ဗီယက်နမ်-ထိုင်ဝမ် မိသားစု
ဤလေ့လာမှုတွင် အင်တာဗျူးထားသူများသည် အဓိကအားဖြင့် ၎င်းတို့၏ အနာဂတ် အိမ်ထောင်ဖက် များအား အလုပ်မှတဆင့် သို့မဟုတ် မိတ်ဆက်ခြင်းမှတဆင့် (ကြင်ယာဖက်ရှာသည့် ဝန်ဆောင်မှုများမှတဆင့်တွေ့သူ တဦးပါဝင်) တွေ့ဆုံကြခြင်း ဖြစ်ပါသည်။ ဤသုတေသနတွင် ပါဝင်သော ဗီယက်နမ် အမျိုးသမီးများသည် ပညာတတ်များ ဖြစ်ကြပါသည်- ဖြေဆိုသူ ၁၁ ဦးသည် အထက်တန်းကျောင်းနှင့် အထက်ဖြစ်ပြီး တဦးတည်းသာ အလယ်တန်းပညာရေးအဆင့် ဖြစ်ပါသည်။ ၎င်းတို့သည် ဒုတိယ ဘာသာစကားတမျိုး – တရုတ်၊ အင်္ဂလိပ် သို့မဟုတ် ဂျပန်ဘာသာစကားကို တတ်မြောက်လေ့ ရှိပါ သည်။ အချို့မှာလည်း တရုတ်နွယ်ဖွား ဗီယက်နမ်လူမျိုးများဖြစ်ပါသည်။ အိမ်ထောင်မပြုမီကပင် တည်ငြိမ်သော အလုပ်အကိုင် ရှိကြပါသည်။ ဤလေ့လာမှုတွင် မေးမြန်း ထားသော ထိုင်ဝမ် အမျိုးသား များသည် များသောအားဖြင့် ဗီယက်နမ်တွင် စီးပွားရေးလုပ်ကိုင်ကြပြီး ၎င်းတို့၏ ကြင်ယာဖက်များကို ဗီယက်နမ်တွင်ပင် ဖူးစာဆုံခဲ့ကြခြင်း ဖြစ်ပါသည်။
“ဗီယက်နမ်မှာဆိုရင် ဗီယက်နမ်-ထိုင်ဝမ်စုံတွဲအများစုဟာ ချစ်ကြောင်းကြိုက်ကြောင်း မပြောမီနဲ့ လက်ထပ်ဖို့ မလုပ်မီ အလုပ်မှာ ဖူးစာဆုံကြတာ ဖြစ်ပါတယ်။ ထိုင်ဝမ်မှာကတော့ အများစုက ကြင်ယာဖက်ရှာတဲ့ ဝန်ဆောင်မှုကနေတဆင့် လက်ထပ်ကြတာ ဖြစ်ပါတယ်။ ဒါပေမယ့် ဗီယက်နမ်ကို အရင် ရောက်လာတဲ့ ထိုင်ဝမ်အမျိုးသားတွေကတော့ အများအားဖြင့် အချစ်ရေးအရ အိမ်ထောင်ဖက်ကို ရွေးချယ်ကြတာ ဖြစ်ပြီး အမျိုးသမီးတွေကလည်း ဒိုးတူပေါင်ဖက် ရပ်တည်နိုင်စွမ်း ရှိကြပါတယ်။” (အမျိုးသမီး၊ အသက် ၅၁ နှစ်၊ အိမ်ထောင်သက် ၁၉ နှစ်)။
ဤလေ့လာမှုတွင် ပါဝင်ခဲ့သည့် ဗီယက်နမ်-ထိုင်ဝမ် ယဉ်ကျေးမှုစုံ မိသားစုများသည် ဗီယက်နမ်ဇနီးများ၏ အမည်ပေါက် အိမ်များတွင် နေကြခြင်း ဖြစ်ပါသည်။ ဤလုပ်ရပ်ကို ကြည့်ခြင်းဖြင့် ခင်ပွန်းသည်များက ၎င်းတို့၏ဇနီးမယားအပေါ် ယုံကြည်မှုနှင့် ချစ်ကြောင်း တွေ့ရပြီး ဗီယက်နမ်တွင် အခြေချနေထိုင်ကာ အသက်မွေးဝမ်းကြောင်းနှင့် ဘဝတခုကို တည်ဆောက်ရန် ရည်ရွယ်ထားကြောင်း သုံးသပ်လို့ရမည် ဖြစ်ပါသည်။ တဖက်တွင်လည်း ဘဏ်များနှင့် ကုမ္ပဏီ များက ဗီယက်နမ်လူမျိုးများကိုသာ ချေးငွေထုတ်ပေးသောကြောင့် ဤလုပ်ရပ်သည် ကုန်ကျစရိတ်-အကျိုးအမြတ် တွက်ချက်မှုအပေါ် အခြေခံထားခြင်းဖြစ်သည်ဟုလည်း ဆိုလို့ရပါသည် (အမျိုးသမီး၊ အသက် ၃၆ နှစ်၊ အိမ်ထောင်သက် ၇ နှစ်နှင့် အမျိုးသား၊ အသက် ၃၂ နှစ်၊ အိမ်ထောင်သက် ၂ နှစ်၏ ဖြေကြားချက်)။ အလားတူပင် ဗီယက်နမ်ဇနီးသည်၏အမည်ကို အစိုးရလုပ်ငန်းနှင့် စပ်လျဉ်းသည့် စီးပွားရေးနှင့် မိသားစုဆိုင်ရာ ကိစ္စရပ်များတွင် အသုံးပြုလေ့ ရှိပါသည်။
