ဇွန်လလယ်တွင် ကမ္ဘောဒီးယားနှင့် ထိုင်းတို့အကြား တင်းမာမှုများ ပြင်းထန်လာနေသည့် အချိန်တွင် ကမ္ဘောဒီးယားနိုင်ငံ၏ လက်တွေ့နိုင်ငံ့ခေါင်းဆောင်ဟု ဆိုရမည့် ဟွန်ဆင်က ပြည်ပရောက်ရှိနေသည့် ကမ္ဘောဒီးယားနိုင်ငံသားများကို “အတင်းအဓမ္မ နှင်ထုတ်မခံရမီ အမိမြေ ပြန်လာကြဖို့” တိုက်တွန်း ခဲ့ပါသည်။ ယင်းကို နားထောင်သည့် အတိုင်းအတာသည် မျှော်လင့်ထားသည်ထက် ကျော်လွန်ခဲ့ပါသည်။ ဩဂုတ်လ ၁၁ ရက်၊ နှစ်နိုင်ငံ စစ်တပ်များအကြား တင်းမာမှုများဖြစ်ပွားပြီး ၁၈ ရက် အကြာတွင် ခန့်မှန်းခြေအားဖြင့် ကမ္ဘောဒီးယားနိုင်ငံသား ၉၂၀,၀၀၀ ခန့် ထိုင်းနိုင်ငံဖက်မှ နယ်စပ်ကို ဖြတ်ကျော်ပြီး ပြန်လည် ဝင်ရောက်လာခဲ့ပါသည်။ ပဋိပက္ခ မဖြစ်ပွားမီက ကမ္ဘောဒီးယားနိုင်ငံ၏ အလုပ်သမား အင်အား မှာ လူကိုးသန်းခန့် ရှိပြီး ပြန်လည်ရောက်ရှိလာသည့် လူရွယ် အင်အားစုမှာ လုပ်သားအင်အား၏ ဆယ်ပုံ တပုံနီးပါး (ILO, 2022) ဖြစ်ပါသည်။ ထိုင်းနိုင်ငံတွင် တရားဝင် အထောက်အထား သို့မဟုတ် လုံလောက်သော စာရွက်စာတမ်း မရှိဘဲ အလုပ်လုပ်ကိုင်နေကြသူ အများအပြား ရှိသည့်အတွက် ပြန်လာသူ အရေအတွက် အတိအကျ မသိရှိရပါ။
ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း ကမ္ဘောဒီးယားအစိုးရသည် အလုပ်အကိုင် ဖန်တီးရေး အစီအစဥ် များနှင့် ငွေကြေးအကူအညီအချို့ဖြင့် ပြည်တော်ပြန်များကို နေရာချထားရန် ဆောင်ရွက်ခဲ့ပါသည်။ စက်တင်ဘာလ ၁၀ ရက်နေ့အထိ၊ အကြမ်းဖျင်းအားဖြင့် ပြည်တော်ပြန် ၂ သိန်း ၂ သောင်းခန့်သည် အလုပ်အကိုင်ရရှိခဲ့ပြီး ယင်းတို့ထဲမှ ထက်ဝက်ကျော်မှာ အစိုးရက ပံ့ပိုးပေးသော အစီအစဉ်များ မှတဆင့် အလုပ်အကိုင်ရရှိခဲ့ခြင်း ဖြစ်ပါသည် (Khmer Times, 2025)။ သို့သော် ဆိုရှယ်မီဒီယာတွင် အလုပ်ရှင်များထံမှ ငြင်းပယ်ခံရကြောင်း ပို့စ်များ ပြည့်နှက်နေပြီး အလုပ်လက်မဲ့ဖြစ်မှုနှင့် အိမ်ကို ငွေ ပြန်မပို့နိုင်တော့သည့် အခြေအနေသည် ပဋိပက္ခမဖြစ်မီ ဂျီဒီပီ ၏ ၁၀၀ ရာခိုင်နှုန်းကျော်ရှိပြီး မတည်မငြိမ်ဖြစ်မှု အဆင့်သို့ ဦးတည်နေသည်ဟူသော စိုးရိမ်မှုများ မြင့်တက်လာနေပါသည်။ ငွေကြေး ကဏ္ဍကို ထိခိုက်လာမည်ကို စိုးရိမ်မှုအချို့ရှိနေပါသည်။ အစိုးရ၏ ခန့်မှန်းချက်များအရ ပြည်တော်ပြန်များ၏ ထက်ဝက်ခန့်သာ အလုပ်ရှာနိုင်မည်ဟု တွေ့ရှိထားပြီး တင်းမာမှုများ ပြေလျော့ သွားရင်တောင်မှ ထိုင်းနိုင်ငံက ၎င်း၏ အလုပ်သမား ဈေးကွက်ကို ပြန်လည် ဖွင့်လှစ်မည်လား၊ မဖွင့်လှစ်ဘူးလားဆိုတာ မသေချာကြောင်း ခန့်မှန်းထားပါသည်။
သမားရိုးကျမဟုတ်သော လုံခြုံရေးဆိုင်ရာ အခြေအနေများကို လေ့လာသည့် နယ်ပယ်တွင် ကာလရှည်ကြာ ဆန်းစစ်လေ့ရှိသည်မှာ နိုင်ငံတွင်းသို့ အစုလိုက်အပြုံလိုက် ရွှေ့ပြောင်း နေထိုင်မှုနှင့် နိုင်ငံမှ အစုလိုက်အပြုံလိုက် ထွက်ခွာသွားမှုတို့နှင့် ဆက်စပ်နေသော အန္တရာယ်များ ဖြစ်ပါသည်။ လေ့လာမှု နည်းပါးသည်မှာ မိမိမူရင်းနိုင်ငံသို့ အစုလိုက် အပြုံလိုက် ပြန်လည်ပြောင်းရွှေ့နေထိုင်မှု (mass remigration) ဖြစ်ပါသည်။ ဒေသတွင်းတွင် လုပ်သားအင်အားစု ရွှေ့ပြောင်းနေထိုင်ခြင်းမှာ မြင့်မားပါသည်။ ၂၀၁၅ ခုနှစ် နှင့် ၂၀၂၁ ခုနှစ် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ၏ လုံခြုံရေးမျှော်မှန်းချက်အစီအရင်ခံစာ များတွင် “တရားမ၀င် ရွှေ့ပြောင်းနေထိုင်ခြင်း” သည် သမားရိုးကျ မဟုတ်သော လုံခြုံရေးခြိမ်းခြောက်မှုတခုအဖြစ် ရှိနေကြောင်း ဖော်ပြထားပြီး ပြန်လည် ရွှေ့ပြောင်း နေထိုင်ခြင်း အကြောင်း ဖော်ပြထားခြင်း မရှိပါ။ ကမ္ဘောဒီးယားသည် ၁၉၈၀ နှင့် ၁၉၉၀ ပြည့်လွန် နှစ်များအတွင်း ထိုင်းဒုက္ခသည်စခန်းများမှ သိန်းနှင့်ချီသော ဒုက္ခသည်များ ပြန်လည် လက်ခံ နေရာချ ထားသည့် သမိုင်းအတွေ့အကြုံအချို့ ရှိပါသည်။ သို့သော် ယနေ့ခေတ် ပြောင်းရွှေ့နှုန်းနှင့် လုပ်သား ဈေးကွက် အခြေအနေသည် သိသိသာသာ ကွဲပြားပါသည်။
ကမ္ဘောဒီးယားအစိုးရက ၂၀၂၄ ခုနှစ်တွင် နိုင်ငံသား ၁.၃ သန်းသည် ပြည်ပတွင် အလုပ်လုပ်ကိုင်နေကြပြီး ထိုင်းတွင် ၁.၂ သန်းရှိကြောင်း ထုတ်ပြန်ခဲ့သည် (Khmer Times, 2024)။ ခန့်မှန်းချက်တခုအရ စုစုပေါင်း ငွေလွှဲမှုသည် ကမ္ဘောဒီးယား စီးပွားရေး၏ ၉ ရာခိုင်နှုန်းခန့်ရှိပြီး ဖိလစ်ပိုင်နှင့် အလားတူဖြစ်ကာ အခြား အရှေ့တောင်အာရှနိုင်ငံများထက် သိသိသာသာမြင့်မားပါသည် (ESCAP, 2024)။ ကမ္ဘာ့ဘဏ်၏ ခန့်မှန်းချက်အရ တဦးချင်း ငွေလွှဲမှုသည် ယမန်နှစ် ဂျီဒီပီ ၏ ၆.၁ ရာခိုင်နှုန်းဖြစ်ပြီး ခန့်မှန်းခြေအားဖြင့် ဒေါ်လာ ၂.၈ ဘီလီယံ (ကမ္ဘာ့ဘဏ်ဒေတာ) ရှိမည်ဟု ခန့်မှန်းထားပါသည်။ သို့သော်လည်း Yuanta Securities (2025) ၏ လေ့လာမှုတခုအရ ထိုင်းနိုင်ငံရှိ ကမ္ဘောဒီးယားအလုပ်သမားများသည် နိုင်ငံဂျီဒီပီ ၏ ၂ ရာခိုင်နှုန်းဝန်းကျင်နှင့် ညီမျှပြီး နှစ်စဉ် ဒေါ်လာ ၁.၅ ဘီလီယံခန့် အိမ်ပြန်ပို့နိုင်သည်ဟု ခန့်မှန်းထားပါသည်။ အကယ်၍ ပြည်တော်ပြန်များ၏ ၂၀ ရာခိုင်နှုန်းသည် ပြည်တွင်းတွင် အလုပ် ပြန်ရှာနိုင်ပါက ကုန်ထုတ်စွမ်းအားနှင့် သုံးစွဲမှုတိုးပွားလာခြင်းကြောင့် ငွေလွှဲပို့မှုမှ ဆုံးရှုံးမှုများကို ပြန်ထေမိနိုင်သည်ဟု ကမ္ဘာ့ဘဏ်က ခန့်မှန်းထားသည်။ အလုပ်သမား အကုန်လုံးကို ပြည်တွင်းတွင် အလုပ်ပြန်ခန့်နိုင်ပါက ဒေါ်လာ ၇.၂ ဘီလီယံ ထုတ်နိုင်မည်ဟု ခန့်မှန်းထားသည်။
သို့သော် သမားရိုးကျနှင့် သမားရိုးကျမဟုတ်သော လုံခြုံရေးခြိမ်းခြောက်မှုအများစုကဲ့သို့ပင်၊ အန္တရာယ် များသည် အစွန်းတွင် ရှိခြင်း ဖြစ်ပါသည်။ အကြမ်းဖျင်းအားဖြင့် ပြည်တော်ပြန်များ၏ ၃၀ ရာခိုင်နှုန်းမှာ ဆင်းရဲသားများ ဖြစ်သည့်အတွက် အလုပ်မပေးနိုင်ပါက ယင်းပမာဏမှာ ထက်ဝက် အထိ မြင့်တက် လာနိုင်ပါသည် (CDRI, 2025)။ ၂၀၂၀ ပြည့်နှစ် စစ်တမ်းတခုအရ ထိုင်းနိုင်ငံမှ ပြည်တော်ပြန် ကမ္ဘောဒီးယား နိုင်ငံသားအများစုသည် ဝင်ငွေကျဆင်းမှုကို ခံစားခဲ့ရပြီး သုံးပုံတပုံနီးပါးမှာ ဝင်ငွေ၏ အနည်းဆုံး ၄၀ ရာခိုင်နှုန်း ဆုံးရှုံးမှုရှိသည် (IOM, 2020)။ စက်တင်ဘာလ (၁၀)ရက်နေ့အထိ အလုပ်သမား ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ပြည်တော်ပြန် ၂၂၀,၀၀၀ ခန့်သည် တရားဝင် အလုပ်အကိုင် ရရှိထားပြီး သောင်းနှင့်ချီသောသူများသည် အလွတ်သဘော အလုပ်များ ရခဲ့ကြသည်ဟု သိရ ပါသည်။ နောက်ထပ် အလုပ်အကိုင် လစ်လပ် ၉၀,၀၀၀ ခန့် ရှိနိုင်သဖြင့် ဤကိန်းဂဏန်းများအရ၊ အလွန်ဆုံးမှ၊ ပြည်တော်ပြန်များ၏ ထက်ဝက်ကျော်သာ အလုပ်ရရှိရန် ဖြစ်နိုင်ချေ ရှိပါသည် (Khmer Times, 2025)။
