Site icon Kyoto Review of Southeast Asia

မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားမှု

Street protest, Myanmar 2021. Photo Pyae Sone Htun, Unsplash

မြန်မာ (ယခင်က ဘားမား) နိုင်ငံသည် လွတ်လပ်ရေးရသည့် ၁၉၄၈ ခုနှစ်မှ ၁၉၆၂ အာဏာသိမ်းချိန်အထိ ဒီမိုကရေစီ ကျင့်သုံးသည့် တိုတောင်းသော ကာလရှိခဲ့ပါသည်။ ယင်းနောက်တွင် စစ်တပ် (ဒေသအခေါ် တပ်မတော်) က ဆယ်စုနှစ် ငါးခုကြာ အကြွင်းမဲ့နီးပါး အာဏာကို ချုပ်ကိုင်ထားခဲ့ပါသည်။ ၂၀၁၀ တွင် မထင်မှတ်ထားသည့် နိုင်ငံရေးနှင့် စီးပွားရေး ပွင့်လင်းလာမှု စတင်ခဲ့ပြီး စစ်တပ်နှင့် အရပ်သား အစိုးရများအကြား အာဏာခွဲဝေ ကျင့်သုံးသည့် ဆယ်စုနှစ်တခုကြာ ကာလ ပေါ်ပေါက်ခဲ့ပါသည်။ ပထမ ဦးစွာ ၂၀၁၁ မှ ၂၀၁၅ ခုနှစ်ထိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ပြည်ခိုင်ဖြိုး/USDP) အစိုးရ အာဏာရခဲ့ပြီး ယင်းနောက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အစိုးရ အာဏာ ရခဲ့ပါသည်။ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးအရှိန်အဟုန်က ရှိလှပါမှ တော်ရုံသင့်ရုံသာ ဖြစ်ခဲ့သည်ဟု ဆိုရမည် ဖြစ်သော်လည်း နှိုင်းယှဥ်ကြည့်လျှင် ပွင့်လင်းပါသည်ဟု ဆိုရမည့် ဆယ်စုနှစ်က နိုင်ငံရေးစံနှုန်းထားများ အပေါ်တွင် သိသာထင်ရှားစွာ သက်ရောက်မှုရှိခဲ့ပြီး နိုင်ငံသားများ (အထူးသဖြင့် လူငယ်များ) အနေဖြင့် ပိုမိုကောင်းမွန်သော အနာဂတ်ကို မျှော်လင့်လာကြပါသည်။

ယင်းတို့အားလုံးမှာ ၂၀၂၀ ရွေးကောက်ပွဲတွင် NLD သောင်ပြိုကမ်းပြို အနိုင်ရပြီးနောက် သုံးလ အကြာ ၂၀၂၁ ဖေဖော်ဝါရီတွင် ရုတ်တရက် ပျက်စီးသွားခဲ့ပါသည်။ စစ်တပ်က အာဏာသိမ်းလိုက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) အနေဖြင့် စစ်အုပ်ချုပ်ရေးကို အပြည့်အဝ ပြန်လည် အသက်သွင်းလိုက်ပါသည်။ ယင်းနောက် ရက်သတ္တပတ်များတွင်တော့ ကျယ်ပြန့်သော ဒီမိုကရေစီရေး လှုပ်ရှားမှု ပေါ်ပေါက်လာပါတော့သည်။ စစ်တပ်က ယင်းကို အကြမ်းဖက် နှိမ်နင်းပြီး ဒီမိုကရေစီရေး လှုပ်ရှားမှုကလည်း အာဏာသိမ်းမှု မတိုင်မီ အခြေအနေသို့ ပြန်လည်ရောက်ရှိရေး တောင်းဆိုမှုကနေ မြန်မာ့နိုင်ငံရေးမျက်နှာစာမှ စစ်တပ်ကို အပြီးအပိုင် ဖယ်ထုတ်ရေးသို့ အဆုံးတွင် ပြောင်းလဲ လာပါတော့သည်။

ဤစာတမ်းတွင် မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားမှုကို အကျဥ်းချုပ် သုံးသပ် တင်ပြ ထားပါသည်။ လှုပ်ရှားမှုတွင် မဏ္ဍိုင်ကြီး ၃ ရပ်ကို တွေ့ရပါသည် – အများပြည်သူ ဆန္ဒပြ တောင်းဆိုမှုများ၊ ပြည်သူ့အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) နှင့် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြု ကော်မတီ (CRPH) နှင့် အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) တို့ ဖြစ်ကြပါသည်။ လူနည်းစု လူမျိုးစု အုပ်စုများ၏ အထူးအခန်းကဏ္ဍကိုလည်း သုံးသပ် တင်ပြထားပါသည်။ ယခုလှုပ်ရှားမှုက ယခင် ပေါ်ပေါက်ခဲ့သည့် လှုပ်ရှားမှုများနှင့် ကွာခြားမှုများ ရှိပါသည်။ သို့သော် ယခင်လှုပ်ရှားမှုများ ကဲ့သို့ပင် စစ်တပ်၏ ကြီးမားသော အားသာချက်များကြောင့် အဆုံးသတ် အောင်မြင်မှု ရရှိရေးအတွက် ကန့်သတ်ချက်များ ရှိနေပါသေးသည်။ ထို့ကြောင့် အဖြစ်နိုင်ဆုံးရလဒ်မှာ ပေးဆပ်ရမှု များပြီး အဆုံးတွင် ရှေ့မတိုး နောက်မဆုတ် အခြေအနေ ဖြစ်နေနိုင်မည့် ကာလကြာရှည်တခုကို ဖြတ်သန်းရဖွယ် ရှိနေခြင်း ဖြစပါသည်။

