Site icon Kyoto Review of Southeast Asia

ပြောင်းလဲမှုနှင့် မပြောင်းလဲမှုတို့ ပွတ်တိုက်သည့်အခါ – မလေးရှားနိုင်ငံခြားရေး မူဝါဒ လေးနှစ်တာ

မလေးရှား၏ ၂၀၁၈ ခုနှစ်မေလ ၁၄ ကြိမ်မြောက် အထွေထွေရွေးကောက်ပွဲနှင့် ဒီဇင်ဘာ ၂၀၂၁ အကြားတွင် ပူတြာဂျာယမြို့တော်သည် ဝန်ကြီးချုပ် သုံးဦးအပြောင်းအလဲနှင့် ညွန့်ပေါင်းအစိုးရ နှစ်ဖွဲ့တို့ ပြုတ်ကျခြင်းများ တွေ့မြင်ခဲ့ရပါသည်။ သို့ဖြစ်ရာ နိုင်ငံခြားရေးဝန်ကြီး ခန့်အပ်မှုနှစ်ကြိမ်နှင့်အတူ ဝန်ကြီး သုံးခါအပြောင်းအလဲ ဖြစ်ခဲ့ပြီး၊ ကာကွယ်ရေးဝန်ကြီးလည်း သုံးခါ အပြောင်းအလဲ ဖြစ်ခဲ့ပါသည်။ နောက်ခံ အခင်းအကျင်းအနေဖြင့်လည်း ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားလာခြင်းနှင့်အတူ စီးပွားရေး အကျပ်အတည်းကလည်း ပြည်တွင်းရေးကို ရိုက်ခတ်မှုရှိခဲ့ပါသည်။

အဆိုပါအချိန်အတိုင်းအတာအတွင်း မလေးရှားနိုင်ငံသည် ပထမဆုံးအကြိမ် ကာကွယ်ရေး စက္ကူဖြူ စာတမ်းကို ကြေညာခဲ့ပြီး နိုင်ငံတကာဆက်ဆံရေးနှင့် ပတ်သက်ပြီး နိုင်ငံ၏ ဦးစားပေး လုပ်ငန်းစဥ်များ၊ ရပ်တည်ချက်များနှင့် သက်ဆိုင်သော နိုင်ငံခြားရေးမူဘောင် နှစ်ခုကို ထုတ်ပြန်ခဲ့ပါသည်။ ဤစာတမ်း တွင် မလေးရှားနိုင်ငံသည် ပြီးခဲ့သည့် လေးနှစ်တာအတွင်း ပြည်တွင်းနိုင်ငံရေး မတည်ငြိမ်မှုများ၊ နိုင်ငံတကာဆက်ဆံရေးတွင် ရံဖန်ရံခါအမှားများ ရှိခဲ့သော်လည်း နိုင်ငံ၏ နိုင်ငံခြားရေး မူဝါဒ ဆိုင်ရာ ကျယ်ပြန့်သော နောက်ခံအချက်အလက်များမှာ အနှစ်သာရအားဖြင့် ပြောင်းလဲခြင်း မရှိကြောင်း သုံးသပ် တင်ပြထားပါသည်။ လူပုဂ္ဂိုလ်အပေါ် အခြေခံသည့် နိုင်ငံခြား ဆက်ဆံရေးကြောင့် မူဝါဒ ပိုင်းဆိုင်ရာ ရှေ့နောက် မညီညွတ်ဟု ထင်စရာ အကြောင်းများ ရှိသော်လည်း မလေးရှားနိုင်ငံ၏ သံတမန် ဆက်ဆံရေး လက်တွေ့ ဆောင်ရွက်မှုများမှာမူ ရှေ့နောက် ညီညွတ်မှု ရှိပါသည်။ သို့သော် ရှေ့ဆက်သည် နှင့်အမျှ ကျန်းမာရေးဆိုင်ရာ သံတမန်ရေး၊ ဆိုင်ဘာလုံခြုံရေး၊ ယဥ်ကျေးမှုဆိုင်ရာ သံတမန်ရေးစသည့် နယ်ပယ်အသစ်များကို အာရုံစိုက် ဆောင်ရွက်နိုင်ရန်မှာ နိုင်ငံ၏ ပြည်တွင်း တည်ငြိမ်ရေး၊ ခေါင်းဆောင်မှု နှင့် ရင်းမြစ်များကို ဦးစားပေး စီမံခန့်ခွဲခြင်းများနှင့် သက်ဆိုင်မည် ဖြစ်ပါသည်။

ရှေ့တလှမ်းတိုးခြင်း – ကျင့်ထုံးနှင့် မူဝါဒများ

မလေးရှားနိုင်ငံ၏ ၂၀၁၈ တွင် နိုင်ငံရေး ဗြောင်းဆန်မှုမှာ ဘာရီဆန်နာဆီယွန်နယ် (အမျိုးသားတပ်ဦး) အစိုးရ တဖွဲ့တည်းက နှစ် ၆၀ နီးပါး တဖွဲ့တည်း အုပ်ချုပ်ခဲ့သည့် နိုင်ငံတနိုင်ငံအတွက် မကြုံစဖူး ဖြစ်ပါသည်။ နိုင်ငံရေး ဗြောင်းဆန်မှုများနှင့်အတူ ၂၀၁၈ ခုနှစ်တွင် ရွေးကောက်တင်မြှောက်ခံ ပါကတန်ဟာရာပန် ညွန့်ပေါင်း (မျှော်လင့်ခြင်း ညွန့်ပေါင်း) အစိုးရ ပြုတ်ကျသွားပြီး နိုင်ငံရေး မတည်ငြိမ်မှုများ ဆက်တိုက် ဖြစ်ခဲ့သည့် မျက်ကွယ်တွင် ပါတီများ အပေးအယူ လုပ်ခြင်းက ဆက်ပြီး ဖြစ်နေဆဲ ဖြစ်ပါသည်။