ဖွဲ့စည်းတည်ဆောက်ပုံဆိုင်ရာအချက်များစွာအရ အလုပ်ပေးနိုင်မှုမှာ ကန့်သတ်ချက် များစွာ ရှိနေပါသည်။ ရွှေ့ပြောင်း နေထိုင်သူ အများစုသည် ကမ္ဘောဒီးယား၏ အနောက်ဘက် နယ်စပ် ပြည်နယ်များမှ ဖြစ်ကြပြီး အလုပ်အကိုင် အခွင့်အလမ်းများသည် နိုင်ငံ၏အရှေ့ဘက်၊ မြို့တော် ဖနွမ်းပင် အနီးတွင်သာ ရှိကြခြင်း ဖြစ်ပါသည် (CDRI၊ 2025)။ သို့သော်လည်း ပြည်တော်ပြန်များသည် ၎င်းတို့၏ ဇာတိ ပြည်နယ်များ အနီးတွင်သာ နေလိုကြသည်ဟု ( Hatsukano ၊ 2019၊ p. 68) လေ့လာမှုများက ဖော်ပြပါသည်။ ထို့ကြောင့် ပြည်တော်ပြန်များသည် ရွေးရခက်သည့် ဝိရောဓိနှင့် ကြုံရပါသည်- မိမိဇာတိတွင် လူမှုအသိုက်အဝန်းနှင့် ဝမ်းစာအတွက် အရင်းအမြစ်များ ရရှိနိုင်သော်လည်း တရားဝင် ခန့်အပ်သည့် အလုပ်အကိုင် မှာမူ ရှားပါးပါသည်။ အလုပ်အကိုင် အလားအလာ ပိုကောင်းသည့် အခြား နေရာများမှာမူ လူမှုဖူလုံရေး အားနည်းပြီး ပြောင်းရွှေ့စရိတ် မြင့်မားသည့်အတွက် ရွေးချယ်ရခက်သည့် အခြေအနေ ဖြစ်ပါသည်။ လုပ်ငန်းခွင် အဆက်မပြတ် ဆက်နွယ်မှုမှာလည်း အကန့်အသတ် ရှိပါသည်။ ဆောက်လုပ်ရေး လုပ်သားများသာ ၎င်းတို့၏ ကျွမ်းကျင်မှုကို ဆက်လက် အသုံးချနိုင်ပြီး အများစုမှာ ထိုင်းမှ ရရှိသောကျွမ်းကျင်မှုများကို ပြန်အသုံးချ၍ မရ ဖြစ်နေပါသည် (Hatsukano ၊ 2019၊ pp. 66– 67)။ ထိုင်းနိုင်ငံရှိ ကမ္ဘောဒီးယားနိုင်ငံသား အများစုသည် ဆောက်လုပ်ရေးနှင့် စိုက်ပျိုးရေးတွင် လုပ်ကိုင်ခဲ့ကြခြင်း ဖြစ်ပြီး ယင်းကဏ္ဍနှစ်ခုမှာ ကိုဗစ်ကပ်ရောဂါဖြစ်ပွားပြီးနောက် ရုန်းကန်နေရဆဲ ဖြစ်ပါသည်။ ဤအချက်ကို ပိုဆိုးစေသည်မှာ နိုင်ငံခြားမှ ငွေလွှဲမှုများဖြင့် ကျေးလက်ဒေသ စီးပွားရေးကို အချိုးအစား မမျှစွာ ထိန်းထားရသည့် အချက် ဖြစ်ပါသည်။ အသက်အရွယ်သည်လည်း သိသာ ထင်ရှားသော အတားအဆီးတခု ဖြစ်ပါသည်။ ပြန်လည်ရောက်ရှိလာသူ လေးပုံတပုံကျော်သည် အသက် ၄၅ နှစ် အထက် ဖြစ်ပြီး သူတို့အနေဖြင့် ကမ္ဘောဒီးယားနိုင်ငံ၏ အကြီးဆုံး တရားဝင် အလုပ်ခန့်အပ်သည့် အထည်ချုပ် လုပ်ငန်းကဲ့သို့သော လုပ်သားအင်အားသုံး ကဏ္ဍများသို့ ဝင်ရောက်လုပ်ကိုင်ရန် အကန့်အသတ် ရှိနေပါသည်။ ပြည်တော်ပြန် အများအပြားသည် ၎င်းတို့၏ အသက်အရွယ်ကြောင့် အထည်ချုပ် စက်ရုံများမှ ငြင်းပယ်ခြင်းခံရကြောင်း လျှို့ဝှက် မှတ်တမ်းများ အရ သိရပါသည်။
အိမ်ထောင်စုကြွေးမြီသည် အကြီးဆုံး စီးပွားရေးအန္တရာယ် ဖြစ်သည်။ ရွှေ့ပြောင်းအခြေချ မိသားစုဝင် များရှိသည့် အိမ်ထောင်စုများ၏ သုံးပုံတပုံခန့်သည် ပျမ်းမျှအားဖြင့် ဒေါ်လာ ၅,၀၀၀ အကြွေး ရှိနေပြီး အများစုမှာ ပြန်ဆပ်ရန် ရုန်းကန်နေရဆဲ ဖြစ်ပါသည် (CDRI၊ 2025)။ ကမ္ဘောဒီးယား၏ ကြွေးမြီနှင့် ဂျီဒီပီ အချိုးသည် ၂၀၂၄ ခုနှစ်တွင် ၁၂၄ ရာခိုင်နှုန်း (NBC, 2024) ရှိပြီး ကမ္ဘာ့အမြင့်ဆုံး နိုင်ငံတနိုင်ငံ ဖြစ်ပါသည်။ ပြန်လည် ရွှေ့ပြောင်းနေထိုင်မှု စရိတ်စကနှင့် ဆုံးရှုံးသွားသော ၀င်ငွေများ ပေါင်းလိုက်ပါက ပြည်သူများ၏ ဒုက္ခမှာ ပိုမိုနက်ရှိုင်းလာမည်ဟု တွက်ချက်နိုင်ပါသည်။ ဝန်ကြီးချုပ် ဟွန်မာနက်က ငွေချေးသူများကို ကြွေးမြီဆပ်သည့်ပုံစံ ပြန်လည်ပြင်ဆင်ပေးရန် တိုက်တွန်းခဲ့သော်လည်း အကြွေး ပြန်မဆပ်နိုင်သည့် ပမာဏမှာ ဘဏ် လုပ်ငန်းတွင် ၇.