၂ဝ၂၃ ခုနှစ် ဇူလိုင် ၂၃ ရက်နေ့တွင် ကျင်းပခဲ့သည့် ကမ္ဘောဒီးယား အထွေထွေရွေးကောက်ပွဲတွင် ကမ္ဘောဒီးယားပြည်သူ့ပါတီ (CPP) သည် လွှတ်တော်နေရာ ၁၂၅ နေရာအနက် ၁၂၀ နေရာကို အနိုင်ရရှိကာ ၎င်း၏ သက်တမ်းအတွင်း အကြီးမားဆုံး မဲအများစုကို ရရှိခဲ့ပါသည်။ ယင်းသည် ၁၉၉၁ ခုနှစ် ကမ္ဘောဒီးယားတွင် ပါတီစုံ ဒီမိုကရေစီစနစ် တရားဝင် စတင်သည့်အချိန်မှစပြီး CPP ၏ အာဏာ ထိန်းချုပ်မှု အားအကောင်းဆုံး ရှိနေသည့် အခြေအနေကို ပြသပါသည်။ အတိုက်အခံ ပါတီများသည် နာမည်ခံသာရှိပြီး တရားဥပဒေ၊ အုပ်ချုပ်ရေးနှင့် သတင်းအချက်အလက်ဆိုင်ရာ ကန့်သတ်ချက် များကြောင့် ရွေးကောက်ပွဲ တရားမျှတမှုကို ထိခိုက်ကာ အမှန်တကယ် ယှဉ်ပြိုင်ရန် အခွင့်အရေးများ ကန့်သတ်ခံထားရပါသည်။
ကမ္ဘောဒီးယား၏ ပါတီစုံစနစ်ကို ၁၉၉၁ ခုနှစ် ပါရီငြိမ်းချမ်းရေးသဘောတူစာချုပ် (Paris Peace Agreements) ၏ အစိတ်အပိုင်းအနေဖြင့် မိတ်ဆက်ခဲ့ပါသည်။ ယင်းသည် ဗီယက်နမ်နှင့် ဖြစ်ပွားခဲ့သော ပဋိပက္ခများအပြီး ဒီမိုကရေစီစနစ်တည်ဆောက်ရန် အခြေခံအုတ်မြစ်ဖြစ်ပါသည်။ ကမ္ဘောဒီးယား အတွက် ပထမဆုံး ပါတီစုံ ရွေးကောက်ပွဲကို ကုလသမဂ္ဂ၏ ကမ္ဘောဒီးယားအသွင်ကူးပြောင်းရေး အာဏာပိုင်အဖွဲ့ (UNTAC) မှ ၁၉၉၃ ခုနှစ်တွင် ကြီးမှူးကျင်းပခဲ့ကာ ကမ္ဘောဒီးယားနိုင်ငံရေး စာမျက်နှာ အသစ် ဖွင့်လှစ်ပေးခဲ့ခြင်း ဖြစ်ပါသည်။
သို့သော် နှစ် ၃၀ ကျော်ကြာလာပြီးနောက် ကမ္ဘောဒီးယားပြည်သူ့ပါတီ (CPP) သည် ပါတီစုံစနစ် တည်ရှိမှုကို အားနည်းစေကာ ၎င်း၏ အားသာချက်များကို တိုးမြှင့်လာခဲ့ပါသည်။ ၁၉၉ဝ ခုနှစ် ဝန်းကျင် တွင် ရွေးကောက်ပွဲကာလ အကြမ်းဖက်မှုများကို အကြောင်းပြပြီး အတိုက်အခံများကို ဖိနှိပ် လာခဲ့ပါသည်။ ၂၀၀၀ ပြည့်နှစ်ဝန်းကျင်တွင် ကမ္ဘောဒီးယားပြည်သူ့ပါတီ (CPP) သည် ၎င်း၏ ထိန်းချုပ်မှုကို ပိုမိုခိုင်မာစေရန် စနစ်တကျဆောင်ရွက်သော နည်းလမ်းများဖြင့် အတိုက်အခံ လှုပ်ရှားမှုများကို ကန့်သတ်သည့် ရွေးကောက်ပွဲဥပဒေများ ပြဋ္ဌာန်းခဲ့ပါသည်။ အတိုက်အခံ ပါတီများကို ဖယ်ရှားရန် အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး နည်းလမ်းများကို အသုံးပြုခဲ့ပါသည်။ ထို့အပြင် မီဒီယာလောကကို ထိန်းချုပ်ရန် ကျယ်ပြန့်သော ဆင်ဆာပိတ်ပင်ခြင်းများ ပြုလုပ်ခဲ့ပါသည်။ ကမ္ဘောဒီးယားပြည်သူ့ပါတီ (CPP) သည် ရွေးကောက်ပွဲစနစ်နှင့် ပြည်သူ့အသံကို ပါဝင်ပုံဖော်ခြင်းဖြင့် အာဏာ တည်မြဲခဲ့ပြီး ရွေးကောက်ပွဲလုပ်ငန်းစဉ်တွင် ယှဉ်ပြိုင်မှု လျော့ကျ လာခဲ့ပါသည်။
ကမ္ဘောဒီးယားရှိ ရွေးကောက်ပွဲ အကြမ်းဖက်မှု
