သရုပ်သကန် (identity) နှင့် လူမှုပါဝင်ရေး (social inclusion)

Htet Paing Oo

Shan State, Myanmar. Local village woman with son pose for a photo. Natalia Davidovich / Shutterstock.com

မိမိဘယ်သူလဲဆိုသည့် သရုပ်သကန် (identity) နှင့် လူ့အဖွဲ့အစည်းတွင် အားလုံး ပါဝင်နိုင်ရေး (ဝါ) လူမှုပါဝင်ရေး (social inclusion) နှင့် သက်ဆိုင်သည့် ကိစ္စများမှာ မြန်မာ့လူ့အဖွဲ့အစည်းတွင် ကာလကြာရှည် ငြင်းခုံဆွေးနွေးလာရသည့် ကိစ္စများ ဖြစ်ပါသည်။ မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် လူမျိုးဘာသာစကား အစုံလင်ဆုံးနိုင်ငံများထဲတွင် အပါအဝင် ဖြစ်ပြီး တရားဝင် အသိအမှတ် ပြုထားသည့် လူမျိုးအုပ်စုပေါင်း ၁၃၅ မျိုးနှင့် ဘာသာစကားပေါင်း ၁၀၇ မျိုးခန့် ရှိပါသည်။ နိုင်ငံ နယ်နိမိတ်အတွင်း ကိုးကွယ်သည့် ဘာသာမတူညီသည့် အုပ်စုများစွာ ရှိပြီး ဗုဒ္ဓဘာသာ (၈၇.၉ ရာခိုင်နှုန်း)၊ ခရစ်ယာန် (၆.၂ ရာခိုင်နှုန်း)၊ အစ္စလာမ် (၄.၃ ရာခိုင်နှုန်း)၊ ဟိန္ဒူ (၀.၅ ရာခိုင်နှုန်း) နှင့် နတ်ကိုးကွယ်သူ (၀.၈ ရာခိုင်နှုန်း) ရှိပါသည်။ ယင်းသို့ နောက်ခံအခြေအနေတွင် ခွဲခြားအုပ်ချုပ်ရေး (divide and rule) ကို ကျင့်သုံးသည့် ကိုလိုနီစနစ်၏ အမွေနှင့် လူများစု ဗမာလူမျိုး ကြီးစိုးသည့် သမိုင်းကြောင်းတို့ကြောင့် လူမျိုးနှင့် ဘာသာရေးအရ ခွဲခြားမှုတို့မှာ ယနေ့ထက်တိုင် လူ့အဖွဲ့အစည်းတွင် ကွဲဟမှုအနေဖြင့် ရှိနေဆဲ ဖြစ်ပါသည်။

ဤစာတမ်းတွင် ၂၀၁၁ မှ ၂၀၂၁ ဒီမိုကရေစီတပိုင်း အုပ်ချုပ်သည့် ဆယ်နှစ်တာ ကာလအတွင်း သရုပ်သကန်နှင့် လူမှုပါဝင်ရေးတို့ မည်သို့ ပြောင်းလဲလာသည်ကို ခြုံငုံသုံးသပ် တင်ပြ ထားပါသည်။ ပထမဦးစွာ စစ်တပ်ကျောထောက်နောက်ခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ပြည်ခိုင်ဖြိုး /USDP) ကာလကို သုံးသပ်ပြီး ယင်းနောက် ၂၀၁၆ နောက်ပိုင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အစိုးရ ကာလကို တင်ပြထားပါသည်။ လူမှုပါဝင်ခြင်း (social inclusivity) ကို ရှုထောင့် ၃ ခုဖြင့် အဓိပ္ပာယ်ဖွင့်ဆို လေ့လာထားပါသည် – လူမျိုးအုပ်စု (ethnicity) ၊ ဘာသာရေး (religion) နှင့် ဂျန်ဒါနှင့် လိင်စိတ်တိမ်းညွှတ်မှု (gender and sexual orientation) ရှုထောင့်တို့ ဖြစ်ပါသည်။ ဒီမိုကရေစီတပိုင်း အစိုးရများက ပိုမိုမြင့်မားသည့် လူမှုပါဝင်ရေး ဆောင်ရွက်လိမ့်မည်ဟု သတိကြီးစွာ အကောင်းမြင် မျှော်လင့်ချက်ထားခဲ့သော်လည်း ယင်းတိုးတက်မှုမှာ အကန့်အသတ်ဖြင့်သာ ရှိခဲ့ပါသည်။ သို့သော် ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းမှုကြောင့် ယခင်က ပေါင်းစည်းလို့ မရသည့် ကွဲပြားမှုများ နေရာတွင် ညီညွတ်မှုအသစ်များ ပေါ်ပေါက်လာသည့်အတွက် ပြောင်းလဲမှုဖြစ်လာနိုင်သည့် အချိန်ဖြစ်လာပါသည်။ သို့သော်လည်း အကျိုးရှင် အများအပြားက ပိုမို ရှုပ်ထွေးသည့် အခြေအနေတွင် ဆက်လက် လုပ်ကိုင် ရသည်နှင့်အမျှ ယင်းကနဦး စည်းလုံးမှုများမှာ တာရှည် ခံမလားဆိုသည်ကိုတော့ ဆက်လက် စောင့်ကြည့် ရဦးမည် ဖြစ်ပါသည်။

