တရုတ်ခါးပိုက်ထဲရောက်နေသည့် တလွဲထိုင်းနိုင်ငံခြားရေးမူဝါဒ

Peera Charoenvattananukul

ခြိမ်းခြောက်နေတဲ့ အန္တရာယ်က ဘယ်သူလဲ

ထိုင်းနိုင်ငံခြားရေးမူဝါဒ ကျွမ်းကျင်ပညာရှင်တဦး နိုင်ငံတကာရေးရာများကို ဆွေးနွေးသည့်အခါ အမြဲ ရှေ့တန်းကပါသည့်ကိစ္စမှာ တရုတ်-အမေရိကန် နှစ်နိုင်ငံ အပြိုင်ဖြစ်နေသည့် အာရှတွင်ကြီးစိုးရေး (ကမ္ဘာတွင် ကြီးစိုးရေး မဟုတ်တောင်မှ) တွင် ထိုင်းနိုင်ငံက ဘယ်လိုရပ်တည်မလဲ ဆိုသည့် ကိစ္စ ဖြစ်ပါသည်။ အမေရိကန်က မကြာသေးမီနှစ်များအတွင်း အရှေ့အလယ်ပိုင်းတွင် ပါဝင်ပတ်သက်မှုကို ဖြေးဖြေးချင်းလျှော့ချလာခဲ့ပြီး အမေရိကန်သမ္မတဟောင်း ဒေါ်နယ်လ်ထရမ့်ပ်က အင်ဒို-ပစိဖိတ် ဗျူဟာ ကို ကြေညာခဲ့သည့်ပုံကို ထောက်လျှင် အမေရိကန်၏ လာမည့် မဟာဗျူဟာမှာ အာရှဗဟိုပြုဖြစ်ပုံ ရပါသည်။ အလားတူ လက်ရှိသမ္မတ ဂျိုးဘိုင်ဒန်သည်လည်း အာရှကို စိတ်ဝင်စားကြောင်း လက္ခဏာများ ထပ်ခါထပ်ခါ တွေ့ရပါသည်။

ကမ္ဘာပေါ်ရှိ ယင်းသို့ အခြေအနေပြောင်းလဲမှုများကို ထိုင်းနိုင်ငံဆိုင်ရာ ကျွမ်းကျင်သူများက လေ့လာ သုံးသပ်ကြပြီး ၄င်းတို့အပေါ် အခြေခံကာ ထိုင်းတာဝန်ရှိသူများက အကောင်းဆုံး ဖြစ်မည့် နိုင်ငံခြားရေး မူဝါဒကို ချမှတ်ရမည် ဖြစ်ပါသည်။ အမေရိကန်နှင့် တရုတ်အကြား​ ရွေးချယ် ရမည်ဆိုပါက ထိုင်းအစိုးရအနေဖြင့် အင်အားကြီး နှစ်နိုင်ငံအကြား ဟန်ချက်ညီညီ ဆောင်ရွက်ဖို့ လိုကြောင်း အကြံပြု ပြောဆိုကြလေ့ရှိပါသည်။ ယင်းအကြံပြုချက်မှာ ထိုင်းသံတမန်အဝိုင်းအကြား ပြောလေ့ရှိသည့် “ဒီနေ့တော့ မိတ်ဖက်၊ နောက်နေ့တော့ ရန်ဖက် ဖြစ်သွားနိုင်တယ်” ဆိုသည့် ဆိုရိုးစကားက လာခြင်း ဖြစ်ပါသည်။

ဤစာတမ်းသည် အခြားသော အကြံပြုချက်များနဲ့ မတူဘဲ ထိုင်းနိုင်ငံအနေဖြင့် အမေရိကန်-တရုတ် အပြိုင် ဖြစ်နေသည့် ခေတ်ကြီးတွင် တဖက်ဖက်ကို ရွေးချယ်ရန် လိုကြောင်း အကြံပြုထားပါသည်။ စာတမ်းတွင် အမေရိကန်သည် ထိုင်း၏ အန္တရာယ်မဟုတ်ဘဲ တရုတ်သည်သာ ထိုင်းနိုင်ငံ၏ လုံခြုံရေး၊ အဆင့်အတန်းနှင့် လစ်ဘရယ်-ဒီမိုကရေစီ စံတန်ဖိုးများကိုပင် ခြိမ်းခြောက်နေသည့် အန္တရာယ် ဖြစ်သည်ကို ရှင်းရှင်းလင်းလင်း တွေ့ရကြောင်း တင်ပြထားပါသည်။ ဤစာတမ်းတွင် တရုတ် သို့မဟုတ် အမေရိကန်က ထိုင်းနိုင်ငံကို ခြိမ်းခြောက်နေသော အန္တရာယ် ဖြစ်မဖြစ် ရှေးဦးစွာ သုံးသပ်ပြီး ၂၀၂၀ မှ ၂၀၂၁ အတွင်း ဖြစ်ထွန်းတိုးတက်မှုများကို လေ့လာတင်ပြထားပါသည်။