၁၉၉၃ ခုနှစ်နောက် ၂၀၀၀ ပြည့်နှစ်ဝန်းကျင်အထိ ကမ္ဘောဒီးယား ရွေးကောက်ပွဲများ၏ အဓိက အင်္ဂါရပ် တခုမှာ နိုင်ငံရေး အကြမ်းဖက်မှု ဖြစ်ပါသည်။ အဆိုပါ အကြမ်းဖက်မှုသည် အများအားဖြင့် ရွေးကောက်ပွဲကာလများနှင့် ချိတ်ဆက်နေပြီး ကမ္ဘောဒီးယားပြည်သူ့ပါတီ (CPP) ၏ အဓိက ပစ်မှတ်မှာ အတိုက်အခံပါတီများနှင့် ၎င်းတို့ကို ပံ့ပိုးထောက်ခံသူများ ဖြစ်ပါသည်။ ၁၉၉၃ ခုနှစ် ရွေးကောက်ပွဲတွင် ဘုရင်စနစ်ထောက်ခံသည့် လွတ်လပ်သော၊ ငြိမ်းချမ်းသော၊ ပူးပေါင်းဆောင်ရွက်သော ကမ္ဘောဒီးယား အမျိုးသား ညီညွတ်ရေးပါတီ (FUNCINPEC) က အနိုင်ရခဲ့သော်လည်း ၁၉၈၅ ခုနှစ်ကတည်းက ဗီယက်နမ် ကျောထောက်နောက်ခံဖြင့် အုပ်ချုပ်နေသည့် ဝန်ကြီးချုပ် ဟွန်ဆန် (Hun Sen) သည် ရာထူးမှ ဆင်းပေးရန် ငြင်းဆိုခဲ့ပါသည်။ ထို့ကြောင့် FUNCINPEC နှင့် CPP အကြား မဟာမိတ် ညွန့်ပေါင်း အစိုးရအဖြစ် ဟွန်းဆန်နှင့် မင်းသား နိုရိုဒမ်ရနာရစ် (Norodom Ranariddh) တို့က ပူးတွဲ ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါသည်။
မဟာမိတ်ညွန့်ပေါင်းအစိုးရ သဘောတူညီမှုသည် ၁၉၉၇ ခုနှစ်တွင် ဟွန်ဆန်က ရနာရစ်ကို အာဏာသိမ်းပြီး ထုတ်ပယ်ရန် ဆောင်ရွက်ရာမှ ပြိုကွဲသွားပါသည်။ ထိုကိစ္စကြောင့် အတိုက်အခံပါတီ အဖွဲ့ဝင် ၆၀ ကျော် အသတ်ခံခဲ့ရပါသည်။ ကမ္ဘောဒီးယားပြည်သူ့ပါတီ (CPP) ၏ ကနဦး နိုင်ငံရေး ထိန်းချုပ်မှု တခုလည်း ဖြစ်လာပါသည်။ ဟွန်ဆန်သည် တဦးတည်းသော ဝန်ကြီးချုပ်အဖြစ် ဆက်လက် တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ၁၉၉၈ ရွေးကောက်ပွဲမတိုင်မီ FUNCINPEC ပါတီဝင်များအပေါ် အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့ပြီး ၎င်းတို့ထဲမှ များစွာသည် နိုင်ငံတကာသို့ ထွက်ပြေး တိမ်းရှောင် ခဲ့ရပါသည်။ အတိုက်အခံ ကိုယ်စားလှယ်များ မီဒီယာ အသုံးပြုခွင့်ကိုလည်း ကန့်သတ်ခဲ့ပြီး ကမ္ဘောဒီးယားပြည်သူ့ပါတီ (CPP) သည် အတိုက်အခံ မရှိသလောက်ဖြင့် မဲဆွယ်မှုများ ဆက်လက် လုပ်ဆောင်နိုင်ခဲ့ပါသည်။ CPP အနိုင်ရပြီးနောက် မဲမသမာမှု အပေါ် ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ပြီး ၎င်းတို့ကို အကြမ်းဖက် နှိမ်နင်းခဲ့သည့်အတွက် လူသေဆုံးမှုများလည်း ဖြစ်ပွားခဲ့ပါသည်။
၂၀၀၃ ခုနှစ် ရွေးကောက်ပွဲမတိုင်မီတွင်လည်း အကြမ်းဖက်မှုနှင့် ခြိမ်းခြောက်မှုများ ဆက်လက် ဖြစ်ပွားခဲ့ပါသည်။ ၂၀၀၂ ခုနှစ် ရပ်ကျေးရွေးကောက်ပွဲသည် အထွေထွေရွေးကောက်ပွဲ အကြိုဟု ဆိုရမည် ဖြစ်ပါသည်။ ထိုရွေးကောက်ပွဲတွင် အတိုက်အခံဖက်မှ တက်ကြွလှုပ်ရှားသူ ၁၅ ဦး အသတ်ခံခဲ့ရပြီး FUNCINPEC နှင့် Sam Rainsy Party (SRP) ထောက်ခံသူများအပေါ် ခြိမ်းခြောက်မှုများနှင့် ပိုင်ဆိုင်မှု ပျက်စီးခြင်းများ များစွာဖြစ်ခဲ့သည်ဟု သတင်းများ ထွက်ခဲ့ပါသည်။
