Site icon Kyoto Review of Southeast Asia

ထစ်ထျွီကွမ်ကို နားလည်ရန် ကြိုးစားခြင်း ဗုဒ္ဓဘာသာနိုင်ငံရေးသီအိုရီ၏ မာခီယာဗဲလီယန်ဝါဒ

“ဗုဒ္ဓဘာသာနိုင်ငံရေးသီအိုရီ” (Buddhist Political Theory – အတိုကောက်အားဖြင့် ဘီပီတီ) သည် မြောက်အမေရိကတိုက် တက္ကသိုလ်များရှိ အင်္ဂလိပ်စကားပြော နိုင်ငံရေးသီအိုရီ ပညာရှင်များ တိုး၍ စိတ်ဝင်စားလာသော နယ်ပယ်သစ်တခု ဖြစ်ပါသည်။ ဤစာတမ်းတွင် အနောက်နိုင်ငံသားများအနေဖြင့် ထစ်ထျွီကွမ်ဆရာတော် (၁၉၂၃ – ၂၀၁၉) ၏ နိုင်ငံရေးအယူအဆအပေါ် မရှင်းလင်းမှုများကို ဘီပီတီကိုသုံး၍ ကူညီရှင်းလင်းပေးနိုင်ကြောင်း တင်ပြထားပါသည်။ ဆရာတော်သည် “ဗီယက်နမ် စစ်ပွဲ” ကာလအတွင်း လူကြည့်များသည့် အမေရိကန် မီဒီယာများ၏ စိတ်ဝင်စားမှုကို ရယူနိုင်ခဲ့သော ဗီယက်နမ် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး ဖြစ်ပါသည်။

နယူးယောက်တိုင်းမ် သတင်းစာ၏ ဒစ်ဂျစ်တယ်မှတ်တမ်းများတွင် ထစ်ထျွီကွမ် ဆရာတော်၏ နာမည်ကို ရှာဖွေကြည့်ပါက ၁၉၆၀ အစောပိုင်းကာလများက စပြီး သတင်းဆောင်းပါးပေါင်း ၃၀၀ ကျော် ထွက်လာမည် ဖြစ်ပါသည်။ ၁၉၆၆ တွင် ဆရာတော်ကို တိုင်းမ်မဂ္ဂဇင်း မျက်နှာဖုံးတွင် ဖော်ပြခဲ့ပြီး ဆရာတော့်အကြောင်းကိုလည်း အထူးဆောင်းပါးအနေဖြင့် ဖော်ပြပါရှိခဲ့သည်။ ဆရာတော်ကို “ဗုဒ္ဓဘာသာ နိုင်ငံရေးလှုပ်ရှားမှုများ၏ ခေါင်းဆောင်” အဖြစ် ဖော်ပြထားပြီး စစ်ဖြစ်နေသည့် ၁၉၆၀ ပြည့်နှစ်များတွင် အမေရိကန်ကျောထောက်နောက်ခံ တောင်ဗီယက်နမ် အစိုးရများ ပြုတ်ကျစေရန် ဆောင်ရွက်နိုင်ခဲ့သည့် သြဇာညောင်းသော ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတပါး” အနေဖြင့် ဖော်ပြထားသည်။ ဆရာတော်ကို ဘာသာရေးလွတ်လပ်ခွင့်အာမခံသော ဒီမိုကရေစီနိုင်ငံ ဖြစ်လာစေရန် ဆောင်ရွက်ခဲ့သူဟု ညွှန်းဆိုထားပြီး တောင်ဗီယက်နမ်နိုင်ငံတွင် အမေရိကန်အစိုးရ၏ ဆောင်ရွက်မှုများကို ပျက်ပြားအောင်ဆောင်ရွက်နိုင်ခဲ့သူ ဆိုထားသည်။

