Site icon Kyoto Review of Southeast Asia

အရှေ့တောင်အာရှရှိ ဥတုပြောင်းလဲခြင်းဆိုင်ရာ ဆောင်ရွက်မှု – အာဆီယံနှင့် ဖိလစ်ပိုင်တို့မှ လုပ်ဆောင်မှုများ

Balagtas, Philippines - 2025: People wade and use a small boat on a flooded street after downpour from Typhoon Uwan (Fung-wong). Photo: Cherish Gonzales, Shutterstock

ဥတုဖောက်ပြန်မှုသည် အရှေ့တောင်အာရှ၏ ရေရှည်သာယာဝပြောရေးနှင့် လုံခြုံရေးအတွက် ကြီးမားသော ခြိမ်းခြောက်မှု တခု ဖြစ်ပါသည်။ ISEAS-Yusof Ishak Institute က ကောက်ယူသော ၂၀၂၅ အရှေ့တောင်အာရှနိုင်ငံများ စစ်တမ်းတွင် ဥတုပြောင်းလဲမှုနှင့် ပြင်းထန်သော ရာသီဥတု ဖြစ်စဉ်များသည် လွန်ခဲ့သည့် နှစ်နှစ်အတွင်း အရှေ့တောင်အာရှသား အများစု၏ အဓိက စိုးရိမ်စရာဖြစ်ခဲ့သော အလုပ်လက်မဲ့ဖြစ်ခြင်းနှင့် စီးပွားရေး ဆုတ်ယုတ်မှုကို ကျော်လွန်ကာ ဒေသတွင်း ရင်ဆိုင်နေရသော ထိပ်တန်းစိန်ခေါ်မှုအဖြစ် သတ်မှတ်ခဲ့ပါသည် (Seah et al., 2025 ) ISEAS-Yusof Ishak Institute က ထုတ်ဝေသော ၂၀၂၄ ခုနှစ် အရှေ့တောင်အာရှ ဥတုခန့်မှန်းချက်တွင် ဖြေဆိုသူ ၆၀ ရာခိုင်နှုန်းသည် လာမည့် ၁၀ နှစ်အတွင်း ဥတုပြောင်းလဲမှုကြောင့် ၎င်းတို့၏ ဘဝကို ကြီးကြီးမားမားထိခိုက်နိုင်မည်ဟု ယုံကြည်ကြပါသည် (Seah et al., 2024) ။ ဥတုပြောင်းလဲမှုကို လက်ငင်းခြိမ်းခြောက်မှုဟု ယူဆသူများထဲတွင် ဖိလစ်ပိုင်နှင့် ဗီယက်နမ်တို့မှ ဖြေဆိုသူများသည် ဒေသတွင်း ပျမ်းမျှနှင့် နှိုင်းယှဉ်ပါက စိုးရိမ်မှုအဆင့်ပိုများကြောင်း တွေ့ရှိရပါသည်။

ဥတုကြောင့် ဖြစ်ပေါ်လာသော အန္တရာယ်များသည် အဆင်းရဲဆုံးနှင့် အစွန်အဖျားကျဆုံးသော လူ့အဖွဲ့အစည်းများကို အချိုးမညီမျှစွာ ထိခိုက်စေပါသည်။ ဥပမာအားဖြင့် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများသည် ဖိလစ်ပိုင် နိုင်ငံ၏ မြို့တော် မနီလာတွင် နေထိုင်သူအများစုအပေါ် သက်ရောက်မှုရှိသော်လည်း မြို့ပြဆင်းရဲသား လူထုသည် ရေကြီးလေ့ရှိသော နေရာများတွင် နေရလေ့ရှိသောကြောင့် အန္တရာယ်နှင့် ပိုမိုကြုံတွေ့နေရပါသည်။ ဘေးအန္တရာယ်များနှင့် အရေးပေါ် အခြေအနေများမှ ပြန်လည်ထူထောင်ရန် နည်းလမ်း မရှိသောကြောင့် အဆိုပါအသိုင်းအဝိုင်းသည် ပိုမို ထိခိုက် လွယ်ပါသည်။ ယခုနောက်ပိုင်းတွင် အဆက်မပြတ်ရေကြီးမှုသည် လူအများကို ဒေါသထွက်စေခဲ့ပြီး ပုံမှန်မဟုတ်သော ရေလွှမ်းမိုးမှု ထိန်းချုပ်ရေးစီမံကိန်းများကို စုံစမ်းစစ်ဆေးရန် တောင်းဆိုမှုများဖြစ်ပေါ်စေခဲ့သည်။ မြန်မာနိုင်ငံတွင် စစ်တပ်နှင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ အာဏာသိမ်းမှုကို ဆန့်ကျင်သူများကြား ပဋိပက္ခ ပြင်းထန်လာခြင်းကြောင့် ပြည်တွင်း နေရပ်စွန့်ခွာခဲ့ရသည့် လူနည်းစုလူမျိုးများ အထူးသဖြင့် အမျိုးသမီးများနှင့် မိန်းကလေးငယ်များ၏ အခြေအနေကို ၂၀၂၃ ခုနှစ် ဆိုင်ကလုန်း မိုးခါး နှင့် ၂၀၂၄ ခုနှစ်တွင် ရာဂီ တိုင်ဖွန်းမုန်တိုင်းတို့က ပိုမိုဆိုးရွားစေခဲ့ပါသည် (Bauchner, 2023; Relief Web, 2024) ။ ဤအရာများသည် ဥတုပြောင်းလဲမှု၏ ပထမ တိုက်ရိုက်အကျိုးသက်ရောက်မှုဖြစ်ပြီး ဒေသတွင်းရှိ ပြည်သူများ၏ လုံခြုံရေးနှင့် အသက်မွေးဝမ်းကျောင်းမှုကို ခြိမ်းခြောက်နေသည့် ဥပမာများထဲမှ အနည်းငယ်မျှသာ ရှိသေးပါသည်။ မူလအကျိုးသက်ရောက်မှုအပြင် ဥတုနှင့် လုံခြုံရေးကဏ္ဍ ဆက်နွယ်နေသည့်အတွက် အတင်းအဓမ္မ ရွှေ့ပြောင်းခံရခြင်း၊ လူထုမငြိမ်မသက်မှု၊ ပဋိပက္ခနှင့် အခြားလုံခြုံရေးခြိမ်းခြောက်မှုများကို ဖြစ်စေသည့် သို့မဟုတ် ပိုမိုဆိုးရွားစေသည့် သက်ရောက်မှုများ ဖြစ်လာနိုင်ပါသည် (McDonald, 2013) ။ ဥတုဖောက်ပြန်ခြင်း၏ ဆိုးကျိုးများကို ကိုင်တွယ်ဖြေရှင်းခြင်းမပြုပါက၊ နိုင်ငံရေးတည်ငြိမ်မှုနှင့် စီးပွားရေး တည်ငြိမ်တိုးတက်မှုကို ဆောင်ကျဉ်းပေးသည့် အာဆီယံ၏ ခက်ခက်ခဲခဲ အောင်မြင်မှုများကို ခြိမ်းခြောက်လာနိုင်ပါသည်။