Map indicating locations of China and Thailand. Wikipedia Commons

ရောက်လာနိုင်သည့် အန္တရာယ်

ထိုင်းနိုင်ငံကို ဘယ်အင်အားကြီးနိုင်ငံက ခြိမ်းခြောက်နေသလဲဆိုတာကို အဖြေရှာရန် လွန်ခဲ့သည့် နှစ် ၃၀ က  စတီဖင်ဝပ် တင်ပြခဲ့သည့် သီအိုရီဟောင်းတခုကို ပြန်လည် ဖော်ပြလိုပါသည်။ “ခြိမ်းခြောက်မှု အန္တရာယ်ကို ဟန်ချက်ညီထိန်းခြင်း သီအိုရီ” (balance of threat theory) ဟု အမည်တပ်ထားသည့် ယင်းသီအိုရီတွင် ဝပ်က အမှတ်ရဖွယ် ဆိုခဲ့သည်မှာ နိုင်ငံတနိုင်ငံအနေဖြင့် တုံ့ပြန်ဆောင်ရွက်သည့် အခါ အင်အားဘယ်လောက်ကြီးသည် ဆိုသည့်အချက်ထက် ဘယ်လောက်အန္တရာယ်ရှိသည်ဆိုသည့် အချက် အပေါ် မူတည်ပြီး တုံ့ပြန်ရလေ့ရှိကြောင်း ဆိုခဲ့ပါသည်။ သို့ဖြစ်ရာ အချို့ အင်အားကြီးနိုင်ငံများအနေဖြင့် စွမ်းရည် ပိုမိုမြင့်မားကောင်း မြင့်မားနိုင်သော်လည်း ၄င်းတို့မှာ ခြိမ်းခြောက်မှုအန္တရာယ် အနေဖြင့် ရှိချင်မှ ရှိမည် ဖြစ်ပါသည်။ ဝပ်က နိုင်ငံတနိုင်ငံကို ခြိမ်းခြောက်နိုင်သည့် အန္တရာယ်ဟု ဆိုဖွယ် အချက်လေးချက်ကို တင်ပြခဲ့ပါသည် 1။ ၄င်းတို့မှာ (၁) စုပေါင်းအင်အား (ရှိသည့် ရင်းမြစ် စုစုပေါင်း – ဥပမာ လူဦးရေ၊ နယ်မြေအကျယ်အဝန်း၊ စီးပွားရေး အင်အားနှင့် နည်းပညာ ဖွံ့ဖြိုးမှု)၊ (၂) တိုက်ခိုက်နိုင်သည့် စွမ်းရည်၊ (၃) ပထဝီအနေအထားအရ နီးကပ်မှု၊ (၄) ကျူးကျော်တိုက်ခိုက်လိုစိတ် ရှိမှု တို့ ဖြစ်ပါသည်။

အမေရိကန်နှင့် တရုတ်သည် ပထမအချက်နှင့် ဒုတိယအချက်တို့နှင့် ကိုက်ညီသည် (နှစ်နိုင်ငံလုံးတွင် နူကလီးယား လက်နက်ကဲ့သို့ တိုက်ခိုက်နိုင်သည့် စစ်ရေးစွမ်းရည်နှင့် စုပေါင်းအင်အားရှိခြင်း) မှာ ထင်ရှားသော်လည်း တတိယအချက်နှင့် စတုတ္ထအချက်အရ ထိုင်းနိုင်ငံအပေါ် ခြိမ်းခြောက်ခြင်း ရှိမရှိ မှာမူ ဆုံးဖြတ်ရ ခက်ပါသည်။ အပြင်ပန်းအနေဖြင့် ကြည့်ပါက ပထဝီအနေအထားအရ နီးစပ်ခြင်း ကြောင့် တရုတ်နိုင်ငံသည် ထိုင်းနိုင်ငံအပေါ် ခြိမ်းခြောက်မှု ပိုရှိပုံ ရပါသည်။ ယင်းသို့ စဥ်းစားပါက မြောက်အမေရိကတိုက်ရှိ နိုင်ငံတနိုင်ငံအနေဖြင့် အရှေ့တောင်အာရှနိုင်ငံတနိုင်ငံ၏ လုံခြုံရေးကို ခြိမ်းခြောက်စရာ ဘာအကြောင်းရှိသလဲဟု ထင်စရာ ဖြစ်ပါသည်။ အမေရိကန်အနေဖြင့် ဒေသတွင်း နိုင်ငံများနှင့် စစ်ရေးအရ ဆက်ဆံခြင်း ရုတ်သိမ်းသွားခြင်းကြောင့် ဖြစ်လာနိုင်သည့် နောက်ဆက်တွဲ ဆိုးကျိုးများကလွဲပြီး အာရှနိုင်ငံများကို လုံခြုံရေးအရ ထိခိုက်စရာ အလွန်ဆုံး ဘယ်လို အခြေအနေ ဖြစ်လာနိုင်ပါသနည်း။

တဖက်တွင်မူ အာရှတွင် အမေရိကန်စစ်တပ် မရှိတော့ပါက တရုတ်ဖက်က ရန်စကျူးကျော်မှုများ အတိုင်းအဆမရှိ တိုးပွားလာနိုင်ပါသည်။ ဥပမာဆိုရလျှင် ၂၀၂၁ အောက်တိုဘာတွင် သမ္မတ ဘိုင်ဒန်က ထိုင်ဝမ်ကို တရုတ်ကျူးကျော်ပါက ကာကွယ်သွားမည်ဟု ကတိကဝတ်ပြု ပြောကြားထားပါသည် 2။ သမ္မတဘိုင်ဒန်၏ အခိုင်အမာ ပြောကြားချက်မှာ တရုတ်ဖက်က ထိုင်ဝမ်ကို အင်အားသုံး ပေါင်းစည်းရန် ရန်စလာခြင်းနှင့် ထိုင်ဝမ်သမ္မတချိုင်အင့်ဝင် အနေဖြင့် မလွှဲသာမရှောင်သာ သူ့နိုင်ငံ၏ အချုပ်အခြာ အာဏာကို ကာကွယ်ရမည့် ရပ်တည်ချက်ကြောင့် ဖြစ်ပါသည်။ ထို့အပြင် အရှေ့အာရှရှိ အရေးပါသော ပင်လယ်လမ်းကြောင်းကို တရုတ်တို့ သိမ်းပိုက်သွားခြင်းမှ ဟန့်တားပြီး တောင်တရုတ် ပင်လယ်တွင် လွတ်လပ်စွာ ကူးသန်းသွားလာခွင့်ကို အမေရိကန်အနေဖြင့် ကာကွယ်ရန် အာမခံချက် ပေးခြင်း ဖြစ်ပါသည်။