မြန်မာ့သမိုင်းကြောင်း နောက်ခံတွင် သရုပ်သကန်နှင့် လူမှုပါဝင်ရေးကို ဆန်းစစ်ခြင်း

ကိုလိုနီအစိုးရ ကာလ (၁၈၂၄-၁၉၄၈) တွင် ဗြိတိသျှတို့၏ သွေးခွဲအုပ်ချုပ်ရေး (divide and rule) က လူများစု ဗမာလူမျိုးများနှင့် လူနည်းစု လူမျိုးစုအုပ်စုများအကြား ရန်တိုက်ပေးခဲ့ပါသည်။ တနိုင်ငံလုံးနှင့် သက်ဆိုင်သည့် စည်းလုံးညီညွတ်သော အမျိုးသားသရုပ်သကန် (national identity) မရှိသည့် အတွက်ကြောင့် လွတ်လပ်ပြီးခေတ် အုတ်အော်သောင်းနင်း ဖြစ်နေသည့် ကာလတွင် လူနည်းစု လူမျိုးစုအုပ်စုများက လက်နက်ကိုင်တပ်ဖွဲ့ (Ethnic Armed Organization) များ ထူထောင်ပြီး ကိုယ်ပိုင် အုပ်ချုပ်ခွင့် ပိုမိုရရှိရေးအတွက် တောင်းဆို တိုက်ပွဲဝင်ခဲ့ကြပါသည်။ ၁၉၆၂ စစ်အာဏာသိမ်းပြီးနောက် လူမျိုးစုလူနည်းစုများနှင့် ဘာသာရေး လူနည်းစုများကို နိုင်ငံတော်က ဖိနှိပ်ခြင်း ပိုမို ဆိုးရွား လာခဲ့ပါသည်။ စစ်အစိုးရက ၁၉၈၂ နိုင်ငံသား ဥပဒေကို ပြဋ္ဌာန်းပြီး  (ယခုထက်ထိုင် ပြင်ဆင်ခြင်းမရှိ) မွတ်ဆလင်များ၊ ဟိန္ဒူများ၊ တရုတ်များကို ခွဲခြားဆက်ဆံခဲ့ပါသည်။ ၄င်းတို့မှာ ဌာနေမျိုးနွယ်စုများ (“တိုင်းရင်းသား”) မဟုတ်ဟု ဆိုကာ သူတို့ကို နိုင်ငံသားအခွင့်အရေး အပြည့်အဝမပေးဘဲ ကန့်သတ်ခဲ့ပါသည်။ မွတ်ဆလင်များကို ပစ်မှတ်ထား ဖိနှိပ်ပြီး အစိုးရနှင့် စစ်တပ် တာဝန်များမှ ဖယ်ရှားခဲ့ပါသည်။ စစ်တပ်က ၁၉၉၀ ပြည့်နှစ်များတွင် အချို့သော လူမျိုးအုပ်စုများကို ဦးစားပေး ဆက်ဆံကာ ကြီးမားသော စစ်ဆင်ရေးများ ဆောင်ရွက်ခဲ့ပြီး အချို့ကို ဆိုးရွားစွာ ဖိနှိပ်ပြီး ကြီးမားသော စစ်ဆင်ရေးများ ဆင်နွှဲခဲ့ပါသည်။

စစ်အုပ်ချုပ်ရေးအောက်တွင် ခွဲခြားဆက်ဆံရေးမှာ ဂျန်ဒါခွဲခြားဆက်ဆံရေးလည်း ပါဝင်ခဲ့ ပါသည်။ တပ်မတော် (ဗမာစစ်တပ်ကို ခေါ်သည့် နာမည်) က အမျိုးသမီး ဦးဆောင်မှုကို အစဥ်အလာအားဖြင့် မလိုလားအပ်ဟု ရှုမြင်ခဲ့ကြပါသည်။ စစ်တပ်ခေါင်းဆောင်များက “ကြက်ဖတွန်မှ မိုးလင်းသည်၊ ကြက်မတွန်လို့ မိုးမလင်း” ဟု ဗမာဆိုရိုးစကားကို သုံးပြီး နိုင်ငံကို အမျိုးသား ဦးဆောင်မှသာ အင်အားတောင့်တင်းမည်ဟူသော ယုံတမ်းကို တွင်တွင် မြှင့်တင်ခဲ့ကြပါသည်။ အမျိုးသမီး ဦးဆောင်မှုသည် အရည်အသွေးမရှိဆိုသည့် အမြင်မျိုးဝင်လာစေရန်  မိဖုရား စုဖုရားလတ်၏ အမျှော်အမြင်မရှိမှုကြောင့် ဗမာအင်ပါယာကို ဗြိတိသျှ ကိုလိုနီသိမ်းပိုက်ခြင်း ခံရသည် ဟု စစ်တပ်က ဇာတ်လမ်းဆင် ဖြန့်ဝေခဲ့ပါသည်။ သို့နှင့် စစ်တပ်က ပြဋ္ဌာန်းသည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင်လည်း အရေးပါသည့် အချို့ဝန်ကြီးဌာန နေရာများမှာ အမျိုးသားများနှင့်သာ ဆီလျော် ကိုက်ညီသည်ဟု ပြဋ္ဌာန်းလေသည်။ အမျိုးသမီးများ စစ်တပ်တွင် တာဝန်ထမ်းဆောင်ရန် ခွင့်ပြုသည်မှာ မကြာသေးသည့် အတွက် စစ်တပ်နှင့် နိုင်ငံရေးရာထူးနေရာများတွင် အမျိုးသမီးကိုယ်စားပြုပါဝင်မှုမှာ အားနည်း နေပါသည်။

