အင်ဒိုနီးရှား-တရုတ် BRI ပူးပေါင်းစီမံကိန်း၏ နိုင်ငံရေးနှင့် စီးပွားရေးဆိုင်ရာ တွန်းတိုက်မှုများ

Noto Suoneto

အင်ဒိုနီးရှားနိုင်ငံ၏ နိုင်ငံတကာဆက်ဆံရေးကို လေ့လာသုံးသပ်ရာတွင် ၄င်းတို့၏ နိုင်ငံခြားရေး မူဝါဒ လက်တွေ့ ဆုံးဖြတ်ချက်များကို ကြည့်နိုင်ပါသည်။ နိုင်ငံခြားရေးမူဝါဒနယ်ပယ် အများအပြားတွင် စီးပွားရေး အကျိုးအမြတ်က အရေးကြီးသည့် ကဏ္ဍတွင် ရှိနေပါသည်။ သမ္မတ ဂျိုကိုဝီ၏ စီးပွားရေးကို အလေးပေးမှု မူဝါဒက အင်ဒိုနီးရှားနိုင်ငံ၏ နိုင်ငံခြားရေး မူဝါဒ ဦးစားပေးမှုများတွင်လည်း ထင်ဟပ် နေပြီး ယင်းကို လက်ရှိနိုင်ငံတကာဆက်ဆံရေးတွင် “စီးပွားရေးဆိုင်ရာ သံတမန်ရေး” ကို ရှေ့တန်းတင် ခြင်းတွင် တွေ့နိုင်ပါသည်။ အင်ဒိုနီးရှားနိုင်ငံ၏ စီးပွားရေးဆိုင်ရာ သံတမန်ရေးက ပြည်တွင်း ရည်မှန်းချက်များ၊ ဦးတည်ချက်များဖြစ်သည့် ပြည်လုံးကျွတ် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ရည်မှန်းချက်ကို ဖော်ဆောင်ရန်နှင့် အခြေခံအဆောက်အဦများ တည်ဆောက်မှု ဆောင်ရွက်ရန်နှင့်လည်း ကိုက်ညီပါသည်။ ဂျိုကိုဝီ၏ စီးပွားရေးဆိုင်ရာ သံတမန်ရေး ဆုံးဖြတ်ချက်တွင် အရေးကြီးသည့် ဆုံးဖြတ်ချက် တခုမှာ အင်ဒိုနီးရှား-တရုတ် ပူးတွဲဆောင်ရွက်မည့် “ခါးပတ်တကွင်း လမ်းတစင်း” (BRI) စီမံကိန်း ဖြစ်ပါသည်။ ဤစာတမ်းက BRI တွင် အင်ဒိုနီးရှား၏ ပါဝင်ဆောင်ရွက်မှုနှင့် ယင်းနှင့် သက်ဆိုင်သည့် နိုင်ငံရေး-စီးပွားရေး တွန်းတိုက်မှုများကို လေ့လာတင်ပြထားပါသည်။

၂၀၁၃ တွင် အင်ဒိုနီးရှားနိုင်ငံသို့ သမ္မတရှီကျင်ဖျင့် လာရောက်စဥ်က ၂၁ ရာစု ပင်လယ်ရေကြောင်း ပိုးလမ်းမတွင် ပူးပေါင်းဆောင်ရွက်ပြီး မိတ်ဖက်အဖြစ် တရုတ်အစိုးရက ဆောင်ရွက်လိုကြောင်း ပြောကြားခဲ့ပါသည်။ ထိုစဥ်က အင်ဒိုနီးရှားနိုင်ငံ၏ သမ္မတမှာ ဆူစီလိုဘန်ဘန်ယူဒိုရိုနို ဖြစ်ပြီး သူ့၏ နိုင်ငံခြားရေး မူဝါဒ ဦးစားပေးဆောင်ရွက်ရာမှာ ပင်လယ် ရေလမ်းကြောင်း ဖွံ့ဖြိုးရေးက မပါရှိသလောက် ဖြစ်ပါသည်။ သို့သော် အစိုးရနှစ်ရပ်လုံးက ထိတွေ့ဆက်ဆံခြင်းကို “ဘက်ပေါင်းစုံပါဝင်သော မဟာဗျူဟာကျ မိတ်ဖက်” အဖြစ် တိုးမြှင့်ဆောင်ရွက်ရန် ရည်ရွယ် ထားကြောင်း ကြေညာခဲ့ပါသည်။

၂၀၁၄ သမ္မတရွေးကောက်ပွဲရလဒ်မှ သမ္မတဂျိုကိုဝီတက်လာပြီး အင်ဒိုနီးရှားနိုင်ငံ၏ နိုင်ငံခြားရေး မူဝါဒ ဦးစားပေး လုပ်ငန်းများက သူ့အစိုးရ၏ ရည်မှန်းချက်အတိုင်း ပြောင်းလဲလာပါသည်။ ဂျိုကိုဝီ၏ ပထမ သက်တမ်းတွင် သူ့ရွေးကောက်ပွဲကြေညာစာတမ်းတွင် ဖော်ပြထားသလို ပင်လယ်ရေကြောင်းဆိုင်ရာ အင်ဒိုနီးရှားနိုင်ငံ၏ ပါဝင်ဆောင်ရွက်မှုနှင့် သြဇာရှိမှုကို မြှင့်တင်ရေး ရည်မှန်းချက်ကို အကောင်အထည် ဖော်ပါသည်။ ဂျိုကိုဝီက “ကမ္ဘာလုံးဆိုင်ရာ ပင်လယ်ရေကြောင်း မဟာမိတ်” (Global Maritime Axis or poros maritime dunia) ကို အဆိုပြုခဲ့ပြီး အင်ဒိုနီးရှားနိုင်ငံကို ပင်လယ်ရေကြောင်း အလေးပေး နိုင်ငံအဖြစ် ပြောင်းလဲရန် ရည်မှန်းထားပါသည်။ တရုတ်ပြည်က ဂျိုကိုဝီ၏ အမြင်ကို ဆုပ်ကိုင်ပြီး နှစ်နိုင်ငံ ဆက်ဆံရေး တိုးမြှင့်ရန် အလားအလာရှိသည့် နယ်ပယ်အဖြစ် သတ်မှတ်ဆောင်ရွက်ခဲ့ပါသည်။