၉ ရာခိုင်နှုန်းနှင့် အသေးစားငွေချေး ကဏ္ဍတွင် ၉ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့ပြီး ယခင်နှစ် များနှင့် နှိုင်းယှဉ်ပါက သိသိသာသာ မြင့်တက်လာခဲ့ပါသည် (ဆင်ဟွာ၊ 2025)။ ယင်းမှာ ဇွန်လမှ စတွက်ပါက ပိုဆိုးလာမည်မှာ သေချာသလောက် ဖြစ်ပါသည်။ ဘဏ်များက ချေးငွေဆုံးရှုံးမှုကို လက်ခံစေရန်အတွက် ယာယီသက်သာခွင့်နှင့် “အစိုးရဖက်မှ ဂရုတစိုက် ချိန်ညှိထားသော ထွက်ပေါက်”ကို ပူးတွဲလုပ်ဆောင်ရမည်ဟု IMF (2025) က သတိပေးထားပါသည်။ အနည်းဆုံးအားဖြင့်၊ အိမ်ထောင်စုကြွေးမြီများ မြင့်တက်လာခြင်းနှင့် ထိန်းမရသော အကြွေးများသည် ကျန်းမာရေး စောင့်ရှောက်မှုနှင့် အခြားမရှိမဖြစ်လိုအပ်သော ဝန်ဆောင်မှုများကို လက်လှမ်းမီမှု လျှော့ချခြင်း အပါအဝင် ကြီးမားသော လူမှုရေးကုန်ကျစရိတ်များ ခံစားရမည်ဖြစ်ပါသည်။ အရေးပေါ် အကြွေးဆပ်ရန် လိုအပ်ချက်ကြောင့် နယ်စပ်အကြမ်းဖက်မှုများကြားမှ ထိုင်းနိုင်ငံသို့ ပြန်လည် ဝင်ရောက်ရန် ကြိုးပမ်းသည့် ပြန်လာသူများ၏ ဖြစ်ရပ်များကို ဒေသတွင်းမီဒီယာများက ဖော်ပြခဲ့သည်ကို တွေ့ရှိရပါသည် (Kiripost , 2025)။
တင်းမာမှုများ လျော့ကျသွားပါက အဓိကမေးခွန်းမှာ ရွှေ့ပြောင်းနေထိုင်သူများကို ထိုင်းနိုင်ငံသို့ ပြန်လည် ဝင်ရောက် ခွင့်ပြုမည်လားဆိုသည့် မေးခွန်းဖြစ်ပါသည်။ ကမ္ဘောဒီးယားအစိုးရ အတွက် ဘေးကျပ်နံကျပ် ဖြစ်ရသည်မှာ – ပြည်တော်ပြန်များ ပြန်ထွက်သွားပါက ဖိအားများကို ချက်ခြင်း ဖြေလျှော့နိုင်သော်လည်း အလုပ်သမားအသစ်များ ခန့်မည်ဟု မျှော်လင့်ထားသည့် ပြည်တွင်း တိုးချဲ့ ကုမ္ပဏီများကို ထိခိုက်နိုင်ပါသည်။ ထို့အပြင် ယင်းဆုံးဖြတ်ချက်မှာ ထိုင်းအစိုးရအပေါ် မူတည်နေပြီး မကြာသေးမီက မြန်မာနိုင်ငံမှ ဒုက္ခသည်များကို အလုပ်ခန့်ရန် ဥပဒေများကို ဖြေလျှော့ပေးခဲ့ကာ သီရိလင်္ကာ၊ နီပေါ၊ အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင်နိုင်ငံတို့မှ ရွှေ့ပြောင်းနေထိုင်သူများ တိုးခေါ်ရန် ဆောင်ရွက် နေပါသည်။ ယင်းက ထိုင်းသည် ကမ္ဘောဒီးယား အလုပ်သမားများကို မမှီခိုတော့ရန် ရည်ရွယ် ထားကြောင်း အချက်ပြနေခြင်း ဖြစ်ပါသည် ။
ပြန်တော်ပြန်များ ဆက်ရှိနေပါကလည်း ဖိအားများ တိုးလာမည် ဖြစ်ပါသည်။ ရန်ပုံငွေ မပြည့်မီသော ပညာရေး ကဏ္ဍကို အကျပ်အတည်းဖြစ်စေမည် ဖြစ်ပြီး စာသင်ကျောင်းသစ် ငါးသောင်းကျော် လိုအပ်မည် ဖြစ်ပါသည်။ ကမ္ဘောဒီးယားနိုင်ငံသား အများအပြားသည် အခြေအနေ ပြင်းထန်သည့် ရောဂါများ ကုသရန် ထိုင်းကျန်းမာရေး စောင့်ရှောက်မှုကို အားကိုးနေကြရပါသည်။ ချမ်းသာသူများက လေယာဉ်ဖြင့် ခရီးဆက်နိုင်ဆဲဖြစ်သော်လည်း လက်ရှိဖြစ်ပွားနေသော ပဋိပက္ခများကြောင့် ကုန်းတွင်း ခရီး ရပ်နားထားရပြီး ကမ္ဘောဒီးယား၏ ငွေကြေးမလုံလောက်သော ကျန်းမာရေး စောင့်ရှောက်မှု စနစ် အပေါ် ထပ်လောင်း ဖိအားပေးလျက် ရှိပါသည်။