ဤဆောင်းပါးသည် ဥတုပြောင်းလဲမှုဆိုင်ရာ အုပ်ချုပ်မှုအပိုင်းတွင် အာဆီယံအတွင်း လတ်တလော ဖြစ်ပေါ် တိုးတက်မှုများနှင့် လက်ရှိ ပထဝီဝင်နိုင်ငံရေးအခင်းအကျင်းသည် ဥတုပြောင်းလဲမှုဆိုင်ရာ ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု အပေါ် မည်သို့ အကျိုးသက်ရောက်နိုင်သည်ကို အလေးပေးဖော်ပြထားပါသည်။ ၎င်းတွင် ဖိလစ်ပိုင်၏ ဥတု ဆိုင်ရာ ရည်မှန်းချက်များ အောင်မြင်စေရန်နှင့် ဒေသတွင်း ဥတု ဆိုင်ရာ အုပ်ချုပ်မှုတွင် ပါဝင်ကူညီရန် ဥတုဆိုင်ရာ ဘေးအန္တရာယ် လျှော့ချရေး၊ သမားရိုးကျမဟုတ်သော လုံခြုံရေး ရှုထောင့်မှ ကြည့်လျှင် ဥတုပြောင်းလဲမှုသည် နိုင်ငံနှင့် ဒေသတွင်း တည်ငြိမ်ရေးသာမက ထိခိုက်လွယ်သော လူမှုအသိုင်းအဝိုင်းများ၏ ရှင်သန်မှုကိုလည်း ခြိမ်းခြောက်နေပါသည်။

Both floods and droughts are predicted to increase in the Philippines. Effects (floods) of Typhoon Goni (2020) in Santa Rafael, Macabebe. Wikipedia Commons

အာဆီယံတွင် ဥတုပြောင်းလဲမှုဆိုင်ရာ စီမံခန့်ခွဲမှု

ဒေသတွင်းနိုင်ငံများတွင် ဆင်တူသည့် ဥတုပြောင်းလဲခြင်း အန္တရာယ်များနှင့် ရင်ဆိုင်နေရသောကြောင့် ဒေသတွင်း မဟာဗျူဟာများသည် ကာဗွန်ထုတ်လွှတ်မှု လျော့ပါးစေရန် ကြိုးပမ်းမှုများနှင့် လိုက်လျောညီထွေစွာ နေထိုင်နိုင်ရေး တုံ့ပြန်ဆောင်ရွက်မှုများဖြင့် အမျိုးသားအဆင့်နှင့် ပြည်နယ်ဒေသန္တရအဆင့် စီမံချက်များကို ဖြည့်စွက်ပေးနိုင်ပါသည်။ ဥတုပြောင်းလဲမှု၏ ရေရှည်အကျိုးသက်ရောက်မှုကို ကိုင်တွယ်ဖြေရှင်းရာတွင် အာဆီယံသည် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်နေပါသည်။ အာဆီယံသည် ဥတုပြောင်းလဲမှုဆိုင်ရာ ပြဿနာကို အသိအမှတ်ပြုရာတွင် မျှတစွာ တုံ့ပြန် ဆောင်ရွက်သည့် အဖွဲ့တခု ဖြစ်ပါသည်။ အာဆီယံ ဘုံရည်မှန်းချက်များနှင့် အကျိုးစီးပွားများကို ချမှတ်သည့် ၂၀၀၇ ခုနှစ်ကတည်းက ပူးတွဲကြေငြာချက်များ ထုတ်ပြန်ထားပြီး ဖြစ်ပါသည်။​ အာဆီယံအတွင်း ဥတုပြောင်းလဲမှုဆိုင်ရာ မိတ်ဖက်များနှင့် စိတ်ပါဝင်စားသော ပြင်ပမိတ်ဖက်များနှင့် ဆွေးနွေးမှုများသည် အာဆီယံ အစည်းအဝေးများစွာ၏ အစီအစဉ်တွင် ဥတုပြောင်းလဲမှုကို တွန်းအားပေးဆောင်ရွက်နေခြင်း ဖြစ်ပါသည်။ ကာဗွန်နည်းသော ဖွံ့ဖြိုးတိုးတက်မှုသို့ မျှတသော အသွင်ကူးပြောင်းမှု အောင်မြင်ရန် အာဆီယံအနေဖြင့် အဓိက ထည့်သွင်းစဉ်းစားသင့်သည်မှာ လူမှုစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အဟန့်အတားဖြစ်စေသော လုပ်ဆောင်ချက်များကို ရှောင်ရှားပြီး ယင်းကို ကူညီထောက်ပံ့သော ဥတုဆိုင်ရာ လုပ်ဆောင်ချက်များကို မြှင့်တင်ရန် ဖြစ်ပါသည်။

