓဘာသာ၏ မူများဖြင့် ဆောင်ရွက်ခြင်း ဖြစ်ပါသည်။ ဗီယက်နမ်နိုင်ငံကို တည်ထောင်ရာတွင် ရုပ်ပစ္စည်းအခြေခံ၊ စိတ်ဓာတ်အခြေခံများအဖြစ် ပေးအပ်နိုင်ရန် ရည်ရွယ်ခြင်း ဖြစ်ပါသည်။ ဆရာတော် ယုံကြည်ခဲ့သလို အက်စ်ဝိုင်အက်စ်အက်စ် သင်တန်းကျောင်း လိုမျိုး ထိတွေ့ဆက်ဆံရေး ဗုဒ္ဓဘာသာဆောင်ရွက်မှုများဖြင့် ကြီးကျယ်သော နိုင်ငံရေး၊ စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုများ ဖြစ်စေမလားဆိုတာကို တပ်အပ်မပြောနိုင်ပါ။ သို့သော် ဆရာတော်က အပြောင်းအလဲကို စစ်တိုက်ပြီး တိုင်းပြည်တည်ဆောက်ချင်သည့် အစိုးရနှင့် ဖြေးဖြေးနှေးနှေးသာ ဆောင်ရွက်သည့် ဘာသာရေးအင်စတီကျူးရှင်းများကို အားကိုးပြီး ဆောင်ရွက်လို့ မရကြောင်း သဘောပေါက်ပါသည်။ ဆရာတော်က “ လူမှုရေးအလုပ် လူငယ်သင်တန်းကျောင်းကို တည်ထောင်တဲ့ အခြေခံကိုက အစိုးရလာလုပ်ပေးတာကို စောင့်နေစရာ မလိုဘူးဆိုတဲ့ စိတ်ဓာတ်နဲ့ တည်ထောင်ခဲ့တာ” ဟု ရေးသားခဲ့သည်။ ဆရာတော်က သင်တန်းကျောင်းရှိ ဝန်ထမ်းများနှင့် ကျောင်းသားများကိုလည်း အားကိုးခဲ့သည်။ သူတို့လုပ်ဆောင်နေကြသည့် အလုပ်ကို သုံးသပ်ပြီး ဆရာတော်က – “လူငယ်တွေဟာ ဗုဒ္ဓဘာသာ တွေးခေါ်မှု၊ လုပ်ဆောင်မှု အသစ်တွေကို ဦးဆောင်ပြီး လုပ်နေကြပြီ။ သူတို့တွေဟာ ထိတွေ့ဆက်ဆံရေး ဗုဒ္ဓဘာသာကို မွေးထုတ်နေကြပြီ” ဟု ရေးသားခဲ့သည်။
နိဂုံးချုပ်
ဆယ်နှစ်တာကာလအတွင်း ဆရာတော်ထစ်နက်ဟန်နှင့် သူ့၏ လုပ်ဖော်ကိုင်ဖက်များ၊ ကျောင်းသားများ သည် ဗီယက်နမ်နိုင်ငံ ပြည်တွင်းပြည်ပတွင် ထိတွေ့ဆက်ဆံရေး ဗုဒ္ဓဘာသာ၏ မျိုးစေ့များ ပျိုးထောင် ခဲ့သည်။ ၁၉၆၆ တွင် ဗီယက်နမ်စစ်ပွဲက သတင်းခေါင်းကြီးများတွင် နေရာယူလာပြီး ကမ္ဘာတလွှားရှိ လူသန်းချီကို တက်ကြွလှုပ်ရှားလာစေသည်နှင့်အမျှ ဆရာတော် ထစ်နက်ဟန်သည် ပြည်ပသို့ ထွက်ပြီး ဗီယက်နမ် ဗုဒ္ဓဘာသာများ၏ စစ်ဆန့်ကျင်ရေး သတင်းစကားကို လူသိများစေရန် ကြိုးပမ်းခဲ့သည်။ ဆရာတော်၏ တပည့်များက ဆရာတော်ထွက်ခွာပြီး ပြည်ပတွင် နိုင်ငံရေးခိုလှုံရပြီးနောက်တွင်လည်း သူတို့အလုပ်များကို ဆက်လက်ဆောင်ရွက်ခဲ့ကြသည်။ သူတို့၏ ပညာရေး၊ ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ သံတမန်ရေး လုပ်ငန်းများတွင် ဗုဒ္ဓဘာသာစံတန်ဖိုးများဖြစ်သည့် ကရုဏာတရား၊ အကြမ်းမဖက်ရေးနှင့် ပြန်လည်ရင်ကြားစေရေးတို့ကို ဦးတည်သော တိုင်းပြည်တည်ဆောက်ရေးလုပ်ငန်းများကို ဆောင်ရွက် ခဲ့ကြသည်။