Police crack down to anti-coup protesters in Yangon, Myanmar on 08 March 2021. Photo: Maung Nyan / Shutterstock.com

သမိုင်းနောက်ခံ

ဒီမိုကရေစီ ဖော်ဆောင်ရေး ဖိအားများ အမျိုးမျိုး ရှိခဲ့သော်လည်း စစ်တပ်က နိုင်ငံကို ရာစုနှစ်တဝက် အကြာ ၂၀၁၁ မတိုင်မီအထိ အကုန်လုံးနီးပါး ထိန်းချုပ်ထားနိုင်ခဲ့ပါသည်။ စစ်အစိုးရ၏ သက်ဆိုးရှည် မှုမှာ အကြောင်းအမျိုးမျိုးကြောင့် ဖြစ်ပါသည်။ မြန်မာစစ်တပ်သည် သူတည်ရှိခဲ့သည့် သက်တမ်း တလျှောက် ပဋိပက္ခကို မရပ်မနား ရင်ဆိုင်ခဲ့ရသည့် ကမ္ဘာပေါ်တွင် တခုတည်းသော ခေတ်သစ်စစ်တပ် ဖြစ်ပါသည်။ မြန်မာနိုင်ငံကို တည်ထောင်စဥ်ကာလတွင် အဓိက အရေးပါသည့် အခန်းကဏ္ဍတွင် ရှိခဲ့သောကြောင့် စစ်တပ်က သူ့ကိုယ်သူ နိုင်ငံတော်ဟု ထင်မှတ်နေပြီး သူ့ရန်သူများကို နိုင်ငံတော် သစ္စာဖောက်ဟု မြင်ပါသည်။ ပညာရေးမှ အစ ကျန်းမာရေးအဆုံး စင်ပြိုင် အင်စတီကျူးရှင်းများ ထူထောင်ထားသည့်အတွက် စစ်ဖက်ဝန်ထမ်းများနှင့် အရပ်သားများအကြား ထိတွေ့ ဆက်ဆံရေးမှာ အကန့်အသတ်နှင့်သာ ရှိပါသည်။ ယင်းသို့ အချက်များကြောင့် ဒီမိုကရေစီရေး လှုပ်ရှားမှုများမှ လူနည်းစု လူမျိုးအုပ်စုများအထိ သူ့ကို ခြိမ်းခြောက်လာသည်ဟု ယူဆသော ပြည်တွင်းအုပ်စုများကို အလွန်အကျွံ တုံ့ပြန်မှုများ ဆောင်ရွက်နိုင်စွမ်း ရှိနေခြင်း ဖြစ်ပါသည်။

၂၀၁၀ တွင် နိုင်ငံရေးအသွင်ကူးပြောင်းမှု စတင်ခဲ့သော်လည်း စစ်တပ်၏ သြဇာအာဏာကို ကောင်းစွာ ကာကွယ်ထားခဲ့ပါသည်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေက စစ်တပ်ကို ကိုယ်ပိုင်အုပ်ချုပ်ခွင့် အာမခံပေးထားပြီး လွှတ်တော်ထဲတွင် ၂၅ ရာခိုင်နှုန်း နေရာယူခွင့် ပေးအပ်ထားပါသည်။ ထို့အပြင် အဓိက ဝန်ကြီးဌာနများဖြစ်သည့် ပြည်ထဲရေး၊ ကာကွယ်ရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးဌာနများကို ထိန်းချုပ်ခွင့် ပေးအပ်ထားပါသည်။ ထို့ကြောင့် စစ်တပ်အနေနှင့် အာဏာခွဲဝေခြင်း အစီအမံများကို တမင်သပ်သပ် လိုသလိုဖွင့်ဆိုလို့ရသည့် စကားလုံးများနှင့် သင့်တော်သလို ဖန်တီးထားခြင်း ဖြစ်ပါသည်။

သို့သော်လဲ ပြည်ခိုင်ဖြိုးအစိုးရလက်ထက်နှင့် NLD အစိုးရ လက်ထက်တွင် ကြီးမားသော ပြောင်းလဲမှုများလည်း ပေါ်ပေါက်ခဲ့ပါသည်။ အင်တာနက်သုံးစွဲခွင့်မှာ မကြုံစဖူး မြင့်တက်လာပြီး လူသန်းပေါင်းများစွာ ပြင်ပကမ္ဘာနှင့် ၄င်း၏ စဥ်းစားတွေးခေါ်မှုများကို ထိတွေ့ခွင့် ရရှိခဲ့ပါသည်။ တက်ကြွသည့် အရပ်ဖက်လူ့အဖွဲ့အစည်း ပေါ်ပေါက်လာပြီး ယခင်က ဆွေးနွေးခွင့်မရသည့် ခေါင်းစဥ်များ ဖြစ်သည့် ဒီမိုကရေစီ၊ လူမှုပါဝင်ရေးနှင့် ဖက်ဒရယ်လစ်ဇင်ကဲ့သို့သော အကြောင်းအရာ များကို အများပြည်သူ ဆွေးနွေးခွင့် ရရှိခဲ့ပါသည်။ အစိုးရယန္တယား၏ ကြီးမားသော အစိတ်အပိုင်း ကလည်း စစ်တပ်နှင့် အဆက်အစပ်မရှိသည့် အရပ်သားများ ရောက်ရှိနေရာယူလာပြီး စစ်တပ်က နိုင်ငံတော်ကို ထိန်းချုပ်ထားနိုင်မှုကို လျှော့ချလာပါသည်။ ယင်းကဲ့သို့ တိုးတက်ဖြစ်ထွန်းမှုများကြောင့် စစ်တပ်နှင့် အရပ်သားများ အပြန်အလှန် ဆက်ဆံရေးကို အခြေခံကျကျ ပြောင်းလဲနိုင်ခဲ့ပြီး ယခု ဒီမိုကရေစီရေး လှုပ်ရှားမှုမှ ယခင်လှုပ်ရှားမှုများနှင့် မတူညီဘဲ ကွဲပြားနေခြင်း ဖြစ်ပါသည်။