ကမ္ဘောဒီးယားအတွက် အသိသာဆုံး သမားရိုးကျမဟုတ်သော လုံခြုံရေးခြိမ်းခြောက်မှုမှာ လက်ရှိတွင် ဆိုက်ဘာ လိမ်လည်မှုလုပ်ငန်း (ကျားဖြန့်) ဖြစ်ပါသည်။ ခန့်မှန်းချက်တခုအရ အဆိုပါ တရားမဝင် ကဏ္ဍမှ တရားဝင် စီးပွားရေး၏ လေးပုံတပုံ (USIP 2024) နှင့် ညီမျှသော နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၁၂.၅ ဘီလီယံခန့် ရရှိနေပါသည်။ ကမ္ဘောဒီးယား၏ နိုင်ငံရေးနှင့် စီးပွားရေးဆိုင်ရာ ထိပ်တန်း ခေါင်းဆောင်များသည် ကျားဖြန့်လုပ်ငန်းကို ထောက်ပံပေးသည်ဟူသော စွပ်စွဲချက်များကြောင့် အမေရိကန်၏ ပိတ်ဆို့အရေးယူမှုများ ကြုံတွေ့ရသလို တရုတ်နိုင်ငံနှင့်လည်း သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်ခဲ့ပါသည်။ ကျားဖြန့်လုပ်ငန်း အများအပြားသည် ထိုင်းနယ်စပ်အနီးတွင် ရှိပြီး ၎င်းတို့တွင် အလုပ်လုပ်ကိုင်နေသူ အများစုမှာ ကျွန်ပြုခံရသည့် အခြေအနေမျိုး ကျရောက်နေသည်ဟု ဆိုပါသည်။
အစိုးရသည် အလုပ်အကိုင် အစီအစဥ်များ ဖန်တီးခြင်း၊ အလုပ်အကိုင် အခွင့်အလမ်းများရရှိစေရန် ၀န်ကြီးအဖွဲ့များ ဖွဲ့စည်းခြင်း၊ အလုပ်ရှင်များအား ပြန်လာသူများအား အလုပ်ခန့်ပေးရန် အားပေးခြင်းနှင့် ငွေကြေး အကူအညီများပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ပါသည်။ အများအားဖြင့် အစိုးရသည် တက်ကြွစွာ လုပ်ဆောင်ခဲ့သည်ဟု ဆိုလို့ရပါသည်။ သို့တိုင် ဆိုရှယ်မီဒီယာတွင် ၎င်းတို့ ကတိပြု ထားသည့် ဝန်ဆောင်မှုများနှင့် ပံ့ပိုးကူညီမှုများကို ရယူနိုင်ခြင်းမရှိသေးကြောင်း ပြန်တော်ပြန်များထံမှ တိုင်ကြားမှုများနှင့် ပြည့်နှက်နေပါသည်။
ရေရှည်တွင် ယခုအခြေအနေက ၁၉၇၉ ခုနှစ်ကတည်းက အာဏာကို လက်ဝါးကြီးအုပ်ထားသည့် အာဏာရ ကမ္ဘောဒီးယားပြည်သူ့ပါတီ (CPP) အတွက် မကြုံစဖူး နိုင်ငံရေးလုံခြုံရေး စိန်ခေါ်မှုများကို ဖန်တီး ပေးနိုင်ပါသည်။ အာဏာရှင်ပါတီသည် ၂၀၁၇ ခုနှစ်ကတည်းက နိုင်ငံရေးနှင့် လူထု အတိုက်အခံ အားလုံးကို အောင်မြင်စွာ ဖယ်ရှားနိုင်ခဲ့ပြီး၊ သဘောထားကွဲလွဲမှုသည် အလွန်ရှားပါးနေပြီဖြစ်ပါသည်။ လက်ရှိတွင် အမျိုးသားရေးဝါဒသည် ကမ္ဘောဒီးယားတွင် အရှိန်အဟုန် မြင့်တက်လာနေပြီး ယင်းအကျပ်အတည်းအတွက် အဓမ္မ ပြန်လည် ရွှေ့ပြောင်းနေထိုင်ခြင်းအပါအဝင် အပြစ်တင်ခြင်း အများစုမှာ ကမ္ဘောဒီးယားအစိုးရမဟုတ်ဘဲ ထိုင်းနိုင်ငံကို ဦးတည်နေပါသည်။ အမှန်စင်စစ်၊ ကမ္ဘောဒီးယားနိုင်ငံသား အများအပြားသည် ထိုင်းလူမျိုးရေးဝါဒီများ၏ တိုက်ခိုက်ခံရမည်ကို စိုးရိမ်သောကြောင့် အများအပြားက ပြည်တော်ပြန်ရန် ရွေးချယ်ခဲ့ကြပါသည်။
အခြေအနေအများစုမှာ ကမ္ဘောဒီးယားနှင့် ထိုင်းအကြား တင်းမာမှုများ ဘယ်လောက်ကြာကြာ ဆက်ရှိနေဦးမလဲဆိုသည့် အချက်နှင့် ရွှေ့ပြောင်းအလုပ်သမားများကို ထိုင်းနိုင်ငံက အလုပ်ပြန်လုပ်ခွင့် ပြုမပြု အပေါ် အများကြီးမူတည်ပါသည်။ ကမ္ဘောဒီးယား အလုပ်သမား ၁ သန်းကို အခြား မည်သည့် နိုင်ငံကမှ လက်ခံနိုင်ဖွယ်မရှိပါ။ ယခင်က ၎င်းတို့၏ဘဝရွေးချယ်ခွင့်များကို မကျေမနပ်ဖြစ်နေကြသည့် ကမ္ဘောဒီးယား လူမျိုးများသည် လစာပိုကောင်းသော အလုပ်ရှာဖွေရန် ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့ နေထိုင် နိုင်ကြပါသည်။ အတိုင်းအတာတခုအထိ၊ ယင်းက အာဏာရပါတီအား ၎င်းတို့ကြောင့် အနစ်နာဆုံး ဖြစ်နေသည့် ပြည်သူများကို တိုင်းပြည်မှ ဖယ်ရှားပေးခြင်းဖြင့် အကျိုးပြုခဲ့ပါသည်။ ထို့အပြင် ကမ္ဘောဒီးယား နိုင်ငံသား အများအပြား ထိုင်းနိုင်ငံသို့ အလွယ်တကူ ပြောင်းရွှေ့နေထိုင်နိုင်မှုသည် လွန်ခဲ့သည့် ဆယ်စုနှစ်များအတွင်း ကမ္ဘောဒီးယားအစိုးရ အနေဖြင့် အစုလိုက်အပြုံလိုက် အလုပ်လက်မဲ့ဖြစ်မည့် အလားအလာ သို့မဟုတ် အလုပ်သမား အခွင့်အရေး ကိစ္စများ၊ အလုပ်သမားများ အများအပြား အလုပ်ရှာမရသည့် ပြဿနာများနှင့် မရင်ဆိုင်ရစေရန် အကာအကွယ်ပေးခဲ့ပါသည်။
သမားရိုးကျ မဟုတ်သော လုံခြုံရေးခြိမ်းခြောက်မှုအဖြစ် အစုလိုက်အပြုံလိုက် ပြန်လည် ရွှေ့ပြောင်း နေထိုင်မှုနှင့် ပတ်သက်၍ ကမ္ဘောဒီးယားတွင် မည်သည့်အချက်များ တွေ့ရပါသနည်း။ အခြားသော မကြုံစဖူး လုံခြုံရေး ခြိမ်းခြောက်မှုများသည် (ကြုံတွေ့နေကျ ခြိမ်းခြောက်မှုများကဲ့သို့ပင်) လူ့အဖွဲ့အစည်းတွင် နဂိုရှိပြီးသား အားနည်းချက်များကို ပိုဆိုးစေပါသည်။ အလုပ်လက်မဲ့နှုန်း ရုတ်တရက် တိုးလာခြင်းသည် မည်သည့် အခြေအနေတွင်မဆို ပြဿနာရှိသည်ဆိုသည်မှာ မှန်သော်လည်း အထူးသဖြင့် အကြွေးတင်ခြင်းနှင့် ချေးငွေပြန်မဆပ်သည့်နှုန်းများ မြင့်မားနေပြီး ပိုဆိုးလာနေသည့် ကမ္ဘောဒီးယားတွင် မတည်မငြိမ် ဖြစ်စေနိုင်ပါသည်။ ဤကဲ့သို့ မကြုံစဖူး ဖြစ်ရပ်သည် နာတာရှည် အားနည်းချက်ကို လက်ငင်း ပြင်းထန်သော အကျပ်အတည်းအဖြစ်သို့ ပြောင်းလဲပေးရန် အလားအလာ ရှိပါသည်။ ဆိုက်ဘာလိမ်လည်မှုလုပ်ငန်း (ကျားဖြန့်လုပ်ငန်း) များ ပိုမို ကြီးထွားလာခြင်း အပါအဝင် ကမ္ဘောဒီးယား၏ လက်ရှိဖြစ်ပေါ်နေသော စိန်ခေါ်မှုများကြောင့် လူမှုအန္တရာယ်များကို ပိုမို ဆိုးရွားစေနိုင်ပါသည်။ ကပ်ရောဂါမဖြစ်ပွားမီတုန်းက အခြေအနေကဲ့သို့ စိုက်ပျိုးရေးနှင့် ဆောက်လုပ်ရေးကဏ္ဍများ ပြန်လည်ကောင်းမွန်လာပါက သို့မဟုတ် ပိုကောင်းလာပါက၊ မြို့တော် အနီးတဝိုက်ထက် နိုင်ငံ၏ အနောက်ဘက်ပြည်နယ်များတွင် အလုပ်အကိုင်ဖန်တီးမှုများ ပြုလုပ်နိုင်ပါက အစုလိုက်အပြုံလိုက် ပြန်လည်ပြောင်းရွှေ့နေထိုင်ခြင်း၏ စီးပွားရေးအကျိုးဆက်များကို ပိုမို ထိန်းချုပ် နိုင်မည် ဖြစ်ပါသည်။
ဤအားနည်းချက်များမှာ ကြိုတင် မှန်းဆ၍ မရသော အားနည်းချက်များ မဟုတ်ပါ။ ကမ္ဘောဒီးယား အလုပ်သမားများ ရွှေ့ပြောင်းနေထိုင်မှု၏ အဓိက ဦးတည်ရာမှာ ထိုင်းနိုင်ငံဖြစ်နေခြင်းဆိုသည့် တနေရာထဲကို အလွန်အမင်း မှီခိုအားထားမှုမှာ ယခု အခြေအနေတွင် အထူးထင်ရှားလာပါသည်။ ၎င်းသည် ဖိလစ်ပိုင်ကဲ့သို့သော ပိုမိုကွဲပြားသော အလုပ်သမား တင်ပို့မှုပုံစံကို ထိန်းသိမ်းထားသည့် နိုင်ငံများနှင့် ဆန့်ကျင်ဘက် ဖြစ်ပါသည်။ အစုလိုက်အပြုံလိုက် ပြန်လည် ပြောင်းရွှေ့နေထိုင်မှုကို ဖြစ်ပေါ်စေသည့် အန္တရာယ်များနှင့်လည်း ဆက်စပ်နေပါသည်။ ထိုသို့သော အခြေအနေများမှာ လက်နက်ကိုင်ပဋိပက္ခ၊ ရုတ်တရက် စီးပွားရေး အကျပ်အတည်း၊ သဘာဝပတ်ဝန်းကျင် ဘေးအန္တရာယ်များ သို့မဟုတ် အစုလိုက်အပြုံလိုက် ပြည်နှင်ဒဏ်ပေးခြင်းတို့မှ ပေါ်ပေါက် လာနိုင်ပါသည်။ ကမ္ဘောဒီးယားနိုင်ငံ၏ အခြေအနေတွင် အိမ်ရှင်နိုင်ငံဖြစ်သည့် ထိုင်းနိုင်ငံနှင့် နယ်မြေ အငြင်းပွားမှုမှ ပေါ်ပေါက်လာခြင်း ဖြစ်ပါသည်။ ယင်းကြောင့် လူထု၏ ဒေါသကို အပြင်သို့ လမ်းကြောင်း လွှဲခြင်းဖြင့် နိုင်ငံရေး အန္တရာယ်ကို လျော့ပါးစေပါသည်- ပျံ့နှံ့နေသော အမျိုးသားရေး စိတ်ဓာတ်ဖြင့် မိမိနိုင်ငံ၏ အခက်အခဲများအတွက် ထိုင်းအစိုးရကို အပြစ်တင်ရင်း နိုင်ငံတော်အလံနှင့် အစိုးရနောက်တွင် ကမ္ဘောဒီးယားနိုင်ငံသား အများအပြားကို စုစည်းထားနိုင်ပါသည်။ စိတ်ခံစားမှု အခြေခံသော ဒေါသ (ဥပမာ- အမျိုးသားရေးဝါဒ) သည် စားဝတ်နေရေးပူပန်မှု (အလုပ်အကိုင်နှင့် အကြွေးကဲ့သို့) ထက် မည်မျှ ကြာကြာ ခံနိုင်မည်လဲဆိုသည်မှာ အရှေ့တောင်အာရှတွင် စိတ်ဝင်စားဖွယ် ဥပမာတခု အနေဖြင့် ရှိနေမည် ဖြစ်ပါသည်။ ထို့အပြင် အစုလိုက်အပြုံလိုက် ပြန်လည် ပြောင်းရွှေ့နေထိုင်မှုနှင့် ဆက်စပ်နေသော လုံခြုံရေးအန္တရာယ်များမှာ အခြားကွဲပြားခြားနားသော စီးပွားရေးဖွဲ့စည်းပုံများ၊ ရွှေ့ပြောင်းနေထိုင်မှုပုံစံများနှင့် နိုင်ငံရေးအခြေအနေများတွင် မည်ကဲ့သို့ ဖြစ်နိုင်သနည်းဆိုသည်ကို နှိုင်းယှဉ်လေ့လာမှုများ ထပ်မံ ပြုလုပ်ရန် လိုအပ်နေသည် ဖြစ်ပါတော့သည်။
David Hutt
David Hutt သည် Central European Institute of Asian Studies (CEIAS) သုတေသီနှင့် The Diplomat တွင် အရှေ့တောင်အာရှ ဆောင်းပါးရှင် ဖြစ်ပါသည်။
မှတ်စု
ဤအကြောင်းနှင့် ပတ်သက်၍ လေ့လာမှုအချို့ ရှိခဲ့ပါသည်။ ဥပမာအားဖြင့်၊ Schwartz, S. 2019. “Home, Again: Refugee Return and Post-Conflict Violence in Burundi.” International Security, 44 (2): 110–145; Wanki, P., I. Derluyn and I. Lietaert. 2022. “‘Let Them Make It Rain and Bling’: Unveiling Community Expectations towards Returned Migrants in Cameroon.” Societies,12(1) ဖြစ်ပါသည်။ သို့သော်၊ ဤလေ့လာမှုများသည် ရွှေ့ပြောင်းအလုပ်သမားများမဟုတ်ဘဲ ဒုက္ခသည်များ သို့မဟုတ် နှင်ထုတ်ခံရသူများကို ပြန်လည်ပေါင်းစည်းရန် လေ့လာခြင်း ဖြစ်ပါသည်။ ထို့အပြင် အများအပြားသည် ယခင်ယူဂိုဆလားဗီးယားနိုင်ငံ သို့မဟုတ် အာဖရိကနိုင်ငံများကဲ့သို့သော လူမျိုးရေးကွဲပြားသော နိုင်ငံများကို လေ့လာခြင်း ဖြစ်ပါသည်။ ပြန်လည် ရွှေ့ပြောင်းနေထိုင်မှုတွင် ယဉ်ကျေးမှုဆိုင်ရာ စဥ်းစားစရာများ မရှိသလောက်ဖြစ်သော ကမ္ဘောဒီးယား ကဲ့သို့သော လူမျိုးရေးနှင့် ယဉ်ကျေးမှုအရ တူညီသော နိုင်ငံများကို လေ့လာဖူးခြင်း မရှိပါ။
References –
“Cambodia’s Banking, Financial Institutions Experience Slow Credit Growth in 2024: central bank.” Xinhua, 19 February 2025. https://english.news.cn/20250219/f7d820199f91437a8dbfe90f7868fb03/c.html.
“Cambodia: Employment and Environmental Sustainability Factsheet.” International Labor Organization. 2022. https://www.ilo.org/media/368836/download.
