အကြမ်းဖက်မှုသည် အင်ဒိုနီးရှားအပါအဝင် ကမ္ဘာပေါ်ရှိ ဘယ်နိုင်ငံမဆို၏ အမျိုးသားလုံခြုံရေးနှင့် လူမှုသဟဇာတဖြစ်မှုကို အန္တရာယ်ဖြစ်စေမည်မှာ သေချာပါသည်။ အကြမ်းဖက်မှုသည် အရေးကြီးသော ပြဿနာဖြစ်သည် ဆိုသည့်တိုင် လူ့အဖွဲ့အစည်း အတွင်း အမျိုးသားလုံခြုံရေးနှင့် လူမှုရေးကွဲလွဲမှုများကို ဖြစ်စေသည့် တခုတည်းသော ပြဿနာတော့ မဟုတ်ပါ။ အင်ဒိုနီးရှားတွင်သာ ဤပြဿနာ ကြုံရသည်လည်း မဟုတ်ပါ။ အကြမ်းဖက်မှု ပုံစံမျိုးစုံဖြစ်သည့် နှုတ်ထွက်စကား ဖြင့်ဖြစ်စေ၊ နှုတ်ထွက်စကားဖြင့် မဟုတ်ဘဲ ဖြစ်စေ၊ ရုပ်ပိုင်းဆိုင်ရာ ဖြစ်စေ၊ သင်္ကေတ နိုင်ငံရေးဖြစ်စေ၊ ယဉ်ကျေးမှု နည်းလမ်းဖြင့် ဖြစ်စေ အင်အားသုံး အကြမ်းဖက်မှု ပုံစံမျိုးစုံသည် ၁၉၉၈ ခုနှစ်တွင် သမ္မတဆူဟာတို ကျဆုံးသည့် အချိန်ကာလ ပတ်ဝန်းကျင်၊ အထူးသဖြင့် ယင်းကာလနောက်ပိုင်းတွင် ကြီးထွားလာခဲ့ပါသည်။ ဆူဟာတို (၁၉၂၁-၂၀၀၈) သည် အင်ဒိုနီးရှားနိုင်ငံကို ဆယ်စုနှစ် ၃ ခုကျော် အထိ အုပ်ချုပ်ခဲ့ပါသည်။ ၁၉၆၅-၆၆ကွန်မြူနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုနှင့် သွေးထွက်သံယို အာဏာသိမ်းမှု ကတည်းကပင် ဆူဟာတို အုပ်စိုးခဲ့ခြင်း ဖြစ်ပါသည်။
အင်ဒိုနီးရှားနိုင်ငံ၏ ခေတ်သစ်လူမှုသမိုင်းတွင် အကြမ်းဖက်မှုအပြင် အကြမ်းပတမ်း အင်အားသုံးစွဲမှုနှင့် အစွန်းရောက်မှု ပုံစံအများအပြား ရှိပါသည်။ အုပ်စုအချင်းချင်းဆက်ဆံရေး၊ လူမှုရေးသဟဇာတဖြစ်မှုနှင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးကို ခြိမ်းခြောက်နေသည့် အကြမ်းဖက်မှုနှင့် အစွန်းရောက်ဝါဒ အမျိုးအစားများထဲတွင် အင်ဒိုနီးရှား၏ မတူကွဲပြားသော လူ့အဖွဲ့အစည်းအတွင်း ဘာသာအချင်းချင်းအကြား သည်းမခံနိုင်မှု၊ ခြိမ်းခြောက်မှု၊ နှိပ်စက် ညှဉ်းပန်းမှုနှင့် အနိုင်ကျင့်မှုတို့ ပါဝင်ပါသည်။ သို့သော်လည်း ဝမ်းနည်းစရာမှာ အင်ဒိုနီးရှားအစိုးရသည် အကြမ်းဖက်ဝါဒကို တိုက်ဖျက်သည် ဆိုသော်လည်း ဘာသာရေး အုပ်စုအတွင်းနှင့် အုပ်စုပြင်ပ သည်းမခံနိုင်မှု ပုံစံမျိုးစုံဖြစ်သည့် ခြိမ်းခြောက်ခြင်း၊ နိုင့်ထက်စီးနင်း ပြုကျင့်ခြင်း၊ နှိပ်ကွပ်ခြင်းစသည်တို့ကိုမူ လျစ်လျူရှုထားပါသည်။ အင်စတီးကျူးရှင်းအားဖြင့်သော်လည်းကောင်း၊ ဖွဲ့စည်းပုံ ဆိုင်ရာအားဖြင့်သော် လည်းကောင်း၊ ဘဏ္ဍာရေး နည်းလမ်းအရဖြင့် သော်လည်းကောင်း ကူညီထောက်ပံ့ခြင်း မရှိပါ။ အင်ဒိုနီးရှားအစိုးရသည် အကြမ်းဖက်ဝါဒဖြန့်မှုများနှင့် အကြမ်းဖက် အတွေးအခေါ်များကို တန်ပြန်နှိမ်နင်းရန် ကြိုးပမ်းအားထုတ်မှုများ၊ အစီအစဉ်များနှင့် လှုပ်ရှားမှုအမျိုးမျိုးကို ပြုလုပ်ခဲ့ပြီး အကြမ်းဖက်သမားများကို အမြစ်ပြတ် ချေမှုန်းရန်နှင့် ၎င်းတို့အား လူ့အဖွဲ့အစည်းအတွင်း ပြန်လည်ပေါင်းစည်းရန် ကူညီဆောင်ရွက်ပေးခဲ့ပါသည်။ သို့သော်လည်း အစိုးရသည် ဘာသာရေးသည်းမခံမှုအား ကိုင်တွယ်ဖြေရှင်းရန် ယင်းကဲ့သို့ အစီအမံများ လုပ်ဆောင်ခြင်း မရှိပါ။ အကြမ်းဖက်ဝါဒကို မှန်ကန်စွာ ကိုင်တွယ်ရန် လိုအပ်သလိုပင် ဘာသာရေး သည်းမခံနိုင်ခြင်းကိုလည်း ကိုင်တွယ်ဖို့ လိုအပ်ပါသည်။