သမ္မတ ဂျိုကိုဝီ ကျမ်းသစ္စာကျိန်ဆိုအပြီး ၂၀၁၄ တွင်  အာရှပစိဖိတ် စီးပွားရေး ပူးပေါင်းမဟာမိတ်အဖွဲ့ (APEC)၏ ညီလာခံ တက်ရောက်တွင် အခြားခေါင်းဆောင်များနှင့် တွေ့ဆုံရန် ပထမဆုံး သွားရောက် သည့် နိုင်ငံမှာလည်း တရုတ်နိုင်ငံ ဖြစ်ကြောင်း သတင်းများတွင် တွေ့ရပါသည်။ သမ္မတ ဂျိုကိုဝီက ပင်လယ် ရေကြောင်းမဟာမိတ် အဖွဲ့ ဖွဲ့စည်းရန် သူ့အမြင်ကို တင်ပြခြင်းအပြင် တရုတ်နိုင်ငံ ဦးဆောင်သည့် အာရှ အခြေခံအဆောက်အဦ ရင်းနှီးမြှုပ်နှံရေး ဘဏ် (AIIB) သို့ ဝင်ရောက်ရန်နှင့် တရုတ်ပြည်၏ ၂၁ ရာစု ပင်လယ်ရေကြောင်း ပိုးလမ်းမ (MSR) နှင့် အင်ဒိုနီးရှား၏ ကမ္ဘာလုံးဆိုင်ရာ ပင်လယ်ရေကြောင်း ရည်မှန်းချက်တို့ အတူတကွ ဖော်ဆောင်ရန် ကတိကဝတ် ပြုခဲ့သည်။ ယင်းခရီးစဥ်က BRI ခေါင်းစဥ် အောက်တွင် အင်ဒိုနီးရှား-တရုတ် ပူးပေါင်းဆောင်ရွက်ရန် လမ်းဖွင့်ပေးခဲ့သည်။ သမ္မတဂျိုကိုဝီနှင့် သမ္မတရှီတို့ ၂၀၁၅ မတ် ဘောင်းဖိုရမ်တွင် ဒုတိယအကြိမ်မြောက် တွေ့ဆုံခဲ့ပြီး ပင်လယ်ရေကြောင်း မဟာမိတ် ဖော်ဆောင်ရန် ကတိကဝတ်ကို ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့သည်။

၂၀၁၄ ခုနှစ် မြန်မာနိုင်ငံ နေပြည်တော်တွင် ကျင်းပသည့် ၉ ကြိမ်မြောက် အရှေ့အာရှ ထိပ်သီး အစည်းအဝေးတွင် သမ္မတ ဂျိုကိုဝီက “ကမ္ဘာလုံးဆိုင်ရာ ပင်လယ်ရေကြောင်း ဆုံမှတ်” အဖြစ် ဖော်ဆောင်ရန် ထပ်မံ ပြောကြားခဲ့ပြီး တရုတ်ပြည်၏ ပင်လယ်ရေကြောင်း ပိုးလမ်းမက ဂျိုကိုဝီ၏ ရည်မှန်းချက် ကြီးသည့် ပင်လယ်ရေကြောင်း စီမံချက်နှင့် ကိုက်ညီနေသည်ကို တွေ့နိုင်သည်။ ယူးဆတ်ဝါနန်ဒီ ပြောသလို BRI စီမံကိန်းသည် အင်ဒိုနီးရှားအတွက် အကျိုးရှိသည်မှာ ထင်ရှား သော်လည်း မည်ရွေ့မည်မျှ အကျိုးရှိမည်မှာမူ ဂျိုကိုဝီက BRI နှင့် ပြည်တွင်း ချိတ်ဆက် ဆောင်ရွက်မှုကို ဘယ်လောက် ဟန်ချက်ညီညီ ဆောင်ရွက်နိုင်လဲ ဆိုသည့်အပေါ် မူတည်ပါသည်။ ပူးပေါင်းဆောင်ရွက်ရန် ဖြစ်နိုင်ချေ အရှိဆုံး နယ်ပယ်မှာ တရုတ်နိုင်ငံ  BRI ၏ ဦးစားပေး စီမံချက်များနှင့် ကိုက်ညီသည့် အင်ဒိုနီးရှားနိုင်ငံ၏ ၂၀၁၆-၂၀၁၉ ပင်လယ်မူဝါဒ ဖော်ဆောင်ရေး စီမံချက် ဖြစ်ပါသည်။