“Cambodia Returning Migrants Survey.” International Organization for Migration, 2020. https://dtm.iom.int/dtm_download_track/11936?file=1&type=node&id=9270.
“Demographic and Economic Profile of Returned Migrant Labourers.” Cambodia Development Resource Institute, 27 August 2025. https://cdri.org.kh/publication/demographic-and-economic-profile-of-returned-migrant-labourers.
“Expert Group Meeting on Strengthening the Evidence Base on Migration in North and Central Asia.” Economic and Social Commission for Asia and the Pacific, 3 December 2024. www.unescap.org/sites/default/d8files/event-documents/Remittances_in_NCA_ENG_20241126.pdf.
“Financial Stability Review.” National Bank of Cambodia, 2014. https://www.nbc.gov.kh/download_files/publication/fsr_eng/FSR_2024_Final_250512@10am.pdf.
“From Remittances to Resilience: Harnessing Returning Migrant Workers for Cambodia’s Growth.” Yuanta Securities, 25 August 2025. https://yuantacambodia.com.kh/yuantaReport.php?Special%20Report&report=1126.
“Govt Provides Robust Assistance to 1.3 Million Migrant Workers.” Khmer Times, 11 July 2024. https://www.khmertimeskh.com/501521096/govt-provides-robust-assistance-to-1-3-million-migrant-workers.
Hatsukano, Naomi. 2019. “Returned Migrant Workers in Cambodia: Motivations for Moving and Economic Reintegration.” Institute of Developing Economies. https://www.ide.go.jp/library/English/Publish/Reports/Ec/pdf/201902_02_ch03.pdf.
“IMF Staff Completes 2025 Article IV Mission to Cambodia.” International Monetary Fund, 2 September 2025. https://www.imf.org/en/News/Articles/2025/09/02/pr-25287-cambodia-imf-staff-completes-2025-article-iv-mission.
“Over 220,000 Cambodian Returnee Workers Secure Jobs, Says Labour Minister.” Khmer Times, 13 September 2025. https://www.khmertimeskh.com/501756456/over-220000-cambodian-returnee-workers-secure-jobs-says-labour-minister/.
“Personal Remittances, Received (% of GDP)–Cambodia.” Work Bank Open Data. https://data.worldbank.org/indicator/BX.TRF.PWKR.DT.GD.ZS?locations=KH.
Sikol, Kuch. 2025. “Debt and Job Shortages Force Cambodian Workers to Return to Thailand.” Kiripost, 8 September 2025. https://kiripost.com/stories/debt-and-job-shortages-force-cambodian-workers-to-return-to-thailand.
“Transnational Crime in Southeast Asia: A Growing Threat to Global Peace and Security.” United States Institute of Peace, 13 May 2024. https://www.usip.org/publications/2024/05/transnational-crime-southeast-asia-growing-threat-global-peace-and-security.