အကြမ်းဖက်ဝါဒနှင့် အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေးကို အပြည့်အဝ ထောက်ခံခြင်း
၂၀၀၂ ခုနှစ် အောက်တိုဘာလ ၁၂ ရက်နေ့တွင် အင်ဒိုနီးရှားနိုင်ငံသည် ဤကျွန်းစုနိုင်ငံ၏ ခေတ်သစ်သမိုင်းတွင် အာရုံစိုက်ဖွယ်ဖြစ်သော အကြမ်းဖက်တိုက်ခိုက်မှုဖြစ်သည့် ဘာလီဗုံးခွဲမှုကို ကြုံတွေ့ခဲ့ရပါသည်။ ဂျာဗားနှင့် မလေးရှား နွယ်ဖွား မူဆလင်အများအပြားက ယင်းအကြမ်းဖက်မှုကို ကျူးလွန်ခဲ့ခြင်း ဖြစ်ပါသည် ။ နတ်ဘုရားကျွန်း (Pulau Dewata) ဟုလူသိများသော ဘာလီကျွန်းရှိ ကမ္ဘာလှည့်ခရီးသည်များ အလာများသည့် ညပိုင်း အစည်ကားဆုံးနေရာများတွင် အားပြင်းဗုံးနှစ်လုံး ဖောက်ခွဲခဲ့ခြင်း ဖြစ်ပါသည် ။ ဘာလီဗုံးခွဲမှုကြောင့် လူပေါင်း ၂၀၂ ဦး သေဆုံးခဲ့ပြီး ၃၀၀ ကျော် ဒဏ်ရာရရှိခဲ့ကာ အများစုမှာ သြစတြေးလျနိုင်ငံသားများဖြစ်ပါသည်။ ထို့အပြင် အင်ဒိုနီးရှား၊ ဗြိတိန်နှင့် အခြားလူမျိုးများလည်း ထိခိုက်ခဲ့ပါသည်။ ယင်းဖြစ်ရပ်ဆိုးသည် အင်ဒိုနီးရှား လူမှုသမိုင်းတွင်သာမက အရှေ့တောင်အာရှ တွင် အကြီးမားဆုံး အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်ခဲ့ပါသည်။
ဝမ်းနည်းဖွယ် သမိုင်းဝင် ဖြစ်ရပ်များစွာ ကြုံတွေ့ခဲ့ရသော ဘာလီတွင် အကြမ်းဖက်မှုသည် အသစ်မဟုတ်သော်လည်း (Robinson, 1995)၊ ဤအကြမ်းဖက်မှုသည် နတ်ဘုရားကျွန်း (Pulau Dewata) တွင် မကြုံစဖူး ကြုံရခြင်း ဖြစ်ပါသည် ။ ဘာလီ ဗုံးခွဲမှုများကြောင့် အသေခံ ဗုံးခွဲမှုများ အပါအဝင် ကြိုကြားကြိုကြား အကြမ်းဖက် လုပ်ရပ် အများအပြား ဖြစ်ပွားခဲ့ပါသည်။ ဂျကာတာ၊ ဆိုလို (ဆူရာကာတာ)၊ ဆီယာဘွန်၊ ဆူယာဘာယာ၊ ဆီဒိုအာဂျို ၊ ပွန်တီနက်ခ် နှင့် ဆာမာရင်းဒါး အပါအဝင် နေရာ အသီးသီးတွင် အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့ပါသည်။ အချို့ အင်ဒိုနီးရှား အကြမ်းဖက်သမားများသည် အယ်လ်ကိုင်ဒါ၊ ISIS နှင့် Jama’ah Islamiyah ကဲ့သို့သော နိုင်ငံတကာ သို့မဟုတ် ဒေသတွင်း အကြမ်းဖက်အဖွဲ့များနှင့် အဆက်အသွယ်ရှိပါသည်။ အချို့မှာမူ ဒေသအခြေခံ (ဥပမာ Negara Islam Indonesia နှင့် ချိတ်ဆက်ထားခြင်း) သို့မဟုတ် တကိုယ်တော် ကျူးလွန်သူများ (Chernov-Hwang၊ 2018; Schulze၊ 2018) ဖြစ်ပါသည်။
ဘာလီဗုံးခွဲမှုသည် နိုင်ငံ၏လူမှုသမိုင်းတွင် ပထမဆုံးသော အကြမ်းဖက် တိုက်ခိုက်မှုမဟုတ်ကြောင်း သတိပြုရန်မှာ အရေးကြီးပြီး အစ္စလာမ္မစ်ဝါဒီများ သို့မဟုတ် အခြားသော အစွန်းရောက်အုပ်စုများက ကျူးလွန်ခြင်း ဖြစ်ပါသည်။ အင်ဒိုနီးရှား နိုင်ငံသည် ၁၉၄၅ ခုနှစ်တွင် လွတ်လပ်ရေးရရှိပြီးနောက်၊ အကျိုးစီးပွားမျိုးစုံ၊ စေ့ဆော်မှု ရည်ရွယ်ချက်မျိုးစုံ၊ နောက်ခံမျိုးစုံမှ အစွန်းရောက်အုပ်စုများနှင့် လူပုဂ္ဂိုလ်များသည် ပစ်ခတ်မှုများ သို့မဟုတ် ဗုံးခွဲမှုများ ပါဝင်သော အကြမ်းဖက် တိုက်ခိုက်မှုများကို ကျူးလွန်ခဲ့ကြပါသည်။ ရံဖန်ရံခါတွင် အစွန်းရောက်အုပ်စုနှင့် ဘာမှမဆိုင်သော “တကိုယ်တော် အကြမ်းဖက်သမားများ”က ကျူးလွန်ခြင်း ဖြစ်ပါသည်။ အစ္စလာမ္မစ် နိုင်ငံတော်ထူထောင်ရန် သို့မဟုတ် မတရားသော အုပ်စိုးရှင်များကို ဖြုတ်ချရန် ဆိုသည့် အကြောင်းပြချက်များ မပါဘဲလည်း စီးပွားရေး ပြိုင်ဆိုင်မှု သို့မဟုတ် လက်စားချေခြင်း အပါအဝင် အကြောင်းအမျိုးမျိုးဖြင့် အကြမ်းဖက်သမားများက အကြမ်းဖက် လုပ်ရပ်များကို ကျူးလွန်ကြ ပါသည် ( Solahudin , 2013)။
ဘာလီအကြမ်းဖက်မှုနောက်ပိုင်း ၂၀၀၃ ခုနှစ်တွင် အစိုးရက Detasemen Khusus 88 (Densus 88 ဟုခေါ်သည့် အထူးတပ်ဖွဲ့) အမည်ရှိ အကြမ်းဖက်နှိမ်နင်းရေးတပ်ဖွဲ့ကို ဖွဲ့စည်းခဲ့ပါသည်။ နောက်ပိုင်း ၂၀၁၀ ပြည့်နှစ်တွင် အစိုးရက Badan National Penanggulangan Terorisme (BNPT၊ National Agency for Terrorism) အကြမ်းဖက်မှု တန်ပြန်ရေးအေဂျင်စီ ကို တည်ထောင်ခဲ့ပါသည်။ ထို့အပြင် အစိုးရက အကြမ်းဖက်မှု တားဆီးနှိမ်နင်းရေးဆိုင်ရာ ဥပဒေနှင့် နည်းဥပဒေ အများအပြားကိုလည်း ထုတ်ပြန်ခဲ့ပါသည်။
အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ ထိပ်တန်းယူနစ် Densus 88 သည် စုံစမ်းစစ်ဆေးခြင်း၊ လိုက်လံရှာဖွေခြင်းနှင့် အကြမ်းဖက်မှုဆိုင်ရာ ရာဇ၀တ်မှုများနှင့် လှုပ်ရှားမှုများကို ကိုင်တွယ်ဖြေရှင်းခြင်းတို့ကို အာရုံစိုက်လုပ်ဆောင်ပါသည် ( Wibawana , 2022)။ အကြမ်းဖက် အစွန်းရောက်ဝါဒ (အကြမ်းဖက်ဝါဒ) ကို တားဆီးခြင်း၊ လျော့ပါးရေးနှင့် တန်ပြန်ရေး လုပ်ငန်းစဥ်များသည် Densus 88 ၏ အဓိက ဦးစားပေး လုပ်ငန်းများဖြစ်ပြီး ၂၀၀၂ ခုနှစ် ဘာလီအကြမ်းဖက် တိုက်ခိုက်မှုနောက်ပိုင်း BNPT သည် ဝန်ကြီးဌာနမဟုတ်သော အစိုးရအဖွဲ့အစည်းတခုဖြစ်ကာ အေဂျင်စီအကြီးအကဲသည် သမ္မတထံ တိုက်ရိုက်သတင်းပို့ရသည့် ဝန်ကြီးဌာနနှင့် အဆင့်အတန်းတူ အနေအထားဖြစ်ပါသည်။
Densus 88 ၏ အဓိကဗျူဟာများတွင် “ခက်ခဲသောချဉ်းကပ်မှုများ” (ဥပမာ၊ အကြမ်းဖက်သမားများ ခိုအောင်းရာ နေရာများကို တိုက်ခိုက်ခြင်း) ပါဝင်သော်လည်း BNPT ၏ အဓိကဗျူဟာများမှာမူ အင်ဒိုနီးရှားရှိ အကြမ်းဖက်ဝါဒကို ကာကွယ်ရန်၊ လျော့ပါးစေရန်နှင့် အမြစ်ပြတ်ချေမှုန်းရန် လေ့ကျင့်ပေးခြင်းစသည့် အမျိုးမျိုးသော ပရိုဂရမ်များ ပါဝင်ပါသည်။ စတင်တည်ထောင်ချိန်မှစ၍ BNPT နှင့် ၎င်း၏တွဲဖက် အဖွဲ့အစည်းများသည် တက္ကသိုလ်များ၊ အစိုးရ အဖွဲ့အစည်းများ၊ စီးပွားရေးလုပ်ငန်းများ၊ လူမှုရေးအဖွဲ့အစည်းများနှင့် လူငယ်အသင်းများတွင် အကြမ်းဖက်ဝါဒ၏ အန္တရာယ်ဆိုင်ရာ ဟောပြောပွဲများနှင့် ဆွေးနွေးပွဲများကို တက်ကြွစွာ ဆောင်ရွက်လျက်ရှိပါသည်။ ထို့အပြင် BNPT သည် အကြမ်းဖက်သမားဟောင်းများအတွက် ရန်ပုံငွေအချို့ ထောက်ပံ့ပေးကာ သူတို့အနေဖြင့် စီးပွားရေးလုပ်ငန်းများ စတင်နိုင်ရန်၊ အလုပ်အကိုင်များရှာဖွေပေးရန်နှင့် လူ့အဖွဲ့အစည်းအတွင်း ပြန်လည်ပေါင်းစည်းရန် ကူညီပေးပါသည်။