အင်ဒိုနီးရှားနိုင်ငံ၏ BRI အပေါ် ရပ်တည်ချက်ကို ကောင်းစွာနားလည်ရန် ဂျိုကိုဝီနှင့် သူ့အစိုးရ၏ သတင်း ထုတ်ပြန်ချက်များကို ကြည့်နိုင်ပါသည်။ ၂၀၁၇ ခုနှစ် ပထမအကြိမ် BRI ဖိုရမ်တွင် ဂျိုကိုဝီက BRI စီမံကိန်းကြောင့် ဒေသတွင်း စက်မှုဖြစ်ထွန်းမှုနှင့် အခြေခံအဆောက်အဦ ဖွံ့ဖြိုးမှုတို့ ပိုမို ဖြစ်ထွန်းလာမည်ဟု ယုံကြည်ကြောင်းနှင့် ထောက်ခံကြောင်း ပြောကြားခဲ့ပြီး စီမံကိန်းက လက်တွေ့ အကောင်အထည် ဖော်နိုင်ကြောင်းနှင့် ခိုင်မာမှုရှိသည်ဟုပင် ပြောကြားခဲ့သည်။ SCMP သတင်းစာနှင့် အင်တာဗျူးတွင် ဂျိုကိုဝီက အင်ဒိုနီးရှား-တရုတ် ဆက်ဆံရေးသည် BRI တွင် ဖော်ပြထားသည့် အခြေခံအဆောက်အဦနှင့် ကုန်ထုတ်လုပ်ရေး တိုးတက်ဖွံ့ဖြိုးမှုများကို ဦးစားပေးမည်ဟု ထပ်လောင်း ပြောကြားခဲ့သည်။

ထိုအချိန်မှစပြီး BRI မူဘောင်အောက်တွင် ပိုမိုတိုးမြှင့် ပူးပေါင်းဆောင်ရွက်ရန် အင်ဒိုနီးရှားနိုင်ငံ၏ ရပ်တည်ချက်က တသမတ်တည်း ရှိခဲ့သည်။ သို့သော် ၂၀၁၈ ခုနှစ်အထိတော့ အင်ဒိုနီးရှား နှင့် တရုတ် နိုင်ငံအကြား ဘယ်စီမံကိန်းများက BRI စီမံကိန်း ဖြစ်သည်အပေါ် အမြင်ကွာဟမှု ရှိနေသည့်အတွက် အခြေခံအဆောက်အဦဆိုင်ရာ စီမံကိန်းများမှာ သဘောတူခြင်း မရှိသေးပါ။ တရုတ်နိုင်ငံက အခြေခံ အဆောက်အဦ စီမံကိန်းအားလုံးနှင့် စီးပွားရေးဆိုင်ရာ ကိစ္စရပ်အားလုံးကို BRI စီမံကိန်းအဖြစ် ရှုမြင်ပြီး အင်ဒိုနီးရှားနိုင်ငံကမူ သမ္မတရှီနှင့် သမ္မတဂျိုကိုဝီတို့ တာဝန်ယူသည့်အချိန်က စပြီးတော့သာ BRI စီမံကိန်းများအဖြစ် သတ်မှတ်ပါသည် 1။ သို့ဖြစ်ရာ နှစ်နိုင်ငံအကြား BRI ပူးပေါင်းဆောင်ရွက်ရေး အပေါ် နိုင်ငံရေးအရ ကတိကဝတ်ပြုမှုမှာ ဆက်လက်ဆောင်ရွက်ဆဲ ကိစ္စဖြစ်ပါသည်။

၂၀၁၈ ခုနှစ်တွင် အင်ဒိုနီးရှားနိုင်ငံ၏ သမ္မတက ခန့်အပ်သည့် အထူးသံတမန်နှင့် ပင်လယ် ရေလမ်းကြောင်း ဆိုင်ရာ ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ရေး ဝန်ကြီး လူဟပ်ပန်ဂျိုက်တန်က တရုတ်ပြည် သို့ သွားရောက်လည်ပတ်ခဲ့ပြီး  BRI စီမံကိန်းတွင်  နှစ်နိုင်ငံလုံးသည် သဘာဝအားဖြင့် မိတ်ဖက် ဖြစ်သည်ဟု ပြောကြားခဲ့သည်။ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီနှင့်အတူ နှစ်နိုင်ငံလုံးက BRI တွင် အပြည့်အဝ ပူးပေါင်း ဆောင်ရွက်ရန် သဘောတူညီထားကြောင်း ကြေညာခဲ့ပြီး BRI စီမံကိန်းနှင့်လည်း သက်ဆိုင်မှုရှိသည့် အင်ဒိုနီးရှားနိုင်ငံ၏ ဒေသတွင်း စီးပွားရေးစင်္ကြံများ ဖန်တီးဖော်ဆောင်ရေးကိုလည်း သဘောတူညီခဲ့ကြသည်။ လူဟပ်က အင်ဒိုနီးရှား-တရုတ်ဆက်ဆံရေးသည် ဂျာကာတာ၏ နိုင်ငံခြား ဆက်ဆံရေးတွင် အမြဲတမ်း ဦးစားပေးအနေဖြင့် ရှိနေကြောင်းပင် ပြောကြားခဲ့ပြီး သမ္မတ ဂျိုကိုဝီက ဘေဂျင်းနှင့် ဆက်ဆံရေးအပေါ် ကျေနပ်မှုရှိကြောင်း ပြသခြင်းလည်း ဖြစ်သည်။

