Site icon Kyoto Review of Southeast Asia

မိမိကိုယ်ကို မီးရှို့ဆန္ဒပြတော်မူသော ထစ်ကွမ်ဒုဆရာတော်၏ ဘဝဖြစ်စဥ်၊ ဘာသာရေးနောက်ခံကို ပြန်ပြောင်းအမှတ်ရခြင်း – ပျံလွန်တော်မူချိန်မှ ဖွားတော်မူချိန်အထိ

၁၉၆၃ ဇွန်လ ၁၁ ရက်နေ့တွင် ဗီယက်နမ် ဘုန်းကြီးတပါးဖြစ်သူ ထစ်ကွမ်ဒု ဆရာ​တော်  (Thích Quảng Đức) သည် ဆိုင်ဂွန်မြို့တော် လူစည်ကားရာတနေရာတွင် မိမိကိုယ်ကို မီးရှို့သတ်သေပြီး ဆန္ဒပြခဲ့သည်။ သူ့၏ လုပ်ရပ်က ဗီယက်နမ်စစ်ပွဲ၏ မေ့မရသော ပုံရိပ်တခုအနေဖြင့် ကျန်ရစ်ခဲ့လေသည်။ ထိုသို့ ကျန်ရစ်ခဲ့ရခြင်း အကြောင်းတစိတ်တပိုင်းမှာလည်း AP သတင်းထောက် မယ်လ်ကွန်ဘရောင်း ရိုက်ကူးခဲ့သော နာမည်ကျော် ဓာတ်ပုံများကြောင့်လည်း ဖြစ်သည်။ ယင်းဓာတ်ပုံများက လူတယောက် သေဆုံးခြင်းကို အသေးစိတ် ရိုက်ကူးထားသည့် ပုံများ ဖြစ်သော်လည်း ဗုဒ္ဓဘာသာရဟန်းတပါး၏ ရဲရဲတောက် ခန္ဓာကိုယ် ကောက်ကြောင်းကို မှတ်တမ်းတင်ထားခြင်းထက် မပိုခဲ့ပေ။ နောက်တရက်တွင် ကမ္ဘာကို ယင်းဓာတ်ပုံများ ပြန့်နှံ့သွားသည့်တိုင် မီးရှို့ဆန္ဒပြခဲ့သည့် ဆရာတော်၏ အကြောင်းကို လူတွေ သိပ်မသိကြဘဲ ပုလိပ်မှတ်တမ်းသာသာ သတင်းသာ ဖြစ်လေသည်။ ဒေးဗစ်ဟဲလ်ဗာစတန် ရေးသည်မှာ – “အသက် ၇၃နှစ်အရွယ် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတပါး အစိုးရ၏ ဘာသာရေးဆိုင်ရာ မူဝါဒများကို ဗုဒ္ဓဘာသာဝင်များက ဆန့်ကျင်ကြောင်း လူအများသိစေခြင်းငှာ မိမိကိုယ်ကို အဆုံးစီရင်သွားသည်” ဟုရေးသား ဖော်ပြခဲ့သည်။

Journalist Malcolm Browne’s photograph of Quảng Đức during his self-immolation. This photograph won the 1963 World Press Photo of the Year. Wikipedia Commons
Another photograph of the scene by Browne. Original black and white photo: Wikipedia Commons. Colourised here by Sanna Dullaway

ဆရာတော်၏ ဘဝမှတ်တမ်း

ဗီယက်နမ် ဗုဒ္ဓဘာသာ ဂိုဏ်းပေါင်းစုံ အသင်းကြီး (Vietnamese Unified Buddhist Church) က ထစ်ကွမ်ဒု ဆရာတော်၏ ထေရုပ္ပတ္တိကို သူကွယ်လွန်ပြီး မကြာမီ ထုတ်ဝေဖြန့်ချီခဲ့သည်။ ၄င်းတွင် ဆရာတော်သည် သာမန်ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတပါးအနေဖြင့် နေထိုင်ခဲ့ကြောင်း ဖော်ပြထားသည်။ အသက် ၇ နှစ်အရွယ်တွင် ဆရာတော်အလောင်းအလျာသည် ကိုရင်ဝတ်ခဲ့ပြီး အသက် ၂၀ တွင် ပဉ္ဇင်းခံခဲ့သည်။ ဦးဇင်းဖြစ်လာပြီးနောက် ဆရာတော်သည် ဗီယက်နမ်နိုင်ငံတဝှမ်း (အထူးသဖြင့် နိုင်ငံတောင်ပိုင်း) သို့ ခရီးလှည့်လည် သွားလာခဲ့ပြီး သာသနာပြုလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။ ထေရုပ္ပတ္တိတွင် ဆရာတော်၏ ဘဝဖြစ်ကြောင်းထက် ကမ္ဘာကို ကိုင်လှုပ်ခဲ့သော ပျံလွန်တော်မူပုံကို အလေးပေး ဖော်ပြထားပြီး ယင်းကမှ ဆရာတော် ရှင်သန်နေထိုင်ခဲ့ပုံကို မီးမောင်းထိုးပြခြင်း ဖြစ်သည်။