Densus 88 နှင့် BNPT ဖွဲ့စည်းတည်ထောင်ခြင်းအပြင်၊ အင်ဒိုနီးရှားအစိုးရသည် အကြမ်းဖက်မှုနှင့် အကြမ်းဖက်မှု တန်ပြန်ရေးဆိုင်ရာ ဥပဒေနှင့် စည်းမျဉ်းစည်းကမ်းများ အများအပြားကို ထုတ်ပြန်ခဲ့ပါသည်။ ယင်းတို့မှာ (၁) Perppu No. 2/2002 အကြမ်းဖက်မှုဆိုင်ရာ ရာဇဝတ်မှုများကို တိုက်ဖျက်ခြင်း၊ (၂) UU No. 15/2023 အကြမ်းဖက်မှု တိုက်ဖျက်ခြင်း ဥပဒေ၊ (၃) Undang-Undang No. 17/2011 နိုင်ငံတော်လုံခြုံရေးကို အန္တရာယ်ဖြစ်စေနိုင်သည်ဟု ယူဆရသည့် သံသယဖြစ်ဖွယ် ဆက်သွယ်ရေးမျိုးတွင် ကြားဖြတ်စောင့်ကြည့်ထောက်လှမ်းခြင်းဆိုင်ရာ ဥပဒေ၊ ထောက်လှမ်းရေးနှင့် ၎င်း၏ အခန်းကဏ္ဍ၊ (၄) UU 9/2013 အကြမ်းဖက်မှု ကာကွယ်ရေးနှင့် ငွေကြေးထောက်ပံ့ခြင်း ရာဇ၀တ်မှုဆိုင်ရာ တိုက်ဖျက်ရေး ဥပဒေဆိုင်ရာ (၅) UU 5/2018 ၂၀၀၃ ဥပဒေကို ပြင်ဆင်သည့် အကြမ်းဖက်မှု တိုက်ဖျက်ရေးနှင့် ကာကွယ်ရေး ဥပဒေတို့ ဖြစ်ပါသည် (Al Qurtuby 2022၊ 248)။ အတိုချုပ်အားဖြင့် နိုင်ငံတော်၏ အမျိုးသားလုံခြုံရေးနှင့် လူ့အဖွဲ့အစည်း၏ လုံခြုံရေးကို အကြမ်းဖက်ဝါဒက ခြိမ်းခြောက်မှုရှိသည်ဟု ယုံကြည်ပြီး ဗဟိုအစိုးရသည် အကြမ်းဖက် ဝါဒကို အပြင်းအထန် တန်ပြန်ရေး ဗျူဟာများနှင့် အနုနည်းပရိယာယ်များ ရောနှောကာ အကြမ်းဖက်မှုကို တိုက်ဖျက်ရန် အလေးအနက် ကြိုးပမ်းခဲ့ခြင်း ဖြစ်ပါသည်။
ဘာသာရေး သည်းမခံနိုင်မှုနှင့် ယင်းကိုတုံ့ပြန်ဖြေရှင်းခြင်း ကင်းမဲ့နေမှု
အစောပိုင်းက ဖော်ပြခဲ့သည့် အများပြည်သူပိုင်နေရာများတွင် အကြမ်းဖက်တိုက်ခိုက်မှုများအပြင် အင်ဒိုနီးရှားနိုင်ငံသည် ဘာသာရေးအစွန်းရောက်မှု၊ ဗဟုဝါဒီ ဆန့်ကျင်ရေးလှုပ်ရှားမှုများနှင့် သည်းမခံနိုင်သည့်လုပ်ရပ်များ တည်ရှိနေခြင်းက နိုင်ငံ၏လူမျိုးပေါင်းစုံ စည်းလုံးညီညွတ်ရေး၊ ပြည်သူ့ငြိမ်းချမ်းရေးနှင့် အမျိုးသားလုံခြုံရေးတို့ကို ခြိမ်းခြောက်လျက် ရှိပါသည်။ ဆူဟာတို ပြုတ်ကျမှုသည် လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ၊ ယဉ်ကျေးမှုပေါင်းစုံနှင့် ဘာသာရေးပေါင်းစုံ ရှိနေသည့် အင်ဒိုနီးရှားတွင် တိုက်ရိုက် အကြမ်းဖက်မှုပုံစံအမျိုးမျိုးကို ဖြစ်ပွားစေခဲ့ပါသည်။ ယင်းတို့တွင် အကြမ်းဖက်မှု၊ ခွဲထွက်ရေး လိုလားချက်ဖြင့် အကြမ်းဖက်မှု၊ ဘာသာရေးကို သည်းမခံနိုင်သောလုပ်ရပ်များ၊ လူမျိုးရေးအဓိကရုဏ်းများ၊ အစွန်းရောက်မှုများ၊ အကြမ်းဖက်ဂျီဟတ်ဝါဒ၊ လက်နက်အားကိုး အကြမ်းဖက်မှု ကျူးလွန်ခြင်းတို့ကို နိုင်ငံရေး၊ လူမျိုးရေး၊ ဘာသာရေး အုပ်စုအမျိုးမျိုးက ဆောင်ရွက်ခဲ့ကြပါသည်။