ထိုင်းနိုင်ငံတွင် မူဝါဒချမှတ်သူအချို့နှင့် လက်ယာစွန်းထောက်ခံသူတချို့က အမေရိကန်ထက် တရုတ်နှင့် ဆက်ဆံရေးကို ဦးစားပေးလာကြပါသည်။ နိုင်ငံရေးသိပ္ပံပါမောက္ခတဦးဖြစ်သူ ကာရှန်းတဲဂျာပီယာက တရုတ်နှင့်ဆက်ဆံရန် လက်ယာသမားများ စဥ်းစားလာခြင်းမှာ အယူဝါဒရေးရာ အချက် လေးချက် ကြောင့်ဟုဆိုပါသည် – “အနောက်ဆန့်ကျင်ရေး အမျိုးသားရေး ဝါဒ”၊ “တရုတ် ဗဟိုပြု ကမ္ဘာလုံးဆိုင်ရာ ဝါဒ”၊ “အရှက်တရားကင်းမဲ့သော ကပ်ပါးအခွင့်အရေးဝါဒ” နှင့် “စဥ်းစားဉာဏ် ကင်းမဲ့စွာ အာဏာရှင်စနစ် ပုံတူကူးချခြင်း ဝါဒ” တို့ဖြစ်သည်ဟု 3 ဆိုပါသည်။ ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက “တရုတ်သည် ထိုင်းနိုင်ငံ၏ နံပါတ်တစ် မိတ်ဖက်ဖြစ်သည် 4” ဟု တိုင်းမ်မဂ္ဂဇင်းကို အတိအလင်း ပြောခဲ့ပါသည်။ တရုတ်သည် နီးကပ်စွာရှိနေသည့် ဖြစ်လာနိုင်သော အန္တရာယ်ဆိုသည်ကို မမြင်ဘဲ တရုတ်ဖက်ယိမ်းခြင်းမှာ အမြင်ကျဥ်းမြောင်းရာ ရောက်သည့်အပြင် ရေရှည်တွင် ထိုင်း နိုင်ငံခြားရေး မူဝါဒကို မရေမရာအခြေအနေသို့ ရောက်လာနိုင်စေပါသည်။

သမိုင်းကိုကြည့်ပါက အမေရိကန်နှင့် ယှဥ်လျှင် တရုတ်သည် ထိုင်းနိုင်ငံအတွက် ခြိမ်းခြောက်မှု အနေဖြင့် ရှိနေပါသည်။ ခေတ်သစ်မရောက်မီအချိန်တွင် ထိုင်း (သို့မဟုတ် ဆီယမ်) သည် တရုတ်ပြည်၏ လက်အောက်ခံ ပဏ္ဏာဆက်ရသည့် ဆက်ဆံရေးမျိုး ရှိခဲ့ပါသည်။ စစ်ကြီးဖြစ်နေသည့် ကာလများတွင်  တရုတ်ပြောင်းရွှေ့နေထိုင်သူများမှာ ထိုင်းတာဝန်ရှိသူများအတွက် ပူပန်စရာ ဖြစ်ခဲ့ပါသည်။ ၁၉၅၀ မှ ၁၉၇၅ အတွင်း စစ်အေးကာလတွင် တရုတ်ပြည်၏ ကွန်မြူနစ်ဝါဒ ဖြန့်ချီရေးမှာ ထိုင်းနိုင်ငံအတွက် ကြီးမားသည့် အန္တရာယ် ဖြစ်ခဲ့ပါသည်။ အမေရိကန်ကို ကြည့်ပါက ၄င်းတို့၏ စစ်တပ်က အာရှတွင် ကွန်မြူနစ်ကို အဟန့်အတားအဖြစ် ရှိနေခဲ့ပါသည်။ သို့ဖြစ်ရာ သမ္မတ ရစ်ချက်နစ်ဆင်က အရှေ့တောင် အာရှမှ တပ်များ ပြန်လည်ရုတ်သိမ်းသည့်အခါ ထိုင်းနိုင်ငံ၏ လုံခြုံရေးကို ထိခိုက်စေခဲ့ပါသည်။ တနည်း ဆိုရလျှင် ထိုင်းနိုင်ငံတွင် အမေရိကန် အင်အားပြနေခြင်းက နိုင်ငံနှင့် ဒေသတွင်းကို တည်ငြိမ်စေခြင်း ဖြစ်ပါသည်။ အမေရိကန် မရှိခြင်းက တည်ငြိမ်မှုကို ထိခိုက်စေပါသည်။ အမေရိကန်က ထိုင်းကို ၁၉၉၇ အာရှဘဏ္ဍာရေး အကျပ်အတည်းတွင် ညှာတာမှုမရှိခဲ့သည်မှာ မှန်သော်လည်း အမေရိကန်အစိုးရသည် ထိုင်းအတွက်တော့ အခြားတနေရာမှ အကျိုးစီးပွားကိုသာ စိတ်ဝင်စားသည့် ဝေးကွာသော တနေရာမှ အသိမိတ်ဆွေတဦး ထက်မပိုခဲ့ပါ။ ၄င်းတို့အနေဖြင့် နှစ်နိုင်ငံအကြား ပထဝီနိုင်ငံရေးမှာ ဝေးကွာလှသည့် အတွက် ထိုင်းနိုင်ငံ၏ လုံခြုံရေးကို ခြိမ်းခြောက်နိုင်ခြင်း မရှိပါ။