ထစ်ထျွီကွမ်ဆရာတော်ကို စိတ်ပါဝင်စားရသည့် နောက်ထပ်အကြောင်းရင်းမှာ ဆရာတော်၏ နိုင်ငံရေး အယူအဆများကြောင့်လည်း ဖြစ်သည်။ ဆရာတော်၏ နိုင်ငံရေးအယူအဆမှာ ခန့်မှန်းရခက်ပြီး လျှို့ဝှက် ဆန်းကြယ်ပုံရသည်။ ယင်းအချိန်က ဗီယက်နမ်နှင့် အမေရိကန်နိုင်ငံရေး လေ့လာသုံးသပ်သူများနှင့် နောက်ပိုင်း အနောက်နိုင်ငံများက ပညာရှင်များက ဆရာတော်ကို နာမည် တပ်ရာတွင် – “ကွန်မြူနစ်”၊ “ကွန်မြူနစ် ဆန့်ကျင်သူ”၊ “ငြိမ်းချမ်းရေးသမား”၊ “စစ်လိုလားသူ” စသည့် ရှေ့နောက်မကိုက်ညီသည့် နာမည်များ တပ်ကြသည်။ တိုင်းမ်မဂ္ဂဇင်းက ဆရာတော် ထစ်ထျွီကွမ်ကို “အာဏာကို ငမ်းငမ်းတပ်လိုချင်သူ” ဟု ဆိုပြီး ဆရာတော်သည် ဗီယက်နမ် မာခီယာဗဲလီဟု ကင်ပွန်းတပ်သည်။ မက်အဲလစ်စတာကမူ ဆရာတော်သည် ကွန်မြူနစ် ဆန့်ကျင်သူ ဖြစ်ပြီး မြောက်ဗီယက်နမ်တွင် အမေရိကန်စစ်အင်အားသုံးစွဲမှုကို လက်ခံသည်ဟု ငြင်းချက်ထုတ်သည်။ နယူးယောက်တိုင်းမ်က ဆရာတော်သည် “အတ္တဆန်သူ” ဖြစ်ပြီး “အထင်ကြီးစရာ ကောင်းသော်လည်း လျှို့ဝှက်သူ” ဖြစ်သူဟု ဆိုသည်။ သို့သော် ဆရာတော်၏ နိုင်ငံရေးကို ဘယ်အရာက လွှမ်းမိုးနေသလဲ ဆိုသည်မှာ ရှင်းလင်းပြတ်သားမှု မရှိချေ။

Embed from Getty Images
ထစ်ထျွီကွမ်ဆရာတော်၏ နိုင်ငံရေးအယူအဆကို ရှင်းပြရန် ကြိုးစားရာတွင် အနောက်မီဒီယာများသည် ဆရာတော်၏ အထင်ရှားဆုံး အချက်တချက် ဖြစ်သည့် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတပါး ဖြစ်နေခြင်းကို မျက်စိလျှမ်းတတ်ကြသည်။ ဗုဒ္ဓဘာသာ အယူအဆများက ဆရာတော်၏ နိုင်ငံရေးအယူအဆများကို လွှမ်းမိုးမည် ဖြစ်ပြီး ဆရာတော်၏ နိုင်ငံရေးအယူအဆကို ဗုဒ္ဓဘာသာလာ ယုံကြည်မှုများဖြင့် ရှင်းပြနိုင်မည် ဖြစ်သည်။ ထစ်ထျွီကွမ်ဆရာတော်ကို အနောက်နိုင်ငံပညာရှင်များက လေ့လာရာတွင် ဆရာတော်၏ ဗုဒ္ဓဘာသာ နိုင်ငံရေးတွေးခေါ်ပုံကို ထည့်သွင်းစဥ်းစားရန် ကျန်လှပ်နေခဲ့သည်။ ဆရာတော်ကို မည်သည့် ဗုဒ္ဓဘာသာ နိုင်ငံရေးအယူအဆက လွှမ်းမိုးသည်ကို အတိအကျ ပြောရန် ခက်ပါသည်။ သို့သော် ယေဘုယျအားဖြင့် ဆရာတော်သည် “ဗုဒ္ဓဘာသာ” တဦး ဖြစ်ပြီး ဆရာတော်အနေ ဖြင့်လည်း ဗုဒ္ဓဘာသာအယူအဆကွဲများကြားတွင် ရှိနေသည့် ကွာဟချက်များကို မီးမောင်းထိုးပြလိုမည် မဟုတ်ပေ။ အကြောင်းမှာ ဆရာတော်သည် ဗုဒ္ဓဘာသာ ဂိုဏ်းကွဲများကို စုစည်းထားသည့် အဖွဲ့ (ယူဘီစီ) ၏ နိုင်ငံရေးလက်တံဖြစ်သည့် ဗီယန်ဟွာဒေါင်ကို ဦးဆောင်သည့် ပုဂ္ဂိုလ် ဖြစ်နေသည့်အတွက်ကြောင့် လည်း ဖြစ်ပါသည်။

ဆရာတော်၏ နိုင်ငံရေးအယူအဆကို လေ့လာသုံးသပ်ရာတွင် ဗုဒ္ဓဘာသာနိုင်ငံရေး သီအိုရီ (ဘီပီတီ) က အထက်ပါ ကွာဟချက်များကို ရှင်းပြနိုင်ပါသည်။ ဆရာတော်၏ နိုင်ငံရေးမှာ ဘီပီတီနှင့် ကိုက်ညီမှု ရှိပြီး ဘီပီတီ အသက်ဝင်လာခြင်းပင် ဖြစ်ပါသည်။ ဘီပီတီ၏ အဓိက သက်ဝင်ယုံကြည်မှုဖြစ်သည့် – နိုင်ငံရေး တွင်​ ဆောင်ရွက်မည်ဆိုပါက သတ္တဝါအားလုံး ဉာဏ်အလင်းပွင့်စေရေး ရည်မှန်းချက်ကို မဟာဗျူဟာ ကျကျသော်လည်းကောင်း၊ လက်တွေ့သော်လည်းကောင်း ကိုင်စွဲရမည် – ဆိုသည့် အချက်ကို သဘောပေါက်ပါက ထစ်ထျွီကွမ်ဆရာတော်၏ နိုင်ငံရေးအယူအဆကို ပိုမို လွယ်ကူစွာ နားလည်နိုင်မည် ဖြစ်သည်။