တနှစ်ကြာပြီးနောက် အင်ဒိုနီးရှားနိုင်ငံက BRI ပူးပေါင်းဆောင်ရွက်ရေး၏ တစိတ်တပိုင်းအဖြစ် တရုတ် ရင်းနှီးမြှုပ်နှံသူများအနေနှင့် ဆောင်ရွက်နိုင်ရန် အမေရိကန် ဒေါ်လာ ၉၁.၁ သန်းရှိ စီမံကိန်း ၂၈ ခုကို အဆိုပြုခဲ့ပါသည်။ ဂျပန်တွင်ကျင်းပသည့် ၂၀၁၉ ခုနှစ် G-20 ထိပ်သီးအစည်းအဝေး၏ တစိတ်တပိုင်း အဖြစ် အင်ဒိုနီးရှား-တရုတ် အစည်းအဝေးတွင် သမ္မတ ဂျိုကိုဝီက အင်ဒိုနီးရှားအနေဖြင့် BRI မှ အကြီးမားဆုံး အကျိုးအမြတ်ရသည့် နိုင်ငံများတွင် မပါဝင်သေးသည့်အတွက် အထူးရန်ပုံငွေတရပ် ဖော်ဆောင်ပေးရန် သမ္မတရှီကို တောင်းဆိုခဲ့သည်။  ၂၀၁၉ ခုနှစ်တွင် နိုင်ငံခြားရေးဝန်ကြီး မာဆူဒီက အင်ဒိုနီးရှားနိုင်ငံသည် BRI စီမံကိန်းကို အထူးအလေးပေးကြောင်းနှင့် ယင်းမှတဆင့် နှစ်ဖက် ပိုမို အားကောင်းသည့် မဟာမိတ်ဆက်ဆံရေး ထူထောင်ရန် အလိုရှိကြောင်း ပြောကြားခဲ့သည်။ အင်ဒိုနီးရှား နိုင်ငံ၏ ထိပ်တန်းတာဝန်ရှိသူများ ပြောကြားချက်များ ဖြစ်သည့်အတွက် အင်ဒိုနီးရှားနိုင်ငံက BRI မိတ်ဖက် ဖော်ဆောင်ခြင်းကို လွန်စွာအလေးပေးကြောင်းနှင့် သူ့၏ ရပ်တည်ချက်မှာ သံသယဖြစ်ဖွယ် မရှိကြောင်း ထင်ရှားပါသည်။

Map indicating locations of China (green) and Indonesia (orange). Wikipedia Commons

တရုတ်နိုင်ငံ၏  BRI စီမံကိန်းကို အင်ဒိုနီးရှား ပြည်တွင်းက ဆန့်ကျင်မှုများနှင့် ဝေဖန်မှုများ

သို့သော် BRI စီမံကိန်းအပေါ် အင်ဒိုနီးရှား၏ ရပ်တည်ချက်နှင့် သဘောထားချက်ကို စိန်ခေါ်နေသည့် မကျေနပ်ချက်နှင့် ပြဿနာများလည်း မြောက်မြားစွာ ရှိနေပါသည်။ စီမံကိန်းနှင့် ပတ်သက်ပြီး ပြည်တွင်းတွင် အကြွေးထောင်ချောက်ထဲ နစ်မွန်းနိုင်သည့်ကိစ္စ၊ အချုပ်အခြာ အာဏာကို ထိပါးနိုင်မှုနှင့် အင်ဒိုနီးရှားနိုင်ငံထဲသို့ တရုတ် အလုပ်သမားများ ရောက်ရှိလာနိုင်မှုတို့နှင့် ပတ်သက်ပြီး မကျေနပ်ချက် များစွာကိုလည်း ရင်ဆိုင်နေရပါသည် 2။ CSIS လေ့လာချက်တွင် BRI နှင့် ပတ်သက်ပြီး သိရှိမှုနှင့် အချက်အလက်ရရှိမှုတို့ မရှိသည့်အတွက် တရုတ်ပြည်အပေါ် အင်ဒိုနီးရှားက မှီခိုလာရခြင်းကို စိုးရိမ်မှုများ ရှိနေကြောင်း တွေ့ရှိထားသည် 3

အင်ဒိုနီးရှားက စီမံကိန်းနှင့် ပတ်သက်ပြီး ချဥ်းကပ်ဆောင်ရွက်ရာတွင် ပြည်သူ့လူထု အမြင်က အရေး ကြီးကြောင်း သိရှိသည့်အတွက် သတိထားကာ ဆောင်ရွက်လျက် ရှိပါသည်။ အင်ဒိုနီးရှားနိုင်ငံ၏ နိုင်ငံခြား ဆက်ဆံရေးကို ပြည်သူလူထုက ဒီမိုကရေစီနည်းကျ အဖြေပေးနိုင်သည့်အတွက် ပြည်သူလူထု ၏ သဘောထားက ယေဘုယျအားဖြင့် အရေးကြီးပါသည်။ အမှန်တကယ်အားဖြင့်လည်း ဂျိုကိုဝီ အတွက် စိန်ခေါ်မှုများမှာ ပြည်တွင်း မဲဆန္ဒရှင် ပြည်သူလူထုဆီက တိုက်ရိုက်လာခြင်း ဖြစ်ပါသည်။ သုံးနှစ် ဆက်တိုက် ဂျိုကိုဝီအနေဖြင့် BRI စီမံကိန်းများနှင့် ပတ်သက်ပြီး တရုတ်အလုပ်သမားများ ရောက်ရှိ လာခြင်းကို ဟန့်တားရန် ဆန့်ကျင်ဆန္ဒပြမှုများ ကြီးမားစွာ ကြုံတွေ့ခဲ့ရပါသည်။ အင်ဒိုနီးရှားနိုင်ငံ၏ ထင်ရှားသော စီးပွားရေးပညာရှင်များ ဖြစ်သည့် ဖိုင်ဆယ်ဘာဆရီနှင့် အီမဲလ်ဆလင်းတို့က BRI ၏ အချို့ အစိတ်အပိုင်းများဖြစ်သည့် ရင်းနှီးမြှုပ်နှံမှု အရည်အသွေးနှင့် တရုတ်အလုပ်သမားများ ဝင်ရောက် လာခြင်းတို့နှင့် ပတ်သက်ပြီး ကြိမ်ဖန်များစွာ ဝေဖန်ခဲ့ပါသည်။