အာဆီယံ အဖွဲ့ဝင်နိုင်ငံအားလုံးသည် ဥတုပြောင်းလဲခြင်းဆိုင်ရာ ၂၀၁၅ ပါရီသဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ကြပြီး အမျိုးသားအဆင့်စီမံချက်များ ချမှတ်ခဲ့ကြပါသည်။ သို့သော်လည်း ဤအစီအစဉ်များသည် ဥတုနှင့် လိုက်လျောညီထွေရှိမှုနှင့် ခံနိုင်ရည်ရှိမှု (climate adaptation and resilency) တို့ထက် ဥတုပြောင်းလဲမှုဒဏ် လျော့ပါးသက်သာစေရေး (climate change mitigation) ကိုသာ အဓိကအလေးပေးပါသည်။ ထို့အပြင် လုံလောက်သော စည်းမျဉ်း၊ စည်းကမ်း၊ စွမ်းရည် မရှိခြင်းနှင့် ရန်ပုံငွေအကန့်အသတ် ရှိခြင်းတို့ကြောင့် အဆိုပါ အစီအစဉ်များကို အပြည့်အဝ အကောင်အထည်ဖော်ခြင်းကို အဟန့်အတား ဖြစ်စေပါသည် (Krishnan et al., 2024) ။ ဥတုပြောင်းလဲမှုဆိုင်ရာ ဒေသတွင်း မူဘောင်များနှင့် ယန္တရားများ ရှိသော်လည်း အဖွဲ့ဝင်နိုင်ငံအများစုသည် ၎င်းတို့၏ ဥတုပြောင်းလဲမှုဆိုင်ရာ ရည်မှန်းချက်များကို ပြည့်မီရန် ဆောင်ရွက်နိုင်ခြင်း မရှိပါ (Salazar & Katigbak, 2024) ။ ၂၀၂၄ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စွမ်းဆောင်ရည် အညွှန်းကိန်း သည် ဥတုပြောင်းလဲမှုလျော့ပါးစေရေးဆိုင်ရာ ကမ္ဘာ့အဆင့်သတ်မှတ်ချက်များ၏ အောက်ခြေထက်ဝက်တွင် ထိုင်းနှင့်စင်္ကာပူမှလွဲပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံအများစု ရှိနေကာ ပိုမိုတင်းကျပ်သော ဓာတ်ငွေ့ ထုတ်လွှတ်မှု လျှော့ချရေး အစီအစဉ်များ လိုအပ်ကြောင်း ထောက်ပြထားပါသည်။ (Block et al., 2024) ။ လိုက်လျောညီထွေဖြစ်အောင် ကြိုးပမ်းမှုများတွင် Notre Dame Global Adaptation Initiative Country Index ကို ကြည့်လျှင် ဒေသတွင်း၌ စင်္ကာပူသည် ထိခိုက်လွယ်မှု အနည်းဆုံးနှင့် ပြင်ဆင်မှု အမြင့်ဆုံးတွင် ရှိပါသည်။ အဖွဲ့ဝင်နိုင်ငံ ၁၀ နိုင်ငံအနက် မြန်မာ၊ ကမ္ဘောဒီးယား၊ လာအိုနှင့် ဖိလစ်ပိုင်နိုင်ငံတို့သည် ထိခိုက်မှု မြင့်မားပြီး ပြင်ဆင်မှု နည်းပါးသော အခြေအနေတွင် ရှိကာ ဥတု ဖောက်ပြန်မှုအန္တရာယ်များကို လျှော့ချရန်နှင့် လိုက်လျောညီထွေဖြစ်အောင်လုပ်ဆောင်နိုင်မှု မြှင့်တင်ရန် အရေးတကြီး လုပ်ဆောင်ရန် လိုအပ်ကြောင်း ညွှန်ပြနေပါသည်။

အာဆီယံအဖွဲ့ဝင်နိုင်ငံများသည် ဘဏ္ဍာရေးကန့်သတ်ချက်ကြောင့်  ဖွံ့ဖြိုးပြီးနိုင်ငံများ၏ ဥတုပြောင်းလဲမှုဆိုင်ရာ အကူအညီများ လိုအပ်လျက် ရှိပါသည်။ ဖိလစ်ပိုင်နှင့် အင်ဒိုနီးရှားတို့သည် ထိခိုက်လွယ်သော နိုင်ငံများအတွက် သာတူညီမျှ ရှိရေးနှင့် လက်လှမ်းမီနိုင်သော ရန်ပုံငွေများရရှိစေရန် ပိုမိုမြင့်မားပြီး တရားမျှတသော ဥတုဘဏ္ဍာရေးဆိုင်ရာ စီမံချက်များ ဖော်ဆောင်ရန် တွန်းအားပေး ဆောင်ရွက်လျက် ရှိပါသည် (Antara News, 2025; Lo, 2024) ။ ၂၀၂၄ ခုနှစ် နိုဝင်ဘာလတွင် အဇာဘိုင်ဂျန်နိုင်ငံ ဘာကူမြို့၌ ကျင်းပခဲ့သည့် ၂၉ ကြိမ်မြောက် ညီလာခံ (COP29) တွင် ဥတုပြောင်းလဲမှုဆိုင်ရာ အာဆီယံ၏ ပူးတွဲထုတ်ပြန်ချက်တွင် ဥတုဘဏ္ဍာရေးဆိုင်ရာ ဆွေးနွေးပွဲများ နှေးကွေးသွားခြင်းနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများသို့ ဥတု လိုက်လျောညီထွေဖြစ်ရေး ရန်ပုံငွေအနည်းငယ်မျှသာ စီးဆင်းမှုအပေါ် စိုးရိမ်ပူပန်ကြောင်း ဖော်ပြခဲ့ပါသည်။ ဖွံ့ဖြိုးပြီး နိုင်ငံများက COP29 တွင် ဖွံ့ဖြိုးပြီးနိုင်ငံများအား ၎င်းတို့၏ ဥတုဆိုင်ရာ ဘဏ္ဍာရေးထောက်ပံ့မှုအား ၂၀၃၅ ခုနှစ်တွင် တနှစ်လျှင် ၁၀၀ ဘီလီယံ ဒေါ်လာ မှ ၃၀၀ ဘီလီယံ ဒေါ်လာအထိ တိုးမြှင့်ရန် သဘောတူညီခဲ့သော်လည်း၊ ဖွံ့ဖြိုးဆဲ နိုင်ငံများသည် ၂၀၃၅ ခုနှစ်တွင် ပုဂ္ဂလိက ကဏ္ဍနှင့် အခြားသောရင်းမြစ်များမှ နှစ်စဉ် ၁.၃ ထရီလီယံဒေါ်လာ အထိ တိုးမြှင့် ရရှိရန် လိုအပ်နေပါသည်။ အစိုးရများအတွက် ငွေကြေးဝန်ထုပ်ဝန်ပိုး နည်းပါးစေမည့် အတိုးနည်းချေးငွေများ။ ဖွံ့ဖြိုးပြီးနိုင်ငံများနှင့် နိုင်ငံစုံဘဏ္ဍာရေးအဖွဲ့အစည်းများမှ ဥတုငွေကြေးစီးဆင်းမှု မလုံလောက်ခြင်းကြောင့် အာဆီယံအဖွဲ့ဝင် နိုင်ငံများသည် ဥတုဒဏ် လျော့ပါးသက်သာရေးနှင့် လိုက်လျောညီထွေဖြစ်ရေး အစီအစဉ်များအတွက် အခြား ရန်ပုံငွေ ရင်းမြစ်များကို ရှာဖွေနိုင်ရန် လိုအပ်ပါသည်။