ဗုဒ္ဓဘာသာနိုင်ငံရေးသီအိုရီ

နိုင်ငံရေးသီအိုရီ၏ နယ်ပယ်ခွဲသစ်တခုဖြစ်သည့် “နှိုင်းယှဥ်လေ့လာ နိုင်ငံရေးသီအိုရီ” နယ်ပယ်မှ ပညာရှင်များက နိုင်ငံရေးကို “ဗုဒ္ဓဘာသာ”က ဘယ်လိုချဥ်းကပ်ကြောင်း စတင်လေ့လာနေကြပါသည်။ “ဗုဒ္ဓဘာသာ” သည် ကြီးမားပြီး မတူကွဲပြားသော အယူအဆများ ပါဝင်သည့် ဘာသာကြီးတရပ် ဖြစ်သော်လည်း ယင်းက နိုင်ငံရေးကို ဘယ်လို ချဥ်းကပ်မလဲ ဆိုသည်ကို ယေဘုယျအားဖြင့် ကောက်ချက်ချလို့ ရပါသည်။ “ခရစ်ယာန်ဘာသာ” က လစ်ဘရယ်နိုင်ငံရေးအယူအဆကို မွေးထုတ် ပေးခဲ့သလိုပင် ဖြစ်ပါသည်။ နိုင်ငံရေးသီအိုရီပညာရှင်တဦးဖြစ်သူ မက်သျူးမိုး၏ အလိုအရ ဗုဒ္ဓဘာသာ သည် မင်းမဲ့ဝါဒ (anarchism) ကို ကျင့်သုံးခြင်းမဟုတ်သော်လည်း နိုင်ငံရေးကို ဆန့်ကျင်သည့် အယူ (anti-political) ကို ထင်ထင်ရှားရှားတွေ့နိုင်သည်ဟု ဆိုပါသည်။ သူကဆိုသည်မှာ ဗုဒ္ဓဘာသာဝင်များက နိုင်ငံရေးကို ရှုမြင်ပုံမှာ ယင်းသည် မိမိ၏ အတ္တကို အထိန်းအကွပ်မဲ့ ဖြစ်စေအောင် တွန်းအားပေးတတ်ပြီး အချိန်ကုန်လူပန်းသော၊ အဆုံးသတ်တွင် အရေးမပါသည့် အရာသာ ဖြစ်သည်ဟု ရှုမြင်ကြပါသည်။ ဗုဒ္ဓဘာသာဝင်များက နိုင်ငံရေးပဋိပက္ခများတွင် ပါဝင်ပတ်သက်ခြင်းမှာ မဂ်ဖိုလ် နိဗ္ဗာန်လမ်းနှင့် ဆန့်ကျင်သည်ဟု ရှုမြင်ပါသည် (အနောက်တိုင်း ဒဿနိက အယူအဆကမူ နိုင်ငံရေးတွင် ပါဝင်ပတ်သက်ခြင်းသည် ကောင်းမွန်သော ဘဝတွင် နေထိုင်ခြင်း၏ အစိတ်အပိုင်းဖြစ်သည်ဟု ရှုမြင်သည်) ။ ထစ်ထျွီကွမ်ဆရာတော်၏ တပည့်တဦးဖြစ်သူ ချောင်ဟိုင်ထွန်းက ဆိုသည်မှာ – “ဘုန်းကြီးကျောင်းတွေက နိုင်ငံရေး မလုပ်ရဘူးဆိုတဲ့ အယူအဆက ဗုဒ္ဓဘာသာဝင်တွေမှာ သံမှိုရိုက်သလို စွဲနေတဲ့ အယူအဆ ဖြစ်တယ်။ နိုင်ငံရေးဆိုတာ ညစ်ပတ်တဲ့ အလုပ်၊ ဗုဒ္ဓဘာသာဝင်တွေ မကြိုက်တဲ့အလုပ်လို့ ရှုမြင်ကြတယ်” ဟု ဆိုသည်။