ထေရုပ္ပတ္တိတွင် ဖော်ပြထားခြင်း မရှိသည်မှာ ထစ်ကွမ်ဒု ဆရာတော် ပျံလွန်တော်မူခြင်းက ကြိုတင် အကွက်ချ စီစဥ်ထားသည့် ဖြစ်ရပ်ဖြစ်ကြောင်း မဖော်ပြထားခြင်း ဖြစ်သည်။ AP သတင်းထောက် မယ်လ်ကွန်ဘရောင်း ရိုက်ကူးသည့် ဓာတ်ပုံများတွင် မြင်ရသလို မမျှော်လင့်ဘဲ အာဇာနည် ဖြစ်သွားသည့် ဖြစ်ရပ်မျိုး မဟုတ်ချေ။ တနည်းအားဖြင့် ထစ်ကွမ်ဒု ဆရာတော်၏ မီးရှို့ဆန္ဒပြသည့် ဖြစ်ရပ်က သူ့ဘဝဇာတ်ကြောင်းကို ညွှန်းဆိုခြင်း မရှိဘဲ အမေရိကန်သတင်းထောက်များနှင့် ဗီယက်နမ် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများအကြား ရှိနေသည့် ရှုပ်ထွေးသော ဆက်ဆံရေးကို ညွှန်းဆိုနေသည်။ ယင်းဆက်ဆံရေးကို တဖက်သက် အခွင့်ကောင်းယူနေသည့် ဆက်ဆံရေးအနေဖြင့် ယူဆပါက ထစ်ကွမ်ဒုဆရာတော်၏ မိမိကိုယ်ကို မီးရှို့ဆန္ဒပြသည့် ဖြစ်စဥ်ကို ပေါ်ပေါက်စေခဲ့သည့် အခြေအနေများကို လျစ်လျူရှုရာ ကျမည် ဖြစ်ပါသည်။

ဗီယက်နမ် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများက လူအများရှေ့တွင် မိမိကိုယ်ကို အူတွေကို ဆွဲထုတ်ခြင်း သို့မဟုတ် မီးရှို့ခြင်းဖြင့် သမ္မတငုဒင့်ဇမ့် အစိုးရ၏ ဘာသာရေးဖိနှိပ်မှုကို ဆန္ဒပြမည်ဟု ကောလဟာလများ ထွက်နေသည့်အတွက် လပေါင်းများစွာ ဒေးဗစ်ဟဲလ်ဗာစတန်၊ နေးလ်ရှီးဟန်နှင့် မယ်လ်ကွန်ဘရောင်းတို့လို အမေရိကန် သတင်းထောက်များက ဆေလွိုင်စေတီသို့ မကြာခဏ လာရောက် ခဲ့ကြသည်။ အမေရိကန်သတင်းထောက်များ၏ ရည်ရွယ်ချက်က ယင်းသို့ဖြစ်ပါက သတင်းစာရောင်းကောင်းမည့် ပုံများဖြစ်သည့်အတွက် ဓာတ်ပုံ ရိုက်ရန် ဖြစ်သည်။ ဟဲလ်ဗာစတန်က “ဒီအလုပ်ရဲ့ သဘောသဘာဝကိုက အဲ့လိုပဲ” ဟုဆိုသည်။ ရှီးဟန်ကိုယ်စား ဝင်လုပ်နေသည့် ရေးဟန်ဒွန်က ၁၉၆၃ ဇွန် ၁၁ ရက်နေ့တွင် အိမ်တွင် ကင်မရာမေ့ကျန်ခဲ့သည့်အတွက် “ပူလစ်ဇာနဲ့တော့ လွဲပြီ”မှန်း သိလိုက်လေသည်။ တကယ်လဲ ပူလစ်ဇာဆုနှင့် လွဲသွားခြင်း ဖြစ်သည်။ ထစ်ကွမ်ဒုဆရာတော် မိမိကိုယ်ကို မီးရှို့ဆန္ဒပြသည့် ပုံများကို ရိုက်ကူးသည့် ဘရောင်းက ၁၉၆၄ ခုနှစ် ပူလစ်ဇာဆုကို ရရှိခဲ့သည်။