ဘာသာတရားနှင့် ပတ်သက်၍ အိမ်ထောင်ဖက်များသည် ၎င်းတို့၏ အခွင့်အရေးများကို လက်မထပ်မီ ဆွေးနွေးကြပြီး ဘာသာတခုခုဖက်ကို ကူးပြောင်းဖို့ အတင်းအကျပ် တွန်းအားပေးခြင်း မပြုရန် သဘောတူကြပါသည်။
“ကျွန်မက ကက်သလစ်ဘာသာဝင်ဖြစ်ပြီး ကျွန်မနဲ့ လက်ထပ်ပြီးမှာ ကျွန်မခင်ပွန်းက ကက်သလစ် ဘာသာဝင်ဖြစ်လာပါတယ်။ ကျွန်မတို့ လက်မထပ်ခင်က သူ့ကို ဘာသာပြောင်းချင်လား လို့ မေးခဲ့ပါတယ်။ အဲဒီတုန်းက သူ့မိသားစုက ဗုဒ္ဓဘာသာဖြစ်လို့ ဘာသာပြောင်းမှာမဟုတ်ဘူးလို့ ချက်ချင်းပြန်ဖြေခဲ့တယ်။ ….နောက်တော့ သူစဥ်းစားပြီး ဘာသာပြောင်းဖြစ်သွားတယ်။ ကျွန်မတို့ မိသားစုတခုလုံး ကက်သလစ်ဘာသာဝင်ဖြစ်နေပါပြီ။ တနင်္ဂနွေတိုင်း ဘုရားကျောင်းတက်ကြပါတယ်။ သူထိုင်ဝမ် ရောက်နေရင်တောင် သူ့ဖာသာသူ ဘုရားကျောင်းသွားတတ်နေပါပြီ။”
သို့ဖြစ်ရာ အိမ်ထောင်ပြုကြသည့်အခါ နှစ်ဖက်စလုံးမှ တန်းတူညီမျှမှုရှိသော အနေအထားမှ စတင်ခဲ့ကြခြင်း ဖြစ်ကြောင်းတွေ့ရပါသည်။ မေတ္တာတရား၊ အပြန်အလှန် လေးစားမှုနှင့် ထိရောက်သော ဆက်သွယ်မှုတို့ကို တွေ့ရသလို တဖက်တွင်လည်း စီးပွားရေးနှင့် ရုပ်ဝတ္ထုပိုင်းဆိုင်ရာ ထည့်သွင်းစဉ်းစားမှုများ ရှိသည်ကိုလည်း တွေ့ရမည် ဖြစ်ပါသည်။
ဘာသာစကားနှင့်ဆက်သွယ်ရေး
အနည်းဆုံး နိုင်ငံခြားဘာသာစကားတခု တတ်ကျွမ်းခြင်းသည် ဤကဲ့သို့ အိမ်ထောင်မျိုးတွင် အများသုံးဘာသာစကားတခု ရှိစေပါသည် (အသက် ၃၂ နှစ်၊ အိမ်ထောင်သက် ၂ နှစ်ရှိ အမျိုးသားတဦး၏ ကိုယ်တွေ့)။ ဤလေ့လာမှုတွင်ပါဝင်သည့် ထိုင်ဝမ်နိုင်ငံသား အိမ်ထောင်ဖက် များသည် ဗီယက်နမ်တွင် ၁၀ နှစ်နှင့်အထက်နေထိုင်ဖူးသူအများစုဖြစ်ပြီး ဗီယက်နမ် စကားကို နေ့စဉ် မသုံးသော်လည်း ဗီယက်နမ်စကားကို တစိတ်တပိုင်း သို့မဟုတ် အများစု နားလည်သည့် အခြေအနေ ရှိပါသည်။ တချိန်တည်းမှာပင် ဗီယက်နမ်လူမျိုး အိမ်ထောင်ဖက်၏ တရုတ်စကား ကျွမ်းကျင်မှုလည်း တိုးတက်လာသည်ကို တွေ့ရပါသည်။ ထို့အပြင် ထိုင်ဝမ်နိုင်ငံသား အိမ်ထောင်ဖက်သည် ဗီယက်နမ် ဘာသာစကား သင်ယူရာတွင် အခက်အခဲ ရှိသည်ကို တွေ့ရပြီး ဗီယက်နမ်စကား သင်ယူရန် စိတ်ပိုင်းဖြတ်မှုနှင့် ယုံကြည်မှု မရှိသလောက် ဖြစ်ကြောင်း တွေ့ရ ပါသည်။ များသောအားဖြင့် သူတို့သည် ဘာသာပြန်ရန်အတွက် ဗီယက်နမ်အိမ်ထောင်ဖက်ကို အားကိုးကြပါသည်(အမျိုးသမီး၊ အသက် ၅၁ နှစ်၊ အိမ်ထောင်သက် ၁၉ နှစ်)။