ကာဗွန်အခွန် စျေးကွက် ထူထောင်ရေးနဲ့ ပတ်သက်ပြီး ဆွေးနွေးမှုများလည်း ရှိခဲ့ပါသည်။ အခြားအဖွဲ့ဝင်နိုင်ငံများသည် မူဝါဒ ဖွံ့ဖြိုးတိုးတက်မှု အဆင့်အမျိုးမျိုးတွင် ရှိနေသော်လည်း စင်္ကာပူသည် ဤအစီအစဉ်ကို ဦးဆောင်နေပါသည်။ (Das, 2025) ။ လက်ရှိတွင် စင်္ကာပူနှင့် အင်ဒိုနီးရှားနိုင်ငံတို့၌ ကာဗွန်စျေးနှုန်း မူဝါဒများ ချမှတ်ထားပြီးဖြစ်ပါသည် (Rakhiemah et al., 2024) ။ အာဆီယံသည် ကာဗွန်ထုတ်လွှတ်မှု ညီမျှသော အခြေအနေမှ ဒေသတွင်း စိမ်းလန်းသော အသွင်ကူးပြောင်းရေးသို့ ရွေ့လျားရန် မဟာဗျူဟာ ရှိပြီး၊ လူမှုရေးနှင့် စီးပွားရေး အကျိုးကျေးဇူးများစွာ ပေးနိုင်သည့် အလားအလာရှိပါသည်။ ဤရည်မှန်းချက်များအောင်မြင်ရန်၊ အာဆီယံသည် ၎င်းတို့၏ ဥတုလုပ်ဆောင်ချက်များတွင် အကောင်အထည်ဖော်မှု ကွာဟချက်ကို ဖြေရှင်းရာတွင် အထူးသဖြင့် ဘဏ္ဍာရေး၊ နည်းပညာဖွံ့ဖြိုးတိုးတက်မှုနှင့် လွှဲပြောင်းမှု၊ စွမ်းဆောင်ရည် မြှင့်တင်ရေး၊ ဓာတ်ငွေ့ထုတ်လွှတ်မှုနည်းသောနည်းပညာများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အကောင်အထည် ဖော်ရေး တို့အပါအဝင် စွမ်းဆောင်ရည်မြှင့်တင်ရေး၊ ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုနှင့် ဥတုပြောင်းလဲမှုဆိုင်ရာ အစပျိုး ဆောင်ရွက်မှုများ လိုအပ်ပါသည်။ ယင်းကိစ္စရပ်များ လွယ်ကူချောမွေ့စေရန်အတွက် အာဆီယံ ဥတုပြောင်းလဲမှုဆိုင်ရာ ဗဟိုဌာန (ACCC) ကို ၂၀၂၃ ခုနှစ် သြဂုတ်လတွင် ဘရူနိုင်းဒါရုစလမ်တွင် တည်ထောင်ကြောင်း အာဆီယံက ကြေညာခဲ့ပါသည်။

အာဆီယံ အနေဖြင့် ထိရောက်သော တုံ့ပြန်မှုဖြစ်ရန်မှာ အုပ်ချုပ်မှု အဆင့်တိုင်းတွင် လုပ်ဆောင်ရန် လိုအပ်ကြောင်း ဤဆက်လက်ကြိုးပမ်းအားထုတ်မှုများအားလုံးက အလေးပေးဖော်ပြနေပါသည်။ ဥတုပြောင်းလဲခြင်း သက်ရောက်မှုများ၏ ဒေသစံနှုန်းသည် အမျိုးသားအဆင့်နှင့် ပြည်နယ်ဒေသန္တရအဆင့် နှစ်ခုစလုံးတွင် ဥတုဆိုင်ရာ ဆောင်ရွက်မှုများ လိုအပ်ပါသည်။ တချိန်တည်းမှာပင်၊ ဥတုပြောင်းလဲမှု ဘေးအန္တရာယ်များ လျှော့ချရေးသည် ဓာတ်ငွေ့ထုတ်လွှတ်မှုကို လျှော့ချရန် ကမ္ဘာလုံးဆိုင်ရာ ကြိုးပမ်းအားထုတ်မှုများကို အထောက်အကူဖြစ်စေပါသည်။ “လျော့ပါးသက်သာစေခြင်းသည် ကမ္ဘာလုံးဆိုင်ရာ လုပ်ရမည့် ကိစ္စရပ်၊ လိုက်လျောညီထွေဖြစ်ရေးသည် ဒေသန္တရ ကိစ္စရပ်ဖြစ်သည်” ဆိုသည့် ပါရာဒိုင်း (Burton, 2011, 481) အလွန် ဒေသတွင်း ကြိုးပမ်းမှုများသည် နယ်နိမိတ်ဖြတ်ကျော် ဂေဟစနစ်များနှင့် မျှဝေအရင်းအမြစ်များ အားလုံးကို သက်ရောက်နိုင်သည့် ဥတုသက်ရောက်မှု၏ နိုင်ငံဖြတ်ကျော်ဖြစ်သည့် သဘာဝကို အလေးထားရန် လိုအပ်ပါသည်။