ဗုဒ္ဓဘာသာဝင်များက ကောင်းမွန်သော ဘဝနေထိုင်ရေးတွင် နိုင်ငံရေး၏ အရေးပါပုံကို လျှော့ပြော ကြသော်လည်း နိုင်ငံရေးသည် ရှောင်လွှဲလို့မရ၊ လူမှုဘဝတွင် တခါတရံ လိုပင်လိုအပ်တတ်ကြောင်းကိုမူ နားလည်ကြသည်ဟု မိုးက ဆိုသည်။ ဘီပီတီသီအိုရီအရ ပုဂ္ဂိုလ်များအတွက် မိမိ၏ စိတ်ပိုင်းဆိုင်ရာ တိုးတက်စေရန်နှင့် ဉာဏ်အလင်းရစေရန်အတွက် ရှိရမည့် လူမှုရေး၊ နိုင်ငံရေးအခြေအနေများ ပေါ်ပေါက်လာစေရန် လိုအပ်လာသောအခါမှသာ နိုင်ငံရေးတွင် ပါဝင်ပတ်သက်သင့်သည်ဟု ဆိုသည်။ ဗုဒ္ဓဘာသာဝင်များက ရှုမြင်သည်မှာ “အချို့သော နိုင်ငံရေးစနစ်များသည် အချို့နှင့်ယှဥ်လျှင် လူမှုပဋိပက္ခဖြစ်ပွားမှု နည်းပါးပြီး စိတ်ပိုင်းဆိုင်ရာ ဆုတ်ယုတ်စေမှုလည်း နည်းပါးသည်”ဟု ရှုမြင်သည်။ အနောက်တိုင်း လစ်ဘရယ်အယူနှင့် မတူသည်မှာ ဗုဒ္ဓဘာသာဝင်များအတွက် နိုင်ငံရေး တရားဝင်မှု (political legitimacy) မှာ “စဥ်းစားတွေးခေါ်တတ်သည့် လူတဦးချင်းစီ၏ လွတ်လပ်ခွင့်ကို လေးစားခြင်းမှာ လာခြင်းမဟုတ်ဘဲ လူသားများ မိမိတို့၏ စိတ်ပိုင်းဆိုင်ရာ တိုးတက်မှုရစေရန် သင့်တော်သော အခြေအနေများ ဖန်တီးပေးခြင်းမှ လာခြင်း” ဖြစ်သည်။ အတိုချုပ်ဆိုရလျှင် ဘီပီတီ သီအိုရီအရ နိုင်ငံရေးဆိုသည်မှာ လူသားအားလုံး၏ စိတ်ပိုင်းဆိုင်ရာ တိုးတက်စေရေးဆိုသည့် ရည်မှန်းချက် အောင်မြင်ရေးအတွက် ဆောင်ရွက်သည့် နည်းလမ်းဖြစ်သင့်သည်ဟု ရှုမြင်ခြင်း ဖြစ်သည်။ ယင်းကဲ့သို့ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုအတွက် အားလုံး တန်းတူအခွင့်အရေးရရေး ဆိုသည်မှာ ဗုဒ္ဓကိုယ်တိုင် ကျင့်သုံးသည့် တန်းတူညီမျှရေးမူဝါဒကို ထင်ဟပ်သလို ဗုဒ္ဓခေတ်တွင် ဟိန္ဒူ ဇာတ်နိမ့်ဇာတ်မြင့်ခွဲခြားခြင်းကို စိန်ခေါ်သကဲ့သို့လဲ ဖြစ်သည်။ ဤအချက်ကို မှတ်သားပြီး ထစ်ထျွီကွမ်ဆရာတော်၏ ကွန်မြူနစ်ဆန့်ကျင်ရေးဝါဒကို သုံးသပ်လို့ ရပြီ ဖြစ်ပါသည်။ ဆရာတော်က ကွန်မြူနစ်ဝါဒကို ဆန့်ကျင်ခြင်းမှာ ကွန်မြူနစ်အစိုးရတရပ်အောက်တွင် လူသားများအနေဖြင့် စိတ်ပိုင်းဆိုင်ရာ တိုးတက်မှု ရရှိစေရေးကို အဟန့်အတားဖြစ်လိမ့်မည်ဟု ရှုမြင်သည်။ ဆရာတော်က ၁၉၆၃ တွင် ဆိုသည်မှာ “ဗုဒ္ဓဘာသာ ပညာတတ်အားလုံး ရှုမြင်သလို ဘုန်းကြီးသည်လည်း ကွန်မြူနစ် ဝါဒကို မကြိုက်၊ ကွန်မြူနစ်ဝါဒသည် ဘာသာမဲ့ဝါဒဖြစ်သောကြောင့် ဖြစ်သည်” ဟု ဆိုခဲ့ပါသည်။