“ကျွန်မခင်ပွန်းက ဗီယက်နမ်စကားသင်ဖူးပေမယ့် ကျေးဇူးတင်စကားနဲ့ ဟဲလိုလောက်ပဲ လုပ်တတ်တယ်… လူတွေက သူ့ကို ကျွန်မဘာလို့ မသင်ပေးတာလဲလို့ မေးကြပေမယ့် တကယ်တမ်းကြ ဆရာတွေတောင် မသင်နိုင်ကြပါဘူး။ ပထမနေ့မှာတင် စာမသင်တော့ဘဲ နွေရာသီကြမှ ကလေးနဲ့အတူ လိုက်သင်မယ်လို့ ပြောတယ်၊ အခု ကျွန်မတို့ ကလေးက ဘာသာစကား ၂ မျိုးပြောတတ်နေပြီ၊ သူကတော့ ဗီယက်နမ်စကား မပြောတတ်သေးဘူး” (အမျိုးသမီး၊ အသက် ၃၆ နှစ်၊ အိမ်ထောင်သက် ၇ နှစ်)။
ယဉ်ကျေးမှုစုံ ဗီယက်နမ်-ထိုင်ဝမ်မိသားစုများတွင် ဘာသာစကားကို အောက်ပါအတိုင်း ဦးစားပေး သုံးစွဲပါသည် – တရုတ်စကားကို လင်နှင့်မယားကြား၊ ကလေးနှင့် အဖေကြားတွင် သုံးစွဲပါသည်၊ မိခင်နှင့်ကလေးအကြားတွင် မိခင်များက ဗီယက်နမ်စကားဖြင့် ပြောဆိုကြပြီး ကလေးများက တရုတ် သို့မဟုတ် ဗီယက်နမ်စကားဖြင့် တုံ့ပြန်ကြပါသည်။ အချို့သော မိသားစုများတွင် နေ့စဥ်ဆက်သွယ်ရေးအတွက် တရုတ်စကားသီးသန့် အသုံးပြုကြပြီး ၎င်းတို့၏ ကလေးများသည် အချိန်ကြာလာသည်နှင့်အမျှ ဗီယက်နမ်စကား ကျွမ်းကျင်မှု လျော့နည်းလာပါသည်။ ယင်းကို ပိုဆိုးစေသည်မှာ ဗီယက်နမ်စကားဖြင့် အဓိက သင်ကြားပို့ချသော ကျောင်းများမဟုတ်သည့် နိုင်ငံတကာကျောင်းများတွင် တက်ရောက်ခြင်း ဖြစ်ပါသည် (အမျိုးသမီး၊ အသက် ၃၆ နှစ်၊ အိမ်ထောင်သက် ၈ နှစ်နှင့် ထိုင်ပေကျောင်းမှ ကျောင်းသားများနှင့် တွေ့ဆုံမေးမြန်းခြင်းများမှ)။ ကလေးများသည် ဘာသာစကား နှစ်မျိုး သို့မဟုတ် သုံးမျိုးကို တပြိုင်နက် သင်ယူသောအခါတွင် မိသားစုများတွင် ဘာသာစကားချို့ယွင်းမှု ဖြစ်ပေါ်နိုင်သည်။
“ကလေးက ပထမ ၂၄-၂၅ လမှာ က ဦးခေါင်းအမူအရာနဲ့ပဲ သူလိုချင်တာပြတယ်။ ကျွန်မဖြင့် သူ့မှာ ဖွံ့ဖြိုးမှုဆိုင်ရာ ရောဂါတမျိုးမျိုးများ ရှိနေမှဖြင့် ဆိုတာမျိုး စိုးရိမ်လိုက်ရတာ။ ဆရာဝန်တွေက ကျွန်မတို့မိသားစုက ဘာသာစကားနှစ်မျိုး သုံးတယ်ဆိုတာ သိတော့ ကလေးတွေက နောက်ကြရင် ကောင်းကောင်းပြောလာပါလိမ့်မယ်လို့ အားပေးကြပါတယ်။ နောက်တော့လည်း ကလေးက သူ့ဖာသာသူ ဘာသာစကားတမျိုး ရွေးပြီး ပြောတတ်လာပါတယ်” (အမျိုးသမီး၊ အသက် ၅၁ နှစ်၊ အိမ်ထောင်သက် ၁၉ နှစ်)။