အများပြည်သူဆန္ဒပြပွဲများ

လမ်းမပေါ်တွင်ရှိသည့် အများပြည်သူ ဆန္ဒပြပွဲများမှာ ဒီမိုကရေစီရေး လှုပ်ရှားမှု၏ အမြင်သာဆုံး အစိတ်အပိုင်း ဖြစ်ပါသည်။ မြို့ကြီး၊ မြို့ငယ်၊ တောရွာမကျန် ဆန္ဒပြပွဲများတွင် သိန်းနှင့်ချီသော ပြည်သူများ ပါဝင်ဆင်နွှဲခဲ့ကြပါသည်။ ယင်းတို့မှာ အလိုအလျောက် ပေါ်ပေါက်လာသော ဆန္ဒပြပွဲများ ဖြစ်ပြီး အများအားဖြင့် ခေါင်းဆောင်လည်း မရှိကြပါ။ အဓိကဇာတ်လိုက်များမှာ Gen Z လူငယ်များ၊ နိုင်ငံရေးနှင့် လူမှုရေး တက်ကြွလှုပ်ရှားသူများ၊ အရပ်ဖက်အဖွဲ့အစည်းများနှင့် NGO ခေါင်းဆောင်များ၊ အနုပညာရှင် အသိုင်းအဝိုင်းက ပုဂ္ဂိုလ်များ ဖြစ်ကြပါသည်။

ပထမဆုံး ဆန္ဒပြပွဲများမှာ အာဏာသိမ်းပြီး ရက်ပိုင်းအတွင်း ရန်ကုန်နှင့် မန္တလေးတွင် ပေါ်ပေါက် လာခြင်း ဖြစ်ပါသည်။ ၄င်းတို့၏ ထင်သာမြင်သာ ရှိမှုနှင့် လုံခြုံရေးတပ်ဖွဲ့များ၏ ကနဦးပိုင်း ချုပ်တီးမှု ကြောင့် နောက်ပိုင်း ရက်သတ္တပတ်များတွင် ပိုမိုကြီးမားသည့် ဆန္ဒပြပွဲများ ပေါ်ပေါက်လာပါသည်။ စမတ်ဖုန်းများ နေရာအနှံ့တွင် ရှိခြင်းကြောင့် ချိတ်ဆက်ဆောင်ရွက်မှုများကို မြန်ဆန်စေသလို နိုင်ငံတကာ ဒီမိုကရေစီရေး လှုပ်ရှားမှုများနှင့်လည်း အမှတ်သင်္ကေတအားဖြင့် အားကောင်းသည့် ချိတ်ဆက်မှုများ ပေါ်ပေါက်စေခဲ့ပါသည်။ ဖေဖော်ဝါရီ ၂၈ ရက်နေ့တွင် နို့လက်ဖက်ရည်မဟာမိတ် (Milk Tea Alliance) နိုင်ငံများမှ လူငယ်များ စုပေါင်းဆန္ဒပြမှု ပေါ်ပေါက်ခဲ့ပြီး မြန်မာလူငယ်များနှင့်အတူ ဟောင်ကောင်၊ ထိုင်ဝမ်နှင့် ထိုင်းနိုင်ငံမှ လူငယ်များ ချိတ်ဆက်ဆောင်ရွက်မှု ရှိခဲ့ပါသည်။

စစ်တပ်၏ အစောပိုင်း ချုပ်တီးမှုမှာ ကြာရှည်မခံခဲ့ပါ။ ပထမဆုံးအကြိမ် လူသေသည့် ဖြိုခွင်းမှုမှာ ဖေဖော်ဝါရီနှောင်းပိုင်းတွင် ပေါ်ပေါက်ခဲ့ပါသည်။ နောက်ပိုင်း ဆန္ဒပြပွဲ ဖြိုခွင်းခြင်းများတွင် လည်း ပိုပြီး ရက်စက်ကြမ်းကြုတ်သည့် နည်းလမ်းများဖြင့် ဖြိုခွင်းခဲ့ပြီး ထင်သလို ဖမ်းဆီးခြင်း၊ ပစ်ခတ်ခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ ဤစာတမ်းကို ရေးသားချိန် ၂၀၂၁ ခုနှစ် မေလအထိ ဆန္ဒပြသူနှင့် ဘေးက ရပ်ကြည့်နေသူများ စုစုပေါင်း ၈၀၀ ကျော် သတ်ဖြတ်ခြင်း ခံခဲ့ရပြီး ထောင်နှင့်ချီသော ပြည်သူများ ဖမ်းဆီးခံရခြင်းနှင့် နှိပ်စက်ခံရခြင်းများ ကြုံတွေ့ခဲ့ရပြီး ဖြစ်ပါသည်။ အင်တာနက် ပိတ်ဆို့ခြင်းနှင့် မီဒီယာကို ပိတ်ပင်ခြင်းတို့ကြောင့် သတင်းအချက်အလက် ရယူရေးမှာ ဆိုးရွားစွာ ကန့်သတ်ခံထားရပါသည်။