အင်ဒိုနီးရှားနိုင်ငံ အောက်လွှတ်တော် (DPR) ဒုတိယ ဥက္ကဌ ဖာ(ဒ်)လီဇွန်က ဂျိုကိုဝီကို BRI သည် အမျိုးသား နိုင်ငံရေးနှင့် စီးပွားရေး အချုပ်အခြာ ပိုင်စိုးမှုတို့ကို ခြိမ်းခြောက်နိုင်ကြောင်းပင် သတိပေးခဲ့ပါသည်။ လူးဟပ်ကို ဆက်ခံသည့် ဂျိုကိုဝီ၏ စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ဝန်ကြီးဟောင်း ရီဇယ်လ်ရမ်လီက  BRI သည် “ကိုယ့်ဖာသာကိုယ် ငွေပြန်ချေးသည့် အစီအမံ” ပါသည့်အတွက် ဘက်နှစ်ဖက်ပါသည့် ဓားသွားဖြစ်ပြီး အင်ဒိုနီးရှားနိုင်ငံ၏ အချက်အခြာကျသည့် ပိုင်ဆိုင်မှုများကို ဘေဂျင်းက လွှမ်းမိုးသွားနိုင်သည်ဟု ရေးသားခဲ့သည်။

အကြွေးထောင်ချောက်ထဲ သက်ဆင်းနိုင်သည့် အန္တရာယ်များအပြင် BRI စီမံကိန်းများ၏ အကျိုးဆက် အနေဖြင့် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်နိုင်မှုနှင့် ပတ်သက်ပြီးလည်း အင်ဒိုနီးရှားအစိုးရ ဝေဖန် ခံရသည်။ ၂၀၁၉ ခုနှစ်တွင် အရပ်ဖက်အဖွဲ့အစည်းများက ဆူမားတြားမြောက်ဖက်ရှိ BRI ရေအား လျှပ်စစ် စီမံကိန်းကို ရှားပါးမျောက်ဝံမျိုးစိတ်ကို ထိခိုက်နိုင်သည့်အတွက် ဆန့်ကျင်ကန့်ကွက်ခဲ့ကြသည်။ နောက်ထပ် BRI စီမံကိန်းတခုဖြစ်သည့် ဂျာကာတာ-ဘန်ဒေါင်း အမြန်ရထားလမ်းသည်လည်း သဘာဝ ပတ်ဝန်းကျင် ထိခိုက်နိုင်မှုနှင့် ပတ်သက်ပြီး သေချာလေ့လာထားမှုမရှိသည့်အတွက် ဝေဖန်ခံရသည်။ အင်ဒိုနီးရှားနိုင်ငံ၏ ထင်ရှားသော သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အင်စတီကျူးရှင်းဖြစ်သည့် WALHI ကလည်း BRI စီမံကိန်းများက ညစ်ညမ်းသော လျှပ်စစ်စွမ်းအင် စီမံကိန်းများနှင့် ကျောက်မီးသွေး တူးဖော်ရေး ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်နေခြင်းကို စိုးရိမ်ပူပန်လျက် ရှိသည်။ ယင်းသို့ ဝေဖန်မှုများ ရှိသည့်အတွက် BRI သည် အင်ဒိုနီးရှား ပြည်တွင်းတွင် ကြီးမားသည့် စိန်ခေါ်မှုကို ကြုံတွေ့နေရသည်။

Indonesian President Joko Widodo meeting Chinese President Xi Jinping, March 2015. Wikipedia Commons

တရုတ်သမ္မတရှီက BRI ၏ သဘာဝပတ်ဝန်းကျင်နှင့် ပတ်သက်သော ဝေဖန်မှုများကို အသိအမှတ်ပြုပြီး ဖြေရှင်းနိုင်မည့် နည်းလမ်းများကို အဆိုပြုခဲ့သည်။ BRI ပထမဖိုရမ်တွင် သမ္မတရှီက စိမ်းလန်းသော ဖွံ့ဖြိုးမှု ဖော်ဆောင်ရေး နိုင်ငံတကာ မဟာမိတ်အဖွဲ့တခု တည်ထောင်ပြီး ကုလသမဂ္ဂ ဆိုင်ရာ သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ် ဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်ကာ စိမ်းလန်းသော ဖွံ့ဖြိုးရေး ရည်မှန်းချက် ထည့်သွင်း ဆောင်ရွက်ရန် အဆိုပြုခဲ့သည်။ သမ္မတရှီက ၂၀၁၉ ခုနှစ် ဒုတိယ အကြိမ်မြောက် ခါးပတ်တကွင်း လမ်းတစင်း BRI ဖိုရမ်တွင် စီမံကိန်းများကို “ပွင့်လင်းမြင်သာမှုရှိပြီး၊ စိမ်းလန်းသော၊ သန့်ရှင်းသော” စီမံကိန်းများအနေဖြင့် ဆောင်ရွက်ရန် ပြောကြားခဲ့သည်။

ဘေဂျင်းအစိုးရက စိမ်းလန်းသော BRI စီမံကိန်းများနှင့် BRI ဂေဟစနစ်နှင့် သဘောဝပတ်ဝန်းကျင် ပူးပေါင်းဆောင်ရွက်ရေး စီမံကိန်းများ 4ကို မြှင့်တင်ရာတွင် မဟာဗျူဟာကျစွာ ဆောင်ရွက်ပြီး သဘာဝ ပတ်ဝန်းကျင်ကို အလေးထားကြောင်းနှင့် ဥတုပြောင်းလဲမှုကို တားဆီးနိုင်ရေး ဆောင်ရွက်နေကြောင်း ပုံဖော်ပြောဆိုသည်။ နောက်ဆုံးကျင်းပခဲ့သည့် ၂၀၂၁ ခုနှစ် နှစ်ပတ်လည် အာရှဘောင်းဖိုရမ် (BFA) တွင် သမ္မတရှီက တရုတ်နိုင်ငံသည် BRI ခေါင်းစဥ်အောက်တွင် စိမ်းလန်းသော ဖွံ့ဖြိုးရေး၊ အခြေခံ အဆောက်အဦ၊ စွမ်းအင်နှင့် ဘဏ္ဍာရေးများ ဆောာင်ရွက်ရန် သန္ဒိဌာန် ချထားကြောင်း ထပ်မံ ပြောကြားခဲ့သည်။