ဆက်လက်ပြီး အကြမ်းဖက်မှုများ ရံဖန်ရံခါ ဖြစ်ပွားခဲ့ပြီး ၂၀၀၈ ခုနှစ်တွင် အစိုးရကို ဝေဖန်သော သတင်းထောက် Khim Sambo အသတ်ခံရမှုကဲ့သို့ အကြမ်းဖက်မှုများ ရှိသော်လည်း ၂၀၀၀ ပြည့်နှစ်ဝန်းကျင်မှပြီး အတိုက်အခံများကို အကြမ်းဖက်မှု လျော့ကျလာပါသည်။ ပေါ်တင် အကြမ်းဖက်မှုများ လျော့နည်းလာပြီး ကမ္ဘောဒီးယားပြည်သူ့ပါတီ (CPP) သည် ရွေးကောက်ပွဲ ဥပဒေများ ပြင်ဆင်ခြင်း၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးနည်းလမ်းများဖြင့် အတိုက်အခံ ပါတီများကို ဖယ်ရှားခြင်းနှင့် လွတ်လပ်သော မီဒီယာများကို ထိန်းချုပ်ခြင်းကဲ့သို့သော မသိသောသော နည်းလမ်းများကို သုံးစွဲလာပါသည်။ ယင်းတို့ကြောင့် ရွေးကောက်ပွဲစနစ် ပိုချိနဲ့ခဲ့ပြီး ကမ္ဘောဒီးယားသည် တပါတီ ကြီးစိုးသော နိုင်ငံအဖြစ် ပြောင်းလဲသွားခဲ့ပါသည်။
ပြင်ဆင်ထားသော ရွေးကောက်ပွဲဥပဒေများ
ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ အခြေခံစံနှုန်းများကို ကမ္ဘောဒီးယားပြည်သူ့ပါတီ (CPP) ၏ အကျိုးစီးပွား အတွက် စနစ်တကျ ပြင်ဆင်ခဲ့ပြီး အတိုက်အခံပါတီများ ရွေးကောက်ပွဲတွင် အဓိပ္ပာယ်ရှိစွာ ပါဝင်နိုင်ခြင်းကို ကန့်သတ်ထားပါသည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေသည် ဒီမိုကရေစီစနစ်အတွက် အခြေခံ ဖြစ်ပြီး ပုဒ်မ ၅၁ တွင် “လစ်ဘရယ် ဒီမိုကရေစီစနစ်နှင့် အယူဝါဒကွဲပြားမှု” ကို နိုင်ငံက လက်ခံသည်ဟု ဖော်ပြထားပါသည်။ ထို့ကြောင့် နိုင်ငံရေး အာဏာသည် ပြည်သူ့ဆန္ဒမှ ဆင်းသက်လာသည်ဟု ဆိုသည့် အတိုင်း မဲဆန္ဒရှင်ပြည်သူများ ရွေးကောက်ပွဲတွင် လွတ်လပ်စွာ မဲပေးနိုင်ရန် လိုအပ်ပါသည်။
သို့သော် ၂၀၂၃ ရွေးကောက်ပွဲ မတိုင်မီ ဖွဲ့စည်းပုံပြင်ဆင်မှုများကြောင့် အတိုက်အခံ နိုင်ငံရေး ပါတီများ၏ အခန်းကဏ္ဍကို ထိခိုက်ခဲ့ပါသည်။ ပုဒ်မ ၁၉၊ ၈၂၊ ၁၀၆၊ ၁၁၉၊ ၁၃၇ ပုဒ်မများနှင့် ဖွဲ့စည်းပုံ ဥပဒေပုဒ်မ ၃ နှင့် ၄ တို့ကို ပြင်ဆင်ပြီး နှစ်နိုင်ငံသား ခံယူထားသော နိုင်ငံသားများသည် ဝန်ကြီးချုပ်ကဲ့သို့သော အရေးကြီးရာထူးများတွင် တာဝန်ယူခွင့် မရှိကြောင်း ပြင်ဆင် သတ်မှတ်ပါသည်။ ၎င်းပြောင်းလဲမှု များသည် ၂၀၁၃ ခုနှစ် ရွေးကောက်ပွဲတွင် ကမ္ဘောဒီးယားပြည်သူ့ပါတီ (CPP) ၏ အာဏာထိန်းချုပ်မှုကို စိန်ခေါ်ခဲ့သော ကမ္ဘောဒီးယားအမျိုးသားကယ်တင်ရေးပါတီ (CNRP) မှ အရေးပါသော အတိုက်အခံ ခေါင်းဆောင်များကို သက်ရောက်ခဲ့ပါသည်။ ဥပမာ – ၎င်းပါတီ ခေါင်းဆောင် ဆမ်ရိမ်းစီ (Sam Rainsy) သည် ကမ္ဘောဒီးယားနှင့် ပြင်သစ် နှစ်နိုင်ငံသားဖြစ်ပြီး မော်ဆိုချွာသည် နိုင်ငံခြားသားနှင့် အိမ်ထောင်ပြု ထားသူ ဖြစ်ပါသည်။