ဖက်ဒရယ်အစိုးရနှင့် အတိုက်အခံ ပါတီများ (ပါကတန်ဟာရာပန် ဦးဆောင်သည့်) အကြား နိုင်ငံရေး တည်ငြိမ်ရေးနှင့် ပြုပြင်ပြောင်းလဲရေး အတွက် သဘောတူလက်မှတ်ထိုးထားသည့် စာချွန်လွှာ ကြောင့် သာ ပါတီများအကြား ငြိမ်းချမ်းရေး ယာယီရှိနေခြင်း ဖြစ်ပါသည်။ ၁၄ ကြိမ်မြောက် ပါလီမန်ကို ဖျက်သိမ်းပြီး အထွေထွေရွေးကောက်ပွဲ နောက်တကြိမ်ကျင်းပမည့် ၂၀၂၃ ဇူလိုင်လ အထိသာ ယင်းစာချွန်လွှာက သက်တမ်းရှိမည် ဖြစ်ပါသည်။ အဆိုပါ စာချွန်လွှာ အသက်ဝင်နေသေးသော်လည်း မလေးရှား၏ ပြည်တွင်းရေးမှာ နိုင်ငံရေး အားပြိုင်မှုများ ပြင်းထန်စွာ ရှိနေဆဲ ဖြစ်ပါသည်။ ၂၀၂၁ နှစ်ကုန် ပိုင်းတွင် ကျင်းပခဲ့သည့် ပြည်နယ်ရွေးကောက်ပွဲများမှာ ၁၅ ကြိမ်မြောက် အထွေထွေရွေးကောက်ပွဲ အတွက် အကြို အားပြိုင်ခြင်းအဖြစ် ရှုမြင်နိုင်ပါသည်။ သို့ဖြစ်ရာ မလေးရှားနိုင်ငံ၏ မူဝါဒများ အပြောင်းအလဲ ရှိမရှိနှင့် ပတ်သက်ပြီး ကြိုတင်ခန့်မှန်းရန် မရေရာသည့် အခြေအနေ ရှိပါသည်။

‘မလေးရှား ဘာဟာရူး’ (မလေးရှားပြည်သစ်) ဆိုသည့် ကတိကဝတ်ဖြင့် ပါကတန်ဟာရာပန် အစိုးရ ရွေးကောက်ပွဲတွင် အနိုင်ရပြီး တနှစ်အကြာ စက်တင်ဘာ ၂၀၁၉ တွင် မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဌာန က “မလေးရှားပြည်သစ်၏ နိုင်ငံခြားရေးမူဝါဒ” (“၂၀၁၉ မူဘောင်”) ကို ထုတ်ပြန် ကြေညာခဲ့ ပါသည်။ ယင်းကို “ဆက်ကျင့်သုံးနေသည့် မူဝါဒများအကြားက ပြောင်းလဲမှုများ” ဟု အမည်တပ်ထား ပါသည်။ သုံးလအကြာတွင် ကာကွယ်ရေးဝန်ကြီး ဌာနက မလေးရှားနိုင်ငံ၏ ပထမဦးဆုံးအကြိမ် ကာကွယ်ရေး စက္ကူဖြူစာတမ်း (DWP) ကို လွှတ်တော်သို့ အတည်ပြုရန် တင်သွင်းခဲ့ပါသည်။ မလေးရှား နိုင်ငံ၏ ကာကွယ်ရေးနှင့် နိုင်ငံခြားရေး မူဝါဒများကို ပုံဖော်ရာတွင် ယင်းစာတမ်းများကို ကြည့်ခြင်း အားဖြင့် ရေရှည်စွဲကိုင်လာသည့် မူများ ဖြစ်သော – အားလုံးပါဝင်နိုင်သည့် နိုင်ငံတကာမူဝါဒ၊ ဘက်မလိုက် မူဝါဒ၊ မစွက်ဖက်ရေး မူဝါဒ၊ ငြိမ်းချမ်းစွာ အဖြေရှာရေး မူဝါဒနှင့် တရားဥပ​ဒေ စိုးမိုးရေး မူဝါဒတို့ကို ထပ်လောင်း အတည်ပြုထားကြောင်း တွေ့ရမည် ဖြစ်ပါသည်။ ယင်းစာတမ်း နှစ်ခုလုံးတွင် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) သည် မလေးရှားနိုင်ငံ၏ နိုင်ငံခြားရေး မူဝါဒတွင် အရေးပါသော နေရာတွင် ရှိကြောင်း ထင်ရှားစွာ ဖော်ပြထားပါသည်။