The Philippines is increasingly vulnerable to extreme weather and sea level rise. Wikipedia Commons

ဥတုပြောင်းလဲမှုကို ဖိလစ်ပိုင်နိုင်ငံက တုံ့ပြန်ခြင်း

ဖိလစ်ပိုင်အတွက်မူ ၎င်း၏ အမျိုးသားလုံခြုံရေးမူဝါဒ ၂၀၂၃-၂၀၂၈ တွင် ဥတုပြောင်းလဲမှုဒဏ်ခံနိုင်ရည်အား အမျိုးသား လုံခြုံရေးအကျိုးစီးပွားအဖြစ် ကြေညာထားပြီး ဥတုကြောင့်ဖြစ်ပေါ်လာသော အန္တရာယ်များနှင့် ဘူမိဗေဒ အန္တရာယ် များသည် လူမှုနိုင်ငံရေးနှင့် စီးပွားရေးစနစ်များကို မတည်မငြိမ်ဖြစ်စေနိုင်ကြောင်း အသိအမှတ်ပြုထားပါသည်။ ထို့ကြောင့် ဥတုနှင့် သဘာဝဘေးအန္တရာယ် ကြိုတင်ပြင်ဆင်မှု တိုးမြှင့်ခြင်းနှင့် သဘာဝပတ်ဝန်းကျင် ပျက်စီးယိုယွင်းခြင်း တို့ကို ကာကွယ်ခြင်းသည် အမျိုးသားလုံခြုံရေး၏ အဓိကကျသည့် ကျန်းမာရေးဆိုင်ရာ ခြိမ်းခြောက်မှုများကို လျှော့ချရန် လိုအပ်သော အစီအမံများဖြစ်ပါသည်။

အမျိုးသားအဆင့် လိုက်လျောညီထွေနေထိုင်နေရေး စီမံချက်  NAP ၂၀၂၃-၂၀၅၀  သည် ခံနိုင်ရည်အား တည်ဆောက်ရန်၊ ဥတုနှင့် ဆိုင်သော ပျက်စီးဆုံးရှုံးမှုများကို လျှော့ချရန်နှင့် အဓိက ကဏ္ဍများ၏ လိုက်လျောညီထွေမှုစွမ်းရည်ကို မြှင့်တင်ရန် ရည်ရွယ်ပါသည်။ NAP သည် ကဏ္ဍအလိုက် လိုက်လျောညီထွေရှိရေး အသွင်အပြင်ကို အသိအမှတ်ပြုသည့် မဟာဗျူဟာ များကို ဖော်ထုတ်ခဲ့သည်- (၁) အရေးကြီးသော အခြေခံအဆောက်အဦများ၏ ခံနိုင်ရည်အား မြှင့်တင်ရန်၊ (၂) လူမှုဖူလုံရေး အစီအမံများနှင့် ဥတုတုံ့ပြန်မှုဆိုင်ရာ မူဝါဒများကို အသုံးပြု၍ လူတို့၏ အသက်မွေးဝမ်းကြောင်းကို ကာကွယ်ရန်၊ (၃) ဒေသန္တရ အစိုးရများနှင့် လူ့အဖွဲ့အစည်းများကိုယ်တိုင် အဖြေရှာနိုင်စေရန်၊ (၄) သက်ဆိုင်သူများ၊ မူဝါဒချမှတ်သူများအကြား ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန်၊ (၅) သဘာဝအခြေခံဖြေရှင်းချက်တို့ ရှာဖွေရန် ဖြစ်ပါသည်။ ဥတုကြောင့် သက်ရောက်သော ဆိုးကျိုးများ လျော့ပါးရေးအတွက် ဖိလစ်ပိုင်သည် လိုက်လျောညီထွေဖြစ်အောင် လုပ်ဆောင်မှုအဖြစ် ကာဗွန်ထုတ်လွှတ်မှုနည်းသော ဖွံ့ဖြိုးမှုလမ်းကြောင်းကို ရေးဆွဲခဲ့ပါသည်။ ရာသီဥတုနှင့် သက်ဆိုင်သော ဘဏ္ဍာရေး၊ နည်းပညာ လွှဲပြောင်းမှုနှင့် စွမ်းဆောင်ရည်ဖွံ့ဖြိုးတိုးတက်မှုတို့မှတဆင့် နိုင်ငံတကာအကူအညီများကို ၎င်း၏ အမျိုးသားအဆင့်သတ်မှတ်ထားသော ပံ့ပိုးကူညီမှုများ (NDCs) ၏ ၇၂ ရာခိုင်နှုန်းအဖြစ် ထည့်သွင်းထားပါသည် ။ ထို့ကြောင့် ၎င်း၏ NDCs များအောင်မြင်ရန် သံတမန်ရေးရာအရ မိတ်ဖက်အဖွဲ့အစည်းများသည် ၎င်း၏ ဥတုပန်းတိုင်များကို ပံ့ပိုးပေးရန်အတွက် မိတ်ဖက်များထူထောင်ရန် လိုအပ်ပါသည်။