Demonstrators blocked a road during an anti-coup protest in Yangon, Myanmar on 07 March 2021. Photo: Maung Nyan / Shutterstock.com

ဆန္ဒပြပွဲများကို အကြမ်းဖက်ဖြိုခွင်းခြင်းကြောင့် ဆန္ဒပြသူများက တီထွင်ကြံဆပြီး အခြားသော နည်းလမ်းများကို အသုံးပြုလာကြပါသည်။ အာဏာသိမ်းမှု၏ အစောပိုင်း ရက်များတွင် ဆိုရှယ် မီဒီယာ ပေါ်တွင် စစ်တပ်ထုတ်ကုန်နှင့် ဝန်ဆောင်မှုများကို သပိတ်မှောက်ရန် လှုံ့ဆော်မှုများ​ တွေ့ရပါသည်။ ၄င်းတို့မှာ လွန်စွာ အောင်မြင်ခဲ့ပါသည် – ယခင်က နေရာအနှံ့တွေ့ရသည့် မြန်မာဘီယာဆိုလျှင် ရောင်းမထွက် ဖြစ်လာပြီး အရောင်းဆိုင်များမှ ပျောက်ကွယ်သွားပါသည်။ ဆိုရှယ်မီဒီယာမှ တဆင့် လှုံဆော် ဆောင်ရွက်သည့် လူမှုပြစ်ဒဏ်ပေးသည့် ကမ်ပိန်းများမှာလည်း ထင်ရှားသည့် စစ်တပ် မိသားစုဝင်များကို ဖယ်ကျဥ်ရန်​ ဆောင်ရွက်ကြပါသည်။ အွန်လိုင်းပြင်ပ၊ သေးငယ်ပြီး လျင်မြန်စွာ ရွေ့လျားနိုင်သည့် မကြေညာဘဲ ဆောင်ရွက်သော “လျှပ်တပြက် ဆန္ဒပြပွဲများ” မှာလည်း ရှေ့ပိုင်းတုန်းက ဖြေးဖြေးချင်း သွားသည့် ဆန္ဒပြပွဲများနေရာတွင် အစားထိုး ပေါ်ပေါက်လာပါသည်။

ရှေ့တန်းရှိ ဆန္ဒပြသူများက မိမိကိုယ်ကို ကာကွယ်ရန် ကာကွယ်ရေး လက်နက်များ အသုံးပြု လာကြပြီး လူ ၂၀ မှ ၅၀၀ အထိ ရှိသည့် “ပြည်သူ့စစ်များ” လည်း ဖွဲ့စည်းလာကြပါသည်။ ယင်းတို့ထဲမှ အချို့ကို လူမျိုးစုလက်နက်ကိုင်တပ်ဖွဲ့များ (EAO) က ဘဏ္ဍာရေး အကူအညီနှင့် နည်းစနစ် သင်တန်းများ ပေးခဲ့ပါသည်။ ၄င်းတို့၏ အဓိက ရည်ရွယ်ချက်မှာ ကာကွယ်ရန်အနေနဲ့သာ ရှိနေသေးသော်လည်း အခွင့်အရေးရရင် ရသလို ရဲစခန်းများ၊ အစိုးရ အုပ်ချုပ်ရေးရုံးများကို ပစ်မှတ်ထား တိုက်ခိုက်ခြင်းများ လည်း မေလအစောပိုင်းတွင် ပေါ်ပေါက်လာလျက် ရှိပါသည်။ မေလနှောင်းပိုင်းတွင် အမျိုးသား ညီညွတ်ရေးအစိုးရ NUG က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ကို ဖက်ဒရယ်တပ်မတော် (Federal Army) ၏ အမြုတေအနေဖြင့် ဖွဲ့စည်းခဲ့ပါသည်။ ယင်းမှာ ပဋိပက္ခ ပိုမိုပြင်းထန်လာသည့် သဘော ဖြစ်ပြီး PDF များအနေဖြင့် နိုင်ငံတဝှမ်း EAO များနှင့်အတူ တိုက်ပွဲဝင်ရန် ညွှန်ကြားထားပါသည်။ အမှန် တကယ်အားဖြင့်လည်း ဗဟိုက ချုပ်ကိုင်မှု မရှိသေးသော်လည်း အထူးသဖြင့် လူနည်းစု လူမျိုးစု ဒေသများတွင် စစ်တပ်ကို တိုက်ခိုက်သည့် ဖြစ်ရပ်များမှာ အရေအတွက်ရော၊ ညှိနှိုင်း ဆောင်ရွက်မှုတွင်ပါ တိုးပွားလာလျက် ရှိပါသည်။

ပြည်သူ့အာဏာဖီဆန်ရေး လှုပ်ရှားမှု  (CDM)