ဘာသာစကားကျွမ်းကျင်မှုသည် မိသားစုအတွင်း ဆက်သွယ်ရာတွင် အတားအဆီးလည်း ဖြစ်လာပါသည်။ မိသားစုပြင်ပ ဆွေမျိုးများအနေဖြင့် ယဥ်ကျေးမှုမတူသည့်အတွက် ပြောဆို ဆက်ဆံရာတွင် အခက်အခဲများရှိပြီး စုံတွဲများအနေဖြင့်လည်း ယဉ်ကျေးမှုဆိုင်ရာ နားလည်မှု လွဲမှားမှုများ ရှိနိုင်ပါသည် (အမျိုးသား၊ အသက် ၃၂ နှစ်၊ အိမ်ထောင်သက် ၂ နှစ်)။
ထို့ကြောင့် ဟိုချီမင်းမြို့ရှိ ယဉ်ကျေးမှုစုံ ဗီယက်နမ်-ထိုင်ဝမ်မိသားစုများ၏ ဆက်သွယ်ရေးသည် ဇနီးမောင်နှံ၏ ဘာသာစကား ကျွမ်းကျင်မှု အပေါ်တွင် များစွာမူတည်ပါသည်။ ဗီယက်နမ်ဇနီးသည်အများစုက တရုတ်စကား ပြောတတ်မှုမှာ ထိုင်ဝမ်ခင်ပွန်းများက ဗီယက်နမ် စကားပြောတတ်မှုထက် ပိုကောင်းလေ့ရှိသောကြောင့် လင်နှင့်မယားကြား ဆက်ဆံရေးမှာ တရုတ်စကားဖြင့် အများစု ဖြစ်ပါသည်။ ဗီယက်နမ်-ထိုင်ဝမ် ယဉ်ကျေးမှုစုံ မိသားစုများတွင် ကလေးများ၏ ဘာသာစကားအသုံးပြုမှုမှာ မိဘများ၏ ဘာသာစကား စွမ်းရည်နှင့်သာမက ကလေး၏ သင်ယူမှုနှင့် နေထိုင်မှုပတ်ဝန်းကျင်မှပါ အဆုံးအဖြတ်ပေးခြင်း ဖြစ်သောကြောင့် တဦးနှင့် တဦးကြား ကွဲပြားပါသည်။
အစားအစာ
မိသားစုတွင် အစားအစာ ရွေးချယ်မှုများသည် ၄င်းတို့၏ ဆုံးဖြတ်ချက်ချသည့် လုပ်ငန်းစဉ်နှင့် ယဉ်ကျေးမှုဆိုင်ရာ ရွေးချယ်မှုများကို ပေါ်လွင်စေပါသည်။ အစားအသောက်ဆိုင်ရာ ယဉ်ကျေးမှုသည် ကျင့်သုံးရန် လွယ်ကူသော်လည်း လူနေမှု ပတ်ဝန်းကျင်၊ မိသားစု၏ စားသောက်မှု အလေ့အထနှင့် လူတဦးချင်းစီ၏ နှစ်သက်မှုကဲ့သို့သော အခြေအနေများကြောင့် ယဉ်ကျေးမှုများအကြား ကွာဟချက်က ညှိနှိုင်းရန် ခက်ခဲနိုင်ပါသည်။ ဟိုချီမင်းမြို့တော်ရှိ ဗီယက်နမ်-ထိုင်ဝမ် မိသားစုများတွင် အစားအသောက် ယဉ်ကျေးမှု နှစ်ခု သို့မဟုတ် နှစ်ခုထက်မက ရှိနိုင်ပြီး လက်တွေ့ကျင့်သုံးမှုများက ယခင်ရှိပြီးသား နှစ်သက်မှုများအတိုင်း ဖြစ်ကြောင်း သုတေသနပြုချက် များအရ တွေ့ရှိရပါသည်။ ထိုသို့ အကြိုက်တခုထက်မက ရှိနိုင်သော်လည်း မိသားစုတွင် အတူတကွ လက်ဆုံစားခြင်းကို နှစ်သက်ကြကြောင်းလည်း တွေ့ရှိရပါသည်။
“ဒီနေ့ ဘယ်သူချက်သလဲ ဆိုတာအပေါ် မူတည်ပြီး ကျွန်တော်ချက်တယ်ဆိုရင် ဗီယက်နမ်စာ ချက်တယ်၊ မိန်းမချက်တယ်ဆိုရင် ထိုင်ဝမ်စာချက်ပါတယ်။ ကျွန်တော်တို့က ကိုယ်ဘာချက်တတ်လဲနဲ့ ဘာကြိုက်တတ်လဲ ဆိုတဲ့အပေါ် မူတည်ပြီး ချက်ပါတယ်၊ ပြီးတော့ တယောက်နဲ့တယောက်လည်း သိပ်ချေးမများဘဲ အလိုက်အထိုက် အဆင်ပြေအောင် စားလိုက်ကြတာပါပဲ” (အမျိုးသား၊ ဗီယက်နမ်လူမျိုး၊ အသက် ၅၅ နှစ်၊ အိမ်ထောင်သက် ၂၃ နှစ်)။