တခြားဥပမာတခုမှာ လွှတ်တော်ကိုယ်စားလှယ်များဆိုင်ရာ ရွေးကောက်ပွဲဥပဒေ (LEMNA) ဖြစ်ပါသည်။ ၎င်းဥပဒေသည် ကမ္ဘောဒီးယားနိုင်ငံ ရွေးကောက်ပွဲလုပ်ငန်းစဉ်ကို သက်ရောက်ပါသည်။ ၂၀၂၃ ခုနှစ်တွင် ယင်းဥပဒေကို ပြင်ဆင်မှုများ ပြုလုပ်ခဲ့ပြီး ယခင်ရွေးကောက်ပွဲ နှစ်ကြိမ်တွင် မဲ မပေးခဲ့ သော ကိုယ်စားလှယ်လောင်းများကို ကန့်သတ်ချက်များ ထည့်သွင်းခဲ့ပါသည်။ ထို့အပြင် မဲမပေးရန် သို့မဟုတ် ပယ်မဲထည့်ရန် တိုက်တွန်းသူများအပေါ် အရေးယူမှုများ ထည့်သွင်းခဲ့ပါသည်။ အာဏာရပါတီ CPP ကို မကြိုက်ကြသော၊ တိုက်ခိုက်မှုများကြောင့် နိုင်ငံခြားသို့ ထွက်ပြေးနေရသော အတိုက်အခံများ အတွက် ယခင်ရွေးကောက်ပွဲများတွင် မဲမပေးနိုင်ခဲ့ခြင်းကြောင့် ရှေ့လာမည့် ရွေးကောက်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့် မရှိတော့ပါ။ ထို့ကြောင့် CPP ၏ အုပ်စိုးမှုကို စိန်ခေါ်ရန် အတိုက်အခံများ၏ အခွင့်အရေးများ ထပ်မံလျော့ပါးသွားပါသည်။ ၎င်းပြောင်းလဲမှုများကို လွှတ်တော်တွင်း CPP ကိုယ်စားလှယ် ၁၁၁ ဦး စလုံးမှ ဆွေးနွေးငြင်းခုံမှုများ ဆောင်ရွက်ခြင်း မရှိဘဲ မြန်မြန်ဆန်ဆန် အတည်ပြု ခဲ့ပါသည်။
ဤဥပမာများသည် ရွေးကောက်ပွဲ ဥပဒေ ပြင်ဆင်မှုအားလုံးကို မဖော်ပြထားသော်လည်း ကမ္ဘောဒီးယားပြည်သူ့ပါတီ (CPP) သည် ဖွဲ့စည်းပုံအရ တရားဝင်မှုကို ထိန်းသိမ်းရင်း ရွေးကောက်ပွဲ ယှဉ်ပြိုင်နိုင်မှုကို ကန့်သတ်ရန် မဲဆန္ဒရှင် ပြည်သူများ ပါဝင်ခွင့်ကို ကန့်သတ်ရန် အဓိက ရည်ရွယ်သည်ကို ထင်ရှားစွာ ဖော်ပြနေပါသည်။ CPP သည် လွှတ်တော်တွင် ကိုယ်စားလှယ်အများစု ရှိနေသည့် အတွက် ကြောင့် ၎င်း ပြောင်းလဲမှုများကို အတိုက်အခံမရှိဘဲ ဆောင်ရွက်နိုင်ပါသည်။
အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး နည်းလမ်းများ
၂၀၀၀ ပြည့်နှစ်ဝန်းကျင်မှစပြီး နိုင်ငံရေး အကြမ်းဖက်မှုများသည် အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး နည်းလမ်းများအဖြစ် ပြောင်းလဲလာပြီး အထူးသဖြင့် ၂၀၁၃ ခုနှစ် အထွေထွေရွေးကောက်ပွဲ နောက်ပိုင်း နှင့် ၂၀၁၈ နှင့် ၂၀၂၃ ရွေးကောက်ပွဲ မတိုင်မီကာလများတွင် အတိုက်အခံ ပါတီများအား ဖိနှိပ်ရန် ဤနည်းလမ်းများကို အသုံးပြုခဲ့ပါသည်။