အနာဂတ်တွင် ပေါ်ပေါက်ကောင်း ပေါ်ပေါက်လာနိုင်သည့် ပထဝီဆိုင်ရာ ပဋိပက္ခမှာ အထက်မဲခေါင် ဒေသတွင် တရုတ်နိုင်ငံက ရေကာတာ ၁၁ ခု ဆောက်လုပ်ခြင်းကြောင့် မဲခေါင်မြစ်ရေ ခမ်းခြောက်ခြင်း ဖြစ်ပါသည်။ ခြောက်သွေ့ရာသီတွင် ရေပြတ်လတ်ခြင်းမှာ ရေကာတာ ၁၁ ခု ကြောင့် ဖြစ်ခြင်းမဟုတ်ဟု တရုတ်တာဝန်ရှိသူများက ငြင်းဆိုသော်လည်း လေ့လာမှုတခုအရ အောက်မဲခေါင် ဒေသတွင် ရေရရှိမှု အခြေအနေမှာ တရုတ်ရေကာတာများကြောင့် ဖြစ်ကြောင်း 5 တွေ့ရှိထားပါသည်။ ထိုင်းနိုင်ငံတွင် တက်ကြွလှုပ်ရှားသူတချို့က အရေးဆိုခြင်း ရှိသော်လည်း ဤကိစ္စကို ဖြေရှင်းရန် ထိုင်းအစိုးရက တရုတ်ကို သိသာထင်ရှားသော ဆွေးနွေးမှုများ ပြုလုပ်ခြင်း မရှိသေးပါ။

နိုင်ငံများအကြား ဆက်ဆံရေးတွင် ပထဝီအနေအထားက ပြောင်းလဲလို့ရသည့် ကိစ္စ မဟုတ်သည့် အတွက် အရေးကြီးပါသည်။ အိမ်နီးချင်းနိုင်ငံကောင်းတခုက ရန်လိုလာပါက အိပ်မက်ဆိုး ဖြစ်လာ ပါသည်။ အဝေးတနေရာက အကျင့်ယုတ်သည့် နိုင်ငံတနိုင်ငံက စိတ်ပျက်ဖွယ် ဖြစ်ကောင်း ဖြစ်နိုင် သော်လည်း ခြိမ်းခြောက်မှုအနေဖြင့် ရှိနေမည် မဟုတ်ပါ။ ဤရှုထောင့်မှ ကြည့်ပါက တရုတ်နိုင်ငံသည် အမေရိကန်ထက် ပိုကြောက်ဖွယ်ကောင်းကြောင်း သတ်မှတ်လို့ ရပါသည်။

The Mekong river running through the Thailand and Loas border.

အခြေခံစံတန်ဖိုးများကို ခြိမ်းခြောက်ခြင်း

၁၉၉၀ ပြည့်နှစ်များမှ စပြီး တရုတ်နိုင်ငံသည် အခြားနိုင်ငံများ၏ နိုင်ငံရေးတွင် ဝင်ရောက် စွက်ဖက်ခြင်း မရှိသည့် ဝါဒကို အမြဲတစေ ဂုဏ်ယူပြောဆိုလေ့ ရှိပါသည်။ ယင်းယုံတမ်းစကားမှာ လက်ရှိ ဖြစ်ထွန်းမှု များကို ကြည့်ပါက ဆက်ထိန်းထားရန် ခက်ခဲကြောင်း တွေ့ရမည် ဖြစ်ပါသည်။

၂၀၂၀ ပြည့်နှစ် အစပိုင်းမှစပြီး ထိုင်းနိုင်ငံသည် အခြားနိုင်ငံများနည်းတူ ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက် ပြန့်ပွားခြင်းကို ကြုံတွေ့ခဲ့ရပါသည်။ ကပ်ရောဂါ၏ ကန့်သတ်ချက်များ ရှိသော်လည်း အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြသူများက ထိုင်းဝန်ကြီးချုပ် ပရာယွတ်ကို လမ်းပေါ်ထွက် ဆန္ဒပြမှုများ ဆက်လက် ဖြစ်ပွားခဲ့ပါသည်။ လူငယ်များ ဦးဆောင်သည့် အဆိုပါ လှုပ်ရှားမှုများ၏ အဓိကရည်မှန်းချက်မှာ ထိုင်းနိုင်ငံရေးစနစ်ကို ဒီမိုကရေစီနည်းကျ ပြုပြင်ပြောင်းလဲရေးများ ဆောင်ရွက်ရန် ဖြစ်ပါသည်။ ယင်း ဒီမိုကရေစီရေး လှုပ်ရှားမှုများတွင် နာမည်ကျော် ဂျိုရှုရာဝုန် ဦးဆောင်သည့် ဟောင်ကောင်ဆန္ဒပြပွဲများမှ နည်းနာများကို အတုခိုးဆောင်ရွက်ခြင်းများကို တွေ့ရမည် ဖြစ်ပါသည်။ ယင်းလှုပ်ရှားမှုများမှာ ‘နို့လက်ဖက်ရည်မဟာမိတ်’  (Milk Tea Alliance) ဟုခေါ်သည့် လျော့ရဲစွာ စုစည်းထားသော မဟာမိတ်အဖွဲ့၏ အစိတ်အပိုင်းတရပ်လည်း ဖြစ်ပါသည်။ ယင်းလှုပ်ရှားမှုသည် အာဏာရှင်စနစ်ကို ဆန့်ကျင်နေသည့် ဟောင်ကောင်၊ ထိုင်ဝမ်နှင့် ထိုင်းနိုင်ငံမှ အင်တာနက်သုံးစွဲသူများပါဝင်သည့် ကွန်ယက် ဖြစ်ပါသည်။