ဗီယက်နမ် ဗုဒ္ဓဘာသာဘုန်းကြီးများက ယင်းအမေရိကန် သတင်းထောက်များနှင့် ဆက်ဆံရေးကို အသုံးချပြီး ၄င်းတို့တောင်းဆိုနေသည့် အရေးအောင်မြင်စေရန် ကြံဆောင်ခဲ့သည်။ ဘုန်းကြီးများက ၄င်းတို့ ဆန္ဒပြမည့် နေရာနှင့် ဝေးရာနေရာ တနေရာကို သတင်းထောက်များကို ပေးပြီး ထောက်လှမ်းရေးများကို ဘုရားကျောင်းနှင့် ဝေးရာသို့ အာရုံလွှဲရန် ဆောင်ရွက်ကြသည်။ ဘုန်းကြီးများက သတင်းထောက်များကို အသုံးချပြီး သူတို့ တိုက်ပွဲ​ဝင်နေသည့် အကြောင်းကို လူအများသိစေရန်လည်း ဆောင်ရွက်ခဲ့သည်။ ဆရာတော် မီးရှို့ဆန္ဒပြမည့်ရက် မတိုင်မီ တညက ဗီယက်နမ် ဗုဒ္ဓဘာသာ ဂိုဏ်းပေါင်းစုံ အသင်းကြီး၏ ပြောရေးဆိုခွင့်ရှိသူ ဆရာတော် ထစ်ဒက်ငုက်က  သတင်းထောက် မယ်လ်ကွန်ဘရောင်းကို ဆောင်ရွက်မည့်ပုံကို ကြိုတင် အကြောင်းကြားခဲ့သည်။ ထို့အပြင် ဆရာတော် ထစ်ဒက်ငုက်နှင့် အခြားသံဃာတော်အချို့က အစီအစဥ်တခုလုံးကို ကြိုတင် ပြင်ဆင်ခဲ့သည်။ သွားမည့်ကား၊ ကားဆရာ၊ ဓာတ်ဆီနှင့် ဆရာတော် ထစ်ကွမ်ဒု မီးလောင်နေသည့် အချိန်တွင် ရဲက ဝင်ရောက် ငြှိမ်းသတ်ပါက လူအင်အားဖြင့် ဝန်းရံပြီးတားဆီးရန် ကြိုတင်စီစဥ်ခဲ့သည်။

အမေရိကန်သတင်းထောက်များနှင့် ဗီယက်နမ်ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများ၏ ကြိုတင်စီမံမှုဖြင့် ထစ်ကွမ်ဒုဆရာတော်သည် သူဆောင်ရွက်ရမည့် အခန်းကဏ္ဍကို လစ်ဟာမှုမရှိဘဲ ဆောင်ရွက် နိုင်ခဲ့သည်။ ဘယ်သူမှ မေးခွန်းမထုတ်ခဲ့သည့် အချက်မှာ – “ဆရာတော်သည် နယ်ရုပ်တရုပ်သာ ဖြစ်သလား။ သူဘာအတွက် အသေခံသွားခဲ့တာလဲ” ဆိုသည့် မေးခွန်းပင် ဖြစ်သည်။ သူ့တပည့်များအတွက် ထားခဲ့သည့် ကဗျာထဲတွင် ဆရာတော် ထစ်ကွမ်ဒုက မိမိကိုယ်ကို မီးရှို့ ဆန္ဒပြသည့် လုပ်ရပ်က ဗီယက်နမ်ဗုဒ္ဓဘာသာများ အကျိုးအတွက် ဖြစ်သည်ဟု ဆိုခဲ့လေသည်။ ဆရာတော်က သူ့ခန္ဓာကိုယ်ကို လောင်ကျွမ်းနေသည့် မီးက “အမှောင်ထဲတွင် ထွန်းလင်းနေသည့် မီးအိမ်” သဖွယ် ဖြစ်ပြီး ကမ်းခြေတွင် လမ်းပျောက်နေသူများကို လမ်းပြလိမ့်မည်ဟု ဆိုခဲ့လေသည်။ ခန္ဓာကိုယ် လောင်ကျွမ်းရာက ထွက်လာသည့် မီးခိုးက အမွှေးတိုင်ထွန်းရာတွင် ထွက်သည့်အနံ့ကဲ့သို့ ငုဒင့်ဇမ့်အစိုးရ၏ ဗုဒ္ဓဘာသာ အပေါ်ဖိနှိပ်မှုကို “အဝိဇ္ဇာ အမှောင်ဖုံးပြီး မသိသူများ” ကို သိစေပြီး တည်ငြိမ်မှုကို ဆောင်ယူလာလိမ့်မည်ဟု ဆိုလေသည်။ ခန္ဓာကိုယ် လောင်ကျွမ်းပြီးသွားချိန် ကျန်ရစ်ခဲ့သည့် အရိုးပြာများက ဗုဒ္ဓဘာသာဝင်များနှင့် ကက်သလစ် ခရစ်ယာန်များအကြား ရှိနေသည့် “ဘာသာရေး မညီမျှမှု”ကို ဖြည့်ဆည်းပေးနိုင်ရန် ဆရာတော်က မျှော်မှန်းခဲ့သည်။ ထစ်ကွမ်ဒု ဆရာတော်က သူ့အသက်ဝိညာဥ်က အခြားသူများကို အသိဉာဏ်ပွင့်လင်းစေခြင်းဖြင့် ​ဗုဒ္ဓ ဘာသာဝင်များကို ဆက်လက် ကူညီရန် မျှော်လင့်ခဲ့လေသည်။