ပြည်သူ့အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) သည် အများပြည်သူ ဆန္ဒပြပွဲများနှင့် အတူ ပေါ်ပေါက် လာပါသည်။ ၄င်းကို အဓိကအားဖြင့် အစိုးရဝန်ထမ်းများ ဦးဆောင်ခြင်း ဖြစ်ပြီး ဆရာဝန်များ၊ သူနာပြုများ၊ ဆရာဆရာမများ၊ သယ်ယူပို့ဆောင်ရေး လုပ်သားများနှင့် နယ်ပယ် အသီးသီးမှ ဝန်ထမ်းများ ပါဝင်ပါသည်။ CDM လှုပ်ရှားမှုမှာ အလုပ်လုပ်ရန် ငြင်းဆိုသော ပုံစံဖြင့် အလိုလို ပေါ်ပေါက်လာသော အာဏာဖီဆန်မှုကို ပြသည့် လှုပ်ရှားမှုအနေဖြင့် စတင်ခဲ့ခြင်း ဖြစ်ပါသည်။ ၂၀၁၁ ခုနှစ်ကစပြီး စစ်တပ်နှင့် ဆက်နွယ်သည့် ဝန်ထမ်းများနေရာတွင် အရပ်သားဝန်ထမ်းများဖြင့် အစိုးရ ယန္တယားတွင် အစားထိုး လာခြင်းကြောင့် CDM သည် ယခင်က မျှော်မှန်းမထားနိုင်သည့် ပမာဏအထိ ရောက်ရှိခဲ့ပါသည်။

CDM လှုပ်ရှားမှု အထွဋ်အထိပ်ရောက်သည့် ကာလတွင် မြန်မာနိုင်ငံ အစိုးရယန္တယားနှင့် စီးပွားရေး တခုလုံးကို ရပ်တန့်ပစ်နိုင်ခဲ့ပါသည်။ ဆေးရုံများ ရပ်ဆိုင်းသွားသလို၊ ဘဏ်များလည်း ပိတ်သွားကာ၊ ကုန်ပစ္စည်းများလည်း ဆိပ်ကမ်းများတွင် သောင်တင်ကုန်ပါသည်။ သယ်ယူပို့ဆောင်ရေး ကွန်ယက်များလည်း ရပ်တန့်သွားပါသည်။ ယင်းကြောင့် စစ်တပ်က ဆိုနေသည့် အာဏာသိမ်း လိုက်ခြင်းကြောင့် နိုင်ငံတည်ငြိမ်မှု ရရှိကာ “စီးပွားရေးလည်း မြန်ဆန်စွာ ပုံမှန်လည်ပတ်နေနိုင်သည်” ဆိုသည့် အဆိုမှာ ထင်သာမြင်သာစွာ လွဲချော်နေသည်ကို တွေ့မြင်ရပါသည်။ ဤကဲ့သို့ ယန္တယားကို ရပ်တန့်နိုင်မှု၏ အမှတ်သင်္ကေတအရ သက်ရောက်မှုမှာ လွန်စွာ ကြီးမားပါသည်။ ထို့အပြင် CDM သည် စစ်တပ် ထိရောက်စွာ အုပ်ချုပ်နိုင်စေရေးကို အကြီးအကျယ်ဟန့်တားသလို အစိုးရယန္တယား၏ အရေးကြီးသော အခွန်ဘဏ္ဍာရရှိရေးကိုလည်း သိသာထင်ရှားစွာ အနှောက်အယှက်ပေးနိုင်ခဲ့ပါသည်။

CDM လှုပ်ရှားမှုသည် အစိတ်စိတ်အမွှာမွှာ ကွဲနေသည့် လှုပ်ရှားမှု အဖြစ် ဆက်လက် ရှိနေပါသည်။ သို့ဖြစ်သည့်အတွက် အစောပိုင်းတွင် စစ်တပ်၏ တုံ့ပြန်မှုကို ကန့်သတ် ထားနိုင်သည့် အားသာချက် ရှိသော်လည်း သူ့လှုပ်ရှားမှုကို ထိရောက်စွာ ချိတ်ဆက်ဆောင်ရွက်နိုင်စွမ်း မရှိခြင်းကြောင့် အရှိန်နှေးလာပါသည်။ ပဋိပက္ခ ကြီးထွားလာသည်နှင့်အမျှ အစိုးရဝန်ထမ်း အများအပြားမှာ ရုံးပြန်တက် ကြရပါသည်။ ယင်းမှာ ယုံကြည်မှု ပျောက်ဆုံးလာခြင်းကြောင့် မဟုတ်ဘဲ လက်တွေ့ စဥ်းစားစရာများ ရှိခြင်းကြောင့် ဖြစ်ပါသည် – အစိုးရဝန်ထမ်းများ အနေဖြင့် လုံခြုံရေး တပ်ဖွဲ့များ၏ နှိပ်ကွပ်မှုကို ခံရနိုင်သလို၊ အစိုးရနေအိမ်များမှ ဆင်းပေးရမည့် အန္တရာယ်လည်း ရင်ဆိုင် ရပါသည်။ ၂၀၂၀ ကမ္ဘာ့ကပ်ရောဂါကြောင့် စီးပွားရေးနှေးကွေးလာသဖြင့် စုဆောင်းထားသမျှ ကုန်မည့် အခြေအနေတွင် ဝင်ငွေပျောက်ဆုံးသွားမည့် အန္တရာယ်လည်း ရှိနေပါသည်။ 

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)