National League for Democracy’s headquarters in Yangon (before reconstruction). Wikipedia Commons

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အစိုးရ (၂၀၁၀-၂၀၁၅) နှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အစိုးရ (၂၀၁၆-၂၀၂၁) ဒီမိုကရေစီ တပိုင်း အသွင်ကူးပြောင်းခြင်း – လူမှုပါဝင်ရေးဆီသို့ ဦးတည်သည့် အနည်းငယ်သော တိုးတက်ပြောင်းလဲမှု

လူမျိုးစုံပါဝင်ရေး

၂၀၁၁ နိုင်ငံရေးအသွင်ကူးပြောင်းမှု စတင်ပြီးနောက် ပြည်ခိုင်ဖြိုးအစိုးရသည် လူနည်းစုလူမျိုးစု အုပ်စုများ အကြား သွေးခွဲ အုပ်ချုပ်ရေး နည်းစနစ်ကို ကျင့်သုံးခဲ့ပါသည်။ အားလုံးပါဝင်နိုင်သော ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ဖြစ်မြောက်ရေးအတွက် ကနဦးခြေလှမ်းဖြစ်သည့် တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး NCA စာချုပ် လက်မှတ်ရေးထိုးရာတွင် အချို့သော EAO များကို ချန်လှပ် ထားခဲ့ပါသည်။ ၂၀၁၅ ရွေးကောက်ပွဲ ပြီးနောက် NLD အစိုးရ တက်လာသည့်အခါ လူမျိုးစုံပါဝင်ရေးနှင့် တန်းတူညီမျှသော ဆက်ဆံရေး ပိုမို ပေါ်ပေါက်လာဖို့အတွက် မျှော်လင့်ချက်အသစ်များ ရှိလာပါသည်။ NLD က ရွေးကောက်ပွဲ ကြေညာ စာတမ်းတွင် လူမျိုးရေးပဋိပက္ခ၏ အရင်းအမြစ်များကို ဖြေရှင်းရန်နှင့် တန်းတူညီမျှသော အခွင့်အရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် သယံဇာတမျှဝေရေးစသည့် မူဝါဒများကို အခြေခံပြီး စစ်မှန်သော ဖက်ဒရယ် ပြည်ထောင်စု ပေါ်ပေါက်ရေးအတွက် ကြိုးပမ်းသွားရန် ကတိ ပြုသည်ဟု ဖော်ပြထားခဲ့ပါသည်။ သို့သော် အစိုးရ ငါးနှစ်တာ သက်တမ်းကာလအတွင်း NLD သည် ယင်းကတိကဝတ်များကို ဖော်ဆောင်ရန် ပျက်ကွက် ခဲ့ပါသည်။ NLD က နောက်ပိုင်းတွင် သူ့၏ မအောင်မြင်မှုများမှာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကြောင့် ဖြစ်သည်ဟု အကြောင်းပြချက် ပေးပါသည်။

လူနည်းစု လူမျိုးစုများက NLD ၏ ယင်းသို့ ပျက်ကွက်မှုမှာ ဗမာ လူများစုကသာ နိုင်ငံတော် ယန္တယားကို ဦးဆောင်သင့်သည် ဟူသော လူမျိုးကြီးဝါဒကြောင့် ဖြစ်သည်ဟု ရှုမြင်ပါသည်။ လူနည်းစု လူမျိုးစု ခေါင်းဆောင်များက NLD အစိုးရ၏ စစ်တပ်နှင့် နီးကပ်မှု၊ ဖွဲ့စည်းပုံကို ပြင်ဆင်ရန် စောစီးစွာ ကြိုးပမ်းခြင်း မရှိမှု၊ လူနည်းစုလူမျိုးစုများနှင့် အာဏာခွဲဝေခြင်းနှင့် သက်ဆိုင်သော အပိုင်းများတွင် ဖွဲ့စည်းပုံပြင်ဆင်ဖို့ကို ကန့်ကွက်ခဲ့မှုတို့ကို ဝေဖန်ခဲ့ကြပါသည်။