The car in which Quảng Đức traveled to his self-immolation. Wikipedia Commons

သုတ္တန်နှင့် ကျမ်းဂန်လာ စာပေများ

အမေရိကန်ပြည်သူလူထုက ထစ်ကွမ်ဒုဆရာတော်၏ မိမိကိုယ်ကို မီးရှို့သည့် လုပ်ရပ်အပေါ် စာနာ ကရုဏာသက်ကြသော်လည်း အချို့ကမူ လုပ်ရပ်ကို လက်ခံနိုင်ခြင်း မရှိကြချေ။ နယူးယောက်မှ စတော့ဟုမ်းသို့ ပျံသန်းသည့် လေယာဥ်ခရီးစဥ်တခုတွင် အမေရိကန် အမျိုးသမီးတဦးက ဆရာတော် ထစ်နက်ဟန်ကို ပြောသည်မှာ “ဆရာတော် ထစ်ကွမ်ဒု၏ မိမိကိုယ်ကို မီးရှို့သည့် လုပ်ရပ်မှာ စိတ်ပုံမှန်မဟုတ်သူတဦး၏ လုပ်ရပ်နှင့် တူသည်” ဟုပြောလေသည်။ တနည်းအားဖြင့် သူက “မိမိကိုယ်ကို မီးရှို့ခြင်းမှာ ရိုင်းစိုင်း ကြမ်းကြုတ်ပြီး စိတ်ပုံမှန်မဟုတ်သူတဦးက ရူးသွပ်စွာ ပြုမူခြင်း” ဟု ရှုမြင်ခြင်း ဖြစ်သည်။ ဆရာတော် ထစ်နက်ဟန်က ပြန်ရှင်းပြဖို့ ကြိုးစားရာတွင် ဆရာတော် ထစ်ကွမ်ဒုနှင့် အတူနေသည့် အချိန်တွင် “ဆရာတော်သည် လွန်စွာ ကြင်နာတတ်ပြီး စိတ်မှန်သူတဦး ဖြစ်ကြောင်း၊ မိမိကိုယ်ကို မီးရှို့သည့် အချိန်တွင် စိတ်ပိုင်းဆိုင်ရာ ပီပြင်စွာ ပိုင်းဖြတ်ထားမှုရှိပြီး တည်ငြိမ်စွာ ရှိနေခဲ့ကြောင်း” ရှင်းပြလေသည်။ သို့သော် အမျိုးသမီးက လက်မခံချေ။

မိမိကိုယ်ကို မီးရှို့ခြင်းမှာ အမှန်အားဖြင့်လည်း မဟာယာန ဗုဒ္ဓဘာသာလာ ထုံးတမ်းစဥ်လာတွင် ရှိနေသည့် ဘာသာရေးဆိုင်ရာ အလေ့အထများပေါ်တွင် အခြေခံလေသည်။ ဆရာတော် ထစ်နက်ဟန်က ရှင်းပြသည်မှာ “ပဉ္ဇင်းခံသည့်ပွဲတွင် ဘိက္ခူများလိုက်နာရသည့် သိက္ခာပုဒ် ၂၅၀ ကို စောင့်ထိန်းပါမည့်အကြောင်း၊ သတ္တဝါအားလုံးကို သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်စေရန် မိမိခန္ဓာကိုယ်ကို အပ်နှင်းပြီး ကြိုးပမ်းပါမည့်အကြောင်း၊ မဂ်ဖိုလ်နိဗ္ဗာန်ရရန် အားထုတ်ပါမည့် အကြောင်း ကတိသစ္စာ ပြုသည့်အနေဖြင့် ရဟန်းဝတ်မည့်သူ၏ ခန္ဓာကိုယ် တနေရာ၊ သို့မဟုတ် နေရာအချို့ကို မီးဖြင့်တို့သည့် အလေ့အထရှိသည်” ဟု ရှင်းပြသည်။ ရဟန်းခံမည့်သူက သံဃာပရိသတ် ရှေ့မှောက်တွင် မိမိ၏ “ကိုယ်စိတ်နှလုံး” သုံးပါးလုံး တည်ကြည်လေးနက်စွာ သစ္စာပြုကြောင်း ပြသသည့် အနေဖြင့် ထိုကဲ့သို့သော ဝေဒနာကို ခံစားရင်း ကတိသစ္စာပြုခြင်းဖြစ်သည်ဟု ရှင်းပြလေသည်။

