Site icon Kyoto Review of Southeast Asia

ဗီယက်နမ်ရှိ နိုင်ငံခြားသားများ၏ ဘဝ – လူမျိုးနှင့်ယဥ်ကျေးမှု သရုပ်ခွဲခြင်း (ethnographic) နည်းလမ်းဖြင့် တစိတ်တပိုင်း လေ့လာဖော်ထုတ်ခြင်း

နောက်ခံ

သမိုင်းတလျှောက် ရွှေ့ပြောင်းနေထိုင်မှုနှင့် ယဉ်ကျေးမှုဖလှယ်မှုများသည် ဗီယက်နမ်နိုင်ငံ၏ လူ့ယဉ်ကျေးမှုနှင့် လူ့အဖွဲ့အစည်းအတွက် အခြေခံအုတ်မြစ်များဖြစ်ခဲ့ပါသည်။ ဗီယက်နမ်နိုင်ငံဟု ယနေ့ခေါ်သည့် ဒေသတွင် လမ်းကြောင်းသုံးရပ်ဖြင့် ယဉ်ကျေးမှုဖလှယ်မှုများကို အဆက်မပြတ် မြင်တွေ့ခဲ့ရပါသည်။ ယင်းတို့မှာ မြောက်ဘက် တရုတ်ဘုရင့်နိုင်ငံများမှ ရွှေ့ပြောင်းနေထိုင်သူများနှင့် မြစ်ဝကျွန်းပေါ်ဒေသခံများအကြား၊ မြစ်ဝကျွန်းပေါ်အနောက်ဘက်နှင့် အနောက်မြောက်ဘက်မှ ဒေသခံများနှင့် တောင်တန်းမျိုးနွယ်စုများအကြား၊ မြစ်ဝကျွန်းပေါ်ဒေသနှင့် ချန်ပါ ဒေသတောင်ပိုင်းရှိ ဒေသခံများအကြား လမ်းကြောင်းများဖြစ်ပါသည်။ 1ဗီယက်နမ်နိုင်ငံ၏ စီးပွားရေးနှင့်ယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတက်ရာတွင် အနောက်တိုင်းသား နိုင်ငံခြားသားများလည်း ပါဝင်မှုရှိခဲ့ပါသည်။ ထင်ရှားသော ပုဂ္ဂိုလ်တဦးမှာ ဗီယက်နမ်ဒေသခံများအတွက် သမ္မာကျမ်းစာကို ဘာသာပြန်ရန် ပေါ်တူဂီမှ လက်တင်အက္ခရာများကို အသုံးပြုခဲ့သည့် ဖာသာ အလက်ဇန်းဒါးရိုးဒ့် (Alexander Rhodes) ဖြစ်ပါသည်။ ၂၀ ရာစုတွင် ဗီယက်နမ်နိုင်ငံသည် ဤအက္ခရာအစုံကို လက်ခံကျင့်သုံးခဲ့ပြီး ရိုးရာတရုတ်အက္ခရာများနှင့် နုမ်အက္ခရာများ (Nom script) (တရုတ်အက္ခရာများကို ဗီယက်နမ်အသံထွက်နှင့် ပေါင်းစပ်ပေါင်းစပ်ထားသည့် အက္ခရာများ) ကို မသုံးစွဲတော့ဘဲ​ ရပ်တန့် လိုက်ပါသည်။ ပြောစမှတ်ပြုရသည့် အဖြစ်မှာ အမျိုးသားရေးလက္ခဏာများ ရှင်သန်ရေးနှင့် ကိုလိုနီစနစ်ဆန့်ကျင်ရေးအတွက်ဆိုပြီး ဆောင်ရွက်ရာတွင် နိုင်ငံခြားဘာသာစကားက အလွန် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်ခဲ့ခြင်း ဖြစ်ပါသည်။ ယင်းက အခြေခံပညာရေးကို လူတိုင်း လက်လှမ်းမီသည့် ပညာရေး ဖြစ်အောင် ဆောင်ရွက်ပေးခဲ့ခြင်း ဖြစ်ပါသည်။