ဗီယက်နမ်နိုင်ငံတောင်ပိုင်းရှိ ဗုဒ္ဓဘာသာ လှုပ်ရှားမှုသည် အကွဲအပြဲများရင်ဆိုင်ခဲ့ရသလို အစိုးရ၏ အကြမ်းဖက် ဖိနှိပ်ခြင်းကိုလည်း တွေ့ကြုံခဲ့ရသည်။ အက်စ်ဝိုင်အက်စ်အက်စ် သင်တန်းကျောင်းသည် ဘဏ္ဍာရေးနှင့် လုံခြုံရေးဆိုင်ရာ အခက်အခဲများ အများအပြားကို ကြုံတွေ့ခဲ့သည်။ ဒါဇင်နှင့်ချီသော ကျောင်းသားများနှင့် ဝန်ထမ်းများမှာ ထိခိုက်ဒဏ်ရာရခြင်း၊ ပြန်ပေးဆွဲခံရခြင်း၊ သတ်ဖြတ်ခံရခြင်းများ တွေ့ကြုံခဲ့သည်။ ယင်းသို့သော စိန်ခေါ်မှုများ ရှိခဲ့သော်လည်း ဗုဒ္ဓဘာသာဝင်များသည် ၁၉၇၅ တွင် စစ်ပြီးဆုံးချိန်အထိ တက်ကြွလှုပ်ရှားခဲ့ကြပြီး ဆန္ဒပြပွဲများ ဖော်ဆောင်ခြင်း၊ စာရေးသား တောင်းဆိုမှုများ ပြုလုပ်ခြင်း၊ လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပေးအပ်ခြင်း၊ စာသင်ကျောင်းများနှင့် မိဘမဲ့ သင်တန်းကျောင်းများ ဖွင့်လှစ်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။ သူတို့က ဘာသာရေးအလုပ်ဟူသည် ဘုန်းကြီးကျောင်းများနှင့် ဘုရားကျောင်းများတွင်သာ ကန့်သတ်ထားရန် မလိုကြောင်း သက်သေပြခဲ့ကြသည်။ သူတို့က စစ်ပွဲ၊ အစိုးရ၊ အရပ်ဖက်အဖွဲ့အစည်း စသည့် အရေးကြီးဆုံး ဖြစ်နေသည့် ကိစ္စရပ်များကို ထိတွေ့ဆောင်ရွက်ခဲ့ကြသည်။ သူတို့ လုပ်ဆောင်ချက်က တိုင်းပြည်တွင်း နိုင်ငံရေးနှင့် နိုင်ငံတကာအမြင်များအပေါ် ကြီးမားကျယ်ပြန့်စွာ သက်ရောက်ခဲ့သည် ဖြစ်ပါတော့သတည်း။ ။
Adrienne Minh-Châu Lê
Columbia University
References
DeVido, Elise Anne. “Buddhism for This World: The Buddhist Revival in Vietnam, 1920 to 1951, and Its Legacy,” in Modernity and Re-Enchantment: Religion in Post-Revolutionary Vietnam, by Philip Taylor, ed. Lanham: Lexington Books, 2007.
Lê, Adrienne Minh-Châu. “Buddhist Social Work in the Vietnam War: Thích Nhất Hạnh and the School of Youth for Social Service,” in Republican Vietnam, 1963-1975: War, Society, Diaspora by Trinh Lưu and Tường Vũ, eds. University of Hawai’i Press, 2023.
McAllister, James. “‘Only Religions Count in Vietnam’: Thich Tri Quang and the Vietnam War,” Modern Asian Studies 42, no. 4 (July 2008): 751-782.
Miller, Edward. “Religious Revival and the Politics of Nation Building: Reinterpreting the 1963 ‘Buddhist crisis’ in South Vietnam.” Modern Asian Studies 49, no. 6 (November 2015): 1903-1962.
Topmiller, Robert J. The Lotus Unleashed: The Buddhist Peace Movement in South Vietnam, 1964-1966. Lexington: University Press of Kentucky, 2002.