ထင်ရှားသည့်အချက်မှာ ယင်းစာတမ်းနှစ်ခုလုံးသည် ယင်းတို့ကို ရေးဆွဲသည့် ခေတ်အခါကို ထင်ဟပ် နေခြင်း ဖြစ်ပါသည်။ မလေးရှားနိုင်ငံ၏ ဗျူဟာမြောက် ပြောင်းလဲနေသည့် အခြေအနေများကို ပိုမို ကောင်းမွန်စွာ တုံ့ပြန်နိုင်ရန် ၂၀၁၉ မူဘောင်နှင့် စက္ကူဖြူစာတမ်းနှစ်ခုလုံးသည် အစိုးရ အပြောင်းအလဲ နှင့်အတူ ရှိနေသည့် အကောင်းမြင်စိတ်ကို ထင်ဟပ်နေပါသည်။ ယင်းစာတမ်းနှစ်ခုလုံးမှာ အစိုးရ မဟုတ်သော အဖွဲ့အစည်းများ၊ အကျိုးရှင်များနှင့် တိုင်ပင်နှီးနှောပြီး ရေးဆွဲထားခြင်း ဖြစ်ပါသည်။ ၂၀၁၉ မူဘောင်က နိုင်ငံတကာစာမျက်နှာတွင် တက်ကြွစွာဆောင်ရွက်ရန်၊ ကြိုတင်ပြင်ဆင် ဆောင်ရွက်ရန် တို့ကို ဖော်ပြထားပါသည်။ ယင်းတွင် လူ့အခွင့်အရေး မြှင့်တင်ခြင်းကိစ္စများ၊ အချုပ်အချာ အာဏာကို ကာကွယ်ခြင်း၊ သမားရိုးကျမဟုတ်သည့် လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုများ (ရွှေ့ပြောင်းအခြေချ နေထိုင်ခြင်း၊ ဆိုင်ဘာလုံခြုံရေးနှင့် အကြမ်းဖက်ခြင်းကိစ္စများ) ကို ထည့်သွင်း ဖော်ပြထားပါသည်။ တဖက်တွင်မူ စက္ကူဖြူစာတမ်းတွင် လျင်မြန်ဖျတ်လတ်ပြီး ပေါင်းစည်းစဥ်းစားမှု၊ အာရုံစိုက်ပြီး ဆောင်ရွက်နိုင်မှုတို့ ရှိသည့် တပ်ဖွဲ့တခုအဖြစ် အနာဂတ်တွင် ဖန်တီးရန် အစီအမံများ ဖော်ပြထား ပါသည်။ ၄င်းက “မလေးရှားနိုင်ငံသည် ကုန်းမကြီးတွင် မြစ်ဖျားခံသော ပင်လယ်ကမ်းရိုးတန်းနိုင်ငံ” အဖြစ် လုံခြုံရေးကို ဆောင်ရွက်နိုင်ရန် ရည်ရွယ်ပါသည်။ ယင်းတွင် ကာကွယ်ရေးဆိုင်ရာ သိပ္ပံ၊ နည်းပညာ နှင့် စက်ရုံအလုပ်ရုံများ စီမံဆောင်ရွက်ရာတွင် ချဥ်းကပ်မှုအသစ်ဖြင့် ဆောင်ရွက်ရန် အဆိုပြု တင်ပြ ထားသည်။ စက္ကူဖြူစာတမ်းက “မလေးရှားနိုင်ငံ၏ ပထဝီနိုင်ငံရေး အဆင့်အတန်း” ကို မြှင့်တင်ရန် နောက်ထပ်နည်းလမ်းအနေဖြင့် ရည်ရွယ်ထားခြင်း ဖြစ်သည်။

Muhyiddin Yassin served as the eighth prime minister of Malaysia from March 2020 to August 2021. Appointed as premier amid a political crisis, Muhyiddin served for 17 months and resigned after losing parliamentary support. Wikipedia Commons

နောက်ခြေနှစ်လှမ်းဆုတ်ခြင်း – ရှေ့နောက်မညီညွတ်မှုများနှင့် ဆက်လက်ကျင့်သုံးခြင်း

ဖေဖော်ဝါရီ ၂၀၂၀ တွင် ပါကတန်ဟာရာပန် အစိုးရ ပြုတ်ကျသွားပြီး မူဟစ်ဒင်ယက်ဆင် ဦးဆောင်သည့် ပယ်ရီကာတန်နာဆီယွန်နယ် (အမျိုးသား မဟာမိတ်) ညွန့်ပေါင်းအစိုးရ တက်လာသည်။ ယင်းကာလမှာ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် တကမ္ဘာလုံး စဗြောင်းဆန်သည့် အချိန်လဲ ဖြစ်ပြီး နိုင်ငံခြားရေး မူဘောင်နှင့် စက္ကူဖြူစာတမ်း  DWP တို့ကို လုံးလုံး ချောင်ထိုးထားလိုက်ကြပါတော့သည်။ သို့သော် မလေးရှားနိုင်ငံခြားရေး မူဝါဒ အကောင်အထည် ဖော်ခြင်းမှာ ရံဖန်ရံခါ ရှေ့နောက် မညီညွတ်မှုများ၊ ညှိနှိုင်းဆောင်ရွက်မှု ကင်းမဲ့ခြင်းများ ရှိနေသည့်တိုင် ယင်းစာတမ်းများ အခြေခံထားသည့် မူများမှာမူ ဆက်လက် ကျန်ရစ်နေခဲ့ပါသည်။ ယင်းသို့ မူဝါဒပိုင်းဆိုင်ရာ ရှေ့နောက် မညီညွတ်မှုမှာ တောင်တရုတ်ပင်လယ် အတွင်း ဘေဂျင်းက မလေးရှားပိုင်ဆိုင်သည့် နယ်နိမိတ်ကို ရန်စနှောက်ယှက်ခြင်းနှင့် သုံးပွင့်ဆိုင် သြစတြေးလျ၊ ဗြိတိန်၊ အမေရိကန် (သြကတ်စ် AUKUS) ကို တုံ့ပြန်ခြင်းတို့တွင် တွေ့နိုင်ပါသည်။