၂၀၁၃ ခုနှစ် ရွေးကောက်ပွဲတွင် ကမ္ဘောဒီးယားအမျိုးသားကယ်တင်ရေးပါတီ (CNRP) သည် ၁၉၉၈ ခုနှစ် နောက်ပိုင်း ကမ္ဘောဒီးယားပြည်သူ့ပါတီ (CPP) ၏ နိုင်ငံရေးကြီးစိုးမှုကို အမှန်တကယ် စိန်ခေါ်နိုင်သော ပါတီအဖြစ် ပေါ်ထွက်လာခဲ့ပါသည်။ CPP ၏ မဲရရှိမှုသည် ၄၈.၈% အထိကျဆင်းသွားပြီး CNRP သည် ၄၄.၄% မဲပမာဏအထိ ရရှိခဲ့ပါသည်။ ယင်းရွေးကောက်ပွဲတွင် ရလဒ်က နီးကပ်သောကြောင့် နိုင်ငံရေး အတိုက်အခံများအား ထိန်းချုပ်ရန် အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး နည်းလမ်းများကို ပိုမိုသုံးစွဲလာခဲ့ပါသည်။ ၂၀၁၅ ခုနှစ်တွင် CNRP ၏ ဥက္ကဋ္ဌဟောင်း ဆမ်ရိမ်းစီ (Sam Rainsy) ကို ၂၀၁၃ ရွေးကောက်ပွဲတွင် CPP က မဲ မသမာမှုပြုလုပ်ခဲ့သည်ဟု စွပ်စွဲခဲ့သောကြောင့် အသရေဖျက်မှုဖြင့် ထောင်ဒဏ် ၂ နှစ် ချမှတ်ခဲ့ပါသည်။ ၎င်းသည် ၂၀၁၅ ခုနှစ် နိုဝင်ဘာလတွင် နိုင်ငံခြားသို့ ထွက်ပြေး တိမ်းရှောင်ခဲ့ပါသည်။
ကမ္ဘောဒီးယားပြည်သူ့ပါတီ (CPP) က အတိုက်အခံများအား ချိနဲ့စေရန် ကြိုးပမ်းမှုသည် ၂၀၁၆ ခုနှစ်တွင် နိုင်ငံရေးနှင့် အစိုးရ ဝေဖန်သူ ကမ်းလေး (Kem Ley) လုပ်ကြံခံရပြီးနောက် ပိုမိုပြင်းထန်လာခဲ့ပါသည်။ ဆမ်ရိမ်းစီက သူ့သေဆုံးမှုသည် အစိုးရလက်ချက်မကင်းဟု ဆိုသည့်အတွက် အသရေဖျက်မှု မြောက်သည် ဆိုကာ ထပ်မံ တရားစွဲခံခဲ့ရပါသည်။ ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလတွင် ၎င်းသည် ပြစ်မှု ကျူးလွန်သူများကို နိုင်ငံရေးပါတီ ခေါင်းဆောင်အဖြစ် ထားခွင့်မပြုသည့် ဥပဒေပြင်ဆင်ရန် အဆိုပြုချက်ကြောင့် CNRP ၏ ဥက္ကဋ္ဌရာထူးမှ ဆင်းခဲ့ရပါသည်။
၂၀၁၇ ခုနှစ်တွင် ဆမ်ရိမ်းစီကို ဆက်ခံသူ ကမ်းဆိုခါး (Kem Sokha) ပါတီ ဥက္ကဋ္ဌအဖြစ် တာဝန်ယူ ပြီးနောက် ရာဇသတ်ကြီးပုဒ်မ ၄၄၃ နိုင်ငံတော်ပုန်ကန်မှုဖြင့် တရားစွဲခံခဲ့ရပြန်ပါသည်။ ၎င်းသည် အမေရိကန်နှင့် ပူးပေါင်းကာ အစိုးရကို ဖြုတ်ချရန် ကြံစည်သည်ဟု စွပ်စွဲခံခဲ့ရပါသည်။ ကမ်းဆိုခါးကို ၂၇ နှစ် နေအိမ်အကျယ်ချုပ် ပြစ်ဒဏ်ချမှတ်ခံရပြီး နိုင်ငံရေးတွင် ပါဝင်ခွင့် ပိတ်ပင် ခံခဲ့ရပါသည်။ ယင်းအမှု ကို ကုလသမဂ္ဂ ပညာရှင်များက CNRP ၏ နိုင်ငံရေးသြဇာကို ချေမှုန်းရန် နိုင်ငံရေးရည်ရွယ်ချက်ဖြင့် ဆောင်ရွက်ခြင်း ဖြစ်သည်ဟု မှတ်ချက်ချခဲ့ပါသည်။ ၂၀၁၇ ခုနှစ် နိုဝင်ဘာလတွင် ကမ္ဘောဒီးယား တရားလွှတ်တော်ချုပ်က CNRP ပါတီသည် ဝန်ကြီးချုပ်ဟွန်ဆန်၏ အုပ်ချုပ်မှုကို နိုင်ငံခြား ထောက်ခံမှုဖြင့် တော်လှန်ရန် ကြံစည်သည်ဟု ဆိုကာ ဖျက်သိမ်းခဲ့ပါသည်။ အတိုက်အခံ ပါတီ အားနည်း သွားသဖြင့် ကမ္ဘောဒီးယားပြည်သူ့ပါတီ (CPP) သည် ၂၀၁၈ ရွေးကောက်ပွဲ တွင် မဲ ၇၆.၈% ဖြင့် လွှတ်တော်နေရာ ၁၂၅ နေရာလုံးကို အနိုင် ရရှိခဲ့ပါသည်။
၂၀၂၃ ရွေးကောက်ပွဲတွင် CNRP ဖျက်သိမ်းပြီးနောက် Candlelight Party (CLP) (ယခင်နာမည် – ခမာအမျိုးသားပါတီနှင့် SRP ပါတီ) သည် အဓိက အတိုက်အခံ ပါတီအဖြစ် ရပ်တည်ခဲ့ပါသည်။ သို့သော် ၂၀၂၃ ရွေးကောက်ပွဲတွင် CLP ၏ ပါဝင်ယှဥ်ပြိုင်ခွင့်ကို အမျိုးသား ရွေးကောက်ပွဲကော်မရှင်က ပယ်ဖျက်ခဲ့ပြန်ပါသည်။ ၎င်းတို့က မှတ်ပုံတင်ရန် လိုအပ်သည့် မူရင်းစာရွက်စာတမ်းများ မရှိဟု အကြောင်းပြခဲ့ပါသည်။ CLP က ၂၀၁၇ ခုနှစ်တွင် ရဲဝင်စီးခံရပြီး ရွေးကောက်ပွဲအတွက် လိုအပ်သည့် စာရွက်စာတမ်းများကို ရဲက သိမ်းသွားသည့်အတွက် မှတ်ပုံတင်ရာတွင် မူရင်းစာရွက်စာတမ်း တင်ပြရန် အခက်အခဲရှိကြောင်း ဆိုခဲ့ပါသည်။ ယင်းနောက် ဘဏ္ဍာရေးနည်းလမ်းများဖြင့် ပါတီဝင်များကို ဆက်လက် ဖိနှိပ်ခဲ့ပါသည်။ ၂၀၂၄ ခုနှစ် ဇူလိုင်လတွင် CLP ၏ ဥက္ကဋ္ဌ တိဗ်ဗန်နော (Teav Vannol) သည် ဝန်ကြီးချုပ် ဟွန်မာနက် (Hun Manet) ကို ဝေဖန်သည့်အတွက် အသရေဖျက်မှုဖြင့် အမေရိကန်ဒေါ်လာ ၁.၅ သန်း ပြစ်ဒဏ် ချမှတ်ခံခဲ့ရပါသည်။
ရွေးကောက်ပွဲ မဲမသမာမှုများ ပြုလုပ်ပြီးလည်း အတိုက်အခံများအား ပိုမိုအားနည်းစေပါသည်။ ဥပမာအားဖြင့် ၂၀၂၂ ခုနှစ် ရပ်ကျေးရွေးကောက်ပွဲတွင် မဲစာရွက်များ ပျောက်ဆုံးခြင်း၊ ဖြေရှင်းချက် မပေးနိုင်ဘဲ ထပ်တိုးမဲများ ရောက်လာခြင်း၊ မဲစာရင်း မကြာခဏ ပြုပြင်ခြင်းနှင့် ပယ်ဖျက်ခြင်းများ ဖြစ်ပွားခဲ့ပါသည်။ ၎င်းတို့ကို တားဆီးရန် ရွေးကောက်ပွဲကော်မရှင်မှ မည်သည့်အရေးယူမှုမျှ မပြုလုပ်ခဲ့သလောက် ဖြစ်ပါသည်။ အဆိုပါအရာများသည် ကမ္ဘောဒီးယားပြည်သူ့ပါတီ (CPP) ကို ၎င်း၏ နိုင်ငံရေးပြိုင်ဘက်များအပေါ် အထူးအားသာစေကာ ရွေးကောက်ပွဲတွင် တရားမျှတစွာ ယှဉ်ပြိုင်ရန် အတိုက်အခံများအနေဖြင့် မတတ်စွမ်းသာ ဖြစ်စေပါသည်။
လွတ်လပ်သော မီဒီယာကို ထိန်းချုပ်မှု
ကမ္ဘောဒီးယားပြည်သူ့ပါတီ (CPP) သည် ပါတီစုံ ရွေးကောက်ပွဲစနစ်ကို ထပ်မံအားနည်းစေရန် လွတ်လပ်သော မီဒီယာများအပေါ် ထိန်းချုပ်မှုကို တင်းကျပ်စွာ ဆောင်ရွက်နေပါသည်။ CPP သည် ၂၀၁၃ ရွေးကောက်ပွဲတွင် အာဏာ တည်မြဲရေး ကြိုးပမ်းမှုနောက်ပိုင်းတွင် အထူးသိသာစွာ အားစိုက် လာပါသည်။ CPP အစိုးရသည် လွတ်လပ်သော မီဒီယာ အဖွဲ့အစည်းများ၊ သတင်းထောက်များနှင့် ဒစ်ဂျစ်တယ်ပလက်ဖောင်းများကို ပစ်မှတ်ထားကာ အစိုးရ တာဝန်ယူမှု၊ တာဝန်ခံမှုနှင့် ပတ်သက်သော အကြောင်းအရာများကို ထိန်းချုပ်ရန် ကြိုးပမ်းခဲ့ပါသည်။ ၎င်းက လွတ်လပ်သော သတင်း အချက်အလက်များ စီးဆင်းမှုကို ကန့်သတ်ပြီး အတိုက်အခံများအနေဖြင့် ပြည်သူများနှင့် ထိထိရောက်ရောက် ဆက်သွယ်နိုင်ခြင်းကို လျှော့ချစေသောကြောင့် ရွေးကောက်ပွဲ တရားမျှတမှုနှင့် ယှဉ်ပြိုင်မှုအား ထိခိုက်စေပါသည်။