ဘာသာပေါင်းစုံ ပါဝင်ရေး

၁၉၆၂ က စပြီး ဗုဒ္ဓဘာသာသည် နိုင်ငံတော် ဘာသာအနေဖြင့် မရှိတော့သော်လည်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၃၆၁ အရ ဗုဒ္ဓဘာသာကို မြန်မာ့လူ့အဖွဲ့အစည်းတွင် “ဂုဏ်ထူးဝိသေသနှင့် ပြည့်စုံသည့် ဘာသာ သာသနာ” အနေဖြင့် ဖော်ပြထားပါသည်။ သို့ဖြစ်သည့်အတွက် အစိုးရအဆက်ဆက်က ဗုဒ္ဓဘာသာကို အခြားသော ဘာသာများထက် ဦးစားပေးခဲ့ပါသည်။ ယင်းသို့ ဦးစားပေးမှုများတွင် တဦးချင်းနှင့် ရပ်ရွာ အသိုက်အဝန်းအဆင့်တွင် ဘာသာပေါင်းစုံ ပါဝင်ရေးကို အဟန့်အတား ဖြစ်စေသည့် မူဝါဒများ၊ ဥပဒေများ၊ လက်တွေ့လုပ်ဆောင်မှုများ ပါဝင်ပါသည်။ ရှင်းလင်းမြင်သာသည့် ဥပမာတခုမှာ မတူညီသော ဘာသာရေးအုပ်စုများကို ဘာသာရေးဆိုင်ရာ အဆောက်အဦများ ဆောက်လုပ်ရာတွင် တန်းတူညီမျှစွာ ဆက်ဆံမှု မရှိခြင်းဖြစ်ပါသည်။ ဗုဒ္ဓဘာသာဝင်များအနေဖြင့် ဘုရားစေတီများနှင့် မည်သို့သော ဘာသာရေး အဆောက်အဦမဆို မည်သည့်နေရာတွင်မဆို လွတ်လပ်စွာ တည်ဆောက်ခွင့် ရှိသော်လည်း ခရစ်ယာန်များ၊ ဟိန္ဒူများနှင့် အစ္စလာမ်ဘာသာဝင်များမှာမူ အသစ်ဆောက်လုပ်သည် ဖြစ်စေ၊ ရှိရင်းစွဲ ဘာသာရေး အဆောက်အဦများ ပြင်ဆင်သည်ဖြစ်စေ ခွင့်ပြုချက် ရရန် ခက်ခဲသည့် အခြေအနေကို ကြုံတွေ့ ရပါသည်။

Ashin Wirathu, a Burmese Buddhist monk, leader of the Myanmar’s extremist 969 Movement. He has been accused of conspiring to persecute Muslims in Myanmar through his speeches, although he claims to be a peaceful preacher – a claim disputed by others. Wikipedia Commons

ပြည်ခိုင်ဖြိုးအစိုးရ (နှင့် စစ်တပ်) က လက်ယာစွန်းရောက် တက်ကြွလှုပ်ရှားသူ အုပ်စုများနှင့် ကွန်ယက်များကို လှုံ့ဆော်ပြီး ဗုဒ္ဓဘာသာ အမျိုးသားရေးဝါဒကို တိုက်ရိုက် မြှင့်တင်ခဲ့ပါသည်။ ယင်းတို့ ထဲတွင် ၉၆၉ ဗုဒ္ဓဘာသာ အမျိုးသားရေး လှုပ်ရှားမှုနှင့် အမျိုးဘာသာသာသနာ စောင့်ရှောက်ရေး အဖွဲ့ (မဘသ) တို့ ပါဝင်ပါသည်။ သူတို့၏ ရည်ရွယ်ချက်မှာ ဗုဒ္ဓဘာသာ ဗမာလူမျိုးနှင့် ဘာသာ သာသနာကို ကာကွယ်ရန် ဖြစ်ပါသည်။ အထူးအားဖြင့် အစ္စလာမ်ဘာသာဝင်များမှာ နိုင်ငံတော်၏ ခွဲခြား ဆက်ဆံသည့် ဥပဒေများနှင့် ဗုဒ္ဓဘာသာဝင်များ၏ ရန်လိုမှုကို အများဆုံး ကြုံတွေ့ခဲ့ရပါသည်။ ၂၀၁၅ ဧပြီနှင့် သြဂုတ် လတွင် ပြည်ခိုင်ဖြိုးအစိုးရသည် မျိုးစောင့်ဥပဒေဟု လူသိများသည့် ဥပဒေ လေးခုကို ပြဋ္ဌာန်းခဲ့ပါသည်။ ယင်းတို့မှာ နိုင်ငံတဝှမ်းတွင် ဗုဒ္ဓဘာသာအသိုက်အဝန်းနှင့် အစ္စလာမ် အသိုက်အဝန်းအကြား ဆက်ဆံရေးကို ကန့်သတ်တားမြစ်ရန် ရည်ရွယ်ခြင်း ဖြစ်ပါသည်။ ၂၀၁၂ ခုနှစ်ကစပြီး ရခိုင် အမျိုးသားရေး အစွန်းရောက်များအပါအဝင် အခြားသော လူနည်းစု လူမျိုးစု များကလည်း ရခိုင်ပြည်နယ် မြို့နယ် အများအပြားရှိ အစ္စလာမ် ဘာသာရေး အဆောက်အဦများ၊ ဗလီများ၊ အစ္စလာမ် စာသင်ကျောင်းများ (madrasas) ကို မီးရှို့ဖျက်ဆီးရာတွင် ပါဝင်ခဲ့ကြပါသည်။ ရခိုင် ပြည်နယ်အစိုးရ (အထူးသဖြင့် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးဌာန) က မွတ်ဆလင် အသိုက်အဝန်း၏ ဘာသာရေးဆိုင်ရာ အဆောက်အဦများ ဖျက်ဆီးရာတွင် ကူညီထောက်ပံ့ခဲ့သည်ဟု သတင်းများ ကျယ်ပြန့်စွာ ပေါ်ထွက်ခဲ့ပါသည်။ ယနေ့အချိန်တွင် မွတ်ဆလင် အသိုက်အဝန်းအနေဖြင့် အများပြည်သူ ဝတ်ပြုဆုတောင်းရာနေရာနှင့် ဘာသာရေး အခမ်းအနားများ ဆောင်ရွက်ရန် ဗလီ အနည်းငယ်သာ ကျန်ရှိပါတော့သည်။