တရုတ်မီဒီယာအချို့က ယင်းဒီမိုကရေစီရေး လှုပ်ရှားမှုကို သံသယဖြင့် ရှုမြင်ကြပါသည်။ တရုတ် အစိုးရပိုင် ဂလိုဘယ်လ်တိုင်းမ်သတင်းစာက ထိုင်းနိုင်ငံရှိ ဒီမိုကရေစီရေး လှုပ်ရှားမှုများမှာ အမေရိကန် နှင့်ဆက်စပ်မှု အချို့ရှိနေသည် 6ဟု စွပ်စွဲထားသော သတင်းတပုဒ်ကို ထုတ်ပြန်ခဲ့ပါသည်။ အလားတူ နောက်ထပ် သတင်းတပုဒ်တွင်လည်း အမည်မသိရသည့် အနောက်နိုင်ငံသားအချို့က ထိုင်းရှိ ကျောင်းသားများကို ဆန္ဒပြစင်များနှင့် အတားအဆီးများ ဆောက်လုပ်ရန် ညွှန်ကြားခဲ့သည် ဟုပင် မှားယွင်းစွာ ရေးသားထုတ်ပြန်ခဲ့ပြန်ပါသည်။ အဆိုပါ စာရေးသူက ဆိုသည်မှာ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြသူများက ‘အမေရိကန်နှင့် အခြားအနောက်နိုင်ငံများနှင့် ပူးပေါင်းကြံစည်ပြီး’ အနောက်လက်ဝေခံ များ တိုင်းပြည်အုပ်ချုပ်ခွင့်ရစေရန် ကြံစည်နေကြောင်း 7 ဆိုပါသည်။

တရုတ်က ဝင်ရောက်စွက်ဖက်နေကြောင်း အထောက်အထား သက်သေ ရှင်းရှင်းလင်းလင်း မတွေ့ရ သော်လည်း ထိုင်းရှိ ဒီမိုကရေစီရေး လှုပ်ရှားမှုကို မကြိုက်သော အမြင်ဖြင့် ရှုမြင်ကြောင်း တွေ့ရပါသည်။ ၂၀၁၄ အာဏာသိမ်းမှုမှတဆင့် ပရာယွတ်တက်လာသည့် အချိန်က စပြီး တရုတ်-ထိုင်း ဆက်ဆံရေးမှာ ယခင်ကထက် ပိုပြီး အပေးအယူတည့်လာပါသည်။ တရုတ်နိုင်ငံမှ လက်နက်ဝယ်ယူမှု နှုန်းမှာလည်း အံ့အားသင့်ဖွယ်နှုန်းဖြင့် မြင့်တက်လာကြောင်း တွေ့ရပါသည်။ ပညာရှင်တဦးက ထောက်ပြ ဝေဖန်သည်မှာ တရုတ်ဆီမှ လက်နက်ဝယ်ယူခြင်းဖြင့် အပိုပစ္စည်းများနှင့် ယင်းတို့ကို ထိန်းသိမ်းရန် အတွက် တရုတ်ကို မှီခိုလာရမည် ဖြစ်သောကြောင့် ထိုင်းစစ်တပ်အတွင်း တရုတ်သြဇာ ပိုမိုလွှမ်းမိုး လာမည် ဖြစ်သည်ဟု 8 ထောက်ပြဝေဖန်ပါသည်။ စစ်တပ်ကျောထောက်နောက်ခံ ပရာယွတ်အစိုးရက တရုတ်ဖက်ကို ယိမ်းပါက ထိုင်းအာဏာရှင်စနစ်ကို ဆန့်ကျင်နေသည့် ဒီမိုကရေစီရေး လှုပ်ရှားမှု ကလည်း ထိုင်းနိုင်ငံတွင် တရုတ်သြဇာလွှမ်းမိုးမှုကိုပါ စိန်ခေါ်နေမည် ဖြစ်ပါသည်။