Doi Moi ဟုခေါ်သော ပြုပြင်ပြောင်းလဲမှုများသည် လုံခြုံရေးနှင့် စစ်ရေးကိုအခြေခံသော စီးပွားရေးနှင့် လူ့အဖွဲ့အစည်းကို တခန်းရပ်လိုက်ပါသည်။ ယင်းက လူမှုရေးနှင့် စီးပွားရေးဆိုင်ရာ လှုပ်ရှားမှုများမှတဆင့် ကမ္ဘာကြီးနှင့် အပြန်အလှန်ဆက်ဆံရန် ပွင့်လင်းလူ့အဖွဲ့အစည်းအဖြစ် စာမျက်နှာသစ်လည်း ဖွင့်လှစ်လိုက်ပါသည်။ နိုင်ငံခြားသားများနှင့် တွေ့ဆုံခြင်း၊ လေ့လာခြင်းနှင့် လက်ခံခြင်းလုပ်ငန်းစဉ်သည် မညီမညာဖြစ်ပြီး နှေးကွေးစွာ စတင်ခဲ့ပါသည်။ Doi Moi ပြုပြင်ပြောင်းလဲမှုများစတင်ပြီး ခြောက်နှစ်အကြာ ၁၉၉၃ တွင် အိန္ဒိယနွယ်ဖွား နိုင်ငံခြားသားတဦး ဒရန်းဗျန့်ဖူ (Dien Bien Phu) သို့ အလည်အပတ်ရောက်ရှိခဲ့သည့် အချိန်တွင် ဒေသတွင်း၌ အိန္ဒိယနွယ်ဖွား အသားညိုမဲသူမျိုးကို မြင်ဖူးသူ မရှိသည့်အတွက် အံ့အားသင့်ခဲ့ရသည်ဟု ဆိုပါသည်။ 2စစ်ပွဲကာလတွင် မိတ်ဆွေမဟုတ်သော နိုင်ငံများမှ နိုင်ငံခြားသားများကို ဗီယက်နမ်တွင် နေထိုင်ခွင့် အများအားဖြင့် ကန့်သတ်ပိတ်ပင်ထားခဲ့ပါသည်။ အကြောင်းမှာ နိုင်ငံခြားသားများကို ဧည့်သည်အဖြစ် သတ်မှတ်ထားသည့်အတွက် ဗီယက်နမ်၏ ဧည့်ဝတ်ကျေပွန်မှုကို ပြသရန် လိုအပ်ပြီး နိုင်ငံခြားသားများကို ဗီယက်နမ်က ပေးဆောင်နိုင်သည့် အကောင်းဆုံးဝန်ဆောင်မှုများနှင့် ကုန်ပစ္စည်းများကို လိုချင်လိမ့်ဟု ယူဆထားခြင်းကြောင့် ဖြစ်ပါသည်။ နိုင်ငံခြားသားများသည် အထူးသီးသန့် ရပ်ကွက်များတွင် နေထိုင်ရပြီး ရနိုင်သော အကောင်းဆုံး ကုန်စည်နှင့် ဝန်ဆောင်မှုများကို ပံ့ပိုးပေးထားခဲ့ပါသည်။ စူပါမားကတ်များ မပေါ်မီက နိုင်ငံခြားသားများသည် ၎င်းတို့နိုင်ငံမှ ကုန်ပစ္စည်းများကို ဝယ်ယူတင်သွင်းလိုပါက အထူးတင်သွင်းသည့် ကုန်ပစ္စည်းများ အဖြစ်ဝယ်ယူရမည်ဖြစ်သည် (ယင်းအတွက်လည်း သွင်းကုန်လိုင်စင်လိုသည်)။  ဗီယက်နမ်သည် နိုင်ငံခြားသား နေထိုင်ရန် ခက်ခဲသည့် နိုင်ငံတခု ဖြစ်ခဲ့ပါသည်။​

ဆယ်စုနှစ် ၃ခု ကြာပြီးနောက် ၂၀၁၀ ပြည့်နှစ်များတွင် ဗီယက်နမ်နိုင်ငံ၏ စီးပွားရေးတွင် နိုင်ငံခြားသားများ၏ အခန်းကဏ္ဍ အဆင့်ဆင့်တိုးမြင့်လာကာ နိုင်ငံခြားသားများကို ကြိုဆို လက်ခံရန် လိုအပ်သော ပြုပြင်ပြောင်းလဲမှုများရှိလာခဲ့ပါသည်။ ယခုအခါ ဗီယက်နမ်နိုင်ငံတွင် နိုင်ငံခြားသားများ အနေဖြင့် နယ်စပ်နှင့်ဝေးလံသောပြည်နယ်များရှိ လူနည်းစုဒေသများမှလွဲ၍ မည်သည့်နေရာ၌မဆို မိမိ ကြိုက်နှစ်သက်ရာတွင် နေထိုင်နိုင်ပြီ ​ဖြစ်ပါသည်။ ထွန်းသစ်စစီးပွားရေးရှိလာသည့် နိုင်ငံတွင် နိုင်ငံခြားသားများ၏ ကျွမ်းကျင်မှုမှာ အလွန်လိုအပ်သည့်အတွက် နိုင်ငံခြားသားများ အပေါ် ထားရှိ သည့် သဘောထား ပြောင်းလဲလာပြီး ၎င်းတို့လိုအပ်သည့် ကုန်စည်၊ ဝန်ဆောင်မှုနှင့် လူနေမှု ပတ်ဝန်းကျင်လည်း တိုးတက်ကောင်းမွန်လာပါသည်။

လွန်ခဲ့သည့် နှစ်ပေါင်း ၄၀ အတွင်း ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံသည် စီးပွားရေး တိုးတက်မှုနှင့် ပြည်သူချင်းဆက်ဆံရေးကဲ့သို့သော အကြောင်းများကြောင့် နိုင်ငံခြားသား ရောက်ရှိ နေထိုင်မှုလည်း များပြားလာပါသည်။​ ပြည်သူချင်းဆက်ဆံရေးဆိုရာတွင် စီးပွားရေးဆိုင်ရာ ဆက်ဆံရေး၊ ချစ်ကြည်ရင်းနှီးမှု၊ လက်ထပ်ထိမ်းမြားမှု နှင့် နိုင်ငံခြားသားများကိုလက်ခံသည့် ရပ်ကွက်များ ပါဝင်ပါသည်။  မြို့ပြ၊ ကျေးလက်နှင့် လူမှုအသိုက်အဝန်းများလည်း နိုင်ငံခြားသားများ ရောက်ရှိလာမှုနှင့်  ၄င်းတို့၏လိုအပ်ချက်များကြောင့် ပြောင်းလဲလာပါသည်။