NLD အစိုးရသည် မွတ်ဆလင်အသိုက်အဝန်းကို ဖယ်ကျဥ်သော မူဝါဒများကို ပယ်ဖျက် ပြောင်းလဲရန် အများအားဖြင့် ပျက်ကွက်ခဲ့ပါသည်။ အထူးသဖြင့် ပြည်ခိုင်ဖြိုးပါတီက ဘာသာရေးကို နိုင်ငံရေးအတွက် အသုံးချခြင်းနှင့် လက်ယာစွန်း တက်ကြွလှုပ်ရှားသူများ၏ မွတ်ဆလင်မုန်းတီးရေး လှုံ့ဆော်မှုတို့ကို ထိရောက်စွာ ဟန့်တားရန် ပျက်ကွက်ခဲ့ပါသည်။ ထို့အပြင် တန်းတူညီမျှသော နိုင်ငံသား အခွင့်အရေး ရရှိရေးနှင့် မွတ်ဆလင်များ သူတို့ရပ်ရွာ ပြင်ပ လွတ်လပ်စွာ ခရီး သွားလာခွင့်တို့ အပါအဝင် နိုင်ငံသားအခွင့်အရေးများမှ မွတ်ဆလင် အသိုက်အဝန်းကို ခွဲခြားကန့်သတ် ထားခြင်းကို ပယ်ဖျက်ရန် မဆောင်ရွက်ခဲ့ပါ။ အထူးသဖြင့် ရခိုင်ဒေသတွင် မွတ်ဆလင် အသိုက်အဝန်းအနေဖြင့် အစိုးရ ဝန်ဆောင်မှုများ ဖြစ်သည့် ပညာရေး၊ ကျန်းမာရေး အခွင့်အလမ်းများ တိုးတက်ရရှိစေဖို့ ဆောင်ရွက်ရန်လည်း NLD သည် ပျက်ကွက်ခဲ့ပါသည်။

ဘာသာရေးဆိုင်ရာ တင်းမာမှုများလည်း ဗုဒ္ဓဘာသာမဟုတ်သည့် အခြားသော အသိုက်အဝန်းများနှင့် ဆက်ဆံရာတွင် ပေါ်ပေါက်ခဲ့ပါသည်။ ရခိုင်ပြည်နယ်ရှိ ဗုဒ္ဓဘာသာဝင်များနှင့် နတ်ကိုးကွယ်သူများက ခရစ်ယာန်ဘာသာသို့ ပြောင်းလဲဝင်ရောက်ခြင်းကြောင့်လည်း ရပ်ရွာ အသိုက်အဝန်းများ အကြား တင်းမာမှု ပေါ်ပေါက်ခဲ့ပါသည်။ ဗုဒ္ဓဘာသာ အသိုက်အဝန်းက ယင်းကို တုံ့ပြန်သည့်အနေဖြင့် ခရစ်ယာန် သာသာနာပြုအဖွဲ့များနှင့် ခရစ်ယာန်ချက်ကျောင်းများ ဆောက်လုပ်ခြင်းကို ကန့်သတ်ရန် ကြိုးပမ်းခဲ့ပါသည်။ အခြားသော ဒေသများတွင်လည်း လူမျိုးတူအုပ်စုများ အကြားတွင်ပင် ဘာသာရေးဆိုင်ရာ တင်းမာမှုများ ပေါ်ပေါက်ပြီး အကြမ်းဖက်မှုများလည်း ဖြစ်ပွားခဲ့ပါသည်။ ထင်ရှားသည့် ယင်းကဲ့သို့ လူမျိုးတူ ဘာသာကွဲ အုပ်စုများအကြား ပဋိပက္ခမှာ ခရစ်ယာန်အများစု ကြီးစိုးသည့် ကရင် အမျိုးသား အစည်းအရုံး (KNU) နှင့် ဗုဒ္ဓဘာသာအများစု ကြီးစိုးသည့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင် အမျိုးသား အဖွဲ့ (DKBA) တို့အကြား ဖြစ်ပွားသည့် လက်နက်ကိုင် ပဋိပက္ခ ဖြစ်ပါသည်။ လူမျိုးတူသော်လည်း “ဘာသာ အပေါ်ကို အခြေခံသည့် ကွဲပြားမှုများ” သိသာအားကောင်းစွာ ထင်ဟပ်ပါဝင်နေသော ပဋိပက္ခ ဖြစ်ပါသည်။