၂၀၂၀ ပြည့်နှစ် ပထမနှစ်ဝက်တွင် မလေးရှားနိုင်ငံက ကပ်ရောဂါ၏ ပထမလှိုင်းကို ရင်ဆိုင်နေရချိန်တွင် တောင်တရုတ်ပင်လယ်တွင် နိုင်ငံပိုင် ရေနံရှာဖွေရေး ရေယာဥ်ကို တရုတ်မြေပုံဆွဲ ရေယာဥ် ဟိုင်ယန်ဒီကျိ-၈ က နှောက်ယှက် ခြိမ်းခြောက်ခြင်းကိုလဲ ဖြေရှင်းခဲ့ရပါသည်။ အမေရိကန်နှင့် သြစတြေးလျက ယင်းနယ်နိမိတ်သို့ စစ်သင်္ဘောများ စေလွှတ်ပြီး ၄င်းတို့ရှိနေကြောင်းနှင့် တိုက်ခိုက် နိုင်စွမ်း ရှိကြောင်း အချက်ပြခဲ့ပါသည်။ ယင်းသို့ အချက်ပြမှုမှာ ဒေသတွင်းမိတ်ဖက်များအကြား အပြန်အလှန် ဖေးမခြင်းအနေနှင့် ရှုမြင်လို့ရသော်လည်း ယင်းအချိန်က နိုင်ငံခြားရေးဝန်ကြီး ဟီရှာမူဒင်ဟူစိန်က အမေရိကန်၏ တုံ့ပြန်မှုနှင့် မလေးရှားသည် သီးခြားဖြစ်ကြောင်း ပြောဆိုခဲ့ပါသည်။ တောင်တရုတ်ပင်လယ်အတွင်း “စစ်သင်္ဘောများနှင့် ရေယာဥ်များ” ကြောင့် တင်းမာမှုများ တိုးပွား လာနိုင်သည်ကို သတိထားရန် လိုအပ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးက ပြောဆိုခဲ့သည်မှာ တရုတ် သင်္ဘောများ၏ ရန်စလုပ်ရပ်များနှင့် အမေရိကန်၊ သြစတြေးလျတို့၏ တုံ့ပြန်မှုတို့ကို တတန်းတည်းထား ပြောဆိုလိုက်ခြင်းလည်း ဖြစ်ပါသည်။

အခြားသူများ ထောက်ပြဝေဖန်သလို နားလည်မှုလွဲခြင်းများ မဖြစ်စေရန် မလေးရှားနိုင်ငံရေး အီလစ်များ အနေဖြင့် နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်သည် ၁၉၇၀ ပြည့်နှစ်များကတည်းက ကျင့်သုံးလာသည့် အင်အားကြီးနိုင်ငံများကို တတန်းတည်း ဆက်ဆံခြင်းမူ 1 (equidistant policy from major powers) ကို အစိုးရအနေဖြင့် ကိုင်စွဲထားခြင်း ဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း ပြောဆိုသင့် ပါသည်။ ပူတြာဂျာယ၏ စိုးရိမ်ပူပန်မှုမှာ တောင်တရုတ်ပင်လယ် အရေးအခင်းသည် ဒေသတွင်း နိုင်ငံများ နယ်နိမိတ် အငြင်းပွားမှုမှ အင်အားကြီးနိုင်ငံများ အားပြိုင်မှုသဘောအဖြစ် အမေရိကန် – တရုတ် တင်းမာလာမှုအပေါ် စိုးရိမ်ခြင်း ဖြစ်ပါသည်။ ယင်းအချက်ကို အခုထက်ပိုပြီး ရှင်းလင်းစွာ သတင်းစကားပေးရန် လိုအပ်ပါသည်။ ဒေသတွင်း တရုတ်ကပုံဖော်နေသည့် လမ်းကြောင်းအတိုင်း မလေးရှားက ရပ်တည်နေသည်ဟု အထင်ခံနိုင်မှုအပေါ် ပိုဆိုးစေသည်မှာ တနှစ်အကြာတွင် နိုင်ငံခြားရေးဝန်ကြီး ဟီရှာမူဒင်က တရုတ်နိုင်ငံ အတိုင်ပင်ခံနှင့် နိုင်ငံခြားရေးဝန်ကြီး ဖြစ်သူ ဝမ်ယီနှင့် သတင်းစာရှင်းလင်းပွဲတွင် “အကိုကြီး” ဟု စကားမှားပြီး ခေါ်ဝေါ်သုံးစွဲခြင်း ဖြစ်ပါသည်။ ယင်းကို ဆိုရှယ်မီဒီယာပေါ်တွင် မလေးရှားနိုင်ငံသားများက ပြင်းထန်စွာ ဝေဖန်ကြသည့်အတွက် ဟီရှာမူဒင်က “မလေးရှားသည် နိုင်ငံခြားရေး မူဝါဒ ကျင့်သုံးရာတွင် “လွတ်လပ်ပြီး၊ လက်တွေ့ကျသော၊ စည်းစနစ် ရှိသော နိုင်ငံခြားရေးမူဝါဒ” ကို ဆက်လက်ကျင့်သုံးနေကြောင်း”၊ “အကိုကြီး” ဆိုပြီး သုံးစွဲသည်မှာ မလေးရှားနှင့် တရုတ်ဆက်ဆံရေးကို ဆိုလိုသည်မဟုတ်ဘဲ ဝမ်ယီ၏ စီနီယာကျမှုအပေါ်တွင် ပုဂ္ဂိုလ်ရေးအရ ခေါ်ဝေါ်သုံးစွဲခြင်းဖြစ်ကြောင်း ထွက်ပြီး ရှင်းချက်ထုတ် ရပါသည်။