ဤဂျာနယ်၏ အထူးထုတ်အတွက် ဗီယက်နမ် လူမှုပတ်ဝန်းကျင်တွင် နိုင်ငံခြားသားများ မည်သို့ နေထိုင်သည်ကို လေ့လာတင်ပြထားပါသည်။ ပိုလေးနက်သည့် မေးခွန်းမှာ ဗီယက်နမ်နိုင်ငံ၏ လူမှုပတ်ဝန်းကျင်တွင် နိုင်ငံခြားသားများကို မည်သို့ လက်ခံခြင်းပြုသနည်းဆိုသည့် မေးခွန်း ဖြစ်ပါသည်။ “လူမှုပတ်ဝန်းကျင်” ဆိုရာတွင် နေထိုင်မှုအခြေအနေ အစီအမံများ၊ နေရာများ (ကျန်းမာရေးစောင့်ရှောက်မှု၊ ပညာရေး၊ အပန်းဖြေမှု၊ ဘဏ်လုပ်ငန်း၊ သုံးစွဲမှုကဲ့သို့သော ဝန်ဆောင်မှုများအပါအဝင်) နှင့် ဗီယက်နမ်တွင် ယေဘုယျအားဖြင့် နေထိုင်ရလွယ်ကူမှုကို ဆိုလိုပါသည်။ ဤအကြောင်းအရာများကို လေ့လာခြင်းအားဖြင့် ဗီယက်နမ်နိုင်ငံနှင့် လူ့အဖွဲ့အစည်းက နိုင်ငံခြားသားများကို ယေဘုယျအားဖြင့် မည်သို့သဘောထားသည် ဆိုသည်ကို မြင်တွေ့ရမည် ဖြစ်ပါသည်။

အစမရှိသည့် သဘောတရားရေးရာ

ဤဆောင်းပါးများကို ဝေဖန်ချက်လို့ရသည့် မြင်သာသည့်အချက်မှာ ရှင်းရှင်းလင်းလင်း သတ်မှတ်ထားသော သဘောတရားဆိုင်ရာ အသုံးအနှုန်းများနှင့် သီအိုရီဆိုင်ရာ အခြေခံများ မရှိခြင်း ပင်ဖြစ်ပါသည်။ ဤသို့ဝေဖန်လျှင် အထူးထုတ်၏ ရည်ရွယ်ချက်ကို သဘောမပေါက်၍ ဖြစ်ပါ လိမ့်မည်။ ဤဆောင်းပါးများ၏ ရည်ရွယ်ချက်မှာ နောက်ပိုင်း အယူအဆနှင့် သီအိုရီဆိုင်ရာ စဥ်းစားချက်များအတွက် ခိုင်မာသော အခြေခံအုတ်မြစ်ရှိစေရန် လူမျိုးစုဆိုင်ရာနှင့် မနုဿဗေဒ ဆိုင်ရာ အချက်အလက်များကို ဖော်ထုတ်ပေးရန် ဖြစ်ပါသည်။ ထို့ကြောင့် ဤနေရာတွင် အယူအဆများ သို့မဟုတ် သီအိုရီများကို ဆွေးနွေးရန် ရည်ရွယ်မထားပါ။ သို့သော်လည်း ဖန်သီဟုန်ဆွမ်​ (Phan Thi Hong Xuan) တို့ရေးသည့် စာတမ်းတွင် ယဥ်ကျေးမှုချင်း ထိတွေ့ဖလှယ်ခြင်း (Acculturation approach) နှင့် ကျိုးကြောင်းဆင်ခြင်စွာ ရွေးချယ်မှု (Rational Choice) နည်းလမ်းတို့ဖြင့် ရေးသားထားကြောင်း တွေ့ရမည် ဖြစ်ပါသည်။ ဤအထူးစာစောင်တွင် စာလုံးရေ ကန့်သတ်ချက် ရှိသဖြင့် ယင်းတို့ကို အလုံးစုံ မဖော်ပြ နိုင်သော်လည်း စာဖတ်သူအနေဖြင့် ဤသဘောတရားများကို ဆက်လက် စူးစမ်းလေ့လာလျှင် အထောက်အကူ ဖြစ်ပါလိမ့်မည်။