ထို့အပြင် ကိုဗစ်-၁၉ ကာကွယ်ဆေးဆိုင်ရာ ထိုင်းနိုင်ငံ၏ မူဝါဒကို ကြည့်လျှင်လည်း တရုတ်က ဒီမိုကရေစီ စံနှုန်းများကို မလိုလားကြောင်း တွေ့ရမည် ဖြစ်ပါသည်။ ၂၀၂၁ အစောပိုင်းတွင် ထိုင်းနိုင်ငံ၏ ဒီမိုကရေစီအတု အစိုးရက အောက်စ်ဖို့ဒ် အက်စ်တာဇန်နီကာ ကာကွယ်ဆေးနှင့် တရုတ်ဖြစ် ဆီနိုဗက် ကာကွယ်ဆေးများ ရရှိရန် အရူးအမူး ဆောင်ရွက်ခဲ့ပါသည်။ သို့သော် ထိုင်းလူထု (အထူးသဖြင့် ဒီမိုကရေစီ လှုပ်ရှားသည့် အုပ်စုများ) က တရုတ် ကာကွယ်ဆေးများကို မကြိုက်သော အမြင်ဖြင့် ရှုမြင်ပါသည် 9။ ၂၀၂၁ ဒုတိယလေးလပတ်အတွင်း ဖိုက်ဇာနှင့် မောဒါးနား ကာကွယ်ဆေးများ တင်သွင်းခြင်း မှာ ထူးဆန်းစွာ နှောင့်နှေးခဲ့သော်လည်း ဆီနိုဗက်ကာကွယ်ဆေးမှာမူ သန်း ၃၀ ကျော်အထိ တိုးမြှင့် ရရှိခဲ့ပါသည်။ ယင်းကြောင့် အတိုက်အခံပါတီများနှင့် ဒီမိုကရေစီရေး လှုပ်ရှားသူများက ထိုင်းအစိုးရနှင့် တရုတ်တို့ ကာကွယ်ဆေး အရောင်းအဝယ်ကိစ္စများ ပေါင်းကြံကြသည်ဟု သံသယ ရှိခဲ့ပါသည်။

စက်တင်ဘာ ၂၀၂၁ ပါလီမန်အစည်းအဝေးတွင် ထိုင်းဝန်ကြီးချုပ်၊ ပြည်သူ့ကျန်းမာရေးဆိုင်ရာ ဝန်ကြီးနှင့် ပါလီမန်ဥက္ကဌတို့က တရုတ်အစိုးရနှင့် နှစ်ဖက်ဆက်ဆံရေး ပျက်ပြားမှာစိုးသဖြင့်ဟု ဆိုကာ အတိုက်အခံ ပါတီများကို ဆီနိုဗက်ကာကွယ်ဆေး၏ အာနိသင်အားနည်းခြင်းကို မဝေဖန်ရန် ဟန့်တားသတိပေး 10 ခဲ့ပါသည်။ ယင်းအဖြစ်မှာ မယုံနိုင်ဖွယ် ရှက်စရာ လုပ်ရပ် ဖြစ်ပါသည်။ ထိုင်းနိုင်ငံ၏ ပါလီမန်မှာ ထိုင်းပြည်သူလူထု၏ အကျိုးစီးပွားနှင့် လုံခြုံရေးကိုသာ ကိုယ်စားပြုရမည် ဖြစ်ပါသည်။ လက်ယာစွန်း နိုင်ငံရေးသမားများ အမေရိကန်ကို အပြစ်ဖို့ခြင်းကို ဘယ်တုန်းကမှ ကန့်သတ်ခံရခြင်း မရှိခဲ့ပါ။ သို့ဖြစ်ရာ အဘယ့်ကြောင့် ဆီနိုဗက်ကာကွယ်ဆေးကိစ္စက အမှားအယွင်းဖြစ်ကြောင်း ဝေဖန်ခြင်းက ပြဿနာ ဖြစ်စရာ ရှိရပါသနည်း။ ဖြစ်နိုင်စရာ အကြောင်းတချက်မှာ ပရာယွတ်အစိုးရက တရုတ်အစိုးရသည် အမေရိကန်ထက် ကြောက်ဖွယ်ကောင်းကြောင်းကို နားလည်သောကြောင့် ဖြစ်နိုင်ပါသည်။ သို့ဖြစ်ရာ ဘေဂျင်းနှင့် ဆက်ဆံရေး တည်ငြိမ်စွာရှိရေးနှင့် ဆီနိုဗက် ကာကွယ်ဆေးကို ဝေဖန်သူများကို ဖိနှိပ်ရေး တို့မှာ ပရာယွတ်အစိုးရ၏ ထိပ်တန်းဦးစားပေးအဖြစ် ရှိနေခြင်း ဖြစ်ပါသည်။

Chinese foreign ministry spokesman Zhao Lijian. The foreign ministry is one of many Chinese government organs increasingly employing aggressive diplomacy tactics, including misinformation and propaganda. Wikipedia Commons