မိမိကိုယ်ကို မီးရှို့သည့် လုပ်ရပ်မှာ မဟာယာနဗုဒ္ဓဘာသာတွင် “အ​ရေးကြီးဆုံးနှင့် သြဇာအညောင်းဆုံး သုတ္တန်နှင့် ကျမ်းဂန်များထဲတွင် တခုအပါအဝင်ဖြစ်သည့်” သဒ္ဓမ္မပုဏ္ဍရိကသုတ်တွင် တွေ့နိုင်သည်။ သုတ္တန်လာ “ဘေသဇ္ဇသမုဒ္ဂတ အမည်ရ ဗောဓိသတ္တ (Bodhisattva Medicine King) ၏ ရှေးဘဝများ” အခန်းတွင် ဗုဒ္ဓဘုရားက ဟောခဲ့သည်မှာ သဗ္ဗသတ္တပိယဒဿန အမည်ရှိ ဗောဓိသတ္တ (Bodhisattva Gladly Seen by All Living Beings) သည် စန္ဒသူရိယဝိမလပရာဘာသသိရိ ဘွဲ့အမည်ရှိ ဗုဒ္ဓ (Buddha Sun Moon Pure Bright Virtue) ကို ပူ​ဇော်ရာတွင် မိမိခန္ဓာကိုယ်ကို တေဇောဓာတ်လောင်ကျွမ်းစေပြီး ပူဇော်ခဲ့ကြောင်း” ဟောခဲ့လေသည်။ ယင်းဗောဓိသတ္တက ဘုရားကို ပူဇော်ရာတွင် “မိမိခန္ဓာကိုယ်ဖြင့် ပူဇော်ခြင်းက အခြားသော အရာများဖြင့် ပူဇော်ခြင်းထက် သာလွန်သည်” ဟု ယူဆပြီး ယင်းသို့ ပူဇော်ခဲ့ခြင်း ဖြစ်လေသည်။

မိမိကိုယ်ကို မီးရှို့ပူဇော်သူများအနေဖြင့် သဒ္ဓမ္မပုဏ္ဍရိကသုတ်တွင် ဖော်ပြထားသည်မှာ ဝိဇ္ဇာသိဒ္ဓိ တန်ခိုးများ ခံစားရနိုင်ကြောင်း ဖော်ပြထားလေသည်။ “ဘေသဇ္ဇသမုဒ္ဂတ အမည်ရ ဗောဓိသတ္တ (Bodhisattva Medicine King) ၏ ရှေးဘဝများ” အခန်းအရ သုတ္တန်သည် “သတ္တဝါအပေါင်းကို ဒုက္ခဆင်းရဲအပေါင်းမှ ချုပ်ငြိမ်းစေပြီး ကယ်တင်နိုင်ကြောင်း” ဖော်ပြထားလေသည်။ သုတ္တန်က “အမှောင်ထဲတွင် လမ်းပျောက် နေသူအဖို့ မီးအိမ်သဖွယ်၊ ပင်လယ်တွင် လမ်းရှာနေသူအဖို့ မီးပြတိုက်သဖွယ် အမှောင်ကို ခွင်းပြီး အလင်းကို ဆောင်ကျဥ်းပေးနိုင်သည့် မီးရှူးတန်ဆောင်သဖွယ် ဖြစ်သည်” ဟု သူ့၏ သက်ရောက်မှုကို ဖော်ပြထားလေသည်။