Suharto ၏ New Order အစိုးရ ပြုတ်ကျသွားပြီးနောက် အင်ဒိုနီးရှားတွင် ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနှင့် သည်းမခံနိုင်မှု အမှုပေါင်း ၂၃၉၈ မှုရှိကြောင်း Denny JA ဖောင်ဒေးရှင်းမှ အစီရင်ခံ တင်ပြခဲ့ပြီး ယင်းတို့အနက် ၆၅ ရာခိုင်နှုန်းမှာ ဘာသာရေး နောက်ခံ အကြောင်းခြင်းရာကြောင့် ဖြစ်ပွားခြင်း ဖြစ်ပါသည်။ (Kompas၊ 2020)။ ဤအကြမ်းဖက်မှု၏ အချို့သောဖြစ်ရပ်များတွင် လူထောင်ပေါင်းများစွာ သေဆုံးမှုနှင့် ဒဏ်ရာရမှုများ အလွန်မြင့်မားကြောင်း တွေ့ရှိခဲ့ရပါသည်။ ယင်းတို့တွင် Maluku၊ Central Sulawesi၊ နှင့် North Maluku တွင် ဖြစ်ခဲ့သည့် ခရစ်ယာန်-မူဆလင် လူမျိုးရေး ပဋိပက္ခများ၊ Kalimantan ရှိ Dayak နှင့် Madurese တွင် ဖြစ်ခဲ့သည့် လူမျိုးရေးပဋိပက္ခများ ပါဝင်ပါသည်။ Human Rights Watch မှ တက်ကြွလှုပ်ရှားသူ Andreas Harsono က ဆူဟာတိုပြုတ်ကျပြီးနောက် ဆယ်စုနှစ်အတွင်း အများအားဖြင့် လူမျိုးရေးပဋိပက္ခ (အကြမ်းဖက်ဝါဒမဟုတ်) တွင် အနည်းဆုံး လူ ကိုးသောင်း သေဆုံးခဲ့ကြောင်း ခန့်မှန်းပါသည် ( Harsono , 2019)။
အခြေအနေပေါ် မူတည်ပြီး ဖြစ်သည့် အကြမ်းဖက်မှုများ နှင့် အချို့ကာလများတွင်သာ ကြုံတွေ့ရသည့် အကြမ်းဖက်မှုများနှင့် နှိုင်းယှဉ်ပါက သည်းမခံနိုင်မှုမှာ ပိုမိုပျံ့နှံ့နေပြီး ပုံမှန်လိုပင် ဖြစ်နေပါသည်။ အကြမ်းဖက်ဝါဒထက် ဘာသာရေးအရ သည်းမခံနိုင်သည့် ဖြစ်ရပ်များမှာ ပိုများပါသည်။ ဒေတာများ ကွဲပြားမှုရှိသော်လည်း၊ ၂၀၀၀ ပြည့်နှစ် မှ ၂၀၂၀ ပြည့်နှစ်အတွင်း၊ Public Virtue Research Institute ၏အဆိုအရ၊ အကြမ်းဖက် ဗုံးခွဲမှု ကိုးမှု ဖြစ်ပွားခဲ့ပါသည် [i](CNN Indonesia, 2021)။ အခြားအကြမ်းဖက်မှုပုံစံများ ရှိသေးသော်လည်း ဘာသာရေးလွတ်လပ်ခွင့်ကို ချိုးဖောက်ခြင်းအပါအဝင် ဘာသာရေးကို သည်းမခံနိုင်သောလုပ်ရပ်များ (Kebebasan Beragama dan Berkeyakinan ၊ အတိုကောက်အားဖြင့် KBB) က အကြမ်းဖက် လုပ်ရပ်များထက် ပိုများပြားပါသည်။
ဥပမာအားဖြင့်၊ ၂၀၂၄ ခုနှစ် တနှစ်ထဲတွင် ဂျာကာတာအခြေစိုက် တက္ကသိုလ်မဟုတ်သော သုတေသန အဖွဲ့အစည်း တခုဖြစ်သည့် Setara Institute က လေ့လာတွေ့ရှိသည်မှာ ဘာသာရေးလွတ်လပ်ခွင့်ကို သည်းမခံနိုင်မှုနှင့် ဘာသာရေးကို ပစ်မှတ်ထားသော ဖြစ်ရပ်ပေါင်း ၄၇၇ ကြိမ်ဖြစ်ပွားခဲ့ကြောင်း တွေ့ရှိပါသည်။ ယင်းတို့ထဲတွင် ခြိမ်းခြောက်ခြင်း၊ နှိပ်စက်ညှဉ်းပန်းခြင်း၊ မီးရှို့ခြင်း၊ အခြားဘာသာရေး အုပ်စုများ၏ ပစ္စည်းများကို ဖျက်ဆီးခြင်း၊ အနိုင်ကျင့်ခြင်း၊ ငြင်းပယ်ခြင်း၊ အချို့သော ဘာသာရေး အဆောက်အဦများကို တည်ဆောက်ခွင့် မပြုခြင်း (ခရစ်ယာန် ဘုရားကျောင်းများ) စသည်တို့ ပါဝင်ပါသည်။ ဒေတာများအရ ၂၀၂၃ ခုနှစ်တွင် ၃၂၉ မှု ဖြစ်ပွားခဲ့သည့်အတွက် (Ashfiya 2025) ယမန်နှစ်ကထက် သည်းမခံနိုင်မှု တိုးလာကြောင်း ပြသနေပါသည် ။