အောက်ခြေမေးခွန်းများ

မည်သို့ပင်ဆိုစေကာမူ သုတေသန မေးခွန်းများစွာကို ကျွန်ုပ်တို့ စိတ်ဝင်စားပါသည်။ အထူးသဖြင့် ဗီယက်နမ်တွင် နိုင်ငံခြားသားများ၏ ဘဝနေထိုင်မှုမှာ မည်သို့ဖြစ်သနည်းနှင့် ၄င်းတို့က ဗီယက်နမ် လူ့အဖွဲ့အစည်းအပေါ် မည်ကဲ့သို့ အကျိုးသက်ရောက်ခဲ့သနည်းဆိုသည့် မေးခွန်းကို ဘက်ပေါင်းစုံမှ လေ့လာတင်ပြထားပါသည်။ ဤပရောဂျက်ကို စိတ်ဝင်စားပြီး လေ့လာနေသော သုတေသီများ၏ အစည်းအဝေးမှ မြို့ပြဖြစ်ထွန်းမှုနှင့် လူဝင်မှုကြီးကြပ်ရေးတို့ကို လေ့လာရမည့် အဓိက တိုးတက်မှု နှစ်ခုအဖြစ် သတ်မှတ်ခဲ့ပါသည်။ သုတေသီများ၏ တွေ့ရှိမှုများအပေါ် အယ်ဒီတာ ၏ သုံးသပ်ချက်မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

ဗီယက်နမ်တွင် နိုင်ငံခြားသားများရောက်ရှိနေခြင်း၏ လူမှုရေးသက်ရောက်မှု

ယနေ့ခေတ် ဗီယက်နမ်နိုင်ငံသို့ နိုင်ငံခြားသားများ ဝင်ရောက်လာမှု၏ လူမှုရေးဆိုင်ရာ သက်ရောက်မှု အမြောက်အမြားရှိပါသည်။ နွတ် (Nhut) ၏ စာတမ်းတွင် နိုင်ငံခြားသားများအား ဗီယက်နမ်လူနေမှုဘဝပုံစံတွင် ပေါင်းစည်းရေးသေချာစေရန်အတွက် နိုင်ငံခြားသားများကို နိုင်ငံတော်၏ ရေရှည်မူဝါဒများတွင် ထည့်သွင်းရန်   အစိုးရကဏ္ဍ၏ စီမံခန့်ခွဲမှုတွင် ပြောင်းလဲ လာသည်ကို ဖော်ပြထားပါသည်။ ယင်းတွင် ဗီယက်နမ်နိုင်ငံ၏ အများသဘောတူ တန်ဖိုးများ ( ဥပမာ – အလံတင်ခြင်းအခမ်းအနားတွင် ပါဝင်စေခြင်း) ကို နားလည်စေခြင်း သို့မဟုတ် လူမှုအသိုင်းအဝိုင်းအတွင်း မျှဝေဆွေးနွေးမှုများပြုလုပ်ရန် နိုင်ငံခြားသားများကို ဖိတ်ကြားခြင်း စသည်တို့ ပါဝင်ပါသည်။ နိုင်ငံခြားသားများနှင့် ထိတွေ့ဆက်ဆံခြင်းသည် နည်းလမ်းအမျိုးမျိုးဖြင့် ဒေသခံလူ့အဖွဲ့အစည်းသို့အပေါ် အကျိုးသက်ရောက်မည်ကို နက်ရှိုင်းစွာ စိုးရိမ်မှု ရှိကြောင်း တွေ့နိုင်ပါသည်။  အဆိုပါစိုးရိမ်မှုများထဲမှ တခုမှာ နိုင်ငံတော်၏ လုံခြုံရေးကို ထိခိုက်စေနိုင်သည့် နိုင်ငံခြားသားများ၏ စဥ်းစားပုံများနှင့် လုပ်ဆောင်ချက်များ၊ သို့မဟုတ် ဒေသန္တရနည်းလမ်းများနှင့် ပေါင်းစပ်ရန်လိုအပ်သော ၄င်းတို့၏ လူနေမှုပုံစံများ ဖြစ်ပါသည်။ ယင်းမှာ ဆိုရှယ်လစ် လူ့အဖွဲ့အစည်းများအသုံးပြုသည့်  လူ့အဖွဲ့အစည်းအတွင်း မတူကွဲပြားသော အစိတ်အပိုင်းများကို ချိန်ညှိရန်အတွက် စည်းရုံးခြင်းနည်းလမ်း၏ တစိတ်တပိုင်းဖြစ်ပြီး ၎င်းတို့ ကိုယ်တိုင် နားလည်မှုနှင့် ပူးပေါင်းပါဝင်ခြင်းဖြင့် အစိုးရကို ပံ့ပိုးကူညီလာစေရန် ဆောင်ရွက်ခြင်း ဖြစ်ပါသည်။ ပေါင်းစည်းမှု ရှိသော လူ့အဖွဲ့အစည်းသည် လူမှုရေး ပဋိပက္ခများ နည်းပါးမည် ဟူသော အယူအဆမှာ စည်းလုံးညီညွတ်မှုနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို အလေးပေးသည့် လူ့အဖွဲ့အစည်း၏ အင်္ဂါရပ် တခုဖြစ်ပါသည်။ ယင်းသို့သော လူ့အဖွဲ့အစည်းတွင် လူ့အဖွဲ့အစည်းက နိုင်ငံတော် အာဏာကို စိန်ခေါ်ခြင်းမပြုသည်ကို တွေ့ရပါသည် (ဥပမာ – တောင်ကိုးရီးယား (၁၉၈၀ ခုနှစ်များအထိ) နှင့် စင်္ကာပူ (ယနေ့ထက်တိုင်))။