သို့ဖြစ်ရာ ယဉ်ကျေးမှု ကွဲပြားမှုများ ရှိနေပြီး ယင်းတို့က အတူယှဥ်တွဲ ဖြစ်ထွန်းလျက် ရှိကြပါသည်။ တချို့သော စည်းမျဥ်းများတော့ ရှိပါသည်။ ဥပမာ ထိုင်ဝမ်အိမ်ထောင်ဖက်များက “ဗီယက်နမ် တနိုင်ငံလုံးက ကြိုက်သည်ဆိုသည့်” (ငါး)ငံပြာရည်ကို ဘယ်လိုမှ မစားကြသကဲ့သို့ ဘဲတစ်ကောင်၏ မျိုးအောင်ပြီး မျိုးဥသန္ဓေသားမှ ပြုလုပ်ထားသော အားလုံးစားကြသည့် ဗီယက်နမ်သရေစာ တမျိုးဖြစ်သည့် ဘာလု (balut)ဆိုသည့် သရေစာကို မကြိုက်နှစ်သက်ကြပါ။ ထို့အပြင် အချိုအငံ နှစ်သက်မှု၊ ချက်ပြုတ်ပုံ နှင့် ပြင်ဆင်ပုံတို့အကြားလည်း အကြိုက်ချင်း မတူတာများ ရှိပါသည်။ (အမျိုးသား၊ အသက် ၄၆ နှစ်၊ အိမ်ထောင်သက် ၇ နှစ်)။
သို့ဖြစ်ရာ ယဉ်ကျေးမှုစုံ ဗီယက်နမ်-ထိုင်ဝမ်မိသားစုများအတွင်း မတူကွဲပြားမှု၊ လိုက်လျော ညီထွေရှိမှု၊ ပဋိပက္ခ၊ သဟဇာတဖြစ်မှု၊ အပြန်အလှန်လေးစားမှုနှင့် မိသားစုဝင်များအကြား အပေးအယူ အလျော့အတင်းများ ရှိကြောင်း တွေ့မြင်ရပါသည် ။
နိုင်ငံသား၊ လူမျိုးနှင့် မိမိ၏ မူလဇာတိအပေါ် ခံယူချက်
ဟိုချီမင်းမြို့တွင် နေထိုင်သော ဗီယက်နမ်-ထိုင်ဝမ် ယဉ်ကျေးမှုစုံ မိသားစုများအတွင်း အိမ်ထောင်ဖက်များ၏ အခန်းကဏ္ဍနှင့် နေထိုင်ခွင့် အခြေအနေမှာ လူမှုရေးနှင့် နိုင်ငံရေး နောက်ခံ များ၊ နိုင်ငံတခုချင်းစီ၏ မူဝါဒများအပေါ်တွင် မူတည်ပြီး ကွာခြားပါသည်။
ဗီယက်နမ်နိုင်ငံတွင်နေထိုင်သည့် ဗီယက်နမ်နိုင်ငံသားတဦးနှင့် လက်ထပ်ထားသော နိုင်ငံခြားသားတဦးအတွက် နေထိုင်ခွင့်မှာ (ကုမ္ပဏီမှတဆင့်) အခကြေးငွေရရှိသည့်အလုပ် သို့မဟုတ် (၎င်းတို့၏ အိမ်ထောင်ဖက်မှတဆင့်) မှီခိုအနေဖြင့် အသိအမှတ်ပြုခံရမှုပေါ်တွင် လုံးလုံး မူတည်ပါသည်။ များသောအားဖြင့် “ကုမ္ပဏီက အစစ တာဝန်ယူပါသည်” ။ သို့သော် ဗီဇာ ပြဿနာများမှာ မှီခိုအခြေအနေမှ စီးပွားရေးလုပ်ငန်း ဗီဇာသို့ပြောင်းသည့်အခါ သို့မဟုတ် အလုပ်ဗီဇာ (၎င်းတို့၏ အလုပ်ပြောင်းသောအခါ) ကဲ့သို့သော အချိန်မျိုးတွင် ဗီဇာအမျိုးအစားများ အကြား ကွဲခြားချက်များကို သေချာဂရုတစိုက် မဆောင်ရွက်သည့် အခါမျိုးတွင် ပြဿနာ တက်နိုင်ပါသည်။ လေ့လာမှုတွင် ဗီယက်နမ်နိုင်ငံ၏ ဗီဇာမူဝါဒမှာ ဗီယက်နမ်တွင်နေထိုင်သော ယဉ်ကျေးမှုစုံ မိသားစုဝင်များ၏ နိုင်ငံခြားအိမ်ထောင်ဖက်များအတွက် အခက်အခဲနှင့် စိန်ခေါ်ချက်များစွာ ဖြစ်စေသည်ဟု တွေ့ရှိရပါသည်။