CRPH ကို အာဏာသိမ်းခံလိုက်ရသည့် လွှတ်တော်ကိုယ်စားလှယ်များ (အဓိကအားဖြင့် NLD မှ ကိုယ်စားလှယ်များ) က ၂၀၂၁ ဖေဖော်ဝါရီ ၅ ရက်တွင်  ဖွဲ့စည်းခြင်း ဖြစ်ပြီး စစ်ကောင်စီနှင့် စင်ပြိုင် အရပ်သား အစိုးရအနေဖြင့် ဆောင်ရွက်ရန် ဖွဲ့စည်းခြင်း ဖြစ်ပါသည်။ ဧပြီ ၂၀၂၁ တွင် ဖက်ဒရယ် ဒီမိုကရေစီ ပဋိညာဥ်ကို ထုတ်ပြန်ပြီး အာဏာကို ပူးတွဲကျင့်သုံးသည့်ခေတ်၏ နိုင်ငံရေးကို ပုံဖော်ခဲ့သော ၂၀၀၈ ဖွဲ့စည်းပုံ ကို ဖျက်သိမ်းကြောင်း CRPH က ကြေညာလိုက်ပါသည်။

ဆန္ဒပြအုပ်စုများက CRPH သည် တရားဝင် အာဏာပိုင်အဖွဲ့အစည်းအဖြစ် ခံယူကြသော်လည်း CRPH အနေဖြင့် ထိရောက်သော ခေါင်းဆောင်မှု ပေးနိုင်ရန် ရုန်းကန်ခဲ့ရပါသည်။ ထိုသို့ ဖြစ်ရခြင်း အကြောင်းရင်းတရပ်မှာ အဆင်ပြေသလို ဖွဲ့စည်းလိုက်ရသည့်အတွက် လှုပ်ရှားမှုများကို ချိတ်ဆက် ဆောင်ရွက်ရန် နည်းလမ်း မရှိဘဲ ဖြစ်နေသောကြောင့် ဖြစ်သည်။ ထို့အပြင် CRPH သည် ကျယ်ပြန့်သော ထောက်ခံမှု ရရှိရန်၊  အထူးသဖြင့် လူနည်းစု လူမျိုးစုများ၏ ထောက်ခံမှု ရရှိရန်လည်း ရုန်းကန်ခဲ့ရပါသည်။ ဥပမာ – သူ့အနေဖြင့် လူမျိုးစု နိုင်ငံရေးပါတီများနှင့် EAO များက ဖက်ဒရယ် ဒီမိုကရေစီပဋိညာဥ်ကို ထောက်ခံရန် အများအားဖြင့် မဆောင်ရွက်နိုင်သေးဘဲ ရှိနေပါသည်။ ဖက်ဒရယ် ဒီမိုကရေစီ၏ အချို့ အစိတ်အပိုင်းများ (ပြည်နယ်ပါလီမန်များနှင့် ဖက်ဒရယ်တပ်မတော်နှင့် သက်ဆိုင်သည့် အပိုင်းများ) မှာ ငြင်းခုံနေရဆဲ ဖြစ်ပါသည်။

ဧပြီ ၁၉ တွင် အမျိုးသားညီညွတ်ရေးအစိုးရ  NUG ကို ဖွဲ့စည်းခြင်းမှာ စစ်ကောင်စီ SAC နှင့် အပြိုင် တရားဝင်မှုကို ရရှိရန်နှင့် ပိုမိုကျယ်ပြန့်စွာ ဆောင်ရွက်နိုင်ရန် ရည်ရွယ်ပါသည်။ NUG သည်  CRPH ကို အခြေခံပြီး ဖွဲ့စည်းထားခြင်း ဖြစ်သော်လည်း ဆန္ဒပြခေါင်းဆောင်များ၊ လူနည်းစု လူမျိုးစု အုပ်စုများမှ ကိုယ်စားလှယ်များ ပါဝင်လာပြီး အရင်အစိုးရနှင့် နှိုင်းယှဥ်လျှင် လူမျိုးလည်း စုံလင်စွာ ပါဝင်လာသလို NLD ဗဟိုပြုခြင်းလည်း လျော့နည်းလာပါသည်။ သိ့သော် သူ့အတွက် အောင်မြင်မှု ရရှိရန်မှာ အဓိကအားဖြင့် အသိအမှတ်ပြုခံရမှု ရရှိရေး အပေါ်တွင် မူတည်နေပါသည်။ နိုင်ငံတကာမျက်နှာစာတွင် အရေးကြီး စိန်ခေါ်မှုများ ဖြေရှင်းရန် လိုအပ်သလို လူနည်းစု လူမျိုးစု အုပ်စုများက သမိုင်းအစဥ်အဆက် ဗဟိုအာဏာပိုင်များကို မယုံကြည်မှုနှင့် NLD ကိုယ်တိုင်ကို မယုံကြည်မှု တို့ကို ကျော်လွှားဖြေရှင်းနိုင်ရန် လိုအပ်နေပါသည်။

Website of the National Unity Government of the Republic of the Union of Myanmar.