ထို့အတူပင် ထစ်ကွမ်ဒုဆရာတော်ကလည်း သူ့၏ မိမိကိုယ်ကို မီးရှို့သည့် လုပ်ရပ်က သဒ္ဓမ္မပုဏ္ဍရိကသုတ်တွင် ဖော်ပြထားသည့် သက်ရောက်မှုမျိုး ရှိရန် မျှော်လင့်ခဲ့သည်။ ဆရာ​တော် ချန်ထားရစ်ခဲ့သည့် ကဗျာတပုဒ်တွင် ထစ်ကွမ်ဒုဆရာတော်က ရေးသားခဲ့သည်မှာ သူ့၏ မီးလောင်ကျွမ်းနေသော ခန္ဓာကိုယ်ကို “အမှောင်ကို ခွင်းသည့် မီးပြတိုက်သဖွယ်”အသုံးချပြီး လမ်းပျောက်နေသူများကို ကမ်းခြေသို့ ညွှန်ပြလိုသည်ဟု ရေးသားထားသည်။ သူ့ခန္ဓာကိုယ် လောင်ကျွမ်းခြင်းမှ ထွက်လာသော ရနံ့သည်လည်း အ​မွှေးတိုင်များကဲ့သို့ ငုဒင့်ဇမ့်အစိုးရ၏ ဗုဒ္ဓဘာသာဝင်များကို ဖိနှိပ်ခြင်းကို “မသိသူများ” ကို “ဉာဏ်အလင်းပွင့် သိသွားစေမည်” ဟု မျှော်လင့်ကြောင်းလဲ ရေးသားထားသည်။ ခန္ဓာကိုယ်လောင်ကျွမ်းပြီးနောက် ကြွင်းကျန်ရစ်​သော ပြာများက “ဘာသာရေးဆိုင်ရာ မညီမျှမှုချောက်”ကို ဖို့ရန် အသုံးပြုနိုင်လိမ့်မည်ဟု မျှော်မှန်းခဲ့သည်။ ယင်းနောက်တွင်လည်း အထက်တွင်ဆိုခဲ့သလို ဆရာတော်က သူ့အသက်ဝိညာဥ်က အခြားသူများကို အသိဉာဏ်ပွင့်လင်းစေခြင်းဖြင့် ​ဗုဒ္ဓ ဘာသာဝင်များကို ဆက်လက် ကူညီလိမ့်မည်ဟု မျှော်လင့်ခဲ့သည်။

ထစ်ကွမ်ဒုဆရာတော်က မိမိကိုယ်ကို မီးရှို့သည့် လုပ်ရပ်သည် အမေရိကန်သတင်းထောက်များနှင့် ဗုဒ္ဓဘာသာ ခေါင်းဆောင်များဆိုသလို နိုင်ငံရေးအံတုသည့် လုပ်ရပ်ဖြစ်စေရန် ရည်ရွယ်ခြင်းမျိုး မဟုတ်ဘဲ သဒ္ဓမ္မပုဏ္ဍရိကသုတ်က ညွှန်းဆိုထားသည့်အတိုင်း ဗီယက်နမ်ဗုဒ္ဓဘာသာဝင်များကို ကူညီဆောင်မရန် ဆောင်ရွက်သည့် လုပ်ရပ်ဖြစ်လေသည်။ တနည်းဆိုရ​သော် ဗီယက်နမ် ဗုဒ္ဓဘာသာဝင်များကို ဒုက္ခဆင်းရဲမှ လွတ်မြောက်စေရန် မိမိကိုယ်ကို မီးရှို့ခြင်းဖြင့် သဒ္ဓမ္မပုဏ္ဍရိကသုတ်ကို လက်တွေ့ကျင့်သုံးပြခြင်း ဖြစ်လေသည်။

ဖြည့်စွက်ချက်များအနေဖြင့် အမှတ်ရခြင်း

ဆရာတော် ထစ်ကွမ်ဒု မိမိကိုယ်ကို မီးရှို့ပြီး သုံးနှစ်အကြာ ၁၉၆၆ တွင် ဆိုင်ဂွန်မြို့ရှိ ချီလန် စာအုပ်ဆိုင်က ထူးခြားသည့် ဗုဒ္ဓဖြစ်တော်စဥ်စာအုပ်တအုပ်ကို ထုတ်ဝေခဲ့သည်။ စာအုပ်အဖုံးတွင် ဗုဒ္ဓပုံတော်ကို ထင်ရှားစွာ ဖော်ပြထားရမည့်အစား ဘုရားဆင်းတုတော်ရှေ့ ထစ်ကွမ်ဒုဆရာတော် တရားထိုင်နေပုံကို ဖော်ပြထားသည်။ ဆရာတော်၏ ဝါထိန်နေသည့် နနွင်းရောင် သင်္ကန်းနှင့် ဘုရားဆင်းတုတော်ကို ဝတ်ဆင်ပေးထားသည့် သင်္ကန်းရောင်တို့ တူညီနေပုံက ယင်းတို့၏ ဆက်စပ်မှုကို ညွှန်းဆိုနေခြင်း ဖြစ်သည်။ ထို့အပြင် စာအုပ်၏ စိတ်ဝင်စားစရာအကောင်းဆုံးအချက်က ထစ်ကွမ်ဒု ဆရာတော်၏ မိမိကိုယ်ကို မီးရှို့သည့်အကြောင်းကို ဖြည့်စွက်ချက်အနေဖြင့် ဖော်ပြထားခြင်း ဖြစ်သည်။ ဗုဒ္ဓဘာသာ၏ သမိုင်းကြောင်းတွင် ယင်းလုပ်ရပ်က တခန်းတကဏ္ဍရှိနေကြောင်း ဖော်ညွှန်းနေခြင်း ဖြစ်သည်။