Embed from Getty Images

ဗုဒ္ဓဘာသာနိုင်ငံရေးသီအိုရီ၏ မာခီယာဗဲလီယန်ဝါဒ

အထက်ပါအချက်များကို တင်ပြပြီးနောက် ထစ်ထျွီကွမ်ဆရာတော်၏ နိုင်ငံရေးကို မာခီယာဗဲလီပုံစံ ချဥ်းကပ်ခြင်းနှင့် တိုင်းမ်မဂ္ဂဇင်းက အဘယ့်ကြောင့် ဗီယက်နမ်နိုင်ငံ၏ မာခီယာဗဲလီဟု ခေါ်ခဲ့ကြောင်း ကို သုံးသပ်လို့ ရပြီ ဖြစ်ပါသည်။ မာခီယာဗဲလီ၏ ကျော်ကြားသည့်အချက်မှာ နိုင်ငံရေးကို စည်းမျဥ်း စည်းကမ်းမပါရှိဘဲ လက်တွေ့ကိုသာ စဥ်းစားပြီး၊ “ရည်မှန်းချက်အောင်မြင်ဖို့ ဘယ်လိုနည်းလမ်းကို မဆို ကျင့်သုံးလို့ရသည်” ဆိုသည့် အယူက ဗုဒ္ဓဘာသာ နိုင်ငံရေးသီအိုရီနှင့် ကိုက်ညီပါသည်။ မာခီယာဗဲလီ အလိုအရ နိုင်ငံရေး လုံခြုံမှုနှင့် တည်ငြိမ်မှု ရှိရေးအတွက် နိုင်ငံရေးကို လိုအပ်သလို ဆောင်ရွက် နိုင်ပါသည်။ ထစ်ထျွီကွမ် ဆရာတော်၏ အယူမှာ အားလုံးစိတ်ပိုင်းဆိုင်ရာ တိုးတက်မှု ရရှိစေရေးကို ခွင့်ပြုသော အစိုးရတရပ် ပေါ်ပေါက်လာစေရေးအတွက် ဘယ်လိုနိုင်ငံရေးနည်းလမ်းကို မဆို ဆောင်ရွက်ရမည်ဟု ယူဆပါသည်။ ဆရာတော်က တိုင်းမ်မဂ္ဂဇင်းက ဖော်ပြသလို “အာဏာကို ငမ်းငမ်းတက် လိုချင်နေသူ” မဟုတ်ဘဲ စိတ်ပိုင်းဆိုင်ရာ တိုးတက်ရေးအတွက် လိုအပ်သော အခြေအနေများ ဖန်တီးရန် အာဏာနိုင်ငံရေးသည် တခါတရံ လိုအပ်တတ်ကြောင်း နားလည်သူ ဖြစ်ပါသည်။