ဆိုရှယ်မီဒီယာပေါ်တွင်  အချို့က “ဝံပုလွေစစ်သည်တော် သံတမန်ရေး”ဟု ခေါ်မည့် နည်းလမ်း (wolf-warrior diplomacy) ကို တရုတ်က ကျင့်သုံးနေပါသည်။ ယေဘုယျအားဖြင့် ဝံပုလွေ စစ်သည်တော် များဟု ခေါ်ရမည့် တရုတ်သံတမန်များက ၄င်းတို့၏ ဆိုရှယ်မီဒီယာများမှတဆင့် ရန်လိုပြီး ကြမ်းတမ်းသည့် စကားလုံးများကို တက်ကြွစွာ သုံးစွဲ ပြောဆိုနေခြင်း ဖြစ်ပါသည်။ ဥပမာ – ‘ဘန်ကောက်ရှိ တရုတ်သံရုံး’ ဖေ့စ်ဘုတ်စာမျက်နှာတွင် တရုတ်ကိုယ်စားလှယ်များက ညစ်ပတ်သည့် နည်းလမ်းကို သုံးပြီး ကိုဗစ်-၁၉ ကပ်ရောဂါ ပြန့်ပွားရခြင်း တရားခံမှာ အမေရိကန် ဖြစ်ကြောင်း စွပ်စွဲခြင်း 11 ဖြစ်ပါသည်။ ဆီနိုဗက် ကာကွယ်ဆေးထိုးရန် ဝန်လေးခြင်းနှင့် ပတ်သက်ပြီးလည်း တရုတ်သံရုံးက ၄င်း၏ ဖေ့စ်ဘုတ်အကောင့်တွင် ဆီနိုဗက်ကာကွယ်ဆေးကို ဝေဖန်ပါက တရုတ်-ထိုင်း ဆက်ဆံရေးကို ထိခိုက်မည်ဖြစ်ကြောင်း စက်တင်ဘာ ၃ ရက်နေ့က ကြေညာခဲ့ပါသည်။ အခြေအနေ ပိုဆိုးစေရန် ဘန်ကောက်ပို့စ်တွင် တင်ခဲ့သည့် အမေရိကန်သည် ‘ဗိုင်းရပ်စ်၏ မူလအစ’ နှင့် ပတ်သက်သည့် ဇာတ်လမ်းကို လုပ်ကြံဖန်တီးနေကြောင်း ဆောင်းပါးကို တရုတ်က စပွန်ဆာပေးဖြန့်ဝေခြင်း ဖြစ်ပါသည်။  ယင်းဆောင်းပါးကို ထိုင်းနိုင်ငံရှိ တရုတ်သံရုံး၏ ဝက်ဘ်ဆိုက် စာမျက်နှာတွင်လည်း ဖြန့်ချီခဲ့ပါသည် 12

အပေါ်ယံကြည့်ပါက တရုတ်က ထိုင်းနိုင်ငံတွင် ဝံပုလွေ-စစ်သည်တော် နည်းလမ်းကျင့်သုံးနေခြင်းမှာ အမေရိကန်ကို ရည်ရွယ် တိုက်ခိုက်ခြင်း ဖြစ်ပါသည်။ သို့သော် ၄င်းတိုက်ပွဲမှာ ထိုင်းမြေပေါ်တွင် ဖြစ်နေသည့် တိုက်ပွဲ ဖြစ်ပါသည်။ အစဥ်အလာအားဖြင့် တိုင်းတပါးတွင် လာနေသည့် နိုင်ငံခြား သံတမန်များသည် အိမ်ရှင်၏ အချုပ်အခြာ အာဏာကို လေးစားရပါသည်။ ရှိနေသည့် အစဥ်အလာ များနှင့် ဆန့်ကျင်ပြီး တရုတ်၏ ဝံပုလွေ စစ်သည်တော်များက ထိုင်းနိုင်ငံကို သူတို့၏ တိုက်ပွဲ မြေနေရာ သဖွယ် အသုံးချနေခြင်း ဖြစ်ပါသည်။ ပိုဆိုးသည်မှာ တရုတ်၏ စွန့်စားခန်းများကို ထိုင်းအစိုးရက တုံဏှိဘာဝေ တေမိလုပ်နေခြင်း ဖြစ်ပါသည်။ တရုတ်သံရုံးက ကြမ်းကြမ်းတမ်းတမ်း ပြောဆို နေသည်ကို လေသံလျှော့ရန် ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက သတိပေးတားမြစ်ခြင်းမျိုး မတွေ့ရပါ။

ခြိမ်းခြောက်မှုအန္တရာယ်ကို ဘယ်လိုရင်ဆိုင်မလဲ

အထက်ပါ သုံးသပ်ချက်ကို ကြည့်လျှင် အမေရိကန်ထက် တရုတ်က ပိုပြီး ခြိမ်းခြောက်မှု အန္တရာယ် အနေဖြင့် ရှိနေကြောင်း ကောက်ချက်ချရန် လုံလောက်ပါသည်။ တရုတ်က အဓိက အန္တရာယ်တရပ် အနေဖြင့် ရှိနေကြောင်း အသိအမှတ်ပြုခြင်းက သံတမန်ဆက်ဆံရေးများကို ဖြတ်တောက်ပစ်ရမည်ဟု ဆိုလိုခြင်း မဟုတ်ပါ။ သို့သော် ဘန်ကောက်အနေဖြင့် ဝါရှင်တန်ကို ချဥ်းကပ်ပြီး ဤသုံးပွင့်ဆိုင် ကစားပွဲတွင် ပါဝင်ခြင်းဖြင့် ဟန်ချက်ကို ထိန်းထားနိုင်ရန် လိုအပ်ပါသည်။