ဟိုချီမင်းမြို့တော်ရှိ ယဉ်ကျေးမှုစုံ ဗီယက်နမ်-ထိုင်ဝမ်မိသားစုများမှ ကလေးများ အနေဖြင့် မိဘများ၏ လက်ထပ်ထိမ်းမြားမှုမှာ အစိုးရနှစ်ခုလုံးတွင် တရားဝင်မှတ်ပုံတင်ထားလျှင် ဗီယက်နမ်နှင့် ထိုင်ဝမ် နိုင်ငံသားနှစ်မျိုးလုံး ရရှိနိုင်ပါသည်။ နိုင်ငံသားနှစ်မျိုး ခံယူခွင့်ရခြင်းက အကျိုးခံစားခွင့်များစွာကို ပေးဆောင်ပါသည်။ ဥပမာ ကလေးသည် ထိုင်ဝမ်နိုင်ငံပြင်ပတွင် နေထိုင်ပါသည် ဆိုဦးတော့၊ မကြာသေးမီက ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း ဗီယက်နမ်ရှိ ထိုင်ပေကျောင်း တက်ခြင်းအတွက် ပညာသင် ထောက်ပံ့ကြေးနှင့် အခြားသော ကလေးသူငယ် ထောက်ပံ့မှုများ ရရှိမည်ဖြစ်ပါသည်။ လေ့လာမှုတွင်ပါဝင်သည့် နိုင်ငံသားနှစ်မျိုး ကိုင်ဆောင် ထားသည့် ကလေးများကို ကိုယ့်ဘာသာကိုယ် ဘယ်နိုင်ငံသားလို့ သတ်မှတ်လဲလို့ မေးမြန်းသည့်အခါ နိုင်ငံတခုကို မရွေးဘဲ သူတို့အဖြေသည် အကျိုးခံစားခွင့်အပေါ် မူတည်သည်ဟု ဖြေကြားခဲ့ပါသည်။
“ယေဘုယျအားဖြင့် ထိုင်ဝမ်မှာရှိတဲ့ သက်ကြီးရွယ်အိုတွေနဲ့ ကလေးတွေအတွက် လူမှုဖူလုံရေးက အရမ်းကောင်းပါတယ်။ ကျွန်မကလေးနှစ်ယောက်က ဗီယက်နမ်မှာ ထောက်ပံ့မှု လုံးဝမရရှိသလောက် ဖြစ်ပေမယ့် ထိုင်ဝမ်အစိုးရကတော့ လောလောဆယ် ကလေးတယောက်ကို တလကို ထိုင်ဝမ်ဒေါ်လာ ၅၀၀၀ ထောက်ပံ့နေပါတယ်။ ကပ်ရောဂါကာလအတွင်းမှာ ဗီယက်နမ်မှာ တဦးလျှင် ထောက်ပံ့ငွေ ဗီယက်နမ်ဒေါင် ၁ သန်း ရရှိခဲ့ပြီး ထိုင်ဝမ်အစိုးရက ဒေါင် ၈ သန်းခန့် ပေးခဲ့ပါတယ်။” (အမျိုးသမီး၊ ဗီယက်နမ်လူမျိုး၊ အသက် ၃၆ နှစ်၊ အိမ်ထောင်သက် ၈ နှစ်)။
ထို့အပြင် ဗီယက်နမ်တွင်နေထိုင်သော နိုင်ငံခြားအိမ်ထောင်ဖက်များအတွက် သက်သာ ချောင်ချိရေး မူဝါဒများသည် ထိုင်ဝမ်တွင်နေထိုင်သော နိုင်ငံခြားအိမ်ထောင်ဖက်များအတွက် သက်သာချောင်ချိရေး မူဝါဒများထက် နည်းပါးပါသည်။ သို့သော်လည်း ဗီယက်နမ်လူမျိုး အိမ်ထောင်ဖက်အနေဖြင့် မကြာခဏ ခရီးထွက်ခြင်း၊ အချိတ်အဆက်များကို ထိန်းသိမ်းရန်နှင့် နေထိုင်ရေးနှင့် အခြားအခွင့်အရေးများနှင့် သက်ဆိုင်သည့် နိုင်ငံသားဆိုင်ရာ အစီအစဉ်များအတွက် အရည်အချင်းပြည့်မီရန် ကြိုးပမ်းအားထုတ် ရမည်ဖြစ်ပါသည် ။
“ထိုင်ဝမ်က ဗီယက်နမ်သတို့သမီးကို ထိုင်ဝမ်မှာနေထိုင်ရင် ထိုင်ဝမ်လူမျိုးလို့ သတ်မှတ် ပါတယ်။ ဒါပေမယ့် ထိုင်ဝမ်လူမျိုးက ဗီယက်နမ်လူမျိုးနဲ့ လက်ထပ်ပြီး ဗီယက်နမ်မှာ နှစ်အတော်ကြာ နေထိုင်ခဲ့မယ်ဆိုရင်တောင် ဗီယက်နမ်က လုံးဝ အသိအမှတ်ပြုခံရမှာ မဟုတ်ပါဘူး၊ ထိုင်ဝမ်လူမျိုးကို ဗီယက်နမ်လူမျိုးလို့ မယူဆပါဘူး။” (အမျိုးသား၊ အသက် ၄၆ နှစ်၊ အိမ်ထောင်သက် ၇ နှစ်)။