၂၀၀၈ ခုနှစ် မေလတွင် Angkor Ratha ရေဒီယိုကို အစိုးရ ခွင့်ပြုချက် မရှိဘဲ အတိုက်အခံ မီဒီယာ အစီအစဉ်များ ထုတ်လွှင့်သည့်အတွက် ပိတ်သိမ်းခဲ့ပါသည်။ ၂၀၁၈ ရွေးကောက်ပွဲ မတိုင်မီ တနှစ်အတွင်းတွင် အစိုးရ မီဒီယာ TVK သည် ၎င်း၏ အချိန် ၈၄% ကို အာဏာရပါတီ ကမ္ဘောဒီးယားပြည်သူ့ပါတီ (CPP) အတွက် သုံးပြီး FUNCINPEC နှင့် SRP တို့သည် ၁၀% နှင့် ၆% သာ ရရှိခဲ့ပါသည်။
၂၀၁၇ ခုနှစ် စက်တင်ဘာလတွင် သတင်းစုံစမ်းဖော်ထုတ်မှုတွင် နာမည်ကြီးသည့် ကမ္ဘောဒီးယားနေ့စဥ် (The Cambodia Daily) သည် အကျင့်ပျက်မှု၊ လူ့အခွင့်အရေး ချိုးဖောက်မှုနှင့်ပတ်သက်သော အစိုးရ လုပ်ရပ်များကို ဝေဖန်သည့် သတင်းများထုတ်ဝေသည့်အတွက် အမေရိကန်ဒေါ်လာ ၆.၃ သန်း အခွန်ပေးဆောင်ရန် တောင်းဆိုခံခဲ့ရပြီး ပိတ်သိမ်းခဲ့ရပါသည်။ ၎င်းအခွန်ကောက်မှုသည် ၂၀၁၃ ရွေးကောက်ပွဲရလဒ်နှင့် ၂၀၁၈ ရွေးကောက်ပွဲမတိုင်မီ ဖြစ်ပွားသည့်အတွက် နိုင်ငံရေးအရ ရည်ရွယ်ချက်ရှိသည်ဟု ယူဆရပါသည်။
အစိုးရသည် Radio Free Asia (RFA) နှင့် Voice of America (VOA) မီဒီယာများကိုလည်း ပစ်မှတ်ထားကာ ကမ္ဘောဒီးယားပြည်သူ့ပါတီ (CPP) ကို ဝေဖန်သော သတင်းအရင်းအမြစ်များကို ထိန်းချုပ်ရန် ကြိုးပမ်းခဲ့ပါသည်။ ၎င်းတို့၏ အစီအစဉ်များကို ထုတ်လွှင့်နေသည့် ရေဒီယိုအသံလွှင့် ဌာနများအား တရားဝင် ပိတ်သိမ်းခဲ့ပြီး လွတ်လပ်သော သတင်းအချက်အလက်များကို ရရှိရန် လမ်းကြောင်းများကို အထူးသဖြင့် ကျေးလက်ဒေသများတွင် ကန့်သတ်ခဲ့ပါသည်။ RFA သည် တရားဥပဒေနှင့် ခြိမ်းခြောက်မှုကြောင့် နိုင်ငံတွင်း လည်ပတ်မှုကို ရပ်ဆိုင်းလိုက်ရပြီး ယခုလက်ရှိတွင် အမေရိကန်ပြည်ထောင်စုမှ သတင်းထုတ်လွှင့်နေပါသည်။ VOA သည် ဆက်လက်လည်ပတ်နေဆဲ ဖြစ်သော်လည်း သတင်းရောက်ရှိမှုမှာ လျော့ကျသွားပြီ ဖြစ်ပါသည်။
၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလတွင် Voice of Democracy (VOD) သည် တူရကီနိုင်ငံတွင် ဖြစ်ပွားသော ငလျင်နှင့် စပ်လျဥ်းပြီး ဝန်ကြီးချုပ်ဟွန်ဆန်၏သား ဟွန်မာနက်က အငြင်းပွားဖွယ် ကိစ္စတခုတွင် ပါဝင်သည်ဟု သတင်းထုတ်ပြီးနောက် ပိတ်သိမ်းခံခဲ့ရပါသည်။ သတင်းတွင် ဟွန်မာနက်သည် အမေရိကန်ဒေါ်လာ ၁သိန်းတန် အကူအညီကို ခွင့်ပြုခဲ့သည်ဟု ဖော်ပြထားပါသည်။ ဟွန်ဆန်က သတင်း မှားယွင်းသည်ဟု ဆိုကာ VOD သည် နိုင်ငံတော်လုံခြုံရေးကို ထိခိုက်စေသော သတင်းကို ထုတ်လွှင့်သည်ဟု စွပ်စွဲခဲ့ပါသည်။