ဟွမ် (Hung) နှင့် ထန် (Thanh) ၏စာတမ်းတွင် နိုင်ငံခြားသားများသည် ပိုမိုမြင့်မားသော လူနေမှုအဆင့်အတန်းကို လိုလားတတ်ပြီး ပိုလည်း ငွေကြေးတတ်နိုင်သည်ဟု ထောက်ပြ ထားပါသည်။ ၁၉၈၀ပြည့်လွန်နှစ်များနှောင်းပိုင်း ကာလကတည်းက ဗီယက်နမ်အစိုးရသည် ၎င်းတို့ မြို့ပြဟောင်းများ၏ ပုံစံ၊​ ဟန်ပန်နှင့်မတူသော မြို့ပြဧရိယာအသစ်များထားရှိရန် စီစဉ်နေပြီဟု ၎င်းတို့၏ စာတမ်းတွင် ဖော်ပြထားပါသည်။ အမှန်တကယ်တွင်လည်း ဖူမီဟန် (Phu My Hung) မြို့နယ်၏ ဒီဇိုင်းသည် အခြားနေရာများနှင့် မတူကွဲပြားနေပြီး အနှစ် ၂၀ ကြာသည်အထိ ယင်းမြို့နယ်ကဲ့သို့ အခြားနေရာများတွင် ဆောက်လုပ်နိုင်ခြင်း မရှိသေးပါ။ မြို့ပြပုံစံသည် မြို့ပြ ပတ်ဝန်းကျင်တွင် နိုင်ငံခြားသားများ အကြိုက်ဆောင်ရွက်ပေးရန် အသိအမှတ်ပြုထားပြီး သန့်ရှင်းပြီး ကျယ်ဝန်းသော လမ်းများ ဖန်တီးခြင်း၊ စည်းကမ်းရှိသော အပြုအမူရှိခြင်း၊ အမှိုက်စွန့်ပစ်ခြင်းမှ ကျောင်းများ၊ ဈေးများ အထိ စနစ်တကျနေထိုင်ရန် ဆောင်ရွက်ခြင်းတို့ ပါဝင်ပါသည်။ အဆိုပါစာတမ်းတွင် သောင်ဒန် (Thao Dien) မြို့နယ်ကိုလည်း လေ့လာတင်ပြထားပြီး ဖူမီဟန်လောက် စနစ်မကျသော်လည်း နိုင်ငံခြားသားများက လက်ခံနေထိုင်နိုင်ကြောင်း တင်ပြထားပါသည်။

The Ho Chi Minh City view from the top of Landmark 81 building, 2024. Photo Edwin Petrus, Unsplash

အတူလာခြင်း၊ အတူနေခြင်း

၂၀၂၂ ခုနှစ်တွင် ဟိုချီမင်းမြို့တွင် နိုင်ငံခြားသားများနှင့် လက်ထပ်ထားသည့် အိမ်ထောင် ၂၉၂၇ ခုရှိပါသည် (Phan Thi Hong Xuan et al. {1})။ ယင်းမှာ ပြုပြင်ပြောင်းလဲရေး (Doi Moi) မတိုင်ခင် ကာလများက နိုင်ငံခြားသားနှင့်လက်ထပ်ဖို့ နေနေသာသာ၊ ခရီးသွားဖို့ နိုင်ငံကူးလက်မှတ် ပတ်စ်ပို့ရဖို့ တောင် ခက်ခဲသည့် ဗီယက်နမ်နိုင်ငံသားများအတွက် သိသာထင်ရှားသည့် ပြောင်းလဲမှုတခု ဖြစ်ပါသည်။ ထိုစဥ်က ဗီယက်နမ်နိုင်ငံသို့ လာရောက်လည်ပတ်ရန် သို့မဟုတ် နေထိုင်ရန် ဗီဇာ ရရှိသော နိုင်ငံခြားသား အနည်းငယ်သာ ရှိခဲ့ပါသည်။ ဤသုတေသနတွင် တွေ့ဆုံမေးမြန်းခဲ့သည့် စုံတွဲများမှာ ဗီယက်နမ်လုပ်ငန်းခွင်တွင် တွေ့ဆုံချစ်ကြိုက်ခဲ့ကြခြင်း ဖြစ်ပါသည်။ ထိုင်ဝမ်တွင် ဝင်ငွေနှစ်ဆရှာဖို့ မလွယ်သည့်အပြင် ဗီယက်နမ်တွင် နေထိုင်မှုစရိတ်စက သက်သာပါသည်။ ထို့အပြင် ရင်းနှီးမြုပ်နှံနိုင်သည့် အခွင့်အလမ်းများကြောင့် ပြုပြင်ပြောင်းလဲ​ရေး (Doi Moi) ရဲ့ အစောပိုင်းနှစ်တွေတုန်းကလို ထိုင်ဝမ်ကို ပြောင်းနေဖို့ထက် ဗီယက်နမ်မှာ အခြေချ နေထိုင်ဖို့ စုံတွဲတွေကို ဆွဲဆောင်ခဲ့ပါသည်။ အရေးကြီးသော နောက်ထပ်မက်လုံးတခုမှာ ၎င်းတို့၏ သားသမီးများအတွက် နိုင်ငံတကာကျောင်းများ (international schools) ရှိခြင်း ဖြစ်ပြီး ဗီယက်နမ် အိမ်ထောင်ဖက်များအတွက်လည်း ၎င်းတို့၏ မိသားစုများနှင့် နီးကပ်စွာနေထိုင်နိုင်ခြင်း ဖြစ်ပါသည်။