မာခီယာဗဲလီက အကြမ်းဖက်အင်အား ရက်စက်စွာ သုံးစွဲမှုကို တိုတောင်းသော ကာလနှင့် နိုင်ငံရေး လုံခြုံမှုအတွက်သာ သုံးစွဲရမည်ဟု ဆိုခဲ့ပါသည်။ ထို့အတူ ဆရာတော် ထစ်ထျွီကွမ်ကလည်း မြောက်ဗီယက်နမ်ကို ဗုံးကြဲခြင်းမှာ “တိုတောင်းသော ကာလအတွင်း အရှိန်မြှင့် အင်အားသုံး ဆောင်ရွက်ပြီး၊ မြောက်ဗီယက်နမ် အနေဖြင့် အမြန်အဖြေပေးစေရန်နှင့် ကွန်မြူနစ်များကို စစ်ရေးနှင့် စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ချိန် မရစေရန်” ဆောင်ရွက်ဖို့လိုသည်ဟု ဆိုခဲ့သည်။ ဆရာတော်က ဗုဒ္ဓဘာသာ ခေါင်းဆောင်တဦးအနေဖြင့် ယင်းကဲ့သို့ အင်အားသုံးစွဲရန် တိုက်တွန်းခြင်းမှာ ပုံမှန် မဟုတ်သည်ကို သိသော်လည်း             ဆရာတော်အနေဖြင့် “ပြင်းထန်သော စစ်ရေးနည်းလမ်းများ” ကို တောင်းဆိုရခြင်းအကြောင်းမှာ “လက်ရှိ ဖြစ်နေသည့် နှုန်းအတိုင်း စစ်ဆက်ဖြစ်နေခြင်းက ပိုပြင်းထန်ပြီး မြန်မြန်ပြီးသော စစ်ထက် အထိအခိုက် သေဆုံးနှုန်း ပိုများနိုင်သောကြောင့်” ဖြစ်သည်။ သို့ဖြစ်သည့်အတွက် ဆရာတော်သည် စစ်ကို လိုလားသူတဦးမဟုတ်ဘဲ ရည်မှန်းချက်အောင်မြင်ရန် လိုအပ်သော နည်းလမ်းကို သုံးစွဲရမည် ဟူသည့် ဘီပီတီ သီအိုရီအတိုင်း တောင်းဆိုနေခြင်း ဖြစ်သည်။ လိုအပ်လာပါက အကြမ်းဖက် အင်အားသုံးစွဲနိုင်သည်ဟု ဆရာတော်က ယူဆသည် – “တခြား ဘာသာရေး ခေါင်းဆောင်တွေနဲ့ တွေ့ဆုံတဲ့အခါမှာ ဘုန်းကြီးပြောလေ့ ရှိတာက ဘာသာရေးစစ်ပွဲ ဆိုတာမျိုးက ပါဝင်တဲ့သူတွေ အားလုံးရဲ့ အကျိုးစီးပွားအတွက် လိုအပ်လာတဲ့အခါမျိုးမှသာ တိုက်ရမယ် လို့ ပြောလေ့ရှိတယ်။ ဒီလိုမျိုး အားလုံးရဲ့ အကျိုးစီးပွားနဲ့ ပဋိပက္ခဖြစ်တဲ့အခါမျိုးကလည်း မရှိပါဘူး” ဟု ဆရာ​တော်က ဆိုသည်။ မာခီယာဗဲလီအလိုအရ နိုင်ငံရေးအသိပညာမှာ ခြုံငုံစဥ်းစားဆင်ခြင်ပြီး ဖော်ဆောင်ရမည်ဟု ဆိုသည်။ အပြင်လောကရှိ ဥပမာများကို ကြည့်ပြီး နိုင်ငံရေးက မည်သို့ဖြစ်သင့်သည်ကို သိနိုင်သည်ဟု ဆိုသည် (ပလေတိုကဲ့သို့ ထုတ်ယူဆင်ခြင်သော နည်းလမ်းကို သုံးပါကမူ လောကနှင့် လူသားတို့၏ သဘာဝအပေါ် ယေဘုယျ ယူဆချက်များကို အခြေခံပြီး ကြိုတင် မှန်းဆ ကောက်ချက်ချမည် ဖြစ်သည်) ။ ဆရာတော် ထစ်ထျွီကွမ်၏ နိုင်ငံရေး အပေါ် မှတ်ချက်များမှာလည်း ယင်းကဲ့သို့ အတွေ့အကြုံပေါ်ကို အခြေခံပြီး စဥ်းစားဆင်ခြင်သော မှတ်ချက်များ ဖြစ်သည်။ နိုင်ငံ့ခေါင်းဆောင်ကို လူအများမဲဖြင့် ရွေးကောက်တင်မြှောက်သင့်သလားဟု မေးသည့်အခါ ဆရာတော်က လွှတ်တော်ကနေတဆင့် ရွေးချယ်တာမျိုးကို ပိုသဘောကျသည် ဟုဖြေသည်။ အကြောင်းမှာ “လက်ရှိ ဥပမာများအရ သမ္မတနှင့် ဝန်ကြီးချုပ်များကို ပြည်သူများက တိုက်ရိုက်ရွေးကောက် တင်မြှောက်သည့်အခါ ပြည်သူများ လိုချင်သော ရည်မှန်းချက်ပန်းတိုင်များကို အမှန်တကယ် ကိုယ်စားမပြုနိုင်ဘဲ ဖြစ်နေတာကို တွေ့ရသည်” ဟု ဆရာ​တော်က ဆိုသည်။

ဗုဒ္ဓဘာသာနိုင်ငံရေး သီအိုရီ (ဘီပီတီ) ၏ လက်တွေ့ ကျသော အကျိုးဆက်ပဓာနဝါဒ (consequentialism) နှင့် ကိုက်ညီစွာ ဆရာတော်ထစ်ထျွီကွမ်သည် အမေရိကန်ကို ဆန့်ကျင်ရာတွင် မူကို အခြေခံသော ဆန့်ကျင်ခြင်းမျိုး မပြုလုပ်ခဲ့ပေ။ ဆရာတော်က အမေရိကန်များကို “အမေရိကန် မုန်းတီးရေးဝါဒ” နှင့် “အမေရိကန်ကို ဆန့်ကျင်ခြင်း” ကို မခွဲခြားနိုင်သည့်အတွက် ဝေဖန်ခဲ့သည်။ ဆရာတေ့ာ်အလိုအရ အမေရိကန် မုန်းတီးရေးဝါဒသည် အဓိပ္ပာယ်မရှိသောမူဝါဒ ဖြစ်ပြီး အမေရိကန် ကို ဆန့်ကျင်ခြင်းမှာမူ လိုအပ်လာပါက ဆောင်ရွက်ရသည့် နည်းလမ်း ဖြစ်သည်ဟု ယူဆသည်။ “အမေရိကန် မုန်းတီးရေးဝါဒမှာ အမေရိကန်တွေ ဘယ်လိုကောင်းနေပါစေ အလိုလို မုန်းတီးသော မုန်းတီးမှုမျိုး ဖြစ်တယ်။ အမေရိကန်ကို ဆန့်ကျင်ခြင်းမှာမူ အပြုသဘောဆန်သော ဆန့်ကျင်ဆန္ဒပြမှုမျိုး ဖြစ်သည်။ လူနှစ်ယောက်ကားစီးနေတယ် ဆိုကြပါစို့။ တယောက်က ကားကို မဆင်မခြင် မောင်းနေတယ်ဆိုရင် ကျန်တယောက်က ချောက်ထဲမကျအောင် ဒရိုင်ဘာဝှီးကို ယူသင့်ရန် ယူရမယ်။ လွှတ်တော်ခေါ်ယူခြင်းကို ကန့်ကွက်လို့ အမေရိကန်ကို ဆန့်ကျင်ရမယ်။ အကျင့်ပျက် ခြစားနေတဲ့ လက်ပါးစေ အစိုးရတွေကို ထောက်ခံလို့ အမေရိကန်ကို ဆန့်ကျင်ရမယ်။ ဒါနန်မှာ ဖိနှိပ်ရာမှာ ကူညီလို့ အမေရိကန်ကို ဆန့်ကျင်ရမယ်” ဟု ဆရာတော်က ဆိုခဲ့သည်။