အကြမ်းဖက်မှုများနှင့် မတူသည်မှာ ဘာသာရေး သည်းမခံနိုင်မှု၊ အနိုင်ကျင့်မှု၊ ခြိမ်းခြောက်မှုနှင့် နှိပ်စက်ညှဉ်းပန်းမှုများကို ကျူးလွန်သူများတွင် အစိုးရ အေဂျင်စီများ (ဥပမာ – အစိုးရအရာရှိများ၊ လုံခြုံရေးယန္တရား၊ လွှတ်တော် ကိုယ်စားလှယ်များ စသည်) နှင့် အစိုးရ မဟုတ်သည့် အဖွဲ့များ (ဥပမာ – ဘာသာရေးအုပ်စုများ၊ အရပ်ဖက် အသင်းအဖွဲ့များ သို့မဟုတ် သာမန်လူထု) ပါဝင်ခြင်း ဖြစ်ပါသည်။ Setara Institute က ၂၀၂၄ ခုနှစ်တွင် ၃၉.၅ ရာခိုင်နှုန်း (၁၅၉ မှု) သည် အစိုးရအဖွဲ့များမှ ကျူးလွန်သည့် ဘာသာရေးကို သည်းမခံခြင်းနှင့် KBB ကို ချိုးဖောက်မှုများ ဖြစ်ပြီး ၆၀.၅ ရာခိုင်နှုန်း (၂၄၃ မှု) သည် အစိုးရမဟုတ်သောသူများမှ ဆောင်ရွက်ခြင်း ဖြစ်သည်ဟု မှတ်ချက်ပြုပါသည်။
ထို့အပြင် အကြမ်းဖက်သမားများ ပစ်မှတ်ထားသည်မှာ သီးခြားနေရာများ (ဥပမာ – ဘုရားကျောင်းများ၊ ရဲစခန်းများ၊ ဟိုတယ်များ၊ အချို့သောနိုင်ငံများ၏ သံရုံးများ၊ သို့မဟုတ် အနောက်နိုင်ငံများကို ကိုယ်စားပြုသော အဆောက်အဦများ) နှင့် သီးခြားပုဂ္ဂိုလ်များ (ဥပမာ အနောက်တိုင်းသားများ၊ ရဲဝန်ထမ်းများ၊ ခရစ်ယာန်များ) ဖြစ်သော်လည်း ဘာသာရေး သည်းမခံနိုင်မှုကြောင့် ဖြစ်ပွားသည့် သေဆုံးဒဏ်ရာရမှုများ မှာမူ နေရာရော၊ လူပါ ပိုမိုကွဲပြားပြီး ရှုပ်ထွေးပါသည်။ ဆန့်ကျင်ဘက်အားဖြင့် ဘာသာရေး သည်းမခံနိုင်မှု ကျူးလွန်သူများသည် ဘယ်နေရာ (ဝတ်ပြုရာနေရာ၊ အိမ်များ၊ ကျောင်းများ၊ ရုံးခန်းများ၊ အဆောက်အဦ စသည်) ဘယ်သူမဆို (မွတ်ဆလင်နှင့် မွတ်စလင်မဟုတ်သူများ) ကို မိမိနှင့် ကွဲလွဲသည်ဟု ယူဆကာ တိုက်ခိုက်ဖျက်ဆီးနိုင်ပါသည်။
ဘာသာရေးအကြမ်းဖက်မှုနှင့် သည်းမခံနိုင်မှုတို့သည် နိုင်ငံတဝှမ်း ပျံ့နှံ့နေပြီး ယနေ့ အင်ဒိုနီးရှား နေရာအနှံ့တွင် ဖြစ်ပွားနေသည့် မရေမတွက်နိုင်သော ကျူးလွန်ခံရသူများရှိပြီး အချို့သော ဘာသာရေးအသိုက်အဝန်းများ၏ တန်ဖိုးကြီး ပစ္စည်းများ ဖျက်ဆီးခံရသော်လည်း၊ ဘာသာရေးအကြမ်းဖက်မှုနှင့် သည်းမခံနိုင်မှုများကို တန်ပြန်ရန် အစိုးရအဖွဲ့အစည်း သို့မဟုတ် အေဂျင်စီ မရှိသေးပါ။ အစိုးရသည် ဥပဒေပြုလွှတ်တော်နှင့် လုံခြုံရေးတပ်ဖွဲ့များနှင့်အတူ အကြမ်းဖက်မှု တန်ပြန် နှိမ်နင်းရေးတပ်ဖွဲ့များနှင့် တပ်ဖွဲ့အများအပြားကို ထူထောင်ကာ ရန်ပုံငွေအမြောက်အမြား ချထားဆောင်ရွက်သော်လည်း၊ ဘာသာရေးသည်းမခံနိုင်မှုနှင့် အစွန်းရောက်ဝါဒဆိုင်ရာ ကိစ္စများစွာအတွက် အစိုးရ၏ တုံ့ပြန်မှုမှာ ရှင်းရှင်းလင်းလင်း မရှိဘဲ ရှုပ်ထွေးနေဆဲဖြစ်ပါသည်။
ဘာသာရေး သည်းမခံနိုင်မှုနှင့် လူမှုရေးမညီညွတ်မှုများကို တိုက်ဖျက်ရန် အစိုးရက ကြီးမားသော ရန်ပုံငွေ ခွဲဝေချထားခြင်း မရှိသေးပါ။ Forum Kerukunan Umat Beragama (FKUB) ဟုခေါ်သည့် ဘာသာပေါင်းစုံညီညွတ်ရေး နိုင်ငံလုံးဆိုင်ရာဖိုရမ် (၂၀၀၆ ခုနှစ်တွင် တည်ထောင်သည်) ကို ပြည်ထဲရေးဝန်ကြီးဌာနနှင့် သာသနာရေးဝန်ကြီးဌာန ( Peraturan Bersama Menteri အမှတ် 8 နှင့် 9) မှ ချမှတ်ထားသည့် စည်းမျဥ်းများကို အခြေခံ၍ ပြည်နယ် အစိုးရများနှင့် ဒေသန္တရဘာသာရေးခေါင်းဆောင်များမှ အစပြု ဆောင်ရွက်ခဲ့ပါသည်။ သို့သော် FKUB သည် ၎င်း၏ အစီအစဉ်များအတွက် ဘတ်ဂျက် အနည်းငယ်သာ ရှိပါသည်။ သာသနာရေးဝန်ကြီးဟောင်း Yaqut Cholil Qoumas က ၂၀၂၂ တွင် FKUB ၏ အဆင့်အတန်းကို“ မြှင့်တင်ရန်” ကြိုးစားခဲ့သော်လည်း အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေးကဲ့သို့ သမ္မတက အားကြိုးမာန်တက် ဆောင်ရွက်ခြင်းမျိုး မရှိသေးပါ။