ဂျန်ဒါနှင့် လိင်စိတ်တိမ်းညွှတ်မှုအုပ်စုများ စုံလင်စွာ ပါဝင်ရေး

မြန်မာနိုင်ငံတွင် ဂျန်ဒါနှင့် လိင်စိတ်တိမ်းညွှတ်မှုကို အခြေခံသော ခွဲခြားမှုက ပြဿနာအနေဖြင့် ဆက်ရှိနေပါသည်။ မြန်မာ့လူ့အဖွဲ့အစည်းတွင် အမျိုးသားကြီးစိုးရေးဝါဒ (ဝါ) ဖိုဝါဒ (male chauvinism) က မည်သည့် လူမျိုးအုပ်စုတွင်မဆို ရှိနေပါသည်။ အမျိုးသားများ ကြီးစိုးသော လူမှုရေး၊ ယဥ်ကျေးမှုနှင့် ဘာသာရေး အင်စတီကျူးရှင်းများက သမိုင်းတလျှောက် အမျိုးသမီးများနှင့် LGBT အုပ်စုများကို နိုင်ငံသားအခွင့်အရေးများ ကန့်သတ်ထားခဲ့ပါသည်။ ဗုဒ္ဓဘာသာ အမျိုးသားများနှင့် အမျိုးသမီးများက ဘာသာရေးအရ အမျိုးသားများက နဂိုပါလာသည့် “ဘုန်းကံ” ကြောင့် အမျိုးသမီးများထက် မြင့်မြတ် သည်ဟု ယုံကြည်ကြပါသည်။ သို့ဖြစ်သည့်အတွက် အမျိုးသမီးများအနေဖြင့် သံဃာဖြစ်ခွင့် မရှိသလို ဗုဒ္ဓဆင်းတုတော်များ အနားကပ်ခွင့်၊ အမျိုးသားထက် မြင့်မြတ်သော နေရာတွင် နေခွင့်များ မရှိပါ။

Do Aung San Suu Ky at a forum in Prague in September 2013. Photo: Nadezda Murmakova / Shutterstock.com

၁၉၈၈ ခုနှစ် ဒီမိုကရေစီ အရေးတော်ပုံကစပြီး အမျိုးသမီးများ နိုင်ငံရေးတွင် ပါဝင်ခြင်းမှာ ဖြေးဖြေးချင်း မြင့်တက်လာခဲ့ပြီး နိုင်ငံရေးတက်ကြွလှုပ်ရှားသူ အမျိုးသမီးများ၊ ခေါင်းဆောင်များ ပေါ်ပေါက် လာပါသည်။ လွှတ်တော်ထဲတွင် အမျိုးသမီးများ ပါဝင်မှုမှာလည်း NLD အစိုးရ လက်ထက်တွင် တိုးတက်လာခဲ့ပါသည်။ ၂၀၁၀ ရွေးကောက်ပွဲတွင် အမျိုးသမီး ၅ ရာခိုင်နှုန်းမှ ၂၀၁၅ တွင် ၁၃ ရာခိုင်နှုန်း၊ ၂၀၂၀ တွင် ၁၅ ရာခိုင်နှုန်းအထိ တိုးတက်လာခဲ့ပါသည်။ သို့သော် ယင်းသို့ တိုးတက်မှု ရှိသော်လည်း အမျိုးသမီးများကို ရပ်ကွက်အုပ်ချုပ်ရေးမှုး၊ ကျေးလက်အုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများ၊ ရပ်ရွာ အခြေပြု အဖွဲ့အစည်းများ၊ CSO များကဲ့သို့သော ဒေသန္တရ/ရပ်ရွာအဆင့်များတွင် ခေါင်းဆောင် အဖြစ် ရွေးချယ်ခြင်းမှာ နည်းပါး နေပါသေးသည်။ နိုင်ငံ၏ ငြိမ်းချမ်းရေး ဖြစ်စဥ်တွင် အမျိုးသမီးများ ပါဝင်နှုန်းမှာလည်း အဆမတန် နည်းပါးနေပါသေးသည်။ NCA ညှိနှိုင်းသူ ၆၇ ဦးတွင် ၄ ဦး (၆ ရာခိုင်နှုန်း) သာ အမျိုးသမီးများဖြစ်ပြီး ၄င်းတို့အားလုံးမှာ EAO များ၏ ကိုယ်စားလှယ်များ ဖြစ်ပါသည်။ အစိုးရ၊ စစ်တပ်နှင့် ဒေသခံ CSO များမှ မဟုတ်ကြပါ။

၂၀၁၀ နိုင်ငံရေးအသွင်ကူးပြောင်းချိန်မှ စပြီး LGBTQ+ များအနေဖြင့် ပိုမို လုံခြုံသော လူမှု ပတ်ဝန်းကျင်ကို ရရှိလာပြီး လူမှုရေးအရလည်း ပိုမိုလက်ခံခြင်း ရှိလာပါသည်။ သို့သော် ၄င်းတို့ အနေဖြင့် ရပ်ရွာအဆင့်မှာရော၊ မူဝါဒပိုင်းဆိုင်ရာတွင်မှာပါ ခွဲခြားဆက်ဆံမှုများ ဆက်လက် ကြုံတွေ့ နေရပါသည်။ ဥပမာ ပုဒ်မ ၃၇၇ ဖြင့် လိင်တူဆက်ဆံခြင်းကို ကန့်သတ်ထားသလို အမျိုးသမီး/အမျိုးသား လိင်ပြောင်းလဲ ဝတ်ဆင်သူများကိုလည်း ဥပဒေနှင့် အပြစ်ပေးခြင်း ကြုံတွေ့ရ ပါသည်။ လွှတ်တော်၊ အစိုးရနှင့် ရပ်ရွာအဆင့်တွင် LGBTQ+ ပုဂ္ဂိုလ်များအနေဖြင့် ကိုယ်စားပြု ပါဝင်ခွင့်လဲ မရှိစလောက် ဖြစ်ပါသည်။