ဒေသတွင်း ဖြစ်ထွန်းမှုများကို ကြည့်လျှင် အမေရိကန်၏ ပစ်မှတ်မှာ အာရှဖြစ်ကြောင်း တွေ့ရမည် ဖြစ်ပါသည်။ စက်တင်ဘာ ၂၀၂၁ တွင် သမ္မတဘိုင်ဒန်က ဗြိတိန်နိုင်ငံ၊ သြစတြေးလျနိုင်ငံတို့နှင့် သုံးပွင့်ဆိုင် သြကတ်စ် (AUKUS) လုံခြုံရေးသဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ပါသည်။ ဤသမိုင်းဝင် မဟာမိတ်ဖွဲ့ခြင်းတွင် အမေရိကန်က သြစတြေးလျကို နူကလီးယားစွမ်းအင်သုံး ရေငုတ် သင်္ဘောများ ပေးအပ်ရန် ထောက်ပံ့မည် ဖြစ်ပါသည်။ ၂၀၂၁ မတ်လတွင် လေးပွင့်ဆိုင် လုံခြုံ​ရေး သဘောတူညီချက် ‘ကွက်’ (QUAD) ကို ယင်းတွင်ပါဝင်သည့် လေးနိုင်ငံဖြစ်သော အမေရိကန်၊ အိန္ဒိယ၊ ဂျပန်နှင့် သြစတြေးလျတို့က ထပ်မံသက်တမ်းတိုးခဲ့ပါသည်။ သြကတ်စ်ရော၊ ကွက်ရောက အာရှ-ပစိဖိတ်တွင် တရုတ်၏ ရန်စခြင်းကို ကာကွယ်ရန် ဖွဲ့စည်းထားခြင်း ဖြစ်ပါသည်။ အရှေ့တောင်အာရှတွင် ဟန်ချက်ကို ထိန်းထားရန် ထိုင်းနိုင်ငံ၏ ရွေးချယ်စရာမှာ အမေရိကန်ဖက်ကို ယိမ်းရန် ဖြစ်ပါသည်။

နိုင်ငံခြားရေးမူဝါဒကို စဥ်းစားရာတွင် လက်တွေ့ကျသူ ရီယယ်လစ် ဖြစ်ပါက တရုတ်သည် ထိုင်းနိုင်ငံနှင့် ပထဝီနယ်နိမိတ် နီးစပ်နေခြင်းကြောင့် အကြွင်းမဲ့ ခြိမ်းခြောက်နေသည့် အန္တရာယ် ဖြစ်ပါသည်။ လစ်ဘရယ် ဖြစ်ပါကမူ တရုတ်သည် ဒီမိုကရေစီရေး လှုပ်ရှားမှုများက ကိုင်စွဲထားသည့် စံတန်ဖိုးများကို ခြိမ်းခြောက်နေသည့်အတွက် ထိုင်းနိုင်ငံတွင် တရုတ်၏ သြဇာလွှမ်းမိုးမှုမှာ ပိုကြီးမားသည့် အန္တရာယ်ဖြစ်နေကြောင်း ရှုမြင်ရမှာ ဖြစ်ပါတော့သတည်း။

Peera Charoenvattananukul
(စာရေးသူ Peera Charoenvattanankul သည် သမ်မဆက်တက္ကသိုလ်၊ နိုင်ငံရေးသိပ္ပံဌာန၊ နိုင်ငံတကာဆက်ဆံရေးဘာသာရပ် ကထိက ဖြစ်ပါသည်။)

Notes:

  1. Stephen M. Walt, “Alliance Formation and the Balance of World Power,” International Security Vol.9, No.4 (1985): 3-43.
  2. Stephen McDonell, “Biden says US will defend Taiwan if China attacks,” BBC, October 22, 2021, https://www.bbc.com/news/world-asia-59005300.
  3. Kasian Tejapira, “The Sino-Thais’ right turn towards China,” Critical Asian Studies Vol.49, No.4 (2017): 606-618.
  4. Charlie Campbell, “Exclusive: Thailand PM Prayuth Chan-ocha on Turning to China over the US,” Time, June 21, 2018, https://time.com/5318224/exclusive-prime-minister-prayuth-chan-ocha-thailand-interview/
  5. The Economist, “The Shrinking Mekong: South-East Asia’s Biggest River is Drying Up,” The Economist, May 16, 2020, https://www.economist.com/asia/2020/05/14/south-east-asias-biggest-river-is-drying-up.
  6. Yang Sheng, “HK rioters criticized for meddling in Thai protests,” Global Times, October 20, 2020, https://www.globaltimes.cn/content/1204125.shtml.
  7. Yu Qun, “Behind-scenes funding of Thailand protests show invisible Western hands,” Global Times, October 21, 2020, https://www.globaltimes.cn/content/1204212.shtml.
  8. Ian Storey, “Will the Covid-19 Crisis Affect Thai-China Defence Cooperation?,” Institute of Southeast Asian Studies, May 29,2020, https://www.iseas.edu.sg/media/commentaries/will-the-covid-19-crisis-affect-thai-china-defence-cooperation/.
  9. Khairulanwar Zaini and Hoang Thi Ha, “Understanding the Selective Hesitancy towards Chinese Vaccines in Southeast Asia,” Institute of Southeast Asian Studies, September 1, 2021, https://www.iseas.edu.sg/articles-commentaries/iseas-perspective/2021-115-understanding-the-selective-hesitancy-towards-chinese-vaccines-in-southeast-asia-by-khairulanwar-zaini-and-hoang-thi-ha/.
  10. Aekarach Sattaburuth, “Prayuth defends govt virus crisis handling,” Bangkok Post, August 31, 2021, https://www.bangkokpost.com/thailand/politics/2173619/censure-debate-kicks-off.
  11. Chinese Embassy Bangkok Facebook page on August 23, 2021.
  12. Bangkok Post, “The US ‘Assessment on Covid-19 Origins’ Infected by the Political Virus is No Way Credible,” Bangkok Post, August 30, 2021, https://www.bangkokpost.com/business/2173487/the-us-assessment-on-covid-19-origins-infected-by-the-political-virus-is-in-no-way-credible.; See also Spokesperson of the Chinese Embassy in Thailand, “The US ‘Assessment on Covid-19 Origins’ Infected by the Political Virus is No Way Credible,” Embassy of the People’s Republic of China in the Kingdom of Thailand, August 30, 2021, http://www.chinaembassy.or.th/eng/gdxw/t1903063.htm.