ဖန်သီဟုန်ဆွမ်​ (Phan Thi Hong Xuan) တို့ရေးသည့် စာတမ်းတွင် မိသားစုများအကြား ယဉ်ကျေးမှုနှင့် စံတန်ဖိုးများကြား ကွဲပြားမှုများကို စေ့စပ်ညှိနှိုင်းပုံကို မိသားစုအတွင်း ချမှတ်သည့် အမျိုးမျိုးသော ဆုံးဖြတ်ချက်များမှ တဆင့် ဆန်းစစ်တင်ပြထားပါသည်။​ ထိုသို့သော မိသားစုများတွင် ဘာသာစကားများ (အင်္ဂလိပ်၊ မန်ဒရင်၊ ဗီယက်နမ်) ရောနှော သုံးစွဲမှုသည် စိတ်ဝင်စားဖွယ် ကောင်းပါသည်။ ဤဆောင်းပါးနှစ်ပုဒ်သည် ယင်းသို့ မိသားစုတွင် ပေါက်ဖွား လာသည့် သားစဉ်မြေးဆက်၏ ယဉ်ကျေးမှုဆိုင်ရာ သရုပ်လက္ခဏာကိုလည်း ဆွေးနွေး တင်ပြ ထားပါသည်။ 

နိုင်ငံခြားသားများ၏ အတွေ့အကြုံ

ဤအထူးထုတ်တွင် နိုင်ငံခြားသားများ၏ ဗီယက်နမ်နိုင်ငံ အတွေ့အကြုံကို ကျယ်ကျယ် ပြန့်ပြန့် ရေးသားထားသည့် စာတမ်းမပါဝင်ပါ။ အင်တာနက်မှ ရှာဖွေလို့ ရရှိသည်မှာ ဗီယက်နမ်တွင် နေထိုင်စရိတ်သက်သာခြင်းနှင့် နိုင်ငံခြားသားများ အလုပ်အကိုင် လျင်မြန်စွာ ရနိုင်ခြင်း၊ 3 အင်္ဂလိပ်ဘာသာစကားကို (အနည်းငယ်မျှဆိုစေဦးတော့) သုံးစွဲသည့် ပတ်ဝန်းကျင် ရှိခြင်းကဲ့သို့သော ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ပုံမှန်အားသာချက်များ ရှိခြင်းတို့ ဖြစ်ပါသည်။​

ရွှေ့ပြောင်းနေထိုင်သူများအတွက် ဆွဲဆောင်မှုအပြည့်ရှိသော နေရာတခု ဖြစ်လာရန် ဗီယက်နမ်နိုင်ငံအနေဖြင့် ဆောင်ရွက်ရမည်များ ရှိပါသည်။​ အင်တာနေရှင်းအဖွဲ့ (Internations) က ကောက်ယူသည့်  ပြောင်းရွှေ့နေထိုင်သူများ အဓိက အညွှန်းကိန်း ဆာဗေး (Expats Essential Index) တွင် ပြည်ပမှ ပြောင်းရွှေ့နေထိုင်သူများက ၎င်းတို့၏ အိမ်ရှင်နိုင်ငံများ  အပေါ် အမြင်သဘောထား များကို ပုံမှန် စစ်တမ်းဖြင့် ဖော်ပြထားပါသည်။ ၂၀၂၃ ခုနှစ်တွင် အကဲဖြတ်ထားသည့် နိုင်ငံပေါင်း ၅၂ နိုင်ငံတွင် ဗီယက်နမ်နိုင်ငံသည် အဆင့် ၄၆ ရှိပါသည်။   နိုင်ငံခြားသားများ ကြုံတွေ့လေ့ ရှိသည့် ပြဿနာများမှာ ဗီဇာနှင့်ပတ်သက်သော ကြန့်ကြာမှုများ၊ အွန်လိုင်းမှ ဆောင်ရွက်လို့ ရသည့် e-government ဝန်ဆောင်မှုများမရှိခြင်း၊ ဘဏ်စာရင်းဖွင့်ရခက်ခဲခြင်း၊ လေထုညစ်ညမ်းခြင်းနှင့် ဆူညံသံများ၊ အများပြည်သူနှင့် ဘုံနေရာများကို ပိုမိုလေးစားမှုရှိရန် လိုအပ်ခြင်း၊ ယာဉ်အသွားအလာ အပါအဝင် အများသူငှာ တရားဥပဒေစိုးမိုးရေးနှင့် စပ်လျဉ်း၍ ကြုံတွေ့နေရသော ကိစ္စရပ်များ ဖြစ်ပါသည်။ ဘာသာစကား သင်ယူရန် အခက်အခဲကိုလည်း မကြာခဏ တွေ့ရပါသည်။ ၂၀၁၉ ခုနှစ် အစောပိုင်းက ပြုလုပ်ခဲ့သော အခြားသော စစ်တမ်းတခုတွင် ပြည်ပက လာရောက်နေထိုင်သူများ၏ ၆၀% သည် ယဥ်ကျေးမှုရှော့ခ် (cultural shock) ရသည်ဟု ဖော်ပြခဲ့ပါသည်။ ဆာဗေး ဖြေကြားသူများ အများဆုံး ရွေးချယ်သည့် ယဉ်ကျေးမှုရှော့ခ်ရစေသည့် ထိပ်တန်းအချက် သုံးချက်မှာ ဘာသာစကား အခက်အခဲ (၂၉ ရာခိုင်နှုန်း)၊ ပတ်ဝန်းကျင်၊ ဒေသယဉ်ကျေးမှု၊ ဆက်ဆံရေးတို့တွင် အထင်နှင့် လက်တွေ့ ကွာခြားမှု (၂၇ ရာခိုင်နှုန်း)၊ နားလည်မှုအားနည်းခြင်း (၁၈ ရာခိုင်နှုန်း) တို့ ဖြစ်ပါသည်။ 4အချို့ကလည်း ထူးဆန်းသော အလေ့အထများရှိသည့် အိမ်နီးချင်း များကြောင့် စိတ်အနှောက်အယှက် ဖြစ်ရသည် ဟုဖြေကြားပါသည်။