People of Myanmar protest calling for freedom and release of Myanmar’s ousted civilian leader Aung San Suu Kyi, against a military coup in Mandalay, Myanmar, on July 18.2021. Photo: Sai Han One / Shutterstock.com

ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းမှု – အသိုက်အဝန်းများအကြား ဆက်ဆံရေး ပြောင်းလဲပြီလား?

၂၀၂၁ ဖေဖော်ဝါရီ ၁ တွင် စစ်တပ် အာဏာသိမ်းလိုက်ခြင်းကြောင့် မြန်မာနိုင်ငံတွင် လူမှုပါဝင်ရေး (social inclusion) အတွက် ပြောင်းလဲမှု ဖြစ်ကောင်း ဖြစ်လာနိုင်ပါသည်။ စစ်အာဏာသိမ်းပြီးချိန် လေးလ အတွင်း အုပ်စု အသိုက်အဝန်းများအကြား ဆက်ဆံရေးမှာ သိသာထင်ရှားသည့် ပြောင်းလဲမှု များ ပေါ်ပေါက်လာပါသည်။ လူနည်းစုလူမျိုးစုများ (အထူးသဖြင့် နယ်စပ်ဒေသရှိ အုပ်စုများ) မှာ မြန်မာ စစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုကို နှစ်ပေါင်းများစွာ ကြုံတွေ့ခဲ့ရသော်လည်း ဗမာလူမျိုးများမှာ ပထမဆုံးအကြိမ် စစ်တပ်၏ ရက်စက်မှုကို ကြုံတွေ့ဖူးခြင်း ဖြစ်ပါသည်။ ယင်းကြောင့် ဗမာများ အကြားတွင် ပြန်လည်ဆန်းစစ်စရာ ဖြစ်ခဲ့ပြီး အများစုက လူနည်းစု လူမျိုးစုများ၏ အတိဒုက္ခကို ပိုမို ကိုယ်ချင်းစာတတ်ပြီ ဖြစ်ကြောင်း ဖော်ပြခဲ့ကြပါသည်။ ရိုဟင်ဂျာ အသိုက်အဝန်း အပါအဝင် လူနည်းစု လူမျိုးစုများ၏ ဒုက္ခဆင်းရဲကို အသိအမှတ်ပြု တုံ့ပြန်ဆောင်ရွက်ပေးရန် ပျက်ကွက်ခဲ့မှုအတွက်လည်း လူသိထင်ရှား တောင်းပန်ကြောင်း ဖော်ပြချက်များ ရှိခဲ့ပါသည်။

ဖယ်ကျဥ်ခံထားရသည့် အုပ်စုများအတွက် ရှိရင်းစွဲ လူ့အဖွဲ့အစည်း အတွင်းရှိ အထက်အောက် ပုံစံကို ဆန့်ကျင်ဖို့နှင့် သူတို့အရေးအတွက် အများပြည်သူ အာရုံစိုက်မှု ရရှိစေရန် ဆောင်ရွက်ဖို့လည်း ဒီမိုကရေစီရေး လှုပ်ရှားမှုက အခွင့်အလမ်းများ ပေးအပ်ခဲ့ပါသည်။ အမျိုးသမီးများမှာ ဆန္ဒပြ လှုပ်ရှားမှုများ၏ ရှေ့ဆုံးတွင်လည်း ရှိကြပါသည်။ ဥပမာ – ရန်ကုန်ရှိ ပထမဦးဆုံး ဆန္ဒပြမှုကို အမျိုးသမီး လူငယ် နှစ်ဦး ဦးဆောင်ခြင်း ဖြစ်ပါသည်။ ထို့အပြင် LGBTQ+ အသိုက်အဝန်း အနေဖြင့်လည်း လမ်းပေါ် ဆန္ဒပြမှုများတွင် သိသာထင်ရှားစွာ ထွက်ပေါ်ခဲ့ပါသည်။ ထို့ကြောင့် အများပြည်သူ အာရုံစိုက်မှု ပိုမို ရရှိစေသလို ၄င်းတို့ကို လူအများ လက်ခံနိုင်မှုလည်း တိုးတက်စေသည့် သက်ရောက်မှု ရှိခဲ့ပါသည်။