ဗုဒ္ဓဖြစ်တော်စဥ်စာအုပ်အဖုံး (စာရေးသူ စုဆောင်းထားသည့် ဓာတ်ပုံ)

၁၉၆၆ ခုနှစ်သည် ဗုဒ္ဓဘာသာအရေး လှုပ်ရှားမှုသမိုင်းတွင် ထင်ရှားသည့် နှစ်တနှစ် ဖြစ်သည်။ ယင်းလှုပ်ရှားမှုကြောင့် ၁၉၆၃ နိုဝင်ဘာတွင် ငုဒင့်ဇမ့်အစိုးရပြုတ်ကျခဲ့ပြီး အလေးထားရမည့် အင်အားစု တရပ်အနေဖြင့် ပေါ်ထွန်းလာသည်။ ဗုဒ္ဓဘာသာအရေး လှုပ်ရှားမှုက အင်အားကောင်းလာသည် နှင့်အမျှ ယင်း၏ ရည်ရွယ်ချက်များကလည်း ဘာသာရေးလမ်းကြောင်းမှ ပို၍ ဝေးကွာလာသည်။ တနည်းဆိုရလျှင် နိုင်ငံရေးနှင့် ဘာသာ​​ရေး ရောနှောပြီး ဆောင်ရွက်လို့ မရခြင်းပင် ဖြစ်သည်။ အဆုံးတွင် ဗီယက်နမ်သမ္မတနိုင်ငံ၏ စစ်ဗိုလ်ချုပ်များက အဆိုပါ လှုပ်ရှားမှုသည် နိုင်ငံရေး ဆန်လွန်းသည်ဟု သတ်မှတ်ပြီး အင်အားသုံးဖြိုခွင်းမှုများ ပြလုပ်ကာ ထစ်ထျွီကွမ်ဆရာတော်ကို နေအိမ်အကျယ်ချုပ် ချထားလိုက်ပြီး ထစ်နက်ဟန်ဆရာတော်ကို နိုင်ငံခြားကနေ ပြန်လာခွင့်မပေးတော့ချေ။

နှစ် ၅၀ နီးပါးကြာလွန်ပြီး ၂၀၁၀ ကြမှသာ ဗီယက်နမ်အစိုးရက ထစ်ကွမ်ဒု ဆရာတော် မိမိကိုယ်ကို မီးရှို့ခဲ့သည့် နေရာတွင် အထိမ်းအမှတ် စိုက်ထူခြင်း ပြုလုပ်ခဲ့သည်။ ဤအခါတွင်လည်း ထစ်ကွမ်ဒု ဆရာတော်၏ မိမိကိုယ်ကို မီးရှို့သည့် လုပ်ရပ်မှာ သမိုင်းကြောင်း ဖြည့်စွက်ချက်အနေဖြင့် အသုံးချ ခံရခြင်း ဖြစ်သည်။ သို့သော် မတူညီသည့်အချက်မှာ ဗုဒ္ဓဘာသာရေး လှုပ်ရှားမှုသမိုင်းကို ကွန်မြူနစ် ဗီယက်နမ် အမျိုးသား သမိုင်း၏ တစိတ်တပိုင်းအဖြစ် ဖော်ပြဖြည့်စွက်ခြင်း ဖြစ်သည်။


Google Maps Street View of commemoration sites

အထိမ်းအမှတ်တွင် စိုက်ထူထားသည့် ထစ်ကွမ်ဒုဆရာတော် မီးလောင်ကျွမ်းနေပုံ ကြေးရုပ်တု ဖြစ်သည်။ ကြေးရုပ်တု၏ မျက်နှာသွင်ပြင်က မီးများလောင်ကျွမ်းနေသည့် ကြားထဲတွင် တည်ငြိမ်စွာ ရှိနေပုံကို ပုံဖော်ထားခြင်း ဖြစ်သည်။ ကြေးရုပ်တု၏ အနောက်ဖက်တွင် နံရံဆေးရေး ရုပ်ပုံများ ပြထားပြီး တဖက်တွင် (တောင်) ဗီယက်နမ်သမ္မတနိုင်ငံ၏ စစ်သားများက ဗုဒ္ဓဘာသာဝင်များကို ရိုက်နှက်နေကာ တခြားတဖက်တွင် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများက (မြောက်)ဗီယက်နမ် အမျိုးသားလွတ်​မြောက်ရေး စစ်သားများနှင့် အတူတကွ ဝတ်ပြုဆုတောင်းနေပုံကို ပုံဖော်ပြသထားခြင်း ဖြစ်သည်။