ဗြိတိန် IELTS ဆရာ ပီတာစပန့်စ် က “ကျွန်တော်နဲ့ ကျွန်တော့်အမျိုးသမီး လွန်ခဲ့တဲ့ သုံးနှစ်လောက်က ဗီယက်နမ်ကို ပြောင်းရွှေ့ခဲ့ပါတယ်။ အစကတော့ ဟနွိုင်းမှာ နေပြီး နောက်တော့ ဆိုင်ဂုံကို ရွှေ့ခဲ့ပါတယ်။ ဟနွိုင်းမှာ ကျွန်တော်တို့ကို တုန်လှုပ်စေတာကတော့ လမ်းစည်းကမ်း တွေပါပဲ။ လူတွေက ယာဉ်စည်းကမ်း၊​ လမ်းစည်းကမ်းတွေ၊ ဆိုင်းဘုတ်တွေကို လျစ်လျူရှုပြီး လူသွားလမ်းပေါ် တက်မောင်းကြပါတယ်။ တခြားလမ်းအသုံးပြုသူတွေနဲ့ လမ်းသွားလမ်းလာ တွေကို ဂရုမစိုက်ကြပါဘူး” ဟုဆိုသည်။ 5အခြားနိုင်ငံခြားသားတဦးကလည်း အလားတူကိစ္စရပ်နှင့် ပတ်သက်ပြီး ဗီယက်နမ်နိုင်ငံသားများက ဝေဖန်မှုများကို သည်းမခံနိုင်ကြောင်း မှတ်ချက်ပြု ခဲ့ပါသည်။[ref]Tuoi Tre News (2018) Expats discuss integrating into Vietnamese culture. 12 February 2018.  https://tuoitrenews.vn/news/city-diary/20180212/expats-discuss-integrating-into-vietnamese-culture/44091.html accessed 7 April 2024.[/ref]

ပြီးခဲ့သည့်ဆယ်စုနှစ်အနည်းငယ်အတွင်း ဗီယက်နမ်နိုင်ငံ၏ နိုင်ငံခြားသားများအကြား ပုံရိပ်မှာ အဆိုးတွေချည်းပဲလည်း မဟုတ်ပါ။ အဆိုပါ အင်တာနေရှင်းအဖွဲ့ (Internations) က ပြုလုပ်သည့် စစ်တမ်းတွင် ထပ်မံတွေ့ရှိရသည်မှာ ဗီယက်နမ်ရှိ နိုင်ငံခြားသားများသည် ၎င်းတို့၏ ဘဏ္ဍာရေး အခြေအနေနှင့် ပတ်သက်၍ စိတ်ကျေနပ်မှု မြင့်မားကြပြီး  (အဆင့် ၁)၊  ဖော်ရွေမှု ရှိသည်ဟုလည်း ဆိုကြပါသည် (အဆင့် ၅)။ ထို့အပြင်  အလုပ်နှင့် ဘဝမျှတမှုမှာ လုံလောက်စွာရှိ (အဆင့် ၆) သည်ဟု တွေ့ရပါသည်။ စစ်တမ်းဖြေကြားသူ ၈၅ ရာခိုင်နှုန်းသည် ဗီယက်နမ်နိုင်ငံတွင် ဘဝနေထိုင်မှုအပေါ် ကျေနပ်မှုရှိကြောင်း ဖော်ပြကြပြီး ကမ္ဘာလုံးဆိုင်ရာ ပျမ်းမျှမှာ ၇၂ ရာခိုင်နှုန်းသာ ရှိသည်ဖြစ်ရာ နိုင်ငံခြားသားများအနေဖြင့် ဗီယက်နမ်ကို နှစ်သက်ကြကြောင်း တွေ့ရမည် ဖြစ်ပါသည်။ 6 စီးပွားရေးအဆင်ပြေနေသရွေ့ ဗီယက်နမ်တွင် နေထိုင်သည့် နိုင်ငံခြားသားဦးရေမှာ တိုးလာဦးမည် ဖြစ်သော်လည်း နိုင်ငံခြားသားများ တွေ့ကြုံရသည့် ပြဿနာများကို အချိန်တိုအတွင်း ကျော်လွှားနိုင်မည်လား ဆိုသည်ကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါ။