၅။ နိဂုံး
ဤစာတမ်းနှင့် ရှေ့စာတမ်းသည် ထိုင်ဝမ်အစား ဟိုချီမင်းမြို့တွင် နေထိုင်ရန် ရွေးချယ် ခဲ့သော ဗီယက်နမ်ဇနီးများနှင့် ထိုင်ဝမ်ခင်ပွန်းအများစုပါဝင်သည့် ဗီယက်နမ်-ထိုင်ဝမ် ယဉ်ကျေးမှုစုံ မိသားစုများကို လေ့လာတင်ပြထားခြင်း ဖြစ်ပါသည်။ စာတမ်းတွင် မိသားစု၏ အခြေအနေ အဆင့်အတန်း၊ အရေအတွက်၊ ဖြန့်ကျက်နေထိုင်ရာ နေရာများ၊ မိသားစုဖွဲ့စည်းပုံ အခြေအနေနှင့် ယဉ်ကျေးမှုစုံ မိသားစုဘဝ၏ ထင်ရှားသော ရှုထောင့်အချို့ကို ခြုံငုံသုံးသပ်ထားပါသည်- ဘာသာစကားအသုံးပြုမှုနှင့် ဆက်သွယ်ပြောဆိုသည့် ပုံစံများ၊ အစားအစာ ရွေးချယ်မှု၊ နိုင်ငံသားနှင့် လူမျိုးကိစ္စများ ပါဝင်ပါသည်။
ယနေ့ ဟိုချီမင်းမြို့တော်တွင် နေထိုင်သည့် ယဉ်ကျေးမှုစုံ ဗီယက်နမ်-ထိုင်ဝမ် မိသားစု အရေအတွက်သည် မသေးငယ်ဘဲ တိုးမြင့်လာကြောင်း လေ့လာမှုတွင် တွေ့ရှိခဲ့ရပါသည်။ ဤမိသားစုများသည် ခရိုင် ၇၊ ခရိုင် ၁ နှင့် သုဒွတ်မြို့တို့တွင် အများဆုံးနေထိုင်ကြပါသည်။ မေးမြန်းထားသည့် လူများတွင် ထိုင်ဝမ်အမျိုးသားအများစုသည် ဟိုချီမင်း မြို့တော်သို့ အလုပ် လာလုပ်ကြပြီး ကြင်ယာဖက်ရှာဖွေရေး အေဂျင်စီများမှ တဆင့်တွေ့ခြင်းမျိုး မဟုတ်ဘဲ မိမိဘာသာ ကြင်ယာဖက်နှင့် ဖူးစာဆုံပြီး ချစ်ကြိုက်မိသွားခြင်းမျိုး ဖြစ်ကြောင်း တွေ့ရပါသည်။ ယင်းကြောင့် ဤကဲ့သို့ အိမ်ထောင်မျိုးတွင် စီးပွားရေး သို့မဟုတ် ငွေရေးကြေးရေးကြောင့် အိမ်ထောင်ပြုခြင်းမျိုး မဟုတ်ဘဲ ချစ်ကြိုက်ကြပြီး ယူခြင်းမျိုးဖြစ်ကြောင်း တွေ့ရပါသည်။ မိသားစုတွင် ဗီယက်နမ် အိမ်ထောင်ဖက်က တရုတ်ဘာသာစကားပြောဆို သုံးစွဲတတ်ခြင်းမှာ ထိုင်ဝမ် အိမ်ထောင်ဖက်က ဗီယက်နမ်ဘာသာစကား သုံးစွဲနိုင်သည်ထက် ပိုများပါသည်။ ထို့ကြောင့် ဟိုချီမင်းမြို့ရှိ ယဉ်ကျေးမှုစုံ ဗီယက်နမ်-ထိုင်ဝမ်မိသားစုများတွင် အိမ်ထောင်ဖက်များ အကြား တရုတ်စကား သုံးပြီး၊ သားသမီးများနှင့် ထိုင်ဝမ်အိမ်ထောင်ဖက်များအကြားလည်း တရုတ်စကား သုံးကြောင်း တွေ့ရပါသည်။ ဗီယက်နမ်စကားကို ဗီယက်နမ်အိမ်ထောင်ဖက်နှင့် သားသမီးများအကြားတွင် အသုံးပြုပါသည်။ ယဉ်ကျေးမှုစုံ ဗီယက်နမ်-ထိုင်ဝမ်မိသားစုများမှ ကလေးများသည် ဗီယက်နမ်-တရုတ်-အင်္ဂလိပ် ဘာသာစကားသုံးမျိုးအထိ ကျွမ်းကျင်လာရန် အလားအလာရှိကြောင်း တွေ့ရပါသည်။ နေ့စဉ်ဆက်သွယ်ရေးတွင် ဘာသာစကား အသုံးပြုမှုအဆင့်မှာ ၎င်းတို့၏ ဘာသာစကားကျွမ်းကျင်မှု၊ မိသားစုနှင့် ပညာရေးဆိုင်ရာ အခြေအနေ ပတ်ဝန်းကျင် အပေါ်တွင် မူတည်ပါသည်။ ယဉ်ကျေးမှုစုံ မိသားစုများတွင် ဘာသာစကားသည် ထူးခြားသောစိန်ခေါ်မှုများကို ဖန်တီးပါသည်။ ဥပမာ – အချို့စုံတွဲများ အကြားတွင် ဘဝရည်မှန်းချက်များနှင့် ရှုပ်ထွေးသော စိတ်ခံစားမှုများကို ထုတ်ဖော် ပြောဆိုရာတွင် အခက်အခဲ ရှိတတ်ပါသည်။ ယဉ်ကျေးမှုစုံ မိသားစုများ၏ ကလေးများတွင် ဘာသာစကား ရှုပ်ထွေးမှုများလည်း ရှိတတ်သည်ကို တွေ့ရ ပါသည်။ ဘာသာစကားအပြင် အစားအသောက် ရွေးချယ်မှုကဲ့သို့သော နိစ္စဓူဝလုပ်ရသည့် ကိစ္စမျိုး တွင်လည်း ပဋိပက္ခ၊ ပေါင်းစည်းမှု၊ သဟဇာတ ဖြစ်မှု၊ မိသားစုဝင်များအကြား အပြန်အလှန် လေးစားမှုနှင့် လိုက်လျောမှုများကဲ့သို့သော အပေးအယူ အလျှော့အတင်းများ လိုအပ်တတ် သည်ကိုလည်း တွေ့ရပါသည်။ ထို့အပြင် ဟိုချီမင်းမြို့တော်တွင် နေထိုင်သည့် ထိုင်ဝမ် နိုင်ငံသားတဦး ဗီယက်နမ်နိုင်ငံသားတဦးနှင့် လက်ထပ်ပါက ဗီယက်နမ် နိုင်ငံသား မခံယူဘဲ ရေရှည် နေထိုင်လိုလျှင် ၎င်းတို့၏ အလုပ်အကိုင်အပေါ် သို့မဟုတ် ဇနီးနှင့် သားသမီးများက ဗီဇာအတွက် အာမခံချက်ပေးရန် လုံးလုံးလျားလျား မှီခို နေရမည် ဖြစ်ပါသည်။ ယဉ်ကျေးမှုပေါင်းစုံ မိသားစုများမှ မွေးဖွားလာသော တရားဝင် ကလေးများသည် အများအားဖြင့် နိုင်ငံသား နှစ်မျိုး ခံယူခွင့် ရကြသော်လည်း၊ ၎င်းတို့၏ နိုင်ငံသားခံယူခွင့် ကိစ္စမှာ မိမိဘာလူမျိုးဖြစ်သနည်းဆိုသည့် ကိစ္စမဟုတ်ဘဲ အခြေအနေနှင့် အကျိုးစီးပွားအပေါ် အခြေခံသော ရွေးချယ်မှုဖြစ်ကြောင်း တွေ့ရသည် ဖြစ်ပါတော့သည်။
Phan Thi Hong Xuan, Ho – Hsien Chen, Vo Phan My Tra
စာရေးသူများ မှာ Phan Thi Hong Xuan (လူမှုရေးသိပ္ပံနှင့် လူသားပညာတက္ကသိုလ်- ဗီယက်နမ် အမျိုးသားတက္ကသိုလ် ဟိုချီမင်းမြို့တော်)၊ Ho-Hsien Chen (ထိုင်ပေ စီးပွားရေးနှင့် ယဉ်ကျေးမှုရုံး၊ ဟိုချီမင်းမြို့တော်) နှင့် Vo Phan My Tra (Leipzig တက္ကသိုလ်၊ ဂျာမနီ) တို့ဖြစ်ပါသည်။ စုံစမ်းမေးမြန်းမှုများကို အောက်ပါအီးမေးလ်သို့ ပို့ပြီး မေးမြန်းနိုင်ပါသည် – xuan.pth@hcmussh.edu.vn
အသိအမှတ်ပြုချက်- ဤသုတေသနကို ဗီယက်နမ်အမျိုးသားတက္ကသိုလ်၊ ဟိုချီမင်းမြို့တော် (VNU-HCM) မှ ထောက်ပံ့ကြေးနံပါတ် B2022-18b-04 ဖြင့် ပံ့ပိုးထားပါသည်။
Banner: Ho Chi Minh City, Saigon, Socialist Republic of Vietnam – the book shop street near the post office. Photo, dotmiller1986, Shutterstock