တနှစ်ကြာပြီး​နောက် မလေးရှား-တရုတ် ဆက်ဆံရေး ၄၇ နှစ်ပြည့် နှစ်ပတ်လည်တွင် တရုတ်ပြည်သူ့ လွတ်မြောက်ရေး လေတပ် (PLAAF) က လေယာဥ် ၁၆ စီးသည် တောင်တရုတ်ပင်လယ်အတွင်း မလေးရှားလေပိုင်နက်အနီးတွင် အုပ်စုဖွဲ့ ပျံသန်းခြင်းများ ဆောင်ရွက်ခဲ့သည်။ တမူထူးခြားစွာ မလေးရှား ဘုရင့်လေတပ် (RMAF) ရော၊ နိုင်ငံရေးဝန်ကြီးဌာန ရောက သတင်းထုတ်ပြန်ချက်များ ထုတ်ပြန်ခဲ့ပြီး လေတပ်က ထုတ်သည်ကို အခြေခံပြီး နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခြင်း ဖြစ်ပါသည်။ လေတပ်က ထုတ်ပြန်ရာတွင် ဖြစ်စဥ်အသေးစိတ်ကို အထူးသတိထား ရေးသားထားချက်များ ပါဝင်သည်။ ၄င်းတွင် တရုတ်လေယာဥ်များက “မလေးရှား ပင်လယ်ကမ်းရိုးတန်း လေပိုင်နက်၊ ကိုတကိနာဘာလူ ဆိုင်ရာ လေကြောင်း သတင်းအချက်အလက်ဒေသနှင့် မလေးရှားလေပိုင်နက် အနီး” သို့ ဝင်ရောက်ခဲ့သည်ဟု ရေးသားထားသည်။ ထို့အပြင် ထုတ်ပြန်ကြေညာချက်တွင် လေယာဥ်များသည် “မလေးရှားနိုင်ငံ အချုပ်အခြာ အာဏာနှင့် လေပိုင်နက်ကို ခြိမ်းခြောက်နေသည်” ဟုလည်း ဖော်ပြထားသည်။ ဝန်ကြီး ဌာနက ထုတ်ပြန်ချက်တွင်မူ “မလေးရှား လေပိုင်နက်နှင့် အချုပ်အခြာ အာဏာကို ထိပါးခြင်း” ဟု ဖော်ပြ ထားပြီး “ခြိမ်းခြောက်မှု” မဟုတ်ဘဲ “လက်တွေ့ချိုးဖောက်ခြင်း” ဖြစ်ကြောင်း သတင်းပေးထားခြင်း ဖြစ်သည်။ တရုတ်က တမင်ရန်စပြုမူနေခြင်းမှာ သံသယဖြစ်စရာမရှိသလို မလေးရှားအနေဖြင့်လည်း ၄င်း၏ ပိုင်နက်ကို ကာကွယ်ရန် ဝတ္တရားရှိသည်မှာ ပြောစရာမလိုပါ (မလေးရှားလေတပ်က တုံ့ပြန်သည့် အနေဖြင့် တိုက်လေယာဥ်များ စေလွှတ်ပျံသန်းခဲ့သည်)။ သို့သော် ဝန်ကြီးဌာနနှင့် လေတပ်အကြား သတင်းထုတ်ပြန်ရာတွင် ပိုမိုနီးကပ်စွာ ညှိနှိုင်းဆောင်ရွက်ခြင်းဖြင့် ဥပဒေကြောင်းအရ တိကျသည့် ထုတ်ပြန်ချက် ဖြစ်စေမည် ဖြစ်သလို၊ ဌာနနှစ်ခုအကြား ရပ်တည်ချက်မှာ အများအမြင်တွင် ပိုပြီး ညီညွတ်သော ရပ်တည်ချက် ဖြစ်စေမည် ဖြစ်ပါသည်။

အင်အားကြီးနိုင်ငံများအကြား မိမိနိုင်ငံအနီး အားပြိုင်မှုတွင် ကြားညပ်မည့်အဖြစ်ကို မလိုလားသည့် မလေးရှား၏ ရပ်တည်ချက်ကို စက်တင်ဘာ ၂၀၂၁ခုနှစ် သြကတ်စ် (AUKUS) မဟာမိတ် ဖွဲ့စည်းကြောင်း ကြေညာချက်ကို တုံ့ပြန်ရာတွင် တွေ့နိုင်သည်။ ကိုးဦးမြောက် ဝန်ကြီးချုပ်အဖြစ် ပြီးခဲ့သည့် လကမှ ကျမ်းသစ္စာကျိန်ဆိုခဲ့သည့် အစ္စမေးလ်ဆာဘရီက အရှေ့တောင်အာရှတည်ငြိမ်မှုကို သြကတ်စ်ကြောင့် ထိခိုက်လာမည်ကို စိုးရိမ်ကြောင်း ပြောကြားခဲ့သည်။ ပါကတန်ဟာရာပန်အစိုးရ လက်ထက်တွင် နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ယူခဲ့ပြီး ယခုအစိုးရသစ်တွင်လည်း နိုင်ငံခြားရေးဝန်ကြီးအဖြစ် ပြန်လည်တာဝန်ယူသူ ဆိုက်ဖူဒင်အဘ်ဒူလာက ဝန်ကြီးချုပ်၏ ရပ်တည်ချက်ကို ထောက်ခံကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့သည်။ ကာကွယ်ရေးဝန်ကြီးဌာနကို ပြန်လည်တာဝန်ယူသည့် ဟီရှာမူဒင်ဟူစိန် ကလည်း အလားတူ ကြေညာချက် ထုတ်ပြန်ခဲ့သည်။ ကြေညာချက်သုံးခုလုံးတွင် သမားရိုးကျနှင့် နူကလီးယား လက်နက်အပြိုင်တပ်ဆင်မှု အထူးသဖြင့် တောင်တရုတ်ပင်လယ်တွင် ဖြစ်လာနိုင်ကြောင်း ထပ်လောင်း ဖော်ပြခဲ့သည်။ ဆိုင်ဖူဒင်က အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရက်နိုမာဆူဒီနှင့်အတူ ပူးတွဲ သတင်းစာ ရှင်းလင်းပွဲတွင် ပူတြာဂျာယက ဂျာကာတာနှင့်အတူ (အပြိုင်လက်နက် တပ်ဆင်မှုကို) ဆန့်ကျင်ကြောင်း ထပ်လောင်းပြောကြားခဲ့သည်။

AUKUS, is a trilateral security pact between Australia, the United Kingdom and the United States, announced on 15 September 2021 for the Indo-Pacific region. Wikipedia Commons

မလေးရှားက သြကတ်စ်အဖွဲ့နှင့် ပတ်သက်ပြီး လုံးလုံးစိတ်မချသည် မှန်သော်လည်း ယင်းလုံခြုံရေး သဘောတူညီချက်တွင် ပါသည့် သုံးနိုင်ငံနှင့်မူ ပိုပြီး နက်ရှိုင်းစွာ ထိတွေ့ဆက်ဆံရေးကို တိုးမြှင့်လျက် ရှိသည်။ ယင်းသို့ ဆက်ဆံရာတွင် နှစ်နိုင်ငံချင်းစီ ဆက်ဆံရေး ပါဝင်သလို၊ ငါးနိုင်ငံကာကွယ်ရေး သဘောတူညီချက် (FPDA) ကဲ့သို့သော နေရာမှတဆင့်လဲ ဆက်ဆံရေးပါဝင်သည်။ ထို့အပြင် ဟစ်ရှာမူဒင်က သြကတ်စ်နှင့် ပတ်သက်ပြီး တရုတ်နှင့် တိုင်ပင်ဆွေးနွေးခဲ့သည်ဟု စကားမှားပြောခဲ့ (နောက်တော့ ပြန်လည်ပြင်ဆင်ပြောကြား) သော်လည်း ဒေသတွင်း၊ အထူးသဖြင့် တောင်တရုတ် ပင်လယ်တွင် ပထဝီနိုင်ငံရေး အင်အားကြီးနိုင်ငံများနှင့် ရင်ဆိုင်ရာတွင် မလေးရှားအနေဖြင့် “ FPDA မှတဆင့် ရရှိသော အကျိုးကျေးဇူးများကို ဆက်လက်ထိန်းသိမ်းထားမည်” ဟု အလေးပေး ပြောကြား ခဲ့သည်။ သူ့၏ ကာကွယ်ရေးဝန်ကြီးဌာနက သြစတြေးလျ၊ နယူးဇီလန်၊ စင်္ကာပူ၊ ဗြိတိန်နိုင်ငံတို့နှင့် ၁၀ ရက်ကြာ လေ့ကျင့်မှုအပြီးတွင်  FPDA ဝန်ကြီးများ အစည်းအဝေးနှင့် နှစ်ငါးဆယ်ပြည့် အခမ်းအနားကို အိမ်ရှင်အဖြစ် တာဝန်ယူ ကျင်းပခဲ့သည်။

၂၀၂၁ ခုနှစ်တွင် အစ္စမေးလ်ဆာဘရီ အစိုးရအဖွဲ့ဝင်အနေဖြင့် ဆိုင်ဖူဒင် နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ပြန်လာသည့်အတွက် လူ့အခွင့်အရေးကိစ္စရပ်များအပေါ် အလေးပေးခြင်းလည်း တဖန်ပြန်လည် လုပ်ဆောင်လာသည်။ နိုင်ငံခြားရေးဝန်ကြီးဌာန၏ ၂၀၁၉ မူဘောင်တွင် မလေးရှားနိုင်ငံကို ပိုပြီး ဖွံ့ဖြိုးတိုးတက်သော၊ လူ့အခွင့်အရေးကျင့်ဝတ်ကို ပိုအလေးထားသော နိုင်ငံအဖြစ် ပြောင်းလဲရန် အတွက် လူ့အခွင့်အရေးကိစ္စများတွင် ပိုပြီးတက်ကြွစွာ ဆောင်ရွက်ရန် ဖော်ပြထားသည်။ သို့သော် လူ့အခွင့်အရေးကို အခြေခံသော နိုင်ငံခြားရေး မူဝါဒကို ဖော်ဆောင်ရန် တစိုက်မတ်မတ် စိတ်ပါ ဝင်စားခြင်းမှာ ဝန်ကြီးငယ်စဥ်က တက်ကြွလှုပ်ရှားသူအဖြစ်ဆောင်ရွက်ဖူးပြီး နောက်ပိုင်းတွင်လည်း အောက်ခြေအဖွဲ့အစည်းများနှင့် ဆက်ဆံခြင်းတို့မှ လာခြင်း ဖြစ်သည်။