ဥတု သံတမန်ရေးအရ ဖိလစ်ပိုင်သည် ထိခိုက်မှုနှင့် ပျက်စီးဆုံးရှုံးမှုကို တုံ့ပြန်ရန် ဘဏ္ဍာငွေ (FrLD) ဘုတ်အဖွဲ့ အခြားနိုင်ငံ ၉၀ နှင့်အတူ အိမ်ရှင်အဖြစ် ဆောင်ရွက်ခဲ့ပြီး ဓာတ်ငွေ့ထုတ်လွှတ်မှုလျှော့ချရန်၊ လူ့အခွင့်အရေးကာကွယ်ရန်နှင့် ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးမြှင့်တင်ရန် နိုင်ငံများ၏ တာဝန်ဝတ္တရားများဆိုင်ရာ ရှင်းလင်းသော တရားဝင် လမ်းညွှန်ချက် ပေးရန် ဖိလစ်ပိုင်နိုင်ငံက နိုင်ငံတကာတရားရုံး ICJ သို့ ဦးဆောင်လျှောက်ထားခဲ့ပါသည်။ COP29 တွင် ဖိလစ်ပိုင်သည် FrLD Board ၏အိမ်ရှင်နိုင်ငံဖြစ်ရန် သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ပါသည်။ ဤရန်ပုံငွေသည် ဥတုဖောက်ပြန်မှု၊ ပြင်းထန်သော ရာသီဥတု ဖြစ်ရပ်များကဲ့သို့ စီးပွားရေးနှင့် စီးပွားရေးမဟုတ်သော ဆုံးရှုံးမှုများနှင့် ပျက်စီးဆုံးရှုံးမှုများကို တုံ့ပြန်ရာတွင် ထိခိုက်လွယ်သော နိုင်ငံများအတွက် နိုင်ငံတကာအကူအညီ ရရှိရေးအတွက် ဆောင်ရွက်ပါသည်။ သမ္မတ ဖာဒီနန်မားကို့စ် ဂျူနီယာသည် FrLD ဘုတ်အဖွဲ့အား တရားဝင်ခွင့်ပြုချက်ကို ၂၀၂၄ ခုနှစ် သြဂုတ်လတွင် လျင်မြန်စွာ လက်မှတ်ရေးထိုးခဲ့ပါသည်။ ၂၀၂၅ ခုနှစ် ဇူလိုင်လ ၂၃ ရက်နေ့တွင် ICJ သည် ကုလသမဂ္ဂ ဥတုပြောင်းလဲမှုဆိုင်ရာ မူဘောင်ကွန်ဗင်းရှင်း (UNFCCC) တွင် လက်မှတ်ရေးထိုးထားသူများ အနေဖြင့် ဥတုပြောင်းလဲခြင်း လျော့ပါးရေးနှင့် လိုက်လျော ညီထွေဖြစ်မှုဆိုင်ရာ အစီအမံများချမှတ်ရန် တာဝန်ရှိကြောင်းနှင့် အပိုင်း(၁) လက်မှတ်ထိုးထားသည့် နိုင်ငံများ သို့မဟုတ် ဖွံ့ဖြိုးပြီးနိုင်ငံများသည် ဥတုဆိုင်ရာ လုပ်ဆောင်ချက်များကို ဦးဆောင်သင့်သည်ဟု မှတ်တမ်းဝင် အကြံပြုချက် ထုတ်ပြန်ပါသည်။ အဆိုပါ သံတမန်ရေး ကြိုးပမ်းမှုများနှင့်အတူ ဖိလစ်ပိုင် အထက်လွှတ်တော်အမတ် Loren Legarda က ၂၀၁၅ ဥတုပြောင်းလဲခြင်း မနီလာ ကြေညာချက်ကဲ့သို့ ၂၀၁၅ ပါရီသဘောတူညီချက်အတွက် လမ်းကြောင်းပေးခဲ့သည့် ကမ္ဘာလုံးဆိုင်ရာ ဥတုဆောင်ရွက်မှုတွင် ဖိလစ်ပိုင်နိုင်ငံ အနေဖြင့် ဦးဆောင်သင့်ကြောင်း အဆိုပြုခဲ့ပါသည်။

Protesters in Manila taking part in the September 2019 climate strikes. Wikipedia Commons