လူနည်းစု လူမျိုးစုအုပ်စုများ

ဒီမိုကရေစီရေး လှုပ်ရှားမှုအပေါ် လူမျိုးစုပါတီများ၏ တုံ့ပြန်မှုမှာ သိသာစွာ ကွာခြားချက်များ ရှိပါသည်။ တချို့ပါတီများ (အထူးအားဖြင့် မွန်ညီညွတ်ရေးပါတီ MUP နှင့် ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ KSDP) က စစ်ကောင်စီကို အသိအမှတ်ပြုပြီး ပူးပေါင်းဆောင်ရွက်ကြပါသည်။ ရှမ်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် SNLD ကဲ့သို့ အချို့ပါတီများက CRPH ကို လူမျိုးစု ကိုယ်စားလှယ်များ ပါဝင်ခြင်း မရှိသည့်အတွက် အပြင်းအထန် ဝေဖန်ကြသော်လည်း တိတ်တဆိတ်ပင် ဒီမိုကရေစီရေး လှုပ်ရှားမှု၏ အချို့ အစိတ်အပိုင်းများကို ထောက်ခံအားပေးနေကြပါသည်။ အချို့သော အုပ်စုများ (အဓိကအားဖြင့် လူမျိုးပေါင်းစုံ အထွေထွေသပိတ်ကော်မတီ  GSCN နာမည်အောက်တွင် လှုပ်ရှားသည့် အဖွဲ့များ) မှာ CRPH နှင့် အငြင်းပွားမှုများ ဆက်လက်ရှိနေသေးသော်လည်း ၄င်းတို့၏ သက်ရောက်မှုမှာ သိသာပြီး ဒီမိုကရေစီရေးအတွက် ဆန်းသစ်သည့် လှုပ်ရှားမှုများ ဆောင်ရွက်နိုင်ခဲ့ပါသည်။

လူမျိုးစုလက်နက်ကိုင်တပ်ဖွဲ့ EAO များအကြားတွင်လည်း သိသာသည့် ကွာခြားချက်များ ရှိနေ ပါသည်။ ချင်းအမျိုးသားတပ်ဦး (CNF) နှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံးကဲ့သို့ အုပ်စုများက ပေါ်တင် NUG နှင့် လက်တွဲပြီး စစ်တပ်ကို ဆန့်ကျင်နေကြပါသည်။ အချို့သော အဓိက အုပ်စုများ ဖြစ်သည့် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နှင့် ကရင်အမျိုးသားအစည်းအရုံး (KNU) တို့က CRPH/NUG တို့အပေါ် အပြည့်အဝလက်ခံရန် လိုအပ်ချက်များ ကျန်ရှိနေသေးသော်လည်း ဒီမိုကရေစီရေးလှုပ်ရှားမှုနှင့် ချိတ်ဆက် ဆောင်ရွက်လျက်ရှိပြီး ဆန္ဒပြသူများကို သင်တန်းများ ပေးအပ်လျက် ရှိပါသည်။ ထို့အပြင် ၄င်းတို့၏ ကိုယ်ပိုင်နာမည်အောက်တွင် (NUG နာမည်အောက်တွင် မဟုတ်ဘဲ) မြန်မာစစ်တပ်ကို ဆက်လက်ပြီး ဆန့်ကျင်တိုက်ပွဲဝင်လျက်ရှိ (တိုက်ပွဲပိုမို ပြင်းထန် လာလျက်ရှိ) ပါသည်။ အင်အားကောင်းသည့် ဝပြည် သွေးစည်းညီညွတ်ရေး တပ်မတော်ကဲ့သို့သော အဖွဲ့မှာမူ စစ်ကောင်စီနှင့် တွေ့ဆုံခဲ့ပြီး ဒီမိုကရေစီရေး လှုပ်ရှားမှုနှင့် ပတ်သက်ပြီး အများအားဖြင့် နှုတ်ဆိတ်လျက် ရှိသည့်အတွက် တက်တက်ကြွကြွ မပါဝင် လိုသည့် သဘောဟု ယူဆရပါသည်။

အထက်ပါ ကွဲပြားခြားနားသော အုပ်စုများ၏ ထောက်ခံမှုကို ရရှိရန် NUG မှာ လိမ္မာပါးနပ်စွာ ဆောင်ရွက်နိုင်ဖို့ လိုပါသည်။ ဤစာတမ်းကို ရေးသည့်အချိန်တွင် ဘယ်လိုဆက်ဖြစ်မည်မှာ မရှင်းလင်း သေးပါ။ NUG သည် လူများစု ဒေသတွင် ထောက်ခံမှု သိသိသာသာရှိနေပြီး စစ်ကောင်စီ၏ ပြိုင်ဖက်အနေဖြင့် အများပြည်သူအတွက် မြင်သာသော ရွေးချယ်စရာ အဖြစ် ရှိနေပါသည်။ အတိတ်က အစိုးရများနှင့် ယှဥ်လျှင် မြန်မာနိုင်ငံ၏ စုံလင်ကွဲပြားမှုကို ပိုမိုထင်ဟပ်နိုင်စေရန် ကြိုးပမ်းမှုများ အထင် အရှားတွေ့ရသော်လည်း NLD ကြီးစိုးသည့်  CRPH ကသာ လွှမ်းမိုးဆောင်ရွက်နေဆဲ ဖြစ်သည့်အတွက် တန်းတူညီမျှမှု မရှိသေးဟု EAO များနှင့် အရပ်ဖက် အဖွဲ့အစည်းများက ဝေဖန်မှုများ ရှိနေပါသေးသည်။

Teachers protest against the military coup in February 2021, Hpa-An, Kayin State, Myanmar. Wikipedia Commons