၂၀၁၈ ခုနှစ်တွင် ဆိုင်ဖူဒင်က မလေးရှားလွှတ်တော်အမတ်များကို ထိုစဥ်က ရိုဟင်ဂျာအရေးနှင့် စပ်လျဥ်းပြီး အာဆီယံ၏ “ဝင်ရောက်မစွက်ဖက်ရေးမူ” (non-interference) ကို ပြန်လည် စဥ်းစားရန် တိုက်တွန်းခဲ့သည်။ ၂၀၂၁ ခုနှစ်တွင် ၄င်းက မြန်မာ့အရေး အကျပ်အတည်းနှင့်အတူ အဆိုပါ သဘောထားကို ထပ်မံ ဖော်ပြပြောဆိုခဲ့ပြီး “မသိကျိုးကျွံ မနေရေးမူ” (non-indifference) ကျင့်သုံးရန် တိုက်တွန်း ပြောဆိုခဲ့သည်။ အာဆီယံ ဘုံသဘောတူညီချက်ငါးချက် နှင့် ပတ်သက်ပြီး တိုးတက်မှုမရှိပါက မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ၂၀၂၁ အောက်တိုဘာ အာဆီယံအစည်းအဝေးသို့ မဖိတ်ကြားရေး နှင့် ပတ်သက်ပြီး အခိုင်အမာ ရပ်တည်ခဲ့သည်။

Facade of the Malaysia parliament building.

နိဂုံးချုပ်။ အနာဂတ်အတွက် နိုင်ငံခြားရေးမူဝါဒ မူဘောင်

ဒီဇင်ဘာ ၂၀၂၁ တွင် နိုင်ငံခြားရေးဝန်ကြီးဌာနက “မပြောင်းလဲသည့်မူများအပေါ် အလေးပေးခြင်း – ကပ်ရောဂါအလွန် ကမ္ဘာကြီးတွင် မလေးရှားနိုင်ငံ၏ နိုင်ငံခြားရေး မူဘောင်” (“၂၀၂၁ မူဘောင်”) ဟု အမည် တပ်ထားသည့် နောက်ထပ် နိုင်ငံခြားရေးမူဘောင် တခုကို ထုတ်ပြန် ကြေညာခဲ့ပါသည်။ ၂၀၁၉ မူဘောင်ကို ဆက်လက်ချဲ့ထွင် ရေးသားထားခြင်း ဖြစ်ပြီး မလေးရှားနိုင်ငံ၏ နိုင်ငံခြားရေး မူဝါဒ အခြေခံ စဥ်းစားချက်များကို ထပ်မံအတည်ပြုဖော်ပြကာ ကိုဗစ်-၁၉ ကပ်ရောဂါအလွန်ကာလအတွက် “တွန်းအား အသစ်၊ အာရုံစိုက်မှုအသစ်နှင့် လမ်းညွှန်ချက်အသစ်” တို့ ထည့်သွင်းဖော်ပြနိုင်ရန် ရည်ရွယ်ခြင်း ဖြစ်ပါသည်။ ၂၀၁၉ မူဘောင်ကဲ့သို့ပင် အသစ်ထုတ်ပြန်သည့် မူဘောင်တွင် ဘက်မလိုက် မူဝါဒ၊ နိုင်ငံတကာ ဥပဒေနှင့် လုပ်ထုံးလုပ်နည်းများ၊ လူ့အခွင့်အရေးကို အခြေခံသော မူများကို ထပ်မံ ဖော်ပြထားသည်။ ပထမတခေါက်မှာကဲ့သို့ပင် ၂၀၂၁ မူဘောင်ကို ရေးဆွဲရာတွင် အစိုးရမဟုတ်သော အကျိုးရှင်များနှင့် တိုင်ပင်နှီးနှောပြီး ပြုစုထားခြင်း ဖြစ်သည်။ ဆိုင်ဘာလုံခြုံရေးကို အဓိက အလေးပေးသော ကိစ္စအဖြစ် ထပ်မံဖော်ပြထားပြီး ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး၊ ကျန်းမာရေး ဆိုင်ရာ သံတမန်ရေး၊ ဒစ်ဂျစ်တယ် စီးပွားရေး၊ ယဥ်ကျေးမှု သံတမန်ရေး၊ အတူတကွ ငြိမ်းချမ်းစွာ နေထိုင်ခြင်း၊ ဘက်ပေါင်းစုံပါဝင်သော မူဝါဒ၊ ကုလသမဂ္ဂ၏ ၂၀၃၀ စဥ်ဆက်မပြတ် ဖွံ့ဖြိုးရေး ရည်မှန်းချက်များနှင့် မလေးရှားနိုင်ငံ ချိတ်ဆက်နေပုံကို ထပ်တိုး ဖော်ပြထားသည်။ ယင်းနယ်ပယ် တခုချင်းစီကို နိုင်ငံခြားရေး မူဝါဒ ရည်မှန်းချက်များနှင့် အကောင်အထည်ဖော်ခြင်းဆိုင်ရာ ကိစ္စရပ်များ အဖြစ် အကျယ်ချဲ့ ရေးသားဖော်ပြထားသည်။