ဆရာတော်က တောင်ဗီယက်နမ်တွင် အားလုံးပါဝင်နိုင်သည့် လွှတ်တော်တရပ် (Quốc Hội) ခေါ်ယူရမည်ဟု ဆိုခြင်းမှာ ဘီပီတီသီအိုရီအရ အစိုးရကောင်းတရပ်သည် ပုဂ္ဂိုလ်အားလုံး၏ စိတ်ပိုင်းဆိုင်ရာ တိုးတက်မှုကို ဖော်ဆောင်နိုင်သော အစိုးရဖြစ်သည်ဆိုသည့် အယူအဆနှင့် အညီဖြစ်ပါသည်။ ဗီယက်နမ် ပြည်သူများအနေဖြင့် “နိုင်ငံကို အမှန်တကယ် ကိုယ်စားပြုသည့် မျက်နှာစာ ဖန်တီးနိုင်မည့် ရွေးကောက်ခံ အစိုးရတရပ် လိုအပ်သည်” ဟု ဆရာတော်က ဆိုသည်။ အားလုံးပါဝင်နိုင်သော ကိုယ်စားပြုခြင်းမျိုး ဖြစ်မှသာ ဘယ်ဘာသာဝင်မဆို ပုဂ္ဂိုလ်အားလုံး စိတ်ပိုင်းဆိုင်ရာ တိုးတက်မှု ရရှိနိုင်မည် ဖြစ်သည်။ သို့ဖြစ်သည့်အတွက် ကက်သလစ်ဘာသာဝင်များကို မျက်နှာသာပေးပြီး ဗုဒ္ဓဘာသာဝင်များကို ဖိနှိပ်နေသော ငုဒင်ဇမ့်အစိုးရကို ဆန့်ကျင်ခြင်း ဖြစ်သည်။

Trí Quang died at 9.45 pm on 8 November 2019 in Từ Đàm Pagoda at age 95. Wikipedia Commons

နိဂုံးချုပ်

ဗုဒ္ဓဘာသာ နိုင်ငံရေးသီအိုရီ၏ အမြင်ဖြစ်သော – “နိုင်ငံရေးသည် အဆုံးသတ်တွင် အရေးမကြီးသည် မှန်သော်လည်း ပုဂ္ဂိုလ်တဦးချင်းစီ၏ စိတ်ပိုင်းဆိုင်ရာ တိုးတက်မှုအတွက် လိုအပ်သော အခြေအနေများကို ဖန်တီးရန် နိုင်ငံရေးသည် တခါတရံ ရှောင်လွှဲလို့မရဘဲ လိုအပ်တတ်သည်” ဟူသော အမြင်ကို နားမလည်ပါက ထစ်ထျွီကွမ်ဆရာတော်၏ နိုင်ငံရေးအမြင်ကို နားလည်ရန် ခက်ခဲနိုင်ပါသည်။ ယခင်က အင်္ဂလိပ်လိုရေးသော ဆရာတော်ထစ်ထျွီကွမ်အကြောင်း ရေးသားမှုများတွင် ဆရာတော်ကို အာဏာမက်သည့်၊ ရှေ့နောက်ဆီလျော်မှုမရှိသော၊ အမြင်အမျိုးမျိုး ပြောင်းနေသည့် ပုဂ္ဂိုလ်ဟု မြင်ခြင်းမှာ ဗုဒ္ဓဘာသာနိုင်ငံရေးသီအိုရီကို ထည့်သွင်းစဥ်းစားခြင်း မရှိသောကြောင့် ဖြစ်ပါသည်။ သို့သော် ဗုဒ္ဓဘာသာ နိုင်ငံရေး သီအိုရီသည် မူပေါ်ကို အခြေမခံဘဲ လက်တွေ့ကျမှုကို အခြေခံသော အယူအဆ ဖြစ်ပါသည်။ မိမိလိုချင်သည့် ပန်းတိုင် ရရှိရန်အတွက် မတူညီသော အချိန်များတွင် ရှေ့နောက်မကိုက်ညီဟု ထင်ရသော ရပ်တည်ချက်များကို စွဲကိုင်နိုင်ပါသည်။ ချောင်ဟိုင်ထွန်းက ဆိုသည်မှာ –