အနာဂတ်ကိုမျှော်ကြည့်ခြင်း

ဒီမိုကရေစီရေး လှုပ်ရှားမှု မျက်နှာစာ အမျိုးမျိုးကို ကြည့်ခြင်းအားဖြင့် မြန်မာပြည်သူများသည် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရာတွင် အသိအမှတ်ပြုလောက်စရာ စိတ်ဓာတ်ခိုင်မာမှုရှိသည်ကို တွေ့ရ ပါသည်။ မြန်မာစစ်တပ်သည် အလွဲကြီးလွဲကာ ပြည်သူလူထု သူ့အပေါ် ထောက်ခံမှုရှိသည်ဟု ထင်မှတ်မှားခဲ့ပြီး ယခုအခါတွင်မူ ခုခံနေရသည့် အဖြစ်သို့ ရောက်နေပါသည်။ သို့သော်လည်း ဒီမိုကရေစီရေး လှုပ်ရှားမှုအနေဖြင့် အစောပိုင်းကာလများတွင် ရှိခဲ့သည့် အင်အားကို ရေရှည် ထိန်းထားနိုင်မည် မဟုတ်မှာ သေချာသလောက် ဖြစ်ပါသည်။ ရက်စက်ကြမ်းကြုတ်သည့် ဖြိုခွဲမှုများနှင့် အဖမ်းအဆီးများကြောင့် ဆန္ဒပြပွဲများကို အားနည်းစေရုံသာမက လှုပ်ရှားမှု၏ မဏ္ဍိုင် သုံးခုအကြား ချိတ်ဆက် ဆောင်ရွက်နိုင်မှုကိုလည်း သိသာစွာ အားလျော့စေပါသည်။ CRPH/NUG အနေဖြင့်လည်း ပုံမှန် အင်စတီကျူးရှင်းများနှင့် ကင်းကွာနေရပြီး ကာလကြာရှည် ရှိခဲ့သည့် ဗဟို – ပြည်နယ် တင်းမာမှု များကြောင့် မြန်မာစစ်တပ်ကို ဆန့်ကျင်ရာတွင် အောင်မြင်မှု ရရှိဖို့ လိုအပ်သည့် ပြတ်သားသော ခေါင်းဆောင်မှု ပေးနိုင်ရန် ရုန်းကန်နေရသည်မှာလည်း အံ့အားသင့်စရာ မဟုတ်ပါ။

သို့သော်လည်း ဒီမိုကရေစီရေး လှုပ်ရှားမှုမှာ ကျဆုံးသွားမည် မဟုတ်ပါ။ ပါဝင် လှုပ်ရှားနေသူ ပြည်သူများအနေဖြင့် ဒီမိုကရေစီ အနာဂတ် မျှော်လင့်ချက် ဆက်လက် ရှင်သန်နေစေရေးအတွက် ကြီးမားသော ပေးဆပ်မှုများ ပြုလုပ်ရန် လက်ခံဖို့ အသင့် ရှိနေသည်ကို တွေ့ရပါသည်။ လှုပ်ရှားမှုအတွင်း ပါဝင်နေသူများ ထပ်မံကျဆုံးလေလေ၊ အဖမ်းအဆီး ခံရလေလေ သူတို့၏ မြန်မာစစ်တပ် အပေါ် မုန်းတီးစိတ်မှာ ပိုမိုကြီးထွားလာပြီး အာဏာသိမ်းမှု မတိုင်မီက အာဏာပူးတွဲ ကျင့်သုံးသည့် ပုံစံမျိုး ပြန်သွားဖို့မှာ တွေးကြည့်လို့တောင် မရ ဖြစ်လာပါသည်။ မြန်မာစစ်တပ်ကိုယ်တိုင်လည်း ခက်ခဲလှသည့် စိန်ခေါ်မှုများကို ကြုံတွေ့နေရပါသည်။ ဒီမိုကရေစီရေး လှုပ်ရှားမှု၏ စိတ်ဓာတ်ကို မရိုက်ချိုးပစ်နိုင်သည့် အပြင် နိုင်ငံရေးတွင် ဆက်လက်ကြီးစိုးနေရေး စေ့စပ်ညှိနှိုင်းပြီး အောင်မြင်နိုင်ဖို့မှာလည်း တစတစ မဖြစ်နိုင်တော့သည့်အတွက် ထွက်ပေါက်မရှိတော့သည့် အခြေအနေသို့ ရောက်လာနေပါသည်။ သို့ဖြစ်သည့်အတွက် ပြိုလဲလုနီးနီး ဖြစ်နေသည့် နိုင်ငံကို ဇွတ်အတင်း ဆက်အုပ်ချုပ်မည့်ပုံ ရှိပါသည်။ ကံဆိုးလှသည့် ကောက်ချက်ချရလျှင် လူသားအထိအခိုက် ဆိုးရွားစွာ ဖြစ်ပေါ်မည့် အကြမ်းဖက်ပဋိပက္ခများနှင့် ကာလကြာရှည် ရှေ့မတိုးနောက်မဆုတ် အခြေအနေဆိုးကြီး ကသာလျှင် အဖြစ်နိုင်ဆုံး ရလဒ်အနေဖြင့် ရှိနေပါတော့ သတည်း။

ကိုင်းအော့စ်ဝက်ဒ်
တွဲဖက်ပါမောက္ခ
School of Public Policy and Global Affairs
University of British Columbia

ကျော်ရင်လှိုင်
ဒါရိုက်တာ
ကွဲပြားခြားနားမှုနှင့် အမျိုးသားရေး သဟဇာတဖြစ်မှုဆိုင်ရာ လေ့လာမှုအဖွဲ့ ( CDNH)
မြန်မာ

Exit mobile version