သို့သော် အထက်ပါ တိုးတက်မှုများမှာ ရေရှည်ခံမလားဆိုသည်ကတော့ ပြောရန် စောပါ သေးသည်။ လူနည်းစု လူမျိုးစုများက ဗမာများ၏ ကိုယ်ချင်းစာနာတတ်လာမှုမှာ ခဏသာခံမည် ဖြစ်ပြီး သူတို့ ဖိနှိပ်မခံရတော့သည့်အခါ လျော့ပါးသွားမည်ဟု မှတ်ယူကြပါသည်။ ဗမာများက အမှန်တကယ် စာနာပြီလားဆိုသည့် အပေါ်တွင်လည်း သံသယ ရှိကြပါသည်။ လက်ရှိတွင် စစ်အစိုးရကို ဖြုတ်ချရန် အတွက် လူနည်းစုလူမျိုးစုများ၏ ပူးပေါင်းဆောင်ရွက်မှုကို လိုအပ်နေသောကြောင့် ဖြစ်ပါသည်။ စစ်တပ်ကို နိုင်ငံရေးမှ ဖယ်ရှားပြီးသည့်အခါ ဗမာများ အနေဖြင့် အမှန်တကယ် အားလုံးပါဝင်သော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ထူထောင်ရန် ဆောင်ရွက်ခြင်း ရှိပါ့မလားဟု မယုံကြည်နိုင်ဘဲ ရှိနေကြပါသည်။ တချိန်တည်းမှာပင် ဗမာလူများစုကသာ နိုင်ငံရေးကို ဦးဆောင်သင့်သည်ဟု ယုံကြည်သော ဗမာများကလည်း အမြောက်အမြား ရှိနေပါသေးသည်။ စစ်တပ်ကို ဗမာရော လူနည်းစု လူမျိုးစုများကပါ ဘုံရန်သူအဖြစ် ရှုမြင်ပြီး အာဏာရှင်စနစ်ကို အမြစ်ဖြတ်ရန် တူညီသည့် ရည်မှန်းချက် ရှိကြသော်လည်း ဗမာ လူများစုနှင့် လူနည်းစု လူမျိုးစုများအကြား ယုံကြည်မှု တည်ဆောက်ရန် လိုအပ်သော ကိစ္စများ ကျန်ရှိနေပါသေးသည်။

သို့သော် ယင်းကိစ္စများမှာ ဖြေရှင်းလို့ မရသည်တော့ မဟုတ်ပါ။ နိုင်ငံရေးပါတီ ခေါင်းဆောင်များ၊ လူမျိုးစုလက်နက်ကိုင်အဖွဲ့ EAO များ၊ အရပ်ဖက်အဖွဲ့အစည်း CSO များမှာ အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာသည့် စည်းလုံးမှုကို ဆက်လက်တည်ဆောက်ရန် အတူတကွ ကြိုးစားဆောင်ရွက်သင့်ပါသည်။ နိုင်ငံရေးပါတီများနှင့် EAO များမှာ သမိုင်းအရ လူမျိုးရေးအပေါ် အခြေခံသော နိုင်ငံရေး ရှိနေသည့်အတွက် ပူးပေါင်းဆောင်ရွက်ရန် ခက်ခဲသော်လည်း အရပ်ဖက် အဖွဲ့အစည်းများက မတူညီသော နိုင်ငံရေးပါတီများနှင့် EAO များအကြား ပေါင်းကူးဆောင်ရွက် ပေးသည့် အင်စတီကျူးရှင်းများအနေဖြင့် ထွက်ပေါ်လာလျက် ရှိပါသည်။ လူနည်းစု လူမျိုးစု CSO များက ဗမာ ကြီးစိုးသည့် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ CRPH နှင့် လူနည်းစု လူမျိုးစုပါတီများအကြား ညှိနှိုင်းဆောင်ရွက်ပေးကာ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဥ် ရေးဆွဲရာတွင် တိုင်ပင်ဆွေးနွေးခြင်း ဆောင်ရွက်ခဲ့ပါသည်။ အမျိုးသားညီညွတ်ရေးအစိုးရ NUG တွင်လည်း လူနည်းစု လူမျိုးစုနိုင်ငံရေးပါတီများ၊  EAO များ၊  CSO များနှင့် တက်ကြွလှုပ်ရှားသူ အုပ်စုများ ပါဝင်လာပါသည်။ ယင်းတွင် မြန်မာနိုင်ငံ၏ စုံလင်ကွဲပြားသော ပြည်သူလူထုကို ထင်ဟပ်ရုံသာမက စုပေါင်း ခေါင်းဆောင်မှု လည်း အားကောင်းလာပါသည်။ အဆုံးတွင်တော့ မြန်မာနိုင်ငံအနေဖြင့် ပိုမိုစုံလင်စွာ ပါဝင်နိုင်သော လူ့အဖွဲ့အစည်း ဖြစ်လာရန်မှာ အကျိုးရှင်များအနေဖြင့် မရေရာသော အနာဂတ်ဖြစ်နေသည့် အခြေအနေတွင် တိုးမြှင့် ပူးပေါင်း ဆောင်ရွက်ခြင်းနှင့်  ယုံကြည်မှုတည်ဆောက်နိုင်ခြင်းတို့ အပေါ်တွင် မူတည်နေပါတော့သတည်း။

ထက်ပိုင်ဦး
အကြီးတန်းသုတေသန အတိုင်ပင်ခံနှင့် အကြီးတန်း ပရိုဂရမ် မန်နေဂျာ
ကွဲပြားခြားနားမှုနှင့် အမျိုးသားရေး သဟဇာတဖြစ်မှုဆိုင်ရာ လေ့လာမှုအဖွဲ့ ( CDNH)
မြန်မာ

 

Photo collage of events from the Center for Diversity and Social Harmony