“ကျွန်တော့်ဆရာဟာ ဘာသာစကား အမျိုးမျိုး ပြောနိုင်တယ်။ တချို့က သူ့ကို ကွန်မြူနစ်လို့ ဆိုကြတယ်။ တချို့က အမေရိကန်ဖက်ယိမ်းတယ်လို့ ဆိုကြတယ်။ သူက တပြိုင်နက်တည်း ကွန်မြူနစ်လဲယိမ်း၊ အမေရိကန်လဲယိမ်းတဲ့ အချိန်လည်း ရှိဖူးတယ်။ သူက သူနဲ့ နီးစပ်တဲ့သူတွေကို တိတ်တဆိတ် ပြောဖူးတာက ‘လူတယောက်က ရပ်တည်ချက် အများအပြားကို ယူလေလေ၊ ဘယ်ရပ်တယ်ချက်ကိုမှ မယူသလို ဖြစ်လေလေပဲ။ ပိုများများ ယူလေလေ ကောင်းလေလေပဲ။ ဒီဟာက ဗုဒ္ဓဘာသာရဲ့ ထူးခြားတဲ့ ရပ်တည်ချက်ကို ဖော်ပြရာ ရောက်တယ်။ ဗုဒ္ဓဘာသာဟာ ဝိရောဓိဖြစ်နေတဲ့ နည်းလမ်းတွေကို မရှောင်ဖယ်ဘဲ လက်ခံသင့်တယ်’ လို့ ပြောဖူးပါတယ်” ဟု ဆိုသည်။

ထစ်ထျွီကွမ်ဆရာတော်က ပဋိပက္ခဖြစ်ပွားနေချိန်တွင် တဖက်ဖက်ကို မယိမ်းဘဲ မဇ္စျိမပဋိပဒါကို ဘယ်လို လျှောက်လှမ်းရလဲ ဆိုသည်ကို နည်းလမ်းပြပါသည်။ ဆရာတော်က ညွှန်ပြသည်မှာ ဗုဒ္ဓဘာသာ နိုင်ငံရေးသီအိုရီသည် လူသားများ၏ စိတ်ပိုင်းဆိုင်ရာ တိုးတက်မှုကိုသာ ရှေးရှုသည့်အတွက် ယင်းကဲ့သို့ ရပ်တည်ချက်ကို ဆုပ်ကိုင်နိုင်ကြောင်း ညွှန်ပြပါသည်။ ဆရာတော်က တောင်ဗီယက်နမ်သည် ကွန်မြူနစ်ကို ဆန့်ကျင်ရုံသပ်သပ်တင်မကဘဲ အပြုသဘောဆောင်သည့် “အမျိုးသားရေးလက္ခဏာတရပ်” လိုအပ်ကြောင်း သဘောပေါက်သူ ဖြစ်ပါသည်။ ယနေ့ခေတ်တွင် အလယ်အလတ်လမ်းစဥ် မဇ္စျိမပဋိပဒါသည် မည်သို့ ဖြစ်သင့်ကြောင်း ကျွန်တော်တို့ စဥ်းစားဖို့ ကောင်းပါသည်။ ဆရာတော်ညွှန်ပြခဲ့သည့် ဗုဒ္ဓဘာသာ နိုင်ငံရေးသီအိုရအရက​တော့ နိုင်ငံရေးသည် (အရေးကြီးသော ကိစ္စမဟုတ်သော်လည်း) ပြိုင်ဖက်နှစ်ဖက်မှ တဖက်ကို ရွေးရသည့် ကိစ္စမျိုးအနေဖြင့် မရှုမြင်သင့်ဘဲ တခါတရံတွင်မူ လူသားများ သာယာဝပြောရေးဆိုသည့် ရည်မှန်းချက်အတွက် လိုအပ်သည့် ကိစ္စအနေဖြင့် ရှုမြင်သင့်ကြောင်း ဖြစ်ပါတော့သတည်း။ ။

Kevin Pham
Gettysburg College

Exit mobile version