အင်ဒိုနီးရှားကလည်း သဘာဝပတ်ဝန်းကျင်အပေါ် အခြေခံသည့် ယင်းသို့ဝေဖန်မှုများကို ဖြေရှင်းနိုင်ရန် ကတိကဝတ်များ ကြိုတင်ပေးအပ်ခဲ့သည်။ ဝန်ကြီးလူဟပ်က BRI စီမံကိန်းတွင် အင်ဒိုနီးရှားသည် သဘာဝပတ်ဝန်းကျင် အလေးပေးသော နည်းပညာများ အသုံးပြုရန်နှင့် ဂေဟစနစ်ကို ထိခိုက်နိုင်သည့် ဒုတိယတန်းစား နည်းပညာများ အသုံးမပြုရန် တောင်းဆိုထားသည်ဟု ဆိုခဲ့သည်။ သူ့၏ ဒုတိယ ဝန်ကြီး ရစ်ဒ်ဝမ်ဂျာမာလူဒင်ကလည်း လျှပ်စစ်စီမံကိန်းများ ဆောင်ရွက်ရန် တရုတ်နိုင်ငံကို အဆိုပြုသည့် အခါ အင်ဒိုနီးရှားအနေဖြင့် စီးပွားရေးအကျိုးအမြတ်ကို သဘာဝပတ်ဝန်းကျင် ထိခိုက်မှုနှင့် ချိန်ထိုး ဆောင်ရွက်မည် ဖြစ်ကြောင်း၊ ဘေဂျင်းနှင့် ဆက်ဆံရာတွင် ဂျာကာတာအနေဖြင့် လမ်းကြောင်းမှန်တွင် ရှိနေကြောင်း ဆိုခဲ့သည်။ တချိန်တည်းမှာပင် BRI ထောင်ချောက်နှင့် ပတ်သက်ပြီး အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အာမန်သာ နာဆီယာက ဂျိုကိုဝီအနေဖြင့် တရုတ်ပြည်နှင့် ဆက်ဆံရာတွင် မိမိနိုင်ငံက ပိုင်ဆိုင်ရေးနှင့် မိမိနိုင်ငံက ဦးဆောင်သော ချဥ်းကပ်မှုနည်းလမ်းကို အလေးပေး ဆောင်ရွက်နေကြောင်း၊ BRI သည် အမျိုးသားဖွံ့ဖြိုးရေး မဟာဗျူဟာအတိုင်းသာ ဆောင်ရွက်မည်ဖြစ်ပြီး ကမ္ဘာလုံးဆိုင်ရာ ချဥ်းကပ်မှု သို့မဟုတ် ရေရှည်ပေးအပ်ထားသူအနေဖြင့် ဆောင်ရွက်သော ချဥ်းကပ်မှုမျိုး ဆောင်ရွက်မည် မဟုတ်ဟု တုံ့ပြန် ပြောကြားခဲ့သည်။

သို့ဖြစ်ရာ BRI စီမံကိန်း ပူးပေါင်းဆောင်ရွက်မှုသည် တရုတ်ပြည်အပေါ် အင်ဒိုနီးရှားနိုင်ငံသားများ၏ အမြင်ကို သက်ရောက်မှု ရှိခဲ့သည်။ Pew သုတေသနစင်တာက ဆောင်ရွက်သည့် စစ်တမ်းတခုအရ တရုတ်ပြည်အပေါ် အင်ဒိုနီးရှားနိုင်ငံသားများ၏ အကောင်းမြင်မှုမှာ ၂၀၁၈ ခုနှစ်တွင် ၅၃ ရာခိုင်နှုန်းရှိပြီး ၂၀၁၄ ခုနှစ်က ရှိခဲ့သည့် ၆၆ ရာခိုင်နှုန်းမှ ကျဆင်းလာခြင်း ဖြစ်သည်။ ဘေဂျင်းအပေါ် ဂျာကာတာက မှီခိုနေရခြင်းအပေါ် စိုးရိမ်သည့်အတွက် ယင်းသို့ တရုတ်ကို အကောင်းမြင်မှု ကျဆင်းလာခြင်း ဖြစ်သည်။ လင်ကာရန်ဆာဗိုင်းအင်ဒိုနီးရှား (LSI) က ဆောင်ရွက်သည့် စစ်တမ်းတခုတွင်လည်း အင်ဒိုနီးရှား နိုင်ငံသား ၃၆ ရာခိုင်နှုန်းက တရုတ်ပြည်သည် အင်ဒိုနီးရှားအပေါ် မကောင်းသော သက်ရောက်မှုရှိသည်ဟု ရှုမြင်ကြောင်း တွေ့ရှိထားသည်။ ယင်းအချက်များကို ကြည့်ခြင်းအားဖြင့် ဘေဂျင်း-ဂျာကာတာဆက်ဆံရေးတွင် ပြည်တွင်းက စိန်ခေါ်မှုများကို ကြုံတွေ့နေရပြီး ယင်းကြောင့် BRI စီမံကိန်း ပူးပေါင်းဆောင်ရွက်မှုတွင် ကြီးမားသည့် အဟန့်အတား ဖြစ်နေနိုင်ကြောင်း တွေ့ရသည်။