၂၀၂၁ ခုနှစ်တွင် ဖွဲ့စည်းထားသော အမျိုးသားအင်တာနက်ဂိတ်ဝေး National Internet Gateway (NIG) သည် မီဒီယာကို ထိန်းချုပ်ရန် အစိုးရအတွက် အရေးပါပါသည်။ သို့သော် ယနေ့ထိ ယင်းဂိတ်ဝေးကို အပြည့်အဝ မဖော်ဆောင်နိုင်သေးပါ။ ဂိတ်ဝေးသည် အင်တာနက် လုပ်ငန်းစဉ်အားလုံးကို အစိုးရထိန်းချုပ်သော ဗဟိုတခုမှ တဆင့် ချိတ်ဆက်စေရန် ဖန်တီးထားပြီး ၎င်းက အစိုးရ သတ်မှတ်ထားသော ဝက်ဘ်ဆိုက်များကို စောင့်ကြည့်ခြင်း၊ စစ်ထုတ်ခြင်းနှင့် ဝင်ရောက်မှုကို ကန့်သတ်နိုင်သော နည်းလမ်းတခု ဖြစ်ပါသည်။ ယင်းက လွတ်လပ်သော မီဒီယာများ၏ သတင်းများကို ပြန့်နှံ့မှုကို ကန့်သတ်ရန်နှင့် သတင်းအချက်အလက်များ ထုတ်လွှင့်မှုကို ထိန်းချုပ်နိုင်သော နည်းလမ်းတခုအဖြစ် ပံ့ပိုးပေးပါသည်။ ထို့ကြောင့် ဂိတ်ဝေး၏ အရေးပါမှုမှာ အစိုးရကို ဝေဖန်သော အကြောင်းအရာများ ပြန့်နှံ့မှုကို ကန့်သတ်နိုင်သည့် စွမ်းရည်ရှိပြီး ပြည်သူ့ သဘောထားအမြင်များကို ပုံဖော်နိုင်စွမ်းရှိပါသည်။ ၎င်းထိန်းချုပ်မှုသည် နိုင်ငံရေးအရ အထူးထိခိုက်လွယ်သည့် ကာလများ ဖြစ်သည့် ရွေးကောက်ပွဲကာလများတွင် အထူးသက်ရောက်မှု ရှိပါသည်။ ထိုကဲ့သို့ သတင်းများကို ထိန်းချုပ်နိုင်ခြင်းက မဲဆန္ဒရှင်ပြည်သူများ၏ သဘောထားကို လွှမ်းမိုးနိုင်ပြီး ရွေးကောက်ပွဲရလဒ်များကို တိုက်ရိုက် သက်ရောက်စေနိုင်ပါသည်။
နိဂုံး
၁၉၉၇ ခုနှစ်မှစ၍ ကမ္ဘောဒီးယားပြည်သူ့ပါတီ (CPP) အစိုးရသည် ပါတီစုံ ရွေးကောက်ပွဲများကို များစွာ ထိခိုက်စေခဲ့ပါသည်။ မူလက ၎င်းသည် အတိုက်အခံများကို တိုက်ရိုက် နိုင်ငံရေး အကြမ်းဖက်မှုများဖြင့် ဖိနှိပ်သော်လည်း ယခုအခါ ရွေးကောက်ပွဲဥပဒေများ ပြင်ဆင်ခြင်း၊ နိုင်ငံရေး အပြိုင်အဆိုင်များအား ဖိနှိပ်ခြင်းနှင့် မီဒီယာကို တင်းကျပ်စွာ ထိန်းချုပ်ခြင်းကဲ့သို့ ပေါ်တင်မဟုတ်သော နည်းလမ်းများဖြင့် ဆောင်ရွက်လာပါသည်။ ထို့ကြောင့် ကမ္ဘောဒီးယားရှိ ရွေးကောက်ပွဲများသည် ပါတီစုံစနစ် ရှိသကဲ့သို့ ဖြစ်နေသော်လည်း အတိုက်အခံများ အမှန်တကယ် ယှဉ်ပြိုင်ခွင့်ကို စနစ်တကျ ငြင်းပယ် ခံထားရပါသည်။ CPP သည် ယင်းသို့ ပြုလုပ်နိုင်ခြင်းကြောင့် နိုင်ငံရေးတွင် အဓိက အင်အားစုအဖြစ် တည်ထောင်နိုင်ခဲ့ပြီး ဒီမိုကရေစီ တိုးတက်ရေးကို ပိတ်ပင်ခဲ့ပါသည်။
နိုင်ငံတကာအသိုင်းအဝိုင်းက သတင်းလွတ်လပ်ခွင့်နှင့် နိုင်ငံရေးအတိုက်အခံများ နေရာကျဉ်းလာခြင်းကို အထူးစိုးရိမ်ကြောင်း ဖော်ပြကာ အစိုးရအနေဖြင့် တာဝန်ယူမှု၊ တာဝန်ခံမှုရှိရန် တောင်းဆိုခဲ့ပါသည်။ အရပ်ဖက်လူ့အဖွဲ့အစည်းတက်ကြွ လှုပ်ရှားမှုများကိုလည်း ထောက်ပံ့ခဲ့ပါသည်။ သို့သော် ၎င်းတို့၏ ကြိုးပမ်းမှုမှာ အရာမထင်သေးပါ။ ကမ္ဘောဒီးယားပြည်သူ့ပါတီ (CPP) သည် ၎င်း၏ အာဏာကို ထိန်းသိမ်းထားရန် ပြင်ပဖိအားများကို ဆန့်ကျင်နေဦးမည် ဖြစ်ပါတော့သည်။
Marc Piñol Rovira, Asia Centre