ဥတုနှင့် ပထဝီဝင်နိုင်ငံရေး

ဤနိုင်ငံတွင်းနှင့် ဒေသတွင်း ကြိုးပမ်းမှုများအားလုံးသည် ပထဝီဝင်နိုင်ငံရေးတင်းမာမှု၊ အမျိုးသားလုံခြုံရေးနှင့် ပထဝီဝင် စီးပွားရေးဆိုင်ရာ စိန်ခေါ်မှုများကို ဖြစ်ပေါ်စေသည့် အမေရိကန်-တရုတ် မဟာပါဝါ ပြိုင်ဆိုင်မှုအခြေအနေတွင် ဖြစ်နေခြင်း ဖြစ်ပါသည်။ ဆိုရလျှင် အမေရိကန်က အပြန်အလှန် အကောက်ခွန်စည်းကြပ်ခြင်းနှင့် အခြားနိုင်ငံများမှ လက်တုံ့ပြန် အကောက်ခွန်များ ကောက်ခံခြင်းသည် ကမ္ဘာ့ သန့်ရှင်းသော နည်းပညာ ထောက်ပံ့မှု ကွင်းဆက်ကို အနှောင့်အယှက် ဖြစ်စေမည် ဖြစ်ပါသည်။ ဥတုပြောင်းလဲမှုဆိုင်ရာ အမေရိကန်နှင့် တရုတ်တို့ကြား ပူးပေါင်းဆောင်ရွက်မှုသည် မရှိမဖြစ် လိုအပ်သော်လည်း အမေရိကန်-တရုတ် နှစ်နိုင်ငံအစီအစဉ်တွင် ဥတုပြောင်းလဲမှုကိစ္စကို ဆိုင်းငံ့ထားခြင်းနှင့် ပါရီသဘောတူညီချက်မှ အမေရိကန်နုတ်ထွက်မှုသည် ဒေသတွင်းနှင့် ကမ္ဘာ့ ဥတုဆိုင်ရာ ဆောင်ရွက်မှုများတွင် အဓိက ဆုတ်ယုတ်မှု ဖြစ်စေပါသည်။ ကမ္ဘာလုံးဆိုင်ရာ ဥတုတိုးတက်မှုကို တွန်းအားပေးရန်အတွက် တရုတ်နှင့် အမေရိကန်တို့ ပူးပေါင်းခေါင်းဆောင် ဆောင်ရွက်နိုင်ပါက ဖွံ့ဖြိုးဆဲနိုင်ငံများ၊ အထူးသဖြင့် ဒေသတွင်းနိုင်ငံများ အကျိုးကျေးဇူး များစွာ ရရှိမည် ဖြစ်ပါသည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်သည် အခြားဖွံ့ဖြိုးပြီးနိုင်ငံများ လိုက်လုပ်နိုင်သည့် အစိမ်းရောင် ဥတုရန်ပုံငွေ (Mathiesen, 2025) သို့ ဒေါ်လာ ၄ ဘီလီယံ လှူဒါန်းရန် အစောပိုင်းကတိကို ဖျက်သိမ်းခဲ့ပါသည်။ သမ္မတ ထရမ့်ပ်၏ တောင်းဆိုမှုအပြီးတွင်၊ နေတိုး (NATO) အဖွဲ့ဝင်နိုင်ငံများသည် ၎င်းတို့၏ကာကွယ်ရေးအသုံးစရိတ်ကို ၂၀၃၅ ခုနှစ်တွင် ၎င်းတို့၏ နှစ်စဉ် ပြည်တွင်းထုတ်ကုန်စုစုပေါင်း၏ ငါးရာခိုင်နှုန်းအထိ တိုးမြှင့်ရန် ကတိပြုခဲ့ပါသည် (Letzing, 2025) ။ နေတိုးအဖွဲ့ဝင်များသည် ဤကတိကဝတ်အပေါ် ကောင်းမွန်စွာမလုပ်ဆောင်နိုင်လျှင်ပင် ဥရောပအစိုးရအများအပြားသည် ၎င်းတို့၏ ကာကွယ်ရေးအသုံးစရိတ်များကို တိုးမြှင့်ရန် လိုအပ်သည်ကို  အသိအမှတ်ပြုကြပါသည်။ ယင်းအတွက် တခြားသော အသုံးစရိတ်များကို လျှော့ချရမည် ဖြစ်ပါသည်။ တရားဝင်ဖွံ့ဖြိုးရေးအကူအညီနှင့် ဥတုဘဏ္ဍာရေးအတွက် ၎င်းတို့၏ ခွဲဝေချထားပေးမှုသည် မုချ ထိခိုက်မည် ဖြစ်ပါသည်။ ဥရောပနှင့် အမေရိကန်တို့၏ အကူအညီမပါဘဲ ရရှိနိုင်သော ရန်ပုံငွေနှင့် နည်းပညာအစုအဝေးသည် သေးငယ်ပြီး ဥတု ရည်မှန်းချက်များ အောင်မြင်ရန် အရင်းအမြစ်များ ရရှိရန် အရှေ့တောင်အာရှနိုင်ငံများအတွက် ပို၍ပင် စိန်ခေါ်ချက် ရှိလာနိုင်ပါသည်။

လေ့လာသုံးသပ်သူများနှင့် ပညာရှင်အများစုသည် ဥတုပြောင်းလဲမှုကို အခြားသော အန္တရာယ်များကို ပိုဆိုးစေသည့် ပြဿနာအဖြစ် သို့မဟုတ် အခြားစစ်ဘက်ဆိုင်ရာနှင့် စီးပွားရေးဆိုင်ရာ ဦးစားပေးများနှင့် အပေးအယူပြုလုပ်ရန် လိုသည့် ပြဿနာအဖြစ် ရှုမြင်တတ်ကြပါသည်။ ယင်းကို ပြောင်းလဲရန် လိုအပ်နိုင်ပါသည် (Colgan, 2021) ။ ဥတုပြောင်းလဲမှုသည် တခုတည်းသောပြဿနာမဟုတ်ဘဲ အခြားကိစ္စရပ်များ အားလုံးကို သက်ရောက်မှုရှိသော ပျံ့နှံ့နေသော နောက်ခံအခြေအနေ တခုအဖြစ် ပြောင်းလဲရှုမြင်ရန် လိုအပ်ပါသည်။ ပြောင်းလဲလာသောအခင်းအကျင်း ချဉ်းကပ်မှုဖြင့် မူဝါဒချမှတ်သူများနှင့် သက်ဆိုင်သူများကို နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုနှင့် ပြိုင်ဆိုင်မှုများကို ကိုင်တွယ်ရာတွင် ပိုမိုပြည့်စုံသော မဟာဗျူဟာမြောက်နည်းလမ်းကို လုပ်ဆောင်နိုင်စေမည်ဖြစ်သည်။ လက်ရှိ ဖြစ်ပေါ်တိုးတက်မှုများကို နားလည် သဘောပေါက်ရန် နောက်ထပ်အသုံးဝင်သော မူဘောင်မှာ ဥတုလုံခြုံရေးဆိုင်ရာ အယူအဆဖြစ်ပြီး ဥတုပြောင်းလဲခြင်း သက်ရောက်မှုကြောင့် ပဋိပက္ခများ မလွဲမသွေဖြစ်လာခြင်း (Caballero-Anthony, 2024) နှင့် ဒေသတွင်း ကြီးမားသော ပြိုင်ဆိုင်မှု၏ ကျယ်ပြန့်သော သက်ရောက်မှုများ ဖြစ်လာနိုင်ကြောင်းကို အာဆီယံ၏တရားဝင် စဥ်းစားချက်၊ ပြောဆိုချက်များတွင် အလေးထားဖော်ပြသင့်ပါသည် ။  စနစ်ကျသော ချဥ်းကပ်မှုဖြင့် ဥတုပြောင်းလဲမှုကို ဆန်းစစ်ခြင်းသည် အလွန်ထိခိုက်လွယ်သောဒေသတွင် အန္တရာယ်များ၏ အပြန်အလှန်ဆက်နွယ်မှုနှင့် ရှုပ်ထွေးမှုကို ဖော်ပြနေသည် ဖြစ်ပါတော့သည်။

Virgemarie A. Salazar
Virgemarie A. Salazar သည် ဖိလစ်ပိုင်နိုင်ငံ Diliman တက္ကသိုလ်၊ နိုင်ငံရေးသိပ္ပံဌာနမှ လက်ထောက်ပါမောက္ခ ဖြစ်ပါသည်။

မှတ်စု

အချို့သော ဥပဒေပြုအမတ်များသည် အလွန်အကျွံ ဈေးကြီးသော သို့မဟုတ် စံချိန်မမီသော ရေကြီးရေလျှံမှု ထိန်းချုပ်ရေး စီမံကိန်းများမှ ကြီးမားသော လာဘ်ငွေများ ရရှိခဲ့သည်ဟူသော စွပ်စွဲချက်များ ရှိခဲ့သည် (Santos၊ ၂၀၂၅)။

References –

Antara News. (2025, July 15). “Indonesia to Champion Climate Finance, Leadership at COP30.” https://en.antaranews.com/news/366393/indonesia-to-champion-climate-finance-leadership-at-cop30.