အကြမ်းဖက်ဝါဒနှင့် ဘာသာရေး သည်းမခံနိုင်မှုကြား – နိဂုံးချုပ် မှတ်ချက်
အထက်ပါ ဖော်ပြချက်နှင့် သုံးသပ်ချက်များကို ကြည့်ပါက အစိုးရယန္တရားက အကြမ်းဖက်မှု တိုက်ဖျက်ရန် ကြီးမားသော ရှာဖွေဖမ်းဆီးရေး စီမံချက်များနှင့် အကြမ်းဖက်သမားများ ပြန်လည်ထူထောင်ရေးနှင့် ပေါင်းစည်းခြင်းဆိုင်ရာ အစီအစဉ်များ ဆောင်ရွက်နေသော်လည်း မကြာသေးမီနှစ်များအတွင်း ပိုဆိုးလာခဲ့သည့် ဘာသာရေး သည်းမခံနိုင်မှုအား ကိုင်တွယ်ဖြေရှင်းခြင်း မရှိသည်က အရေးကြီးကိစ္စ ဖြစ်လာပါသည်။
ကံမကောင်းသည့်အချက်မှာ၊ KBB ကို ချိုးဖောက်မှုများ အပါအဝင် ဘာသာရေး သည်းမခံနိုင်မှု ကြီးမားသည့် ကိစ္စများကို အစိုးရက ကိုင်တွယ်ရန် တွန့်ဆုတ်နေပုံရပါသည်။ တိုင်းပြည်၏ လုံခြုံရေး၊ ဘေးကင်းရေးနှင့် သဟဇာတ ဖြစ်ရေးအတွက် လိုအပ်သည့် ဤကိစ္စကို စနစ်တကျ ကိုင်တွယ်ခြင်း မရှိသလို၊ ဆောင်ရွက်မှု အနည်းငယ် ဟိုနားဒီနားသာ ရှိပါသည်။ အမှန်တော့ သာသနာရေး ဝန်ကြီးဌာနတွင် ယခုအခါ သြစတြေးလျနိုင်ငံမှ လေ့ကျင့်သင်ကြားထားသော ပညာရှင် M. Adib Abdushomad မှ ဦးဆောင်သည့် ဘာသာပေါင်းစုံ သဟဇာတဖြစ်မှု စင်တာ Pusat Kerukunan Umat Beragama ရှိသော်လည်း ၎င်းသည် နည်းပါးသော ရန်ပုံငွေနှင့် အခွင့်အာဏာ ကန့်သတ်ထားရသည့် ဝန်ကြီးဌာနအတွင်းမှ သေးငယ်သော ယူနစ် တခုမျှသာ ဖြစ်ပါသည်။ သို့တိုင် Abdushomad သည် ညီညွတ်သောဆု ဖန်တီးခြင်း၊ ပေါ့တ်ကတ်စ်များကို ကျေးလက်ဒေသများသို့ ဖြန့်ဝေခြင်းအပါအဝင် ဘာသာပေါင်းစုံဆက်ဆံရေး၊ ငြိမ်းချမ်းရေးနှင့် သည်းခံနိုင်မှုဆိုင်ရာ အစီအစဉ်များကို တီထွင်ဆန်းသစ်မှုရှိစွာ ဖန်တီးနေပါသည်။ ဘာသာရေးအခြေခံလူမှုရေးတင်းမာမှုနှင့် အကြမ်းဖက်မှုများကိုတားဆီးရန် ကြိုတင်သတိပေးစနစ်ဖြစ်သည့် Si- Rukun (“The Harmony”) ဟုခေါ်သော အက်ပလီကေးရှင်းကိုလည်း စင်တာတွင် လွှင့်တင်ထားပါသည်။
ထို့ကြောင့် အင်ဒိုနီးရှား၏ ငြိမ်းချမ်းရေး၊ လုံခြုံရေး၊ ဘေးကင်းရေးနှင့် အတူယှဥ်တွဲနေထိုင်နိုင်ရေး တို့အတွက် လုံလောက်သော ဖွဲ့စည်းတည်ဆောက်ပုံ၊ အဖွဲ့အစည်းဆိုင်ရာ၊ တရားဥပဒေနှင့် ငွေကြေးဆိုင်ရာ အထောက်အပံ့များ ပံ့ပိုးပေးခြင်းဖြင့် ဘာသာရေး သည်းမခံနိုင်မှုကို အနာဂတ်တွင် ကျော်လွှားရန် ဗဟိုအစိုးရအနေဖြင့် ပိုမိုအာရုံစိုက်ရမည့် အချိန်ဖြစ်နေပါတော့သည်။
Sumanto Al Qurtuby
Sumanto Al Qurtuby သည် Satya Wacana Christian University ၏ ဘာသာရေးကိုလေ့လာခြင်းဌာန၊ ဘာသာရေးကို လူမှုဗေဒမှ ချဥ်းကပ်ခြင်း ဘွဲ့လွန်အစီအစဉ်တွင် အကြီးတန်းကထိက ဖြစ်ပါသည်။
Notes –