နိဂုံး

ဗီယက်နမ်နိုင်ငံ ပွင့်လင်းလာပြီး ခေတ်သစ်တွင် နိုင်ငံခြားသားများ၏ အတွေ့အကြုံကို ကြည့်လျှင် ၄င်းတို့ရော၊ ဗီယက်နမ်နိုင်ငံသားများပါ လိုက်လျောညီထွေဖြစ်အောင် နေကြပြီး၊ ယဥ်ကျေးမှုခြင်း ဖလှယ်ကြသည့် ဖြစ်စဥ်ကို တွေ့ရမည် ဖြစ်ပါသည်။ ဗီယက်နမ်နိုင်ငံသည် အနောက်တိုင်း လူနေမှုပုံစံများနှင့် ၎င်းတို့၏မြို့များ လိုက်လျောညီထွေဖြစ်အောင် ဆောင်ရွက်ခဲ့ပြီး ဗီယက်နမ် နိုင်ငံသားများကို လူမျိုးခြားဘာသာစကားများ သင်ယူရန် တွန်းအားပေးခဲ့ပါသည်။ ထို့အပြင် နိုင်ငံခြားသားများနှင့် လက်ထပ်ခွင့်ပြုခြင်း၊ နိုင်ငံခြားဘာသာစကား သင်ကြားရေး ကျောင်းများ တည်ထောင်ခြင်း၊ မြို့များတွင် မတူကွဲပြားသော လူမျိုးခြားများ စုဝေး နေထိုင်ခွင့်ပြုခြင်း၊ ၄င်းတို့၏ ယဥ်ကျေးမှုများကို လက်ခံကျင့်သုံးစေခြင်းတို့ဖြင့် ဗီယက်နမ် နိုင်ငံသည် နိုင်ငံခြားသားများကို ဆွဲဆောင်ရန် ဆောင်ရွက်ခဲ့ကြောင်း တွေ့ရမည် ဖြစ်ပါတော့သည်။​

David Koh

David KOH သည် လက်ရှိတွင် VinUniversity၊ Arts & Sciences ကောလိပ်တွင် အကြီးတန်းကထိက ဆရာဖြစ်ပါသည် ။ စာရေးသူများ၏ အမြင်များမှာ ၎င်းတို့ကိုယ်ပိုင်အမြင်များ ဖြစ်ပြီး ဤ အထူးထုတ်ရှိ စာရေးဆရာများ၏ အင်စတီကျူးရှင်းများနှင့် VinUniversity ကို ကိုယ်စားမပြုပါ။

Banner: Ho Chi Minh, Vietnam – December 6, 2022: People stand in line to cross the border control area into Vietnam in Tan Son Nhat international airport. Photo: Nelson Antoine, Shutterstock

Notes:

  1. Phung Hieu Corsi (2018) An Early History of the Vietnamese. Gale Researcher World History Series I, p. 2.
  2. ၂၀၂၄ ခုနှစ် ဧပြီလ ၄ ရက်နေ့၊ ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့တွင် နိုင်ငံခြားသား သူငယ်ချင်းအချို့နှင့် ညစာစား စကားစမြည်ပြောခြင်းမှ။
  3. Sean Nolan (2022) Why do so many foreigners decide to make Việt Nam their home? Viet Nam News 9 June 2022.  https://vietnamnews.vn/life-style/expat-corner/1209251/why-do-so-many-foreigners-decide-to-make-viet-nam-their-home.html accessed 24 April 2024; Minh Nga (2023) Expats unhappy with Vietnam visa policy, survey affirms. VN Express 23 March 2023.  https://e.vnexpress.net/news/news/expats-unhappy-with-vietnam-visa-policy-survey-affirms-4584623.html accessed 24 April 2024.
  4. Thanh Danh, Minh Tam (2023) Vietnam expats overcome culture clashes with neighbors. VN Express 20 August 2023.  https://e.vnexpress.net/news/trend/vietnam-expats-overcome-culture-clashes-with-neighbors-4643130.html# accessed 27 April 2024.
  5. Tuoi Tre News (2018) Expats discuss integrating into Vietnamese culture. 12 February 2018.  https://tuoitrenews.vn/news/city-diary/20180212/expats-discuss-integrating-into-vietnamese-culture/44091.html accessed 7 April 2024.
  6. https://www.internations.org/expat-insider/2023/vietnam-40382 accessed 5 April 2024.
Exit mobile version