အထိမ်းအမှတ် ကြေးရုပ်တု၏ ရှေ့တွင် မော်ကွန်းထိုးထားသည်မှာ ထစ်ကွမ်ဒုဆရာတော်၏ ဘဝဖြစ်စဥ် ဖြစ်သည်။ သို့သော် ၄င်းတွင် အတိအကျ ဖော်ပြထားသည်မှာ ထစ်ကွမ်ဒု ဆရာတော်၏ “ဓမ္မ၊ ငြိမ်းချမ်းရေး၊ အမျိုးသား လွတ်လပ်ရေးနှင့် ပေါင်းစည်းရေးတို့အတွက် ဆောင်ရွက်ချက်၊ စွန့်လွှတ် အနစ်နာခံချက်များကို” အမှတ်ရသည့်အနေဖြင့် မြို့တော်က ဤနေရာတွင် အထိမ်းအမှတ် စိုက်ထူထားခြင်း ဖြစ်သည်ဟု ဖော်ပြထားသည်။

လမ်း၏ တခြားတဖက်တွင်တော့ ဗီယက်နမ် ဗုဒ္ဓဘာသာ ဂိုဏ်းပေါင်းစုံ အသင်းတော်ကြီးက ၁၉၆၇ တွင် စိုက်ထူထားသည့် သေးငယ်သော အထိမ်းအမှတ်ကျောက်တိုင်လေးက အံတုနေသလိုမျိုး ရှိနေလေသည်။ ယင်းနေရာတွင်တော့ မော်ကွန်းကျောက်ပြားရေးထိုးထားခြင်းမျိုး မရှိချေ။ ယင်းတွင် ဖော်ပြထားသည်က ထစ်ကွမ်ဒုဆရာတော်၏ မွေးသည့် ခုနှစ်၊ ရဟန်းဝတ်သည့် ခုနှစ်နှင့် မိမိကိုယ်ကို မီးရှို့သည့် ခုနှစ်တို့ကို ရေးထိုးထားခြင်း ဖြစ်သည်။ အဆိုပါ နေရာတွင် ဖော်ပြထားသည်မှာ “ဗုဒ္ဓဘာသာ အတွက် ဆရာတော်သည် မိမိကိုယ်ကို မီးရှို့လောင်ကျွမ်းခဲ့သည်” ဟု ဖော်ပြထားသည် ဖြစ်ပါတော့သတည်း။

Hoang Ngo
Workforce Development Council of Seattle – King County

Reference

Dialogue (The Rev) Thich Nhat Hanh, Ho Huu Tuong, Tam Ich,Bui Giang, Pham Cong Thien Addressing to (The Rev) Martin Luther King, Jean Paul Sartre, André Malraux, René Char, Henry Miller. Saigon: La Boi, 1965.

Halberstam, David. “DIEM ASKS PEACE IN RELIGION CRISIS; But Buddhists Still Protest Dispute Seems Worse No Easing in Dispute Demonstration Defies Ban.” New York Times, June 12, 1963.

Lê Mạnh Thát, ed. Bồ Tát Quảng Đức: Ngọn Lửa và Trái Tim. [Ho Chi Minh City]: NXB. Tổng hợp Thành phố Hồ Chí Minh, 2005.

Nhất Hạnh. Vietnam: Lotus in a Sea of Fire. 1st ed. New York: Hill and Wang, 1967.

Prochnau, William W. Once Upon a Distant War. 1st ed. New York, N.Y: Times Books, 1995.

Quốc Tuệ, ed. Công Cuộc Tranh Đấu Của Phật Giáo Việt Nam: Từ Phật Đản Đến Cách Mạng 1963. [Saigon]: the Author, 1964.

Schecter, Jerrold L. The New Face of Buddha; Buddhism and Political Power in Southeast Asia. New York: Coward-McCann, 1967.

Thích Thiện Ngộ. Thích-Ca Lược Sử: Phụ-Thích A-Di-Đà – Tóm Lược Bảy Vị Bồ Tát Phụ-Bản Thích Quảng Đức. Saigon: Quán Sách Chi Lăng, 1966.

Watson, Burton, trans. The Lotus Sutra. Translations from the Asian Classics. New York: Columbia University Press, 1993.

Exit mobile version