ယင်းသို့ အရေးကြီးသည့် နိုင်ငံရေးကိစ္စဖြစ်နေခြင်းနှင့် အန္တရာယ်ရှိနေခြင်းကြောင့် အင်ဒိုနီးရှားနိုင်ငံ၏ စီးပွားရေးဆိုင်ရာ သံတမန်ရေးကို အဓိကအားဖြင့် နိုင်ငံခြားရေးဝန်ကြီးဌာနကသာ ကိုင်တွယ် ဆောင်ရွက်ပါသည်။ BRI ကို အလေးပေးဆောင်ရွက်ရာတွင် အင်ဒိုနီးရှားနိုင်ငံအနေဖြင့် အကြွေး ထောင်ချောက်ရန်ကို ကာကွယ်ရန်အတွက် စီးပွားရေးလုပ်ငန်းချင်းတိုက်ရိုက်ဆက်ဆံသည့် နည်းလမ်း (B2B) ကို BRI မိတ်ဖက်ဆောင်ရွက်ခြင်းထက် ပိုပြီး အလေးပေးထားသည်။ အင်ဒိုနီးရှား-တရုတ် ဆက်ဆံရေးအတွက် ပြောရေးဆိုခွင့်ရှိသူ ဖြစ်သည့် ဝန်ကြီးလူဟပ်က ကြိမ်ဖန်များစွာ ပြောသည်မှာ B2B နည်းလမ်းဖြင့် ဆောင်ရွက်သည့်အတွက် BRI ၏ မကောင်းသောအကျိုးဆက်အဖြစ် အကြွေး ထောင်ချောက်အန္တရာယ်နှင့် အင်ဒိုနီးရှား မကြုံတွေ့နိုင်ဟု ပြောဆိုထားသည်။  သို့သော် BRI သည် တရုတ်အစိုးရ​ ထိန်းချုပ်မှုအောက်တွင်သာ ရှိနေသည့်အတွက် ယင်းနောက်ကွယ်ရှိ နိုင်ငံရေး အကြံအစည်များနှင့် ခွဲခြားရန်မှာမူ ခက်ခဲပါသည်။ စတုမ်းဆက်ပြောသလို ဘေဂျင်း၏ “စီးပွားရေး ဆိုင်ရာ နိုင်ငံရေးပရိယာယ်” 5 ဟု ခေါ်လို့ ရပါသည်။ ဒန့်စ်ကလည်း တရုတ်၏ ကမ္ဘာလုံးဆိုင်ရာ နယ်ပယ် ချဲ့ထွင်ရေးနှင့် အမေရိကန်ဆန့်ကျင်ရေး နိုင်ငံရေးနည်းလမ်းအနေဖြင့် ရှိနေကြောင်း ဆိုပါသည် 6

BRI စီမံကိန်းတွင် စီးပွားရေး လုပ်ငန်းများနှင့် နိုင်ငံပိုင် လုပ်ငန်းများ ပါဝင်နေသည့်အတွက် အင်ဒိုနီးရှား နိုင်ငံ၏ BRI ဆိုင်ရာ “စီးပွားရေးသံတမန်ရေး” ကို နိုင်ငံခြားရေးဝန်ကြီးဌာနကပဲ အပြည့်အဝ ကိုင်တွယ် ဆောင်ရွက်သည် မဟုတ်ပါ။ အခြားသော သက်ဆိုင်ရာ ဌာနများလည်း ပါဝင်ပါသည်။ BRI မိတ်ဆက် ဆောင်ရွက်ရေးနှင့် ပတ်သက်လာလျှင် ဥပမာအားဖြင့် လူဟပ်ပန်ဂျိုင်တန်သည် တရုတ်ပြည်နှင့် ပူးပေါင်း ဆောင်ရွက်ရေးအတွက် ညှိနှိုင်းရေးမှူးအနေဖြင့် တာဝန်ယူထားပြီး စီးပွားရေးဆိုင်ရာ ပေါင်းစည်း ဆောင်ရွက်ရေး ဝန်ကြီးအဖြစ် တာဝန်ယူထားသည့်အတွက် သူက အများဆုံး တာဝန်ယူ လုပ်ဆောင်ရသူ တဦး ဖြစ်ပါသည်။