မလေးရှား ပြည်တွင်းရေးက မငြိမ်သက်သည့်အတွက် ၂၀၂၁ မူဘောင်ရှိခြင်းအားဖြင့် နိုင်ငံခြားရေး မူဝါဒ နှင့်ပတ်သက်သည့် လက်ငင်း အရေးကြီးသော ကိစ္စများကို အဖြေပေးပြီးသား ဖြစ်ပါသည်။ သို့သော်လဲ မလေးရှားနိုင်ငံရေး အခြေအနေက ပြောင်းလဲနေသည် ဖြစ်သည့်အတွက်ကြောင့်လည်း ၂၀၂၁ မူဘောင် ကိုယ်၌က တခုလုံး ကြာရှည်ခံပါ့မလား မသေချာသည့် အခြေအနေတွင် ရှိနေပါသည်။ အဓိက ဦးစားပေး နယ်ပယ်များ ဖြစ်သည့် ငြိမ်းချမ်းစွာ အတူယှဥ်တွဲ နေထိုင်ခြင်းနှင့် ဘက်ပေါင်းစုံပါဝင်ရေးမူတို့က ပင်ကိုယ် သဘောအားဖြင့် ရေရှည် ရည်မှန်းချက်များ ဖြစ်သည့်အတွက် ပြည်တွင်းရေး မတည်ငြိမ် သည့်တိုင် ဆက်ရှိနေပါလိမ့်မည်။ ထို့အပြင် မလေးရှားနိုင်ငံ၏ သံတမန်များမှာ ကြီးမားသည့် ပြည်သူ့ ဝန်ထမ်းယန္တယား၏ အစိတ်အပိုင်း ဖြစ်နေသည့်အတွက် နိုင်ငံရေးခေါင်းဆောင် အပြောင်းအလဲ ဖြစ်သည့်တိုင် မိမိလုပ်ငန်းတာဝန်ကို ပရော်ဖက်ရှင်နယ်ပီသစွာ ဆက်လုပ်နေမည် ဖြစ်ပါသည်။ ပါတီ အပြောင်းအလဲများ ရှိနေဦးတော့၊ လုပ်ငန်းတာဝန်ပိုင်းဆိုင်ရာ တည်ငြိမ်မှု ရှိနေမည် ဖြစ်ပါသည်။

သို့သော် တိုးတက်သည့် နိုင်ငံခြားရေးမူဝါဒ အကောင်အထည်ဖော်ရန်အတွက်မူ ဒစ်ဂျစ်တယ် စီးပွားရေး၊ ကျန်းမာရေး၊ ယဥ်ကျေးမှုနှင့် ဆိုင်ဘာသံတမန်ရေး ကဲ့သို့သော နယ်ပယ်အသစ်များတွင် အထူး ကျွမ်းကျင်မှုများ၊ နောက်ဆုံးပေါ် အသိပညာများနှင့် အခြားဌာနများနှင့် စနစ်တကျ ချိတ်ဆက် ဆောင်ရွက်မှုများ လိုအပ်မည် ဖြစ်ပါသည်။ ယင်းနယ်ပယ်များတွင် လုံလောက်သည့် အရင်းအမြစ်များ သုံးစွဲမှု၊ အင်စတီကျူးရှင်း တည်ဆောက်မှုနှင့် နိုင်ငံရေးအရ အလေးပေး ဆောင်ရွက်မှုများ လိုအပ်မည် ဖြစ်ပါသည်။ လိုအပ်လာပါက မလေးရှားနိုင်ငံ၏ နိုင်ငံခြားရေး မူဝါဒသည် ဘယ်သူ့ထိန်းကျောင်းမှုမှ မပါဘဲ ဆောင်ရွက်နိုင်ရန် အခြေခံအားဖြင့် လုံလောက်မှုရှိသော်လည်း ပိုပြီး ရှုပ်ထွေးလာသည့် ကမ္ဘာကြီးတွင် အခြေခံအဆင့်က လုံလောက်မှုမရှိတော့ပါ။ နိုင်ငံခြားရေး မူဘောင်များနှင့် ကာကွယ်ရေး စက္ကူဖြူစာတမ်းတွင် အသိအမှတ်ပြုထားသည့်အတိုင်း မလေးရှားနိုင်ငံက ပြင်ပကမ္ဘာနှင့် ဆက်ဆံရေး တွင် တက်ကြွမှုနှင့် ဆန်းသစ်တီထွင်မှုများ လိုအပ်ပါသည်။ သို့သော် ပြည်တွင်းနိုင်ငံရေးက တည်ငြိမ်မှု မရှိလျှင် နိုင်ငံ၏ နိုင်ငံတကာဆက်ဆံရေး ရည်မှန်းချက်များမှာ အခြေခံအဆင့်မှ တက်နိုင်ဖွယ် မရှိပါ။ အမှန်စင်စစ်အားဖြင့်လည်း နိုင်ငံခြားရေးမူဝါဒသည် ပြည်တွင်းရေးမူဝါဒကို တိုးချဲ့ထားခြင်း ဖြစ်ပါသည်။ ပြင်ပကမ္ဘာနှင့် မှန်မှန်ကန်ကန် ဆက်ဆံနိုင်ရန်မှာ မလေးရှားအနေဖြင့် အိမ်တွင်းရေးကို မှန်မှန်ကန်ကန် ဖြစ်အောင် ဆောင်ရွက်နိုင်ဖို့ အရင်ဆုံး လိုအပ်နေမည် ဖြစ်ပါတော့သတည်း။

Elina Noor
Elina Noor သည် အာရှလူ့အဖွဲ့အစည်းပေါ်လစီအင်စတီကျု (Asia Society Policy Institute) ဝါရှင်တန်ဒီစီရုံး၏ လက်ထောက်ဒါရိုက်တာနှင့် နိုင်ငံရေး-လုံခြုံရေးကိစ္စရပ်များဆိုင်ရာ ဒါရိုက်တာ ဖြစ်ပါသည်။

Notes:

  1. Kuik, C. C. and Thomas, D. (2022), “Malaysia’s Relations with the United States and China:  Asymmetries (and Anxieties) Amplified”, Southeast Asian Affairs, forthcoming.
Exit mobile version