Bauchner, S. (2023, May 18). “Cyclone Mocha Devastates Myanmar’s Rohingya.” Human Rights Watch. https://www.hrw.org/news/2023/05/18/cyclone-mocha-devastates-myanmars-rohingya.

Block, S., Emerson, J., Esty, D. C., de Sherbinin, A., & Wendling, Z. (2024). 2024 Environmental Performance Index. Yale Center for Environmental Law & Policy. https://epi.yale.edu/downloads/2024-epi-report-20250106.pdf.

Burton, I. (2011). “Adaptation to Climate Change: Context, Status, and Prospects.” In, J. D. Ford & L. Berrang-Ford (Eds.), Climate Change Adaptation in Developed Nations, Vol. 42: 477–483. Springer Netherlands. https://doi.org/10.1007/978-94-007-0567-8_35.

Caballero-Anthony, M. (2024). “Climate Security in Southeast Asia: Navigating Concepts, Approaches and Practices.” Third World Quarterly, Vol.45(14): 2047–2064. https://doi.org/10.1080/01436597.2024.2370353.

Climate Change Commission. (2023). Implementation Plan for the Republic of the Philippines Nationally Determined Contributions 2020-2030. https://climate.gov.ph/knowledge/ph-ndc-implementation-plan-2020-2030.

Climate Change Commission. (2023a). National Adaptation Plan of the Philippines 2023-2050. https://climate.gov.ph/knowledge/ph-nap-2023-2050.

Colgan, J. (2021). Climate Change, Grand Strategy, and International Order. Wilson Center. https://diplomacy21-adelphi.wilsoncenter.org/article/climate-change-grand-strategy-and-international-order.

Das, S. (2025, February 22). “The Case for Carbon Taxes in Southeast Asia.” East Asia Forum. https://eastasiaforum.org/2025/02/22/the-case-for-carbon-taxes-in-southeast-asia/.

Krishnan, G., Kumari, S., & Subramaniam, S. (2024). “Access to Finance: Issues and Challenges to ASEAN.” ASEAN Secretariat. https://asean.org/wp-content/uploads/2024/11/ASCC-RD_Trend-Report_CC6-2024.pdf.

Letzing, J. (2025, July 3). “The Price of Security: Europe is Set Up for a Serious Challenge.” World Economic Forum. https://www.weforum.org/stories/2025/07/europe-defence-recall-difficult-past-nato/.

Lo, K. (2024, November 18). “Philippines Leads Urgent Negotiations for Scaled-Up Climate Finance in COP 29 Amid A String Of Destructive Typhoons.” Department of Finance. https://www.dof.gov.ph/philippines-leads-urgent-negotiations-for-scaled-up-climate-finance-in-cop-29-amid-a-string-of-destructive-typhoons/

Mathiesen, K. (2025, February 5). “Trump Rescinds $4B in US Pledges for UN Climate Fund.” POLITICO. https://www.politico.eu/article/donald-trump-rescind-4-billion-us-pledge-un-climate-fund/.

McDonald, M. (2013). “Discourses of Climate Security.” Political Geography, Vol.33: 42–51. https://doi.org/10.1016/j.polgeo.2013.01.002.

National Security Council. (2023). “National Security Policy 2023-2028.” https://www.surrey.ac.uk/sites/default/files/2024-09/2023_Philippines.pdf.

Rakhiemah, A. N., Zharifah, N., Shidiq, M., Pradnyaswari, I., Rizaldi, M. I., & Suryadi, B. (2024). Progress of Carbon Pricing in ASEAN to Support the Shift Towards a Low Carbon Economy. Policy Brief No. 1, ASEAN Centre for Energy. https://accept.aseanenergy.org/progress-of-carbon-pricing-in-asean.

Relief Web. (2024, November 20). “Floods Typhoon Yagi—Operation Update #2 (MDRMM021)—Myanmar.” https://reliefweb.int/report/myanmar/myanmar-floods-typhoon-yagi-operation-update-2-mdrmm021.

Salazar, V., & Katigbak, J. J. P. (2024). “Can ASEAN’s Governance of Climate Change Become Participatory?” In, Global Trends in Governance and Policy Paradigms (pp. 1–24). IGI Global Scientific Publishing. https://www.igi-global.com/chapter/can-aseans-governance-of-climate-change-become-participatory/344197.

Santos, J. F. D. (2025, September 7). “WRAP: Anger over “Ghost” Flood Control Projects Overflows onto the Streets.” ABS-CBN. https://www.abs-cbn.com/news/nation/2025/9/7/wrap-anger-over-ghost-flood-control-projects-overflows-onto-the-streets-2222.

Seah, S., Lin, J., Martinus, M., Fong, K., Thao, P. T. P., & Aridati, I. Z. (2025). The State of Southeast Asia 2025 Survey Report. ISEAS Yusof Ishak Institute. https://www.iseas.edu.sg/wp-content/uploads/2025/03/The-State-of-SEA-2025-1.pdf.

Seah, S., Martinus, M., Huda, M. S., Ludher, E. K., Len, C., & Jiahui, Q. (2024). Southeast Asia Climate Outlook 2024 Survey Report. ISEAS Yusof Ishak Institute. https://www.iseas.edu.sg/wp-content/uploads/2024/08/SEACO24-Report-final.pdf.

 

Exit mobile version