BRI က အလွယ်တကူ နိုင်ငံရေးဇာတ်သွင်းခံရနိုင်သည့် ကိစ္စဖြစ်သည့်အတွက် ဂျိုကိုဝီ အစိုးရအနေဖြင့် BRI သည် နှစ်ဦးနှစ်ဖက် အကျိုးအမြတ်ရှိသည့် ကိစ္စအဖြစ် တုံ့ပြန်ပြောဆိုပါသည်။ အစိုးရက BRI ကို နိုင်ငံရေးအမြင်ဖြင့် မကြည့်ဘဲ စီးပွားရေးအမြင်ဖြင့်သာကြည့်ကြစေရန် လုံးပမ်းလျက် ရှိပါသည်။ BRI ကို အကောင်အထည်ဖော်ရာတွင် စီးပွားရေးချင်း တိုက်ရိုက်ဆက်ဆံသည့် နည်းလမ်း (B2B) အနေဖြင့် ဆောင်ရွက်နေကြောင်း ပြောဆိုခြင်းက ယင်းသို့ စီးပွားရေးအမြင်ဖြင့်သာ ကြည့်စေရန် နည်းလမ်း တခု ဖြစ်ပါသည်။ သမ္မတဂျိုကိုဝီက အစိုးရမဟုတ်သည့် အဖွဲ့အစည်းများထံက ဘဏ္ဍာငွေဖြင့် ဆောင်ရွက် နေကြောင်း အလေးပေးပြောဆိုပါသည်။ အင်ဒိုနီးရှားနိုင်ငံ ကုန်သည်ကြီးများအသင်း KADIN ဥက္ကဌ ရိုဆန်ရိုဆလာနီက BRI ပေါ် အစိုးရ ရပ်တည်ချက်ကို ထောက်ခံပြီး အင်ဒိုနီးရှားအနေဖြင့် အခြေခံ အဆောက်အဦ တည်ဆောက်ခြင်းမှ အခြားသော စီးပွားရေး အကျိုးအမြတ် များလည်းများစွာ ရရှိနိုင်ကြောင်း ပြောကြားပါသည်။ BRI စီမံကိန်းတွင် နိုင်ငံရေးမပါအောင်  ဆောင်ရွက်ခြင်းဖြင့် ဂျိုကိုဝီသည် ပြည်တွင်းက မကျေနပ်မှုများကို ထိန်းချုပ်ထားနိုင်ပါသည်။ ကပ်ရောဂါ ဖြစ်ပွား နေသော်လည်း သမ္မတဂျိုကိုဝီနှင့် သမ္မတရှီသည် BRI မိတ်ဖက် ပူးပေါင်းဆောင်ရွက်ခြင်းကို ပိုမို မြှင့်တင် ဆောင်ရွက်နိုင်ခဲ့ပါသည်။

အင်ဒိုနီးရှား-တရုတ် နှစ်နိုင်ငံ BRI ပူးပေါင်းဆောင်ရွက်မှုသည် ပြည်တွင်းတွင် အမျိုးမျိုးသော နိုင်ငံရေး  တွန်းတိုက်မှုများကို ကြုံတွေ့ရပါသည်။ သို့သော် ဂျိုကိုဝီအစိုးရက စီးပွားရေးကဏ္ဍက ခိုင်မာစွာ ပူးပေါင်း ပါဝင်စေခြင်းဖြင့် နှစ်ဦးနှစ်ဖက် အကျိုးရှိသည့် ပူးပေါင်းဆောင်ရွက်မှုအနေဖြင့် ယင်းနိုင်ငံရေး တွန်းတိုက်မှုများကို ထိန်းထားနိုင်ပါသည်။ တရုတ်ပြည်၏ BRI စီမံကိန်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် ကြီးမားသော ရိုက်ခတ်မှုများတွင် နိုင်ငံရေးရှုထောင့်မပါစေရန် ကြိုးစားဆောင်ရွက်လျက် ရှိပါသည်။ အင်ဒိုနီးရှားနိုင်ငံရှိ BRI စီမံကိန်းများကို မတူညီသော အုပ်စုများက ဝေဖန်ခြင်းနှင့် နိုင်ငံရေးအရ ဆန့်ကျင်ခြင်းများ ရှိနေဦးမည်တော့ ဖြစ်ပါသည်။ နှစ်ဖက် အစိုးရလုံးက “စီးပွားရေးဆိုင်ရာ နိုင်ငံရေးပရိယာယ်” အနေနှင့်  BRI ကို အသုံးမချသမျှ ယင်းမှာ ရေရှည်ထိန်းသိမ်း ဆောင်ရွက်နိုင်မည့် အခြေအနေဖြစ် ရှိနေမည် ဖြစ်ပါတော့သတည်း။

Noto Suoneto
Noto Suoneto သည် နိုင်ငံခြားရေးမူဝါဒစကားဝိုင်း ပေါ့ဒ်ကတ်တွင် တင်ဆက်သူအဖြစ် ဆောင်ရွက်နေသူဖြစ်ပြီး နိုင်ငံခြားရေးမူဝါဒ လေ့လာသုံးသပ်သူ ဖြစ်ပါသည်။ အင်ဒိုနီးရှားက ဥက္ကဌအဖြစ် ၂၀၂၂ တွင် တာဝန်ယူဆောင်ရွက်မည့် Y20 (G20 ထိတွေ့ဆက်ဆံရေးအုပ်စု) အဖွဲ့ဝင် တဦးလည်း ဖြစ်ပါသည်။

 

Notes:

  1. Negara, Siwage Dharma, and Suryadinata. 2018. Indonesia and China’s Belt and Road Initiatives : Perspectives, Issues and Prospects. Singapore: ISEAS Yusof Ishak Institute.
  2. uliantoro, Nur Rachmat. 2019. “The Belt and Road Initiative and ASEAN-China Relations: An Indonesian Perspective.” In The Belt and Road Initiative: ASEAN Countries’ Perspectives, by Yang Yue: Li Fuijian, pp. 81-102. Beijing: Institute of Asian Studies and World Scientific Publishing Ltd.
  3. Damuri, Yose Rizal, Vidhyandika Perkasa, Raymond Atje, and Fajar Himawan. 2019. Perceptions and Readiness of Indonesia Towards the Belt and Road Initiative. Jakarta: Center for Strategic and International Studies (CSIS) Indonesia.
  4. Coenen, Johanna, Simon Bager, Patrick Meyfroidt, Jens Newig, and Edward Challies. 2021. “Environmental Governance of China’s Belt and Road Initiative.” Environmental Policy and Governance Volume 31 Issue 1 pp. 3 -17.
  5. Stromseth, Jonathan R. 2021. “Navigating Great Power Competition in Southeast Asia.” In Rivalry and Response- Assessing Great Power Dynamics in Southeast Asia, by Jonathan R. Stromseth, pp. 1-31. New York: Brookings Institution Press.
  6. Dunst, Charles. 2020. Battleground Southeast Asia: China’s Rise and America’s Options. London: London School of Economics and Political Science (LSE) Ideas.