ှတ်စု (၁) ဤအကြမ်းဖက်တိုက်ခိုက်မှုများတွင် အောက်ပါတို့ ပါဝင်သည်- ဘာလီဗုံးခွဲမှု ပထမအကြိမ် (၂၀၀၂)၊ JW Marriot ဗုံးခွဲမှု (၂၀၀၃)၊ ဘာလီဗုံးခွဲမှု ဒုတိယအကြိမ် (၂၀၀၅)၊ Ritz Carlton ဗုံးခွဲမှု (၂၀၀၉)၊ Masjid Az-Dzikra Cirebon ဗုံးခွဲမှု (၂၀၁၁)၊ Sarinah ဗုံးခွဲမှု (၂၀၁၆)၊ Surakarta မြို့တော်ရဲဌာနချုပ်တွင် ဗုံးခွဲမှု (၂၀၁၆)၊ Kampung Melayu ဗုံးခွဲမှု (၂၀၁၇)၊ Surabaya ဗုံးခွဲမှု (၂၀၁၈) နှင့် Sidoarjo ဗုံးခွဲမှု (၂၀၁၈) (Schulze ၂၀၁၈)။ (၂) ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက်နေ့တွင် သာသနာရေးဝန်ကြီးဌာန၊ ဘာသာပေါင်းစုံ သဟဇာတဖြစ်မှုစင်တာ၏ အကြီးအကဲ M. Adib Abdushomad နှင့် အွန်လိုင်းစကားဝိုင်း။
References –
Al Qurtuby, Sumanto. 2022. Terrorism and Counter-terrorism in Saudi Arabia and Indonesia. London: Palgrave.
Andrios, Benny. 2022. “Menag: Kemenag Usulkan Perpres Pembentukan FKUB Pusat.” https://kemenag.go.id/nasional/menag-kemenag-usulkan-perpres-pembentukan-fkub-pusat-jtlwmw.
Ashfiya, Dilla Agustin Nurul. 2025. “Kasus Intoleransi di Indonesia: Jumlah, Penyebab, Pelaku, dan Contohnya.” GoodStats, 10 July. https://goodstats.id/article/intoleransi-agama-di-indonesia-HdiJw.
Chernov-Hwang, Julie. 2018. Why Terrorists Quit: The Disengagement of Indonesian Jihadists. Ithaca: Cornell University Press.
CNN Indonesia. 2021. “Daftar Kasus Ledakan Bom di Indonesia Dua Dekade Terahir,” 28 March. https://www.cnnindonesia.com/nasional/20210328150157-20-623072/daftar-kasus-ledakan-bom-di-indonesia-2-dekade-terakhir.
Harsono, Andreas. 2019. Race, Islam, and Power: Ethnic and Religious Violence in Post-Suharto Indonesia. Australia: Monash University Publishing.
Kompas. 2020. “Kasus Kekerasan yang Dipicu Masalah Keberagaman di Indonesia.” https://www.kompas.com/skola/read/2020/02/06/190000569/kasus-kekerasan-yang-dipicu-masalah-keberagaman-di-indonesia.
Robinson, Geoffrey. 1995. The Dark Side of Paradise: Political Violence in Bali. Ithaca, NY: Cornell University Press.
Schulze, Kirsten E. 2018. “The Surabaya Bombings and the Evolution of the Jihadi Threat in Indonesia.” CTC Sentinel, July, pp,1-6.
Solahudin. 2013. The Roots of Terrorism in Indonesia: from Darul Islam to Jema’ah Islamiyah. Ithaca, NY: Cornell University Press.
Wibawana, Widhia Arum. 2022. “Apa Itu Densus 88? Pengertian, Sejarah, Tugas, dan Fungsi.” Detik News, 29 October. https://news.detik.com/berita/d-6375591/apa-itu-densus-88-pengertian-sejarah-tugas-dan-fungsi.

